ထို လင်းလက်တောက်ပနေသော နေရာကြီးမှာ အခြားကမ္ဘာတစ်ခု ဖြစ်နေ၏။
၎င်း၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ ထူးဆန်းနေပြီး ဝမ်ပေါင်လဲ့ မြင်ဖူးခဲ့သမျှ ကမ္ဘာများနှင့် လုံးဝမတူဘဲ သိသိသာသာ ကွဲထွက်နေသည်။ အဆုံးမဲ့မျိုးနွယ်စု၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော ကျယ်ပြန့်တာအိုနန်းတော် ပင်မဂြိုဟ်ကြီးပင်လျှင် ဤကမ္ဘာကြီးလောက် ဝမ်ပေါင်လဲ့အား အံ့ဩတုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့ခြင်းမရှိပေ။
ထို ကမ္ဘာကြီး၏ ကောင်းကင်မှာ အနက်ရောင်ဖြစ်နေ၏။ အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ အနက်ရောင် မြူခိုးများဖြင့် ဖုံးအုပ်ခြင်းကို ခံထားရခြင်း ဖြစ်သည်။ ထို မြူခိုးများထဲမှ အသွေးအသားများဖြင့် ဖွဲ့စည်းထားသည့် ပြွန်ကြီးများ ထိုးထွက်နေကြပြီး မြေကြီးအထိ ရောက်အောင် အောက်သို့ ဆန့်တန်းနေကြ၏။
ထိုကမ္ဘာကြီးထဲတွင် ထိုကဲ့သို့သော ပြွန်ကြီးများ ထောင်ပေါင်းများစွာ ရှိပေသည်။ ၎င်းတို့မှာ ကောင်းကင်ယံထဲတွင် ပြည့်နှက်နေကြပြီး မြေကြီးပေါ်ရှိ ဆုံမှတ်တစ်နေရာတွင် စုဆုံနေကြ၏။
ထို ဆုံမှတ်နေရာမှာ မည်းနက်နေသည့် ကုန်းမြေတစ်ခု ဖြစ်ပြီး ထိုနေရာတွင် အံ့သြဖွယ်ရာကောင်းလောက်အောင် မြင့်မားခိုင်ခံ့သည့် တိုင်လုံးကြီးတစ်လုံး ရှိနေသည်။
ထို တိုင်လုံးကြီးမှာလည်း အသွေးအသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကျုံ့လိုက် ဆန့်လိုက် ဖြစ်နေ၏။ ပြွန်ထောင်ပေါင်းများစွာမှာ ၎င်းနှင့် ချိတ်ဆက်နေပြီး ထိုတိုင်လုံးကြီး တစ်ချက် ကျုံ့သွားတိုင်း ထိုပြွန်များထဲမှ အသွေးအသားများကို စုပ်ယူနေသကဲ့သို့ ဖြစ်နေသည်။
ထိုတိုင်လုံးကြီး၏ထိပ်ကို မြင်နိုင်ပါသော်လည်း ၎င်း မြေကြီးအောက်သို့ မည်မျှအထိ နစ်ဝင်နေသည်ကိုမူ သိနိုင်မည်မဟုတ်ပေ။ ထိုတိုင်လုံးကြီး၏ ဘေးရှိ အနက်ရောင် ကုန်းမြေပေါ်တွင် အသားလုံးပေါင်း မြောက်မြားစွာ ရှိနေကြသည်။ ထို အသားလုံး တစ်လုံးချင်းစီထဲတွင် သန္ဓေသားတစ်ကောင်စီ ရှိနေကြ၏။ ၎င်းတို့မှာ အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ သန္ဓေသားများ မဟုတ်ဘဲ သားရဲမျိုးစိတ်တစ်ခု၏ သန္ဓေသားများ ဖြစ်နေကြသည်ပုံပင်။
ဤကမ္ဘာကြီးမှာ ပြုပြင်မွမ်းမံခံထားရခြင်းဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ပြွန်ကြီးများမှာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ မြေပြင်ပေါ်ရှိ တိုင်လုံးကြီး၏ ပေတစ်သိန်းပတ်လည်တွင်မူ အပြာရောင် အလင်းရောင် ခြုံလွှာတစ်ခုမှာ အကာအရံတစ်ခုအဖြစ် ရှိနေသည်။
ပြွန်တစ်ချောင်းချင်းစီ၏ ပတ်ပတ်လည်တွင်လည်း ထိုကဲ့သို့သော အပြာရောင် အလင်းရောင်ခြုံလွှာများကို မြင်နိုင်ပေသည်။ ထို့ကြောင့် ထို ပြွန်ကြီးများနှင့် တိုင်လုံးကြီးတို့မှာ သီးခြားကမ္ဘာတစ်ခုထဲသို့ ရောက်နေသကဲ့သို့ ဖြစ်နေတော့သည်။ အပြာရောင် အလင်းရောင် ခြုံလွှာကြီး၏ အပြင်ဘက်တွင်မူ နောက်ထပ်ကမ္ဘာတစ်ခု ရှိနေ၏။
လေထဲတွင်မူ ထစ်ချုန်းသံများ အဆက်မပြတ် မြည်ဟည်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူ မြင်နေရသည့် မြင်ကွင်းများနှင့် ကြားနေရသည့် အသံများကြောင့် ရင်ခုန်သံများ မြန်ဆန်လာရတော့သည်။ အချိန်အတော်အတန် ကုန်ဆုံးသွားပြီးမှ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး နှုတ်ဆိတ်ကာ အတွေးများထဲ၌ နစ်မျောသွားတော့သည်။ ထို့နောက် သူသည် အံကြိတ်ကာ သစ်ကြောကြီး၏ အောက်ဆုံးအထိ ဆင်းသွားလိုက်၏။ နောက်ဆုံးတွင် သူသည် တိမ်တိုက်များအား ကျော်ဖြတ်လိုက်ပြီးနောက် ထိုကမ္ဘာကြီးအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။
ထိုကမ္ဘာကြီးတစ်ခုလုံးမှာ ထိုတိုင်လုံးကြီးအား ဗဟိုပြု၍ လည်ပတ်နေသည့်ပုံပင်။ ဝင်းလက်တောက်ပနေသည့် အပြာရောင် ခြုံလွှာကြီးမှာ ထိုတိုင်လုံးကြီးကို ကာကွယ်ပေးထားသောကြောင့် အပြင်ဘက်မှ မည်သည့်အရာကမှ အတွင်းသို့ မဝင်နိုင်ဘဲ ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာမူ ကံကောင်းထောက်မစွာဖြင့် ကြိတ်ဆုံကျောက်ကြီးထဲ၌ ပြွန်တစ်ချောင်းအား ရှာတွေ့ခဲ့ပြီးနောက် ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသည် အပြာရောင် ခြုံလွှာကြီး၏ ညာဘက်အခြမ်းတွင် ပေါ်ပေါက်လာ၏။
သူသည် ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာရပြီဖြစ်သည်။ သူသည် ပြွန်ကြီးထဲတွင် လဲလျောင်းနေရင်း ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် ထိုတိုင်လုံးကြီးမှာ ကြိတ်ဆုံကျောက်ကြီးဆီမှ ရသော အာဟာရဓာတ်များကို စုပ်ယူနေသည့် ပိုးတုံးလုံးကောင် တစ်ကောင်နှင့် တူနေသည်။ ဝမ်ပေါင်လဲ့မှာ ကြိတ်ဆုံကျောက်ကြီးထဲ၌ မြင်တွေ့ခဲ့ရသည့် အရာများကို ထည့်သွင်းစဉ်းစားကာ တွေးတောသုံးသပ်ကြည့်လိုက်ပြီးနောက် ထိုတိုင်လုံးကြီး၏ အခြားတစ်ဖက်ဖြစ်သော မြေကြီးအောက်တွင် နောက်ထပ်ကမ္ဘာတစ်ခု ရှိနေလောက်သည်ဟု ကောက်ချက်ချလိုက်တော့သည်။
” ပထမထပ်မှာ ရုပ်အလောင်းတွေ ပေါ်ပေါက်လာခဲ့တာဆိုတော့ ဒုတိယထပ်မှာဆိုရင်… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွား၏။ ထို့နောက် စစ်သင်္ဘောကြီး၏ ပုံရိပ်မှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ ဧရာမ ချပ်ပြားဝိုင်းကြီးသုံးခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သူက မှတ်မိနေ၏။
ထိုချပ်ပြားဝိုင်းသုံးခုအား ချိတ်ဆက်ပေးထားသည့် စတုတ္ထမြောက် ချပ်ပြားဝိုင်းတစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ စစ်သင်္ဘောကြီး၏ အဓိကကိုယ်ထည်ပိုင်း ဖြစ်ရပေမည်။ ၎င်းမှာ တစ်ပြားပေါ်တစ်ပြား ထပ်နေသည့် ချပ်ပြားဝိုင်း သုံးပြား၏အောက်တွင် ရှိနေပြီး ၎င်းတို့၏ အလယ်သို့ ရောက်နေ၏။
” ဒီ သဘောတရားအတိုင်းသာဆို၊ စတုတ္ထမြောက် ချပ်ပြားဝိုင်းက ဒုတိယထပ် ဖြစ်နေမယ်ဆိုရင် မြဲ့လျဲ့ကျိနဲ့ တာအိုဘုန်းတော်ကြီး ယိုရန်တို့ နှစ်ယောက်စလုံးက ဒီကမ္ဘာကြီးထဲမှာ ရှိနေကြမှာပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကိုပွတ်ကာ အဝေးသို့ လှမ်းကြည့်လိုက်၏။ ဤကမ္ဘာကြီးမှာ ကြီးမားကျယ်ပြောလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏အဆုံးကိုပင် မမြင်နိုင်ဘဲ ဖြစ်နေရသည်။
သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် အပြာရောင်ခြုံလွှာကြီး၏ အခြားတစ်ဖက်သို့ ဖြတ်သွားလိုသော အတွေးများကို မေ့ပျောက်လိုက်တော့သည်။ ယခုတွင် သူသည် ထိုခြုံလွှာကြီး၏ အတွင်းပိုင်းထဲတွင် ရှိနေသည်ဖြစ်ရာ အခြားသူများထက် အများကြီးပို၍ အသာရနေပြီဟု သတ်မှတ်နိုင်ပေသည်။ သူ ရောက်နေသည့် နေရာမှာ အန္တရာယ်များသည့်ပုံ ပေါ်ပါသော်လည်း သူ့အတွက် ပို၍ ဘေးကင်းသည့် နေရာတစ်ခုလည်း ဖြစ်နေနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွားပြီး ပြွန်ကြီး၏ အဆုံးအထိ ပြေးသွားလိုက်ပြီးနောက် ရုတ်တရက် အောက်သို့ လှမ်းခုန်လိုက်တော့သည်။ ထို့နောက် သူသည် အပြာရောင်ခြုံလွှာကြီး၏ အစွန်းနားဆီသို့သွား၍ ရုပ်သေးရုပ်တစ်ရုပ် ထုတ်လွှတ်လိုက်၏။ ထိုအခါ ထိုရုပ်သေးရုပ်ဘက်မှ အနည်းငယ်ခန့် အင်အားစိုက်ထုတ်လိုက်ပါက ထိုခြုံလွှာကြီးအား ကျော်ဖြတ်နိုင်သည်ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ၎င်းမှာ ခြုံလွှာကြီး၏ အတွင်းပိုင်းထဲသို့ ပြန်လည် ဝင်ရောက်လာနိုင်စွမ်း မရှိဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် နောက်သို့လှည့်ကာ ဧရာမတိုင်လုံးကြီးဆီသို့ ပြန်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုတိုင်လုံးကြီးအား တစ်ခဏမျှ အကဲခတ်လေ့လာလိုက်ပြီးနောက် ၎င်းအား တစ်ပတ်ပတ်လိုက်၏။ ထို့နောက် နဂိုမူလနေရာသို့ ပြန်ရောက်လာသောအခါ သူ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပသွားတော့သည်။ ထို့နောက် သူသည် သူ၏ ရုပ်သေးရုပ်တစ်ရုပ်အား ထုတ်ယူလိုက်ပြီး ၎င်းအား ထိုတိုင်လုံးကြီး၏ အနီးသို့ ချဉ်းကပ်သွားစေလိုက်၏။ သူသည် ထိုရုပ်သေးရုပ် တိုင်လုံးကြီး၏ အတွင်းပိုင်းထဲသို့ တိုးဝင်ကာ စစ်သင်္ဘောကြီး၏ တတိယထပ်ဟု သူယူဆထားသည့် နေရာအထိ ဆင်သွားနိုင်မည်လောဟု စမ်းသပ်ကြည့်ချင်နေခြင်း ဖြစ်သည်။
ထိုတိုင်လုံးကြီးမှာ ကျုံ့လိုက်ဆန့်လိုက် ဖြစ်နေသောကြောင့် အပြင်ပန်းတွင် ပျော့ပျောင်းသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ပြွန်ကြီးများထက် အများကြီးပို၍ မာကျောနေ၏။ သို့ဖြစ်ရာ သူသည် ၎င်း၏ အပြင်ဘက်ဆုံးအလွှာအား ခွာကာ အတွင်းပိုင်းထဲအထိ ရောက်အောင် အပေါက် မဖောက်နိုင်သရွေ့ အထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရတော့သည်။ ထိုတိုင်လုံးကြီး၏ အောက်တွင် တစ်စုံတစ်ခု ရှိနေရမည်ဟု သူက ခံစားမိနေ၏။ ၎င်းမှာ စစ်သင်္ဘောကြီး၏ လျှို့ဝှက်ချက်များ သို့မဟုတ် ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခုခု ဖြစ်နိုင်ပေသည်။ သို့သော် သူသည် ထိုတိုင်လုံးကြီးထဲသို့ ဘေးမသီရန်မခ ဝင်ရောက်နိုင်မည့်ပုံ မပေါ်ပေ။
သို့ရာတွင် ဝမ်ပေါင်လဲ့မှာ အရှုံးပေးရန် ဆန္ဒမရှိပေ။ သူသည် မျက်လုံးများမှေးကာ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ရုပ်သေးရုပ်ဖြင့် ထိုတိုင်လုံးကြီးအား စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက် သူသည် အသက်ပြင်းပြင်းရှူကာ တိုင်ကြီး၏ မာကျောမှုအဆင့်အား နောက်ထပ်တစ်ကြိမ်ထပ်၍ အကဲခတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှေးကာ သူ၏ နတ်ဘုရားဧကရာဇ် ချက်ဝတ်တန်ဆာအား ထုတ်လွှတ်လိုက်တော့သည်။ ထို့ကြောင့် မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး သွေးရောင်စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ ကြောက်မက်ဖွယ်ရာ ချပ်ဝတ်တန်ဆာကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ သူ၏ နတ်ဘုရားလက်နက် လက်ကြီးထဲမှလည်း အဖျက်စွမ်းအားများ ကိန်းအောင်းနေသည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာတော့သည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်သို့ ပေတစ်ရာတိတိ ဆုတ်ခွာသွားလိုက်ပြီးနောက် သူ၏ ညာခြေထောက်အား မြေကြီးပေါ်သို့ အားပါပါ ဆောင့်ချလိုက်၏။ ထို့နောက် သူသည် စွမ်းအင်များစုစည်းကာ မြားတစ်ချောင်းကဲ့သို့ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားလိုက်တော့သည်။ သူသည် ထိုတိုင်လုံးကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးလာနေရင်း သူ၏ လက်ဘုရားလက်နက် လက်ကြီးအား ရှေ့သို့ ဆန့်ထုတ်လိုက်၏။
သူ၏ အမြန်နှုန်းကြောင့် လေထဲ၌ တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်လာရသည်။ သူသည် ထိုတိုင်လုံးကြီး၏ အနီးသို့ ရောက်လာချိန်တွင် သူ၏ ညာဘက်လက်အား မြှောက်ကာ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများနှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများသာမက သူ၏ အမြန်နှုန်းများပါ ကိန်းအောင်းနေသော ထိုလက်သီးချက်ကြီးမှာ ဝမ်ပေါင်လဲ့ ထုတ်လွှတ်ဖူးသမျှ လက်သီးချက်များထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ပေသည်။ ၎င်းမှာ နတ်ဘုရားလက်နက်တစ်ခု၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီးနောက် အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွားတော့သည်။ ထိုလက်သီးချက်ကြီးမှာ တိုင်လုံးကြီးအား ထိုးခွင်းသွား၏။
ထိုအပေါက်၏ အရွယ်အစားမှာ အကြီးကြီး မဟုတ်ဘဲ သူ၏လက်သီးဆုပ် အရွယ်အစားသာ ရှိပေသည်။ ထို့အပြင် ထိုတိုင်လုံးကြီးဆီမှ တန်ပြန်ရိုက်ခတ်အားများလည်း ထွက်ပေါ်လာခြင်းမရှိပေ။ သို့ဖြစ်ရာ ထိုအပေါက်လေးမှာ ထိုတိုင်ကြီးအတွက် လူ့ခန္ဓာကိုယ်ပေါ်ရှိ အသေးစား ဓားပြတ်ရာလေး တစ်ခုကဲ့သို့ သေးဖွဲသိမ်နုတ်နေသည်ဟု ဆိုနိုင်ပေသည်။
ထို လက်သီးချက်ကြောင့် တဖောက်ဖောက်မြည်သံများ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားပြီး ထိုအပေါက်ထဲမှ ခရမ်းရောင်အရည်များ စီးထွက်လာ၏။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ လက်သီးအား ပြန်၍ဆွဲထုတ်လိုက်သည်နှင့် ထိုဒဏ်ရာကြီးမှာ သူ၏ရှေ့တွင် ချက်ချင်းပင် ပြန်၍ သက်သာပျောက်ကင်းစ ပြုလာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအပေါက်ကြီးအား ချဲ့ကာ သူ၏ရုပ်သေးရုပ်အား အထဲသို့ ထည့်နိုင်ရန် အချိန်မရှိတော့ပေ။ ထိုအပေါက်ကြီး လုံးဝပြန်ပိတ်သွားခါနီးတွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ ထို့နောက် သူ၏ အပြင်ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်သွားပြီး သူ၏ ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွား၏။ ၎င်းမှာ လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် ထိုအပေါက်ကြီး ပိတ်မသွားခင် ၎င်းအား ကျော်ဖြတ်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွား၏။ သူသည် သူ၏ရုပ်သေးရုပ်အား ထုတ်ယူကာ အစောင့်ချထားလိုက်ပြီးနောက် အတော်အသင့် ဘေးကင်းလုံခြုံသည့် နေရာတစ်ခုကို ရှာဖွေကာ အောက်သို့ထိုင်ချလိုက်သည်။ ထို့နောက် သူသည် သူ၏အာရုံကို နှစ်ခြမ်းခွဲကာ သူ၏ ဘေးပတ်ဝန်းကျင်အား မျက်ခြည်မပြတ် စောင့်ကြည့်နေရင်း သူ၏ ကိုယ်ပွားကို ထိန်းချုပ်၍ ခရမ်းရောင်အရည်များဖြင့် ပြည့်နေသော တိုင်လုံးကြီး၏ အောက်သို့ ဆင်းသွားစေလိုက်တော့သည်။
သူ၏ ကိုယ်ပွားမှာ ထိုတိုင်လုံးကြီးထဲရှိ ခရမ်းရောင်အရည်များနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်စားမှုဒဏ်များကို ခံစားလိုက်ရတော့သည်။ သူ၏ ခန္ဓာကိုယ်အစစ်သာဆိုလျှင် ထို အရည်များကြောင့် ချက်ချင်းပင် အရိုးတခြား အသားတခြား ဖြစ်သွားမည်သာ ဖြစ်သည်။
သူ၏ ရုပ်သေးရုပ်များမှာလည်း ထိုတိုက်စားမှုဒဏ်အား တောင့်ခံနိုင်မည်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာမူ အသွေးအသားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း မဟုတ်ဘဲ လျှပ်စီးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ ထို ခရမ်းရောင်အရည်များ၏ တိုက်စားမှုဒဏ်ကို တစ်ခဏမျှ တောင့်ခံနိုင်စွမ်းရှိနေ၏။ သို့သော်လည်း ၎င်းမှာ အကြာကြီး တောင့်ခံနိုင်မည့်ပုံတော့ မပေါ်ပေ။ ထို့ကြောင့် သူသည် အောက်သို့ အလျင်အမြန်ဆင်းကာ တတိယထပ်အား တွေ့အောင် ရှာဖွေရန် လိုအပ်ပေသည်။
သို့သော်… ထိုတိုင်လုံးကြီးထဲတွင် အန္တရာယ်ဟူ၍ ထိုခရမ်းရောင်အရည်များသာ ရှိနေသည်တော့မဟုတ်ပေ။ အခြား လျှို့ဝှက်အန္တရာယ်များလည်း ရှိနေသေးသည့်ပုံပင်။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ အောက်သို့ ပေတစ်ရာခန့် ဆင်းလာပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခုမှာ ရုတ်တရက်ဆိုသလို ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူ ဘာမှန်းမသိလိုက်ခင်မှာပင် သူ၏ ကိုယ်ပွားမှာ တစ်စစီ ပျက်စီးသွားပြီးနောက် လျှပ်စစ်ဓာတ်များအဖြစ် ပြောင်းလဲကာ ခရမ်းရောင်အရည်များထဲသို့ နစ်ဝင်သွားတော့သည်။
ထိုအခါ ဒုတိယထပ်တွင် ရှိနေသော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ ထို့နောက် သူသည် ဒုတိယမြောက် ကိုယ်ပွားတစ်ခုကို ထပ်၍ ဆင့်ခေါ်ကာ တိုင်လုံးကြီးထဲ၌ အပေါက်တစ်ပေါက် ထပ်ဖောက်လိုက်ပြီးနောက် ထိုကိုယ်ပွားအား အထဲသို့ စေလွှတ်လိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် သတိဝီရိယ ပိုရှိနေ၏။ သူသည် ထိုကိုယ်ပွား၏ ခန္ဓာကိုယ်ပေါ်တွင် အဋ္ဌမအဆင့် အကာအကွယ် ဓမ္မလက်နက်တစ်ခု တပ်ဆင်ပေးထားသည်။
ထို အကာအကွယ် ဓမ္မလက်နက်မှာ အသုံးဝင်ပေသည်။ ယခုအကြိမ်တွင် ထို ရွှေရောင်အလင်းတန်းကြီး ဖျတ်ခနဲလက်သွားပြီးနောက် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ ထို အမည်မသိ ရွှေရောင်အရာဝတ္ထုကြီး သူ၏ ဓမ္မလက်နက်အား ရိုက်ခတ်ကာ ဖျက်စီးပစ်ရာမှ ထွက်ပေါ်လာသည့်အသံ ဖြစ်ပေသည်။ ခဏအကြာတွင် သူ၏ ကိုယ်ပွားမှာ တစ်စစီပေါက်ကွဲသွား၏။ ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ ထို ရွှေရောင် အရာဝတ္ထုကြီးအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။
၎င်းမှာ ကျိုးပဲ့နေသည့် ရွှေရောင်လက်ချောင်းတစ်ချောင်း ဖြစ်ပေသည်။