မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ ပေါ်ပေါက်လာမှုကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရ၏။ သူသည် တာအိုဘုန်းတော်ကြီးယိုရန်၏ နောက်တွင် ပေါ်ပေါက်လာသည့် လူရိပ်များကို မြင်လိုက်ရသောအခါ ပို၍ပင် တုန်လှုပ်ချောက်ချားသွားရတော့သည်။
သူသည် သူတို့အားလုံးကို မြင်ဖူးထားပြီးသား ဖြစ်နေ၏။ သူတို့ထဲမှ အများစုမှာ ယိုရန်နှင့် မြဲ့လျဲ့ကျိတို့၏ အဖွဲ့အစည်းများထဲမှ ယွမ်ယင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ တာအိုဘုန်းတော်ကြီးယိုရန်၏ တပည့်များဖြစ်သော ကျိုးချူတောက်နှင့် ဟွမ်ယွင်ရှန်းတို့သည်လည်း သူတို့ထဲတွင် ပါနေ၏။
သူတို့၏ မျက်နှာအမူအရာများမှာ တည်ကြည်မှုအပြည့် ရှိနေကြ၏။ သူတို့ထဲမှ အများစုမှာမူ တစ်ကိုယ်လုံး သွေးများ မရှိတော့သည့်အလား ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့၏ ဝိညာဉ်များမှာ ဖိနှိပ်ချုပ်တည်းခံထားရသည့်ပုံ ပေါက်နေ၏။ သို့သော် သူတို့အားလုံးမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ နောက်တွင်ရပ်နေသောကြောင့် သူ၏ဘက်မှ ရပ်တည်ပေးနေသည်ဖြစ်ကြောင်း သိနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန်နှင့် ပတ်သတ်၍ သူသိထားသမျှ အချက်အလက်များ အားလုံးနှင့် သူ့အပေါ် ထားရှိခဲ့သည့် သူ၏ သံသယများကို ပြန်၍ သတိရသွား၏။ ယခုတွင်မူ သူ၏ရှေ့၌ မြင်လိုက်ရသော မြင်ကွင်းကြီးကြောင့် သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်သွားတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ တာအိုနန်းတော်အား သစ္စာဖောက်သွားပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာစဉ်မှာပင် မြဲ့လျဲ့ကျိမှာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ဆက်လက်ပြေးလွှားနေဆဲပင်။ ထိုအခါ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး သူ့ဆီသို့ ဦးတည်လာနေသည့် မျက်လုံးဖြင့်မမြင်နိုင်သော တိုက်ကွက်ကြီးတစ်ခုမှာ ရပ်တန့်သွားတော့သည်။ သို့သော် သူသည် အပြင်းအထန် ဒဏ်ရာရသွားခဲ့ရ၏။ သူသည် ထိုတိုက်ကွက်အား ခုခံတွန်းလှန်နိုင်ခဲ့သည့်တိုင်အောင် သူ၏ပါးစပ်ထဲမှ သွေးများ စီးကျလာဆဲပင်။ ထို့ကြောင့် သူသည် ခြေလှမ်းများ ယိမ်းယိုင်သွားရပြီး အရူးတစ်ယောက်လို ရယ်မောကာ မေးလိုက်၏။
” ယိုရန်။ ခဗျားကြီး ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ ”
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ လေထဲတွင် ရစ်ဝဲနေရင်း ထိုမေးခွန်းကို ကြားလိုက်ရသောအခါ အော်ဟစ်ရယ်မောလိုက်၏။ သူ၏ ရယ်သံထဲ၌ လေးနက်သော အဓိပ္ပါယ်များ ကိန်းအောင်းနေသကဲ့သို့ပင်။ ထို့နောက် သူသည် ဒုတိယမြောက်တိုက်ကွက်အား ထုတ်လွှတ်ခြင်းမရှိဘဲ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ဖြေလိုက်၏။
” မြဲ့လျဲ့ကျိရာ။ မင်းက ဘာလို့ ဘာမှသိသလို ဟန်ဆောင်နေရသေးတာလဲကွ။ ငါ မင်းကို ချုံခိုတိုက်ခိုက်ခဲ့တဲ့ အချိန်ကတည်းက မင်းက အဲဒီမေးခွန်းရဲ့ အဖြေကို သိထားပြီးသားဖြစ်မှာပါ။ အဲလိုမှမဟုတ်ရင် မင်းက ဒဏ်ရာအပြင်းထန်ရနေတာတောင် ဘာဖြစ်လို့ မင်းရဲ့ အစွမ်းအထက်ဆုံးတိုက်ကွက်ကို ထုတ်သုံးပြီးတော့ ဒုတိယထပ်ဆီကို ထွက်ပြေးလာခဲ့မှာလဲကွ… မင်း ဖုန့်ချိုးရန်နဲ့ ပူးပေါင်းနိုင်ဖို့ သူ ဒီနေရာကို ရောက်လာအောင် လုပ်နေတယ်ဆိုတာ ငါ မသိဘူးလို့ မင်းက ထင်နေတာလား… ”
” ငါတို့က မိတ်ဆွေဟောင်းကြီးတွေပါကွ။ မင်း အချိန်ဆွဲချင်တယ်ဆိုရင် ငါ့ကိုပြောပါ။ ငါ အချိန်ဆွဲခွင့် ပေးပါ့မယ် ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ပြုံးကာ မြဲ့လျဲ့ကျိအား ပြန်ဖြေလိုက်၏။
တာအိုဘုန်းတော်ကြီးယိုရန်၏ စကားကိုကြားလိုက်ရသောအခါ မြဲ့လျဲ့ကျိမှာ မျက်နှာပျက်သွားရတော့သည်။ သူ၏ စကားမှာ မှန်ကန်နေသည် မဟုတ်ပါလော။ သူသည် တာအိုဘုန်းတော်ကြီးယိုရန် သူ့အား ချုံခိုတိုက်ခိုက်ခဲ့စဉ်ကတည်းက အဖြေအား သိထားခဲ့ပြီးဖြစ်သည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာ တာအိုနန်းတော်အား သစ္စာဖောက်သွားခဲ့ခြင်း ဖြစ်ပေသည်။ သူသည် တာအိုဘုန်းတော်ကြီးယိုရန် ထူးဆန်းသော မန္တန်တစ်ခုကို အသုံးပြု၍ တာအိုနန်းတော်ဂိုဏ်းသား အများစုအား ထိန်းချုပ်လိုက်သည်ကို မြင်ခဲ့ရစဉ်တုန်းက အဆုံးမဲ့မျိုးနွယ်စု သူတို့၏ ပြိုင်ဘက်များကို ကျွန်ပြုရာ၌ အသုံးပြုသည့် ပညာရပ်များအကြောင်းကို ချက်ချင်းပင်ပြန်၍ သတိရသွားခဲ့၏။
ထို့ကြောင့် သူသည် အစွမ်းကုန်ကြိုးစားကာ ထိုကမ္ဘာကြီးအား တစ်စီ ဆုတ်ဖြဲပစ်ခဲ့ပြီးနောက် ဒုတိယထပ်သို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ သူသည် ဖုန့်ချိုးရန်အား တွေ့အောင်ရှာပြီး သူမနှင့် ပူးပေါင်းကာ တာအိုဘုန်းတော်ကြီးယိုရန်အား ပြန်၍ တိုက်ခိုက်နိုင်ရန် ကြံရွယ်ထားခဲ့၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ့အား ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ခြင်းမရှိဘဲ ခြုံခိုတိုက်ခိုက်ခဲ့သည်ဖြစ်ရာ သူသည် သူတို့နှစ်ယောက် မယှဉ်နိုင်လောက်သည့်အထိ အစွမ်းမထက်လောက်သေးပေ။
ထို့ကြောင့် သူ့ဆီတွင် မျှော်လင့်ချက် ရှိနေသေးသည်။
သို့သော် ယခုတွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူသည် မြဲ့လျဲ့ကျိ၏ အကြံအစည်များကို သိထားသည်ဖြစ်ကြောင်း ထုတ်ပြောလိုက်သည် မဟုတ်ပါလော။ ထို့အပြင် သူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေသည်ဖြစ်ရာ မြဲ့လျဲ့ကျိမှာ ထိတ်ထိတ်ပျာပျာ ဖြစ်လာရတော့သည်။
မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့ လေထဲ၌ ရစ်ဝဲနေကြစဉ် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ သူတို့၏ အနီးရှိ တောင်တစ်လုံးပေါ်တွင် ပုန်းကွယ်နေကြ၏။ သူတို့မှာ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများဖြင့် ထိုတိုက်ပွဲကြီးအား ကြည့်ရှုနေကြသည်။ ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ တတိယထပ်ပေါ်၌ ရှာတွေ့ခဲ့သည့် အရာများကို သိထားပြီးသားဖြစ်သောကြောင့် ချက်ချင်းဆိုသလိုပင် ကောက်ချလိုက်တော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ဤ စစ်သင်္ဘောကြီး ပေါ်ပေါက်လာရသည့် အကြာင်းအရင်းနှင့် ဆက်နွယ်နေလောက်ပေသည်။ အမှန်အတိုင်းဆိုရလျှင် သူသည် ဤကိစ္စကြီးတစ်ခုလုံး၏ နောက်ကွယ်ရှိ ကြိုးကိုင်ရှင်ပင် ဖြစ်နေလောက်ပေသည်။ သူတို့ ပထမဆုံးကြုံတွေ့ခဲ့ရသည့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးကြောင့် တာအိုဘုန်းတော်ကြီးယိုရန်၏ သရုပ်မှန်အား ခန့်မှန်းရသည်မှာ လွယ်ကူသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း သူမကဲ့သို့ပင် ကောက်ချက်ချမိလိုက်သောကြောင့် စိတ်ထဲတွင် စိုးထိတ်လာရတော့သည်။ သူ၏ ခန္ဓာကိုယ်အစစ်မှာမူ တိုက်ပွဲဝတ်ရုံကြီး၏ စွမ်းအင်များကို မရပ်မနား စုပ်ယူနေဆဲပင်။ သူ၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်အဆီ အမြောက်အမြား စုဝေးလာနေသည့်တိုင်အောင် စုပ်ယူမှုနှုန်းအား မြှင့်တင်နိုင်မည်ဆိုပါက သူသည် အခြားမည်သည့်အရာကိုမှ ဂရုစိုက်နေမည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ စုပ်ယူအားများကို ဖြည်းဖြည်းချင်း မြှင့်တင်လိုက်တော့သည်။ ကောင်းကင်ယံထဲတွင်မူ မြဲ့လျဲ့ကျိမှာ ရုတ်တရက်ဆိုသလို မျက်ဝန်းများ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား စိုက်ကြည့်ကာ မေးလိုက်တော့သည် ” ဖုန့်ချိုးရန် ဘယ်မှာလဲ ”
” မင်း အခုလို တည့်တိုးမေးတာ ငါ သဘောကျတယ် ” တာအိုဘုန်းတော်ကြီးယိုရန်မှာမူ ပြုံးကာ ထိုသို့ပြန်ပြောလိုက်ပြီး အသာအယာ ခေါင်းယမ်းလိုက်၏။
” ဖုန့်ချိုးရန်က မသေသေးပါဘူး။ ငါက ဘယ်လိုလုပ်ပြီးတော့ မင်းတို့နှစ်ယောက်ကို အသေခံနိုင်ပါ့မလဲကွ။ ဒါပေမဲ့ သူ မင်းကိုကူညီနိုင်ဖို့ အချိန်မီရောက်လာတော့မှာ မဟုတ်ဘူး။ သူက ငါ သူ့အတွက် သေချာပြင်ဆင်ပေးထားတဲ့ မန္တန်အစီအရင်တစ်ခုထဲမှာ ပိတ်မိနေပြီ… ပြီးတော့…. ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုသို့ဆိုကာ မျက်လုံးများမှေးသွားပြီး ရုတ်တရက်ဆိုသလို ရှေ့သို့ ခြေတစ်လှမ်း လှမ်းလာ၏။ ထိုအခါ မြဲ့လျဲ့ကျိမှာ ချက်ချင်းပင် နောက်သို့ထွက်ပြေးသွားတော့သည်။
သို့သော် မြဲ့လျဲ့ကျိမှာ အပြင်းအထန် ဒဏ်ရာရထားသည်ဖြစ်ရာ သူသည် အလျင်အမြန် ထွက်ပြေးနိုင်ခဲ့သည့်တိုင်အောင် တာအိုဘုန်းတော်ကြီးယိုရန်က သူ့အား လိုက်မီသွားဆဲပင်။ ထို့ကြောင့် လေထဲတွင် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး သူတို့နှစ်ယောက်မှာ ကောင်းကင်ယံထဲ၌ အပြန်အလှန် တိုက်ခိုက်နေကြတော့သည်။
ထိုတိုက်ပွဲကြီးမှာ တစ်ခဏမျှသာ ကြာမြင့်လိုက်၏။ တာအိုဘုန်းတော်ကြီးယိုရန်၏ အရေပြားမှာ ရုတ်တရက်ဆိုသလို တစ်စစီ စုတ်ပြဲသွားပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ နောက်ထပ် လက်လေးဖက်နှင့် ခေါင်းနှစ်လုံး ထိုးထွက်လာတော့သည်။ ထို့နောက် သူသည် သူ၏ လက်ခြောက်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ အနက်ရောင်မြူခိုးငွေ့များ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ဧရာမ ဒယ်အိုးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီးနောက် မြဲ့လျဲ့ကျိအား ဝင်တိုက်သွားတော့သည်။
ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး မြဲ့လျဲ့ကျိ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲမှာမူ နောက်သို့လွင့်ထွက်သွားပြီး တောင်တစ်လုံးနှင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်မိသွားသောကြောင့် ထိုတောင်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။ မြဲ့လျဲ့ကျိတစ်ယောက် ကြိုးစားရုန်းကန်၍ မတ်တတ်ထလာစဉ်မှာပင် ထိုဧရာမဒယ်အိုးကြီးမှာ အမျှင်အတန်းပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲသွားပြီး မြဲ့လျဲ့ကျိ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြ၏။
ထို့ကြောင့် မြဲ့လျဲ့ကျိမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ သွေးများ အန်ထွက်လာရပြန်သည်။ သူ၏ ရင်ဘတ်ကြီးမှာ အတွင်းသို့ ချိုင့်ဝင်သွားပြီး သူ၏ လက်တစ်ဖက်မှာလည်း ကျိုးသွား၏။ ထို့နောက် သူသည် စိတ်ထဲ၌ နာကြည်းနေသည့် လေသံဖြင့် ရယ်မောကာ ခေါင်းမော့လာပြီး တာအိုဘုန်းတော်ကြီးယိုရန်အား စိုက်ကြည့်နေလိုက်တော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် သူ၏ လက်ခြောက်ဖက်အား ကျင့်သားရသွားသည့်ပုံစံဖြင့် ၎င်းတို့အား ဆန့်ထုတ်လိုက်ပြီးနောက် ပြုံးကာ ဆိုလိုက်၏။
” ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို ထုတ်မပြတာတောင် တော်တော်ကြာနေပြီ။ တာအိုနန်းတော်ဂိုဏ်းသားတွေရဲ့ ခန္ဓာကိုယ်တွေက နေ့စဉ်ဓူဝလုပ်ငန်းတွေမှာ ပိုအဆင်ပြေတာ မှန်ပေမဲ့ … တော်တော်လေးကို အားပျော့တယ်ကွ ” သူသည် ထိုသို့ဆိုကာ ခေါင်းယမ်းလိုက်ပြီးနောက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့ ပုန်းနေသည်ကို သတိထားမိသွားခြင်းဖြစ်သည်။
သို့သော် သူတို့မှာ သူ့အတွက် အရေးမပါပေ။ ကျောက်ယမုန့်ဖြစ်စေ၊ ဝမ်ပေါင်လဲ့ဖြစ်စေ၊ သူတို့မှာ သူ့အတွက် ပါမွှားအဆင့်တွင်သာ ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ မွေးစားဂိုဏ်းသားတစ်ယောက်နှင့် စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲကြီး ဖြစ်နေသည့်တိုင်အောင် ထို ရာထူးဂုဏ်ပုဒ်များမှာ အသုံးမဝင်တော့ပေ။ လက်ရှိတွင် အရေးအကြီးဆုံးအရာမှာ ကျင့်ကြံခြင်းအဆင့်သာ ဖြစ်ပေသည်။
ထို့ကြောင့် ယခုတွင် သူသည် မြဲ့လျဲ့ကျိတစ်ယောက်တည်းကိုသာ အာရုံစိုက်နေ၏။ တာအိုဘုန်းတော်ကြီးယိုရန် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏နောက်တွင် လူရိပ်ပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ထိုလူရိပ်များမှာ အပြင်းအထန် ဒဏ်ရာရထားသော မြဲ့လျဲ့ကျိအား ဝန်းရံသွားကြတော့သည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ မြဲ့လျဲ့ကျိဆီသို့ တစ်လှမ်းချင်းစီ လှမ်းလာ၏။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများကိုကြည့်လျှင် သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် ကြိုးစားနေရသည်ဖြစ်ကြောင်း မြင်နိုင်ပေသည်။ သို့သော် ခဏအကြာတွင် သူ၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ကျောက်ယမုန့်အား ဆွဲခေါ်ကာ ထိုနေရာမှ အလျင်အမြန်ထွက်ခွာသွားတော့သည်။
မြဲ့လျဲ့ကျိမှာလည်း သူတို့နှစ်ယောက် ရှိနေခဲ့သည်ကို သတိထားမိခဲ့သည့်တိုင်အောင် သူတို့အား တစ်ချက်ပင် မကြည့်ခဲ့ပေ။ သူ၏ မျက်ဝန်းများမှာ တိုက်ခိုက်လိုစိတ်များဖြင့် ဝင်းလက်တောက်ပနေဆဲ ဖြစ်ပါသော်လည်း သူ၏ နှလုံးသားထဲတွင်မူ နာကြည်းမှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အလောတကြီး ထွက်ခွာသွားသည်ကို အပြစ်တင်နေခြင်းမရှိပေ။ အကယ်၍ သူသည်လည်း ဝမ်ပေါင်လဲ့ကဲ့သို့ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ဆိုပါက တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းထွက်ပြေးသွားမည်သာ ဖြစ်သည်။
သူသည် ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး ယခုကဲ့သို့ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ခြင်း မရှိပါက ယခုလို သနားစရာအခြေအနေသို့ ရောက်နေမည်မဟုတ်ကြောင်း တွေးမိလိုက်သောကြောင့်သာ စိတ်ထဲ၌ နာကြည်းနေရခြင်း ဖြစ်သည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လျှို့ဝှက်ထားခဲ့သောကြောင့် သူသည် သူ့အား မယှဉ်နိုင်ဘဲဖြစ်နေရ၏။ မြဲ့လျဲ့ကျိမှာ ထိုကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် ရုတ်တရက်ဆိုသလို သူ၏မျက်ဝန်းများထဲ၌ အလင်းရောင်တစ်ခု ဖျတ်ခနဲ တောက်ပသွား၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ ခေါင်းယမ်းကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ထိုအခါ မြဲ့လျဲ့ကျိ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် အမျှင်အတန်းများ ထိုးထွက်လာပြီး သူ၏ခန္ဓာကိုယ်အား တင်းကျပ်စွာ တုပ်နှောင်ထားလိုက်တော့သည်။
ထိုအခါ မြဲ့လျဲ့ကျိမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး နဖူးပေါ်တွင် သွေးကြောကြီးများ ထောင်မတ်လာတော့သည်။ သူသည် ထိုအချုပ်အနှောင်များမှ လွတ်မြောက်နိုင်ရန် ကြိုးစားလိုက်ပါသော်လည်း အချည်းနှီးပင်။ ထို့ကြောင့် သူသည် တာအိုဘုန်းတော်ကြီးယိုရန် သူ့ဆီသို့ တစ်လှမ်းချင်းစီ လှမ်းလာသည်ကို ကြည့်နေရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ပေ။
” မြဲ့လျဲ့ကျိ။ မင်းရဲ့ ခံယူချက်ကို ငါ လေးစားပါတယ်။ အဲတာမလို့ ငါက မင်းကို လွတ်လွတ်လပ်လပ် နေနိုင်မယ့် အခွင့်ရေးတစ်ခု ပေးနေတာ… ငါ ဒီ ကျေးကျွန်အမှတ်အသားကို မင်းရဲ့ကိုယ်ပေါ်မှာ တံဆိပ်ခတ်နှိပ်လိုက်မယ်ဆိုရင် မင်းရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံးက အလကားဖြစ်သွားမှာ။ မင်းရဲ့ အသိစိတ်တွေလည်း လုံးဝကို ပျက်စီးသွားမှာ။ မင်း အဲဒီအချက်တွေကို သိထားပြီးသားပါကွာ။ ပြီးတော့ တာအိုနန်းတော်က ပျက်စီးသွားခဲ့ပြီလေ။ အဲဒီဂိုဏ်းကို ဘယ်လိုမှ ပြန်ပြီးတော့ တည်ဆောက်လို့ရမှာ မဟုတ်တော့ဘူး။ မင်း ငါ့ရဲ့လက်အောက်မှာ အညံ့ခံလိုက်မယ်ဆိုရင် ငါ မင်းကို ငါ့ရဲ့ စစ်သည်တော်အစေခံ ဖြစ်လာခွင့်ပေးမယ်။ ရာစုနှစ်တစ်စု ကုန်သွားရင် မင်း အဆုံးမဲ့မျိုးနွယ်စုဝင် အစစ်တစ်ယောက် ဖြစ်လာနိုင်အောင် ငါ မင်းရဲ့ အပြင်ခန္ဓာကိုယ်ကို အစားထိုးပေးမယ်လို့ ကတိပေးတယ် ” တာအိုဘုန်းတော်ကြီးယိုရန်မှာ အေးစက်စက်မျက်ဝန်းများဖြင့် ဆိုလိုက်၏။
သူသည် မြဲ့လျဲ့ကျိအား လိမ်ညာနေခြင်း မဟုတ်ပေ။ တာအိုနန်းတော်ထဲ၌ သူအထင်ကြီးလေးစားရသည့် လူနှစ်ယောက်သာ ရှိပေသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ မြဲ့လျဲ့ကျိဖြစ်ပြီး အခြားတစ်ယောက်မှာ သူ၏တပည့်ဖြစ်သူ ဒူဂူလင်းဖြစ်ပေသည်။
သူတို့နှစ်ယောက်သာလျှင် အဆုံးမဲ့မျိုးနွယ်စုထဲသို့ ဝင်ရောက်ခွင့်ရရန် ထိုက်တန်သည်ဟု သူက မှတ်ယူထား၏။ သူသည် သူတို့နှစ်ယောက်မှလွဲ၍ အခြားသူများကို အထင်သေးကာ ရွံရှာစက်ဆုပ်ပေသည်။ ဝိညာဉ်ကြားခံနယ်အဆင့်၌ ရှိနေသည့် ဖုန့်ချိုးရန်ကိုပင် သူက အထင်မကြီးပေ။ သူမသည် စိတ်ထားနူးညံ့လွန်းသူတစ်ယောက် ဖြစ်သောကြောင့် လူပျော့လူညံ့တစ်ယောက်သာ ဖြစ်သည်ဟု သူက မှတ်ယူထားသည်။
” အဆုံးမဲ့မျိုးနွယ်စုကို အညံ့ခံရမယ် ဟုတ်လား ” မြဲ့လျဲ့ကျိမှာ ဟက်ဟက်ပက်ပက် ရယ်မောကာ ဆိုလိုက်၏။ သူသည် တင်းကျပ်စွာ တုပ်နှောင်ခံထားရသောကြောင့် တစ်ကိုယ်လုံး ဝေဒနာများဖြင့် ပြည့်နှက်နေပြီး တဆတ်ဆတ် တုန်ရီနေရသည့်တိုင်အောင် ဂရုမစိုက်ပေ။ သူ၏ ရယ်သံကြီးမှာ တဖြည်းဖြည်းနှင့် ပို၍ပင် ကျယ်လောင်လာ၏။
” မြဲ့လျဲ့ကျိဆိုတဲ့ ကျုပ်က လူကောင်းတစ်ယောက် မဟုတ်ပေမဲ့ တာအိုနန်းတော်ဂိုဏ်းသားတစ်ယောက်ကွ။ ကျုပ်က မိုးကောင်းကင်၊ ကမ္ဘာမြေကြီးနဲ့ တာအိုနန်းတော်ဘိုးဘေးကြီးတွေရဲ့ ရှေ့မှာပဲ ဒူးထောက်နိုင်မယ်။ တခြား ဘယ်သူရှေ့မှာမှ ဒူးထောက်အညံ့ခံမှာမဟုတ်ဘူး ”
” ခဗျားကိုခဗျား ဘာကောင်ကြီး ထင်နေတာလဲ။ အဆုံးမဲ့မျိုးနွယ်စုကရော ဘာကောင်ကြီးတွေမလို့ ကျုပ်က သူတို့ရှေ့မှာ ဒူးထောက်အညံ့ခံလိမ့်မယ်လို့ ထင်နေတာလဲ ” မြဲ့လျဲ့ကျိ၏ မျက်ဝန်းများထဲ၌ လှောင်ပြောင်လိုသည့် အကြည့်များကို မြင်နိုင်ပေသည်။ သူသည် အမှန်အတိုင်းပြောနေခြင်း ဖြစ်၏။ သူသည် လူကောင်းတစ်ယောက် မဟုတ်ပါသော်လည်း ကိုယ်ပိုင်ခံယူချက်များ ရှိပေသည်။ သို့ဖြစ်ရာ တာအိုနန်းတော်အပေါ် ထားရှိသည့် သူ၏ သစ္စာစောင့်သိမှုမှာ ယိမ်းယိုင်သွားမည် မဟုတ်ပေ။
မြဲ့လျဲ့ကျိ၏ စကားသံကြီး ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွားစဉ် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွား၏။ သူသည် မြဲ့လျဲ့ကျိအား မနှစ်သက်ပါသော်လည်း သူ၏စကားလုံးများထဲမှ ပြတ်သားမှုများကို အာရုံခံမိနေ၏။
မြဲ့လျဲ့ကျိမှာ တာအိုဘုန်းတော်ကြီးယိုရန်အား ဒေါသထွက်အောင်လုပ်ကာ သူ့အား သတ်ဖြတ်ပစ်ရန် ရန်စနေခြင်း ဖြစ်ပေသည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ မြဲ့လျဲ့ကျိအား စိုက်ကြည့်နေလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ ထို့နောက် သူ၏ညာဘက်လက်ကို အပေါ်သို့မြှောက်လိုက်သောအခါ မြဲ့လျဲ့ကျိအား ချုပ်နှောင်ထားသည့် အနက်ရောင် အခိုးအငွေ့များမှာ ရုတ်တရက်ဆိုသလို အနက်ရောင် ကမ္ဗည်းစာလုံးများအဖြစ် ပြောင်းလဲသွားပြီးနောက် မြဲ့လျဲ့ကျိ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။ ထိုအခါ မြဲ့လျဲ့ကျိ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ရီသွားပြီး သူ၏ရယ်မောသံများမှာလည်း ရပ်တန့်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားများမှာ တဖြည်းဖြည်းနှင့် စတင်ကုန်ခန်းလာတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ မန္တန်လက်ကွက်များ ထပ်ဖော်လိုက်၏။ ထိုအခါ အသက်စွမ်းအားများ အားလုံး ကုန်ဆုံးသွားပြီဖြစ်သော မြဲ့လျဲ့ကျိမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာသည်။ သူ့မျက်ဝန်းများမှာမူ အသက်မဲ့နေပြီ ဖြစ်သည်။
” အဲလိုဆိုမှတော့လည်း ကျေးကျွန်တစ်ယောက်လို နေပေါ့ကွာ “