Switch Mode

အခန်း (၆၅၇)

ယိုရန်၏ အမျက်ဒေါသ

ဝာာအိုဘုန်းတော်ကြီးယိုရန် အလောတကြီးဖြင့် ထွက်ခွာသွားစဉ် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများနှင့် စိတ်ညှို့ခံထားရသည့် တာအိုနန်းတော် ကျင့်ကြံသူများမှာ သူမဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြသောကြောင့် ဖုန့်ချိုးရန်မှာ အံကြိတ်ကာ နောက်သို့ ချက်ချင်းဆုတ်ခွာသွားတော့သည်။ ထို့နောက် သူမသည် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ပြီး သူမ၏ လျှာထိပ်ကိုကိုက်ကာ ‌သွေးတစ်ပွက် ထွေးထုတ်လိုက်၏။

၎င်းတို့မှာ သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားကြပြီးနောက် သူမဆီသို့ ပြေးလာနေကြသည့် ကျင့်ကြံသူများဆီသို့ ပျံ့လွင့်သွားကာ သူတို့အား တစ်ခဏမျှ တားဆီးလိုက်၏။ ထို့နောက် ဖုန့်ချိုးရန်မှာ ညာဘက်လက်ကိုမြှောက်ကာ လေထဲတွင်လှမ်း၍ ဖမ်းဆုပ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ကိုယ်ပွား ပျက်စီးသွားရာမှ ကျန်ရစ်ခဲ့သော သိုလှောင်လက်အောက်အား လှမ်းယူလိုက်သည်။ ပုံမှန်အခြေအနေများတွင်ဆိုလျှင် ဝာာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုကဲ့သို့သော ပစ္စည်းများကို ချန်ရစ်ထားခဲ့မည် မဟုတ်ပါသော်လည်း ယခုတွင် သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်နေရသောကြောင့် ၎င်းအား မေ့သွားခဲ့၏။

ဖုန့်ချိုးရန်မှာ ထို သိုလှောင်လက်ကောက်အား ရယူလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ ချက်ချင်းဆုတ်ခွာသွားသည်။ ဒုတိယထပ်မှာ ကြီးမားကျယ်ပြန့်ပါသော်လည်း သူမသည် မျှော်လင့်ချက်များပျက်သုဉ်းကာ ကြံရာမရဖြစ်နေဆဲပင်။ ထို့အပြင် သူမသည် မည်သည့်နေရာသို့ သွားရမှန်း မသိနိုင်လောက်အောင် ဖြစ်နေရသလို လက်ရှိအခြေအနေကြီးအား မည်ကဲ့သို့ ပြင်ဆင်ရမည်ကိုလည်း မသိနိုင်လောက်အောင် ဖြစ်နေရတော့သည်။

သူမသည် နောက်သို့လှည့်ကာ သူမ၏ နောက်မှလိုက်လာသော အဆုံးမဲ့မျိုးနွယ်စုဝင်များအား လှမ်းကြည့်လိုက်၏။ ထိုအခါ သူမ၏ မျက်ဝန်းများထဲတွင် အတိတ်တုန်းက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ ဖြစ်ပွားခဲ့သော သမိုင်းဝင်စစ်ပွဲကြီး၏ အနိဋ္ဌာရုံများ ပြန်လည်ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် သူမသည် နှလုံးသားထဲ၌ နာကြည်းမှုများဖြင့် ပြည့်နှက်သွားပြီး အပြစ်ရှိသူတစ်ယောက်ကဲ့သို့ ခံစားနေရတော့သည်။

” ငါတို့တွေ ထောင်ချောက်တစ်ခုမှန်း သိရဲ့သားနဲ့ စစ်သင်္ဘောကြီးထဲကို ဝင်ဖို့ ကြိုးစားခဲ့လို့ အခုလိုတွေ ဖြစ်လာရတာ ” ဖုန့်ချိုးရန်မှာ မျက်စိမျက်နှာ ပျက်ကာ သူမသည် ခေါင်းဆောင်တစ်ယောက်အနေနှင့် လုံးဝတာဝန်မကျေခဲ့ကြောင်း ခံစား‌နေရပြီဖြစ်သည်။ သူမသည် သူမ၏ စိတ်ခံစားချက်များကို ရှေ့တန်းတင်ကာ အဆင်အခြင်မဲ့စွာ ပြုမူခဲ့သည်မဟုတ်ပါလော။

” ဝာာအိုဘုန်းတော်ကြီးယိုရန် ” သူမ၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပနေ၏။ သူမသည် သူမ၏ အမှားများကို ပြန်လည်ပြင်ဆင်ချင်ပါသော်လည်း ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရသည်မဟုတ်ပါလော။ ထို့ကြောင့် သူမသည် သူမ၏နောက်မှ လိုက်လာကြသည့် ကျင့်ကြံသူများကို စိုက်ကြည့်ရင်း သူမကိုယ်သူမ ပို၍ပင် နာကြည်းလာရတော့သည်။ ထိုကျင့်ကြံသူများထဲတွင် မြဲ့လျဲ့ကျိလည်း ပါ၏။

” မျှော်လင့်ချက်ရှိပါသေးတယ် ” ဖုန့်ချိုးရန်မှာ ကြိုးစား၍ မာန်တင်းလိုက်၏။ စစ်သင်္ဘောကြီး၏ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကို နှောင့်ယှက်နိုင်စွမ်းမှာ မည်သည့်အကြောင်းကြောင့်မှန်းမသိ အားလျော့သွားရသည် မဟုတ်ပါလော။ ဝာာအိုဘုန်းတော်ကြီးယိုရန်မှာလည်း ထိုကိစ္စကြောင့် အမျက်ချောင်းချောင်း ထွက်သွားခဲ့၏။ ထို့ကြောင့် ဖုန့်ချိုးရန်၏ စိတ်ထဲ၌ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခြင်းဖြစ်ပေသည်။

ဖုန့်ချိုးရန်တစ်ယောက် နောက်သို့ဆက်လက်ဆုတ်ခွာသွားနေရင်း ကျောက်ယမုန့်မှာ ထိုကမ္ဘာကြီး၏ အခြားတစ်နေရာရှိ တောင်တစ်လုံးပေါ်တွင် ပုန်းကာ သူမ၏ အငွေ့အသက်များကို ဖုံးကွယ်နိုင်မည့် မန္တန်အစီအရင်များကို ထုတ်သုံးနေသည်။ တစ်ချိန်ထဲမှာပင် သူမသည် တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်အား တင်းကျပ်စွာဆုပ်ကိုင်ထား၏။ ထို့နောက် သူမသည် အသက်ရှုနှုန်းအား တည်ငြိမ်အောင်ထားလိုက်ပြီး မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွားတော့သည်။ သူမသည် အချိန်ကောင်းအခါကောင်းကို စောင့်ဆိုင်းနေခြင်းဖြစ်၏။

သူမသည် ဝမ်ပေါင်လဲ့အတွက် စိတ်ပူနေပါသော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့်သာဆိုလျှင် သူ့အား မကူညီပေးနိုင်သည့်အပြင် နှောင့်ယှက်သလိုပင် ဖြစ်နေမည်ကို သိထား၏။ ထို့အပြင် သူမသည် သူမ၏ တာဝန်ကိုလည်း နားလည်ထားပေသည်။ သူမသည် ပြည်ထောင်စုကြီးအား ဤကမ္ဘာကြီးထဲ၌ ဖြစ်ပျက်နေသည့် အခြင်းအရာအားလုံးကို အသိပေးရမည် ဖြစ်သည်။

” ပေါင်လဲ့… ” ကျောက်ယမုန့်မှာ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ ထို့နောက် သူမသည် မျက်လုံးများမှိတ်ကာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေလိုက်တော့သည်။

ဒုတိယထပ်တွင် ဖုန့်ချိုးရန်တစ်ယောက်သာလျှင် တိုက်ခိုက်နေရသည်တော့ မဟုတ်ပေ။ သူမ၏ အဖွဲ့အစည်းမှ ကျင့်ကြံသူများမှာ ဒုတိယထပ်သို့ ရောက်ရှိလာကြပြီးနောက် လူစုကွဲသွားခဲ့ကြ၏။ သူတို့ထဲမှ အများစုမှာ အကြောင်းအရင်း အမျိုးမျိုးကြောင့် သေဆုံးသွားကြပြီ ဖြစ်ပြီး အချို့မှာ ဖမ်းဆီးချုပ်နှောင်ခံထားရ၏။ ထိုစစ်သင်္ဘောကြီးပေါ်တွင် အဆုံးမဲ့မျိုးနွယ်စုဝင်များဟူ၍ ယိုရန်တစ်ယောက်တည်း ရှိနေခဲ့သည် မဟုတ်ပေ။

သူတို့ စစ်သင်္ဘောကြီးပေါ်သို့ စရောက်လာစဉ်ကတည်းက အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ သူတို့အား ထောင်ချောက်ဆင်ကာ အမဲလိုက်နေခဲ့ကြခြင်းဖြစ်သည်။ ချီလင်းကဲ့သို့သော လူများထဲမှ အချို့မှာ ဖမ်းဆီးချုပ်နှောင်ခံထားရသည်ဖြစ်ပြီး အချို့မှာ ယဇ်ပူဇော်ခံလိုက်ရပြီ ဖြစ်သည်။

အမြုတေအဆင့် ကျင့်ကြံသူအများစုမှာ သေဆုံးသွားကြပြီဖြစ်သည်။ သူတို့မှာ သူတို့၏ ရန်သူများကို ယှဉ်နိုင်စွမ်းမရှိပေ။ သို့သော် ကျောက်ယမုန့်ကဲ့သို့သော ကျင့်ကြံသူအချို့မှာမူ အန္တရာယ်များကို သတိထားမိခဲ့သောကြောင့် ပုန်းကွယ်နေကြ၏။

ထိုကျင့်ကြံသူများထဲတွင် ခုန်းတောက်လည်း ပါသည်။ သူသည် ချုံခိုတိုက်ခိုက်ခြင်းပညာရပ်နှင့် ပုန်းကွယ်ခြင်းပညာရပ်တို့တွင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်နေသည်မဟုတ်ပါလော။ ထို့ကြောင့် စစ်သင်္ဘောကြီးပေါ်တွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သူသည် အသက်ရှင်နေဆဲပင်။ သူသည် ရှေးဟောင်းသိုင်းပညာအဆင့်နှင့်ပင် အင်္ဂါဂြိုဟ်ပေါ်ရှိ တောနက်ကြီးထဲ၌ အသက်ရှင်နေထိုင်ခဲ့သူတစ်ယောက် မဟုတ်ပါလော။

ယခုတွင် သူသည် ဒုတိယထပ်ပေါ်တွင် ရှိနေပါသော်လည်း မြေမျက်နှာပြင်အထက်တွင် ရှိနေခြင်းမဟုတ်ပေ။ သူသည် လိုဏ်ဂူတစ်လုံး ရှာတွေ့ခဲ့၏။ ထိုလိုဏ်ဂူထဲ၌ ရွှေရောင်ရေကန် မရှိသောကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ရှိနေသော လိုဏ်ဂူကြီးတော့ မဟုတ်ပေ။ သို့သော် ထိုလိုဏ်ဂူထဲ၌ အခန်းငယ်လေးများနှင့် ဆင်တူသည့် ဓမ္မအဆောင်အချို့ ရှိနေ၏။ ၎င်းတို့ထဲမှ အများစုမှာ ပျက်စီးနေပြီဖြစ်ပါသော်လည်း အချို့ကို အသုံးပြု၍ရနေဆဲပင်။

ခုန်းတောက်မှာ ထွက်ပေါက်တစ်ပေါက်မှ ရှာမတွေ့ခဲ့သောကြောင့် အခြားရွေးချယ်စရာ မရှိတော့သဖြင့် အံကြိတ်ကာ ထိုအခန်းတစ်ခန်းထဲ၌ ပုန်းနေလိုက်တော့သည်။

လူတိုင်းမှာ ထွက်ပြေးနေကြရသည်ဖြစ်သည်။ ထိုအချိန်တွင် တိုက်ပွဲဝတ်ရုံကြီး ရှိနေသော တတိယထပ်ပေါ်၌ အုန်းခနဲမြည်သံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ဝဖြိုးနေသော ဝမ်ပေါင်လဲ့မှာ ရွှေရောင်ရေကန်ကြီး၏ အလယ်တွင် ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်ကျောတုံးကြီးကဲ့သို့ တုန်နေ၏။ ထို့အပြင် သူ၏ မျက်ဝန်းများမှာ အရောင်တလက်လက် တောက်ပနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာလည်း အဆက်မပြတ် လည်ပတ်နေဆဲပင်။

” မြန်မြန်လေး ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် အော်ဟစ်လိုက်၏။ သူသည် ထိတ်ထိတ်ပျာပျာဖြစ်နေရပြီ ဖြစ်သည်။ တိုက်ပွဲဝတ်ရုံကြီးထဲ၌ ဝိညာဉ်ချီအမြောက်အမြား ကိန်းအောင်းနေသည်ဖြစ်ရာ သူသည် သူ၏ ဝါးမျိုခြင်းသစ်စေ့နှင့် ဓားအိမ်လေးတို့ကို အသုံးပြုနေသည့်တိုင်အောင် ဝိညာဉ်ချီများစွာ ကျန်ရစ်နေဆဲပင်။ ဝမ်ပေါင်လဲ့မှာ အမြုတေထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးသောကြောင့် အတိုင်းအတာတစ်ခုအထိသာ စုပ်ယူနိုင်ပေသည်။ ယခုတွင် သူသည် အသက်အန္တရာယ်နှင့် ကြုံနေရသည်ဖြစ်ရာ ဖောက်ထွက်နိုင်ရန် ကြိုးစား၍လည်း မဖြစ်ပေ။ အမြုတေအဆင့်မှ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်လိုပါက အနှောင့်အယှက်များ ကင်းစင်ကာ ဘေးကင်းလုံခြုံသည့် နေရာတစ်ခု၌ တံခါးပိတ်ကျင့်ကြံရန် လိုအပ်ပေသည်။

ပို၍ဆိုးသည်မှာ အချိန်ကြာလာသည်နှင့်အမျှ သူ၏ စုပ်ယူအားများမှာ လျော့ကျလာနေခြင်းပင်။

တိုက်ပွဲဝတ်ရုံကြီးမှာ ဝမ်ပေါင်လဲ့အား ၎င်း၏ ဝိညာဉ်ချီများကို ဆက်၍ မစုပ်ယူနိုင်အောင် တားဆီးနေ၏။ ၎င်းမှာ တိုက်ပွဲဝတ်ရုံကြီး၏ ကာကွယ်ရေးစနစ်တစ်ခု ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဝါးမျိုခြင်းသစ်စေ့အား အစွမ်းကုန် ထုတ်သုံးထားသည့်တိုင်အောင် သူ၏ စုပ်ယူအားမှာ မြန်ဆန်တိုးတက်လာခြင်း မရှိပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြံရာမရတော့သဖြင့် မန္တန်လက်ကွက်များဖော်ကာ သူ၏ကိုယ်ပွားကို ဆင့်ခေါ်လိုက်၏။ ထိုအခါ သူ၏ကိုယ်ပွားမှာ သူ၏ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားပြီး တိုင်လုံးကြီးဆီသို့ ပျံတက်သွားတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာတော့သည်။ သူ၏ အပြင်ခန္ဓာကိုယ်မှာ ဆက်၍ စုပ်ယူနိုင်စွမ်း မရှိတော့သောကြောင့် သူသည် သူ၏ ချပ်ဝတ်တန်ဆာကြီးအား စုပ်ယူခိုင်းတော့မည် ဖြစ်သည်။

ထို ချပ်ဝတ်တန်ဆာကြီးမှာ ဝမ်ပေါင်လဲ့၏ ဒုတိယ ခန္ဓာကိုယ်ကဲ့သို့ပင်။ ၎င်းမှာ ဝါးမျိုခြင်းသစ်စေ့နှင့် ပူပေါင်းသွားပြီးနောက် စုပ်ယူအားကို မြှင့်တင်ပေးနိုင်စွမ်း မရှိပါသော်လည်း ချပ်ဝတ်တန်ဆာထဲသို့ ဝိညာဉ်ချီ အမြောက်အမြား စီးဝင်လာအောင် စုပ်ယူနိုင်လိုက်၏။ ထို့ကြောင့် ထိုချပ်ဝတ်တန်ဆာကြီးမှာ လင်းလက်တောက်ပလာတော့သည်။

ဝမ်ပေါင်လဲ့မှာ အချိန်အနည်းငယ်မျှသာ ထပ်၍လိုတော့သည် ဖြစ်သည်။ အကယ်၍ သူသည် နောက်ထပ်နှစ်နာရီခန့် ယခုကဲ့သို့ ဆက်လက် စုပ်ယူနိုင်စွမ်း ရှိနေမည်ဆိုပါက စစ်သင်္ဘောကြီး၏ အနှောင့်အယှက်စွမ်းအားများမှာ သိသိသာသာ လျော့ကျသွားမည်သာ ဖြစ်သည်။ ၎င်းမှာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် ပေါ်ပေါက်လာနိုင်သည့် အဆင့်အထိ အားလျော့သွားနိုင်ခြေ ရှိမရှိကို ဝမ်ပေါင်လဲ့က သေချာမသိပေ။ သို့သော် သူ့ဘက်မှ တိုက်ပွဲဝတ်ရုံကြီး၏ စွမ်းအင်များကို အဆက်မပြတ်စုပ်ယူကာ စစ်သင်္ဘောကြီး၏ အနှောင့်အယှက်စွမ်းအားများကို လျော့ကျလာအောင် လုပ်နိုင်သရွေ့ ကျောက်ယမုန့်အတွက် အောင်မြင်နိုင်ခြေ ပိုများလာမည်သာ ဖြစ်သည်။

သို့သော် စစ်သင်္ဘောကြီး၏ အနှောင့်အယှက်စွမ်းအားများ လျော့ကျသွားခဲ့သည်ကို တာအိုဘုန်းတော်ကြီးယိုရန်က သတိထားမိသွား၏။ ယခုတွင် သူသည် သူ၏လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ထိုးခွင်းကာ တတိယထပ်သို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ချပ်ဝတ်တန်ဆာမှာ တိုက်ပွဲဝတ်ရုံကြီး၏ စွမ်းအင်များကို စက္ကန့်နှစ်ဆယ်မျှသာ စုပ်ယူရသေးချိန်တွင် လိုဏ်ဂူကြီး၏ နံရံများမှာ တစ်စစီ ပေါက်ကွဲသွားတော့သည်။

ထို့ကြောင့် မြေကြီး‌များနှင့် ကျောက်စကျောက်နများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားပြီး အမျက်ချောင်းချောင်း ထွက်နေသော တာအိုဘုန်းတော်ကြီးယိုရန်မှာ ဂူထဲ၌ ပေါ်ပေါက်လာတော့သည်။ သူသည် သူ၏ အဖိုးတန် တိုက်ပွဲဝတ်ရုံကြီး ရှိနေသည့် ရွှေရောင်ရေကန်ကြီးအား ချက်ချင်း လှမ်းကြည့်လိုက်၏။ ထိုအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင်မြန်းထားပြီး တစ်ကိုယ်လုံး ဖောင်းကားနေသည့် ဝမ်ပေါင်လဲ့တစ်ယောက် ထို တိုက်ပွဲဝတ်ရုံ၏ဘေးတွင် ထိုင်နေသည်ကို မြင်လိုက်ရတော့သည်။

သေမင်းတာအိုတိုက်ပွဲဝတ်ရုံကြီး၏ အရောင်မှာ သိသိသာသာ မှေးမှိန်သွားပြီဖြစ်သည်။ ၎င်း၏ အရေပြားမှာ ရှုံ့တွနေပြီး ၎င်း၏ လက်တစ်ဖက်ပေါ်ရှိ အရေပြားမှာဆိုလျှင် အောက်သို့ပင် တွဲကျနေပြီဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ တိုက်ပွဲဝတ်ရုံကြီး၏ ဝိညာဉ်ချီများကို အငမ်းမရ ဆက်လက်စုပ်ယူနေဆဲပင်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုမြင်ကွင်းကြောင့် ယမ်းပုံမီးကျ ပေါက်ကွဲသွားတော့သည်။ သူသည် ထိခိုက်မှု အနည်းဆုံးနှင့် သွေးယဇ်ပူဇော်ပွဲတစ်ခုကို ကျင်းပနိုင်ရန် တာအိုနန်းတော်ဂိုဏ်းသားများအား စစ်သင်္ဘောကြီးထဲသို့ မျှားခေါ်ကာ သူတို့အား စိတ်ညှို့ရန် ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။ သူသည် ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသောကြောင့် စစ်သင်္ဘောကြီးပေါ်ရှိ အခြား အဆုံးမဲ့ မျိုးနွယ်စုဝင်များမှာ သူ၏အမိန့်ကို နာခံကြရမည်မှာ မလွဲဧကန်ပင်။ သို့သော် သူတို့မှာ ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးပေ။

ထို့ကြောင့် သူတို့မှာ တိုက်ပွဲတစ်ပွဲလောက်သာ တိုက်ခိုက်ရမည်ဆိုပါက အနိုင်ရနိုင်ပါသော်လည်း အကြာကြီး တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် စစ်သင်္ဘောကြီးမှာ တိုက်ပွဲဝတ်ရုံနှင့် တစ်သားတည်းပေါင်းစည်းနိုင်ရန် လိုအပ်သည့် အရာများကို ပိုင်ဆိုင်ထားခြင်းမရှိချေ။ ထို့ကြောင့် ၎င်းမှာ ၎င်း၏ စွမ်းအားများကို အကုန်လုံး ထုတ်လွှတ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

တာအိုနန်းတော်ကြီးအား ကာကွယ်ပေးထားသည့် မန္တန်အစီအရင် အပါအဝင် ဖုန့်ချိုးရန်နှင့် မြဲ့လျဲ့ကျိတို့၏ စွမ်းအားများကြောင့် သူ၏ အစီအစဉ်မှာ ကျိန်းသေပေါက် အောင်မြင်နိုင်လိမ့်မည်ဟု တာအိုဘုန်းတော်ကြီးယိုရန်က အပြည့်အဝ ယုံကြည်ထားခဲ့ခြင်း မရှိပေ။ ထို့အပြင် သူသည် အနိုင်ရရှိနိုင်ရန် သူ့ဘက်မှ အများကြီး ပေးဆပ်ရမည်ကိုလည်း မလိုလားပေ။

ထို့ကြောင့် သူသည် ယခုလို ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။ သူသည် အရင်ဆုံး သူတို့အားလုံးကို စိတ်ညှို့ကာ သူတို့ဆီမှရသော စွမ်းအင်များဖြင့် သွေးယဇ်ပူဇော်ပွဲ ကျင်းပပြီး စစ်သင်္ဘောကြီးအား အားဖြည့်ရန် ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့သာဆိုပါက သူသည် ထို တိုက်ပွဲဝတ်ရုံကြီးနှင့် အချိန်မရွေး ပေါင်းစည်းနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ထိုအခါ သူသည် သေမင်းတာအို စစ်သင်္ဘောကြီးအား ပြည်ထောင်စုကြီးဆီသို့ မောင်းနှင်သွားပြီးနောက် ပြည်ထောင်စုကြီးထဲမှ လူများအားလုံးကို သတ်ဖြတ်ကာ ယဇ်ပူဇော်လိုက်မည် ဖြစ်သည်။ ပြည်‌ထောင်စုကြီး တစ်ခုလုံးအား ထိုကဲ့သို့ စတေးပြီးသွားသည်နှင့် သူသည် သေမင်းတာအို စစ်သင်္ဘောကြီးနှင့် အမှန်တကယ် တစ်သားတည်း ပေါင်းနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

သူ၏အစီအစဉ်မှာ တစ်ချိန်လုံး အလုပ်ဖြစ်နေခဲ့ပါသော်လည်း ယခုတွင်မူ သူ့အစီအစဉ်၏ အဓိက အခရာဖြစ်သည့် သေမင်းတာအိုတိုက်ပွဲဝတ်ရုံကြီးမှာ ဤအခြေ‌အနေအထိ ရောက်သွားအောင် စုပ်ယူခံလိုက်ရပြီဖြစ်ရာ သူသည် လက်တစ်ဖက် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ပင်။ ထို ဆုံးရှုံးမှုကြောင့် သူသည် အသိစိတ်ပျောက်လုမတတ် အမျက်ဒေါသထွက်သွားရ၏။

” တောက်ကွာ။ သူက ဘယ်လိုလုပ်ပြီးတော့ ဒီထဲကို ဝင်လာတာလဲ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများနီမြန်းသွားပြီး တစ်ခေါင်းလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

” ဝမ်ပေါင်လဲ့ “

Comment

Leave a Reply

Options

not work with dark mode
Reset