Switch Mode

အခန်း (၆၅၈)

ဒုက္ခတစ်သောင်း၊ ဘဝတစ်ထောင်

ထိုအော်သံကြီးမှာ မိုးခြိမ်းသံထက်ပင် ပို၍ ကျယ်လောင်နေ၏။ ၎င်းမှာ ဂူကြီးထဲ၌ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် လေထဲ၌ ပဲ့တင်ထပ်သွားသဖြင့် ဘေးပတ်ပတ်လည်ရှိ နံရံများနှင့် မျက်နှာကြက်ထဲရှိ တိုင်လုံးကြီးတို့ပင်လျှင် တုန်ရီသွားရသည်။ ထို့နောက် ရွှေရောင်ရေကန်ကြီး၏ မျက်နှာပေါ်တွင် လေပြင်းများတိုက်ခတ်လာသဖြင့် လှိုင်းလုံးများ ထလာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ အကြောက်တရားများ ကြီးစိုးသွားရ၏။

ထိုအချိန်တွင် မျက်ထောင့်နီကြီးများဖြင့် အသိစိတ်ပျောက်လုမတတ် ရူးသွပ်နေသည့်ပုံ ပေါက်နေသော တာအိုဘုန်းတော်ကြီးယိုရန်မှာ ဝမ်ပေါင်လဲ့ဆီသို့ လျှပ်စီးတန်းတစ်ခုကဲ့သို့ ဦးတည်လာတော့သည်။ သူသည် ညာဘက်လက်ကို မြှောက်ကာ သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို စုစည်းလိုက်ပြီးနောက် မျက်လုံးဖြင့် မမြင်နိုင်သော စွမ်းအားတစ်မျိုးကို ဖန်တီးလိုက်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ရိုက်ခတ်ကာ သူ့ဆီမှ ဝိညာဉ်ချီများအားလုံးကို ပြန်၍စုပ်ယူပြီးလျှင် ၎င်းတို့အား နဂိုမူလနေရာသို့ ပြန်လည်ပေးပို့လိုက်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ အသက်အန္တရာယ်ကြီး တစ်ခုနှင့် ဆိုင်ရတော့မည့်အလား ခံစားလိုက်ရတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။ သူသည် သူ၏ ကိုယ်ပွား တိုင်လုံးကြီးထဲသို့ ဝင်ရောက်ကာ ဒုတိယထပ်သို့ သွားနေသည်ကို အာရုံခံမိနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်ထဲ၌ တစ်ချက်မျှ တွေးလိုက်ရုံဖြင့် သူ၏ ကိုယ်ပွားနှင့် နေရာချင်းဖလှယ်ကာ ဤနေရာကြီးမှ ထွက်ခွာသွားနိုင်မည်ဖြစ်ကြောင်း သိထား၏။

သို့သော် ယခုအကြိမ် ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့လျှင်တောင် စစ်သင်္ဘောကြီး၏ အနှောင့်အယှက်စွမ်းအားများ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကို တားဆီးနေသရွေ့ သူသည် သေမင်းခံတွင်းဝမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူက နားလည်ထားသည်။

ဤနေရာမှ ထွက်ခွာနိုင်မည့် နည်းလမ်းမှာ တစ်ခုတည်းသာရှိပေသည်။ ၎င်းမှာ စစ်သင်္ဘောကြီး၏ အနှောင့်အယှက်စွမ်းအားများကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။ ကျောက်ယမုန့်နှင့် သူတို့နှစ်ယောက်စလုံး သူတို့၏ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်များကို အသုံးပြုကာ ထွက်ခွာသွားနိုင်သည့် အနေအထားထိရောက်အောင် ထိုအနှောင့်အယှက်စွမ်းအားများအား ဖြတ်တောက်ပစ်ရမည် ဖြစ်သည်။

အကယ်၍ သူ၏ကိုယ်ပွားမှာ ကျောက်ယမုန့်အား အချိန်မီ ရှာမတွေ့နိုင်ပါက ထိုကဲ့သို့ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာပြီးနောက် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ တာအိုဘုန်းတော်ကြီးယိုရန် သူ၏အနီးသို့ ရောက်လာချိန်တွင် ရုတ်တရက် အော်ဟစ်လိုက်၏။ ထိုအခါ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ တိုက်ပွဲဝတ်ရုံကြီးအား ဆက်လက်စုပ်ယူနေဆဲ ဖြစ်ပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝိညာဉ်အဆီများမှာမူ အရှိန်အဟုန်ပြင်းစွာ စတင်လောင်ကျွမ်းလာတော့သည်။

ဝမ်ပေါင်လဲ့မှာ သူနှင့် ဒူဂူလင်းတို့၏ တိုက်ပွဲထဲ၌ သူ၏ ဝါးမျိုခြင်းသစ်စေ့ သန္ဓေပြောင်းသွားပြီး အငမ်းမရ စုပ်ယူနေခဲ့စဉ်တုန်းက ထိုသို့လုပ်ရန် ပထမဆုံး တွေးမိခဲ့ခြင်း ဖြစ်သည်။ သူသည် ထပ်ခါတလဲလဲ ထပ်၍ ကြိုးစားခဲ့ပါသော်လည်း သူ၏ခန္ဓာကိုယ်မှာ ပိန်လှီလွန်းနေသောကြောင့် မအောင်မြင်နိုင်ခဲ့ပေ။

ယခုတွင်မူ သူ၏ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်အဆီ အမြောက်အမြား စုဝေးနေပြီဖြစ်ရာ သူသည် မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်လောက်အောင် ဝဖြိုးနေပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအကြိမ်တွင် သူ ထိုအကွက်အား ထုတ်သုံးလိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အဆီများမှာ စတင်လောင်ကျွမ်းလာပြီး သူ့ဆီမှ အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။

အကယ်၍ သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသည့် ဝိညာဉ်ချီပမာဏကို ရေတွက်လိုက်မည်ဆိုပါက ၎င်းမှာ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်ထားသည့် ပမာဏထက်ပင် ပို၍သာလွန်နေသည်ကို သိလိုက်ရမည်ဖြစ်သည်။ အမှန်အတိုင်း ဆိုရလျှင် ၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန် ပိုင်ဆိုင်ထားသည့် ဝိညာဉ်ချီ ပမာဏလောက်အထိ ရှိနေ၏။ သို့သော် ၎င်းမှာ ကျင့်ကြံခြင်းလေ့ကျင့်ရာမှ ရရှိသော ဝိညာဉ်ချီများ မဟုတ်ဘဲ သူ၏အဆီများထဲ၌ ကိန်းအောင်းနေသည့် ဝိညာဉ်ချီများသာ ဖြစ်ပေသည်။

ထို့ကြောင့် ၎င်းတို့၏ အရေအတွက်သာ များနေပါသော်လည်း အရည်အသွေးမှာ နိမ့်ကျနေ၏။ အကယ်၍ တာအိုဘုန်းတော်ကြီးယိုရန်၏ ဝိညာဉ်ချီများအား ရေခဲအဖြစ် သတ်မှတ်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့၏ ဝိညာဉ်ချီများမှာ မြူခိုးများကဲ့သို့ ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။

မြူခိုးများမှာ မည်မျှအထိ ထူထဲသိပ်သည်းနေစေကာမူ ရေငွေ့များအဖြစ်သာ ရှိနေမည်ဖြစ်သည်။ ၎င်းတို့အား ရေအဖြစ်သို့ ပြောင်းလဲနိုင်မှသာ ခုခံကာကွယ်ရာ၌ အသုံးပြုနိုင်မည် ဖြစ်သည်။ အကယ်၍ ၎င်းတို့အား ရေခဲအဖြစ်သို့ ပြောင်းလဲနိုင်လျှင်မူ တိုက်ခိုက်ရာ၌ပင် အသုံးပြုနိုင်ပေသည်။

ထို့အပြင် သူတို့၏ ထိမ်းချုပ်နိုင်စွမ်းမှာလည်း ကွာခြားနေသေးသည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သောကြောင့် သူ၏ ဝိညာဉ်ချီများမှာ ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ ထုတ်လွှတ်နေသည့် ဝိညာဉ်ချီများအား ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် သူ၏ ဝိညာဉ်ချီများအား လိုသလို ပုံသွင်းနိုင်စွမ်းမရှိဘဲ ‌ဖြစ်နေရ၏။

ဝမ်ပေါင်လဲ့မှာ ထိုအချက်ကို သိထားသောကြောင့် ဝိညာဉ်အဆီများ လောင်ကျွမ်းသွားရာမှ ထွက်ပေါ်လာသည့် ဝိညာဉ်ချီများကို အပြင်ဘက်သို့သာ ထုတ်လွှတ်နေခြင်းဖြစ်ပေသည်။ သူသည် ၎င်းတို့အား မန္တန်များ ထုတ်သုံးနိုင်ရန်နှင့် တာအိုဘုန်းတော်ကြီးယိုရန်အား တားဆီးရန်တို့အတွက် အသုံးပြုနေခြင်းမရှိပေ။

သို့သော် သူသည် ထို ဝိညာဉ်ချီများအား သူ၏ လက်ကောက်ဝတ်ပေါ်၌ ပတ်ထားသော လက်ပတ်ထဲရှိ ပုတီးစေ့ခြောက်လုံးထဲသို့ ထည့်သွင်းနေ၏။

ထိုပုတီးစေ့များထဲသို့ ဝိညာဉ်ချီများ ဝင်ရောက်သွားကြသောအခါ ပုတီးစေ့ခြောက်လုံးထဲမှ လေးလုံးမှာ ထိုဝိညာဉ်ချီများအား အငမ်းမရ စုပ်ယူနေကြတော့သည်။ ထို့နောက် ၎င်းတို့မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာကြ၏။ ၎င်းတို့မှာ တစ်လုံးနှင့်တစ်လုံး အရောင်မတူဘဲ အနီရောင်၊ အပြာရောင်၊ အနက်နှင့် ရွှေရောင် အလင်းရောင်များကို ထုတ်လွှတ်နေကြသည်။

ထို့နောက် လေထုထဲတွင် အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာ၏။

ထို လက်ပတ်ထဲရှိ ပုတီးစေ့ခြောက်လုံးမှာ နတ်ဘုရားစွမ်းရည်ခြောက်ခုကို ပိုင်ဆိုင်ထားကြ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ဝှက်ဖဲများ ဖြစ်ပေသည်။ သူသည် သူ၏ ဝိညာဉ်ချီများကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် ရန်သူများအား တိုက်ခိုက်ရာ၌ အသုံးမပြုနိုင်ပါသော်လည်း ၎င်းတို့အား သူ၏လက်ပတ်ထဲသို့ ထည့်သွင်းကာ ထိုပုတီးစေ့များထဲရှိ နတ်ဘုရားစွမ်းရည်များကို ထုတ်သုံးနိုင်ပေသည်။

နတ်ဘုရားစွမ်းရည်များမှာ ထိုလက်ပတ်ထဲ၌ ကိန်းအောင်းနေကြသည်ဖြစ်ရာ ထိုစွမ်းရည်များ၏ ပြင်းအားမှာ ထိုလက်ပတ်ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်ပေသည်။ ထို့ကြောင့် ထိုလုပ်ငန်းစဉ်မှာ ရေငွေ့များကို စုပ်ယူကာ ၎င်းတို့အား ပေါင်းခံပြီးနောက် ရေခဲဓားများအဖြစ် ပြောင်းလဲပစ်ခြင်းနှင့် ဆင်တူ၏။

၎င်းမှာ ဝမ်ပေါင်လဲ့ စဉ်းစားမိသည့် တာအိုဘုန်းတော်ကြီးယိုရန်၏ ရန်မှ သူ့ကိုယ်သူ ကာကွယ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေသည်။ သူသည် ဝိညာဉ်အဆီများအားလုံး လောင်ကျွမ်းသွားစေရန် အစွမ်းကုန်ကြိုးစားခဲ့ပြီးနောကိ ဝိညာဉ်ချီများအား လက်ပတ်ထဲသို့ ထည့်သွင်းလိုက်ပြီ ဖြစ်သည်။ ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေပြီး သူ၏ အမျက်ဒေါသများနှင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများဖြင့် ဝမ်ပေါင်လဲ့အား ဖိနှိပ်လိုက်တော့သည်။ သူသည် ဝမ်ပေါင်လဲ့အား တစ်စစီ ခြေမွှပြင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး ရုတ်တရက်ဆိုသလို ရေရွတ်လိုက်၏။

” ဒုက္ဒတစ်သောင်း ပညာရပ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်သည်နှင့် သူ၏ ညာဘက်လက်ကောက်ဝတ်ပေါ်ရှိ လက်ပတ်ထဲမှ အနက်ရောင် ကြယ်ပုံစံ ပုတီးစေ့လေးမှာ ဝင်းလက်တောက်ပလာတော့သည်။ ထို့နောက် ၎င်းထဲမှ အနက်ရောင် ချိုးငှက်တစ်ကောင် ပျံထွက်လာ၏။

၎င်းမှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အရွယ်အစားအထိ ပြန့်ကားသွားသဖြင့် အရာအားလုံးကို လွှမ်းခြုံသွားပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ ဝမ်ပေါင်လဲ့အား သူ၏ ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းမရှိပေ။ သို့သော် သူသည် ထိုအနက်ရောင် ချိုးငှက်ကြီးအား မြင်လိုက်ရချိန်တွင်မူ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။

သူသည် သူ၏ဝိညာဉ်တစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှားနိုင်စွမ်းမရှိတော့သလို ထိုတိုက်ကွက်ကြီးကိုလည်း ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် ခိုကိုးရာမဲ့သလို ခံစားလိုက်ရပြီး ကျောချမ်းသွားရတော့သည်။

သို့သော် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မန္တန်လက်ကွက်များဖော်ကာ ရှေ့သို့ လက်ညှိုးထိုးလိုက်၏။ ထိုအခါ သူ၏ရှေ့တွင် အနက်ရောင်ချီများ ပေါ်ပေါက်လာကြပြီးနောက် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်၏ ရုပ်တုကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ထိုအနက်ရောင်ချိုးငှက်ကြီးအား ခြေမွှဖျက်ဆီးနိုင်ရန် ကြိုးပမ်းလိုက်၏။ ထို့နောက် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်သွား၏။ ၎င်းတို့နှစ်ခု အချင်းချင်း ဝင်တိုက်မိသွားကြသောအခါ အနက်ရောင်ချိုးငှက်ကြီးမှာ ထိခိုက်ဒဏ်ရာရသွားသည့်ပုံ မပေါ်ပါသော်လည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။ သို့သော် ၎င်း ပျောက်ကွယ်သွားချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်၏ နဖူးပေါ်တွင် အနက်ရောင်ချိုးငှက်တစ်ကောင်ပုံစံ အမှတ်အသားတစ်ခု ပေါ်ပေါက်လာတော့သည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ နာကျင်နေခြင်း မရှိသလို ယားယံနေခြင်း မရှိပါသော်လည်း ထိုအမှတ်အသားကြောင့် တုန်လှုပ်ချောက်ချားသွားရဆဲပင်။ သူသည် ထို အမှတ်အသားထဲမှ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် အန္တရာယ်များသော အငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်လာနေသည့်အလား ခံစားနေရ၏။ ခဏအကြာတွင် ရွှေရောင်ရေကန်ကြီး၊ တိုင်လုံးကြီးနှင့် သူ၏ဘေးပတ်ပတ်လည်ရှိ နံရံများသာမက ဝမ်ပေါင်လဲ့၏ စုပ်ယူခြင်းကိုခံနေရသော သေမင်းတာအို တိုက်ပွဲဝတ်ရုံကြီးပင်လျှင် တွန်းကန်အားတစ်ခုကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်တော့သည်။

ထို တွန်းကန်အားများမှာ ဝမ်ပေါင်လဲ့အား လျစ်လျူရှုကာ တာအိုဘုန်းတော်ကြီးယိုရန်အား လွှမ်းခြုံသွား၏။ ထို့ကြောင့် ထိုလိုဏ်ဂူထဲရှိ အရာအားလုံးမှာ ရုတ်တရက်ဆိုသလို တာအိုဘုန်းတော်ကြီးယိုရန်အား ရန်သူတစ်ယောက်အဖြစ် သတ်မှတ်လိုက်သကဲ့သို့ပင်။

ထို့နောက် ရွှေရောင်ရေကန်ကြီးမှာ ပေါက်ကွဲသွားကာ ခြေပြတ်လက်ပြတ်များ ပျံထွက်လာကြပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ဦးတည်လာကြတော့သည်။ တိုင်လုံးကြီးမှာလည်း တဆတ်ဆတ် တုန်ရီသွားပြီးနောက် ၎င်း၏ အတွင်းပိုင်းထဲမှလည်း ကျိုးပဲ့နေသည့် လက်ချောင်းများ ထိုးထွက်လာကြပြီး တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ဦးတည်သွားပြန်သည်။

ထိုမျှလောက်နှင့် ရပ်တန့်မသွားသေးပေ။ ဘေးပတ်ပတ်လည်ရှိ နံရံများမှာလည်း ကျောက်စကျောက်နများအဖြစ် ကြေမွပျက်စီးသွားကြပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ အရှိန်အဟုန်ဖြင့် လွင့်စင်လာကြတော့သည်။

ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူရင်ဆိုင်နေရသည့် အန္တရာယ်ကြီးအား နားမလည်နိုင်လောက်အောင် ဖြစ်သွားရပြီး တုန်လှုပ်ချောက်ချားနေမိတော့သည်။

ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အကုန်လုံးထုတ်လွှတ်ကာ လက်များကို ဝှေ့ယမ်းလိုက်ပြီးနောက် အနက်ရောင် လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် သူ့ဆီသို့ ဦးတည်လာနေကြသည့် ခြေပြတ်လက်ပြတ်များ၊ လက်ချောင်းများနှင့် ကျောက်စကျောက်နများကို အဝေးသို့ တွန်းထုတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ဆက်၌ ပြေးသွားလိုက်ပြန်သည်။

သူ၏ လှုပ်ရှားမှုများကြောင့် ဒုက္ခတစ်သောင်းပညာရပ်မှာ အမျက်ထွက်သွားသည့်ပုံပင်။ ထို့ကြောင့် သူ၏ နဖူးပေါ်ရှိ အနက်ရောင်ချိုးငှက် အမှတ်အသားလေးမှာ အရောင်များတောက်ပလာပြီး မျက်လုံးများပွင့်လာ၏။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် တွန်းကန်အားများမှာ ပို၍ပင် အားကောင်းလာပြီနောက် တိုက်ပွဲဝတ်ရုံကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာသည့် စွမ်းအားတစ်မျိုးမှာ လိုဏ်ဂူကြီးထဲ၌ ပြည့်နှက်သွားတော့သည်။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ တစ်ကိုယ်လုံးတုန်ရီသွားကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး မျက်လုံးဖြင့် မမြင်နိုင်သော တိုက်ကွက်ကြီးကြောင့် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွားရတော့သည်။

ဝမ်ပေါင်လဲ့မှာ ဒုက္ခတစ်သောင်းပညာရပ်အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် ထုတ်သုံးဖူးခြင်းဖြစ်ပေသည်။ ထို့ကြောင့် သူ၏ရှေ့တွင် မြင်နေရသည့် မြင်ကွင်းများကြောင့် သူသည် အံ့သြတုန်လှုပ်သွားရ၏။ သို့သော် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ဒုတိယ ပုတီးစေ့ထဲမှ နတ်ဘုရားစွမ်းရည်အား ထုတ်သုံးလိုက်တော့သည်။

” ဘဝ‌တစ်ထောင်ပညာရပ် ”

ထိုအခါ ဒုတိယမြောက် ကြယ်ပုံစံပုတီးစေ့လေးမှာ ဝင်းလက်တောက်ပလာပြီး သူရင်းရင်းနှီးနှီး သိနေသည့် အနွေးဓာတ်တစ်မျိုးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်သွား၏။ ထို့နောက် သူ၏နဖူးပေါ်တွင် ချိုးငှက်ပုံစံ အမှတ်အသားတစ်ခု ပေါ်ပေါက်လာသည်။ သို့ဖြစ်ရာ သူ ယခုအကြိမ် ထုတ်သုံးလိုက်သည့်ပညာရပ်မှာ ယခင်အကြိမ်များတုန်းကထက် အများကြီးပို၍ အစွမ်းထက်နေသည်ကို သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးနွေးသွားပြီး သူ၏ဪပတ်ပတ်လည်ရှိ လောကကြီးတစ်ခုလုံးမှာ သူ့အပေါ် စေတနာသဒ္ဓါတရား ထက်သန်နေသကဲ့သို့ ခံစားလိုက်ရ၏။

ထိုပညာရပ်ကြောင့် အများဆုံး ပြောင်းလဲသွားသည့်အရာမှာ သေမင်းတာအိုတိုက်ပွဲဝတ်ရုံကြီး ဖြစ်ပေသည်။ မကြာသေးမီတုန်းကပင် ဝမ်ပေါင်လဲ့မှာ ၎င်းအား စုပ်ယူရာ၌ ထိုတိုက်ပွဲဝတ်ရုံကြီးဆီမှ ထွက်ပေါ်နေသည့် တွန်းကန်များကြောင့် အခက်တွေ့နေခဲ့ရ၏။ ထို့ကြောင့် သူသည် သူ၏ ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြုကာ ၎င်း၏ ဝိညာဉ်စွမ်းအင်များကို အတင်းအဓမ္မ စုပ်ယူခဲ့ရသည်။ သို့သော် ယခုတွင်မူ ထိုတွန်းကန်အားများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့အား ရန်လိုနေခြင်း မရှိသည့်အပြင် သူ့အား ဝမ်းမြောက်ဝမ်းသာ လက်ခံ‌နေသည့်ပုံပင် ပေါက်နေတော့သည်။

ထိုပြောင်းလဲမှုကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး ခဏအကြာတွင် ထခုန်မိတော့မည့်အလား ပျော်ရွှင်သွားရ၏။ ထို့နောက် သူသည် မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပလာပြီးနောက် စိတ်ဓာတ်များ တက်ကြွသွားတော့သည်။

” ယိုလေး။ ဒီနေရာက ဘာလဲဆိုတာ မင်းသိလား။ အခု မင်းက… မင်းရဲ့ ဖေဖေကြီးရဲ့ အိမ်ထဲမှာ ရောက်နေတာကွ။ သင်ခန်းစာကောင်းကောင်း အပေးခံရဖို့သာ ပြင်ထားပေတော့ “

Comment

Leave a Reply

Options

not work with dark mode
Reset