၎င်းမှာ နတ်ဘုရားလက်နက်တစ်ခု၏ အငွေ့အသက်များကို ပိုင်ဆိုင်ထားခြင်း မရှိဘဲ ဝမ်ပေါင်လဲ့အား အသက်ရှူသံများ ရပ်တန့်သွားစေသည့် စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသော လက်ချောင်းတစ်ချောင်းသာ ဖြစ်ပေသည်။ ထိုလက်ချောင်းနှင့် ထိလိုက်ရုံမျှဖြင့် သူသည် ပြာပုံဘဝသို့ ရောက်သွားမည့်ပုံပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီးနောက် အတွေးများထဲတွင် နစ်မျောသွား၏။ ထို့နောက် သူသည် တင်းမာခက်ထန်သော မျက်နှာအမူအရာဖြင့် နောက်ထပ်အပေါက်တစ်ပေါက် ထပ်ဖောက်ကာ သူ၏ကိုယ်ပွားကို ထုတ်လွှတ်ရန် ပြင်လိုက်ပြန်သည်။
ထိုကိုယ်ပွားမှာ တိုင်လုံးကြီးထဲသို့ ရောက်ရှိသွားသည်နှင့် ယခင်တုန်းကလို အောက်သို့ မဆင်းဘဲ အပေါ်သို့ ပြေးတက်သွား၏။ ၎င်းမှာ ခရမ်းရောင် အရည်များထဲတွင် နစ်မြုပ်နေရင်း တိုင်လုံးကြီး၏ အလယ်တွင် ရှိနေနိုင်အောင် အစွမ်းကုန်ကြိုးစားနေသည်။ ထို့ကြောင့် ထို ခရမ်းရောင် အရည်များမှာလည်း သူနှင့်အတူ အပေါ်ဘက်သို့ ထိုးတက်လာတော့သည်။
တိုင်လုံးကြီးထဲတွင် ရှိနေသော ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးများမှာ ထို လှုပ်ရှားမှုများကို ချက်ချင်းပင် သတိထားမိသွားကြ၏။ ထို့ကြောင့် ရွှေရောင်အလင်းတန်း ဆယ်တန်းကျော်မှာ ထိုကိုယ်ပွားဆီသို့ ဦးတည်လာကြတော့သည်။
” သူတို့ရဲ့ တုံ့ပြန်နှုန်းက ငါထင်ထားသလောက် မမြန်ဘူးပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်၏။ ထို ရွှေရောင်အလင်းတန်းများမှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားဆီသို့ ရောက်ရှိလာပြီးနောက် ၎င်း၏ ခန္ဓာကိုယ်အား ချက်ချင်း ထိုးခွင်းသွားလိုက်တော့သည်။ ထို ကိုယ်ပွားကြီး ပျက်စီးမသွားခင် ဝမ်ပေါင်လဲ့မှာ ထို ရွှေရောင်အလင်းတန်းများအား သေသေချာချာ အကဲခတ် ကြည့်ရှုနိုင်ခဲ့၏။ ၎င်းတို့အားလုံးမှာ ကျိုးပဲ့နေသည့် ခြေလက်များနှင့် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြပေသည်။
ထို့အပြင် ၎င်းတို့အားလုံးမှာ တစ်ခုမကျန် ရွှေရောင်ဖြစ်နေကြ၏။
၎င်းတို့မှာ ခန္ဓာကိုယ်တစ်ခုတည်းမှ အစိတ်အပိုင်းများ မဟုတ်ကြပေ။ ထို ရွှေရောင်အလင်းတန်းများမှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအား ဖျက်ဆီးလိုက်ပြီးနောက် ပြန်လည်ထွက်ခွာသွားကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ အဆင်သင့်ပြင်ထားပြီးသား ဖြစ်သောကြောင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ တိုင်လုံးကြီးထဲသို့ နောက်ထပ် ကိုယ်ပွားတစ်ခုအား ချက်ချင်းထည့်သွင်းလိုက်တော့သည်။
” သူတို့တွေ ဘယ်လောက်အထိ မြန်နိုင်မလဲ စမ်းကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် သူ၏ ကိုယ်ပွားအပေါ် အာရုံအပြည့်စိုက်ထားလိုက်၏။
သူ၏ ကိုယ်ပွားမှာ တိုင်လုံးကြီးထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်ကာ အပေါ်ဘက်သို့ ပြေးတက်သွား၏။ ၎င်းမှာ တိုင်လုံးကြီး၏ အလယ်တွင်ရှိနေအောင် ကြိုးစားရင်း ဆူညံသံများထွက်ပေါ်လာအောင် လုပ်နေသည်။ ခဏအကြာတွင်… ထို ကိုယ်ပွားကြီးမှာလည်း ဖျက်ဆီးခံလိုက်ရတော့သည်။
” ရွှေရောင် ခြေလက်တွေက ကိုယ်ပိုင်အသိစိတ် မရှိကြဘူး။ အလိုအလျောက် တိုက်ခိုက်နိုင်စွမ်းပဲရှိတာ…. သူတို့က အစွမ်းထက်တာ မှန်ပေမယ့် အားနည်းချက်တွေရှိနေတုန်းပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတော လိုက်ပြီးနောက် ၎င်းတို့အား ထပ်ခါတလဲလဲ ထပ်၍ စမ်းသပ်ကြည့်နေလိုက်တော့သည်။
သူသည် ကုန်ဆုံးသွားသည့် ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဆေးလုံးအမြောက်အမြား သောက်သုံးခဲ့ရ၏။ ထို့နောက် သူသည် ကိုယ်ပွားများကို မရပ်မနား ထုတ်လွှတ်နေတော့သည်။
သူ၏ ကိုယ်ပွားများမှာ တည်ကြက်များကဲ့သို့ပင်။ ၎င်းတို့မှာ နေရာတစ်ခုထဲအား ဝိုင်း၍ တိုက်ခိုက်နေသလို ဖြစ်နေသောကြောင့် သူ၏ သားကောင်များအားလုံးမှာ ထိုတစ်နေရာထဲ၌ လာရောက်စုဝေးနေကြတော့သည်။
ထိုကိုယ်ပွားများ၏ မျှားခေါ်မှုကြောင့် ရွှေရောင် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများမှာ အရပ်မျက်နှာ အနှံ့မှနေ၍ ၎င်းတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြတော့သည်။ ထိုသို့ဖြင့် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ပွားတစ်ခု နောက်ထပ်တစ်ကြိမ်ထပ်၍ ဖျက်ဆီးခံလိုက်ရသည်ကို မြင်လိုက်ရပြန်သည်။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး နုံးချည့်နေသလို ခံစားနေရသည်တိုင်အောင် နောက်ထပ်ကိုယ်ပွားတစ်ခု ထုတ်လွှတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ဓားပျံတစ်လက်ကို ဆင့်ခေါ်၍ ၎င်းအား ထိုကိုယ်ပွား၏ ခန္ဓာကိုယ်ထဲ၌ ဖွက်ထားလိုက်၏။ ယခုအကြိမ်တွင်မူ ထို ကိုယ်ပွားကြီးမှာ တိုင်လုံးထဲသို့ ဝင်ရောက်သွားပြီးနောက် အပေါ်သို့ ပြေးတက်သွားခြင်း မရှိဘဲ အောက်တည့်တည့်သို့ ပြေးဆင်းသွားတော့သည်။
၎င်းမှာ ယခင်တုန်းက ကိုယ်ပွားအဟောင်းများ ရောက်ခဲ့ဖူးသည့် နေရာများကို ချက်ချင်းပင် ကျော်ဖြတ်သွား၏။ ရွှေရောင်ကိုယ်လက်အင်္ဂါ အစိတိအပိုင်းများမှာ တိုင်လုံးကြီး၏ အပေါ်ပိုင်းတွင် စုဝေးနေကြသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုကိုယ်ပွားကြီးမှာ အောက်သို့ အလွယ်တကူ ပြေးဆင်းနိုင်သွားတော့သည်။
ထို ကိုယ်ပွားမှာ ဒုတိယထပ်အား ကျော်ဖြတ်သွားပြီးနောက် အမည်မသိ နေရာတစ်ခုသို့ရောက်ရှိလာချိန်တွင် ရွှေရောင် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများမှာ ၎င်းအား သတိထားမိသွားသည်ပုံပင်။
ဝမ်ပေါင်လဲ့မှာ တိုင်လုံးကြီး၏ အပြင်ဘက်၌ တစ်စုံတစ်ခု လင်းလက်တောက်ပသွားသည်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူ သေသေချာချာ မစစ်ဆေးနိုင်ခင်မှာပင် ခရမ်းရောင်အရည်များထဲမှ ရွှေရောင် ကိုယ်လက်အင်္ဂါများမှာ သူ၏ ကိုယ်ပွားဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။ ၎င်းတို့မှာ သူ၏ကိုယ်ပွားအား လွှမ်းခြုံကာ ၎င်းအား ဖျက်စီးရန် ပြင်လိုက်စဉ်မှာပင် သူ၏ကိုယ်ပွားမှာ ပါးစပ်ဟလိုက်၏။ ထိုအခါ သူ၏ပါးစပ်ထဲမှ အနီရောင် ဓားပျံတစ်လက် ပျံထွက်လာတော့သည်။
၎င်းမှာ သုံးရောင်ခြယ် ဓားပျံများထဲမှ အစွမ်းအထက်ဆုံး ဖြစ်သည့် နဝမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်ပေသည်။
သူ၏ကိုယ်ပွားမှာ ထိုဓားပျံလေးအား အစွမ်းမြှင့်တင်ပေးလိုက်၏။ ထို့နောက် ၎င်းမှာ အံ့ဩမှင်တက်ဖွယ်ကောင်းသော စွမ်းအားများ ထုတ်လွှတ်ကာ တိုင်လုံးကြီး၏ နံရံများဆီသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားသောကြောင့် ၎င်း၏ ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ ပေါ်ပေါက်လာတော့သည်။ ထိုနံရံများမှာ အလွန်အင်မတန်မှ မာကျောပါသော်လည်း ထိုတိုက်ကွက်ကြီးကြောင့် တိုင်လုံးကြီးထဲ၌ အပေါက်သေးလေးတစ်ပေါက် ပေါ်ပေါက်လာဆဲပင်။
ထိုအပေါက်မှာ တစ်လက်မလောက်သာ ကျယ်ပေသည်။ သို့ဖြစ်ရာ မည်သူကမှ ထိုအပေါက်ထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ သို့သော် သူ၏ကိုယ်ပွားမှာ လျှပ်စီးများဖြင့် ဖွဲ့စည်းထားသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ ဓားပျံလေး၏ နောက်မှ လိုက်သွားပြီး လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်းတွင် ထိုအပေါက်လေးထဲသို့ တိုးဝှေ့ဝင်ရောက်သွားတော့သည်။
အနီရောင် ဓားပျံလေးမှာမူ ထိုကဲ့သို့ အလွယ်တကူ ဝင်ရောက်နိုင်စွမ်း မရှိပေ။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွား ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ထိုအပေါက်မှာ ချက်ချင်းပြန်ပိတ်သွားသဖြင့် ထိုဓားပျံလေးမှာ တိုင်လုံးကြီးထဲ၌ ကျန်ရစ်နေခဲ့တော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ဓားပျံလေးကို ဆုံးရှုံးလိုက်ရသည့်အတွက် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရပါသော်လည်း ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိပေ။ သူ၏ ကိုယ်ပွားမှာ တိုင်လုံးကြီး၏ အပြင်ဘက်တွင်ရပ်ကာ ၎င်း၏ ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။
ထိုမြင်ကွင်းကြောင့် သူ၏ ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ်နှစ်ခုစလုံးမှာ အံ့ဩမှင်တက်ကာ ပင့်သက်များရှိုက်မိသွားတော့သည်။
ဒုတိယထပ်၏ အောက်ရှိ နေရာအား အခြားကမ္ဘာတစ်ခုအဖြစ် သတ်မှတ်၍မရပေ။ ၎င်း၏ အရွယ်အစားမှာ သိပ်မကြီးသောကြောင့် ၎င်းမှာ သီးခြားကမ္ဘာတစ်ခုနှင့် မတူဘဲ ဧရာမ လိုဏ်ဂူကြီးတစ်လုံးနှင့် ပို၍တူနေ၏။
ထို လိုဏ်ဂူကြီး၏ မျက်နှာကြက်ပေါ်တွင် တိုင်လုံးကြီး၏ အဆုံးကို မြင်နိုင်ပေသည်။ ၎င်းမှာ မြေကြီးပေါ်အထိ ရောက်လာခြင်း မရှိဘဲ လေထဲတွင်သာ ရှိနေ၏။ ၎င်းမှာ ဒုတိယထပ်ထဲသို့ ဖောက်ထားသည့် ဥမင်လိုဏ်ခေါင်းတစ်ခုနှင့် တူပေသည်။
ထို တိုင်လုံးကြီးပေါ်တွင် အရှည်အမျိုးမျိုး ရှိသော လက်တံများ ပေါက်နေကြ၏။ ၎င်းတို့မှာ တိရစ္ဆာန်နှုတ်ခမ်းမွေးများကဲ့သို့ လေထဲတွင် ယိမ်းနွဲ့နေကြသည်။ ဝမ်ပေါင်လဲ့အား ကျောချမ်းသွားစေသည့်အရာမှာ ထို လက်တံများ၏ အဆုံးတွင် ဦးခေါင်းများ ရှိနေကြခြင်းပင်။
ထိုဦးခေါင်းများထဲတွင် လူကြီးလူငယ်၊ ကျားမမရွေး ပါပေသည်။ သူတို့ဆီမှ ဦးခေါင်းများကို ဖြတ်တောက်ကာ ဤ လက်တံများ၏ အဆုံး၌ ချိတ်ထားသကဲ့သို့ပင်။ ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ဝမ်ပေါင်လဲ့မှာ သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် သူတို့အားလုံးမှာ မျက်လုံးများ မှိတ်ထားကြသည်ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် အသက်ရှူသံများ ရပ်တန့်သွား၏။ ထိုလက်တံကြီးများမှာ မည်မျှပင် အားကောင်းစွာ ယိမ်းနွဲ့လှုပ်ရှားနေစေကာမူ သူတို့မှာ နိုးထလာမည့်ပုံ မပေါ်ပေ။ ထို လက်တံများထဲမှ အချို့မှာ မြေကြီးပေါ်သို့ ငိုက်စိုက်ကျနေပြီး ရေကန်ကြီးထဲသို့ နစ်ဝင်နေကြ၏။
၎င်းမှာ ရွှေရောင်ရေကန်တစ်ကန် ဖြစ်ပြီး ၎င်း၏ ရေမျက်နှာပြင်မှာ ကြေးမုံတစ်ချပ်ကဲ့သို့ ငြိမ်သက်နေ၏။ ထိုရေကန်၏ အလယ်၊ တိုင်လုံးကြီး၏ အောက်တည့်တည့်တွင် လူတစ်ယောက်ရှိနေသည်။
ထိုသူမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသော အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်ပေသည်။ သူသည် ခန္ဓာကိုယ်တောင့်တင်းသန်မာပြီး သူ့ဆီမှ ထွက်ပေါ်နေသည့် စွမ်းအားတစ်မျိုးမှာ ထိုနေရာတစ်ခုလုံးအား လွှမ်းခြုံထား၏။
ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင် အမြောက်အမြား ကိန်းအောင်နေသည်။ သူ၏နဖူးပေါ်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေ၏။ ရေကန်ကြီးမှာ သူ့အား အာဟာရဓာတ်များ ဖြည့်တင်းပေးကာ ကုသပေးနေပါသော်လည်း ထိုဒဏ်ရာကြီးမှာ တဖြည်းဖြည်းနှင့်ပို၍ ယိုယွင်းပျက်စီးလာနေသောကြောင့် ထိုကျင့်ကြံသူကြီးမှာ ပြန်လည်သက်သာလာမည့်ပုံ မပေါ်ပေ။
ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ ၎င်းမှာ အချိန်အတော်အတန်ကြာအောင် မလှုပ်မယှက် ရပ်နေမိတော့သည်။ သို့သော် မည်သည့်ပြောင်းလဲမှုမှ ပေါ်ပေါက်မလာသောကြောင့် ဝမ်ပေါင်လဲ့မှာ ရေကန်ကြီး၏ အလယ်ရှိ ခန္ဓာကိုယ်ကြီးအား စတင် အကဲခတ်လေ့လာကြည့်လိုက်တော့သည်။
ခဏအကြာတွင် သူသည် မျက်မှောင်ကြုတ်သွားကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် တိုးလာပြီး ၎င်းအား ခပ်လှမ်းလှမ်းမှနေ၍ ကြည့်ရှုနေလိုက်၏။
” အသက်ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာကိုတော့ မသိနိုင်ဘူး။ ဒီခန္ဓာကိုယ်ကြီးက အသွေးသားတွေနဲ့ တည်ဆောက်ထားတဲ့ပုံ ပေါ်ပေမဲ့ ဓမ္မရတနာတစ်ခုရဲ့ အငွေ့အသက်တွေကိုလည်း ထုတ်လွှတ်နေသေးတာ ” ဝမ်ပေါင်လဲ့မှာ ရေကန်၏ အလယ်ရှိ ခန္ဓာကိုယ်ကြီးအား အတိအကျ အကဲမဖြတ်နိုင်ဘဲ ဖြစ်နေရ၏။ သို့သော် သူ ၎င်းအား ပို၍ လေ့လာကြည့်လေလေ ၎င်းမှာ အဝတ်အစားတစ်စုံနှင့် ပို၍တူလာလေလေ ဖြစ်နေတော့သည်။
အမှန်အတိုင်ဆိုရလျှင် ၎င်းအား… ချပ်ဝတ်တန်ဆာ တစ်စုံဟုပင် ခေါ်ဆိုနိုင်ပေသည်။
” ပြီးတော့… ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့လည်း တူနေသေးသလားလို့။ ဒါမှမဟုတ် ဝိညာဉ်ချီတွေထည့်တဲ့ ပစ္စည်းတစ်မျိုးမျိုးပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ရေရွတ်မိလိုက်၏။ သူသည် ထိုရေကန်ကြီးထဲသို့ ဝင်ရောက်ကာ ၎င်းအား အနီးကပ်ကြည့်ရှုရန် ပြင်လိုက်သည်။ သူသည် အဆိုးဆုံး အခြေအနေများအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ အကယ်၍ အန္တရာယ်တစ်ခုခု ပေါ်ပေါက်လာမည်ဆိုပါက သူသည် သူနှင့် သူ၏ကိုယ်ပွား၏ ကြားရှိ ဆက်သွယ်မှုကို ချက်ချင်း ဖြတ်တောက်လိုက်မည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ရှေ့သို့ပြေးထွက်သွားရန် ပြင်လိုက်စဉ်မှာပင် သူ၏အထက်၌ ရှိနေသည့် လက်တံကြီးများထဲမှ ခေါင်းတစ်လုံးမှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ ၎င်းမှာ အဘိုးကြီးတစ်ယောက်၏ ဦးခေါင်းတစ်လုံး ဖြစ်ပေသည်။
ထို အဘိုးကြီးမှာ ဆံပင်များဖြူနေပြီး မျက်နှာပေါ်တွင်လည်း အရေးကြောင်းများဖြင့် ပြည့်နှက်နေ၏။ သူ၏ မျက်ဝန်းများမှာ ရီဝေဝေ ဖြစ်နေပြီး သူ၏နှုတ်မှ ခပ်အောအော စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်။
” ကယ်ကြပါ… ကယ်ကြပါဦး ”
ဝမ်ပေါင်လဲ့မှာ ထိုစကားသံကြီးအား ကြားလိုက်ရသောအခါ ဦးရေခွံတစ်ခုလုံး ထုံကျဉ်သွားတော့သည်။ သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့ ဆုတ်ခွာသွားပြီးနောက် ခေါင်းမော့ကြည့်လိုက်၏။ ထိုအခါ သူသည် မှင်တက်သွားရတော့သည်။ ထိုအဘိုးကြီးမှာ လုံးဝအသက်မရှိတော့ပေ။ သူ၏ မျက်ဝန်းများမှာ အမှောင်ဖုံးနေပြီ ဖြစ်ပါသော်လည်း သူ၏စကားသံကြီးမှာမူ လေထဲတွင် ရှင်းလင်းပြတ်သားစွာ မြည်ဟည်းနေဆဲပင်။ ၎င်းမှာ ထူးခြားသောစွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားပြီး ထိုလိုဏ်ဂူကြီးနှင့် စစ်သင်္ဘောကြီးကိုပင် ဖောက်ထွင်းကာ ပြင်ပကမ္ဘာကြီးထဲ၌ ပဲ့တင်ထပ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအသံကို ကြားဖူးနေ၏။ ၎င်းမှာ တာအိုနန်းတော်ထဲ၌ ပေါ်ပေါက်လာခဲ့သည့် အကူအညီတောင်းသံကြီး ဖြစ်ပေသည်။ ၎င်းမှာ ဖုန့်ချိုးရန်နှင့် မြဲ့လျဲ့ကျိတို့ အသည်းအသန်လိုက်၍ ရှာဖွေနေကြသည့် ဖုန့်ချိုးရန်၏ ဖခင်၊ မြဲ့လျဲ့ကျိ၏ ဆရာဦးလေးဖြစ်သူ၏ စကားသံကြီး ဖြစ်ပေသည်။
” အခုလောလောဆယ် ငါ ဒီနေရာမှာ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး… အကြီးအကဲကြီးဖုန်းနဲ့ တခြားလူတွေကို အမြန်ဆုံး အသိပေးမှ ရမယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်၏။ သူသည် အဆုံမဲ့မျိုးနွယ်စုဝင်ကြီး၏ ခန္ဓာကိုယ်အား ဆက်လက်လေ့လာနေဆဲပင်။ သူ၏ ခန္ဓာကိုယ်အစစ်မှာမူ ဤနေရာမှ ထွက်ခွာ၍ ဖုန့်ချိုးရန်နှင့် အခြားသူများအား သွားရောက်ရှာဖွေမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော မမလေး၏ စကားသံမှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။
” စစ်သင်္ဘောကြီးကို ထိန်းချုပ်နေတာ…. ဒီ တိုက်ပွဲဝတ်ရုံကြီးပဲ “