ဝမ်ပေါင်လဲ့မှာ ထိုစကားသံအား ကြားလိုက်ရသည်နှင့် မျက်နှာဖုံးအား ချက်ချင်းထုတ်ယူလိုက်၏။ ၎င်းအား မျက်စိဖြင့် မြင်နေရသောကြောင့် သူသည် အတုအယောင်ကမ္ဘာထဲသို့ ရောက်ရှိနေခြင်း မဖြစ်နိုင်ပေ။ သူသည် စစ်သင်္ဘောကြီးထဲသို့ ရောက်လာခဲ့ပြီးနောက် အချိန်နှင့်အမျှ ပို၍ သံသယများ လွန်ကဲလာရ၏။
” ငါ့ကို အဲလိုကြည့်မနေနဲ့။ ဒီနေရာထဲကို ဝင်လာတာ နင့်ရဲ့အမှားပဲ။ ငါက နင် စစ်သင်္ဘောကြီးထဲကို ရောက်လာကတည်းက ချုပ်တည်းခံလိုက်ရတာမလို့ တစ်ချိန်လုံး ပုန်းနေရခဲ့ရတာ။ ပြီးတော့ ဝါးမျိုခံရတဲ့ ရန်ကနေ လွတ်မြောက်နိုင်အောင် အိပ်ပါအိပ်နေရသေးတာ။ ပြီးရင် အခုလို အကြာကြီး နေနိုင်မှာ မဟုတ်ဘူး ” မမလေးမှာ ဝမ်ပေါင်လဲ့၏ အကြည့်အား မြင်လိုက်ရသောအခါ စိတ်ရှုပ်နေသည့် လေသံဖြင့် ပြန်ပြောလိုက်၏။
” ဝါးမျိုခံရမယ် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ မမလေးတစ်ယောက် ပုံမှန်အတိုင်း ရှိနေသည်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားရ၏။ ထို့နောက် သူသည် သူမ၏ စကားကို ကြားလိုက်ရသောအခါ အထူးတဆန်း ဖြစ်သွားရသည်။
” ဒီဘက်ခေတ် ကလေးတွေကတော့ကွာ။ ပိုပိုပြီးတော့ကို ရဲတင်းလာကြတာပဲ။ ဖုန့်ချိုးရန်ရော မြဲ့လျဲ့ကျိရော တူတူပဲ။ ယိုရန်ပါ ပါသေးတယ်။ သူတို့တွေ အကုန်လုံးက အသိစိတ်ပျောက်ပြီး ရူးကုန်ကြပြီ။ နင်ရောပဲ ဖက်တီး။ နင်တို့တွေ ဘယ်နေရာကို ရောက်နေသလဲ ဆိုတာကိုရော သိကြလား။ ဒါ အဆုံးမဲ့မျိုးနွယ်စုရဲ့ သေမင်းတာအိုစစ်သင်္ဘောကြီးဟဲ့ ” မမလေးမှာ မောပန်းနွမ်းနယ်နေသည့် လေသံ ပေါက်နေ၏။ အကယ်၍ သူမ၏ ခန္ဓာကိုယ်ကိုသာ မြင်ရမည်ဆိုပါက မမလေးတစ်ယောက် သူမ၏ နဖူးကို ပွတ်ကာ သူမ၏ ရှေ့တွင်ရှိနေသော ဝဝကစ်ကစ် ကျင့်ကြံသူတစ်ယောက်အား လက်ညှိုးထိုး၍ ငေါက်ငမ်းနေသည်ကို မြင်နိုင်မည်ဖြစ်သည်။
” သေမင်းတာအို ဟုတ်လား။ ဒါက ယဇ်ပူဇော်နန်းတော်တစ်ခု မဟုတ်ဘူးလားဗျ ” ဝမ်ပေါင်လဲ့မှာ သေမင်းတာအိုအကြောင်း ယခုမှ ကြားဖူးခြင်းဖြစ်သည်။
” အဆုံးမဲ့မျိုးနွယ်စုနဲ့ အမှောင်ဂိုဏ်းတို့ တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပွဲထဲမှာ အဆုံးမဲ့မျိုးနွယ်စုက မိုးကောင်းကင်တာအိုကို ဖျက်ဆီးပြီးတော့ စကြဝဠာကြီးကို အုပ်စိုးတဲ့ ဥပဒေသတွေကို ပြောင်းလဲပစ်ခဲ့တာ။ သူတို့က ပျက်စီးသွားပြီဖြစ်တဲ့ မိုးကောင်းကင်တာအိုနဲ့ အာကာသကြီးကို ဒယ်အိုးကြီးအနေနဲ့ အသုံးပြုပြီးတော့ ကြယ်တွေကို ကုန်ကြမ်းပစ္စည်းတွေအဖြစ် အသုံးပြုခဲ့ပြီး သေမင်းတာအိုစစ်သင်္ဘော အစင်းရေကိုးသောင်းတိတိကို ဖန်တီးခဲ့ကြတာလေ။ ပထမဆုံး စစ်သင်္ဘော အစီးကိုးရာက ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတွေလောက်ကို အစွမ်းထက်တယ်။ နောက်ထပ် စစ်သင်္ဘောအစင်းရေ ကိုးထောင်က ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေလောက်ကို အစွမ်းထက်ပြီးတော့ ကျန်တဲ့ စစ်သင်္ဘောကြီးတွေက ဂြိုဟ်အဆင့် ကျင့်ကြံသူတွေလောက်ကို အစွမ်းထက်တယ်။ နင်တို့တွေ အခုရောက်နေတဲ့ စစ်သင်္ဘောကြီးက တော်တော်လေး ထိခိုက်ပျက်စီးနေပြီဆိုပေမဲ့ ထာဝရဝိညာဉ်အဆင့်မှာ ရှိနေတုန်းပဲ ”
” သေမင်းတာအိုစစ်သင်္ဘောကြီးတွေထဲကို သက်ရှိတွေ ဝင်ခွင့်မရှိဘူး။ တကယ်လို့ သက်ရှိတွေ အဲဒီ စစ်သင်္ဘောကြီးပေါ်ကို ရောက်လာပြီဆိုတာနဲ့ သက်စောင့်စွမ်းအားတွေ အကုန်လုံး စုပ်ယူခံလိုက်ရမှာ။ ဘာလို့လဲဆိုတော့ အဲဒီ စစ်သင်္ဘောကြီးတွေထဲမှာ မိုးကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေကို မြှုပ်နှံထားတာ မလို့ပဲ။ မဟာစစ်ပွဲဟောင်းကြီးထဲက ရုပ်အလောင်းတွေကိုလည်း ဒီ စစ်သင်္ဘောကြီးထဲမှာ မြှုပ်နှံထားတာ။ ဒီနေရာမှာရှိတဲ့ စည်းမျဉ်းဥပဒေသတွေကြောင့် ဒီ စစ်သင်္ဘောကြီးက မရပ်မနား လည်ပတ်နေမှာ။ ဒီ စစ်သင်္ဘောကြီးတစ်စင်းလုံးရဲ့ မူလဇာစ်မြစ်က နင့်ရဲ့ရှေ့မှာရှိနေတဲ့ တိုက်ပွဲဝတ်ရုံကြီးပဲ ”
” ဒီဝတ်ရုံကို ဝတ်လိုက်တဲ့လူတိုင်း ဒီ စစ်သင်္ဘောကြီးကို ထိန်းချုပ်နိုင်စွမ်းရှိသွားမှာ။ ပြီးရင် သင်္ဘောကြီးထဲက အသေကောင်စစ်တပ်ကြီးကိုလည်း အမိန့်ပေးနိုင်စွမ်း ရှိသွားမှာ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်လုံးများပြူးသွား၏။ ထို့နောက် သူသည် လောဘမီးများ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံဖြင့် တိုက်ပွဲဝတ်ရုံကြီးအား ချာခနဲ လှည့်ကြည့်လိုက်တော့သည်။ သို့သော် သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် မမလေးမှာ မကျေမချမ်းဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်၏။
” အဲဒီဝတ်ရုံကို ဆင်မြန်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ကိုယ့်ရဲ့ အသွေးအသားတွေကို ယဇ်ပူဇော်ပြီးတော့ ကိုယ့်ရဲ့ဝိညာဉ်ကို မီးတင်ရှို့ဖို့ပဲ။ ကိုယ့်ရဲ့ဝိညာဉ် ဘာမှမကျန်တော့တဲ့ အနေအထားထိ ရောက်သွားတဲ့အချိန်မှ ကိုယ်က အဲဒီ တိုက်ပွဲဝတ်ရုံကြီးနဲ့ တစ်သားတည်း ပေါင်းစည်းနိုင်သွားမှာ။ အဲဒီအချိန်ကျရင် သေမင်းတာအိုစစ်သင်္ဘောကြီးကို ထိန်းချုပ်လို့ရသွားပြီ။ အဲအခါ နင်နဲ့ ဒီ စစ်သင်္ဘောကြီးက တစ်သားတည်း ဖြစ်သွားတော့မှာ။ နင် စမ်းကြည့်ချင်တာ သေချာလား ဖက်တီးလေး ”
” အာ ” ဝမ်ပေါင်လဲ့မှာမူ ထိုစကားများကို မျှော်လင့်မထားသောကြောင့် တွေ့ဝေတုံ့ဆိုင်းသွားရ၏။
” သေချာစဉ်းစားကြည့်ရင် အဆိုးကြီးလည်းမဟုတ်ပါဘူး။ နင် စစ်သင်္ဘောကြီးပုံစံ ပြောင်းသွားရင်တောင် ကျင့်ကြံခြင်းကို ဆက်ပြီးတော့ လေ့ကျင့်လို့ရပါသေးတယ်။ တစ်ရက်ရက်ကျရင် အမျိုးသမီး စစ်သင်္ဘောကြီးတစ်စင်းစင်းနဲ့ တွေ့ရင်တွေ့ပြီးတော့ ချစ်ကြိုက်သွားနိုင်သေးတယ်လေ ” မမလေးမှာမူ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆက်ပြောလိုက်၏။ သို့သော် သူမ၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သီးမွေးညင်းများ ထသွားရပြီး ချက်ချင်းပင် ခေါင်းယမ်းလိုက်တော့သည်။
” နင် စမ်းကြည့်ရင်တောင် အောင်မြင်ဖို့မလွယ်ပါဘူး။ ဒီ တိုက်ပွဲဝတ်ရုံကြီးက တော်တော်ကိုပျက်စီးနေပြီ။ ဒီဝတ်ရုံနဲ့ နောက်ဆုံး ပေါင်းစည်းခဲ့တဲ့လူက အသတ်ခံလိုက်ရတာမလို့ သူ့ရဲ့ နဖူးပေါ်ကဒဏ်ရာက ဒီတိုက်ပွဲဝတ်ရုံကြီးပေါ်မှာ ကျန်ခဲ့တာ။ အဲဒီဒဏ်ရာကို ကုသနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ကိုယ့်ရဲ့အသက်ကို စတေးဖို့ပဲ။ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် သူတို့က နင်တို့ရဲ့ အသွေးအသားတွေကို လိုချင်လို့ နင်တို့အကုန်လုံးကို ဒီနေရာအထိ မျှားခေါ်လာတာ ”
” နင်တို့ရဲ့ အသွေးအသားတွေက အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲသွားပြီးတော့ ဒီ တိုက်ပွဲဝတ်ရုံကြီးရဲ့ စုပ်ယူခြင်းကို ခံလိုက်ရမှာ။ အဲအချိန်ကျရင် ဒီကိစ္စကြီးတစ်ခုလုံးရဲ့ ကြိုးကိုင်ရှင်က အသေကောင်စစ်တပ်ကြီးကို အမိန့်ပေးလို့ မရသေးပေမဲ့ ဒီစစ်သင်္ဘောကြီးကိုတော့ ထိန်းချုပ်နိုင်စွမ်းရှိသွားမှာ။ အဲတာဆိုရင် သူက ဒီ စစ်သင်္ဘောကြီးကို တာအိုနန်းတော်ဆီ မောင်းသွားလို့ ရပြီ။ တာအိုနန်းတော်ထဲမှာ ရှိနေတဲ့ သက်ရှိတွေနဲ့တောင် မလုံလောက်သေးဘူးဆိုရင် သူက ပြည်ထောင်စုကြီးဆီကိုပါ သွားပြီးတော့ သက်ရှိတွေအကုန်လုံးကို သတ်ဖြတ်နှိမ်နင်းပစ်မှာ။ အဲလောက်အထိ စတေးပြီးသွားရင်တော့ ဒီစစ်သင်္ဘောကြီးက အတိုင်းအတာတစ်ခုအထိ စွမ်းအားတွေ ပြန်ပြည့်လာလောက်တယ် ”
” အဆုံးမဲ့မျိုးနွယ်စုက တာဝန်တွေ ခွဲဝေပေးရတာ အရမ်းကြိုက်တဲ့ အဖွဲ့အစည်းတစ်ခုမလို့ ငါ့အထင်သာ မမှားဘူးဆိုရင် ဒီကိစ္စကြီးတစ်ခုလုံးရဲ့ ကြိုးကိုင်ရှင်က ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးကို ရပ်တန့်ခိုင်းတဲ့ တာဝန်ကို လက်ခံထားတာပဲဖြစ်ရမယ်။ ပြီးတော့ သူက အဲဒီတာဝန်ကို အခုအထိ ထမ်းဆောင်နေတုန်းပဲ။ တကယ်လို့ သူသာ မအောင်မြင်ဘဲ ကျရှုံးသွားခဲ့မယ်ဆိုရင် သူ ခံစားရမယ့် အပြစ်ဒဏ်က တော်တော်ကို ကြီးလေးလောက်တယ်။ အဲတာမလို့ သူက မလိုဘဲနဲ့ အကူအညီ လှမ်းတောင်းမှာမဟုတ်ဘူး။ ဒါမှမဟုတ် တခြား ပြဿနာတစ်ခုခု ပေါ်ပေါက်လာလို့ သူ့ရဲ့တည်နေရာကို အဆုံးမဲ့မျိုးနွယ်စုဆီ ပြန်မပို့နိုင်တော့တာလည်း ဖြစ်ရင်ဖြစ်နေနိုင်တယ်။ အဲတာမလို့ သူက စစ်ကူလှမ်းမခေါ်နိုင်ဘဲ ဖြစ်နေတာ။ သူက ဒီတာဝန်ကြီးကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရင် ဆုလာဘ်တွေအများကြီး ရလိမ့်မယ်လို့ ယုံကြည်ထားတဲ့ပုံပဲ။ အဲတာကြောင့်မလို့ သူက အခုလို ရှင်ရင်ရွှေထီး၊ သေရင်မြေကြီးဆိုတဲ့ စိတ်နဲ့ အရဲစွန့်နေတာ ”
မမလေးမှာ သူမ၏သုံးသပ်ချက်များကို အသေးစိတ် ရှင်းပြလိုက်၏။ သူမ၏စကားသံမှာ တည်ငြိမ်အေးဆေးမှုအပြည့် ရှိနေသည်။ ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီးနောက် မမလေး၏ သုံးသပ်ချက်များကို သဘောတူလိုက်သည်။ သို့သော် သူသည် မမလေး၏ အကျင့်စရိုက်အား ကောင်းကောင်းကြီး နားလည်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် သူ့အား ယခုကဲ့သို့ ချက်ကျလက်ကျ ရှင်းပြခဲ့သည်ဖြစ်ရာ သူမ၏ ခေါင်းထဲ၌ အဖြေတစ်ခု စဉ်းစားထားပြီးသား ဖြစ်ရပေမည်။ ထို့ကြောင့် သူသည် ချောင်းဟန့်ကာ သူမအား အနည်းငယ်ခန့် မြှောက်ပင့်ပြောဆိုလိုက်ပြီးနောက် လက်ရှိအခြေအနေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းများကို မေးမြန်းလိုက်တော့သည်။
” လွယ်ပါတယ်။ နင့်ရဲ့ ဂိုဏ်းတူအစ်ကိုကိုသာ လှမ်းခေါ်လိုက်။ သူက မျက်စိတစ်မှိတ်အတွင်း ဒီပြဿနာကြီးကို ဖြေရှင်းပေးလိမ့်မယ် ” မမလေးမှာမူ နှာမှုတ်၍သာ ပြန်ဖြေလိုက်၏။ သူမသည် ဝမ်ပေါင်လဲ့၏ မြှောက်လုံးပင့်လုံးများကို စိတ်ကျေနပ်မှု မရှိသေးကြောင်း သိသာထင်ရှားပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရတော့သည်။ ထိုနည်းလမ်းမှာ အလွယ်ဆုံးဖြစ်ကြောင်း သူက သိထားပါသော်လည်း သူသည် သူ၏ ဂိုဏ်းတူအစ်ကိုအား မည်သို့မည်ဖုံ လှမ်းခေါ်ရမှန်း မသိဘဲ ဖြစ်နေ၏။ ထို့ကြောင့် သူသည် သက်ပြင်းချကာ ရုတ်တရက် မေးလိုက်တော့သည်။
” ခဏလေး။ ကျွန်တော် ဒီ ကိစ္စကြီးရဲ့ ကြိုးကိုင်ရှင်ကို ခြောက်လှန့်လိုက်မယ် ဆိုရင်ရော။ ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုက ပထမအဆင့်နတ်ဘုရင် ဖြစ်နေတာမလို့ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားမယ်ဆိုရင် ကိုယ်သေတွင်း ကိုယ်တူးတာနဲ့ တူတူပဲလို့ ပြောလိုက်မယ်လေ။ အဲလိုဆိုရင်ရော အလုပ်ဖြစ်နိုင်လောက်လား ”
ထိုစကားကိုကြားလိုက်ရသောအခါ မမလေးမှာ လှောင်ပြောင်လိုသည့်စိတ်ဖြင့် ပြောမိလိုက်သည့် စကားများကို နောင်တရသွားတော့သည်။ ဝမ်ပေါင်လဲ့၏ အကြံအစည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိနေသောကြောင့် သူမသည် အံ့အားသင့်သွားရ၏။ ထို့ကြောင့် သူမသည် ရုတ်တရက်ဆိုသလို အားအင်များကုန်ခမ်းသွားသလို ခံစားလိုက်ရသဖြင့် ချက်ချင်းပြန်ပြောလိုက်တော့သည် ” အဓိပ္ပါယ်မရှိတာတွေ အချိန်ကုန်ခံပြီး တွေးမနေစမ်းပါနဲ့။ နင် ဘယ်သူလဲဆိုတာ ထုတ်ပြောလိုက်မယ်ဆိုရင် နင့်ရဲ့ရန်သူက နင့်ကို ပိုပြီးတော့တောင် သတ်ချင်သွားလောက်တယ်။ အခု နင့်ရှေ့မှာရှိနေတာ ရှားပါးအခွင့်အရေးကြီး တစ်ခုနော်။ နင် ဒီဝတ်ရုံကြီးကို ဝတ်လို့မရနိုင်ပေမဲ့ သူ့ရဲ့ စွမ်းအားတွေကို စုပ်ယူပစ်လို့ရတယ်။ နင့်ရဲ့ ဝါးမျိုခြင်းသစ်စေ့ကို သုံးပြီးတော့ အကုန်စုပ်ယူပစ်လိုက်။ အဲတာဆိုရင် နင်တစ်ယောက်တည်းတင် မဟုတ်ဘဲ တခြားလူတွေ အကုန်လုံးပါ ဘေးကင်းသွားနိုင်တယ် ”
သူမ၏စကားများမှာ လုံးဝအဓိပ္ပါယ်မရှိပေ။ ဝမ်ပေါင်လဲ့မှာ မမလေးအား အသေးစိတ်မေးမြန်းရန် ပြင်လိုက်ပါသော်လည်း သူမဆီမှ မည်သည့်စကားသံမှ ထွက်ပေါ်မလာတော့ပေ။ ထို့ကြောင့် သူသည် မမလေးမှာ အမှန်တကယ် ပြန်၍ အိပ်မောကျသွားသည်လော သို့မဟုတ် ဟန်ဆောင်နေခြင်း ဖြစ်သည်လော မသိနိုင်ဘဲ ဖြစ်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ တစ်ခဏမျှ တွေးတောသုံးသပ်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြောရန်မှာ စွန့်စားလွန်းရာ ကျနေမည်ဖြစ်ပြီး ထိုအစီအစဉ်မှာ အောင်မြင်နိုင်ရန် မသေချာပေ။ ထို့ကြောင့် သူသည် နောက်ဆုံး ရွေးချယ်စရာမရှိသော အချိန်မှသာ ထိုနည်းလမ်းအား အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ ယခုလက်ရှိတွင် တိုက်ပွဲဝတ်ရုံကြီး၏ စွမ်းအားများကို စုပ်ယူခြင်းမှာ သူ့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ကိုယ်ပွားအား ရွှေရောင်ရေကန်ပေါ်သို့ တက်သွားစေလိုက်ပြီးနောက် တိုက်ပွဲဝတ်ရုံကြီး၏ ရှေ့သို့ ပြေးသွားစေလိုက်၏။ ထို့နောက် သူသည် ထိုဝတ်ရုံကြီးအား ကြည့်ရှုစစ်ဆေးကာ မည်သည့်အရာမှ သံသယဖြစ်စရာမရှိကြောင်း သေချာသွားသောအခါမှ မျက်လုံးများမှိတ်ကာ မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။ ဒုတိယထပ်တွင် ရှိနေသော သူ၏ ခန္ဓာကိုယ်အစစ်မှာလည်း သူ၏ သိုလှောက်လက်ကောက်အား ဘေးသို့ချကာ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ်မှာ ချက်ချင်းပင် နေရာချင်း လဲသွားတော့သည်။
ယခုတွင် သူ၏ကိုယ်ပွားမှာ ဒုတိယထပ်ပေါ်သို့ ပြန်ရောက်သွားပြီဖြစ်ပြီး အပြာရောင်ခြုံလွှာကြီး၏ အထဲတွင် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်အစစ်မှာမူ လိုဏ်ဂူကြီးထဲရှိ ရွှေရောင်ရေကန်ကြီး၏ အလယ်သို့ ရောက်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တိုက်ပွဲဝတ်ရုံကြီ၏ ဘေး၌ ပေါ်ပေါက်လာသည်နှင့် အောက်သို့ထိုင်ချလိုက်၏။ ထိုအခါ ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်လာပြီး တိုက်ပွဲဝတ်ရုံကြီး၏ နဖူးပေါ်ရှိ အပေါက်ထဲမှတစ်ဆင့် ၎င်း၏ စွမ်းအင်များအားလုံးကို စတင်စုပ်ယူနေလိုက်တော့သည်။
ထိုအခါ တိုက်ပွဲဝတ်ရုံကြီးမှာ စတင်တုန်ရီလာ၏။ ထို့နောက် ဝိညာဉ်ချီ အမြောက်အမြားမှာ နဖူးပေါ်ရှိ အပေါက်ထဲမှ ဒလဟော ထိုးထွက်လာကြပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာတော့သည်။
ဝါးမျိုခြင်းသစ်စေ့မှာ ထို ဝိညာဉ်ချီများအား အငမ်းမရ စုပ်ယူကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ဖြန့်ဝေပေးနေ၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးမှာလည်း စတင်တုန်ရီလာပြီး ဝိညာဉ်ချီများကို စုပ်ယူနေတော့သည်။
တိုက်ပွဲဝတ်ရုံကြီးမှာ ထိုစုပ်ယူအားများကို အပြင်းအထန် ခုခံတွန်းလှန်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရှိန်လျော့ကျသွားရပါသော်လည်း အချိန်အလုံအလောက်ရပါက ထိုတိုက်ပွဲဝတ်ရုံကြီးထဲမှ စွမ်းအင်များအားလုံးကို စုပ်ယူနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ဒုတိယထပ်ရှိ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ၎င်း၏ဘေးတွင်ရှိနေသော သိုလှောင်လက်ကောက်လေးအား ကောက်ယူလိုက်၏။ ထို့နောက် ၎င်းမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အပြာရောင်ခြုံလွှာကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ ၎င်းမှာ အပြင်ဘက်သို့ဖောက်ထွက်ကာ အခြားသူများကို ရှာဖွေပြီးလျှင် သူတို့အား ဝမ်ပေါင်လဲ့ ရှာတွေ့ထားသည့်အရာများကို အသိပေးလိုက်မည်ဖြစ်သည်။
အပြာရောင်ခြုံလွှာကြီး၏ အတွင်းပိုင်းထဲမှ အပြင်းဘက်သို့ ထွက်နိုင်ရန်မှာ လွယ်ကူသည့်ကိစ္စတစ်ခု မဟုတ်ပါသော်လည်း လုံးဝမဖြစ်နိုင်သည့် အဆင့်တွင် မရှိပေ။ ၎င်းမှာ အပြင်ဘက်မှနေ၍ အတွင်းထဲသို့ ဝင်နိုင်ရန် ကြိုးစားခြင်းထက် အများကြီးပို၍ လွယ်ကူပေသည်။ ထို့အပြင် ထိုကိုယ်ပွားမှာ ဓမ္မလက်နက်များ အပြည့်ပါသည့် သိုလှောင်လက်ကောက်တစ်ခုကိုလည်း ကိုင်ထားသေးသည်မဟုတ်ပါလော။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်လောက် အပြင်ခန္ဓာကိုယ် တောင့်တင်းခိုင်မာခြင်း မရှိပါသော်လည်း ကျင့်ကြံခြင်းအဆင့်အပိုင်းတွင် အတူတူ ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းမှာ အပြင်ဘက်သို့ သေချာပေါက် ဖောက်ထွက်နိုင်မည်သာဖြစ်သည်။
၎င်း၏ လက်ထဲတွင် အနက်ရောင်လှံရှည်ကြီးတစ်ချောင်း ပေါ်ပေါက်လာပြီးနောက် ဝုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ လျှပ်စီးပင်လယ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ထိုလှံရှည်ကြီးအား လွှမ်းခြုံသွားတော့သည်။ ထို့နောက် ထိုလှံရှည်ကြီးမှာ ထိုခြုံလွှာ အကာအရံကြီးအား ထုတ်ချင်းပေါက် ထိုးဖောက်သွား၏။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ဒဏ်ရာအနည်းငယ်ခန့် ရသွားခဲ့ပါသော်လည်း ကြီးကြီးမားမားမဟုတ်ပေ။ ၎င်းမှာ ထိုသို့ ဖောက်ထွက်သွားပြီးနောက် ဝမ်ပေါင်လဲ့နှင့် တစ်ထေရာတည်းတူသည့် ပုံရိပ်တစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ ၎င်း၏ ပတ်ပတ်လည်တွင်မူ လျှပ်စီးတန်းများ တလက်လက်ထနေသည်။ ထို့နောက် ၎င်းမှာ အနက်ရောင်လှံရှည်ကြီးကို ထိန်းချုပ်ကာ ရပ်တန့်သွားခြင်းမရှိဘဲ အဝေးသို့ ပြေးထွက်သွားလိုက်ပြီးနောက် အခြားသူများကို လိုက်လံရှာဖွေနေလိုက်တော့သည်။
သို့သော် ဝမ်ပေါင်လဲ့၏ အစွမ်းများမှာ အတိုင်းအတာ တစ်ခုအထိသာ ရှိပေသည်။ ထိုကမ္ဘာကြီးမှာ ကြီးမားကျယ်ပြန့်လွန်းနေသောကြောင့် သူသည် အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် သူ၏ ကိုယ်ပွားမှာ အဝေးကြီး သွားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် သူ့ဆီတွင်ရှိသမျှ ရုပ်သေးရုပ်များ အားလုံးကို ထုတ်လွှတ်ခဲ့ပြီး ၎င်းတို့အား နေရာအနှံ့စေလွှတ်ကာ ရှာဖွေခိုင်းထား၏။ တစ်ချိန်ထဲမှာပင် သူ၏ ကိုယ်ပွားမှာလည်း အမြန်ဆုံးနည်းဖြင့် လှည့်လည် ရှာဖွေနေတော့သည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီးနောက် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ တိုက်ပွဲဝတ်ရုံကြီးထဲရှိ ဝိညာဉ်ချီများကို စုပ်ယူနေဆဲဖြစ်ပြီး သူ၏ ကိုယ်ပွားမှာလည်း ရုပ်သေးရုပ်များ၏ အကူအညီဖြင့် ဆက်လက်ရှာဖွေနေဆဲပင်။ နောက်ဆုံးတွင် သူ၏ ရုပ်သေးရုပ်တစ်ရုပ်မှာ နေရာတစ်ခု၌ မန္တန်အစီအရင်များနှင့် မန္တန်များ ရိုက်ခတ်ရာမှ ထွက်ပေါ်လာသည့် စွမ်းအင်အကြွင်းအကျန်များကို ရှာတွေ့သွားတော့သည်။ ထိုနေရာ၌ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ပုံပင်။
ထိုရုပ်သေးရုပ်မှာ သွေးကွက်များသာမက စုတ်ပြဲနေသည့် အဝတ်စများကိုလည်း ရှာတွေ့ခဲ့သေးသည်။ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်ပွား၏ မျက်ဝန်းများထဲမှတစ်ဆင့် ထိုအရာများကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။
” ယမုန့် “