မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ထိုအဘိုးကြီး၏ ရှေ့သို့ ရောက်ရှိလာ၏။ သူ၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်တစ်ယောက် သူ၏ရှေ့၌ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်ကို မြင်လိုက်ရသဖြင့် သူ၏ သတ်ဖြတ်လိုစိတ်များကို ချုပ်တည်းနိုင်စွမ်း မရှိတော့ပေ။ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို အာရုံခံမိလိုက်သောကြောင့် ဆွံ့အမှင်တက်သွားရတော့သည်။
ထိုအဘိုးကြီးမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ရသဖြင့် ရုတ်တရက်ဆိုသလို သူ၏လျှာထိပ်ကို ကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်တော့သည်။
ထိုသွေးများမှာ သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားကာ ပြန့်ထွက်သွားပြီးနောက် နံရံတစ်ခုအဖြစ် စုဝေးသွားကာ ဝမ်ပေါင်လဲ့အား တားဆီးရန် ကြိုးပမ်းလိုက်၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်သာဆိုလျှင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကို အသုံးပြု၍ ၎င်းအား တစ်စစီ ခြေမွှဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
သူ၏ ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်အစစ်လောက် အစွမ်းမထက်ပါသော်လည်း ၎င်းဆီတွင် မရှိသည့် အားသာချက်အချို့ကို ပိုင်ဆိုင်ထားဆဲပင်။ ၎င်းမှာ သူ၏ လျှပ်စီးခန္ဓာကိုယ်သည် ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ရနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ထိုသွေးရောင်နံရံကြီး ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ လွင့်ပါးပျောက်ကွယ်သွား၏။ ထို့နောက် ၎င်းမှာ လျှပ်စီးပင်လယ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်ကာ ထိုနံရံကြီးအား ထိုးဖောက်သွားလိုက်တော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ပြန်လည်စုစည်းသွားခြင်းမရှိဘဲ အဘိုးကြီးအား လွှမ်းခြုံသွားပြီးနောက် ရှိသမျှ အပေါက်များ အားလုံးထဲမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွား၏။
ထိုအခါ အဘိုးကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး သူ၏ အသားများမှာ တစ်စစီ ဆုတ်ဖြဲခံလိုက်ရတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲ၌ မီးတောက်တစ်ခု တောက်လောက်နေသကဲ့သို့ ခံစားနေရပြီး သူ၏ အတွင်းကလီစာများမှာလည်း တဆစ်ဆစ် နာကျင်ကိုက်ခဲနေရပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲ၌ လျှပ်စစ်ဓာတ်အားလုံးကြီးတစ်လုံး စုဝေးလာပြီးနောက် ပေါက်ကွဲသွားတော့မည့် အလားပင်။
သူ၏ ချွေးပေါက်များထဲမှ သွေးများ အဆက်မပြတ် စီးထွက်လာနေသောကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်နေရတော့သည်။ ထို အဘိုးကြီးမှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် အံကြိတ်လိုက်၏။ နောက်ဆုံးတွင် သူသည် အသိစိတ်ပျောက်နေသည့် မျက်ဝန်းများဖြင့် သူ၏ ညာဘက်ခေါင်းအား အားပါပါ ရိုက်နှက်လိုက်တော့သည်။
” ထွက်စမ်း ”
ထိုအခါ ထိုခေါင်းမှာ အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွားပြီး အသားစနှင့် သွေးစများ လွင့်ထွက်လာတော့သည်။ ထို့နောက် ၎င်းတို့မှာ လေထဲ၌ စုစည်းသွားကာ မှုန်ဝါဝါးဖြစ်နေသည့် သွေးလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီးနောက် သူ၏ခန္ဓာကိုယ်အား လှမ်းဆွဲလိုက်၏။
ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော လျှပ်စီးများမှာ ချက်ချင်းဆိုသလိုပင် ရပ်တန့်သွား၏။ ထို့နောက် ထိုသွေးလက်ကြီး၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်အလား လျှပ်စီးတန်းပေါင်း မြောက်မြားစွာ သူ၏ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာကြတော့သည်။
အကယ်၍ သူသာ ဒဏ်ရာရထားခြင်း မရှိပါက ထိုသို့ အလွယ်တကူ ဆောင်ရွက်နိုင်မည် ဖြစ်ပါသော်လည်း လက်ရှိတွင်မူ သူသည် ရုန်းကန်နေရကြောင်း သိသာထင်ရှားပေသည်။ သူသည် ကျောက်ယမုန့်၏ ဝိညာဉ်ဆန့်ကျင်ဗုံးတိုက်ကွက်နှင့် ကြုံခဲ့ရသောကြောင့် တဖြည်းဖြည်းချင်း ပြန်လည်တိုးတက်လာနေသည့် သူ၏ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ယွမ်ယင်အဆင့်မှနေ၍ အမြုတေထိပ်ဆုံးအဆင့်သို့ ပြန်ကျသွားခဲ့ရသည် မဟုတ်ပါလော။ ထိုအဆင့်တွင် သူသည် အခြားသော အမြုတေအဆင့် ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့ကိုမူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
သူ၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာကြသည့် လျှပ်စီးတန်းများမှာ ပြန်လည် စုဝေးသွားကြပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်နှာကြီးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အလင်းရောင်များ တောက်ပလာပြီး ထိုသွေးလက်ကြီးအား စိုက်ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
ထိုအခါ ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသဖြင့် ထိုသွေးလက်ကြီးမှာ ရပ်တန့်သွားရ၏။ ထို လက်ကြီး အားအင်ယုတ်လျော့သွားချိန်တွင် အဘိုးကြီး၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာခဲ့သော လျှပ်စီးတန်းများမှာ အထဲသို့ ပြန်ဝင်သွားတော့သည်။
၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်မသွားခင် သူ၏လက်တစ်ဖက်အား လွှမ်းခြုံသွားပြီးနောက် ၎င်းအား တစ်စစီဖြစ်အောင် ခြေမွှပစ်လိုက်၏။
အဘိုးကြီးမှာမူ ကြောက်ရွံ့တုန်လှုပ်ကာ ရုးသွပ်လုမတတ် ခံစားနေရတော့သည်။ သူသည် သူ၏ အတွင်းကလီစာများ နုပ်နုပ်စဉ်းခံနေရသည်ကို ခံစားမိနေ၏။ ထို့ကြောင့် သူသည် အမျက်ချောင်းချောင်းထွက်နေသည့် မျက်ဝန်းများဖြင့် လက်မြှောက်ကာ သူ၏ ဘယ်ဘက်ဦးခေါင်းအား ခြေမွှလိုက်ရပြန်သည်။
၎င်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုဖြစ်ပေသည်။ ခေါင်းတစ်လုံးအား ဖျက်ဆီးလိုက်ပါက နောက်ထပ်အသက်တစ်ချောင်း ရရှိသည်ဖြစ်ပြီး ယခုတွင် သူသည် ထိုကဲ့သို့ ဆက်တိုက် ဖျက်ဆီးလိုက်သည်ဖြစ်ရာ သူ၏ စွမ်းအားများမှာ ထိုးတက်သွားတော့သည်။ ထို့ကြောင် ဒုတိယမြောက် သွေးလက်ကြီးတစ်ဖက် ထပ်၍ပေါ်ပေါက်လာပြီး လေထဲ၌ ထပ်၍ ဖမ်းဆုပ်လိုက်ပြန်သည်။
ထို သွေးလက်ကြီးနှစ်ဖက်၏ စုပေါင်းစွမ်းအားကြောင့် သူသည် သူ၏ခန္ဓာကိုယ်ထဲမှ လျှပ်စီးများကို အပြင်သို့ဆွဲထုတ်ကာ အတွင်းသို့ ပြန်မဝင်နိုင်အောင် တားဆီးနိုင်စွမ်းရှိသွားမည် ဖြစ်သည်။
” ထွက်စမ်း ” အဘိုးကြီးမှာ အသံကုန်အော်ဟစ်လိုက်ပြီး သူ့ဆီတွင် ကျန်ရှိနေသေးသည့် လက်လေးဖက်ဖြင့် သူ၏ ရင်ဘတ်အား အားပါပါ ဖိနှိပ်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။ နောက်ဆုံးတွင် သူသည် လျှပ်စီးတန်းများအား သူ၏ခန္ဓာကိုယ်ထဲသို့ မဝင်နိုင်အောင် တားဆီးနိုင်စွမ်း ရှိသွားပြီဖြစ်သည်။
ထိုအခါ ထိုလျှပ်စီးတန်းများမှာ အတူတကွ စုဝေးသွားကြပြီနောက် ဝမ်ပေါင်လဲ့၏ မျက်နှာကြီးအဖြစ် ပြောင်းလဲသွား၏။
ထိုမြင်ကွင်းကြီးမှာ ကျောချမ်းဖွယ်ရာ ကောင်းလှပေသည်။ အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား သူ၏ခန္ဓာကိုယ်အပြင်ဘက်သို့ တွန်းထုတ်နိုင်ခဲ့သည့်တိုင်အောင် ထိတ်လန့်ကြောက်ရွံ့နေရဆဲပင်။ သူသည် အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားရင်း အမျက်ဒေါသများ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ နှလုံးသားထဲမှ ဝေဒနာများကို လျစ်လျူရှုကာ အော်ဟစ်လိုက်တော့သည်။
” ပေါက်ကွဲစေ ”
ထိုအခါ သွေးလက်ကြီးနှစ်ဖက်ထဲမှ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသော အနီရောင်အလင်းရောင်များ ထွက်ပေါ်လာတော့သည်။ ထို့နောက် ၎င်းတို့မှာ တစ်စစီ ပေါက်ကွဲပျက်စီးသွားကြ၏။
ထိုပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် ပြင်းအားများမှာ အပြင်ဘက်သို့ ပြန့်ထွက်လာပြီး ဝမ်ပေါင်လဲ့၏ မျက်နှာကြီးအဖြစ် စုဝေးနေသည့် လျှပ်စီးတန်းများအား ရိုက်ခတ်သွား၏။ ထို့ကြောင့် ၎င်းတို့မှာ ချက်ချင်းဆိုသလိုပင် ပျက်စီးသွားရတော့သည်။ ဝမ်ပေါင်လဲ့၏ မျက်နှာကြီးမှာလည်း ပုံသဏ္ဍာန် အတိအကျမရှိသော လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားကြပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။
သို့သော် အဘိုးကြီးမှာ စိတ်အေးသွားခြင်း မရှိသည့်အပြင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေဆဲပင်။ သူသည် ထိုနေရာ၌ ကြာကြာမနေရဲသောကြောင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်၏။ ဝမ်ပေါင်လဲ့မှာ တစ်ချက်တွေးလိုက်ရုံမျှဖြင့် သူ၏ကိုယ်ပွားနှင့် နေရာချင်း လဲနိုင်သည်ဖြစ်ကြောင်း သူက သိထားပြီးသားဖြစ်သည်။ ယခုတွင် သူသည် အားအင်ချည့်နဲ့နေပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာဆိုလျှင် အစောပိုင်း အမြုတေအဆင့်အထိ ကျဆင်းသွားပြီဖြစ်သည်။
သူ၏ ခေါင်းနှစ်လုံးဖြစ်သော သွေးလက်ကြီးနှစ်ဖက် ပျက်စီးသွားပြီဖြစ်ရာ သူသည်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ရ၏။ အကယ်၍ သူသည် ထိုဦးခေါင်းများအား ဖောက်ခွဲပစ်ခဲ့ခြင်းမရှိပါက သူ ထုတ်သုံးခဲ့ရသည့် ဝိညာဉ်စွမ်းအင်များကို ပြန်၍စုပ်ယူကာ ထိုခေါင်းနှစ်လုံးအား ပြန်၍ ဖန်တီးနိုင်လောက်ပေသည်။ သို့သော် ယခုတွင်မူ သူသည် ဘာမှမတတ်နိုင်တော့ပေ။
” အချိန်နည်းနည်းလောက် ထပ်ပေးစမ်းပါ။ သူ့ကို အရှင်လက်လက် ဝါးစားပြမယ် ” အဘိုးကြီး အမျက်ချောင်းချောင်း ထွက်နေရတော့သည်။ သူသည် နောက်သို့ ထပ်၍ဆုတ်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် သူ၏နောက်၌ အေးစက်စက် စကားသံကြီးတစ်သံ ထွက်ပေါ်လာ၏။
” အယုတ်တမာ အဘိုးကြီး။ ခဗျားကို ကျုပ် မေးချင်နေတာ ကြာပြီ။ ဘယ်သူ့ကြောင့် ခဗျားကြီး ကျုပ်ရဲ့လူတွေကို တိုက်ခိုက်ရဲလောက်တဲ့အထိ အတင့်ရဲနေရတာလဲ ”
မြေပြင်ပေါ်၌ ပြန့်ကျဲနေသည့် လျှပ်စီးတန်းများမှာ လေပေါ်သို့ မြောက်တက်လာကာ အတူတအကွ ပြန်၍ စုစည်းသွားကြပြီးနောက် ဝမ်ပေါင်လဲ၏ ကိုယ်ပွားအဖြစ်သို့ ထပ်၍ ပြောင်းလဲသွားပြန်သည်။ ထို့ကြောင့် လူတစ်ယောက် လျှပ်စီးများထဲ၌ ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ဖြစ်နေတော့သည်။ ထိုကိုယ်ပွားကြီး၏ ပတ်ပတ်လည်ရှိ လေထုထဲတွင် လျှပ်စီးများ တလက်လက် ထနေသောကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။
အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာမူ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ပို၍ပင် လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များကြောင့် သူသည် သွေးပျက်ချောက်ချားနေရပြီ ဖြစ်၏။ သူသည် နောက်သို့ ဆုတ်ခွာနေရင်း သူ့ဆီတွင် ကျန်ရှိနေသေးသည့် လက်များကို အသုံးပြုကာ မန္တန်လက်ကွက်များဖော်လိုက်၏။ သူသည် အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်ရန် ၎င်းတို့အား စတေးပစ်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
သူသည် မြန်ဆန်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ လျှပ်စီးများဖြင့် ဖွဲ့စည်းထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် လျှပ်စီးတန်းပေါင်း မြောက်မြားစွာမှာ လေထုကြီးအား ထိုးခွင်းကာ ထိုအဘိုးကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြတော့သည်။ ၎င်းတို့ထဲမှ အချို့မှာ ခပ်လှမ်းလှမ်းရှိ မြေကြီးပေါ်၌ ရှိနေသည့် အနက်ရောင်လှံရှည်ကြီးပေါ်သို့ ကျရောက်သွားပြီးနောက် ၎င်းအား ထိန်းချုပ်ကာ အဘိုးကြီးဆီသို့ ပစ်လွှတ်လိုက်၏။ သုံးရောင်ခြယ်ဓားပျံလေးများထဲမှ ကျန်ရှိနေသေးသည် ဓားပျံနှစ်လက်မှာလည်း လျှပ်စီးတန်းများနှင့်အတူ လိုက်ပါပျံသန်းသွားသည်။
ထိုအဘိုးကြီးမှာ ယခင်တုန်းက အလွန်အင်မတန်မှ အဆင့်မြင့်သည့် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ခဲ့သည့်တိုင်အောင် ယခုတွင်မူ ဒဏ်ရာအမြောက်အမြား ရရှိခဲ့ပြီးနောက် အစောပိုင်း အမြုတေအဆင့်အထိ ပြန်လည်ကျရောက်သွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် ဝမ်ပေါင်လဲ့အား ပြန်လည်တုံ့ပြန်နိုင်စွမ်းပင် မရှိတော့ပေ။
ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် လျှပ်စီးတန်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရတော့သည်။ ထို လျှပ်စီးများ၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆန့်ငင်ဆန့်ငင် ဖြစ်နေရစဉ်မှာပင် အနက်ရောင် လှံရှည်ကြီးမှာ ရွှီးခနဲ ရောက်ရှိလာပြီး သူ၏ဗိုက်အား ထုတ်ချင်းပေါက် ထိုးဖောက်ကာ မြေကြီးထဲသို့ စိုက်ဝင်သွားတော့သည်။ ထို့နောက် ဓားပျံနှစ်လက် ရောက်ရှိလာပြီးနောက် သူ၏လက်များကို ထိုးဖောက်ကာ မြေကြီးထဲသို့ စိုက်ဝင်သွားပြန်သည်။ ထို့ကြောင့် သူသည် လုံးဝမလှုပ်နိုင်တော့ပေ။
လေထဲ၌ နာကြည်းမှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံများ ပဲ့တင်ထပ်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုအဘိုးကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းများကို ချက်ချင်း ဆုတ်ဖြဲပစ်ခြင်းမရှိဘဲ လေထဲသို့ လျှပ်စီးတန်းများ ထုတ်လွှတ်လိုက်သည်။ ၎င်းတို့မှာ လေထဲတွင် ရစ်ဝဲနေရင်း သူ၏ ကိုယ်ပွားအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လျှပ်စီးများ လည်ပတ်နေတော့သည်။ ထိုလျှပ်စီးတန်းများကြောင့် သူသည် အသံကုန်အော်ဟစ်မြည်တမ်းနေသော အဘိုးကြီး၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသကဲ့သို့ ဖြစ်နေဆဲပင်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လျှပ်စီးနတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။
ဝမ်ပေါင်လဲ့မှာ သနားစဖွယ် မျက်နှာအမူအရာနှင့် အဘိုးကြီးအား တစ်ချက်ပင်မကြည့်ဘဲ ကျောက်ယမုန့်အား လှမ်းကြည့်ကာ မေးလိုက်၏။
” ယမုန့်။ ဒီ အယုတ်တမာ အဘိုးကြီးက နင့်ကို ဘာလို့ သတ်ချင်နေတာလဲဆိုတာ ပြောပြခဲ့လား။ သူက နင့်ကို ဘာလုပ်ဖို့ကြံနေတာလဲ ”
သူသည် ကျောက်ယမုန့်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ ကျင့်ကြံခြင်းစွမ်းအား ကုန်ခန်းသွားရမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သတိထားမိခဲ့သဖြင့် ထိုသို့ မေးလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ အသက်အန္တရာယ်မရှိသောကြောင့် သူသည် သူမအား ကာကွယ်စောင့်ရှောက်ပေးမည့်အစား အဘိုးကြီးအား လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကျောက်ယမုန့်မှာ အားအင်များ ကုန်ခန်းနေပါသော်လည်း သူမသည် စိတ်ဓာတ်မာသူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာခဲ့သည်ကို မြင်ခဲ့ရပြီးနောက် အစွမ်းကုန်ကြိုးစားကာ မာန်တင်းထားခဲ့၏။ သူမသည် တဖြည်းဖြည်းနှင့် အားအင်များဆုတ်ယုတ်လာသလို ခံစားနေရပါသော်လည်း ဝမ်ပေါင်လဲ့အား ကြည့်လိုက်သည့်အချိန်တွင် ဘေးကင်းလုံခြုံမှု ရှိနေသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် သူမသည် စိတ်နှလုံး တည်ငြိမ်အေးချမ်းသွားရတော့သည်။ ထိုအချိန်တွင် သူမသည် ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ရသဖြင့် သူမနည်းတူ အားအင်ကုန်ခန်းနေသည့် အဘိုးကြီးအား လှမ်းကြည့်ကာ အံကြိတ်၍ ဖြေလိုက်၏ ” သူက ငါ့ကို ဆေးလုံးတစ်လုံးဖြစ်အောင် သန့်စင်ဖို့ ကြိုးစားနေတာ ”
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ပို၍ပင် အရုပ်ဆိုးသွားရတော့သည်။ ထို့နောက် သူသည် ခေါင်းငုံ့ကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသည့် အဘိုးကြီးအား ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ဆိုလိုက်၏။
” အဲတာဆိုလည်း ငါတို့တွေ သူ့ကို ဆေးလုံးတစ်လုံးဖြစ်အောင် ပြန်ပြောင်းကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ အဘိုးကြီးအား လက်ဝါးဖြင့် ဖိလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး အဘိုးကြီးအား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားတော့သည်။ သူသည် လျှပ်စီးကို အသုံးပြု၍ ထိုအဘိုးကြီးအား သန့်စင်တော့မည် ဖြစ်သည်။
ခဏအကြာတွင် လေထဲ၌ သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့သည်။