တာအိုဘုန်းတော်ကြီးယိုရန် သို့မဟုတ် ပို၍ တိတိကျကျဆိုရလျှင် တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်အား အသုံးပြုနေသော အဆုံးမဲ့မျိုးနွယ်စုဝင်၏ ကျင့်ကြံခြင်းအဆင့်မှာ အမြင့်ဆုံး အနေအထားတွင်ဆိုပါက ဝိညာဉ်ကြားခံနယ်အဆင့်ထက် သာလွန်နေခဲ့သည်မှာ သိသာထင်ရှားပေသည်။
သူသည် ထာဝရဝိညာဉ်အဆင့် သို့မဟုတ် ဂြိုဟ်အဆင့်တွင်ပင် ရှိခဲ့နိုင်ပေသည်။ သို့သော် သူသည် စစ်ပွဲကြီးထဲ၌ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီးနောက် အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးသောကြောင့် ယခုတွင် ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအားများကိုသာ ထုတ်လွှတ်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်လမ်းညွှန်ပညာရပ်၊ အိပ်မက်ရက်ကန်းပညာရပ်၊ ဒုက္ခတစ်သောင်းပညာရပ်နှင့် ဘဝတစ်ထောင်ပညာရပ်တို့ကို အသုံးပြုခဲ့ပြီး အခွင့်အရေးတစ်ခု ဖန်တီးနိုင်ခဲ့သည့်တိုင်အောင် တာအိုဘုန်းတော်ကြီးယိုရန်၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို လျှော့တွက်၍ မဖြစ်ပေ။
တာအိုဘုန်းတော်ကြီးယိုရန်မှာ သတိပြန်ရလာတော့မည့်ပုံ ပေါက်နေသောကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များမှာ ပို၍ပင် အားကောင်းလာရတော့သည်။ သူသည် တွေဝေတုံ့ဆိုင်းသွားခြင်း မရှိသလို နောက်သို့ ပြန်လည်ဆုတ်ခွာရန်လည်း စိတ်ကူးမရှိသည့်အပြင် အရှိန်မြှင့်တင်လိုက်၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေသောကြောင့် သူသည် အစွမ်းအကုန်လုံးကို ထုတ်သုံးတော့မည့်ပုံ ပေါက်နေတော့သည်။ သူသည် လျှပ်စီးတန်းများ ဝန်းရံနေသည့် ကြယ်ပျံတစ်လုံးကဲ့သို့ တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ချက်ချင်းရောက်ရှိလာတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့နှင့် သူ၏ ဓားပျံလေးမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ဘေး၌ ချက်ချင်းပေါ်ပေါက်လာ၏။ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ လက်ဘုရားလက်နက် လက်ကြီး တာအိုဘုန်းတော်ကြီးယိုရန်၏ ဦးခေါင်းပေါ်သို့ ကျရောက်ခါနီး ဆဲဆဲမှာပင် တာအိုဘုန်းတော်ကြီးယိုရန်မှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားတော့သည်။
ထိုအခါ လေထဲတွင် နားစည်များပင် ကွဲအက်သွားစေနိုင်သော ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့၏ ဓားပျံလေးမှာလည်း တာအိုဘုန်းတော်ကြီးယိုရန်၏ ဝမ်းဗိုက်အား နောက်ကျောဘက်မှနေ၍ ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့သည်။ ထို့ကြောင့် လေထဲသို့ သွေးများပန်းထွက်လာ၏။
သို့သော် ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်နေခြင်း မရှိသည့်အပြင် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရသဖြင့် စိုးထိတ်သွားရတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သူ့အား ထိုနေရာမှ ချက်ချင်းထွက်ပြေးရန် အော်ဟစ်သတိပေးနေသည့်ပုံပင်။ ထိုအချိန်တွင် သူသည် အံကြိတ်ကာ ညာဘက်လက်သီးကို ထပ်မြှောက်လိုက်သဖြင့် သူ၏ကျင့်ကြံခြင်းစွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာပြန်သည်။ သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား ဒုတိယအကြိမ်ထပ်၍ ထိုးနှက်ရန် ပြင်နေခြင်းဖြစ်သည်။
သို့သော် …. နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ပထမဆုံး လက်သီးချက်မှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ခေါင်းပေါ်သို့ ကျရောက်သွားသည့်ပုံ ပေါ်ပါသော်လည်း အမှန်တွင်မူ ထိုလက်သီး သူ၏ခေါင်းပေါ်သို့ ကျရောက်မလာခင် တစ်လက်မအလိုတွင် ၎င်းမှာ အလိုလိုပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားပေသည်။
ထို့ကြောင့် သူသည် တာအိုဘုန်းတော်ကြီးယိုရန်၏ ဦးခေါင်းအား ဖောက်ခွဲပစ်ခဲ့ခြင်း မဟုတ်ဘဲ တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ့ကိုယ်သူ ဖောက်ခွဲဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား ရှောင်တိမ်းနိုင်ရန် အချိန်မီ ပြန်လည်နိုးထလာနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း သိထားသောကြောင့် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအား ဖောက်ခွဲပစ်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက် သူသည် ထိုပေါက်ကွဲအားကို အသုံးပြုကာ ဝမ်ပေါင်လဲ့၏ လက်သီးချက်အား ခုခံကာကွယ်လိုက်သဖြင့် သေဘေးမှ လွတ်မြောက်သွားခဲ့၏။ သို့သော် ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန်အား ဒဏ်ရာရအောင် လုပ်နိုင်လိုက်ဆဲပင်။ သူ၏ ဓားပျံလေးမှာ မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်ခဲ့လာသဖြင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ၎င်းအား မျှော်လင့်မထားမိပေ။ ယခုကဲ့သို့သော အရေးကြီးအခိုက်အတန့်မျိုးတွင် ဓားပျံတစ်လက်မှာ တိုင်လုံးကြီးထဲမှ ပျံထွက်လာလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ချေ။
ထို့ကြောင့်လည်း သူသည် သူ၏ အပြင်ခန္ဓာကိုယ်အား ဖောက်ခွဲကာ ဝမ်ပေါင်လဲ့၏ လက်သီးချက်အား ခုခံကာကွယ်ခဲ့ပါသော်လည်း နောက်ကျောဘက်မှနေ၍ သူ၏ဝမ်းဗိုက်အား ထိုးဖောက်သွားခဲ့သော ဓားပျံလေးကြောင့် ဒဏ်ရာရသွားရဆဲပင်။
သို့ရာတွင် ထိုဒဏ်ရာမှာ တာအိုဘုန်းတော်ကြီးယိုရန်အတွက် ပြင်းထန်သည်ဟု သတ်မှတ်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ၎င်းမှာ လုံလောက်မှုမရှိဟု ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် အန္တရာယ်နဲ့ကြုံရတော့မည့်အလား ခံစားလိုက်ရခြင်းဖြစ်ပြီး ဒုတိယမြောက်တိုက်ကွက်အား ထုတ်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။ သို့သော် ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန် ဖောက်ခွဲပစ်ခဲ့သည့် ဦးခေါင်းကြီး ရှိနေခဲ့သောနေရာတွင် အသားတုံးသုံးတုံး ပေါ်ပေါက်လာ၏။
ထိုအသားတုံး သုံးတုံးထဲမှ ဘယ်ဘက်နှင့် ညာဘက်ရှိ အသားတုံးများပေါ်တွင် မည်သည့် မျက်နှာအင်္ဂါရပ်မှ ရှိမနေပေ။ ၎င်းတို့မှာ ပြောင်သလင်းခါနေသည့် အသားတုံးကြီးများကဲ့သို့ ဖြစ်နေသောကြောင့် အရုပ်ဆိုးကာ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ အလယ်တွင်ရှိနေသော အသားတုံးကြီးပေါ်တွင်မူ မျက်လုံးနှစ်လုံး ရှိနေသောကြောင့် ၎င်းမှာ အနည်းငယ်ခန့်ပို၍ ကြည့်ပျော်ရှုပျော် ရှိပေသည်။ သို့သော်လည်း ၎င်းပေါ်တွင် အရေပြားမရှိသလို ၎င်း၏ ပါးစပ်ပေါက်မှာလည်း အရိုးများသာ ဖြစ်နေသောကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ရာကောင်းနေဆဲပင်။
၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ သရုပ်မှန် ဖြစ်ပေသည်။ ထိုအသားတုံးသုံးတုံး ပေါ်ပေါက်လာချိန်တွင် နောက်ထပ် လက်လေးဖက်မှာလည်း သူ၏ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာ၏။ ၎င်းတို့ထဲမှ တစ်ဖက်မှာ ရှေ့သို့ လှစ်ခနဲ ဆန့်ထွက်လာပြီးနောက် ဝမ်ပေါင်လဲ့၏ ဓားပျံလေးအား လှမ်းဖမ်းလိုက်သည်။ ကျန်ရှိနေသေးသော လက်များမှာမူ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆုပ်လိုက်ကြတော့သည်။
ထိုအခါ ဝိညာဉ်ကြားခံနယ်အဆင့်၏ အံ့ဩမှင်တက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းတို့မှာ အားကောင်းသော လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်တိုက်ခတ်လာတော့သည်။ ထိုလေမုန်တိုင်းကြီးမှာ ၎င်း၏ လမ်းတစ်လျှောက်ရှိ မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။
ထိုလေမုန်တိုင်းကြီးမှာ အဆက်မပြတ် လည်ပတ်နေသည့် အနက်ရောင် စက်လုံးကြီးတစ်လုံးနှင့် တူနေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်း၏ အရွယ်အစားမှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာနီးပါး ကြီးမားလာပြီး ၎င်းအား ဝါးမျိုပစ်တော့မည့်ပုံစံ ပေါက်နေတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ််ခေါင်းလုံး ထူပူသွားရပြီး ကြံရာမရဖြစ်သွား၏။ သူသည် အခြားမည်သည့်အရာကိုမှ တွေးတောနိုင်စွမ်းမရှိတော့ပေ။ သူ၏ခေါင်းထဲ၌ အလိုလို ပေါ်ပေါက်လာသည့် တစ်ခုတည်းသောအတွေးမှာ သူ၏ ကိုယ်ပွားနှင့် ချက်ချင်း နေရာချင်းလဲလိုက်ရန်သာ ဖြစ်ပေသည်။
သို့သော် ထိုသို့သာ နေရာချင်း လဲလိုက်မည်ဆိုပါက သူသည် သေမင်းအား အချိန်ဆွဲရန် ကြိုးစားနေသကဲ့သို့သာ ဖြစ်နေမည် မဟုတ်ပါလော။ သူသည် နောက်ထပ်ဆယ်စက္ကန့်အတွင်းတွင် သေဆုံးသွားနိုင်သည်ဖြစ်ပြီး တည်နေရာပြောင်းရွှေ့ခွင့်ပင် ရလိုက်မည်မဟုတ်ပေ။ ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ အရာအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်ပြီး သူ၏ ယုတ်မာရက်စက်သော အစီအစဉ်များမှာ အောင်မြင်သွားမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ရွေးချယ်စရာ မရှိတော့သောကြောင့် မျက်လုံးများ နီမြန်းလာရတော့သည်။ အနက်ရောင်လေမုန်တိုင်းကြီး၏ အဖျက်စွမ်းအားများမှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား တစ်စစီ ခြေမွှဖျက်ဆီးပစ်တော့မည့်ပုံ ပေါက်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် ဖိနှိပ်ခံနေရသဖြင့် ပေါက်ကွဲသွားတော့မည့်အလား ဖြစ်နေရပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် အသံကုန်အော်ဟစ်ကာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကို ထပ်၍ ထုတ်သုံးလိုက်ပြန်သည်။
၎င်းမှာ ဝိညာဉ်ချီစုပ်ယူခြင်းလုပ်ငန်းစဉ်၏ ပြောင်းပြန်ဖြစ်သော သူ၏ဝိညာဉ်အဆီများအား ဖြိုခွဲသည့်လုပ်ငန်းစဉ် ဖြစ်ပေသည်။ ပုံမှန်သာဆိုလျှင် ဝမ်ပေါင်လဲ့မှာ အချိန်တိုလေးအတွင်းတွင် ထိုပညာရပ်အား ဒုတိယအကြိမ်ဖြစ် အသုံးပြုမည်မဟုတ်ပေ။ သို့သော် လက်ရှိတွင်မူ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိတော့သည် မဟုတ်ပါလော။ ထို့ကြောင့် သူ အသံကုန်အော်ဟစ်လိုက်ချိန်တွင် သူ၏ အဆီများမှာ တုန်ရီသွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် လောင်ကျွမ်းပျောက်ကွယ်သွားတော့သည်။ ၎င်းတို့ထဲ၌ ကိန်းအောင်းနေသည့် ဝိညာဉ်ချီများမှာမူ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲသို့ စီးဝင်သွားကြ၏။ ထို့နောက် သူသည် သူ၏ လက်သီးအား ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏ အခြားလက်တစ်ဖက်အား မြှောက်ကာ တာအိုဘုန်းတော်ကြီးယိုရန်၏ တိုက်ကွက်အား တားဆီးလိုက်တော့သည်။
ထို စက်လုံးပုံစံ လေမုန်တိုင်းကြီးမှာ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်လာနေရင်း ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်၏။ ထို့ကြောင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးပေါ်တွင် အက်ကွဲကြောင်းများ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။ ခဏအကြာတွင် ထို ချပ်ဝတ်တန်ဆာကြီးနှင့် ၎င်း၏အောက်ရှိ အကာအကွယ်ပစ္စည်းများမှာလည်း တစ်စစီ ကြေမွပျက်စီးသွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း သွေးတစ်ပွက် အန်ထွက်လာပြီး နောက်သို့လွင့်ထွက်သွားတော့သည်။ သို့သော် သူသည် ထိုတိုက်ကွက်အား အောင်မြင်စွာ ခုခံတားဆီးနိုင်ခဲ့၏။
သူ၏ ချပ်ဝတ်တန်ဆာကြီး၏ တစ်ဝက်ကျော်မှာ ကြေမွပျက်စီးသွားကာ သူ၏ အကာအကွယ်ပစ္စည်းများမှာလည်း လုံးဝပျက်စီးသွားပြီဖြစ်သလို သူသည်လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရ၏။ သို့သော် သူသည် သူ၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား ထုတ်သုံးခဲ့သည်ဖြစ်ပြီး ဝိညာဉ်ချီများနှင့် သူ၏ နတ်ဘုရားလက်နက်လက်ကြီးတို့မှ ပေးစွမ်းသော ခုခံကာကွယ်မှုများကြောင့် ထိုတိုက်ကွက်ကြီးအား တောင့်ခံနိုင်ခဲ့ပေသည်။ ထို့အပြင် တာအိုဘုန်းတော်ကြီးယိုရန်မှာ ဓားပျံလေးကြောင့် ဒဏ်ရာအပြင်းအထန် ရထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုတိုက်ကွက်ကြီးအား အလောတကြီး ထုတ်သုံးခဲ့ရသဖြင့် ၎င်းမှာ အလွန်အမင်း အစွမ်းထက်နေခြင်းမရှိပေ။
ဝမ်ပေါင်လဲ့မှာမူ နောက်သို့ လွင့်ထွက်သွားကာ ရေကန်ကြီးအလယ်ရှိ၏ တိုက်ပွဲဝတ်ရုံကြီး ဘေးသို့ ပြန်ရောက်သွားပြီး ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ သူသည် အသက်ရှင်နေဆဲဖြစ်ပါသော်လည်း ဆက်လက်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။။ ထို့ကြောင့် သူ့ဆီတွင် သူ၏ကိုယ်ပွားနှင့် နေရာချင်းလဲရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့မှသာ သူသည် အချိန်အနည်းငယ်ခန့်ထပ်၍ အသက်ရှင်နိုင်မည် ဖြစ်သည်။
သူတို့နှစ်ယောက်၏ စွမ်းအားများမှာ မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့တစ်ယောက် ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့ပြီး တာအိုဘုန်းတော်ကြီးယိုရန်အား သူ၏ခန္ဓာကိုယ်အား ဖောက်ခွဲပစ်အောင် ဖိအားပေးကာ ဓားပျံလေးဖြင့် သူ့အား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းမှာ ထူးဆန်းအံ့ဖွယ် ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပေသည်။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ထိုကိစ္စအား သိရှိသွားမည်ဆိုပါက အံ့ဩတုန်လှုပ်ကာ သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမည်မှာ အမှန်ပင်။
ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း အမျက်ချောင်းချောင်းထွက်ကာ ဆင်ခြင်တုံတရား ပျောက်ဆုံးလုနီးပါးပင် ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ အစီအစဉ်များအား နှောင့်ယှက်ဖျက်ဆီးပစ်ခဲ့သည်ကို သူသည် စိတ်ကူးများနှင့်ပင် မမှန်းဆနိုင်လောက်အောင် ဖြစ်နေရသည်။ တိုက်ပွဲဝတ်ရုံကြီး၏ လက်နှစ်ဖက်မှာ ပျက်စီးသွားပြီဖြစ်သလို သူသည်လည်း အပြင်ခန္ဓာကိုယ်အား ဖျက်ဆီးခဲ့ရပြီး ဒဏ်ရာအသစ်များ ထပ်၍ရရှိခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အသိစိတ်ပြန်ဝင်လာသည့်အချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ ဒေါသမီးများ တောက်လောင်လာတော့သည်။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ အော်ဟစ်လိုက်ပြီး သူ့အား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ ငါ မင်းကို လွယ်လွယ်နဲ့ သေခွင့်ပေးမယ် မထင်နဲ့။ မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီးတော့ မင်းရဲ့ အဆင့်နိမ့် လူမှုအဖွဲ့အစည်း ပျက်စီးသွားတာကို ကြည့်ရဖို့သာ ပြင်ထားပေတော့။ ငါ… ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုသို့ကြိမ်းဝါးကာ ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအချိန်တွင် အသက်ရှူသံများ လေးလံနေပြီး ပါးစပ်ထဲမှ သွေးများစီးကျနေဆဲဖြစ်သော ဝမ်ပေါင်လဲ့မှာ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
” ခဗျားကြီးက ကျုပ်ကို သတ်ရဲမှာလား ”
” ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကိုက အဆုံးမဲ့မျိုးနွယ်စုရဲ့ ပထမအဆင့် နတ်ဘုရင် ချန်ရှင်းနော်။ ကျုပ်က သူ့ရဲ့ ဂိုဏ်းတူညီလေးပဲ။ ခဗျားကြီးသာ ကျုပ်ကိုသတ်လိုက်မယ်ဆိုရင် သူက ခဗျားကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ ခဗျား ဘယ်နေရာကို ထွက်ပြေးထွက်ပြေး လွတ်မယ်မထင်နဲ့။ သူက ခဗျားကို မတွေ့တွေ့အောင် ရှာပြီးတော့ သတ်ဖြတ်ပစ်မှာ ”
” ယိုရန်။ ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကို လုပ်ခိုင်းထားတဲ့ ဘာအဓိပ္ပါယ်မှမရှိတဲ့ လေ့ကျင့်ခန်းတစ်ခုကြောင့်သာ ကျုပ်က ဒီနေရာမှာ ရောက်နေတာ။ ကျုပ်လို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်က ခဗျားလို လူတစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ခံနေရတယ်လို့။ တော်လိုက်တော့။ ခဗျားနဲ့ မဆော့တော့ဘူး။ ကျုပ်က နတ်ဘုရင်တစ်ပါးရဲ့ ဂိုဏ်းတူညီလေးဗျ။ ခဗျားလိုလူမျိုးနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရလောက်အောင် ကျုပ်က ရူးနေလို့ပဲဖြစ်မှာ “