Switch Mode

အခန်း (၆၅၁)

ကြောက်မက်ဖွယ်ရာ ကျောက်ယမုန့်

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားကာ ရှေ့သို့ပြေးထွက်သွားပြီး သွေးကွက်များနှင့် စုတ်ပြဲနေသည့် အဝတ်စများဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် သူသည် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ရုပ်သေးရုပ်များကို ဆင့်ခေါ်ကာ ထိုနေရာတစ်ဝိုက်တွင် ရှာဖွေရန် အမိန့်ပေးလိုက်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် သွေးရူးသွေးတန်းနှင့် လှည့်လည်ရှာဖွေနေစဉ် ကျောက်ယမုန့်မှာ သူနှင့် ကီလိုမီတာ ငါးဆယ်အကွာတွင်ရှိသော တောင်ကြားတစ်ခုထဲ၌ ရှိနေ၏။ သူမသည် သွေးတစ်ပွက် အန်ထွက်လာပြီးနောက် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ကာ ဆံပင်များ ဖွာလန်ကြဲနေသည်။ သူမ၏ လက်ထဲတွင်မူ သံလိုက်အိမ်မြှောင် တစ်လုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ထို သံလိုက်အိမ်မြှောင်ထဲမှ ထွက်ပေါ်နေသည့် အလင်းတန်းများမှာ အကာအရံတစ်ခုကို ဖန်တီးပေးထားပြီး ကျောက်ယမုန့်အား လွမ်းခြုံပေးထား၏။ ထိုအလင်းတန်းများမှာ တဖြည်းဖြည်းနှင့် မှေးမှိန်လာနေပြီး ကြာကြာတောင့်ခံနိုင်တော့မည့်ပုံ မပေါ်ပေ။

ထို အကာအရံကြီး၏ အပြင်ဘက်တွင်မူ အပြာရောင်မီးတောက်များ တောက်လောင်နေပြီး သူမအား ဝန်းရံထား၏။ ထို မီးတောက်များထဲတွင် မျက်နှာပေါင်း မြောက်မြားစွာ ရှိနေပြီး ၎င်းတို့မှာ ကျောက်ယမုန့်အား စိုက်ကြည့်ကာ အသံကုန်အော်ဟစ်ရင်း အကာအရံကြီးအား ထပ်ခါတလဲလဲ ဝင်တိုက်နေတော့သည်။

ထို အကာအရံကြီးမှာ လောလောဆယ်တွင် ၎င်းတို့အား ခုခံတွန်းလှန်နိုင်စွမ်း ရှိနေပါသော်လည်း ၎င်း၏ အလင်းရောင်များမှာ တဖြည်ဖြည်းနှင့် ပို၍ မှေးမှိန်လာနေပြီဖြစ်သည်။ ဘေးပတ်ပတ်လည်တွင်မူ အပြာရောင်မီးတောက်များ အဆက်မပြတ် တောက်လောက်နေသောကြောင့် အပူချိန်များ မြင့်တက်လာ၏။ ထို မီးတောက်များထဲတွင် အဘိုးကြီးတစ်ယောက် ရှိနေသည်။ သူသည် တာအိုနန်းတော်၏ ဝတ်ရုံများကို ဆင်မြန်းထားပြီး မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။ သူသည် အကာအရံကြီးထဲ၌ ပိတ်မိနေသည့် ကျောက်ယမုန့်အား အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ အသံကွဲကြီးဖြင့် အော်ဟစ်ရယ်မောလိုက်၏။

” ငါ ရှိနေတာကို နင်က ထွက်ပြေးနိုင်မယ်လို့ထင်နေတာလား ” သူသည် ထိုသို့ဆိုကာ ညာဘက်လက်ကို မြှောက်လိုက်ပြီးနောက် အကာအရံကြီးပေါ်သို့ ဖိချလိုက်၏။ ထိုအခါ ထိုအကာအရံကြီးမှာ ကျွီခနဲမြည်သွားပြီး ပြိုလဲပျက်စီးသွားတော့မည့်ပုံ ပေါက်‌နေတော့သည်။

” စိတ်ဝင်စားစရာပဲ။ နင်က အသက်ကယ် ဝှက်ဖဲတချို့ကိုတောင် ပိုင်ဆိုင်ထားသေးတယ် ” ထိုအဘိုးကြီးမှာ ဂရုမစိုက်သည့်လေသံဖြင့် ရယ်မောကာ ဆိုလိုက်၏။ သူသည် လောဘမီးများ တောက်လောင်နေသည့် မျက်လုံးများဖြင့် ကျောက်ယမုန့်အား စိုက်ကြည့်ကာ အကဲခတ်နေတော့သည်။

” ကလေးမလေး။ ဗေဒါပင်သစ်ရွက် အရည်အချင်း စမ်းသပ်ပွဲထဲမှာကတည်းက နင့်ရဲ့ တမူထူးခြားတဲ့ အရည်အချင်းတွေကို ငါ သတိထားမိခဲ့တာ။ နင်က သာမန်လူတစ်ယောက် မဟုတ်ဘူးပဲ။ နင့်ရဲ့ ဒွာရခုနစ်ပေါက်စလုံးက ပွင့်နေပြီးသား။ ဘယ်ဆိုးလို့လဲ။ နင့်ကို ဝိညာဉ်ထွက်ပေါက်ဆေးလုံးတွေ ဖန်တီးသန့်စင်ဖို့အတွက် အသုံးပြုလို့ရမှာ သေချာတယ်။ ငါတော့ ပွတာပဲဟေ့ ” ထိုအဘိုးကြီးမှာ ပြုံးကာဆိုလိုက်ပြီးနောက် လောဘစိတ်များ ပို၍ကြီးထွားလာတော့သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်သဖြင့် ကျောက်ယမုန့်၏ ပတ်ပတ်လည်တွင် ရှိနေသော မီးတောက်များမှာ ပို၍ပင် အားကောင်းလာပြီး သူမ၏ အကာအရံကြီးအား အဆက်မပြတ် ရိုက်ခတ်နေကြတော့သည်။ ထို့အပြင် သူသည် နောက်ထပ် မန္တန်လက်ကွက်တစ်ခု ထပ်၍ဖော်လိုက်ပြီးနောက် ကျောက်ယမုန့်၏ ပတ်ပတ်လည်ရှိ မြေပြင်ပေါ်၌ ကမ္ဗည်းစာလုံး အချုပ်အနှောင်များ နေရာချထားလိုက်တော့သည်။

ထိုအခါ ထိုမီးတောက်များမှာ ပို၍ပင်အားကောင်းလာသဖြင့် ကျောက်ယမုန့်မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး သွေးတစ်ပွက် အန်ထွက်လာရတော့သည်။ သူမ၏ လက်များမှာ တဆတ်ဆတ် တုန်ရီနေသောကြောင့် ထိုသံလိုက်အိမ်မြှောင်လေးမှာ သူမ၏လက်ထဲမှ လွတ်ကျသွားလုနီးပါး ဖြစ်သွားရ၏။

ကျောက်ယမုန့်မှာ သူမ၏နှုတ်ခမ်းမှ သွေးများကို မသုတ်ဘဲ ခေါင်းမော့ကာ ထိုအဘိုးကြီးအား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။ ထိုအဘိုး၏ မျက်ဝန်းထဲမှ အကြည့်မှာ အချိန်နှင့်အမျှပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာတော့သည်။ သူသည် သူမအား လိုက်ဖမ်းနေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ သူမသည် ဤကမ္ဘာကြီးထဲ၌ သတိပြန်ရလာခဲ့ပြီးနောက် အခြားမည်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။ သူမသည် သတိကြီးကြီးထားကာ လှည့်လည်သွားလာနေခဲ့ပြီးနောက် မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ခဲ့ရခြင်း မရှိပါသော်လည်း ထိုအဘိုးကြီးနှင့် ဆုံလိုက်ရသည့်အချိန်တွင် အရာအားလုံးမှာ ပြောင်းလဲသွားခဲ့၏။

ထိုအဘိုးကြီး၏ ရည်မှန်းချက်ပန်တိုင်းမှာ ပြတ်သားပေသည်။ သူသည် သူမ၏ တည်နေရာအား တစ်ချိန်လုံး သိနေခဲ့သည့်ပုံပေါ်ပြီး သူမ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် သူမအား ချက်ချင်းတိုက်ခိုက်ခဲ့၏။ သူမ၏ ဖခင်ဖြစ်သူ လက်ဆောင်ပေးထားသည့် အလွန်အင်မတန်မှ အဖိုးတန်သော အသက်ကယ် အဆောင်ပစ္စည်းကြောင့်သာ မဟုတ်လျှင် သူမသည် အသက်ပျောက်နေလောက်ပြီဖြစ်သည်။

သို့သော် သူမသည် ထိုကဲ့သို့ အဆောင်ပစ္စည်းမျိုးကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ပိတ်မိနေဆဲပင်။ ထိုအဘိုးကြီးမှာ သူမအား ချက်ချင်းသတ်ဖြတ်ရန် အစီအစဉ်မရှိကြောင်း သူမက သိထား၏။ သူသည် သူမအား အသုံးပြုကာ ဝိညာဉ်ထွက်ပေါက် ဆေးလုံးတစ်လုံး ဖန်တီးသန့်စင်မည် ဖြစ်သည်။

ထိုအချိန်တွင် ကျောက်ယမုန့်မှာ သူမ၏ နှုတ်ခမ်းအား ကိုက်လိုက်၏။ သူမသည် ဒေါသထွက်နေခြင်းမရှိသလို ထိုအဘိုးကြီးကိုလည်း စကားတစ်ခွန်းမှ ပြန်ပြောနေခြင်း မရှိပေ။ သူမ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ သူမ၏ ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် လည်ပတ်နေ၏။ သူမသည် အားအင်ကုန်ခန်းလုနီးပါး ဖြစ်နေပါသော်လည်း သံလိုက်အိမ်မြှောင်ထဲသို့ စွမ်းအင်များ ဆက်လက်ထည့်သွင်းနေဆဲပင်။ ထို သံလိုက်အိမ်မြှောင်လေးမှာ သူမ ပြည်ထောင်စုကြီးထဲမှ ယူလာခဲ့သော အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်ပေသည်။ ၎င်းမှာ သူမ၏ အသက်ကို ကယ်တင်နိုင်စွမ်းရှိသည်။ သူမသည် ဘေးဒုက္ခ‌မိုးကောင်းကင် မန္တန်အစီအရင်အား ရရှိပိုင်ဆိုင်ခဲ့ပြီးနောက် ၎င်းအား ထိုသံလိုက်အိမ်မြှောင်ပေါ်၌ အမှတ်အသား လုပ်ထားခဲ့၏။ ထို့ကြောင့် ထိုသံလိုက်အိမ်မြှောင်လေးမှာ ပို၍ပင် အစွမ်းထက်လာရသည်။

ယခုတွင် ထို သံလိုက်အိမ်မြှောင်မှာ ၎င်း၏ စွမ်းအာများကုန်လုံးကို ထုတ်လွှတ်နေ၏။ ထို့အပြင် သူမသည် သူမ၏ လည်ဆွဲထဲမှ စွမ်းအားများကိုပါ ထုတ်သုံးနေသည်ဖြစ်ရာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်များကို ခုခံတွန်းလှန်နိုင်စွမ်း ရှိနေ၏။ သို့သော် ထိုလည်ဆွဲထဲမှ စွမ်းအားများမှာ တဖြည်းဖြည်းနှင့် လျော့နည်းလာနေပြီဖြစ်ကြောင်း သူမက ခံစားမိနေသည်။ ထိုစွမ်းအားများ ကုန်ခန်းသွားသည်နှင့် တစ်ပြိုင်နက် သူမသည် ဤအကာအရံကြီးအား ဆက်၍ ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် သူမသည် အကူအညီတောင်းရန် အစွမ်းကုန် ကြိုးစားခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့် သုံးရက်အတွင်းတွင် သူမသည် ထိုအဘိုးကြီးဆီမှ ထွက်ပြေးနေရင် သူမ၏ အဝတ်စများနှင့် သွေးကွက်များကို ‌လမ်းတစ်လျှောက်၌ ချန်ရစ်ထားခဲ့၏။ ၎င်းတို့မှာ အကူအညီတောင်းလိုသည့် သင်္ကေတများ ဖြစ်ပေသည်။ သို့သော်လည်း သူမသည် ဤကမ္ဘာကြီးထဲ၌ အခြားမည်သူ့ကိုမှ ရှာမတွေ့သေးပေ။ ထို့ကြောင့် သူမသည် လောကဓံတရားကို ကြံကြံခံနိုင်သည့် လူတစ်ယောက် ဖြစ်သည့်တိုင်အောင် စိတ်ဓာတ်များ ကျလာရပြီဖြစ်သည်။

သို့သော် သူမသည် မျှော်လင့်ချက်များ ပျက်သုဉ်းသွားခြင်း မရှိသေးပေ။

သူမသည် လူပျော့လူညံ့တစ်ယောက် မဟုတ်ဘဲ ရည်မှန်းချက်ပန်းတိုင်များ၊ အိပ်မက်များနှင့် ကိုယ်ပိုင်ယုံကြည်မှုများကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူမသည် အပြင်ပန်းတွင် တည်ငြိမ်နေသည့်ပုံ ပေါ်နေပါသော်လည်း လက်တွေ့တွင်မူ တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်တစ်ခုကဲ့သို့ ဖြစ်နေ၏။

ယခုတွင် မည်သူကမှ သူမကို လာရောက်ကယ်တင်နိုင်တော့မည် မဟုတ်ကြောင်း ကျောက်ယမုန့်က နားလည်ထား၏။ ထို့ကြောင့် သူမသည် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာပြီးနောက် ထိုအဘိုးကြီးမြင်ရအောင် သူ၏ရှေ့တွင် မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။ ထိုအခါ သူမ၏ သံလိုက်အိမ်မြှောင်လေးမှာ အပြင်းအထန် တုန်ရီသွားပြီး ပေါက်ကွဲသွား၏။

အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခု၏ ပေါက်ကွဲမှုအား လျှော့တွက်၍မရပေ။ ထို့အပြင် ကျောက်ယမုန့်မှာ ထို သံလိုက်အိမ်မြှောင်ပေါ်၌ ဘေးဒုက္ခမိုးကောင်းကင် မန္တန်အစီအရင်ကြီး၏ အမှတ်အသားတစ်ခုကို ရေးထိုးထားသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုပေါက်ကွဲအားမှာ ပို၍ပင် ပြင်းထန်သွားတော့သည်။ ထိုပေါက်ကွဲမှုကြောင့် မိုးခြိမ်းသံကဲ့သို့သော အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာကာ လေမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီးနောက် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

ထိုအခါ အပြာရောင်မီးတောက်များမှာ နောက်သို့ကျုံ့ဝင်ကာ ယိမ်းယိုင်သွားကြပြီး ငြိမ်းသွားတော့မည့်အလား ဖြစ်သွား၏။ တောင်များမှာလည်း အသံအကျယ်ကြီးမြည်ကာ ပြိုလဲပျက်စီးသွားကြသည်။ အကယ်၍ ထိုတိုက်ကွက်မှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါက ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာရသွားအောင် လုပ်နိုင်မည်သာ ဖြစ်သည်။ သို့သော် ကျောက်ယမုန့်၏ မျက်ဝန်းများထဲ၌ ကိန်းအောင်းနေသည့် ရန်လိုစိတ်များကို အထင်းသား မြင်နေရသောကြောင့် သူမ၏ တိုက်ကွက်ကြီးမှာလည်း သိသာထင်ရှားလွန်းနေတော့သည်။ ထိုအဘိုးကြီးမှာ သူမ၏ တိုက်ကွက်အား အာရုံခံမိလိုက်သဖြင့် လှောင်ပြောင်လိုသည့် လေသံဖြင့် ရယ်မောကာ နောက်သို့ဆုတ်ခွာသွားလိုက်ပြီး ထိုလေမုန်တိုင်းကြီးကြောင့် ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများကို ရှောင်တိမ်းလိုက်တော့သည်။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်ကာ လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ ငြိမ်းသွားတော့မည့်ဆဲဆဲ ဖြစ်နေကြသည့် အပြာရောင်မီးတောက်များမှာ တစ်ဖန်ပြန်၍ အားမာန်အပြည့်ဖြင့် တောက်လောင်လာကြတော့သည်။ ထို့နောက် ၎င်းတို့မှာ ဧရာမမီးလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး ကျောက်ယမုန့်ဆီသို့ ဆန့်ထွက်လာတော့သည်။

ကျောက်ယမုန့်မှာမူ အန္တရာယ်နှင့် ကြုံနေရသည့်တိုင်အောင် တည်ကြည်နေသည့်ပုံ ပေါက်နေဆဲပင်။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ တောက်ပသွားပြီးနောက် သူမသည် နောက်သို့ဆုတ်ကာ သူမ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ထုတ်သုံးလိုက်တော့သည်။ သူမသည် အမြုတေအဆင့်တွင်သာ ရှိသေးသည်ဖြစ်ပြီး ဒဏ်ရာများ ရထားသည်ဖြစ်ရာ ထိုလက်ကြီးဆီမှ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ ထိုလက်ကြီးမှာ သူမအား ချက်ချင်း ဖမ်းမိသွားတော့သည်။ ထို့နောက် ၎င်းမှာ သူမအား ယွမ်ယင်အဆင့် ကျင့်ကြံသူကြီး၏ ရှေ့သို့ ပြန်၍ဆွဲခေါ်သွား၏။

” ကလေးမလေး။ နင့်ရဲ့ အကွက်တွေက ရိုးလွန်းပါတယ်ကွာ… ” ထိုအဘိုးကြီးမှာ ပြုံးကာ ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား မြှောက်လိုက်ပြီး ကျောက်ယမုန့်၏ လည်ဆွဲအား ဆွဲဖြုတ်ကာ ဘေးသို့ လှမ်းပစ်လိုက်၏။ ထိုအခါ ထိုလည်ဆွဲလေးမှာ ပေါက်ကွဲသွားပြီးနောက် သံလိုက်အိမ်မြှောင် ပေါက်ကွဲသွားစဉ်တုန်းကထက်ပင် ပို၍အားကောင်းသော တုန်ခါမှုလှိုင်းများကို ထုတ်လွှတ်လိုက်တော့သည်။ ကျောက်ယမုန့်မှာမူ ချက်ချင်းဆိုသလိုပင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။

” ပထမဆုံး ပေါက်ကွဲမှုက ငါ့ကို အာရုံလွှဲဖို့မလား။ အဲတာမှ လည်ဆွဲပေါက်ကွဲသွားတဲ့အချိန် ငါ အငိုက်မိသွားမှာလို့ နင်က တွက်ထားပုံရတယ်။ ကလေးမလေးရာ။ နင်က… ” ထိုအဘိုးကြီး စကားမဆုံးနိုင်ခင်မှာပင် ကျောက်ယမုန့်မှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ သူမ၏ ပါးစပ်ထဲမှနေ၍ အပ်တစ်ချောင်းအား ပစ်လွှတ်လိုက်၏။

” ကလေးကလား အကွက်တွေ ” အဘိုးကြီးမှာ အထင်သေးသည့် အမူအရာဖြင့် ရေရွတ်လိုက်ပြီးနောက် သူ၏ဘယ်ဘက်လက်ကို မြောက်ကာ သူ၏နဖူးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည့် အပ်ချောင်းလေးအား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ သို့သော် သူ ထိုအပ်လေးအား ဖမ်းဆုပ်မိလိုက်ချိန်တွင် သူ၏ လှောင်ပြောင်လိုသည့် မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားရတော့သည်။ ထိုအပ်လေးမှာ တစ်စစီ ကြေမွပျက်စီးသွားပြီးနောက် မီးခိုးရောင်မြူခိုးများအဖြစ် ပြောင်းလဲကာ သူ၏မျက်လုံးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။

ထိုအခါ အဘိုးကြီးမှာ ချက်ချင်းဆိုသလိုပင် မျက်လုံးများမှိတ်လိုက်တော့သည်။ ကျောက်ယမုန့်မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေဆဲဖြစ်ပါသော်လည်း သူမ၏ မျက်ဝန်းများထဲရှိ စိုးရိမ်တုန်လှုပ်မှု အရိပ်အယောင်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့နောက် သူမသည် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် သူမ၏ ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးနှင့်လက်မအား ဖိကပ်လိုက်တော့သည်။

သူမ၏ လက်မထဲတွင် အလွန်အင်မတန်မှ သေးငယ်သည့် ပစ္စည်းတစ်ခု ရှိနေသည့်ပုံပင်။ ထိုဖိအားကြောင့် ၎င်းမှာ သက်ဝင်လှုပ်ရှားလာ၏။ ထို့နောက် သူမ၏ လက်မထဲမှ အလင်းတန်းနှစ်ခု ထိုးထွက်လာတော့သည်။ အလင်းတန်းတစ်ခုမှာ အနီရောင်ဖြစ်ပြီး အခြားတစ်ခုမှာ အဖြူရောင်ဖြစ်သည်။

အဖြူရောင်အလင်းတန်းမှာ ကျောက်ယမုန့်၏ ပတ်ပတ်လည်တွင် ရစ်ပတ်သွားပြီးနောက် အကာအရံ ပူဖောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ အနီရောင်အလင်းတန်းမှာမူ ယွမ်ယင်အဆင့် အဘိုးကြီးကြီးဆီသို့ ဦးတည်သွားသည်။ အကယ်၍ ထို အနီရောင်အလင်းတန်းအား သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ကြိမ်ဖန်များစွာ ဖိနှိပ်ခံထားသဖြင့် သဲမှုန်လေးတစ်မှုန်ကဲ့သို့ ဖြစ်နေသော သလင်းကျောက်လေးတစ်လုံးကို မြင်နိုင်ပေသည်။

ထို သလင်းကျောက်လေးထဲမှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်လာပြီး အဘိုးကြီး တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင် ၎င်းမှာ သူ့အား ရိုက်ခတ်သွားတော့သည်။ ထို့ကြောင့် ပေါက်ကွဲမှုတစ်ခု ‌ထွက်ပေါ်လာ၏။

ထိုအချိန်မှာပင် အကာအရံတစ်ခု ပေါ်ထွက်လာပြန်သည်။ ၎င်းမှာ လူတစ်ယောက်၏ ဝိညာဉ်ချီများကို ပစ်မှတ်ထားကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချုပ်တည်းပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ၎င်းမှာ ပြည်ထောင်စုကြီး၏ အတိုးတက်ဆုံးသော နည်းပညာများနှင့် ဝိညာဉ်စွမ်းအင်များကို ပေါင်းစပ်ကာ ဖန်တီးထားသည့်… ဝိညာဉ်ဆန့်ကျင်‌ဗုံးဖြစ်ပေသည်။

ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် အဘိုးကြီးမှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ သူသည် နောက်သို့ဆုတ်ခွာသွားရပြီး သူ၏ အပြင်ခန္ဓာကိုယ်မှာ စုတ်ပြတ်ပေါက်ပြဲနေပြီ ဖြစ်သည်။ ကျောက်ယမုန့်မှာ အဖြူရောင်အလင်းတန်း၏ အကာအရံအောက်တွင် နောက်သို့ဆုတ်ခွာသွားပါသော်လည်း သူမ၏ ဒဏ်ရာများမှာ အလွန်အင်မတန်မှ ပြင်းထန်နေသောကြောင့် သွေးတစ်ပွက် အန်ထွက်လာ၏။ သူမ၏ ခန္ဓာကိုယ်မှာ အလွန်အင်မတန်မှ အားအင်နုံးချည့်နေပြီ ဖြစ်ပါသော်လည်း သူမ၏ မျက်ဝန်းများမှာမူ အားမာန်အပြည့်ဖြင့် တောက်ပနေဆဲပင်။

သူမသည် စိုးရမ်တုန်လှုပ်နေသည့် ပုံစံပေါက်အောင် တမင်တကာ ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သံလိုက်အိမ်မြှောင်နှင့် လည်ဆွဲတို့ကို ဖောက်ခွဲပစ်ခဲ့ခြင်းမှာ အဘိုးကြီးအား အငိုက်ဖမ်းနိုင်ရန်သာ ဖြစ်သည်။ ထိုအဘိုးကြီး သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေသောအချိန်မှ သူမသည် သူမ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို ထုတ်သုံးခဲ့ခြင်း ဖြစ်ပေသည်။

သူမသည် အခွင့်အရေးတစ်ခုသာရှိကြောင်း သိထားသောကြောင့် သတိကြီးကြီးထားကာ ‌ဆောင်ရွက်ခဲ့ရခြင်း ဖြစ်၏။

Comment

Leave a Reply

Options

not work with dark mode
Reset