Switch Mode

အခန်း (၆၅၄)

ကောင်းကင်ကြီး ပျက်စီးသွားပြီ

ဆေးလုံးတစ်လုံး သန့်စင်နိုင်ရန် ကုန်ကြမ်းပစ္စည်းများ၊ အပူဓာတ်များနှင့် နည်းပညာများ လိုအပ်ပေသည်။ သို့သော် သူသည် အဆောင်ပစ္စည်းများ ဖန်တီးသန့်စင်ရာ၌ ဆရာတစ်ဆူ ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုအဘိုးကြီးအား သူ၏လျှပ်စီးများဖြင့် ချုပ်နှောင်ကာ သူ၏ ခန္ဓာကိုယ်ထဲသို့ လျှပ်စစ်ဓာတ်များ အဆက်မပြတ် ထည့်သွင်းနေလိုက်တော့သည်။ ထို့ကြောင့် ထိုအဘိုးကြီးမှာ တစ်ကိုယ်လုံး မီးလောင်တိုက်သွင်းခံနေရ သကဲ့သို့ ခံစားနေရပြီး သူ၏ အသွေးအသားများမှာလည်း သန့်စင်ခံနေရပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့ အသုံးပြုနေသည့် နည်းလမ်းမှာ သက်ရှိလူတစ်ယောက်အား ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ရန် ကြိုးစားသည့် နည်းလမ်းကဲ့သို့ ရက်စက်ကြမ်းကြုတ်ပေသည်။

ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်နေသည့်တိုင်အောင် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားခြင်းမရှိသေးပေ။ ထို့ကြောင့် သူသည် အဘိုးကြီး၏ အပြင်ခန္ဓာကိုယ် တစ်ခုတည်းကိုသာ သန့်စင်နေ၏။ သူ၏ ကြောက်မက်ဖွယ်ရာ လျှပ်စီးများကြောင့် ထို အဘိုးကြီး၏ ခန္ဓာကိုယ် ပြာကျသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ လျှပ်စီးများဖြင့် ဖွဲ့စည်းထားသော သူ၏ ညာဘက်လက်ဖြင့် ထိုပြာမှုန့်များကို လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ သူ၏လက်ထဲ၌ ယွမ်ယင်ဝိညာဉ်တစ်ခု ပါလာသည်။

၎င်းမှာ ထိုအဘိုးကြီး၏ ယွမ်ယင်ဝိညာဉ်ဖြစ်ပြီး အလွန်အင်မတန်မှ အားအင်နုံးချည့်ကာ အချိန်မရွေး လွင့်ပါးပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ဝိညာဉ်များကို ရှာဖွေမွှေနှောက်နိုင်စွမ်း မရှိပေ။ သို့သော် အမှောင်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်များကို အသုံးပြုမည်ဆိုပါက ထိုဝိညာဉ်ထဲမှ အချက်အလက်အချို့ကို ထုတ်ယူနိုင်လိမ့်မည်ဖြစ်ကြောင်း သူက ယုံကြည်နေသည်။ ယခုတွင် သူသည် သူ၏ကိုယ်ပွားဖြင့် ထိုသို့ဆောင်ရွက်ရမည်ဖြစ်ရာ အနည်းငယ်ခန့်ပို၍ ခက်ခဲနိုင်ပေသည်။

အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အားအင်ချည့်နဲ့နေသည့်တိုင်အောင် သူ၏မျက်ဝန်းများထဲ၌ အထင်းသားမြင်နေရသည့် အမုန်းတရားများနှင့် သတ်ဖြတ်လိုစိတ်များကို ကြည့်လျှင် သူသည် ဝမ်ပေါင်လဲ့အား မည်သည့်အကြောင်းအရာကိုမှ အလွယ်တကူ ပြောပြမည်မဟုတ်ကြောင်း သိနိုင်ပေသည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ညာဘက်လက်ထဲ၌ လျှပ်စီးတန်းများ ပေါ်ပေါက်လာပြီးနောက် သူသည် စစ်ဆေးမေးမြန်းခြင်း လုပ်ငန်းစဉ်များကို စတင်လိုက်တော့သည်။ သို့သော် သူသည် မအောင်မြင်ခဲ့ပေ။ ထို့နောက် သူသည် အချိန်ဖြုန်းမနေတော့ဘဲ ထိုအဘိုးကြီးအား သူ၏ ထာဝရလျှပ်စီးအသွင်ပြောင်းပညာရပ်ဖြင့် ချုပ်နှောင်ကာ သူ၏ဝိညာဉ်အား ကျောက်ယမုန့်ဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။

ကျောက်ယမုန့်မှာ ဆေးလုံးအချို့ သောက်သုံးကာ အနားယူခဲ့ပြီးနောက် အနည်းငယ်ခန့် ပြန်လည်သက်သာလာ၏။ ထို့နောက် သူမသည် မန္တန်လက်ကွက်များဖော်ကာ ထိုဝိညာဉ်ပေါ်၌ ကမ္ဗည်းစာလုံးအချို့ တံဆိပ်ခတ်နှိပ်လိုက်ပြီးနောက် ၎င်းအား သူမ၏ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားလိုက်တော့သည်။

ထို့နောက် သူတို့မှာ တည်ကြည်မှု အပြည့်ရှိသော မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

” ကြိတ်ဆုံကျောက်ကြီးထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်ကြီးတစ်ခုနဲ့ ကြုံခဲ့ရပြီးတော့ ငါက အကြီးအကဲ ဖုန့်ချိုးရန်တို့နဲ့ လူစုကွဲသွားတာပဲ။ အခုအထိ သူတို့ကို ရှာမတွေ့သေးဘူး…. ” ကျောက်ယမုန့်မှာ လေသံတိုးတိုးဖြင့် ဆိုကာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ သူမ၏ စိတ်ထဲတွင် သူ့အားမေးချင်နေသည့် မေးခွန်းပေါင်းမြောက်မြားစွာ ရှိနေသည်။ အထူးသဖြင့် အဘယ်ကြောင့် သူသည် ဤနေရာသို့ ကိုယ်ပွားတစ်ခုအနေနှင့်သာ ရောက်လာခဲ့ရခြင်း ဖြစ်သနည်းဟူသည့် မေးခွန်းပင်။

” ငါက ကြိတ်ဆုံကျောက်ကြီးထဲက အက်ကွဲကြောင်းတစ်ခုထဲမှာ ပုန်းနေခဲ့တာ… ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ သတိကြီးကြီးထား၍ ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် ကျောက်ယမုန့်အား သူကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ပြောပြလိုက်တော့သည်။

ကျောက်ယမုန့်မှာ သူပြောပြသည့် တတိယထပ်အကြောင်းနှင့် မြေကြီးအောက်ရှိ တိုင်လုံးကြီးတို့အကြောင်းကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ ‌တည်ကြည်သွား၏။ သူမသည် အံ့ဩတုန်လှုပ်‌သွားခြင်းဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မျိုးနွယ်စု တိုက်ပွဲဝတ်ရုံကြီးအား ရှာတွေ့ခဲ့သည့်အကြောင်းနှင့် သူတို့မှာ သေမင်းတာအို စစ်သင်္ဘောကြီးတစ်စင်းပေါ်တွင် ရောက်နေသည့်အကြောင်း ပြောပြလိုက်သောအခါ သူမသည် ပို၍ပင် တုန်လှုပ်ချောက်ချားသွားရတော့သည်။

ကျောက်ယမုန့်မှာ ထိုအခြင်းအရာများကို စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် ဖြစ်နေရ၏။ ထို့ကြောင့် သူမသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရပါသော်လည်း သူမ၏ မျက်ဝန်းများမှာမူ ကြည်လင်ပြတ်သားနေဆဲပင်။ နောက်ဆုံးတွင် သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မျက်လုံးများအရောင်လက်သွားပြီး အကြံပေးလိုက်တော့သည်။

” ပေါင်လဲ့။ နင် ဖုန့်ချိုးရန်ကို တွေ့အောင်ရှာပြီးတော့ ဒီအကြောင်းတွေကို အသိပေးမှရမယ် ”

” တာအိုနန်းတော်ထဲမှာ အဆုံးမဲ့မျိုးနွယ်စုဝင်တွေ ပုန်းနေတာ သေချာသွားပြီ။ ဒီအဘိုးကြီးက သူတို့တွေထဲက တစ်ယောက်ပဲဖြစ်မှာ…. ဒါ တော်တော်ကို အရေးကြီးတဲ့ ကိစ္စကြီးတစ်ခုပဲ။ တာအိုနန်းတော် တစ်ခုလုံးကိုတင် မကဘဲ ပြည်ထောင်စုကြီးကိုပါ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ် ”

” ပေါင်လဲ့။ ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် သိပ်မကြာခင်မှာ အဆုံးမဲ့မျိုးနွယ်စုနဲ့ ပြည်ထောင်စုကြီးက စစ်ပွဲတစ်ပွဲကို ဆင်နွှဲရလိမ့်မယ်။ ပြည်ထောင်စုကြီးက ဒီအန္တရာယ်ကြီးကို သတိထားမိသေးတာမဟုတ်ဘူး။ အဲဒီအချက်က ငါတို့ရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ ” ကျောက်ယမုန့်မှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မျက်နှာဖြင့် သုံးသပ်ပြလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း မျက်စိမျက်နှာပျက်နေရပြီဖြစ်သည်။ သူ၏ အတွေးများမှာလည်း ကျောက်ယမုန့်နှင့် အတူတူပင်။

ဝမ်ပေါင်လဲ့မှာ သူမ၏ သုံးသပ်ချက်များကို နားထောင်လိုက်ပြီးနောက် မျက်လုံးများမှေးကာ ဆိုလိုက်၏ ” ယမုန့်။ နင်က မန္တန်အစီအရင်အပိုင်းမှာ ကျွမ်းကျင်တယ်ဆိုတော့ ငါ ဒီကမ္ဘာကြီးထဲကနေ ထုတ်လွှတ်နေတဲ့ အနှောင့်အယှက်စွမ်းအင်တွေကို အားနည်းသွားအောင် လုပ်နိုင်မယ်ဆိုရင် နင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခု ဖန်တီးပေးလို့ရလား ”

” နင် အဲလိုလုပ်နိုင်မယ်ဆိုရင် ငါတို့တွေ အဲဒီအခွင့်အရေးကို ချက်ချင်းအသုံးချပြီးတော့ တာအိုနန်းတော်ဆီကို ပြန်မှရမယ်။ ပြီးရင် ဂိုဏ်းချုပ်ကြီးရှုနဲ့ တခြားလူတွေကို သတိပေးပြီး သူတို့တွေအားလုံးကို ပြည်ထောင်စုကြီးဆီ အမြန်ဆုံး ပြန်ခိုင်းရမယ်။ ပြည်ထောင်စုကြီးဘက်က လိုအပ်တာတွေကို ပြင်ဆင်ထားနိုင်အောင်လို့ သူတို့ကို ချက်ချင်းသတိပေးမှ ဖြစ်မယ် ”

ကျောက်ယမုန့်မှာလည်း လက်ရှိအခြေအနေကြီးမှာ အလွန်အင်မတန်မှ အရေးကြီးနေပြီဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူမသည် သူ၏ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

” ငါက ဘေးဒုက္ခမိုးကောင်းကင် မန္တန်အစီအရင် အမွေအနှစ်ကို ရထားတာဆိုတော့ အဲဒီ အ‌မွေအနှစ်နဲ့ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်ကို အသုံးပြုလိုက်မယ်ဆိုရင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခုကို ဖန်တီးနိုင်မှာပါ။ အဲတာဆိုရင် အဲဒီ မန္တန်အစီအရင်ရဲ့ ခုခံတွန်းလှန်အားကလည်း ပိုပြီးတော့ အားကောင်းလာမှာ။ ဒါပေမဲ့ အရင်ဆုံး နင် ဒီကမ္ဘာကြီးထဲက အနှောင့်အယှက် စွမ်းအင်တွေကို အားနည်းသွားအောင် လုပ်ပေးဖို့လိုတယ် ”

ဝမ်ပေါင်လဲ့မှာ သူ ထိုသို့လုပ်နိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေ၏။ ယခုတွင် သူ၏ ခန္ဓာကိုယ်အစစ်မှာ တတိယထပ်တွင် ရှိနေပြီး တိုက်ပွဲဝတ်ရုံကြီး၏ စွမ်းအင်များကို ဖြည်းဖြည်းနှင့်မှန်မှန် စုပ်ယူနေသည်မဟုတ်ပါလော။ ဤ သေမင်းတာအို စစ်သင်္ဘောကြီး၏ အမြုတေဖြစ်သော ထိုတိုက်ပွဲဝတ်ရုံကြီးသာ တဖြည်းဖြည်းနှင့် အားအင်ယုတ်လျော့သွားမည်ဆိုပါက စစ်သင်္ဘောကြီးမှာလည်း တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကို နှောင့်ယှက်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ကျောက်ယမုန့် ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခုအား ဖန်တီးနိုင်မည့် အခြေအနေသို့ရောက်ရန် အချိန်အနည်းငယ်ခန့် ထပ်ပေးရဦးမည်ဖြစ်သည်။

သူတို့မှာ အသေးစိတ်အချက်အလက်များကို သေချာဆွေးနွေးလိုက်ကြပြီးနောက် ဖုန့်ချိုးရန်အား ရှာဖွေရန် အတူတူ ထွက်ခွာသွားကြတော့သည်။ ထို့အပြင် သူတို့မှာ ခုန်းတောက်ကိုလည်း လိုက်လံရှာဖွေနေခဲ့၏။

သို့သော် ဒုတိယထပ်မှာ ကြီးမားကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခုဖြစ်ရာ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ ရက်ပေါင်းများစွာ လိုက်လံရှာဖွေခဲ့သည့်တိုင်အောင် အခြားမည်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့အပြင် သူတို့မှာ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးနှင့် ကြုံခဲ့ရပြီးနောက် ဤနေရာကြီးမှာ မည်မျှအထိ အန္တရာယ်ကြီးမားကြောင်း သိခဲ့ရသဖြင့် လူသိရှင်ကြား ရုပ်လုံးထွက်ပြနိုင်စွမ်း မရှိဘဲ ဖြစ်နေရသည်။ သူတို့မှာ အခြားလူများအားလုံးကို သတိကြီးကြီးထားနေရန် လိုအပ်ပေသည်။

သူတို့၏ ရှာဖွေရေးလုပ်ငန်းမှာ တိုးတက်လာခြင်း မရှိပါသော်လည်း အခြားသော အခန်းကဏ္ဍများ၌ တိုးတက်လာခဲ့၏။ ဝမ်ပေါင်လဲ့မှာ တိုက်ပွဲဝတ်ရုံကြီး၏ စွမ်းအင်များကို ဆက်လက်စုပ်ယူနေဆဲ ဖြစ်သောကြောင့် စစ်သင်္ဘောကြီးထဲမှ ထွက်ပေါ်လာနေသည့် အနှောင့်အယှက်စွမ်းအင်များမှာ တဖြည်းဖြည်းနှင့် အားနည်းလာတော့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ကျောက်ယမုန့်မှာ သူမ၏ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်အား မကြာခဏဆိုသလို စမ်းသပ်ကြည့်နေခဲ့၏။ ထို လက်ဖွဲ့အဆောင်လေးမှာ တဖြည်းဖြည်းနှင့် ပို၍ လင်းလက်တောက်ပလာပြီး ပို၍အားကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေပြီဖြစ်သည်။

” ငါ့ရဲ့ တွက်ချက်မှုတွေအတိုင်းသာဆို အခုအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် တစ်ပတ်အတွင်းမှာ ငါ ဒီ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်ကို အတင်းအဓမ္မ အသုံးပြုပြီးတော့ ဒီ နေရာကြီးထဲကနေ ထွက်သွားနိုင်လောက်တယ် ” တလက်လက်တောက်ပနေသည့် တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်လေးကြောင့် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာရတော့သည်။ သူတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးထားကြပြီးသား ဖြစ်သည်။ အကယ်၍ ထိုအချိန်သို့ ရောက်သည့်အထိ ဖုန့်ချိုးရန်အား ရှာမတွေ့သေးပါက သူတို့မှာ ဘေးကင်းလုံခြုံသည့် နေရာတစ်ခုတွင် ပုန်းကွယ်ကာ တည်နေရာပြောင်းရွှေ့သွားကြမည်သာ ဖြစ်သည်။

တာအိုနန်းတော်ဂိုဏ်းသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်ထောင်စုကြီး၏ ဘေးကင်းလုံခြုံမှုဆိုသည့် အရာနှစ်ခုထဲမှ တစ်ခုတည်းကိုသာ ရွေးချယ်နိုင်မည်ဆိုလျှင် သူတို့နှစ်ယောက်စလုံးမှာ ပြည်ထောင်စုကြီး၏ ဘေးကင်လုံခြုံမှုကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ကုန်လွန်သွားပြီး နောက်ထပ် သုံးရက်တိတိ ကုန်ဆုံးသွားပြန်သည်။ ထိုသုံးရက်အတွင်းတွင် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ အခြားမည်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူတို့မှာ သက်ပြင်းများချကာ လက်လျှော့ရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။ သူတို့နှစ်ယောက်မှာ ပုန်းကွယ်နိုင်မည့် နေရာတစ်ခုကို ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ကောင်းကင်ယံထဲ၌ ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။

၎င်းမှာ ထိုကမ္ဘာကြီး တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားပြီး မိုးခြိမ်းသံထက်ပင် ပို၍ကျယ်လောင်နေ၏။ ထို့ကြောင့် ကောင်းကင်ကြီးတစ်ခုလုံး ထပ်ခြမ်းကွဲသွားနေသည်ဟုပင် ထင်ရပေသည်။ ထိုထစ်ချုန်းသံကြီးမှာ ကမ္ဘာကြီးတစ်ခုလုံးထဲ၌ ပဲ့တင်ထပ်နေသောကြောင့် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ ဆွံ့အမှင်တက်သွားရပြီး ခေါင်းမော့ကြည့်လိုက်ကြတော့သည်။ ထိုအခါ ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲတွင် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။

အနက်‌ရောင် လေပြင်းမုန်တိုင်းများမှာ ထိုအက်ကွဲ‌ကြောင်းထဲမှ ဖြတ်၍ တိုက်ခတ်လာကြပြီး ဒုတိယထပ်သို့ ရောက်ရှိလာသည်။ ထို့နောက် ထစ်ချုန်းသံများ အဆက်မပြတ် ပေါ်ထွက်လာပြီးနောက် ထိုကဲ့သို့သော အက်ကွဲ‌ကြောင်းကြီးများ တစ်ခုပြီးတစ်ခု ဆက်လက်ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် ဆယ်စက္ကန့်ဆိုသည့် အချိန်တိုလေးအတွင်းတွင် ကောင်းကင်ယံကြီး တစ်ခုလုံးမှာ အက်ကွဲ‌ကြောင်းများဖြင့် ပြည့်နှက်သွား၏။

ထိုကမ္ဘာကြီး တစ်ခုလုံးထဲတွင် ထစ်ချုန်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ထို အက်ကွဲ‌ကြောင်းများထဲမှ မြေကြီးများနှင့် ကျောက်တုံးများ ပြုတ်ကျလာကြသောကြောင့် ထိုအက်ကွဲ‌ကြောင်းများမှာ ပို၍ပင် ကြီးမားလာကျတော့သည်။ ကောင်းကင်ကြီး၏ အစိတ်အပိုင်းအများစုမှာ ပြိုလဲပျက်စီးနေကြပြီဖြစ်သည်။

ထို ကောင်းကင်ယံကြီးမှာ ဤကမ္ဘာကြီးထဲရှိ ပထမထပ်၏ မြေပြင်ကြီး ဖြစ်ပေသည်။ ယခုတွင် ၎င်းမှာ ကြေမွပျက်စီးသွားပြီ ဖြစ်ပြီး အနက်ရောင် လေပြင်းမုန်တိုင်းများမှာလည်း အက်ကွဲ‌ကြောင်းကြီးများကို ဖြတ်၍ တိုက်ခတ်လာနေကြပြီဖြစ်ရာ ပထမထပ်ပေါ်မှ ရုပ်အလောင်းများ၏ အော်ဟစ်မြည်တမ်းသံများကို ကြားနေရပြီဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့နှင့်ကျောက်ယမုန့်တို့မှာ ဆွံ့အမှင်တက်သွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းရှိ အက်ကွဲကြောင်းတစ်ခုထဲမှ လူရိပ်တစ်ခု ရုတ်တရက်ဆိုသလို ပြေးထွက်လာသည်ကို သတိထားမိလိုက်၏။ ၎င်းမှာ ကြယ်ပျံတစ်လုံးကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်လာခြင်းဖြစ်ပြီး တစ်စုံတစ်ခုစီမှ ထွက်ပြေးလာနေသည့် ပုံပင်။ ထိုသူမှာ…. မြဲ့လျဲ့ကျိ ဖြစ်ပေသည်။

သူသည် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့ဆီသို့ ဦးတည်လာနေခြင်း မဟုတ်ဘဲ သူတို့နှစ်ယောက်၏ အနီးရှိ နေရာတစ်နေရာသို့ ဦးတည်လာနေခြင်းဖြစ်သည်။ သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူ၏ ပုံပန်းသွင်ပြင်မှာလည်း သနားစရာကောင်းနေ၏။ ထို့အပြင် သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်ဝန်းများထဲတွင် ဒေါသမီးများ တောက်လောင်နေတော့သည်။ သူ၏ ပါးစပ်ထဲမှလည်း သွေးများ အဆက်မပြတ်စီးကျနေ၏။

သူ၏နောက်တွင်မူ နောက်ထပ်လူရိပ်တစ်ခု ချက်ချင်းပင် ထွက်ပေါ်လာ၏။ သူသည် တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး နူးညံ့သိမ်မွေ့သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ထိုသူမှာ… တာအိုဘုန်းတော်ကြီးယိုရန် ဖြစ်ပေသည်။

” မြဲ့လျဲ့ကျိ။ မင်း ထွက်ပြေးနိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။ မင်းဆီမှာ ရွေးချယ်စရာ တစ်ခုပဲရှိတယ်။ အဲတာ ငါတို့နဲ့ ပူးပေါင်းဖို့ပဲ ” တာအိုဘုန်းတော်ကြီးယိုရန် မှာ ပြုံးကာ ဆိုလိုက်၏။ သူ အက်ကွဲ‌ကြောင်းကြီးထဲမှ ထွက်လာပြီးနောက် သူ၏နောက်တွင် လူရိပ်များစွာ ပေါ်ပေါက်လာပြီး ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset