အပိုင်း (၁၅၇)

မင်းရဲ့ အသက်ကို ယူမလို့

သည်ကောင်… လူတိုင်းက ရီဖူရှင်းအား ကြည့်ကာ အေးစက် သွားကြသည်။ ကြယ်ကိုးပွင့် ကောင်းကင်အဆင့်က ယွန်ရှင်းမိုအား အစေခံအဖြစ် လိုချင်သည်။ ရီဖူရှင်းတွင် ထူးခြား ထက်မြက်သော ပါရမီရှိသော်လည်း သူ၏တန်ခိုးအဆင့်ကား အလွန် နိမ့်နေပေသေးသည်။ ထို့အပြင် သူကား ပို၍ အသက်ငယ်သည်။ သူက သည်ကဲ့သို့ စကားကို ပြောခြင်းမှာ လွန်ကဲလွန်းလှသည်။ ယွန်ရှင်းမို ပထမပြောခဲ့သော ကမ်းလှမ်းချက်မှာ သူကသာ ထိုဓားပညာအား ဓားကလန်ကို သင်ပေးမည်ဆိုပါက ဓားကလန်၏ မိတ်ဆွေအဖြစ် သူတို့က သဘောထားမည်ဖြစ်ကာ သူ့အား အန္တရာယ်မှလည်း ကာကွယ်ပေးမည်ဟု ပြောခဲ့ခြင်းသာ ဖြစ်သည်။ ယခုမူကား သူက ထောင်ပေါင်း များစွာသော ခြေလှမ်းများကို ကျော်လျက် ဓားကလန်၏ ထိပ်တန်းတပည့်ကို သူ၏အစေခံအဖြစ် လုပ်မည်လော မေးသည်။

ရိုလျှို၊ ဝမ်ကြွေနှင့် ဓားကလန်မှ တခြားလူများက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ ယခုရီဖူရှင်းက သူတို့နှင့်အတူတူ ခရီးသွားခဲ့သော ရီဖူရှင်း အစစ်အမှန်လား။

ယွန်ရှင်းမိုက ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ သူမကား ဓားကလန်မှ ထိပ်တန်း တပည့်ဖြစ်ကာ ယနေ့အထိ ဤကဲ့သော မလေးစားသော အပြောအဆို အပြုအမူများအား မခံစားဖူးပေ။ သူက သူမအား အစေခံအဖြစ် အလိုရှိသည်။ သို့သော်လည်း သည်စကားများကို ဤချောမောသော ကောင်လေးက သာမန်ဟုသာ သဘောထားပုံရသည်။ ရီဖူရှင်းက သူမအား ပြုံးပင် ပြုံးပြလိုက်သေးသည်။ သို့သော် သူ၏မျက်လုံးများမှ မောက်မာမှုကို သူမ ခံစားရသည်။ မဟုတ်လျှင် သူက သူမအား ဤကဲ့သို့နည်းဖြင့် ဆက်ဆံမည် မဟုတ်ပေ။ သူ၏မျက်လုံးထဲတွင် ဓားကလန်မှ ထိပ်တန်းတပည့်မှာ သာမန်လူနှင့် ခြားနားဟန် မရှိပေ။ သူ၏ပါရမီအပေါ်တွင် ရီဖူရှင်းကား ယုံကြည်မှု ရှိလွန်းဟန်တူသည်။

ကန်တောင်ကုန်း ရှေးဟောင်း ရုပ်ကြွင်းနေရာကား ရှေးဟောင်း မြေရိုင်းဒေသတွင် ထူးဆန်းသော နေရာများထဲမှ တစ်နေရာ ဖြစ်သော်လည်း သမိုင်းတစ်လျှောက် မည်သူကမှ အပြည့်အဝ နားလည်ခဲ့ခြင်း မရှိခဲ့ကြပေ။ သူက နံရံလေးခုလုံးကိုပင်လျှင် ထိန်းချုပ်နိုင်သည်။ အမှန်က သူ့တွင် မောက်မာပိုင်ခွင့် ရှိနေပေသည်။

နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ချင်းမုန်ဒေသမှ ထိပ်သီးပါရမီရှင်များက ချင်းမုန်မြို့ကို ရောက်လာကာ ကန်တောင်ကုန်း ရှေးဟောင်းနံရံများကို လာရောက် လေ့လာခဲ့ကြသည်။ သို့သော် မည်သူကမှ ရီဖူရှင်းကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။ ဤမျှသာမဟုတ် သူက ကု့ချင်းဂီတကို သုံးလျက် သူနားလည်သော ကျောက်နံရံပေါ်မှ အနုပညာရသများကို တခြားလူများကို နားလည်စေနိုင်စွမ်း ရှိနေသည်။ သူ့ကြောင့် သာမန် ပါရမီသာရှိသော ဓားကလန်မှ ရိုယွီပင်လျှင် ဓားနံရံမှ ဓားပညာကို နားလည် တတ်မြောက်ခဲ့သည်။ ဆိုလိုသည်မှာ ရီဖူရှင်းကသာ လိုလားလျှင် သူက ယွန်ရှင်းမိုအား ရိုယွီထက် ပိုမိုအဆင့်မြင့်မားသော နားလည်နိုင်သော အခြေအနေထိအောင် လုပ်ပေးနိုင်စွမ်း ရှိနေကြောင်း သိသာသည်။ သို့သော်လည်း ကျောက်နံရံပေါ်မှ ဓားပညာကို သင်ယူလိုရုံမျှဖြင့် သူမအတွက် ပေးဆပ်ရမည်မှာကား ကြီးမားလှသည်။ သို့သော် သူက တခြားနံရံမှ အနုပညာ ရသများကိုလည်း သူမအား သင်ပေးနိုင်သေးသည်။ အကယ်၍ ဤမျှဖြင့် မလိုလောက်ပါက ရီဖူရှင်းက သူမအား ရှေးဟောင်း မြေရိုင်းဒေသမှ တခြား ထူးဆန်းသော နေရာများကို ခေါ်ဆောင်ကာ များပြားသော ပညာရပ်များ ကံစွမ်းအားများကို သင်ပေးနိုင်သေးသည်။

ထိုအရာများကို တွေးမိလျှင် ယွန်ရှင်းမိုက ဒေါသထွက်ရမည့်အစား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ သူမ၏အကြည့်က ရီဖူရှင်း၏နောက်မှ လူများထံသို့ ရောက်သွားသည်။ ထိုလူများ၏ ပါရမီက သူမအား မယှဉ်နိုင်သည့်တိုင်အောင် ရီဖူရှုင်းကြောင့် သူတို့၏စွမ်းဆောင်ရည်ကား သူမထက် ပိုမိုမည်မှာ သေချာလှသည်။ ရီဖူရှင်းနောက်ကို လိုက်လျှင် သူမကလည်း ထိုလူများကဲ့သို့ ပိုမိုမြင့်မားသော အခြေအနေတစ်ခုသို့ ရောက်ရှိမည်ဖြစ်သည်။ နောက်ဆုံးတွင် သူမက နိုဘယ် ကံစွမ်းအားကိုပင်လျှင် ရရှိနိုင်ပေသေးသည်။

“မင်းက တကယ်ကို လွန်တာပဲ…” လျိုယွန်က ရီဖူရှင်းအား ပြောလိုက်သည်။ ရီဖူရှင်းက တခြားအရာများအား သိပ်မတွေးပေ။ သူက ယွန်ရှင်းမိုအားသာ ထိုရွေးချယ်မှုကို ပေးခြင်းဖြစ်ကာ လျိုယွန်ကို မဟုတ်ပေ။

လျိုယွန်၏အမြင်တွင်မူ ယွန်ရှင်းမိုကား ဓားကလန်၏ ဂုဏ်ဆောင်ဖြစ်သည်။ သူမကား လှပကာ ပါရမီရှိသည်။ ထို့ကြောင့် ရီဖူရှင်း၏ စကားမှာ ရယ်စရာဖြစ်သည်။

“မစိုးရိမ်ပါနဲ့… မင်းက လိုလားတယ် ဆိုရင်တောင် ငါ့ရဲ့ အစေခံဖြစ်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး… ငါက မင်းလို အစေခံနဲ့ အသားကျမှာ မဟုတ်ဘူး…” ရီဖူရှင်းက လျိုယွန်အား ပြုံးလျက် ပြောသည်။ မိန်းကလေးများကား အစေခံလုပ်၍ ရသည်။ သို့သော် ယောက်ျားက ဘာလုပ်နိုင်မည်နည်း။

ရီဖူရှင်း၏ စကားကို ကြားလျှင် လျိုယွန် အံ့အားသင့်သွားသည်။ သူက နှာခေါင်းရှုံ့လျက် ယွန်ရှင်းမိုအား ပြောလိုက်သည်… “ငါတို့က ပူးပေါင်းပြီး သူ့ဂီတရဲ့ အားနည်းချက်ကို ရှာပြီး တိုက်ခိုက်ကြမယ်… ဒါက ပိုမလွယ်ဘူးလား…”

ယွန်ရှင်းမိုက လျိုယွန်အား ဂရုမစိုက်ပေ။ သူမက ရီဖူရှင်းအား ကြည့်လိုက်သည်။ “ကျွန်မက ရှင့်ရဲ့ ကမ်းလှမ်းမှုကို လက်ခံတယ်…” ယွန်ရှင်းမိုက ရုတ်တရက် ပြောလိုက်သည်။ ချက်ချင်းပင် လူတိုင်း၏အာရုံက သူမထံ ရောက်ရှိလာကြသည်။

သူမက အမှန်တကယ် လက်ခံလိုက်သည်လား။

သူမက ရူးသွားသည်လား။ ချင်းမုန်ဒေသ ဓားကလန်၏ ဂုဏ်ဆောင် ပါရမီရှင်က တခြားတစ်ယောက်၏ အစေခံဖြစ်ရန် လက်ခံခဲ့သည်လား။ ထို့အပြင် ထိုလူ၏ တန်ခိုးအဆင့်မှာ သူမထက် အဆမတန် နိမ့်နေသည်။ ကောင်းကင်အဆင့်မျှသာ ဖြစ်သည်။ ထိုအရာက ဂုဏ်ယူစရာ တစ်ကွက်မှ မရှိပေ။ အထူးသဖြင့် ယွန်ရှင်းမို၏ အဆင့်အတန်းဖြင့် ဖြစ်သည်။

“စီနီယာအစ်မယွန်…” ရိုလျှို၊ ယန်လူနှင့် တခြားလူများက သူမအား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ ယခု ဖြစ်ပျက်သွားသမျှက သူတို့အား အံ့အားသင့် မှင်တက်စေသည်။ သူတို့၏ ရင်ထဲတွင် ယွန်ရှင်းမိုကား သူတို့ ထိကိုင်ရန်ပင် အခွင့်အရေးမရှိသော တည်ရှိမှုဖြစ်သည်။ သူမက အမှန်တကယ် အစေခံလုပ်မည်တဲ့လား။ ထို့အပြင် ထိုလူမှာ သူတို့က မူလက အထင်သေးခဲ့သူ ဖြစ်သည်။ သူတို့ နားမလည်နိုင်တော့ပေ။

ရီဖူရှင်းပင်လျှင် ထိတ်လန့်သွားသည်။ သူကား ရှေးဟောင်း မြေရိုင်းဒေသနှင့် မရင်းနှီးရာ အမှန်ပင် သူတို့အား လမ်းညွှန်ရန် တစ်စုံတစ်ယောက်ကို လိုအပ်နေသည်။ သို့သော် သူက ယွန်ရှင်းမိုကိုပြောသော စကားမှာ သာမန် ရယ်စရာ သဘောဖြင့် ပြောခဲ့ခြင်းသာ။ အံ့အားသင့်စရာ ကောင်းသည်ကား ယွန်ရှင်းမိုက သူ၏ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။ သို့သော် ထိပ်တန်းပါရမီရှင်ဟု လူအများ သတ်မှတ်ထားသူအား အစေခံအနေဖြင့် ရရှိခြင်းမှာလည်း မကောင်းသည်တော့ မဟုတ်ပေ။ သူမကြောင့် ပြဿနာ အများအပြား ပြေလည် သွားစေနိုင်ပေသည်။ အနည်းဆုံး သူက သတင်းစုံစမ်းရာတွင် လူအများက သူတို့အား အထင်သေးသော အကြည့်ဖြင့် မကြည့်တော့ပေ။ ရိုလျှိုတို့အုပ်စုနှင့် အတွေ့အကြုံက သူ့အတွက် ပျော်စရာတော့ မဟုတ်ပေ။

ရိုယွီကား အလွန် သဘောကောင်းသည်။ သို့သော် သူမကား အလွန် အားနည်းသည်။ ထို့အပြင် သူမက ကိစ္စရပ်များကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ပေ။ ယွန်ရှင်းမိုက သူတို့နှင့် အတူရှိနေခြင်းက အလွန် ကောင်းမွန်သော အချင်းအရာဟု ရီဖူရှင်း တွေးသည်။

ရီဖူရှင်းက ပြုံးလျက် သူ၏ကု့ချင်းအား စတင် တီးခတ်လိုက်သည်။ ချက်ချင်းပင် ဂီတသံစဉ်လှိုင်းနှင့်အတူ ဓားနံရံ၏ အနုပညာရသသိက ယွန်ရှင်းမို၏ ခေါင်းထဲကို ဝင်ရောက်လာသည်။ သူမက ထိုရသသိအား ခံစားမိလျှင် ကျောက်နံရံအား ချက်ချင်း ကြည့်လိုက်သည်။ စက္ကန့်ပိုင်း အတွင်းတွင် နံရံပေါ်မှ စာသားများက သူမ၏စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာကာ ထိုစာလုံးများက ပုံသဏ္ဌာန်ပြောင်းလဲလျက် ဓားနည်းစနစ်တစ်ခု အနေဖြင့် မြင်ရသည်။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အနုပညာရသသိလဲ…” သူမ၏မျက်လုံးထဲတွင် ဓားအရှိန်အဝါများ ပေါ်ထွက်လာနေသည်။ သူမကား ထိတ်လန့်နေပြီ ဖြစ်သည်။ ရိုယွီက ထိုဓားပညာအား နားလည်နိုင်ခြင်းမှာ မထူးဆန်းတော့ပေ။

လျိုယွန်၏မျက်နှာ မည်းမှောင်သွားသည်။ သူက ယွန်ရှင်းမိုအား သူနှင့်ပူးပေါင်း၍ ရီဖူရှင်းအား တိုက်ခိုက်ရန် ပြောခဲ့သော်လည်း သူမက ရီဖူရှင်း၏ကမ်းလှမ်းမှုကို အမှန်တကယ် သဘောတူခဲ့သည်။ ထို့အပြင် သူမက ချက်ချင်း ဉာဏ်အလင်း ရခဲ့သည်။

ထိုအခိုက်တွင် ယွန်ရှင်းမိုကား ကံစွမ်းအားများက သူမအား လာရောက် လှည့်ပတ်ကြကာ ဓားအသိက သူမ၏ ခန္ဓာကိုယ်တွင် လာရောက် ခိုအောင်းကြ၏။ သူမက မူလကတည်းက တခြားလူများထက် ဓားပညာတွင် ပိုမိုနားလည်သူဖြစ်ရာ ရီဖူရှင်း၏ ဂီတသံစဉ် အကူအညီဖြင့် ကျောက်နံရံ၏ အနုပညာရသသိကို လေ့လာ ဆန်းစစ်ရာတွင် ပိုမို ခရီးရောက်ပေသည်။

“မင်းရဲ့ ဓားပညာအသစ်ကို သူ့ကို စမ်းကြည့်လို့ရတယ်…” ရီဖူရှင်းက ပြောသည်။ ယွန်ရှင်းမိုက ရီဖူရှင်း ဆိုလိုသည်ကို နားလည်သည်။ သူမက လျိုယွန်ဘက်သို့ လှည့်လိုက်သည်။ ဓားအသိကား ဂီတသံစဉ်နှင့်အတူ သူမ၏ကိုယ်တွင် ခိုအောင်းနေဆဲ ဖြစ်သည်။ မျက်လုံးတစ်မှိတ် အတွင်းတွင် သူမ၏လက်တွင် ဓားတစ်လက်ပေါ်လာကာ ဓားအားလှိုင်းက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။

ထိုမြင်ကွင်းကို မြင်လျှင် လျိုယွန်၏မျက်နှာ မည်းမှောင်သွားသည်။ သူက ကျောက်နံရံကို လေ့လာ ဆင်ခြင်လျက် စုဆောင်းထားသော လေဓာတ်အားလှိုင်းက သူ့ကိုယ်တွင် စုစည်းလာနေကာ သူ့ပတ်ဝန်းကျင်တွင် လေပွေအလား ဖြစ်လာသည်။ လျိုယွန်အား အလယ်တွင်ထားလျက် ထိုလေပွေနှင့်အတူ သူက ယွန်ရှင်းမိုထံသို့ အလွန်လျင်မြန်စွာ တိုးဝင်လာနေသည်။ ယွန်ရှင်းမိုကလည်း မဆုံးနိုင်သော ဓားအားလှိုင်းများအား လှည့်ပတ်လျက် ဓားအား ဝှေ့ယမ်းလိုက်ရာ ဓားမှ မိုးစက်များအလား အလင်းတန်းများက ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ ထိုလေပွေကား အမှန်တကယ် ထိုအလင်းတန်းများဖြင့် ရင်ဆိုင်မိကာ ပျောက်ကွယ် သွားတော့သည်။

သို့သော် လျိုယွန်ကား နတ်ငှက်ကဲ့သို့ ပြောင်းလဲသွားပုံရကာ ယွန်ရှင်းမို၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူက ကြောက်မက်ဖွယ် ကောင်းသော တိုက်ကွက်တစ်ခုအား ထုတ်ဖော် လိုက်သော်လည်း မိုးစက်များအလား မဆုံးနိုင်သော အားလှိုင်းများကို ဖြတ်ကျော်နိုင်စွမ်း မရှိပေ။

လျိုယွန်က သူ့ကိုယ်ကား ခွဲလိုက်လျှင် ယွန်ရှင်းမိုအား ဝန်းရံလျက် ပုံရိပ်ယောင်များစွာ ဖြစ်ပေါ်လာသည်။ သူက ရုပ်ခန္ဓာ ရွက်လွှင့်ခြင်းအား သုံးလျက် သူ့ကိုယ် အစစ်အမှန်အား ပုံရိပ်ယောင်များဖြင့် ခွဲခြားမရအောင် လုပ်လိုက်သည်။ သို့သော် ထိုအရာများက ယွန်ရှင်းမိုကို တစ်ခုမှ သက်ရောက်စေနိုင်ဟန် မတူပေ။ သူမက လျိုယွန်အား မတိုက်ခိုက်ပေ။ ထိုအစား သူမက ကျောက်နံရံပေါ်မှ အနုပညာရသသိကို အသုံးပြုလျက် ဓားကိုဝှေ့ယမ်းလိုက်လျှင် ကောင်းကင်မှ အလွန်အားကောင်းသော ဓားအားလှိုင်းများ ပေါင်းစပ်ပါဝင်သော ဓားမိုးစက်များ မရေမတွက်နိုင်အောင် ကျဆင်းလာတော့သည်။ လျိုယွန်က ဓားမိုးစက်များကို ခုခံကာကွယ်ရန် အကာအရံ တံတိုင်း ဖန်တီးလိုက်သော်လည်း ထိုအကာအရံက မိုးစက်များကြောင့် တဖြည်းဖြည်း ပျက်ယွင်း လာနေသည်။

လျိုယွန်၏ကိုယ်ခွဲများက ယွန်ရှင်းမိုကို ဝန်းရံထားကြသော်လည်း သူမအား တိုက်ခိုက်ရန် အခွင့်အရေးရဟန် မတူပေ။ တစ်ချိန်တည်းမှာပင် ဓားမိုးစက်များက ပိုမိုသိပ်သည်း လာသည်ကိုလည်း တွေ့ရသည်။

“ယွန်ရှင်းမို… မင်းက မင်းရဲ့ အဆင့်အတန်းကို နှိမ့်ချပစ်တာပဲ…” လျိုယွန်က နတ်ငှက်၏ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားကာ ချက်ချင်း အဝေးသို့ လှည့်ထွက် သွားတော့သည်။ တစ်ချိန်တည်းမှာပင် ယွန်ရှင်းမို၏လက်ထဲမှ ဓားက သူမ၏လက်မှ ပျံသန်းသွားကာ လျိုယွန်၏နောက်သို့ လိုက်ပါသွားသည်။ ချက်ချင်းပင် မိုးစက်များက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားနှင့် ပေါင်းစပ်သွားကာ လျိုယွန်ထံသို့ ပိုမိုလျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။

ဝုန်း… သိပ်မကျယ်လောင်သော အသံတစ်သံအား ကြားရသည်။ လျိုယွန်၏ခန္ဓာကိုယ်ကား ရှေ့ကို မယုံကြည်နိုင်သော အလျင်နှုန်းဖြင့် ဆက်လက် ရွေ့လျား နေသော်လည်း သူက အဝေးတစ်နေရာသို့ ရောက်သောအခါ လေထဲတွင် ရပ်တန့်လိုက်သည်။ သူက နောက်ဘက်ကို အေးစက်သော မျက်လုံးများဖြင့် ပြန်လည် ကြည့်လိုက်ကာ သူ၏ရင်ဘတ်မှ ဒဏ်ရာအား ကြည့်လိုက်သည်။ သူ၏ရင်ဘတ်တွင်ကား သွေးစိမ်းများ စီးဆင်းနေသည်။ ယွန်ရှင်းမိုသာ အလျှော့မပေးခဲ့လျှင် ထိုဓားချက်က သူ့အသက် အန္တရာယ်ပင်လျှင် ရှိပေသည်။

လျှပ်တစ်ပြက်ပင်လျှင် လျိုယွန်က အဝေးသို့ ပြေးလွှား ပျောက်ကွယ်သွားကာ အဝေးမှ အသံတစ်သံ ပျံ့လွင့်လာသည်… “နောက်တစ်ကြိမ်မှ တွေ့ကြတာပေါ့…”

ပြိုင်ဘက်က ထွက်ပြေးသွားသည်ကို မြင်လျှင် သူမက ထိတ်လန့်သွားသည်။ ကျောက်နံရံမှ ဓားပညာကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

“နောက်နံရံနှစ်ခုကို ဆက်ရအောင်…” ရီဖူရှင်းက ပြောသည်။ နောက်တစ်ကြိမ် သူက ကု့ချင်းကို သုံးလျက် ကျောက်နံရံပေါ်မှ အနုပညာရသသိများကို သူမအား ခံစားစေသည်။ ယွန်ရှင်းမိုက နောက်နံရံတစ်ခုကို ချက်ချင်း ကြည့်လိုက်သည်။

လူတိုင်း၏ မျက်လုံးများက သူမထံကို ရောက်ရှိလာသည်။ ဤမတိုင်မီက သူမ၏ ဆုံးဖြတ်ချက်အား နားမလည်ခဲ့ကြပေ။ သို့သော် ယခုဖြစ်သွားသော တိုက်ပွဲကို ကြည့်လျှင် သူမက ရီဖူရှင်း၏ ကမ်းလှမ်းချက်ကို အဘယ်ကြောင့် လက်ခံခဲ့သည်ကို တဖြည်းဖြည်း နားလည် လာကြတော့သည်။

ရီဖူရှင်းက သူမအား ပိုမို တိုးတက်စေနိုင်သည်။

အင်အားနောက်ကို လိုက်ရာတွင် သူမက တချို့အရာများကို လက်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ အထူးသဖြင့် ဓားကလန်မှ ထိပ်တန်း ပါရမီရှင်ဟူသော ဂုဏ်မျိုးဖြစ်သည်။ ထိုအရာက ခက်ခဲသော်လည်း သူမက ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ ထို့အပြင် ရီဖူရှင်းက သူမအား စိတ်မပျက်စေခဲ့ပေ။ ယခုတိုက်ပွဲက သူ၏လုပ်နိုင်စွမ်းကို သက်သေပြခဲ့သည်။

ယွန်ရှင်းမိုက တခြားနံရံများကို ဆက်လက်၍ လေ့လာ ဆင်ခြင်နေသည်ကို မြင်လျှင် လူတိုင်း၏စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ သည်ဆုံးဖြတ်ချက်က အမှန်တကယ်ကော မှန်ကန်သလော။

အချိန်ကသာ စကားပြောသွားမည် ဖြစ်သည်။

ရီဖူရှင်းအနီးမှ လူများက ကျောက်နံရံပေါ်မှ အနုပညာရသသိအား လေ့လာ ဆင်ခြင်နေကြသည်ကို မြင်လျှင် တခြားလူများကလည်း လိုက်လံ၍ လေ့လာကြသည်။ ထိုအခိုက်တွင် ရီဖူရှင်း တီးခတ်နေသော ဂီတသံစဉ်မှာ သူတို့၏ နားလည်နိုင်စွမ်းကို ပိုမို မြင့်တက်စေနိုင်သည်ကို လူတိုင်းက သတိပြုမိကြသည်။ ဂီတကား သာယာပျော့ပျောင်းကာ လူတိုင်းအား အပူအပင် ကင်းစေသည်။ ကန်တောင်ကုန်းသို့ နောက်ထပ်လူများရောက်ရှိလာလျှင် သူတို့က ထူးဆန်းသော မြင်ကွင်းကို မြင်ကြရသည်။ တောင်ကုန်းပေါ်ရှိ လူတိုင်းက တရားထိုင်နေကြခြင်းပင်။

ထိုစဉ် လူတစ်စု ရောက်ရှိလာသည်။ သူတို့ကလည်း ကန်တောင်ကုန်း ရှေးဟောင်း ကျောက်နံရံများကို လာရောက် လေ့လာကြခြင်း ဖြစ်သည်။ ချက်ချင်းပင် သူတို့က အမြင့်ဆုံး တောင်ကုန်းပေါ်တွင် ထိုင်နေသော လူရွယ်လေးအား မြင်ကြသည်။

“ရီဖူရှင်း…” ထိုအုပ်စု ခေါင်းဆောင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူတို့၏အားထုတ်မှုကား အလကား မဖြစ်သွားချေ။ သည်တစ်ကြိမ် သည်ကောင် မည်ကဲ့သို့ ထွက်ပြေးမည်လဲ သူသိလိုသည်။

“ကန်ယီနိုင်ငံက တခြားလူတွေလည်း ဒီမှာပဲ…” နောက်တစ်ယောက်က ရယ်မောလျက် ပြောသည်။ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့က တန်ဖန်းပွဲတော်အား ဖျက်ဆီးခဲ့ကြသူများ ဖြစ်သည်။ ယခု ထိုလူများအားလုံး ရှိနေသည်။ ကန်ယီနိုင်ငံ၏နံပါတ်တစ် အလှမယ်လည်း ဤနေရာတွင် ရှိနေသည်။

အသစ်ရောက်လာသူများမှာ နန်ဒူနိုင်ငံမှ စွမ်းအားမြင့် တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးမှာ တန်ဖန်းပွဲတော်ပြီးနောက် ဧကရာဇ်လျိုကိုယ်တိုင် ရွေးချယ်ထားသော ဓမ္မအဆင့် မြင့်မားသော ပါရမီရှင်များ ဖြစ်ကြသည်။ ဧကရာဇ်လျိုက ပြောထားပြီးဖြစ်သည်။ ရီဖူရှင်းအား သတ်နိုင်သူ မည်သူမဆို နန်ဒူနိုင်ငံသို့ ပြန်ရောက်သောအခါ ကြီးစွာသော ဆုလာဘ်များ ရရှိမည်ဖြစ်သည်။ ထိုအခွင့်အရေးမှာ သူတို့ လက်လွတ်ခံနိုင်သော အရာမဟုတ်ပေ။

ထိုအုပ်စုက ရှေ့ကို တိုးလာကြသည်။ ရီဖူရှင်းက ထိုလူများကို ကြည့်လိုက်လျှင် မည်သူတို့ ဖြစ်ကြောင်း သိလိုက်သည်။ ထိုအုပ်စုထဲတွင် တန်ဖန်းပွဲတော်မှ ဇီလူပင်လျှင် ပါဝင်သည်။

“မင်းတို့ ဘာလိုချင်လို့လဲ…” ရီဖူရှင်းက ရယ်မောလိုက်သည်။

“မင်းရဲ့အသက်ကို ယူမလို့…” တစ်ယောက်က အေးစက်စွာ ပြောသည်။ သူတို့က ရီဖူရှင်းတို့ အုပ်စု ထွက်ပြေးရန် အခွင့်အရေး ပေးလိုပုံမရဘဲ ရုတ်တရက် ပြေးဝင်လာကြသည်။

တောင်ကုန်းပေါ်မှ လူတိုင်း၏အာရုံက ထိုအုပ်စုထံ ရောက်လာသည်။ သူတို့က ထိုအုပ်စုအား နားမလည်စွာ ကြည့်ကြသည်။ ရီဖူရှင်းအား ကန်တောင်ကုန်းတွင် သတ်ရန်မှာ လွယ်ကူသော အရာမဟုတ်ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset