ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့်အတူ ထွက်ပြေးနေရင်း ထိုမြင်ကွင်းအား ဖျတ်ခနဲ လှမ်းမြင်လိုက်ရသောအခါ သူ၏နှလုံးသားထဲ၌ စကားလုံးများဖြင့် ဖော်ပြ၍မရသော ခံစားချက်များ ပေါ်ပေါက်လာတော့သည်။ သူသည် မြဲ့လျဲ့ကျိအား လှမ်းကြည့်လိုက်ပြီးနောက် မြဲ့လျဲ့ကျိအစစ်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း နားလည်သွား၏။
” ငါတို့တွေ ဒီနေရာကြီးကနေ အခုချက်ချင်းထွက်ခွာဖို့လိုတယ် ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ တတိယထပ်တွင် ရှိနေသော သူ၏ ကိုယ်ပွားအစစ်မှာမူ တိုက်ပွဲဝတ်ရုံကြီး၏ စွမ်းအားများကို မငမ်းမရ စုပ်ယူနေဆဲပင်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ ပူစီပေါင်းတစ်လုံးကဲ့သို့ ပြန့်ကားလာတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအချက်အား ဂရုမစိုက်နိုင်တော့ပေ။ ကျောက်ယမုန့်မှာ သူတို့ကြုံနေရသည့် အန္တရာယ်ကြီးကို နားလည်ထားသောကြောင့် စကားတစ်ခွန်းမှမပြောဘဲ မန္တန်အစီအရင်တစ်ခုကို အသုံးပြုလိုက်၏။ ထို မန္တန်အစီအရင်ကြောင့် သူမနှင့် ဝမ်ပေါင်လဲ့တို့၏ အမြန်နှုန်းမှာ ပို၍ မြန်ဆန်လာတော့သည်။
သို့သော်ငြားလည်း သူတို့မှာ တာအိုဘုန်းတော်ကြီးယိုရန်အား မယှဉ်နိုင်ကြပေ။ ပို၍ဆိုးသည်မှာ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ပြုစားခံထားရသော ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သူသည် သူတို့နောက်သို့ လိုက်လာခြင်း မရှိပါသော်လည်း သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ သူ၏နောက်သို့ ချက်ချင်းပင် ပြေးလိုက်လာကြတော့သည်။
” သူတို့ကို အရှင်ဖမ်းခဲ့ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ တည်ကြည်မှု အပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။ သူသည် မြဲ့လျဲ့ကျိ၏ သိုလှောင်အိတ်အား မွှေနှောက်ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲ၌ ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။ ၎င်းမှာ မိုးခြိမ်းသံတစ်သံ လေထဲ၌ ပဲ့တင်ထပ်သွားသကဲ့သို့ပင်။ ထို့နောက် လေထုထဲ၌ အားကောင်းသော စွမ်းအင်လှိုင်းများ ပျံ့လွင့်လာပြီး ဒုတိယထပ်တစ်ထပ်လုံးမှာ တုန်ရီသွားရတော့သည်။
မြေပြင်ကြီးမှာ သိမ့်သိမ့်တုန်သွားပြီး သစ်ပင်ပန်းမန်များမှာလည်း တုန်ခါသွားကြ၏။ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာလည်း လေပြင်းများ၏ ရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရသည်။ သူတို့၏နောက်မှ လိုက်လာကြသည့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။
ကမ္ဘာကြီးတစ်ခုလုံး ထိုကဲ့သို့ တုန်ရီနေကြစဉ် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲ၌ လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ အံ့သြမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ ဦးတည်ပျံသန်းလာနေပြီး ၎င်း၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေသည့် ပေတံတစ်ချောင်းမှာလည်း ဝင်းလက်တောက်ပနေ၏။ ထိုသူမှာ ဖုန့်ချိုးရန်ပင် ဖြစ်ပေသည်။
သူမ၏ ပုံပန်းသွင်ပြင်မှာလည်း မြဲ့လျဲ့ကျိ ဒုတိယထပ်ပေါ်တွင် စတင် ပေါ်ပေါက်လာခဲ့စဉ်တုန်းကအတိုင်း အခြေအနေ ဆိုးနေ၏။ သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် သွေးများ ပေကျံနေသည်။ အကယ်၍ တာအိုဘုန်းတော်ကြီးယိုရန်သာ အမှန်အတိုင်း ပြောခဲ့ခြင်းဖြစ်ပြီး သူမအား မန္တန်အစီအရင်တစ်ခုထဲ၌ အမှန်တကယ် ပိတ်လှောင်ထားခဲ့သည်ဆိုပါက သူမသည် ၎င်းဆီမှ ထွက်ပြေးလွတ်မြောက်လာနိုင်ရန် အများကြီး ပေးဆပ်ခဲ့ရလောက်ပေသည်။ မကြာသေးမီတုန်းက ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းကြီးမှာ ထို မန္တန်အစီအရင်ကြီး ပျက်စီးသွားရမှ ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။
သို့သော် သူမသည် နောက်ကျသွားခဲ့ပြီဖြစ်သည်။ မြဲ့လျဲ့ကျိမှာ သူမ ရောက်မလာခင် အချိန်အထိ တောင့်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် အနီးသို့ ရောက်လာပြီးနောက် မြဲ့လျဲ့ကျိ၏ အသက်မပါသော မျက်နှာအမူအရာနှင့် သူ၏ဘေးတွင် ပြုံးကာရပ်နေသည့် တာအိုဘုန်းတော်ကြီးယိုရန်တို့အား မြင်လိုက်ရတော့သည်။
သို့ဖြစ်ရာ မည်သည့်မေးခွန်းကိုမှ မေးနေစရာမလိုတော့ပေ။ သူမ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် သူမ၏ သံသယများအားလုံးမှာ အမှန်တကယ် ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် သူမသည် မျက်ဝန်းများ အရောင်လက်သွားပြီး သူမ၏အသက်ကို ပေးရမည်ဆိုလျှင်တောင် ယိုရန်အား သတ်ဖြတ်မည်ဟု သန္နိဋ္ဌာန်ချလိုက်တော့သည်။
” နင်က ငါ့ရဲ့ မန္တန်အစီအရင်ကြီးကိုတောင် ဖျက်ဆီးနိုင်ခဲ့တာပါလား။ ဖုန့်ချိုးရန်…. ငါ နင့်ကို လျှော့တွက်မိခဲ့တာပဲ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ပြုံးကာဆိုလိုက်၏။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး ကောင်းကင်ကြီးအား လွှမ်းခြုံသွား၏။ ထို့နောက် သူသည် ဖုန့်ချိုးရန်ဆီသို့ ပြေးသွားလိုက်တော့သည်။
သူတို့နှစ်ယောက်မှာ အနက်ရောင်မြူခိုးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီးနောက် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လေထဲ၌ ပဲ့တင်ထပ်နေတော့သည်။ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာလည်း သူမနည်းတူပင် အခက်တွေ့နေရပြီ ဖြစ်သည်။ အမိန့်မရသေးသည့် စိတ်ညှို့ခံထားရသော ကျင့်ကြံသူများမှာ မလှုပ်မယှက် ရပ်နေကြဆဲဖြစ်ပါသော်လည်း သူတို့အား လိုက်လံဖမ်းဆီးရန် အမိန့်ပေးခံလိုက်ရသည့် ကျင့်ကြံသူများမှာမူ ယိုရန်နှင့် ဖုန့်ချိုးရန်တို့နှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြသည့်တိုင်အောင် သူတို့၏နောက်သို့ ဆက်၍ လိုက်လာနေကြဆဲပင်။
ထို ကျင့်ကြံသူ ရှစ်ယောက်ထဲတွင် လေးယောက်မှာ ယွမ်ယင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး အခြားလေးယောက်မှာ အမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သူတို့ထဲမှ တစ်ယောက်မှာ ကျိုးချူတောက် ဖြစ်နေ၏။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်ပင်လျှင် ထိုရှစ်ယောက်လုံးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် အခက်တွေ့နေရမည် ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ကိုယ်ပွားသာဆိုလျှင် သူတို့အား လုံးဝအနိုင်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွားပြီးနောက် ချက်ချင်း ဆိုလိုက်တော့သည်။
” ယမုန့်။ နင် အရင်ဆုံး ထွက်သွားလိုက်တော့။ ပုန်းလို့ရမယ့် နေရာတစ်ခုခုကို တွေ့အောင်ရှာပြီး စောင့်နေ။ ပြီးရင် အနှောင့်အယှက် စွမ်းအင်တွေ အားလျော့သွားမယ့်အချိန် ရောက်လာတာနဲ့ ချက်ချင်း တည်နေရာပြောင်းရွှေ့လိုက်တော့ ”
ကျောက်ယမုန့်မှာ သာမန်အမျိုးသမီးတစ်ယောက် မဟုတ်သောကြောင့် ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ သူ့အား အချိန်အကြာကြီး အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူမသည် စကားတစ်ခွန်းမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် သူတို့ဆီတွင် အခြားရွေးချယ်စရာမရှိကြောင်း သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူမသည် ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး သူမ၏ ဆံပင်တစ်ခွေအား ဖြတ်တောက်လိုက်၏။ ထို့နောက် သူမသည် ၎င်းအား ဝမ်ပေါင်လဲ့၏ လက်ထဲသို့ ထည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ကျောက်ယမုန့်၏ ဆံခွေလေးကို လက်ထဲ၌ကိုင်ရင်း နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။ ထို့နောက် သူသည် ၎င်းအား သူ၏ သိုလှောင်လက်ကောက်ထဲ၌ သိမ်းဆည်းလိုက်ပြီးနောက် နောက်သို့လှည့်လာ၏။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် လျှပ်စီးပင်လယ်တစ်ခု ပေါ်ပေါက်လာပြီး ထစ်ချုန်းသံကြီးတစ်သံမှာ မိုးကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။ ထို့နောက် သူ၏ ကိုယ်ပွားမှာ လျှပ်စစ်ပိုက်ကွန်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏နောက်မှ ထက်ကြပ်မကွာ လိုက်လာကြသော ကျေးကျွန်ကျင့်ကြံသူများအား လွှမ်းခြုံသွား၏။
၎င်းမှာ ထို ကျင့်ကြံသူရှစ်ယောက်အား ချက်ချင်းဆိုသလိုပင် ချုပ်နှောင်ပစ်လိုက်တော့သည်။ လေထဲတွင်မူ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေဆဲပင်။
ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ဤ ကျင့်ကြံသူ ရှစ်ယောက်အား လုံးဝမယှဉ်နိုင်ပေ။ ထို့ကြောင့် သူ ဖန်တီးလိုက်သည့် ပိုက်ကွန်ကြီးမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ စုတ်ပြဲသွားကာ လျှပ်စီးတန်းများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီးနောက် ဒုတိယမြောက် ပိုက်ကွန်တစ်ခုအား ထပ်၍ ဖန်တီးလိုက်ပြန်သည်။ ၎င်းမှာ ပထမဆုံး ပိုက်ကွန်ကြီးလောက် ဝင်းလက်တောက်ပနေခြင်း မရှိပါသော်လည်း ထိုကျင့်ကြံသူ ရှစ်ယောက်အား ချက်ချင်း လွှမ်းခြုံသွားဆဲပင်။
ဖုန့်ချိုးရန်နှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ တိုက်ပွဲကြီးမှာလည်း အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဖုန့်ချိုးရန်မှာ တာအိုနန်းတော်၏ ခေါင်းဆောင်ဖြစ်သည့်တိုင်အောင် သူမသည် မန္တန်အစီအရင်ကြီးအား ဖျက်ဆီးခဲ့ရာမှ ဒဏ်ရာအနည်းငယ် ရရှိထားခဲ့သည် မဟုတ်ပါလော။ ထို့အပြင် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ မြဲ့လျဲ့ကျိထက် သာလွန်းပါသော်လည်း သူ၏ စွမ်းအားများကို ဖုံးကွယ်ထားခဲ့သော တာအိုဘုန်းတော်ကြီးယိုရန်ထက် အနည်းငယ်ခန့်ပို၍ အားနည်းနေဆဲပင်။
ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ တိုက်ပွဲထဲ၌ တဖြည်းဖြည်းနှင့် အသာစီးရလာတော့သည်။ ဝမ်ပေါင်လဲ့၏ တိုက်ပွဲမှာလည်း ထိုနည်းတူပင်။ သူ၏ ကိုယ်ပွားဖြင့် ဖန်တီးထားသော လျှပ်စစ်ပိုက်ကွန်ကြီးမှာ စက္ကန့်အနည်းငယ်အတွင်းတွင် သုံးကြိမ်တိတိ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အခြား ဓမ္မရတနာများကို ပိုင်ဆိုင်ထားဆဲပင်။ ထို့ကြောင့် နောက်ထပ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာကာ ဧရာမခေါင်းလောင်းကြီး ရှစ်လုံးမှာ ထိုကျင့်ကြံသူ ရှစ်ယောက်၏ အပေါ်၌ ပေါ်ပေါက်လာကြပြီးနောက် သူတို့အား ဖမ်းဆီးချုပ်နှောင်လိုက်ကြတော့သည်။
သို့သော် ၎င်းမှာ ယာယီ အချုပ်အနှောင်တစ်ခုသာ ဖြစ်ပေသည်။ ယွမ်ယင်အဆင့် ကျင့်ကြံသူ လေးယောက်မှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်သုံးလိုက်ကြပြီးနောက် ထိုခေါင်းလောင်းကြီးများအား အလွယ်တကူ ဖယ်ရှားလိုက်ကြ၏။ သို့သော် သူတို့ ထိုခေါင်းလောင်းကြီးများထဲမှ ပြေးထွက်လာရန် ပြင်လိုက်စဉ်မှာပင် အနက်ရောင် လှံရှည်ကြီးတစ်လက်မှာ သူတို့ဆီသို့ ဦးတည်လာတော့သည်။ ထို့နောက် ဓားပျံများမှာလည်း အဆက်မပြတ် ကျဆင်းလာကြပြီး သူတို့အား တားဆီးလိုက်ကြ၏။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ တတိယထပ်ရှိ ရွှေရောင်ရေကန်ထဲတွင် ထိုင်နေဆဲပင်။ သူသည် အလွန်အင်မတန်မှ ဝဖြိုးနေပြီ ဖြစ်ပါသော်လည်း သူ၏ စုပ်ယူအားမှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ပင် မြန်ဆန်လာ၏။ သူ၏ အပြင်ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအင်များကို ထပ်၍ လက်ခံနိုင်စွမ်း မရှိတော့သည့်တိုင်အောင် သူသည် တိုက်ပွဲဝတ်ရုံကြီထဲမှ စွမ်းအင်များကို ဆက်လက်စုပ်ယူနေဆဲပင်။
နောက်ဆုံးတွင် သူ၏ စုပ်ယူမှုများကြောင့် ပြောင်းလဲမှုကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ တိုက်ပွဲထဲ၌ ရှိနေကြသည့် ကျင့်ကြံသူများမှာ စစ်သင်္ဘောကြီး ရုတ်တရက်ဆိုသလို တုန်ရီသွားသည်ကို ခံစားလိုက်ရ၏။
ထို တုန်ရီမှုကြောင့် စစ်သင်္ဘောကြီးထဲရှိ အနှောင့်အယှက်စွမ်းအင်များမှာ သိသိသာသာ အားပျော့သွားတော့သည်။ ကျောက်ယမုန့်တစ်ယောက် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား ချက်ချင်း စတင်နိုင်တော့မည့် အခြေအနေသို့ မရောက်သေးပါသော်လည်း ထိုသို့ ဆောင်ရွက်နိုင်ရန် အချိန်သိပ်မလိုတော့ပေ။
ထို့အပြင် စစ်သင်္ဘောကြီး၏ တုန်ရီမှုကြောင့် နောက်ဆက်တွဲအကျိုးဆက်များ ပေါ်ပေါက်လာသည့်ပုံပင်။ ထိုကမ္ဘာကြီး၏ ပထမထပ်နှင့် ဒုတိယထပ်တို့မှာလည်း စတင်တုန်ရီလာ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ ဖုန့်ချိုးရန်အား ပါးစပ်ထဲမှ သွေးများစီးကျလာအောင် လုပ်ကာ နောက်သို့ တွန်းထုတ်နိုင်ခဲ့သည့်အထိ အသာစီးရနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ ဖုန့်ချိုးရန်၏ အသိစိတ်အား ထိန်းချုပ်၍ သူမအား စိတ်ညှို့ရန် ပြင်လိုက်စဉ်မှာပင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး စစ်သင်္ဘောကြီးပေါ်မှ အနှောင့်အယှက်စွမ်းအင်များ အားလျော့သွားသည်ကို ခံစားလိုက်ရတော့သည်။
” တစ်ခုခုတော့ လွဲနေပြီ ” ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်၏ နှလုံးသားထဲ၌ စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် နောက်သို့ ချက်ချင်းဆုတ်ခွာသွားကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် သူ၏ အာရုံခံနိုင်စွမ်းများကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လိုက်၏။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် သူသည် မျက်လုံးများပြူးသွားရသည်။ သူသည် စစ်သင်္ဘောကြီးနှင့် ချိတ်ဆက်နိုင်စွမ်း ရှိနေသောကြောင့် တတိယထပ်ပေါ်တွင် ဖြစ်ပျက်နေသည့်အရာများကို သတိထားမိသွားတော့သည်။
” ဝမ်ပေါင်လဲ့ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်ထောင့်နီကြီးများဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် ဒဏ်ရာအပြင်းအထန် ရထားသော ဖုန့်ချိုးရန်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားဆီသို့ ဒေါသတကြီးဖြင့် ပြေးလာတော့သည်။
ထိုအခါ ယွမ်ယင်အဆင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသည့် ဝမ်ပေါင်လဲ့မှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သူ့ပေါ်သို့ အဖျက်စွမ်းအားကြီးတစ်ခု ဆင်းသက်လာသောကြောင့် သူ၏ ကိုယ်ပွားမှာ အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲပျက်စီးသွားတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအား ဖျက်ဆီးခဲ့ပြီးနောက် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေဆဲပင်။ ထို့ကြောင့် သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ စိတ်ညှို့ခံထားရသည့် ကျင့်ကြံသူများအား ဖုန့်ချိုးရန်ရှိရာသို့ စေလွှတ်လိုက်၏။ ထိုအခါ သူ၏ ပတ်ပတ်လည်ရှိ ကောင်းကင်ယံထဲတွင် လျှပ်စီးတန်းများ တလက်လက် တောက်ပလာပြီး မိုးခြိမ်းသံများဖြင့် ဆူညံသွားတော့သည်။ ထို့နောက် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ထိုအက်ကွဲကြောင်းများထဲမှ အဆုံးမဲ့မျိုးနွယ်စုဝင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ထွက်ပေါ်လာကြ၏။ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် အပြည့်အဝ ပျောက်ကင်းသက်သာခြင်း မရှိသေးသော ဒဏ်ရာများဖြင့် ပြည့်နှက်နေကြသည်။ သို့သော်လည်း သူတို့မှာ အတိုင်းအတာတစ်ခုအထိ ပြန်လည်သက်သာလာပြီဖြစ်ရာ ယွမ်ယင်အဆင့်၌ ရှိနေကြပြီဖြစ်သည်။
သူတို့မှာ ထိုသို့ ပေါ်ပေါက်လာကြသည်နှင့် တစ်ပြိုင်နှင့် အခြေအနေကြီးမှာ စိုးရိမ်စရာ ကောင်းနေပြီဖြစ်ကြောင်း ချက်ချင်း သတိထားမိလိုက်ကြသဖြင့် ဖုန့်ချိုးရန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်ကြ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ စိုးရိမ်စိတ်များ ကြီးထွားနေရပြီ ဖြစ်သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်ကာ မြေကြီးပေါ်သို့ ပြေးဆင်းသွားလိုက်ပြီးနောက် တတိယထပ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။