ရီဖူရှင်းက ထိုသို့ ပြောလိုက်လျှင်ပင် ပတ်ဝန်းကျင်မှ အကြည့်များ အားလုံးက သူ့ထံကို ရောက်ရှိ လာတော့သည်။ ကြယ်ကိုးပွင့် ကောင်းကင်အဆင့်က ဓမ္မအဆင့်ခြောက်အား မင်း သေသွား ချင်သလားဟု မေးလိုက်သည်။ သို့သော်လည်း ရီဖူရှင်း၏ မျက်လုံးများကား အလွန် စူးရှနေသည်။ သူ၏ကိုယ်အရှိန်အဝါက တခြားလူများအား သူ၏စကားမှာ အပြောမျှသာ မဟုတ်သည်ကို ဖော်ပြနေသည်။ သူ၏ယုံကြည်မှုက မည်သည့်နေရာက လာသနည်း။ သူ့တွင် ထိုစကားကို ပြောရန် အရည်အချင်းကော ရှိပါသလော။
ယန်လူ၏မျက်တောင်များ ကွေးညွှတ်သွားသည်။ ဓားအရှိန်အဝါကား သူ့ကိုယ်တွင် ရှိနေဆဲ ဖြစ်သည်။ သူက လင်းယွီယို၏ သက်တော်စောင့်များ ရှေ့ကို လှမ်းတက်လာသည်ကို မြင်သည်။ ထိုသက်တော်စောင့်များ ကြောင့်ပင် သည်ကောင်က လေကြီးနေခြင်း ဖြစ်ဟန်တူသည်။
“မင်း စမ်းကြည့်လို့ရတယ်…” ယန်လူက ရီဖူရှင်းအား စိုက်ကြည့်လျက် အေးစက်စွာ ပြောသည်။ သူက ထိုသို့ပြောလိုက်လျှင် သူ့ပတ်ဝန်းကျင် တစ်ခုလုံး အေးစက်လာသည်ကို ခံစားကြရသည်။ တောင်ကုန်းပေါ်မှ လူတိုင်းက ထိုမြင်ကွင်းအား ကြည့်ကာ စိတ်ဝင်စား နေကြသည်။
“တော်သင့်ပြီ…” ရိုယွီက ရှေ့ကို လျှောက်လာပြီး ရီဖူရှင်း၏ရှေ့တွင် ရပ်ကာ ပြောသည်… “ စီနီယာအစ်ကို ယန်… ရှင်က ဘောင်ကျော်နေပြီ…”
“ပြန်လာစမ်း…” ရိုလျှိုက ရိုယွီအား လှမ်း၍ ကြိမ်းမောင်း လိုက်သည်။
“ပါးစပ်ပိတ်ထား…” ရိုယွီက ရိုလျှိုကိုပြောသည်… “ဒါတွေအကုန်လုံးက အစ်မကြောင့် ဖြစ်လာတာ… ငါတို့ ပထမဆုံး စတွေ့တုန်းက ရီဖူရှင်းက အတူတူစားသောက်ဖို့ ဖိတ်ခေါ်တယ်… ကျေးဇူးတင်ရမယ့်အစား တည်းခိုခန်းမှာ နင်က အဲဒီ အရုပ်ဆိုးတဲ့ စကားလုံးတွေကို ပြောတယ်… သူက ဘယ်လို မကောင်းတဲ့ အတွေးတွေ ရှိမှာလဲ… ငါက ဒီဓားပညာကို ဘယ်လို နားလည်သွားလဲ နင်သိချင်လား… ရီဖူရှင်း ငါ့ကို သင်ပေးတာ…”
လူတိုင်းက အံ့အားသင့် သွားသည်။ ရီဖူရှင်းက နံရံပေါ်မှ ဓားပညာကို ရိုယွီအား နားလည်စေသည်။ ဘယ်လို ဖြစ်နိုင်မည်နည်း။
“နင်က ရယ်စရာ ပြောနေတာပဲ…” ရိုလျှိုက အေးစက်စွာ ပြောသည်။
“ငါက ရယ်စရာ ပြောနေတယ်လို့ ထင်တယ်ပေါ့…” ရိုယွီက သရော်သလို ပြန်ပြောသည်။ ရိုလျှိုနှင့် တခြားလူများက မယုံကြည်နိုင်စွာဖြင့် သူမအား ကြည့်လိုက်ကြသည်။ ရီဖူရှင်းက ရိုလျှိုကို အမှန်တကယ် သင်ပေးခဲ့သည်လား။
“နင် တကယ် ပြောနေတာလား…” ယွန်ရှင်းမိုက မေးလိုက်သည်။ သူမက ရှေ့ကို လျှောက်သွားလိုက်ကာ လေထဲမှနေ၍ ရိုယွီအား ကြည့်လိုက်သည်။
“ကျိန်းသေတာပေါ့… မဟုတ်ရင် ကျွန်မက ဘယ်လိုလုပ် နားလည်မှာလဲ…” ရိုယွီက သူမအား ပြောသည်။ “စီနီယာ ယွန်… ဒါက ကျွန်မ အစ်မရဲ့ အမှားပဲ… ရီဖူရှင်းက ကျွန်မတို့ကို ဘာမှ လုပ်ခဲ့တာ မဟုတ်ဘူး… စီနီယာယန်ကို တားပေးပါဦး…”
ယွန်ရှင်းမိုက ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေသာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမ၏အကြည့်ကို ခံစားမိရာ သူကလည်း ပြန်ကြည့်သည်။
“အဲဒါ မှော်ဂီတပညာလား…” ယွန်ရှင်းမိုက သူ့အား ကြည့်ကာ သည်မတိုင်မီက ဂီတသံစဉ်မှာ သာမန် မဟုတ်ကြောင်း တွေးမိသည်။
“မင်းလည်း သင်ချင်လား…” ရီဖူရှင်းက သူမအား ကြည့်ကာ ပြုံးလျက် ပြောသည်။
ယွန်ရှင်းမိုက သူ၏မျက်လုံးများနှင့် ဆုံမိလျှင် ပြောလိုက်သည်… “ရှင်သာ ဆန္ဒရှိမယ်ဆိုရင် ဓားကလန်က ရှင့်ကို မိတ်ဆွေအနေနဲ့ သတ်မှတ်မယ်… ကျွန်မတို့က ချင်းမုန်မြို့မှာ ရှင့်ရဲ့ လုံခြုံရေးကို တာဝန်ယူနိုင်တယ်…”
အကယ်၍ သူတို့ကသာ မိတ်ဆွေများ ဖြစ်နိုင်လျှင် ယနေ့ ကတောက်ကဆမှာ ပြီးဆုံးသွားမည်ဖြစ်ပြီး ထိုကိစ္စအတွက် စကား ထပ်မံပြောနေစရာ မလိုတော့ပေ။
ရီဖူရှင်းက ယွန်ရှင်းမိုအား ကြည့်လိုက်သည်။ သူမကား အနည်းငယ် အေးစက်သော ပုံစံရှိသော်လည်း အတော်လှသည်။ ဓားကလန်၏ ထိပ်တန်း တပည့်အနေဖြင့် သူမကား ထိုစကားများကို ပြောရန် အရည်အချင်း ရှိသည်။
“တကယ်လို့ မင်း သင်ချင်တယ်ဆိုရင် သေချာတာပေါ့…” ရီဖူရှင်းက ပြုံးလျက် ပင်လယ်ဘေးမှ ဂီတနံရံသို့ လျှောက်သွားလိုက်သည်။ ရီဝူချင်း၊ လင်းယွီယိုနှင့် တခြားလူများက သူ့နောက်က လိုက်သွားကြသည်။
ကု့ချင်း နံရံကား တောင်၏ အမြင့်ဆုံး နေရာတွင် ရှိနေသည်။ ရီဖူရှင်းက ထိုင်လိုက်ကာ သူ၏ ကု့ချင်းဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။ သူက ကု့ချင်းကြိုးများကို ထိလိုက်သော ခဏမှာပင် သံစဉ်များ ထွက်ပေါ်လာကာ အနုပညာရသသိ ဖြစ်ပေါ်လာသည်။ ထို့နောက် ကု့ချင်းနံရံပေါ်တွင် ထူးခြားသော အနုပညာရသသိတစ်ခု ဖြစ်ပေါ်လာတော့သည်။ ထိုအရာက ရီဖူရှင်း၏ ဂီတသံစဉ်နှင့် ပေါင်းစပ်သွားသည်။ ထိုအရာကား အဖြူရောင် ဝတ်စုံဝတ်ထားသော လူတစ်ယောက်က ကု့ချင်းဂီတကို တီးခတ်နေခြင်း ဖြစ်သည်။ ဓားအရှိန်အဝါ မွေးဖွားလာပြီး နတ်ငှက်တစ်ကောင် ထွက်ပေါ်လာသည်။ လှိုင်းလုံးများက ကျောက်နံရံများကို လာရောက် ရိုက်ခတ်ကြသည်။ ကု့ချင်းမှ အနုပညာရသသိက နံရံလေးခုမှ အနုပညာရသသိများကို ချက်ချင်း နိုးထစေကာ အပြန်အလှန် ဆက်နွှယ်သွားတော့သည်။
နံရံပေါ်မှ ဂီတသံစဉ်နှင့်အတူ ဓားအားလှိုင်း တစ်ခုက ယန်လူ၏နားစည်ထဲကို ဝင်ရောက်လာသော် ထိုအခိုက်တွင်ပင် ယန်လူက အနုပညာရသသိတစ်ခုထဲကို ကျဆင်းသွားကာ ကျောက်နံရံပေါ်မှ ဓားကို သူမြင်ရတော့သည်။
ထိုဓားက ထောင်ပေါင်း များစွာသော မိုးစက်များအဖြစ် ပြောင်းလဲသွားကာ အရာအားလုံးကို ဖြတ်တောက် သွားတော့သည်။
“အား…” ထိုအခိုက်တွင်ပင် ယန်လူအော်ဟစ် လိုက်သည်ကို လူတိုင်း ကြားလိုက်ရသည်။ သူတို့၏ရင်ဘတ်များ တုန်ခါသွားပြီး သူ့ကို လှမ်းကြည့် လိုက်ကြသည်။
ထိုအခိုက်တွင် လူတိုင်းက ထိတ်လန့်ဖွယ် မြင်ကွင်းကို မြင်ကြရသည်။ ထိုနေရာတွင်ပင် ယန်လူ၏ခန္ဓာမှာ မြေပြင်ပေါ်တွင် လူးလှိမ့်နေကာ သူ့ပတ်ဝန်းကျင်တွင် ထောင်ပေါင်း များစွာသော ဓားအားလှိုင်းများ ဖြစ်ပေါ်နေပြီး သူ့အား အဆက်မပြတ် တိုက်ခိုက်နေသည်ကို မြင်ကြရသည်။ သူ၏အဝတ်များ အပိုင်းအပိုင်းအစစ ဖြစ်သွားကာ သူ့ခန္ဓာတွင်ပင် ဓားဒဏ်ရာများ ဖြစ်ပေါ်လာနေသည်ကို မြင်ကြရသည်။ ဒဏ်ရာများမှ သွေးများ ထွက်ပေါ်လာကာ သူကား ထိုနေရာတွင်ပင် တုန်ယင်နေ၏။ သူ၏ စိတ်နယ်ပယ်ထဲတွင်ကား မဆုံးနိုင်သော ဓားပုံရိပ်များက သူ့အား အပိုင်းအပိုင်း အစစ ဖြတ်တောက် သွားတော့မည့် အလားပင်။ ထိုဓားပုံရိပ်များကား ရပ်တန့်၍ ရနိုင်ဟန်မတူပေ။
လူတိုင်း ထိတ်လန့် သွားကြသည်။ သူတို့က ဓားနံရံအား ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ကဗျာစာသားမှ ကြောက်မက်ဖွယ် ဓားအရှိန်အဝါတစ်ခု ဖြစ်ပေါ်နေသည်ကို သူတို့ တွေ့ကြရသည်။ ထိုအရာက ဂီတနှင့် ပေါင်းစပ်နေပုံရကာ တောက်ပသော ဓားပုံရိပ် တစ်ခုကိုလည်း မြင်ကြရသည်။
ရီဖူရှင်းက ကျောက်နံရံမှ ဓားအားလှိုင်းအား သူ၏ဂီတဖြင့် လမ်းညွှန်ကာ ယန်လူအား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
“မင်း စမ်းကြည့်ချင်လား…” ဂီတသံစဉ်က ရပ်တန့်သွားသည်။ ရီဖူရှင်းက ယန်လူကို ငုံ့ကြည့်လိုက်လျှင် လူတိုင်းက တုန်လှုပ်သွားကြသည်။ သည်မတိုင်မီက ရီဖူရှင်းအား ယန်လူက မင်း စမ်းကြည့်လို့ရတယ်ဟု ပြောခဲ့ရာ သူက အမှန်တကယ် စမ်းသပ်လိုက်ခြင်းပင်။
ရိုလျှို၊ ယိုယွီ၊ ဝမ်ကြွေနှင့် တခြားလူများကလည်း အံ့အားသင့် ထိတ်လန့်သွားကြသည်။ သူတို့က ယန်လူ၏ သနားစရာကောင်းသော အခြေအနေကို မြင်လျှင် ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ ထိုကောင်လေးကား ပြုံးနေဆဲဖြစ်ကာ အလွန်ဖော်ရွေပုံ ရှိသော်လည်း သူက ကု့ချင်းအား စတင် တီးခတ်လိုက်သော အချိန်တွင် သူ့ပုံဟန်က လုံးဝပြောင်းလဲ သွားတော့သည်။ သူ၏ ချောမောသော မျက်နှာတွင် အေးစက်သော အငွေ့အသက်များ ဖြစ်ပေါ်နေကာ သူ၏ထူးခြား ဆန်းကြယ်လှသော ပါရမီအား လူတိုင်းကို သတိပြုမိစေသည်။ သူ့နောက်တွင် ယူချင်း၊ ရီဝူချင်းနှင့် လင်းယွီယိုတို့က တိတ်ဆိတ်စွာ ရပ်နေ၏။
ထိုအခိုက်တွင် လင်းယွီယိုက ရီဖူရှင်းကို ထိုစကားများ အဘယ်ကြောင့် ပြောခဲ့သည်ကို နားလည်လိုက်ကြသည်။ သူနှင့် အတူတူ ခရီးသွားလိုသော သူများကသာလျှင် ရီဖူရှင်း မည်မျှ ထူးခြား ထက်မြက်သည်ကို နားလည်ကြသည်။ သူက သူ၏ဂီတကို အသုံးပြု၍ အနုပညာရသကို တခြားလူများအား ခံစားစေကာ ကျောက်နံရံမှ ပညာများကို သင်ပေးနိုင်သည်။ သူက ယွန်ရှင်းဟွာ နားမလည်သော ကျောက်နံရံမှ ဓားပညာကိုပင် ရိုယွီအား နားလည်စေသည်။ သူက ကျောက်နံရံပေါ်မှ လျှို့ဝှက်ချက်များ အားလုံးကို နားလည်နိုင်စွမ်းရှိကာ အပြန်အလှန် ဆက်သွယ်နိုင်စွမ်း ရှိသည်။
သူတစ်ယောက်တည်း သာလျှင် ကန်တောင်ကုန်း ရှေးဟောင်းရုပ်ကြွင်းကို အပြည့်အဝ နားလည်သည်။ သူ၏ ပါရမီကား ပြိုင်ဘက်ကင်း၏။ နှစ်ပေါင်းများစွာ ရှေးဟောင်း မြေရိုင်းဒေသသို့ လူပေါင်းများစွာက ရောက်ရှိလာခဲ့ကြကာ ကန်တောင်ကုန်းမှ ရှေးဟောင်း ကျောက်နံရံများအား လေ့လာခဲ့ကြသော်လည်း မည်သူမှ နားမလည်ခဲ့ကြပေ။ သည်နေရာကား ရှေးဟောင်း မြေရိုင်းဒေသမှ ထူးဆန်းသော နေရာများထဲမှ တစ်နေရာသာ ဖြစ်သော်လည်း ယခင် အချက်အလက်များအရ သူ၏ပါရမီမှာ မည်မျှမြင့်မားသည်ကို သက်သေပြနေသည်။
မျက်နှာများ ပြာနှမ်းလာကာ ယန်လူက သူ၏ကျောများ စိမ့်လာသလို ခံစားရသည်။ လူတိုင်းက သူ့အား ကြည့်နေသောလည်း သူစကားပြောနိုင်စွမ်း မရှိပေ။
“ကျုပ်က ဟာသ ပြောနေတယ် ထင်လား… မင်းကို နောက်တစ်ခါ အခွင့်အရေးပေးမယ်… မင်း တကယ် သေချင်လား…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သည်မတိုင်မီက ယန်လူက ထိုစကားများကို ရီဖူရှင်းအား ပြောခဲ့သည်။ ယခု သူက ရီဖူရှင်း၏အမေးကို ပြန်ဖြေရန် သတ္တိရှိပါမည်လော။
ရီဖူရှင်းက သူ၏လက်များအား ကု့ချင်းကြိုးပေါ်တွင် တင်လိုက်လျှင် ယန်လူ၏မျက်နှာများ သွေးဆုတ်သွားကာ လျင်မြန်စွာ ပြန်ဖြေသည်… “ကျုပ် မသေချင်သေးဘူး…”
ရီဖူရှင်းက သူ့အား သရော်သော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ သူ၏အာရုံများအား တခြား တစ်နေရာသို့ ပြောင်းလိုက်သည်။ ယန်လူကား အလွန်အရှက်ရသလို ခံစားရသည်။ သူ့နောက်တွင် ရိုလျှိုနှင့် တခြားလူများက စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ယွန်ရှင်းမို၊ လျိုယွန်နှင့် တခြားလူများ အားလုံးက ရီဖူရှင်းကို ကြည့်နေကြသည်။
“မင်းက နံရံလေးခုလုံးကို နားလည်တယ်… ဒါဆို မင်းက နတ်ငှက်နံရံရဲ့ အနုပညာရသကိုလည်း နားလည်တာပေါ့…” တစ်စုံတစ်ယောက်က လှမ်းမေးလိုက်သည်။ သူကား လျိုယွန်ဖြစ်သည်။ သူကား နံရံပေါ်မှ အားကောင်းသော လေဓာတ်အားလှိုင်းကိုသာ ခံစားမိသည်။ အကယ်၍ သူကလည်း ထိုနံရံမှ အနုပညာရသကို ခံစားမိလျှင် သူ့အတွက် အလွန် အကူအညီ ဖြစ်ပေသည်။ သူ၏ ကံစွမ်းအားလည်း တိုးတက်လာမည် ဖြစ်သည်။
“မင်း ဘယ်လို ထင်လို့လဲ…”
“နံရံတွေရဲ့ အနုပညာရသသိနဲ့ မင်းက ဘယ်လောက် အားကောင်းတာလဲ…” လျိုယွန်က သူ့အား စိုက်ကြည့်လျက် ပြောသည်။
“မင်းလည်း စမ်းကြည့်ချင်တာလား…” ရီဖူရှင်းက မေးလိုက်သည်။
“ကျုပ်က မင်းနဲ့ မိတ်ဆွေပဲ ဖြစ်ချင်တာ…” လျိုယွန်က ပြုံးလျက် ပြောသည်။
“မိတ်ဆွေ…” ရီဖူရှင်းက နှာခေါင်းရှုံ့လိုက်သည်။ နံရံပေါ်မှ အနုပညာရသသိအား သူတို့ကို လွှဲပြောင်းပေးစေရန် မိတ်ဆွေဖြစ်ရန် လိုပေသည် မဟုတ်ပါလား။ မဟုတ်လျှင် သူတို့က ရန်သူဖြစ်မည်လော။
ရီဖူရှင်းက ခေါင်းငုံ့လိုက်ကာ သူ၏ကု့ချင်းအား စတင် တီးခတ်လိုက်လျှင် တခြား သံစဉ်တစ်ခု ထွက်ပေါ်လာသည်။ ဂီတသံစဉ် ထွက်ပေါ်လာလျှင် နံရံပေါ်မှ အားလှိုင်းများ ဆင်းသက်လာကာ နံရံများတွင် အလင်းရောင်များ ထွက်ပေါ်လာသည်။
အနုပညာရသသိများက ဂီတသံနှင့်အတူ ရီဝူချင်းနှင့် လင်းယွီယိုတို့ အုပ်စုထံ ဆင်းသက်လာပြီး လင်းယွီယို၏နောက်မှ သက်တော်စောင့်များပင်လျှင် ထိုအနုပညာရသသိများကို ခံစား၍ ရပေသည်။ သူတို့က အချင်းချင်း ကြည့်လိုက်ကြကာ ပြင်ပလောကအား ဂရုမစိုက်တော့ဘဲ စတင်၍ လေ့လာ ဆင်ခြင်ကြတော့သည်။
ထိုမြင်ကွင်းကို မြင်လျှင် လူတိုင်း၏ မျက်မှောင်များ ကွေးသွားသည်။ သူက နံရံပေါ်မှ အနုပညာရသသိကို လူတိုင်း၏ရှေ့တွင် သင်ပေးနေသည်လား။
လူအများအပြားက မနာလိုခြင်း အားကျခြင်းများ ဖြစ်လာကြသည်။ အကယ်၍ သူတို့ကလည်း ကန်တောင်ကုန်းပေါ်မှ ရှေးဟောင်း ကျောက်နံရံများကို နားလည်နိုင်လျှင် သူတို့ကလည်း အလွန်များပြားသော ကံစွမ်းအားကို ရရှိမည်ဖြစ်သည်။ ထိုရသသိက သူတို့၏ ကျင့်ကြံခြင်းများတွင်လည်း အထောက်အကူ ဖြစ်စေနိုင်ကာ တိုက်ခိုက်ရေး စွမ်းရည်များကိုလည်း တိုးတက်စေနိုင်မည် ဖြစ်သည်။ ထိုအရာက သူတို့၏ အနာဂတ် တန်ခိုးကျင့်ခြင်းတွင်လည်း အကျိုးကျေးဇူး ရှိပေသည်။
ထပ်ပြောရလျှင် လက်ရှိ တောင်ကုန်းပေါ်ကို ရောက်ရှိနေကြသူများ အားလုံးမှာ သည်နံရံပေါ်မှ ပညာရပ်များကို လေ့လာရန် သင့်တော်ပေသည်။ ဥပမာအားဖြင့် ဓားကလန်မှ လူများမှာ ဓားနံရံပေါ်မှ ဓားပညာကို လေ့ကျင့်နိုင်လျင် သူတို့အတွက် အလွန်အကျိုးကျေးဇူး ရှိမည်ဖြစ်သော်လည်း ဓားကလန်က သူ၏မိတ်ဆွေဖြစ်ရန် အခွင့်အရေးကို ပစ်ပယ်ကာ ရီဖူရှင်းအား ရန်လုပ်ခဲ့ကြသည်။
ရီဖူရှင်းက ရိုယွီကို သင်ပေးခဲ့သည်ကို ကြည့်လျှင် တခြားအရာများကို သိပ်အလေးထားတတ်သူ မဟုတ်ဘဲ သူက သူ၏မိတ်ဆွေ မည်သူ့ကိုမဆိုကို ကူညီတတ်သောသူ ဖြစ်ကြောင်း သိသာသည်။
သည်နေရာကား ရှေးဟောင်း မြေရိုင်းဒေသမှ ကံစွမ်းအား ရရှိစေနိုင်သော နေရာများစွာထဲမှ တစ်နေရာသာဖြစ်ရာ ရီဖူရှင်း၏ပါရမီဖြင့် သူက တခြားလူများ၏ ကံစွမ်းအားကို ခိုးယူရန် မလိုအပ်ဘဲ သူ၏ကိုယ်ပိုင် နိုဘယ်ကံစွမ်းအားကို ဖန်တီးနိုင်ပေသည်။
“အခု ပျော်ပြီလား…” ရိုယွီက သူမ၏အစ်မအား အေးစက်စွာ ကြည့်ကာ ပြောသည်… “ရီဖူရှင်းက နင့်ဆီက ဘာလိုလို့လဲ…”
ရိုလျို ရှက်ရွံ့သွားသည်။ သူတို့က အလွန်ပါရမီရှိသည်ဟု အထင်ကြီးထားသော ယန်လူကား ရီဖူရှင်းထံတွင် အလွယ်တကူ ရှံးနိမ့်ခဲ့သည်။ လင်းယွီယိုကဲ့သို့ အလှပဂေးက သူ့နောက်ကို လိုလိုလားလား လိုက်ပါလိုသည်။ ရီဖူရှင်းက သူမထံမှ ဘာလိုသနည်း။ ရီဖူရှင်း လိုအပ်သောအခါ သူမတွင် ဘာရှိသနည်း။
ထိုအခြင်းအရာကို တွေးမိလျှင် သူမက မည်မျှရယ်စရာ ကောင်းနေခဲ့သည်ကို သိလိုက်သည်။ အကယ်၍ သူမကသာ ရီဖူရှင်းကို ကောင်းမွန်စွာ ဆက်ဆံခဲ့လျှင် သူမလည်း ကန်တောင်ကုန်းပေါ်မှ နံရံများကို နားလည်ရန် အခွင့်အရေးရမည် ဖြစ်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင်လည်း သူ့ထံမှ လူအများအပြားက သင်ယူလိုကြသော်လည်း မည်သူကမှ မချဉ်းကပ်ရဲကြသည်ကို မြင်ကြရသည်။ ကောင်းကင်အဆင့်မှ တစ်စုံတစ်ယောက်က သူ၏ကု့ချင်းတစ်လက်ဖြင့် လူတိုင်းအား ထိတ်လန့်စေခဲ့သည်။
“ရှင့်ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ…” ယွန်ရှင်းမိုက ရုတ်တရက် ပြောသည်။
ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်…” ဒီမတိုင်မီက မင်းက ငါ့ကို အခွင့်အရေးပေးတယ်… အခုငါကလည်း မင်းကို အခွင့်အရေးပေးမယ်… ငါက ရှေးဟောင်း မြေရိုင်းဒေသနဲ့ သိပ်မရင်းနှီးဘူး… ဒါကြောင့် အစေခံတစ်ယောက် လိုတယ်… ငါမင်းကို စဉ်းစားပေးလို့ ရတယ်…”
သူ၏စကားကိုကြားလျှင် ယွန်ရှင်းမို၊ ရိုလျှိုနှင့် တခြားလူများအားလုံး ထိတ်လန့်သွားကြသည်။ လူတိုင်းက သူ့အား မျက်လုံးပြူးလျက် ကြည့်နေကြသည်။
သူက ဓားကလန်၏ ထိပ်တန်းတပည့် ယွန်ရှင်းမိုအား အစေခံအဖြစ် လိုသည်တဲ့လား။
***