ဒုက္ခတစ်သောင်းပညာရပ်နှင့် ဘဝတစ်ထောင်ပညာရပ်တို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ လိုဏ်ဂူကြီးထဲရှိ နေရာတိုင်းမှ တွန်းကန်အားများ ထွက်ပေါ်လာနေသည်ကို ခံစားနေရတော့သည်။
တိုင်လုံးကြီးထဲမှ အဆက်အပြတ် ထွက်ပေါ်လာနေကြသည့် လက်ချောင်းများနှင့် သူ့ဆီသို့ လွင့်ထွက်လာနေကြသည့် ကျောက်စကျောက်နများထဲမှလည်း ရန်လိုစိတ်များ ထွက်ပေါ်နေပြန်သည်။ တိုက်ပွဲဝတ်ရုံကြီးဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ ရန်သူမိတ်ဆွေ ခွဲခြားနေခြင်းမရှိဘဲ အရာအားလုံးကို ဖိနှိပ်ချုပ်တည်းထားသကဲ့သို့ပင်။
ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ဆွံ့အမှင်တက်နေရတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူနှင့် ဆက်ကျင်ဘက်ကဲ့သို့ ဖြစ်နေသည်ကို သူက မြင်နေရသည် မဟုတ်ပါလော။ လိုဏ်ဂူကြီး တစ်ခုလုံးမှာ ဝမ်ပေါင်လဲ့ဘက်မှ ရပ်တည်ပေးနေသကဲ့သို့ပင်။ တိုင်လုံးကြီးဖြစ်စေ၊ ရွှေရောင်ရေကန်ကြီးဖြစ်စေ သူ့အား ကူညီပေးနေကြ၏။ တိုက်ပွဲဝတ်ရုံကြီးပင်လျှင် ခုခံနေခြင်းမရှိတော့ဘဲ ဝိညာဉ်ချီများကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာထဲသို့ ထည့်သွင်းပေးနေတော့သည်။ ထို့ကြောင့် သူသည် သူ၏မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်လာရတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ သူ့အား ‘ ယိုလေး ‘ ဟု လှောင်ပြောင်ခေါ်ဆိုခဲ့သေးသည် မဟုတ်ပါလော။ ထို့အပြင် သူသည် သူ့ကိုယ်သူပင် ဖေဖေကြီးဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သေးသည်ဖြစ်ရာ တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများ နီမြန်းလာပြီး ရူးသွပ်လုမတတ် ခံစားနေရတော့သည်။ ထို့ကြောင့် သူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို အပြည့်အဝထုတ်လွှတ်ကာ သူ၏ ဘေးပတ်ပတ်လည်ရှိ အတားအဆီးများအားလုံးအား ဝင်တိုက်ပစ်လိုက်၏။ သူသည် လိုဏ်ဂူကြီးထဲမှ ထွက်ပေါ်နေသည့် ရန်လိုစိတ်များကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးသွားလိုက်ပြန်သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်ပြီး အလွန်အင်မတန်မှ အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သူသည် ယခင်တုန်းကဆိုလျှင် ပို၍ပင် အစွမ်းထက်ခဲ့လောက်ပေသည်။ ထို့ကြောင့် ဒုက္ခတစ်သောင်းပညာရပ်၏ တိုက်ကွက်များကြားတွင် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင် အားကောင်းလာတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး မန္တန်လက်ကွက်များဖော်ကာ တာအိုဘုန်းတော်ကြီးယိုရန်အား နောက်ထပ်တစ်ကြိမ်ထပ်၍ လက်ညှိုးထိုးလိုက်ပြန်သည်။
တာအိုဘုန်းတော်ကြီးယိုရန်မူ လမ်းတစ်လျှောက်ရှိ အတားအဆီးများအားလုံးကို ဖယ်ရှားကာ တိုက်ပွဲဝတ်ရုံကြီး၏ တွန်းကန်အားများကို ခုခံတွန်းလှန်ရင်း ဝမ်ပေါင်လဲ့နှင့် ပေရာဂဏန်းအနည်းငယ်အကွာသို့ ရောက်ရှိလာ၏။ ထို့နောက် သူသည် အမျက်ချောင်းချောင်းထွက်နေသည့် အမူအရာဖြင့် သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား တစ်စစီခြေမွှပစ်ရန် ပြင်လိုက်တော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရေရွတ်လိုက်၏။
” ဝိညာဉ်လမ်းညွှန်ခြင်း ပညာရပ် ”
သူ၏ စကားသံမှာ လိုဏ်ဂူကြီးထဲ၌ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူ၏ လက်ကောက်ဝတ်ပေါ်ရှိ ဝိညာဉ်လမ်းညွှန်ခြင်း ပုတီးစေ့မှာ လင်းလက်တောက်ပလာပြီး အနက်ရောင်မီခိုးငွေ့များကို ထုတ်လွှတ်လိုက်၏။ ထိုမီးခိုးငွေ့များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီးနောက် ဧရာမလက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ထိုလက်ကြီး၏ လက်ချောင်းငါးချောင်းပေါ်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးကြီးငါးကောင် ရှိနေကြသည်။ ထိုနတ်ဆိုးကြီးများ ဒေါသတကြီး အော်ဟစ်မြည်တမ်းနေကြစဉ် ထိုလက်ကြီးမှာ တာအိုဘုန်းတော်ကြီးယိုရန်အား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။ ၎င်းမှာ မည်သည့်အရာကိုမှ ဖမ်းဆုပ်မိလိုက်ခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ကိုယ်ပေါ်၌ နောက်ထပ်အရိပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။ ၎င်းမှာ သူ၏ ယွမ်ယင်ဝိညာဉ်နှင့် တစ်သားတည်း ပေါင်းစည်းထားသော သူ၏ဝိညာဉ်ဖြစ်ပေသည်။
၎င်းမှာ သူ၏ ယွမ်ယင်ဝိညာဉ်နှင့် နှစ်ပေါင်းများစွာကြာမြင့်အောင် တစ်သားတည်း ပေါင်းစည်းနေခဲ့သည်ဖြစ်ရာ ၎င်းတို့နှစ်ခုအား ခွဲခြား၍ပင် မရတော့ပေ။ သို့သော် ဧရာမလက်ကြီးမှာမူ ၎င်းအား ဆွဲခွာနိုင်ခဲ့ပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ဆွဲထုတ်လာနိုင်ခဲ့၏။ ထိုဝိညာဉ်၏ တစ်ဝက်တိတိမှာ ခန္ဓာကိုယ်အပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။
သူ၏ဝိညာဉ်မှာ မှုန်ဝါးဝါးဖြစ်နေပါသော်လည်း သူ၏ တုန်လှုပ်ချောက်ချားနေသော မျက်နှာအမူအရာကိုမူ အထင်အရှား မြင်နိုင်ပေသည်။ သူသည် ဝမ်ပေါင်လဲ့မှာ ယခုလောက် အစွမ်းထက်သည့် လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုအား ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
အကယ်၍ ဝမ်ပေါင်လဲ့သာ ကျင့်ကြံခြင်းအဆင့် မြင့်မားနေခဲ့ပြီး ပုတီးစေ့များ သုံးစရာမလိုဘဲ ထိုနတ်ဘုရားစွမ်းရည်များကို သူ၏ကိုယ်ပိုင် စိတ်စွမ်းအားဖြင့်သာ ထုတ်သုံးနိုင်စွမ်း ရှိနေမည်ဆိုပါက သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား အသက်အန္တရာယ်ပြုနိုင်မည်မှာ မလွဲဧကန်ပင်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တာအိုဘုန်းတော်ကြီးယိုရန်လောက် မြင့်မားနေခြင်း မရှိလျှင်တောင် သူသည် ကြောက်မက်ဖွယ်ရာ ကောင်းနေဦးမည်သာ ဖြစ်သည်။
သို့သော် ယခုတွင်မူ…. သူသည် လိုအပ်ချက်များရှိနေဆဲပင်။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ယခုကဲ့သို့ အန္တရာယ်ကြီးနှင့် ကြုံလိုက်ရချိန်တွင် သူ၏ခန္ဓာကိုယ်အား လှုပ်ရှားနိုင်ရန်အတွက် သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်ကာ သူ၏လျှာထိပ်အား ကိုက်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများနီမြန်းသွားပြီး ထိုနာကျင်မှုနှင့် သူ၏ပါးစပ်ထဲမှ သွေးများကို အသုံးပြုကာ လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခု ထုတ်သုံးလိုက်တော့သည်။
ထိုအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နီမြန်းသွားပြီး ကြောက်မက်ဖွယ်ရာ ဝိညာဉ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေတော့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်မူ ဧရာမဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး သူ၏ဝိညာဉ်အား သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်အောင် ပြန်၍ ဆွဲထည့်နေ၏။
သူ၏ ဝိညာဉ် သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားပြီး သူ၏ ယွမ်ယင်ဝိညာဉ်နှင့် အပြင်ခန္ဓာကိုယ်တို့ဖြင့် ပြန်လည်ပေါင်းစည်းသွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာတော့သည်။ ထို့နောက် သူသည် အသံကုန်အော်ဟစ်ကာ မန္တန်လက်ကွက်များ ဖော်လိုက်၏။
” အိပ်မက်ရန်ကန်းပညာရပ် ”
ဝိညာဉ်လမ်းညွှန်ခြင်းပညာရပ်မှာ လူတစ်ယောက်၏ ဝိညာဉ်အား တုန်လှုပ်ချောက်ချားသွားအောင် လုပ်ရန်ဖြစ်ပြီး အိပ်မက်ရန်ကန်းပညာရပ်မှာ ထို ဝိညာဉ်အား ဆွဲငင်ရန် ဖြစ်သည်။
ဝမ်ပေါင်လဲ့ ထိုသို့အော်ဟစ်လိုက်သည်နှင့် သူ၏လက်ကောက်ဝတ်ပေါ်ရှိ နောက်ဆုံး ကြယ်ပုံစံပုတီးစေ့လေးမှာ ဝင်းလက်တောက်ပလာတော့သည်။ ထို့နောက် သူတို့၏ ပတ်ပတ်လည်ရှိ စကြဝဠာကြီးတစ်ခုလုံးအား လွှမ်းခြုံထားပြီး နေရာတိုင်းတွင် ရှိနေသည့်ပုံပေါ်သော စွမ်းအားတစ်မျိုးမှာ ရုတ်တရက်ဆိုသလို သက်ဝင်လှုပ်ရှားလာတော့သည်။
ထိုစွမ်းအားမှာ သက်ရှိများအားလုံးဆီမှ မြစ်ဖျားခံလာပြီး ဝိညာဉ်များထဲရှိ အလွန်အင်မတန်မှ နက်ရှိုင်းသောနေရာတစ်ခုမှ စတင်ထွက်ပေါ်လာသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ မည်သည့်အရာကိုမှ နားမလည်နိုင်လောက်အောင် ဖြစ်နေရ၏။ ပြည်ထောင်စုကြီးမှာ ရှေးဦးဝိညာဉ်ခေတ်သို့ မရောက်ခင်ကတည်းက အိပ်မက်များတွင် လျှို့ဝှက်ဆန်းကြယ် စွမ်းအားများရှိကြောင်း သက်သေပြထားပြီးသားဖြစ်သည်။ ကမ္ဘာဦးအစကတည်းက လူများစွာမှာ လက်တွေ့လောက၌ ဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်တစ်ခုခုကို အိပ်မက်ထဲ၌ ကြို၍ ကြုံတွေ့ဖူးထားသကဲ့သို့ ခံစားဖူးခဲ့ကြ၏။
သူတို့မှာ ရှေးဦးဝိညာဉ်ခေတ်သို့ ရောက်လာသောအခါမှသာ ပဟေဠိဆန်သော ထိုဖြစ်ရပ်ကြီး၏ အဖြေအား ခပ်ရေးရေးခန့် နားလည်လာခဲ့ခြင်းဖြစ်သည်။ သူတို့၏ ပတ်ပတ်လည်ရှိ စကြဝဠာကြီးထဲတွင် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုး ကိန်းအောင်နေ၏။ ၎င်းမှာ သက်ရှိတိုင်း၏ ဝိညာဉ်များထဲရှိ အလွန်အင်မတန်မှ နက်ရှိုင်းသော နေရာတစ်ခုနှင့် စည်းချက်ညီစွာ လှုပ်ရှားနေပြီး ထူးဆန်းသော ဂုဏ်သတ္တိတစ်မျိုးကို ထုတ်လွှတ်ပေးနေသည်။
အကယ်၍ လူတစ်ယောက်မှာ ထိုစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိပါက အိပ်မက်များမှတစ်ဆင့် တာအိုဆိုသည့်အရာအား ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ထို့အပြင် သူသည် အိပ်မက်များ၏ မူလဇာစ်မြစ်ကိုလည်း ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်သလို အမှောင်အိပ်မက်နှင့် ဆင်တူသည့် စွမ်းအားတစ်မျိုးကိုလည်း ထုတ်လွှတ်နိုင်စွမ်းရှိသွားမည် ဖြစ်သည်။
အိပ်မက်ရန်ကန်းပညာရပ်မှာ ထိုကဲ့သို့သောစွမ်းအားမျိုးကို ပေးစွမ်းခြင်းဖြစ်ပေသည်။ ထိုပညာရပ်အား အကြီးစားတိုက်ပွဲများအတွက် အသုံးပြု၍မရပါသော်လည်း အသေးစားတိုက်ပွဲများတွင်မူ အသုံးပြုနိုင်ပေသည်။ ထိုပညာရပ်၏ အလုပ်လုပ်ပုံမှာ အိပ်မက်ကမ္ဘာထဲမှ လျှို့ဝှက်ဆန်းကြယ် စွမ်းအားများကို ရယူကာ ၎င်းတို့အား ပြိုင်ဘက်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အကွင်းများအဖြစ် ရစ်ပတ်သွားအောင် လုပ်ရန်ဖြစ်သည်။
အကွင်းတစ်ကွင်းမှာ အိပ်မက်တစ်ခုကို ကိုယ်စားပြုသောကြောင့် အကွင်းနှစ်ကွင်း ရှိနေမည်ဆိုပါက အိပ်မက်ထဲတွင် နောက်ထပ်အိပ်မက်တစ်ခု ရှိနေခြင်းကို ကိုယ်စားပြုပေသည်။ အကယ်၍ ထိုပညာရပ်အား အစွမ်းကုန်ထုတ်သုံးလိုက်မည်ဆိုပါက အကွင်းကိုးကွင်းတိတိ ဖန်တီးနိုင်သည်ဖြစ်ရာ အိပ်မက်ကိုးခုတိတိ ရှိနေမည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ထိုပညာရပ်အား အသုံးပြုသူမှာ ထိုအိပ်မက်များ၏ မူလဇာစ်မြစ်အား ထိန်းချုပ်နိုင်စွမ်း ရှိနေသောကြောင့် သူ၏ပြိုက်ဘက်အား ထိုအိပ်မက်များထဲ၌ သတ်ဖြတ်ပစ်နိုင်ပေသည်။
သို့သော် ဝမ်ပေါင်လဲ့၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်သာဆိုလျှင် သူသည် လိုဏ်ဂူကြီးထဲ၌ ရှိသမျှ ဝိညာဉ်ချီများအားလုံးကို ထိုပုတီးလေးထဲသို့ ထည့်သွင်းနိုင်မည်ဆိုလျှင်တောင် အိပ်မက်ရန်ကန်းပညာရပ်အား အစွမ်းကုန်ထုတ်သုံးနိုင်ဦးမည် မဟုတ်ပေ။ လက်ရှိတွင် သူသည် အကွင်းတစ်ကွင်းမျှသာ ဖန်တီးနိုင်စွမ်းရှိသေးသည်။
သူ ထိုပညာရပ်အား အသုံးပြုလိုက်သောအခါ တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သလင်းကျောက်နှင့်တူသည့် အပိုင်းအစများ တိတ်တဆိတ် ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ မှုန်ဝါးဝါးဖြစ်နေသည့်ပုံ ပေါ်ပါသော်လည်း အနီးကပ် ကြည့်ရှုလိုက်မည်ဆိုပါက ဒြပ်ရှိပစ္စည်းများဖြစ်ကြောင်း မြင်နိုင်ပေသည်။ ၎င်းတို့မှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ပတ်ပတ်လည်တွင် အကွင်းတစ်ကွင်းအဖြစ် ပြောင်းလဲသွားကြ၏။
သူသည် သူ၏ဝိညာဉ်အား ပြန်လည်ဆွဲငင်နိုင်ရန် ကြိုးပမ်းနေရသောကြောင့် ထိုအကွင်းအား သတိမထားမိသည့်ပုံပင်။ ထို့အပြင် အိပ်မက်ရန်ကန်းပညာရပ်မှာ အလွန်အင်မတန်မှ အစွမ်းထက်နေသည် မဟုတ်ပါလော။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထို သလင်းကျောက် အပိုင်းအစများမှာ သူ၏ပတ်ပတ်လည်၌ အကွင်းတစ်ကွင်းအဖြစ် ပေါ်ပေါက်လာတော့သည်။ ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားပြီး ပျော့ခွေသွား၏။ ထို့နောက် သူသည် လေထဲတွင် မလှုပ်မယှက် ရပ်နေတော့သည်။ သူ၏ ဝိညာဉ်အား တည်ငြိမ်အောင် ထိန်းသိမ်းပေးထားသော သူ၏ပညာရပ်မှာလည်း ပျောက်ကွယ်သွား၏။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို အိပ်မက်တစ်ခုထဲသို့ အတင်းအဓမ္မ ဆွဲထည့်ခံလိုက်ရသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန်၏ အိပ်မက်ထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိသေးသောကြောင့် ၎င်းမှာ မည်ကဲ့သို့သော အိပ်မက်မျိုးဖြစ်နေမည်ကို မသိနိုင်ဘဲဖြစ်နေရ၏။ သို့သော် သူ့အတွက် အခွင့်အရေးတစ်ခု ပေါ်လာပြီဖြစ်ကြောင်း သူက သိလိုက်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး သေမင်းတာအို တိုက်ပွဲဝတ်ရုံကြီးအား လှမ်းကြည့်လိုက်၏။ သူသည် ၎င်း၏ လက်တစ်ဖက်အား အားအင်များကုန်ခမ်းသွားသည့်အထိ စုပ်ယူပြီးသွားပြီသလို အခြားလက်တစ်ဖက်မှာလည်း စတင်ရှုံ့တွလာနေပြီဖြစ်သည်။ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ၎င်း၏ ဝိညာဉ်စွမ်းအင််များအား အဆက်မပြတ်စုပ်ယူနေဆဲပင်။
ဝမ်ပေါင်လဲ့မှာ အိပ်မက်ရန်ကန်းပညာရပ်ကြောင့် ပေါ်ပေါက်လာသည့် အခွင့်အရေးကို အသုံးချကာ တိုက်ပွဲဝတ်ရုံကြီးအား ဆက်လက် စုပ်ယူနေ၍ ရပါသော်လည်း ထို ပညာရပ်မှာ အချိန်မည်မျှအထိ ဆက်၍ ရှိနေနိုင်မည်ကို သူက သေချာမသိပေ။ ထို့အပြင် သူသည် သူ့အသက်အား ကံကြမ္မာ၏လက်ထဲသို့ ဝကွက်အပ်တတ်သည့် လူစားမျိုး မဟုတ်ပေ။
အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူသည် သူ၏ကံကြမ္မာအား သူကိုယ်တိုင် ထိန်းချုပ်နိုင်ရန်သာ ဆန္ဒရှိပေသည်။
ထို့ကြောင့် သူသည် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွားပြီးနောက် တိုက်ပွဲဝတ်ရုံကြီးအား စုပ်ယူနေခြင်းမရှိတော့ဘဲ လေပေါ်သို့ ခုန်တက်သွားလိုက်၏။ ထို့နောက် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ တလက်လက် တောက်ပလာပြီးနောက် သူသည် သူ၏ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ စတင်လည်းပတ်လာပြီးနောက် သူ၏ နတ်ဘုရားလက်နက် လက်ကြီးထဲမှ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွား၏။ ထို့နောက် သူသည် လှစ်ခနဲ ပျောက်ကွယ်သွားပြီးနောက် လေထဲတွင် မလှုပ်မယှက် ရပ်နေသည့် တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့တွင် ပြန်ပေါ်လာသည်။ နောက်ဆုံးတွင် သူသည် တာအိုဘုန်းတော်ကြီးယိုရန်၏ ဦးခေါင်းအား လှမ်း၍ ထိုးလိုက်တော့သည်။
ထိုအချိန်တွင် တိုင်လုံးကြီးထဲမှ ဓားပျံတစ်လက် ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့ကဲ့သို့ လျင်မြန်စွာ ပျံသန်းကာ တာအိုဘုန်းတော်ကြီးယိုရန်၏ ဝမ်းဗိုက်တည့်တည့်သို့ ဦးတည်လာ၏။
၎င်းမှာ ဝမ်ပေါင်လဲ့မှာ တတိယထပ်သို့ ဝင်ရောက်လာခဲ့စဉ်တုန်းက သူနှင့် လုံးဝအဆက်အသွယ် ပြတ်သွားခဲ့ရသည့် ဓားပျံလေး ဖြစ်ပေသည်။ သူသည် ၎င်းအား ပြန်မယူနိုင်ခဲ့သောကြောင့် နှမြောတသ ဖြစ်နေခဲ့ရ၏။
သို့သော် သူသည် ဒုက္ခတစ်သောင်းပညာရပ်နှင့် ဘဝတစ်ထောင် ပညာရပ်တို့အား ထုတ်သုံးကာ တိုင်လုံးကြီးထဲမှ လက်ချောင်းများ ဒလဟောထိုးထွက်လာအောင် လုပ်ခဲ့စဉ်တုန်းက ထိုဓားပျံလေးနှင့် ပြန်လည် ချိတ်ဆက်နိုင်သွားခဲ့၏။ သူသည် ၎င်းအား ချက်ချင်းအသုံးပြုခဲ့ခြင်းမရှိဘဲ စောင့်ဆိုင်းနေခဲ့ပြီး ယခုမှသာ အသုံးပြုလိုက်ခြင်းဖြစ်ပေသည်။
” သေစမ်း ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အစွမ်းများအားလုံးကို ထုတ်လွှတ်ကာ သူ၏ နတ်ဘုရားလက်နက်ထဲသို့ ထည့်သွင်းလိုက်၏။ သူ၏ နတ်ဘုရားလက်နက်မှာ အစောပိုင်း ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် သို့မဟုတ် အလယ်အလတ် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိပေသည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေပါသော်လည်း သူ၏ ဓားပျံလေး၏ တိုက်ကွက်နှင့်ပါ ပေါင်းစည်းလိုက်မည်ဆိုပါက သူ့အား ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်နိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ ရှေ့သို့ ပြေးထွက်လာတော့သည်။ ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်၏ မျက်ဝန်းများထဲ၌ ရုန်းကန်လှုပ်ရှားနေသည့် အရိပ်အယောင်များ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ သူသည် သတိပြန်ရလာတော့မည် ဖြစ်သည်။