အပိုင်း (၁၅၈)

ကံစွမ်းအား အဆင့်

ရီဖူရှင်းက ထိုလူများ၏ စကားကိုကြားလျှင် သူ့မျက်လုံးများထဲတွင် အေးစက်ကာ လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းလာသည်။ ကြည့်ရသည်မှာ ဧကရာဇ်လျိုက သူ့အား သတ်လိုသော စိတ်မှာ ယခင်ကထက် လျော့နည်းသွားခြင်း မရှိဟု ထင်ရသည်။ သူက နန်ဒူနိုင်ငံ တန်ဖန်းပွဲတော်တွင် တစ်ကြိမ် ကြိုးစားခဲ့သည်။ အကယ်၍ ဧကရာဇ်ရီကသာ သူ့အား ကာကွယ်မပေးခဲ့လျှင် ဧကရာဇ်လျိုက သူ့အား သေချာပေါက် သတ်မည်ဖြစ်သည်။

ဤလူများမှာ ရီဖူရှင်းနှင့် ပတ်သက်မှု မရှိသော်လည်း သူ့အား သတ်လိုနေကြသည်။ သူတို့က ဧကရာဇ်လျို လွှတ်လိုက်သော လူများ ဖြစ်သည်မှာ သေချာသည်။

ဤသို့ဆိုလျှင်…

“ယွန်ရှင်းမို…” ရီဖူရှင်းက ခေါ်လိုက်သည်။ ယွန်ရှင်းမိုကား ရီဖူရှင်း ရပ်နေသော ကျောက်ဆောင်နှင့် သိပ်မဝေးသော နေရာတွင် ရပ်နေသည်။ ရီဖူရှင်း၏ခေါ်သံကို ကြားလျှင် ယွန်ရှင်းမိုက နန်ဒူနိုင်ငံမှ လူများကို ရင်ဆိုင်လိုက်သည်။ သူမ၏ဓားအရှိန်အဝါက ပိုမိုအားကောင်း လာသည့်အလျောက် ထိုခဏတွင်ပင် ကောင်းကင်တွင် ကြောက်မက်ဖွယ် ဓားအားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

“သူတို့အားလုံးကို သတ်…” ရီဖူရှင်းက ပြောလျက်ကပင် သူ၏ကု့ချင်းအား အဆက်မပြတ် တီးခတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဂီတသံစဉ်က ကျောက်နံရံပေါ်မှ ဓားအားလှိုင်းနှင့် ပေါင်းစပ်သွားပြီး ရီဖူရှင်း၏ ညွှန်ကြားမှုနှင့်အတူ ယွန်ရှင်းမို၏ခေါင်းထဲကို တိုးဝင်လာကြကာ သူမ၏ ဓားအရှိန်အဝါအား ပိုမို အားကောင်းစေသည်။

ထိုအခိုက်တွင်ပင် ကောင်းကင်မှ ဓားတစ်လက် ဆင်းသက်လာလျှင် သူ၏ အရှိန်အဝါက ရှေ့ကို တိုးဝင်လာနေသော လူများကိုပင်လျှင် ရပ်တန့်စေသည်။ ထို့နောက် ယွန်ရှင်းမိုက လျှပ်တစ်ပြက်ပင် ရှေ့ကို ပြေးဝင်သွားသည်။

သူမ၏ ပတ်ဝန်းကျင်တွင် ဓားပုံရိပ်ပေါင်းများစွာ မိုးရေစက်များလို အဆက်မပြတ် ဖြစ်ပေါ်လာကြကာ ထိုလူများထံသို့ အဆက်မပြတ် ဆင်းသက်လာကြသည်။ နန်ဒူနိုင်ငံမှ လူများ၏အမူအရာများ ပြောင်းလဲသွားကြသည်။ တစ်ယောက်က သူ၏လက်ဝါးအား ရိုက်ထုတ်လိုက်လျှင် ကြောက်မက်ဖွယ် ကောင်းသော မီးလျှံများ ဖြစ်ပေါ်လာကာ ဓားပုံရိပ်များအား ဖျက်ဆီးရန် ကြိုးစားကြသည်။ သူ ထုတ်လွှတ်လိုက်သော  မီးလျှံများနောက်တွင် မီးလျှံနံဂါးများ ဖြစ်ပေါ်လာသည်။

ဓားများက မိုးစက်မိုးပေါက်များပမာ ဆင်းသက်လာကာ အရာအားလုံးကို ထွင်းဖောက် သွားကြသည်။ သူတို့က မီးအား ငြှိမ်းသတ်သွားစေကာ ထိုလူ၏ခန္ဓာကိုယ်အား ဖြတ်ကျော်သွားကြ၏။ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားကာ မိမိကိုယ်ကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင်ကား ထောင်ပေါင်းများစွာသော အပေါက်များကို တွေ့ရသည်။

“မဖြစ်နိုင်ဘူး…” ကြောက်ရွံ့မှု၊ ထိတ်လန့်မှုများနှင့် မယုံကြည်နိုင်မှုများ သူ့မျက်လုံးတွင် ဖြစ်ပေါ်လာကာ ကောင်းကင်မှ ပြုတ်ကျသွားတော့သည်။

ထိုမြင်ကွင်းက ရှေ့ကို ပြေးဝင်လာနေသော နန်ဒူနိုင်ငံမှ တန်ခိုးရှင်များအား ရပ်တန့်စေသည်။ သူတို့အားလုံးက ထိုလှပသော မိန်းမပျိုအား ကြည့်လိုက်ကြသည်။ သို့သော် ယွန်ရှင်းမို မူကား ရပ်တန့်ခြင်း မရှိပေ။ သူမ၏ခန္ဓာကိုယ်မှ ဓားအရှိန်အဝါက ဖြာထွက်လာလျှင် ကောင်းကင်တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။

ယွန်ရှင်းမိုက သူမ၏ ဓားကို ဝှေ့ယမ်းလိုက်လျှင်  မိုးစက်ဓားများက အဆက်မပြတ် ဆင်းသက် လာကြပြန်သည်။ သူမ၏ လှုပ်ရှားဟန်များက ညင်သာကာ သိမ်မွေ့သည်။

ယွန်ရှင်းမိုကား ဓမ္မအဆင့်ရှစ်ကို ရောက်ရှိနေပြီး ဖြစ်သည်။ ရီဖူရှင်း၏ ဂီတသံစဉ်နှင့်အတူ ပေါင်းစပ်ပါဝင်လာသော ဓားအားလှိုင်းနှင့် သူမကိုယ်တိုင်က လေ့လာ ဆင်ခြင်ထားသော ဓားအနုပညာရသသိတို့ ပေါင်းစပ်လိုက်လျှင် သူမ၏စွမ်းရည်ကား အဆမတန် မြင့်တက်သွားသည်။ သူမကား ယခင် ဓားကလန် ထိပ်သီးပါရမီရှင် ဖြစ်စဉ်ကထက် ပိုမို စွမ်းရည် မြင့်တက်လာသည်။ ထို့ကြောင့် သူမ၏ လှုပ်ရှားဟန်က နူးညံ့သိမ်မွေ့ဟန် ရသော်လည်း သူမက ထိုနန်ဒူလူအုပ်စုထဲကို တိုးဝင်သွားသောအခါ သူမ၏ဓားချက်တိုင်းက အန္တရာယ်ကြီးလှ၏။

နန်ဒူနိုင်ငံမှ စွမ်းအားမြင့် တန်ခိုးရှင်များက သူမအား ရပ်တန့်ရန် မှော်တိုက်ကွက်များ အဆက်မပြတ် ထုတ်လွှတ်ကြသော်လည်း သူမ၏ ဓားချက်များကား မိုးစက်များလို ရပ်တန့်ရန် မဖြစ်နိုင်ပေ။ မိုးစက်ဓားချက်များက ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းမိုးသွားပြီး တိုက်ခိုက်ခြင်း ခုခံခြင်းများ ပူးပေါင်းပါဝင်သည်။ မည်သူမှ သူမအား ရင်ဆိုင်နိုင်ဟန် မတူပေ။

“ရီဖူရှင်းကို အရင်သတ်…” နန်ဒူနိုင်ငံမှ လူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို အေးစက်စွာ ကြည့်လိုက်ကြ၏။ ကြည့်ရသည်မှာ သူ၏ဂီတသံစဉ်က ယွန်ရှင်းမိုအား ပိုမိုအားကောင်း စေနိုင်သည်။

လေဓာတ်အထူးပြု မှော်ဆရာများက ရီဖူရှင်းထံသို့ လျင်မြန်စွာ တိုးဝင်သွားကြသည်။ ယွန်ရှင်းမိုက သူမ၏ ဓားအား ဝှေ့ယမ်းလျက် ထိုလူများကို တားဆီးသော်လည်း လူအားလုံးကို ရပ်တန့်နိုင်စွမ်း မရှိပေ။ သူမ၏ ဓားအားလှိုင်းစက်ဝန်းမှ လူနှစ်ယောက် လွတ်မြောက်သွားကာ ရီဖူရှင်းထံကို ပြေးဝင်သွားကြသည်။

ထိုလူများကို မြင်လျှင် ရီဖူရှင်း၏မျက်နှာ အမူအရာကား မည်သို့မှ ပြောင်းလဲခြင်း မရှိပေ။ သူက ပြောသည်… “မင်းတို့က ဧကရာဇ်လျိုအတွက် သေဖို့ တကယ်ရော ထိုက်တန်လို့လား…” သူက ပြောပြီးသည်နှင့် ကု့ချင်းကြိုးမျာအား ဆက်လက် တီးခတ်လိုက်သည်။ ထိုခဏမှာပင် နန်ဒူမှ လူနှစ်ယောက်က ဂီတ၏အနုပညာ ရသသိထဲကို ကျဆင်း သွားတော့သည်။ ရုန့်ရင်းကြမ်းတမ်းသော လှိုင်းလုံးများက သူတို့ထံ အဆက်မပြတ် လာရောက် ရိုက်ခတ်ကြသည်။ သူတို့၏မျက်နှာများ ပြာနှမ်းသွားကာ နောက်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် ချက်ချင်းပင် ကျောက်နံရံပေါ်မှ ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထိုလူနှစ်ယောက်အား ဖြတ်တောက်သွားလေသည်။ မိုးစက်များအလား ဓားပုံရိပ်များက သူတို့ခန္ဓာကိုယ်ကို ကျရောက်သွားလျှင် ထိုလူနှစ်ယောက်၏ အသက်မဲ့သော ခန္ဓာက မြေပြင်ပေါ်သို့ ကျဆင်းလာတော့သည်။

သူက ဤမျှပင် ထက်မြက်သည်လား။ လူတိုင်းက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်ကြသည်။ ကျောက်နံရံပေါ်မှ ဓားအားလှိုင်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်ကို သူတို့ သိကြသော်လည်း ရီဖူရှင်းက ထိုစွမ်းအင်ကို အလွယ်တကူ အသုံးပြုနိုင်မည်ဟု သူတို့ မထင်ခဲ့ကြပေ။ ကြည့်ရသည်မှာ ယခု စွမ်းအင်နှင့်ဆိုလျှင် ယွန်ရှင်းမိုနှင့် တိုက်ခိုက်ခဲ့သော လျိုယွန်ပင်လျှင် ရီဖူရှင်း၏ ပြိုင်ဘက် မဟုတ်ပေ။

နန်ဒူမှလူများကလည်း ထိတ်လန့်သွားကြသည်။ သူတို့ ကန်တောင်ကုန်းသို့ ရောက်စက ဤနေရာတွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိခဲ့ကြပေ။ ရီဖူရှင်းကို သူတို့ မြင်သည်နှင့် သူတို့က ဧကရာဇ်လျို၏ စကားများကို ပြန်သတိရလာကြကာ ဆုလာဘ်များအတွက် သူ့အား သတ်လိုခဲ့ကြသည်။ သို့သော် ရီဖူရှင်းကိုသတ်ရန် ကြံရွယ်မှုက သူတို့၏ သေဆုံးဖြင်း ဖြစ်လာမည်ဟု လုံးဝ မထင်မိခဲ့ကြပေ။

“သွားကြစို့…” လူတိုင်းက နောက်ဆုတ်ကြသည်။ သူတို့က အခြေအနေကို နားလည်လိုက်ပြီ ဖြစ်သည်။

“လာပြီးမှတော့ ဘာလို့ ထွက်သွားဦးမလဲ…” ရီဖူရှင်းက ထိုသို့ ပြောလိုက်လျှင် သူ့ထံမှ ဓားအရှိန်အဝါတစ်ခုက ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးအား ပျံ့နှံ့သွားပြီး နောက်ဆုံး ကန်တောင်ကုန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် ကောင်းကင်မှ မရေမတွက်နိုင်သော ဓားမိုးစက်များ ဆင်းသက်လာကာ နန်ဒူနိုင်ငံမှ လူများ၏ ခန္ဓာကိုယ်များအား ဖောက်ထွင်းရန် ကြိုးပမ်းကြသည်။ နန်ဒူနိုင်ငံမှ လူများက အမျိုးမျိုးသော ခုခံမှော်တိုက်ကွက်များ ထုတ်လျက် ကာကွယ်ကြသော်လည်း ဓားမိုးစက်များကား အဆုံးမသတ်ရာ တဖြည်းဖြည်းဖြင့် တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရီဖူရှင်းနှင့် ယွန်ရှင်းမိုတို့၏ ပူးပေါင်းမှုဖြင့် နန်ဒူနိုင်ငံမှ တစ်ဆယ်ကျော်သော စွမ်းအားဖြင့် ဓမ္မအဆင့် တန်ခိုးရှင်များ သေဆုံးသွားကြရသည်။ သေဆုံးသွားသူများ အားလုံးနီးပါးမှာ ဓမ္မအဆင့်အမြင့်ဆုံးကို ရောက်နေသူများ ဖြစ်ကြသည်။

ရီဖူရှင်းက ကျောက်နံရံပေါ်မှ အနုပညာရသသိကို အသုံးပြုလျက် တိုက်ခိုက်ခြင်း ဖြစ်သည့်တိုင် လူအများအား ကြောက်ရွံ့ ထိတ်လန့်စေသည်။ တခြားလူများက ရီဖူရှင်းအား ရန်မစမိသည်ကို တွေးကာ စိတ်အေးလက်အေး ဖြစ်သွားကြသည်။ မဟုတ်လျှင် ကန်တောင်ကုန်းကား သူတို့၏  သေဆုံးရာနေရာ ဖြစ်သွားပေတော့မည်။

ထိုအချိန်တွင် ရီဖူရှင်း၏ မျက်လုံးက အဝေးတစ်နေရာမှ လူတစ်ယောက်ထံကို ရောက်သွားသည်။ သူကား ဇီလူဖြစ်သည်။ နန်ဒူနိုင်ငံမှ ရောက်ရှိလာသူများထဲတွင် ယခုထိ လုံးဝ မလှုပ်ရှားသေးသောသူမှာ ဇီလူဖြစ်ကာ ထို့ကြောင့်လည်း ယခုထိ အသက်ရှင်နေခြင်း ဖြစ်သည်။

“ဘာလို့ မင်း မလှုပ်ရှားတာလဲ…” ရီဖူရှင်းက မေးလိုက်သည်။

“ဒီနေရာက ထွက်သွားပြီးနောက် နောက်ဆို ငါဘယ်တော့မှ ဧကရာဇ်လျိုနဲ့ အဆက်အသွယ် မလုပ်တော့ဘူး…” ဇီလူက သူ၏မေးခွန်းများအား ဖြေကြားနေခြင်းနှင့် မတူဘဲ အသက်ရှင်ရန်အတွက် အသနားခံနေခြင်းနှင့် တူလှသည်။

“ကောင်းပြီ… တကယ်လို့ နောက်ကို မင်းက လျိုမိသားစုနဲ့ ပတ်သက်တာ ငါသိရင် မင်းကို လာသတ်မယ်… အခုတော့ သွားတော့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ဇီလူက ချက်ချင်း ထိုနေရာမှ ပြေးထွက်သွားသည်။ သူ လုံးဝ ပြေးခြင်းကို မရပ်တန့်ပေ။ သူကား တန်ခိုး အဆင့်နိမ့်သောသူဖြစ်ရာ တိုက်ခိုက်ရာတွင် မပါဝင်ခဲ့ပေ။ ထိုအဖြစ်ကာ သူ့အသက်အား ကယ်တင်ခဲ့မည်ဟု မထင်ခဲ့ပေ။ ပုံမှန်အားဖြင့် ဧကရာဇ်လျိုနှင့် ရီဖူရှင်းတို့က အပြန်အလှန် သတ်ရန် ကြံစည်နေကြသူများ ဖြစ်ရာ သူက အသက်ရှင်ရန် မည်သို့ပြောရမည်ကို နားလည်ပေသည်။

ဇီလူ ထွက်ခွာသွားသောအခါ ယွန်ရှင်းမိုက လေထဲတွင်ပျံဝဲလျက် ရီဖူရှင်းအနီးသို့ ရောက်လာသည်။ ရီဖူရှင်းက သူမအားကြည့်လျက် မေးသည်… “မင်း အားလုံးကို နားလည်သွားပြီလား…”

ယွန်ရှင်းမိုက အသာအယာ ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းအား မောက်မာခြင်း ထောင်လွှားခြင်းများ မရှိဘဲ အလွန်တည်ငြိမ်သည်။ သူမက ရီဖူရှင်း၏ အစေခံဖြစ်ရန် သဘောတူထားသော်လည်း သူမက ရီဖူရှင်း၏ လက်အောက်မှဟု မဆိုလိုပေ။ ရီဖူရှင်းက သူမအား ကျောက်နံရံမှ အနုပညာရသကို ခံစားစေသည်။ ထို့ကြောင့် သူမက သူမ၏တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်သည်။ ရီဖူရှင်းက သူမအား အမိန့်ပေးသောအခါ သူမက တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ခဲ့သည်။

“ကောင်းတယ်…” ရီဖူရှင်းက ကု့ချင်းအား တီးခတ်ခြင်းကို ရပ်တန့်လိုက်ကာ သူ၏ကု့ချင်းဝိညာဉ်အား ရုပ်သိမ်းလိုက်သည်။ “ချင်းမုန်မြို့ကို ပြန်ရအောင်…” သူက ပြောသည်။

လူတိုင်းက ကန်တောင်ကုန်းပေါ်မှ ရှေးဟောင်း ကျောက်နံရံများကို လေ့လာဆင်ခြင်ပြီး ကံစွမ်းအားတချို့ကို ရရှိခဲ့ပြီးဖြစ်ရာ ဤနေရာတွင် ဆက်လက်နေခြင်းက အဓိပ္ပာယ်မရှိပေ။

ယွန်ရှင်းမိုက အစေခံတစ်ယောက်၏ တာဝန်အတိုင်း ဆောင်ရွက်လိုဟန်ဖြင့် ရီဖူရှင်း၏နောက်ကို သွားကာ တိတ်ဆိတ်စွာ ရပ်နေသည်။

“ရိုယွီ… ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“ကျွန်မက ရှေးဟောင်း မြေရိုင်းဒေသက ထွက်သွားတော့မယ်… ဒီနေရာက ကျွန်မနဲ့ မသင့်တော်ဘူး ထင်တယ်…” ရိုယွီက ပြုံးလျက် ပြောသည်။ သူမအတွက် ဤအဖြစ်အပျက်များက တချို့အရာများအား ရှင်းလင်းစွာ မြင်သွားစေသည်။

“ကောင်းပြီ… အခွင့်အရေး ကြုံလာရင် ပြန်ဆုံကြတာပေါ့…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူတို့ အုပ်စုက သိမ်းငှက်နက်ကြီးပေါ်သို့ တက်လိုက်ကြသည်။ လေဓာတ်သဘာဝများ သိမ်းငှက်နက်ကို ရစ်ပတ်လာကြကာ  သူ၏အတောင်ပံများကို ဖြန့်လျက် ယခင်ကထက် ပိုမိုလျင်မြန်စွာဖြင့် ကန်တောင်ကုန်းမှ ပျံသန်း ထွက်ခွာ သွားတော့သည်။

လေထဲမှ သူ့အား ကြည့်ကာ ရိုယွီက ပြုံးလျက် လက်ဝှေ့ယမ်းပြသည်။ ဤတိုတောင်းလှသော အတွေ့အကြုံက သူမအတွက် မေ့ပျောက်ရန် ခက်ခဲစေမည် ဖြစ်သည်။ သူတို့က နောင်တစ်ချိန်တွင် ပြန်တွေ့ရန် အခွင့်အရေး ရှိဦးမလား သူမ မသိတော့ပေ။

သူမ၏ဘေးမှ ရိုလျှို၊ ဝမ်ကြွေနှင့် တခြားလူများ၏ ဒေါသများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ဝေခွဲမရမှုများစွာ ရှိနေသည်။ သူတို့၏ မျက်လုံးရှေ့တွင်ပင် ရီဖူရှင်းနှင့် ယွန်ရှင်းမိုတို့က ပူးပေါင်း၍ ဓမ္မအဆင့် အမြင့်ဆုံးသော လူများကို ကြက်ကလေး ငှက်ကလေးများပမာ သတ်ဖြတ်ခဲ့သည်။ သူ့တွင် မြင့်မားသော တန်ခိုးအဆင့် မရှိသော်လည်း သူကား တခြားလူများကို ငုံ့ကြည့်ရန် မွေးဖွားလာသောသူနှင့် တူနေသည်။

သိမ်းငှက်နက်က ကောင်းကင်တွင် လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည်။

“ငါက ကတိမတည်မှာ မကြောက်ဘူးလား…” ယွန်ရှင်းမိုက ရီဖူရှင်းအား နောက်မှ ကြည့်လျက် မေးသည်။

“မင်းက ငါ့ရဲ့အစေခံ လုပ်ဖို့ သဘောတူခဲ့တယ်… တကယ်လို့ ကန်တောင်ကုန်း ရှေးဟောင်းနံရံ တစ်ခုတည်းအတွက် မင်းရဲ့ ဂုဏ်သိက္ခာကို စတေးခဲ့တယ် ဆိုရင်တော့ အခု မင်းကြိုက်သလို လုပ်လို့ရတယ်…” ရီဖူရှင်းက ယွန်ရှင်းမိုအား ပြုံးလျက် ပြောသည်။

ယွန်ရှင်းမိုက ထိုချောမောသော မျက်နှာကို ကြည့်ကာ ပြောသည်… “ငါသဘောတူတယ်… ဒါပေမဲ့ တချို့အရာတွေကိုတော့ ငါမလုပ်ဘူး…”

“ဘာတွေလဲ…” ရီဖူရှင်းက သူမအား ထူးဆန်းသလို ကြည့်သည်။

“ငါဘာကို ပြောနေလဲ နင်သိတယ်…” ယွန်ရှင်းမိုက အကြည့်လွှဲလိုက်သည်။ “အဲဒါကလွဲရင် ကျန်တာ အကုန်လုပ်လို့ရတယ်…”

ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ သူက လင်းယွီယိုအား ကြည့်လျက် ရေရွတ်လိုက်သည်… “ငါက ဒီလိုလူမျိုးပုံ ပေါက်နေလို့လား…”

“အင်း…” လင်းယွီယိုက ပြုံးလျက် ခေါင်းညိတ်သည်။

ရီဖူရှင်း မျက်မှောင်ကုတ်သွားသည်… “စိတ်မပူပါနဲ့… မင်းက လိုလားတယ် ဆိုရင်တောင် ဒီလို အခွင့်အရေးမျိုး မရဘူး…” သူရေရွတ်လိုက်သည်။ “အာ… ယွန်ရှင်းမို… နိုဘယ်ကံစွမ်းအား ဆိုတာ တကယ်က ဘာလဲ…” ရီဖူရှင်း၏ ကံစွမ်းအားက သူ့ကိုယ်မှ ဖြာထွက်လာသည်။ ထိုအရာကား အလွန်လင်းလက်ကာ ကောင်းကင်သို့ မိုင်အနည်းငယ်မျှ ထိုးတက်သွားသည်။

ယွန်ရှင်းမိုက ရီဖူရှင်း၏ ကံစွမ်းအားကို ကြည့်ကာ ထိတ်လန့်သွားသည်။ သူက အချိန်တိုအတွင်းမှာ ဤမျှ များပြားသော ကံစွမ်းအားများကို မည်ကဲ့သို့ ရရှိခဲ့သနည်း။ “ရိုယွီက နင့်ကို မပြောခဲ့ဘူးလား…” သူမက မေးသည်။

“ရိုယွီက ကံစွမ်းအားကို ဘယ်လို ရအောင်လုပ်ရမလဲ ဆိုတာကိုပဲ ပြောခဲ့တယ်…” ရီဖူရှင်းက အဖြေပေးသည်။

ယွန်ရှင်းမိုက အသာအယာ ခေါင်းညိတ်လိုက်သည်။ “ကံစွမ်းအားက လုံလုံလောက်လောက် အားကောင်းလာတဲ့အခါ သူ့ရဲ့ အရည်အသွေးက ပြောင်းလဲသွားပြီး နိုဘယ် အရှိန်အဝါနဲ့အတူ နိုဘယ်ကံစွမ်းအား ဖြစ်လာတယ်… ဒါက နိုဘယ်တွေမှာပဲ ပိုင်ဆိုင်တဲ့ စွမ်းအားပဲ… ဓမ္မအဆင့်မှာ နိုဘယ် အရှိန်အဝါကို ရရှိခြင်းက သူက အနည်းဆုံး နိုဘယ်ဖြစ်မယ်လို့ ဆိုလိုတာပဲ… ဒါကြောင့် အရှေ့မြေရိုင်း ဒေသက အင်အားကြီး အဖွဲ့အစည်းတွေက ရှေးဟောင်း မြေရိုင်းဒေသရဲ့ အောက်ဘုံမှာ နိုဘယ်ကံစွမ်းအားကို ရရှိတဲ့လူတွေကိုပဲ သူတို့က တပည့်အဖြစ် ရွေးချယ်ခဲ့ကြတာပဲ…”

ရှေးဟောင်း မြေရိုင်းဒေသရဲ့ အထက်ဘုံက လူတွေက အကာနာအဆင့်ကို ရောက်နေပြီးသားဖြစ်ပြီး နိုဘယ်အဆင့်ကို တက်ရောက်ဖို့ ကြိုးစားနေကြသူတွေပဲ… ဒါပေမဲ့ သူတို့က အောက်ဘုံက နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်တဲ့  ဓမ္မအဆင့် တန်ခိုးရှင်တွေ လို သူတို့က နိုဘယ်ဖြစ်ဖို့ အခွင့်အရေးနည်းတယ်… ”

“နိုဘယ်ကံစွမ်းအားမှာလည်း အဆင့်တွေ ခွဲထားတယ်… အခု ကန်တောင်ကုန်းက ကျောက်နံရံပေါ်က အရှိန်အဝါက နိုဘယ်အဆင့်ပဲ… ဒါကြောင့် ဒီကံစွမ်းအားသာ လုံလုံလောက်လောက် စုဆောင်းမိရင် ဒါက နိုဘယ်စိတ်စွမ်းအားအဖြစ် ပြောင်းလဲသွားတယ်… ဒီအမျိုးအစားက နိုဘယ်ကံစွမ်းအားထဲမှာ အနိမ့်ဆုံးပဲ…”

ယွန်ရှင်းမိုက ဆက်ပြောသည်… “တချို့ပါရမီရှင်တွေက သူတို့ လက်ခံရရှိတဲ့ ကံစွမ်းအားကို လေ့လာ ဆန်းစစ်ပြီးတော့ ကိုယ်ပိုင် နိုဘယ်ကံစွမ်းအားကို ဖန်တီးနိုင်ကြတယ်… ဥပမာ… ငါက ဓားပညာကို လေ့လာတယ်… ငါက ဓားကံစွမ်းအားကိုပဲ လေ့လာတယ်… လက်ခံရသမျှ ကံစွမ်းအားကိုလည်း အသုံးပြုပြီးတော့ နိုဘယ်အဆင့် ဓားအရှိန်အဝါကို လေ့ကျင့်တယ်… ဒါက သန့်စင်တဲ့ နိုဘယ်ကံစွမ်းအား ဖြစ်ပြီး အလယ်အလတ် အဆင့်ရှိတဲ့ နိုဘယ်ကံစွမ်းအားပဲ…”

“ဒီထက် ပိုမို ထူးချွန်တဲ့ ပါရမီရှင်တွေက ဓမ္မတန်ခိုးအဆင့်မှာပဲ ကွဲပြားခြားနားတဲ့ နိုဘယ် ကံစွမ်းအားမျိုးစုံကို လေ့လာ ဆင်ခြင်နိုင်တယ်… သူတို့မှာ အဆင့်မြင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်လေ့ရှိတယ်… တစ်စုံတစ်ယောက်က ဒီလို ကံစွမ်းအားကို ပိုင်ဆိုင်ပြီဆိုရင် အင်အားကြီး အဖွဲ့အစည်းတွေ အားလုံးက သူ့ကို တပည့်အဖြစ် ရဖို့ ယှဉ်ပြိုင်ကြမှာပဲ… ဒါပေမဲ့ ဒီလိုလူမျိုးရှိမယ် ဆိုရင်တောင် ဒါက အရှေ့မြေရိုင်းဒေသရဲ့ အင်အားကြီး အဖွဲ့အစည်းတစ်ခုခုက အထူးတလည် လေ့ကျင့်ထားတဲ့ ပါရမီရှင် တစ်ယောက်ယောက် ဖြစ်နေပြီးသား ဖြစ်နေတာပဲ…”

***


Comment

Leave a Reply

Options

not work with dark mode
Reset