သူမသည် သူမ၏ဖခင်ဖြစ်သူ ပေးထားသော ဝိညာဉ်ဆန့်ကျင်ဗုံးအား နောက်ဆုံးမှ ထုတ်သုံးခဲ့၏။ ထို ဝိညာဉ်ဆန့်ကျင်ဗုံး ပေါက်ကွဲသွားသည့်အခါ လေထဲ၌ တအုန်းအုန်းမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ ယွမ်ယင်အဆင့်အဘိုးကြီးမှာမူ ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားပြီး ခုခံကာကွယ်နိုင်ရန် မန္တန်များနှင့် အဆောင်ပစ္စည်းများကို ထုတ်သုံးရန် ကြိုးစားလိုက်သေးသည်။ သို့သော် သူသည် ကျောက်ယမုန့်နှင့် အလွန်အင်မတန်မှ နီးကပ်နေခဲ့သည် မဟုတ်ပါလော။
သို့ဖြစ်ရာ သူ မည်မျှပင် လျင်မြန်နေစေကာမူ နောက်ကျနေဦးမည်သာ ဖြစ်သည်။ ဝိညာဉ်ဆန့်ကျင်ဗုံးမှာ ပြည်ထောင်စုကြီး တီထွင်ထားသည့် အစွမ်းအထက်ဆုံးလက်နက် ဖြစ်ပေသည်။ ထို ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် အာကာသတွင်းနက်ကြီးနှင့် ၎င်း၏ ကျင့်ကြံခြင်းစွမ်းအား ချုပ်နှောင်နိုင်စွမ်းများကြောင့် အဘိုးကြီးမှာ အပြင်ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ စုတ်ပြဲသွားသဖြင့် အသံကုန် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
သူ၏ ရင်ဘက်ထဲမှ အရိုးများ ငေါထွက်လာပြီးနောက် အားကောင်းသော စွမ်းအားတစ်မျိုးမှာ သူ၏ မျက်နှာအား ရိုက်ခတ်သွားသဖြင့် သူသည် အရိုးတခြား အသားတခြား ဖြစ်သွားရတော့သည်။
ထို အခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထို အဘိုးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကြေမွပျက်စီးသွားပြီးနောက် လေထဲ၌ သွေးပျက်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများ ပဲ့တင်ထပ်နေတော့သည်။ သူ၏ အရိုးများပင်လျှင် ကြေမွသွားရ၏။ အခြားသူများသာဆိုလျှင် ထိုနေရာတွင် ချက်ချင်းသေဆုံးသွားမည်သာ ဖြစ်ပါသော်လည်း ထိုအဘိုးကြီးမှာမူ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွား၏။ ထို့နောက် သူ၏အရိုးများထဲမှ မျက်စိကျိန်းစရာကောင်းသော အနီရောင်အလင်းတန်းများ ထိုးထွက်လာတော့သည်။
ခြေလက်များမရှိတော့သော သူ၏ ခန္ဓာကိုယ်ထဲမှ လက်ခြောက်ဖက် ထိုးထွက်လာ၏။ ထို့နောက် သူ၏ လည်ပင်း၏ တစ်ဖက်တစ်ချက်စီတွင် အသားလုံးနှစ်လုံး ထိုးထွက်လာပြီးနောက် ခေါင်းနှစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
ထိုအဘိုးကြီး၏ ခန္ဓာကိုယ်ထဲ၌ နောက်ထပ် ခန္ဓာကိုယ်တစ်ခု ကိန်းအောင်နေသကဲ့သို့ပင်။ တာအိုနန်းတော်မှ ကျင့်ကြံသူတစ်ယောက်၏ ပုံပန်းသွင်ပြင်များမှာ အပေါ်ယံ ခြုံလွှာတစ်ခုသာ ဖြစ်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်အစစ်မှာ အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေသည်။
ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီးမှာ အဘိုးကြီး၏ ခန္ဓာကိုယ်ထဲမှ ရက်စက်ကြမ်းကြုတ်စွာ ထိုးထွက်လာပြီးနောက် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွား၏။ ကျောက်ယမုန့်မှာမူ တုန်လှုပ်ချောက်ချားသွားရပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ဒယိမ်းဒယိုင်ဖြစ်နေရင်း မြေကြီးအား မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ ခေါင်းသုံးလုံးအား မော့ကြည့်လိုက်တော့သည်။ သူ၏ နှုတ်ခမ်းများထဲမှ သွေးများစီးကျနေပြီး သူသည် အသက်ရှူသံများ လေးလံနေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ တာအိုနန်းတော်ကျင့်ကြံသူ၏ ခန္ဓာကိုယ်အား အကာအကွယ်တစ်ခုအဖြစ် အသုံးပြုခဲ့သည့်တိုင်အောင် ထို တိုက်ကွက်ကြီးမှာ အစွမ်းထက်လွန်းနေသောကြောင့် သူ၏ ခန္ဓာကိုယ်အစစ်မှာ ဒဏ်ရာရသွားဆဲပင်။
သူ၏ မျက်နှာအမူအရာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး သူသည် ကြောက်စိတ်များကိန်းအောင်းနေသည့် အနီရောင် မျက်ဝန်းကြီးများဖြင့် ကျောက်ယမုန့်အား စိုက်ကြည့်နေမိတော့သည်။
” နင့်ကြောင့် ငါ သေသွားတော့မလို့…. အမြုတေအဆင့်မှာပဲ ရှိနေတာတောင် ငါ့ကို ဒီအခြေအနေအထိရောက်အောင် လုပ်နိုင်ရတယ်လို့။ ငါ နင့်ကို လျှော့တွက်မိခဲ့တာပဲ ” အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ခပ်အောအောလေသံကြီးဖြင့် ဆိုလိုက်၏။ ကျောက်ယမုန့်မှာမူ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွားရင်း အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာသည့်တိုင်အောင် နှုတ်ဆိတ်နေဆဲပင်။
သူမ၏ နှလုံးသားထဲတွင်မူ နောင်တရနေသည့် စိတ်များ ပေါ်ပေါက်လာတော့သည်။ သူမသည် အစွမ်းကုန်ထုတ်သုံးပြီးသွားပြီ မဟုတ်ပါလော။ သို့သော် သူမ၏ တိုက်ကွက်မှာ မအောင်မြင်ဘဲ ကျရှုံးသွားခဲ့ရသည်ဟု သတ်မှတ်၍ မရပေ။ အကယ်၍ သူမ၏ ပြိုင်ဘက်သာ အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် မဟုတ်ဘဲ တာအိုနန်းတော်ဂိုဏ်းသားတစ်ယောက် ဖြစ်နေမည်ဆိုပါက ဇီဝိန်ချုပ်သွားရမည်မှာ မလွဲဧကန်ပင်။
” ဒီဘဝတော့ ဒီမျှလောက်ပဲထင်ပါတယ်… ” ကျောက်ယမုန့်မှာ အသက်ပြင်းပြင်းရှူကာ ရေရွတ်လိုက်၏။ သူမ၏ နှလုံးသားထဲ၌ နာကြည်းမှုများဖြင့် ပြည့်နှက်နေပါသော်လည်း သူမသည် စိတ်အားငယ်နေခြင်းမရှိဘဲ သူမ၏ ကံကြမ္မာအား လက်ခံလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူမသည် မျက်လုံးများ မှေးသွားပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ သူမ၏ နဖူးအား လှမ်း၍ ရိုက်လိုက်တော့သည်။
သူမသည် ဤတိုက်ပွဲကြီးကို အနိုင်မရနိုင်ပါက သူမ၏ ရန်သူအတွက် အကျိုးရှိစေမည့် ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ခံရမည့် အခြေအနေသို့ ရောက်ခံမည့်အစား သူမကိုယ်သူမ သတ်သေလိုက်မည်သာ ဖြစ်သည်။
ကျောက်ယမုန့်တစ်ယောက် သူမ၏လက်အား မြှောက်လိုက်ချိန်တွင် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ရှေ့သို့ပြေးထွက်လာပြီး သူမ၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို အသာအယာ ဝှေ့ယမ်းကာ ကျောက်ယမုန့်၏ လက်အား လှမ်းရိုက်လိုက်တော့သည်။ ထိုအခါ ကျောက်ယမုန့်မှာ လေပေါ်သို့ မြောက်တတ်သွားပြီး ကျောက်နံရံတစ်ခုနှင့် ရိုက်မိသွား၏။
ထို့ကြောင့် သူမသည် အမြင်အာရုံများ ဝေဝါးသွားရပြီး သူမ၏ ပါးစပ်ထဲမှ သွေးများစီးကျလာတော့သည်။ သို့သော် သူမသည် အံကြိတ်ကာ သူမ၏နှုတ်မှ အသံတစ်သံမှ ထွက်မလာအောင် တောင့်ခံထား၏။ ထို့နောက် သူမသည် မျက်လုံးများကို ကြိုးစားဖွင့်လိုက်ပြီး သူမဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာနေသော အဆုံးမဲ့မျိုးနွယ်စုဝင်အဘိုးကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်တော့သည်။
” နင့်ရဲ့ ခံယူချက်ကိုတော့ ငါ လေးစားပါတယ်။ ဒါပေမဲ့ နင့်ရဲ့ အသက်က နင့်လက်ထဲမှာ မရှိတော့ဘူး။ ငါ နင့်ကို သတ်သေခွင့် မပေးနိုင်ဘူး။ သက်ရှိလူတစ်ယောက်ကို သန့်စင်မှ ဆေးလုံးရဲ့ အရည်အသွေးက ပိုကောင်းတာ။ အဲဒီ ဆေးလုံးနဲ့သာဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေက အကောင်းပတိအတိုင်း ပြန်ဖြစ်သွားတော့မှာ။ ဒါ နင့်ရဲ့ ကံကြမ္မာပဲ ”
အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ မျက်လုံးများမှေးကာ ဩဇာညောင်းသည့်လေသံဖြင့် ဆိုလိုက်၏။ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ကျောက်ယမုန့်ဆီသို့ ဦးတည်သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်သွားရတော့သည်။ ထို့နောက် သူသည် လက်တစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် သူ၏ညာဘက်သို့ လှမ်း၍ ဖမ်းဆုပ်လိုက်၏။
ထိုအချိန်မှာပင် အရိပ်တစ်ခုမှာ သူ၏ညာဘက်မှနေ၍ လျှပ်စီးတန်းတစ်ခုကဲ့သို့ ထိုးထွက်လာ၏။ သို့သော် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ပို၍မြန်ဆန်နေသောကြောင့် သူသည် ၎င်းအား ချက်ချင်းပင် ဖမ်းမိသွားတော့သည်။
၎င်းမှာ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေ၏။
၎င်းမှာ ထိုအဘိုးကြီးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသွားသဖြင့် လေထဲ၌ ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။ ထိုအဘိုးကြီးမှာမူ မျက်မှောင်ကြုတ်သွားရ၏။ ထို့နောက် သူသည် အရပ်မျက်နှာအနှံ့မှနေ၍ ရုပ်သေးရုပ် ခုနစ်ရုပ်၊ ရှစ်ရုပ်ခန့် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေကြသည်ကို မြင်လိုက်ရတော့သည်။
ကျောက်ယမုန့်မှာ ထိုရုပ်သေးရုပ်များကို မြင်လိုက်ရသောအခါ အသက်ရှူသံများ မတည်မငြိမ်ဖြစ်သွား၏။ ထို့နောက် သူမ၏ မျက်လုံးများမှာလည်း ပြန်၍ အသက်ဝင်လာတော့သည်။
” အပေါစား လှည့်ကွက်တွေ ” အဘိုးကြီးမှာမူ အထင်သေးသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။ သူသည် အတိတ်တုန်းက ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ထိုဒဏ်ရာများမှာ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးသောကြောင့် လက်ရှိတွင် အစောပိုင်း ယွမ်ယင်အဆင့်၌ တစ်နေရဆဲပင်။ ထို့အပြင် သူသည် ဝိညာဉ်ဆန့်ကျင်ဗုံးနှင့် တိုက်ခိုက်ခံခဲ့ရသဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေအဆင့်အထိ နိမ့်ကျသွားရပြီ ဖြစ်သည်။ သို့သော်လည်း သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေဆဲပင်။
ထို ရုပ်သေးရုပ်များ သူ့ဆီသို့ ပြေးလာနေကြစဉ် သူသည် အောက်သို့ဝပ်လိုက်ပြီး သူ၏လက်ခြောက်ဖက်စလုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မြေပြင်ကြီးအား ထိုးနှက်လိုက်၏။
ထိုအခါ ဝိညာဉ်စွမ်းအင်လှိုင်းများ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားကြပြီးနောက် ထိုရုပ်သေးရုပ်များအား ခြေမွှဖျက်ဆီးလိုက်ကြတော့သည်။
ထို့နောက် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ လေပေါ်သို့ခုန်တက်သွားကာ ကျောက်ယမုန့်ဆီသို့ ပြေးသွားလိုက်၏။ သူသည် ထိုသို့ပြေးသွားနေရင်း မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ မီးတောက်များ စတင်တောက်လောင်လာတော့သည်။ သူသည် သူမအား အတင်းအဓမ္မ သန့်စင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ထိုအချိန်တွင် အမျက်ချောင်းချောင်းထွက်နေသည့် စကားသံကြီးတစ်သံမှာ သူ၏နောက်၌ ထွက်ပေါ်လာတော့သည်။
” ခဗျားက သေချင်နေတာပဲ ”
ထို အသံကြီးမှာ ကောင်းကင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားသဖြင့် တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်လာတော့သည်။ ထို့နောက် လေထဲ၌ အနက်ရောင် အလင်းတန်းတစ်ခု ပေါ်ပေါက်လာ၏။ ထိုအလင်းတန်းမှာ မှုန်ဝါးဝါး ဖြစ်နေပြီး အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားများကို ထုတ်လွှတ်ရင်း ကြယ်ပျံတစ်လုံးကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာသည်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ဒုတိယအကြိမ်အဖြစ် ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ သူသည် ကျောက်ယမုန့် သူ၏ရှေ့၌ ဝိညာဉ်ဆန့်ကျင်ဗုံးအား ဖောက်ခွဲခဲ့စဉ်တုန်းက ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်၏။
သူသည် တွေဝေတုံ့ဆိုင်းနေရန် အချိန်မရှိသောကြောင့် ကျောက်ယမုန့်ကိုပင် သူ၏ရှေ့သို့ဆွဲကာ လူသားဒိုင်းကာတစ်ခုအဖြစ် အသုံးမပြုနိုင်တော့ပေ။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်ကာ ပျောက်ကွယ်သွားပြီးနောက် နောက်သို့ ပေတစ်ရာတိတိ ဆုတ်ခွာသွား၏။ သို့သော် သူ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင် အလင်းတန်းလေးမှာ အရှိန်လျော့ကျသွားခြင်း မရှိဘဲ ကျောက်ယမုန့်၏ ရှေ့၌ ချက်ချင်းဆိုသလိုပင် လမ်းကြောင်းပြောင်းသွား၏။ ထို့နောက် ၎င်းမှာ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးအား ပစ်မှတ်ထား၍ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
ထို အလင်းတန်းမှာ အနက်ရောင်လှံရှည်ကြီး ဖြစ်ပေသည်။ ၎င်းမှာ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းနေသကဲ့သို့ ဖြစ်နေပြီး အလွန်အင်မတန်မှ မြန်ဆန်နေ၏။ ဒဏ်ရာအပြင်းထန်ရထားသော အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ နောက်တစ်ကြိမ်ထပ်၍ တည်နေရာပြောင်းရွှေ့နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ထိုလှံရှည်ကြီးမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားတော့မည် ဖြစ်သည်။
အဘိုးကြီးမှာမူ အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏လက်ခြောက်ဖက်ဖြင့် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ရတော့သည်။ ထိုအခါ အနက်ရောင် မျဉ်းကြောင်းခြောက်ကြောင်း ပေါ်ပေါက်လာကာ စုစည်းသွားကြပြီးနောက် နတ်ဆိုးမျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထို့နောက် ထိုမျက်နှာကြီးမှာ အနက်ရောင်လှံရှည်ကြီးနှင့် ရိုက်ခတ်သွားသဖြင့် လေထဲ၌ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ နောက်ဆုံးတွင် ထိုအနက်ရောင်လှံကြီးမှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ၎င်းထဲမှ အနက်ရောင် လျှပ်စီးတန်းတစ်ခု ထိုးထွက်လာလာသည်။ ထို့နောက် ထိုလျှပ်စီးတန်းထဲမှနေ၍ လူရိပ်တစ်ခု ထွက်ပေါ်လာကာ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်၏။
ထိုလက်သီးချက်ထဲ၌ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ စွမ်းအားများ ကိန်းအောင်နေခြင်းမရှိပါသော်လည်း ၎င်းမှာ ဝမ်ပေါင်လဲ့၏ကိုယ်ပွား ထုတ်လွှတ်နိုင်သည့် အစွမ်းအထက်ဆုံး လက်သီးချက်ဖြစ်ပေသည်။ ၎င်းမှာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်နှင့် ဆွေ့ရှင်းပေါင်တို့၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။ ထို့ကြောင့် ထိုလက်သီးချက်၏ ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ ပေါ်ပေါက်လာပြီးနောက် ၎င်းမှာ အရွယ်အစားကြီးမားသွား၏။ နောက်ဆုံးတွင် ၎င်းမှာ ဧရာမလျှပ်စီးလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ ရှေ့၌ ပေါက်ကွဲသွားတော့သည်။
ထိုအခါ မြေပြင်ကြီးမှာ ကွဲအက်သွားပြီး လျှပ်စီးတန်းပေါင်း မြောက်မြားစွာမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားကြ၏။ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ကျောက်ယမုန့်၏ ဝိညာဉ်ဆန့်ကျင်ဗုံးကြောင့် အပြင်းအထန် ဒဏ်ရာရထားခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့ ရုတ်တရက် ထုတ်လွှတ်လိုက်သည့် တိုက်ကွက်ကြီးနှင့် ကြုံလိုက်ရသောအခါ နောက်သို့လွင့်ထွက်သွားပြီး ပါးစပ်ထဲမှ သွေးများစီးကျလာတော့သည်။
ထိုအခါ သူသည် အနက်ရောင် လှံရှည်ကြီးအား ရပ်တန့်ထားနိုင်စွမ်း မရှိတော့သောကြောင့် ၎င်းမှာလည်း ရှေ့သို့ ထိုးထွက်လာတော့သည်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ တစ်ခေါင်းလုံး ထူပူသွားရပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည့် နေရာများသို့ အထိုးမခံရစေရန် သူ၏ခန္ဓာကိုယ်အား တွန့်လိမ်ကောက်ကွေးကာ ရှောင်တိမ်းလိုက်ရ၏။ ထိုအခါ ထို လှံရှည်ကြီးမှာ သူ၏ပခုံးအား ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့သည်။
ထို့ကြောင့် သွေးများ အရက်မျက်နှာအနှံ့သို့ ပန်းထွက်သွားပြီး အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ဒေါသတကြီး အော်ဟစ်ကာ နောက်သို့ ချက်ချင်းဆုတ်ခွာသွားရ၏။
” ဝမ်ပေါင်လဲ့။ မင်း…. ”
သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ လျှပ်စီးတန်းတစ်ခုအဖြစ် သူ၏ရှေ့၌ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် သူ၏ကိုယ်ပွားအား ထို အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ ခန္ဓာကိုယ်ထဲသို့ထည့်ကာ အတွင်းပိုင်းထဲမှနေ၍ ဖောက်ခွဲပစ်ရန် ကြံစည်နေခြင်းဖြစ်သည်။
Good!
Gg
👍