Switch Mode

အခန်း (၆၄၇)

အတွင်းပိုင်း

ဝမ်ပေါင်လဲ့တစ်ယောက် အံ့ဩတုန်လှုပ်နေစဉ်မှာပင် သူ ထုတ်လွှတ်လိုက်သည့် ရုပ်သေးရုပ်လေးမှာ ရုတ်ခြည်းဆိုသလို တစ်စစီ ကြေမွပျက်စီးသွားတော့သည်။ မျက်လုံးဖြင့် မမြင်နိုင်သော စွမ်းအားတစ်မျိုးမှာ ၎င်းအား ဖိညှစ်ပစ်လိုက်သည့် ပုံပင်။

ထို့နောက် ထူးဆန်းသော စွမ်အားတစ်မျိုးမှာ ဝမ်ပေါင်လဲ့နှင့် ထိုရုပ်သေးရုပ်၏ ကြားရှိ အချိတ်အဆက်အား လှမ်း၍ ဖမ်းဆုပ်လိုက်ပြီးနောက် အက်ကွဲကြောင်းထဲ၌ ပုန်းနေသည့် ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှ အနွေးဓာတ်များ ကုန်ဆုံးသွားပြီး ဘဝတစ်ထောင်ပညာရပ်၏ အစွမ်းများ ပျောက်ကွယ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ထိုအဖျက်စွမ်းအားကြီးအား အောင်မြင်စွာရှောင်တိမ်းကာ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထို အဖျက်စွမ်းအားကြီး သူ့နောက်ကို လိုက်မလာတော့ကြောင်း သေချာသွားသောအခါမှသာ ဝမ်ပေါင်လဲ့မှာ နံရံပေါ်သို့ မှီလိုက်၏။ သူသည် အသက်ရှူသံများ လေးလံနေပြီး ရင်ခုန်နှုန်းများမြန်ဆန်နေရပြီ ဖြစ်သည်။ ဤနေရာကြီးမှာ သူမျှော်လင့်ထားသည်ထက် အများကြီးပို၍ အန္တရာယ်ရှိနေသည် မဟုတ်ပါလော။ အတုအယောင် ကမ္ဘာထဲသို့ ပေးပို့နိုင်သည့် ဝတ်မှုန်များနှင့် စတင်ကြုံတွေ့ခဲ့ရသည့် အချိန်မှစ၍ မကြာသေးမီတုန်းက ရင်ဆိုင်ခဲ့ရသည့် တိုက်ကွက်ကြီးအဆုံး သူသည် နေရာတိုင်း၌ အသက်အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပေသည်။

” ဒါတောင် ငါက အခု ပထမအထပ်မှာပဲ ရှိနေသေးတာ… ဒီ စစ်သင်္ဘောကြီးက တော်တော်ကို အံ့ဩဖို့ကောင်းတာပဲ။ တာအိုနန်းတော်တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ သူတို့အတွက် ထမင်းစားရေသောက်အဆင့်လောက်ပဲ ရှိမှာ။ ဒါပေမဲ့ အဲလိုသာဆိုရင် ဘာလို့ သူတို့က အကူညီတောင်းသံတစ်သံ ထုတ်လွှတ်ခဲ့ရတာလဲ… အဓိပ္ပါယ်မရှိဘူး… ” ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။ ဖုန့်ချိုးရန်နှင့် တာအိုနန်းတော်မှ အခြားသူများမှာ သံယောဇဉ်ဟောင်းများကြောင့် ထိုအကူအညီတောင်းသံ၏ လှည့်စားခြင်းကို ခံလိုက်ရခြင်း ဖြစ်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ထိုကဲ့သို့ အကူအညီတောင်းနေသည့် လူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိပေ။ ထို့ကြောင့် သူသည် ဖြစ်ကြောင်းကုန်စင်အား သေသေချာချာ စဉ်းစားသုံးသပ်ကြည့်လိုက်ပြီးနောက် မျက်လုံးများမှေးကာ အတွေးများထဲ၌ နစ်မျောသွားတော့သည်။

” အဲဒီ အကူအညီတောင်းသံတွေက တခြားလူတွေကို ဒီနေရာဆီရောက်လာအောင် မျှားခေါ်ဖို့ပဲ ဖြစ်ရမယ်။ အဲတာဆိုရင် ဒီ စစ်သင်္ဘောကြီးက အပြင်ပန်းမှာသာ အရမ်းကို အစွမ်းထက်ပြီးတော့ အစွမ်းထက် သားရဲကြီးတွေကို ထိန်းချုပ်နိုင်တဲ့ပုံစံ ပေါ်နေပေမဲ့ တကယ်လက်တွေ့မှာတော့ ကန့်သတ်ချက်တွေအများကြီး ရှိနေလောက်တယ်။ ဒီ စစ်သင်္ဘောကြီးပေါ်မှာ ရှိနေတဲ့ သားရဲကြီးတွေက ဒီ ကမ္ဘာကြီးထဲမှာ ပိတ်မိနေပြီး အပြင်ကိုပြန်ထွက်လို့မရတာလည်း ဖြစ်နိုင်တယ်။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက… ဒီ စစ်သင်္ဘောကြီး လည်ပတ်နိုင်ဖို့အတွက် အထူးလောင်စာတစ်မျိုးကို လိုအပ်တယ်ဆိုတဲ့ အချက်ပဲ ” ဝမ်ပေါင်လဲ့မှာ အချက်အလက် အလုံအလောက် မရှိသောကြောင့် ခန့်မှန်းချက်အနည်းငယ်သာ ထုတ်နိုင်၏။ သူ၏ခန့်မှန်းချက်များမှာ အတိအကျ မဟုတ်နိုင်ပါသော်လည်း သူ၏ သုံးသပ်ချက်များမှာ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု သူက ခံစားနေရ၏။

” တကယ်လို့ အော်သံကို သုံးပြီး လူတွေကို ဒီနေရာဆီ ရောက်လာအောင် မျှားခေါ်ခဲ့တာဆိုရင် ဒီကိစ္စကြီးတစ်ခုလုံးရဲ့ ကြိုးကိုင်ရှင်က တာအိုနန်းတော်ရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေအားလုံးကို သတ်ဖြတ်နှိမ်နင်းပစ်ချင်နေတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ စစ်သင်္ဘောကြီးအတွက် လောင်စာတစ်မျိုး လိုအပ်နေတာကြောင့်ဆိုရင်တော့ သူက ငါတို့ကို ယဇ်ပူဇော်တဲ့နေရာမှာ သုံးဖို့ ကြံစည်နေတာ ဖြစ်လောက်တယ်။ သူက ငါတို့ကို သတ်ရင်သတ်၊ မသတ်ရင် ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေမှာ ” ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် သူ၏ ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။

ယခုတွင် သူသည် ကြိတ်ဆုံကျောက်ကြီး၏ အတွင်းပိုင်းထဲသို့ ရောက်နေ၏။ ထို ကြိတ်ဆုံကျောက်ကြီး တည်ရှိနေခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေလောက်ပြီဖြစ်သည်။ ၎င်းမှာ မရပ်မနား လည်ပတ်နေခဲ့သောကြောင့် ၎င်း၏ကိုယ်ထည် တစ်ခုလုံးတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။ ထို အက်ကွဲကြောင်းများ၏ အရွယ်အစားမှာ ကြိတ်ဆုံကျောက်ကြီးနှင့် ယှဉ်လိုက်လျှင် မသိသာပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ၎င်းတို့မှာ မည်သည့်နေရာသို့ ရောက်နိုင်မှန်း မသိနိုင်‌သည့် စင်္ကြံလမ်းလေးများကဲ့သို့ ဖြစ်နေကြသည်။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေသည့် စိတ်များကို ကြိုးစားမေ့ပျောက်လိုက်ပြီးနောက် သူ၏ရှေ့တွင်ရှိနေသော စင်္ကြံလမ်းလေးအား အကဲခတ်လိုက်၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှုကာ ရှေ့သို့ တစ်လှမ်းချင်းစီ တိုးသွားလိုက်သည်။ သူ၏ ပတ်ပတ်လည်တွင်မူ ကြိတ်ဆုံကျောက်ကြီးဆီမှ ထွက်ပေါ်နေသည့် ထစ်ချုန်းသံများ မြည်ဟည်းနေဆဲပင်။ သူသည် ဤ စင်္ကြံလမ်း၏ အဆုံးတွင် ထွက်ပေါက်တစ်ခု ရှိမရှိ သွားရောက်ကြည့်ရှုန် ဆုံးဖြတ်လိုက်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် စင်္ကြံလမ်းအတိုင်း လျှောက်သွားရင်း အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ သူသည် တစ်ဖက်ပိတ်လမ်းများနှင့် ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့သဖြင့် နောက်သို့ပြန်လှည့်ကာ နောက်ထပ် စင်္ကြံလမ်းများကို ထပ်၍ စမ်းကြည့်ခဲ့ရသည်။ သို့သော် သူသည် တစ်ချိန်လုံး သတိဝီရိယအပြည့် ရှိနေခဲ့ပြီး ရုပ်သေးရုပ်တစ်ရုပ်အား သူ၏ရှေ့သို့ စေလွှတ်ကာ အန္တရာယ်ရှိမရှိ စစ်ဆေးနေခဲ့၏။ နောက်ဆုံးတွင် သူသည် ရုပ်သေးရုပ် အမြောက်အမြား ထုတ်ယူလိုက်ပြီးနောက် ၎င်းတို့အား စင်္ကြံလမ်းများထဲသို့ တစ်ပြိုင်နက်ထဲ စေလွှတ်လိုက်တော့သည်။ ထိုသို့ဖြင့် သူသည် သူ့အတွက် အကောင်းဆုံးဖြစ်မည့် လမ်းအား ရှာဖွေနေတော့သည်။

တစ်ပတ်နီးပါး ကုန်ဆုံးသွားပြီးနောက် မွန်းတည့်ချိန် တစ်ခုတွင် ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွား၏။ ထို့နောက် သူသည် သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ သူသည် သူ၏ ရုပ်သေးရုပ် တစ်ရုပ်၏ မျက်လုံးများထဲမှတစ်ဆင့် တစ်စုံတစ်ခုအား လှမ်းမြင်လိုက်ရခြင်း ဖြစ်သည်။

ထို ရုပ်သေးရုပ်မှာ သူနှင့်သိပ်မဝေးသော စင်္ကြံလမ်းတစ်လမ်းထဲ၌ ရှိနေ၏။ ထိုလမ်း၏ အဆုံးတွင် ရေကန်ကြီးတစ်ကန် ရှိနေပြီး ထို ရေကန်၏ အထက်တွင် ပန်းပွင့်ကြီးတစ်ပွင့် ရှိနေသည်။

ထိုပန်းပွင့်မှာ ခရမ်းရောင်ဖြစ်ပြီး မျက်နှာကြက်ပေါ်၌ ပေါက်နေ၏။ ၎င်းမှာ အောက်သို့စိုက်ကျကာ ငွားငွားစွင့်စွင့် ဖူးပွင့်နေပြီး ပေတစ်ရာကျော်ထိ ရှည်လျားပေသည်။ ၎င်းဆီမှ ကျောချမ်းဖွယ်ရာကောင်းသည့် နတ်ဆိုးအလင်းရောင်များ ထွက်ပေါ်နေပြီး ခရမ်းရောင်အရည်များမှာလည်း အောက်ဘက်ရှိ ရေကန်ထဲသို့ ဖြည်းဖြည်းချင်း စီးကျနေ၏။

ထိုရေကန်ပေါ်တွင် လူပေါင်းဒါဇင်များစွာ တင်ပျဉ်ခွေ ထိုင်နေကြ၏။ သူတို့အားလုံးမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိကြပြီး အစွမ်းထက်သော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေကြသည်။ သူတို့မှာ အသက်ရှိတော့သည့်ပုံ မပေါ်သလို ‌သေဆုံးနေသည့်ပုံလည်း မပေါ်ဘဲ ဟင်းလင်းပြင်ကြီးတစ်ခုထဲ၌ ပိတ်လှောင်ခံထားရပြီး အိပ်မောကျနေသည့်ပုံ ပေါက်နေ၏။

၎င်းတို့၏ ခန္ဓာကိုယ်များပေါ်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးများဖြင့် ပြည့်နှက်နေ၏။ သို့သော် ရေကန်ထဲရှိ အရည်များမှာ ဒဏ်ရာကုသနိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် သူတို့မှာ ရေကန်ထဲတွင် စိမ်နေရင်း သူတို့၏ ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာနေကြ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်တကြီး ဖြစ်သွားရသည်။ ထို့နောက် ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သောအခါ သူသည် ပို၍ပင် စိုးထိတ်သွားရတော့သည်။ သူတို့ထဲမှ အားအနည်းဆုံး ကျင့်ကြံသူပင်လျှင် မြဲ့လျဲ့ကျိအား ရင်ဆိုင်နိုင်စွမ်းရှိပေသည်။

ဝမ်ပေါင်လဲ့မှာ အလောတကြီး ပြုမူလှုပ်ရှားခြင်းမရှိဘဲ သူ၏ ရုပ်သေးရုပ်အား ထိန်းချုပ်ကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာလာစေလိုက်၏။ ထို့နောက် သူသည် ရင်တထိတ်ထိတ်နှင့် အခြားသော အက်ကွဲကြောင်းများကို လိုက်လံရှာဖွေနေတော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသာ် ဤ ကြိတ်ဆုံကျောက်ကြီးထဲ၌ ထိုကဲ့သို့သော ရေကန်မျိုး အကန်နှစ်ဆယ်ကျော်အား ထပ်၍ ရှာတွေ့လိုက်၏။

သူ ရှာမတွေ့သေးသည့် ရေကန်များ မည်မျှအထိ ရှိနေမည်ကို ဝမ်ပေါင်လဲ့က မသိပေ။ သူ ရှာတွေ့ခဲ့သမျှ ရေကန်တိုင်း၏ အထက်တွင် ခရမ်းရောင်ပန်းပွင့်ကြီးတစ်ပွင့်စီ ရှိနေခဲ့၏။ ထိုပန်းပွင့်ထဲမှ အရည်များမှာ ရေကန်များထဲသို့ စီးကျနေပြီး အဆုံးမဲ့မျိုးနွယ်စုဝင်များအား ဒဏ်ရာပျောက်ကင်းအောင် ကုသပေးနေကြသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်လန့်ကြောက်ရွံ့သွားရပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။ ကံကောင်းစွာဖြင့် သူသည် ရုပ်သေးရုပ် စစ်တပ်ကြီးတစ်တပ်ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။။ ထို့ကြောင့် သူသည် ထို ပန်းပွင့်ကြီးများကို သတိထားကာ စင်္ကြံလမ်းများကို သေသေချာချာ ရွေးချယ်ခဲ့ပြီးနောက် ထိုပန်းပွင့်များ၏ ရိုးတံများနှင့် အကိုင်းအခက်များကို ရှာဖွေတွေ့ရှိခဲ့၏။

ထို ပန်းပွင့်တစ်ပွင့်ချင်းစီတိုင်း၏ ရိုးတံများမှာ ကျောက်သားဖြင့် တည်ဆောက်ထားသည့် မျက်နှာကြက်ထဲတွင် နစ်ဝင်နေကြ၏။ ထို့အပြင် ၎င်းတို့အားလုံးမှာ ဧရာမ သစ်ကြောကြီးတစ်ကြောနှင့် ချိတ်ဆက်နေကြသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်သေးရုပ်များကို ဖြန့်ကြက်ကာ ဆက်လက်ရှာဖွေနေလိုက်၏။ ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သုသည် စင်္ကြံလမ်းတစ်လမ်း၏ အဆုံးတွင် ထို ဧရာမသစ်ကြောကြီးအား ရှာတွေ့သွားတော့သည်။ ၎င်းမှာ ပေတစ်ထောင်ခန့် အချင်းရှိပြီး ၎င်း၏ မျက်နှာပြင်မှာ နူးညံ့ပျော့ပျောင်းကာ အကြည်ရောင်ဖြစ်နေ၏။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုသစ်ကြောကြီးထဲ၌ ပျော့ဖတ်ဖတ်ဖြစ်နေသည့် သွေးစနှင့် အသားစများ စီးဆင်းနေကြသည်ကို မြင်နိုင်ပေသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရ၏။ ထို့နောက် သူ၏အတွေးထဲတွင် ရုပ်အလောင်းများအား အရိုးတခြား အသားတခြားဖြစ်အောင် ‌ခြေမွကာ ၎င်းတို့၏ အသွေးအသားများအား ယခုကဲ့သို့သော သွေးကြောကြီးများထဲသို့ ပေးပို့နေသည့် ဧရာမ ကြိတ်ဆုံကျောက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ထို သွေးကြောကြီးများမှာ ရိုးတံများအဖြစ် ခွဲထွက်သွားကြပြီး‌နောက် အခန်းအမျိုးမျိုးနှင့် ချိတ်ဆက်နေကြမည်ဖြစ်သည်။ ထို့နောက် ထိုအခန်းများ၏ မျက်နှာကြက်များပေါ်တွင် ခရမ်းရောင်ပန်းပွင့်တစ်ပွင့် ပေါက်လာပြီး ဒဏ်ရာများကိုကုသပေးနိုင်သည့် အရည်များကို ထုတ်လုပ်ပေးနေမည် ဖြစ်သည်။

” ကြိတ်ဆုံကျောက်ကြီးရဲ့ အရွယ်အစားနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဒီ ကြိတ်ဆုံကျောက်ကြီးထဲမှာ ဒီလိုမျိုး သစ်ကြောကြီးတွေ တစ်ခုထက်မက ရှိနေလောက်တယ်။ တကယ်လို့ တစ်ခုတည်းသာ ရှိတယ်ဆိုရင် အဲဒီ သစ်ကြောကြီးရဲ့ အစကို ‌တွေ့အောင်ရှာပြီးတော့ အဆိပ်ခတ်လိုက်တာနဲ့ သူတို့တွေအကုန် အသက်ပျောက်သွားကြမှာ ” ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိနေသော သစ်ကြောကြီးအား စိုက်ကြည့်ရင်း သက်ပြင်းချလိုက်၏။ သူ့ဆီတွင် ထိုကဲ့သို့သော အဆိပ်မျိုး ရှိနေသည်တော့ မဟုတ်ပေ။ ထို့အပြင် သစ်ကြောတစ်ခုတည်းသာ ရှိလျှင်တောင် ၎င်း၏ အစအား ရှာတွေ့နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းနေမည်ဖြစ်သည်။ သူ့ဘက်မှ အနည်းငယ်ခန့် အမှားလုပ်မိလိုက်ရုံဖြင့် ထို အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ နိုးထလာနိုင်ပေသည်။ ထိုသို့သာဆိုပါက သူသည် အသက်ပျောက်သွားရမည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ထိုအကြံအစည်အား မေ့ထားလိုက်ရ၏။ ထို့နောက် သူသည် သူ၏ရင်ထဲမှ စိုးရိမ်စိတ်များကို ချုပ်တည်းကာ သူ၏ရှေ့တွင်ရှိနေသော သစ်ကြောကြီးအား အကဲခတ်လေ့လာကြည့်လိုက်သည်။ အချိန်အတော်အတန် ကြာပြီးနောက် သူသည် အံကြိတ်လိုက်တော့သည်။ ဤ သစ်ကြောကြီးမှာ သူ ထွက်ပေါက်တစ်ပေါက် ရှာတွေ့နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်နိုင်ကြောင်း သူက သိထား၏။

သူသည် ဤ သစ်ကြောကြီးအတိုင်း ဆင်းသွားလိုက်မည်ဆိုပါက ကြိတ်ဆုံကျောက်ကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ထိုအခါမှသာ သူသည် စစ်သင်္ဘောကြီး၏ အပြင်ဘက်သို့ ထွက်နိုင်မည့် လမ်းတစ်ခုခုကို ရှာတွေ့နိုင်မည် ဖြစ်သည်။ ၎င်းမှာ သူ ထိုနေရာ၌ နှစ်ပတ်တိတိ ရှိနေခဲ့ပြီးနောက် စဉ်းစားမိခဲ့သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာပြီးနောက် ထိုသစ်ကြောကြီး၏ အနီးသို့ ချဉ်းကပ်သွားလိုက်ပြီး သူ၏ ခန္ဓာကိုယ်အား ၎င်းပေါ်သို့ ဖိချလိုက်တော့သည်။ ၎င်း၏ မျက်နှာပြင်မှာ နူးညံ့‌ပျော့ပျောင်းနေသောကြောင့် သူ့ဘက်မှ အားအနည်းငယ်ခန့် စိုက်လိုက်ရုံဖြင့် သူသည် ထိုသစ်ကြောကြီးထဲသို့ ရောက်ရှိသွားတော့သည်။ ယခုတွင် သူ၏ ခန္ဓာကိုယ်မှာ ၎င်း၏ အပြင်ဘက်အလွှာထဲ၌ ရောက်နေပြီဖြစ်သည်။ သူသည် သစ်ကြောကြီး၏ အတွင်းပိုင်းထဲအထိ မဝင်ရသေးပါသော်လည်း ၎င်းထဲ၌ ‌စီးဆင်းရွေ့လျားနေကြသည့် သွေးစနှင့် အသားစများကို အာရုံခံမိနေ၏။ ထို့အပြင် သူသည် သွေးညှီနံ့ကြီးတစ်ခုမှာလည်း သူ၏ နှာခေါင်းပေါက်ထဲသို့ တိုးဝှေ့ဝင်ရောက်လာ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ အလွယ်တကူ အရှုံးပေးတတ်သူတစ်ယောက် မဟုတ်သောကြောင့် မျက်လုံးများမှေးသွားကာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုသစ်ကြောကြီးအတိုင်း အောက်သို့ ဆင်းသွားလိုက်တော့သည်။ ထိုသို့ဖြင့် သူသည် လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်နှင့်မှ မကြုံခဲ့ရဘဲ အောက်ပိုင်းသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာ၏။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သုံးရက်တိတိ ထိုသို့ လျှောက်လှမ်းလာခဲ့ပြီးနောက် ထိုသစ်ကြောကြီး၏ အဆုံးကို မြင်လိုက်ရ၏။ ၎င်းမှာ လင်းလက်တောက်ပနေသည့် ကမ္ဘာသစ်တစ်ခုနှင့် ချိတ်ဆက်နေသည့်ပုံပင်…

ဝမ်ပေါင်လဲ့မှာ ထိုအလင်းရောင်အား မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွား၏။ ထို့နောက် သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး အရှိန်မြှင့်တင်လိုက်တော့သည်။ သူသည် သစ်ကြောကြီး၏ အဆုံးသို့ ရောက်ခါနီးတွင် အရှိန်လျှော့လိုက်ပြီး ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်လွှတ်ကာ ထိုနေရာအား အရင်ဆုံး ကြည့်ရှုစစ်ဆေးလိုက်၏။ ထို ရုပ်သေးရုပ်၏ မျက်လုံးများထဲမှ တစ်ဆင့် ထို လင်းလက်တောက်ပနေသည့် နေရာအား ရှင်းလင်းပြတ်သားစွာ မြင်ရပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် မျက်လုံးများပြူးသွားရ၏။

” ဒါ ဘယ်လိုနေရာကြီးလဲဟ “

Comment

Leave a Reply

Options

not work with dark mode
Reset