သူမအား လူတိုင်းနီးပါးက ကြည့်နေသည်ကို သတိထားမိလျှင် ရိုယွီက ချက်ချင်း စိုးရိမ်စိတ်များ ဝင်လာသည်။ သူမ၏မျက်လုံးများက ရီဖူရှင်းထံ ရွေ့လျား သွားသော်လည်း ချက်ချင်း အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ အကယ်၍ သူမကသာလျှင် အမှန်အတိုင်း ပြောလိုက်ပါက ရီဖူရှင်း ပြဿနာ တက်မည်ကိုလည်း သူမ စိုးရိမ်သည်။ ရိုယွီကား ကိုယ်ပိုင် ကလန်နှင့် ဖြစ်သည်။ ချင်းမုန်ဒေသမှ ဓားကလန်ကား အင်အားကြီး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူအတော်များများက ရန်စရဲသော ကလန်မဟုတ်ပေ။
“ကျွန်မလည်း မသိဘူး… ရုတ်တရက် နားလည်သွားတာပဲ ရှိတာ…” ရိုယွီက တိုးတိုးလေး ပြောသည်။
ရိုလျှိုက ရိုယွီအား ထူးဆန်းစွာ ကြည့်သည်။ ဒီအတိုင်း နားလည် သွားသည်တဲ့လား။ အမြွှာများ ဖြစ်သည့်အလျောက် ရိုလျှိုကား ရိုယွီ၏ အရည်အချင်းများကို သိနားလည်ဆုံးသောသူ ဖြစ်သည်။ သူမက အဘယ်ကဲ့သို့ ရုတ်တရက် နားလည်ရမည်နည်း။ သို့သော်လည်း ရိုယွီကား သူမ၏ဘေးတွင် တစ်ချိန်လုံးရှိနေကာ မည်သူနှင့်မှ ပြောဆိုဆက်ဆံခဲ့ခြင်း မရှိပေ။ မိမိဘာသာ နားလည်ခြင်းမှအပ တခြားအကြောင်းလည်း မရှိနိုင်ပေ။
လင်းယွီယိုက ရိုယွီအား ကြည့်လိုက်ကာ ရီဖူရှင်းအား ပြန်ကြည့်လိုက်သည်။ ထိုကောင်းမလေးကလည်း ရီဖူရှင်း၏ကု့ချင်းကြောင့် ဉာဏ်အလင်း ရခဲ့သည်လား။
“ဒီလို ရှားပါးတဲ့ အခွင့်အရေးကို ရရှိခဲ့တာ ကံကောင်းမှုတစ်ခုပဲ…” ယွန်ရှင်းမိုက ပြောသည်။ သူမက ရိုယွီအား ထပ်မမေးတော့ပေ။ အကယ်၍ ရိုယွီကသာ ကျောက်နံရံပေါ်မှ လျှို့ဝှက်ချက်များကို နားလည်ခဲ့သည်ရှိသော် သည်နေရာတွင် ထိုကိစ္စကို ပြောဆိုရန် မသင့်တော်သည်ကိုလည်း သူမသိသည်။
ယွန်ရှင်းမိုက လျိုယွန်အား တစ်ချက် ကြည့်လိုက်သည်။ သူမက သူနှင့် ဆက်လက် တိုက်ခိုက်ရန် စိတ်ဝင်စားခြင်း မရှိတော့ပေ။ ရိုယွီပင်လျှင် ဓားနံရံမှ ဉာဏ်အလင်း ရခဲ့သည်။ သို့သော် သူမမူကား တစ်ခုမှ အရာမရောက်ခဲ့ပေ။
ယန်လူနှင့် တခြားလူများက ရိုယွီ၏ထူးဆန်းမှုကို သိသော်လည်း မည်သို့မှ မပြောတော့ဘဲ ဆက်လက်၍ တန်ခိုးကျင့်ကြသည်။
“ရှင်တို့သိလား… ရှင်တို့က ရီဖူရှင်း ပထမပြောတဲ့စကားကို အလေးထားသင့်တယ်…” ရိုယွီက တိုးတိုးလေး ပြောသည်။ ရိုလျှိုနှင့် တခြားလူများက မျက်မှောင်များ ကုတ်သွားကြကာ သူတို့၏အာရုံက ရီဖူရှင်းထံ ရောက်ရှိသွားသည်။
ထိုအခိုက်တွင် ရီဖူရှင်းက ကျောက်နံရံရှေ့မှ ကျောက်ဆောင်ကြီးပေါ်မှ ဆင်းသက်လာချိန် ဖြစ်သည်။ ယူချင်းနှင့် သိမ်းငှက်နက်ကြီးမှာလည်း သူ၏ဘေးတွင် ရှိနေသည်။ သူတို့အားလုံးမှာ ကျောက်နံရံမှ တကယ့် အစစ်အမှန် သဘောတရားများကို နားလည်သွားပြီး ဖြစ်သည်။
“ဟိုင်း… သူငယ်ချင်း…” ဂူကျင့်က ရီဖူရှင်းအား ပြုံးလိုက်သည်… “နံရံလေးခုလုံး လေ့လာပြီးပြီပေါ့…”
“အင်း…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။
ရီဖူရှင်းက အမှန်တကယ် ခေါင်းညိတ်လိုက်သည်ကို မြင်လျှင် ဂူကျင့်က စိတ်ဝင်တစား ကြည့်လိုက်သည်။ သည်ကောင်ကား အမှန်ပင် အရေထူလှသည်။
“ဘယ်လောက်များ နားလည်လိုက်လဲ…” ဂူကျင့်က ဆက်လက် မေးလိုက်သည်။
“နံရံတစ်ခုစီက နည်းနည်းစီလို့ ကျုပ်ထင်တယ်…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ ရီဖူရှင်းက ရိုယွီအား ကြည့်လျက် ပြောသည်… “ရိုယွီ… ကျုပ်အရင်သွားပြီ… ကံကောင်းပါစေ…”
“ကျွန်မလည်း ပြီးသွားပြီ… ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်…” သူမက ထိုသို့ပြောကာ ရီဖူရှင်းအနီးသို့ တိုးကပ်သွားသည်။ ရီဖူရှင်းက သူမအား ဓားပညာကို သင်ပေးခဲ့ရာ အမှန်ပင် ကျေးဇူးကြီးလှသည်။
သည်ကောင်။ သိပ်မဝေးသောနေရာမှ လင်းယွီယိုက ထိုမြင်ကွင်းကို ကြည့်ကာ အရာအားလုံးကို နားလည်သွားတော့သည်။ ရိုယွီကား အမှန်ပင် ရီဖူရှင်းထံမှ သင်ပေးခြင်းခံရကာ ဓားပညာကို နားလည်သွားခြင်း ဖြစ်သည်။
ရိုလျှိုက သူမ၏ညီမစကားကိုကြားလျှင် အံ့အားသင့်သွားသည်။ သူမ၏ညီမက ရူးသွားပြီလား။
“ရှင် မလုံလောက် သေးဘူးလား…” ရိုလျှိုက ရီဖူရှင်းအား အေးစက်စွာ မေးလိုက်သည်။ ရီဖူရှင်းက သူမအား ကြည့်ကာ မည်သို့ပြောရမည် မသိတော့ပေ။ သူ ဘယ်တုန်းက သူမ ဒေါသထွက်အောင် လုပ်မိသနည်း။
“အစ်မ… ဘာလုပ်နေတာလဲ…” ရိုယွီကား သူမ၏အစ်မ အပြုအမူနှင့် ပတ်သက်၍ စိတ်ဆိုးနေပြီဖြစ်သည်။
ရိုလျှိုက ရိုယွီအား ကြည့်လျက် ပြောသည်… “သူက နင့်ကို တကယ်ပဲ မှော်ပညာနဲ့ ပြုစားထားတာလား… ဒီကောင် ဘယ်လောက် ဟန်ဆောင်ကောင်းလဲ ကြည့်ရတာပေါ့…”
“ရီဖူရှင်း… ရှင်က ကျောက်နံရံတွေက ဉာဏ်အလင်း ရထားတယ် ပြောမှတော့ တကယ်ပြောတာလား လိမ်နေတာလား သိရအောင် စမ်းကြည့်ရင် မကောင်းဘူးလား… ဂူကျင့်… သူ့ကို စမ်းသပ်ကြည့်စမ်း…” ရိုလျှိုက ပြောသည်။
ဂူကျင့်က ရယ်မောလျက် ပြန်ပြောသည်… “ကောင်းပြီ…”
“မင်းက ဘယ်လို ဉာဏ်အလင်းမျိုး ရတာလဲ ကျုပ်လည်း တကယ် သိချင်တယ်…” ဂူကျင့်က ပြုံးလျက် ရီဖူရှင်းကို ပြောသည်။
“ဘာတွေ ဖြစ်နေတာလဲ…” လင်းယွီယိုက ထူးဆန်းသော အခြေအနေကို ကြည့်ကာ သူမ၏ဘေးတွင် ရပ်နေသော ရီဝူချင်းကို မေးသည်။
ရီဝူချင်းက ရယ်မောလိုက်သည်။ သူက လင်းယွီယိုအား ရီဖူရှင်း ကြုံတွေ့နေရသော အခြေအနေကို ရှင်းပြရာ သူမလည်း ရိုလျှိုကို ကြည့်လျက် မဟန်နိုင်တော့ဘဲ ရယ်မောလိုက်သည်။
လင်းယွီယိုက ရီဖူရှင်းအား ကြည့်လိုက်သည်။ သည်ကောင်လေးအတွက် သည်ကဲ့သို့နေ့မျိုး ရောက်လာမည်ဟု မည်သူထင်မည်နည်း။
ရီဖူရှင်းက ဂူကျင့်အား တစ်ချက်ကြည့်ကာ ရိုလျှိုအား ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ သူ့နှုတ်ခမ်းမှ စကားလုံး တစ်လုံး ထွက်လာသည်… “အရူးတွေ…” ထို့နောက် သူက ရီဝူချင်းထံသို့ လှမ်းသွားလိုက်သည်။
ဂူကျင့် မျက်မှောင်ကုတ်သွားသည်။ ရိုလျှို၏မျက်လုံးများ အေးစက်သွား၏။ ရီဖူရှင်းက သူမတို့ကို အရူးများ၏ ခေါ်လိုက်သည်လား။ ဂူကျင့်က ရီဖူရှင်းထံသို့ လှမ်းသွားလိုက်ကာ သူ့ကိုယ်မှ ဓားအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ဓားအားလှိုင်းက သူ့ကိုယ်တွင် တဖြည်းဖြည်း အားကောင်းလာပြီး သူက ရီဖူရှင်းအား သတိပေးလိုက်သည်… “သတိထား… ကောင်လေး…” သူက ပြောသင့်သည်ကို ပြောပြီးသည်နှင့် သူ၏ ဓားချက်အား ထုတ်လွှတ်ရန် ဟန်ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင် ပုံသဏ္ဌာန်တစ်ခုက အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။ ထိုအရာကား နတ်ဆိုးငှက် သို့မဟုတ် နတ်ငှက်လည်း ဖြစ်နိုင်သည်။
“ဟမ်…” ရိုလျှိုနှင့် သူ၏အဖော်များက နားမလည်သလို ကြည့်လိုက်ကြ၏။ သူတို့ ပတ်ဝန်းကျင်တွင် လေပွေတစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားရသည်။ ဂူကျင့်က သူ့ဓားချက်အား ထုတ်မလွှတ်မီမှာပင် ထိုပုံရိပ်ကာ ကောင်းကင်မှ ဆင်းသက်လာကာ သူ့အား လက်သည်းဖြင့် ကုတ်ခြစ်လိုက်သည်။ နာကျင်စွာ အော်ဟစ်လိုက်သော အသံနှင့်အတူ ဂူကျင့်၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာသည်။
ဝှီး… အားကောင်းသော လေလှိုင်းတစ်ခုက သူတို့အနီးမှ ဖြတ်သွားပြီး ထိုနတ်ငှက်က မူလနေရာကို ပြန်သွားဟန်တူသည်။ ထိုအရိပ်က ရီဖူရှင်းအနီးသို့ ရောက်ရှိသွား၏။ ထိုအချိန်ကျမှ ထိုပုံရိပ်မှာ နတ်ငှက်မဟုတ်ဘဲ သိမ်းငှက်နက်ဖြစ်ကြောင်း လူများ ရိပ်မိလိုက်ကြသည်။
“ကျောက်နံရံရဲ့ အနုပညာရသသိ…” ဓားကလန်မှလူများက ကျောက်နံရံကို ကြည့်ကာ အံ့အားသင့်လျှင် ရေရွတ်လိုက်ကြသည်။ ကျောက်နံရံတွင်ကား အလွန်ကြီးမားသော ရွှေရောင် နတ်ငှက်တစ်ကောင် ကောင်းကင်တွင် ပျံဝဲနေသည်။ ရီဖူရှင်း၏ဘေးမှ သိမ်းငှက်နက်ကြီးက ထိုကျောက်နံရံမှ အနုပညာရသသိအား ထုတ်ဖော်ခဲ့သည်။ သည်ကဲ့သို့ သာမန်သတ္တဝါက အဘယ်ကြောင့် အလွန်မြင့်မားသော ဆင်ခြင်ဉာဏ်စွမ်းအား ရှိနေရသနည်း။
“ဂူကျင့်…” ဂူချင်းနှင့် တခြားလူများက ဂူကျင့်၏ဘေးသို့ ရောက်လာသည်။ သူက မြေပြင်ပေါ်မှ လူးလဲထလာကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်သည်။
“သိမ်းငှက်နက်က ထူးဆန်းတယ်… သူက ကျောက်နံရံပေါ်က အနုပညာရသသိကို နားလည် နိုင်လောက်အောင် ဉာဏ်ထက်တယ်…” ဂူကျင့်က ပြောသည်။ ယန်လူက သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ သူကလည်း သည်အချက်ကို သတိထားမိသည်။
သူတို့အုပ်စုက ရီဖူရှင်းထံ လျှောက်သွား လိုက်ကြသည်။
ရိုယွီက လက်ရှိအခြေအနေကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်နေသည်။ ဓားကလန်မှလူများနှင့် ရီဖူရှင်း ရန်ဖြစ်ကြတော့မည်လော။
ရီဖူရှင်းက တစ်နေရာကို ရောက်လျှင် ရပ်လိုက်သည်ကို သူတို့က မြင်သည်။ ရီဖူရှင်းက ထိုလူများကို တစ်ချက်မျှပင် မကြည့်ဘဲ ရီဝူချင်းကို ကြည့်လျက် ပြောသည်… “အတူတူသွားကြမလား…”
“ဒါပေါ့…” ရီဝူချင်းက ခေါင်းညိတ်သည်။ သူက ရီဖူရှင်း၏ ဖိတ်ခေါ်မှုကို ငြင်းဆန်စရာ အကြောင်းမရှိပေ။ သူကလည်း ထိုနည်းလည်းကောင်း စဉ်းစားနေခြင်းပင်။
“ဟေး… တစ်စုံတစ်ယောက်က နင့်ကို အမြင်မကြည်ဘူးလို့ ကြားထားတယ်…” လင်းယွီယိုက ရီဖူရှင်းကို ရယ်မောလျက် ပြောသည်။
“ငါ့ရဲ့ ကံမကောင်းမှုကို ပျော်နေတာပေါ့…” ရီဖူရှင်းက သူမအား ပြုံးလျက် ပြောသည်။
“အဲဒါ ဟိုတစ်ယောက်မလား…” လင်းယွီယိုက ရိုလျှိုအား ကြည့်လျက် ပြောသည်။
ရိုလျှိုက လင်းယွီယိုအား ကြည့်ကာ မျက်တောင်များ ကွေးသွားသည်။ သူမက ဘာကို ဆိုလိုသနည်း။
“နင့်ရဲ့ အခြေအနေက ဘယ်တုန်းက ဒီလောက် အခြေအနေ ဆိုးသွားတာလဲ…” လင်းယွီယိုက စနောက်လိုက်သည်။ သည်ကောင်စုတ်ကား သူမကို အမြဲလိုပင် လျစ်လျူရှုထားခဲ့သည်။ နောက်ဆုံးတွင် သူမက လက်စားချေနိုင်ပြီ။
ဓားကလန်မှလူများက ထိုအဖြစ်အပျက်များ အားလုံးကို မြင်သည်။ သူမက ရိုလျှိုကို စော်ကားနေသည်လား။ သို့သော်လည်း သူတို့၏ရှေ့မှ ထိုမိန်းကလေးနှင့်ယှဉ်လျှင် ရိုလျှို၏ရုပ်ရည်ကား အလွန် လိုအပ်နေပေသေးသည်။
“ဒါက ရယ်စရာ ကောင်းလို့လား…” ရီဖူရှင်းက လင်းယွီယိုအား စိတ်ပျက်လက်ပျက် ပြောသည်။ ကြည့်ရသည်မှာ သည်မိန်းကလေးက ယခင်က ကိစ္စများကို အငြိုးအတေး ထားပုံရ၏။
“ဒါက တော်တော် ရယ်စရာကောင်းတယ်…” သူမက အလေးအနက် ပြောသည်။ ထို့နောက် သူမက ထပ်မေးသည်… “နင်က ငါ့ကိုရော ခေါ်လို့မရဘူးလား…”
ရီဖူရှင်းက သူမအား ထူးဆန်းသလို ကြည့်လိုက်သည်။ သည်မိန်းကလေး၏ ခေါင်းထဲတွင် ဘာများရှိသနည်း။
ရိုးသားစွာ ပြောရလျှင် လင်းယွီယိုက ယခင်က သည်ကဲ့သို့ တောင်းဆိုမှုမျိုး မည်သူ့ကိုမှ ပြုလုပ်ဖူးခြင်း မရှိခဲ့ပေ။ သို့သော် ရီဝူချင်းက ရီဖူရှင်း၏ကု့ချင်းကြောင့် ဉာဏ်အလင်းရသလို သူနှင့် မတော်တဆ တွေ့ခဲ့သော သာမန် မိန်းကလေးပင်လျှင် သူ့ထံမှ အကူအညီရသည်ကို မြင်လျှင် သူမအား မနာလိုစိတ် ဖြစ်စေတော့သည်။ သူမက အမှန်ပင် ဆွဲဆောင်မှု မရှိသည်လော။ သူမကား သည်ကောင်စု၏လျစ်လျူရှုမှုကို အမြဲလိုပင် ခံရ၏။
ရီဖူရှင်း၏ထူးဆန်းသော အကြည့်ကို မြင်လျှင် လင်းယွီယိုက ဒေါသတကြီး ကြည့်လျက် ပြောသည်… “စိတ်မပူပါနဲ့… ငါက နင့်ချစ်သူလောက် မလှတာ သိပါတယ်… နင့်ကိုလည်း ထူးဆန်းတဲ့ အတွေးတွေ မထားပါဘူး… ငါက ရှေးဟောင်း မြေရိုင်းဒေသမှာ ပိုတိုးတက်အောင် လေ့ကျင့်ချင်ရုံပဲ ရှိတာ…”
ရီဖူရှင်းက ရီဝူချင်းအား ကြည့်လိုက်လျှင် ရီဝူချင်းက ခေါင်းညိတ်လျက် ပြောသည်… “မင်း အဆင်ပြေသလိုသာ လုပ်…” ။ ထိုအခါမှသာလျှင် ရီဖူရှင်းက ပြောသည်… “ကောင်းပြီ…”
“နင်က ဒီထက် လိုလိုလားလား မပြောနိုင်ဘူးလား…” လင်းယွီယိုက သူမ၏နှုတ်ခမ်းအား ကိုက်လျက် ပြောသည်။
ရီဖူရှင်းက ပခုံးတွန့်လိုက်သည်… “ဘာဖြစ်ဖြစ်ပေါ့…”
“နင်…” လင်းယွီယိုက သူ့အား မည်သို့ ပြောရမည် မသိတော့ပေ။ သို့တိုင်အောင် ဒေါသထွက်နေသော သူမအား အလွန်ချစ်ခင်ဖွယ်ရာ ကောင်းနေပေသေးသည်။ ဓားကလန်မှလူများက သူမအား ကြည့်ကာ အလွန် အံ့အားသင့်ရသည်။ ရိုလျှိုကား ထိုနေရာတွင်ပင် အေးခဲလျက် ရှိနေလေပြီ။ ယန်လူတို့ အုပ်စု၏မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။
ရီဖူရှင်းက လင်းယွီယို၏အလှနှင့် ပတ်သက်၍ အလေးထားပုံပင် မရပေ။ ကြည့်ရသည်မှာ ထိုနတ်သမီးကဲ့သို့ လှပသော မိန်းမပျိုလေးမှာ ယခင်တည်းက ရီဖူရှင်း၏ငြင်းပယ်မှုကို ခံထားရဟန်တူသည်။ ရီဖူရှင်း၏ချစ်သူမှာ သူမထက်ပင် လှသည်ဟု ပြောသေးသည်။
ရီဖူရှင်းက ရိုလျှိုနှင့် သူမ၏ညီမအား တစ်ခုခုကြံနေသည်မှာ တကယ်လော။
ယခုကား ရှင်းလင်းသွားပြီ ဖြစ်သည်။ ရိုလျှိုကား အတွေး လွန်နေခြင်းပင်။ အထူးသဖြင့် လင်းယွီယိုက သူမအား တကယ့်အပြုံးအစစ် မဟုတ်သော ပုံစံဖြင့် ပြုံးပြလျှင် ရိုလျှိုက စော်ကား ခံရသလို ခံစားရ၏။
“အစ်မ အခု ပျော်လား…” ရိုယွီက သူမ၏အစ်မအား မေးလိုက်သည်။ ရီဖူရှင်းက သူမတို့အား တခြား ထူးခြားသော အတွေးမရှိသည်မှာ ရှင်းလင်းသွားပြီ ဖြစ်သည်။ သူလိုသည်ကား ခရီးသွားဖော် သက်သက်မျှသာ။ သူက သူမအား ကျောက်နံရံပေါ်မှ ဓားပညာကိုပင်လျှင် သင်ပေးခဲ့သေးသည်။
“ရီဖူရှင်း…” ထိုစဉ်မှာပင် ဂူချင်းက လျှောက်လာကာ သူ့အား အေးစက်စွာ ပြောသည်… “မင်းရဲ့ သတ္တဝါဆန်းကို ဘာလို့ ဂူကျင့်ကို တိုက်ခိုက် ခိုင်းရတာလဲ…”
“သွားစမ်း…” ရီဖူရှင်းက ခံစားချက်မရှိသော ပုံစံဖြင့် ပြောလိုက်သည်။ သူက သည်လူများနှင့် ပတ်သက်၍ အချိန်မဖြုန်းလိုတော့ပေ။ ရိုယွီကြောင့်သာ မဟုတ်လျှင် တည်းခိုခန်းကိစ္စ ပြီးသည့်အချိန်မှစ၍ သည်လူများကို အရေးပင် လုပ်တော့မည် မဟုတ်ပေ။
ရီဖူရှင်း၏ အလွန် မောက်မာသောပုံစံကို မြင်လျှင် ဓားကလန်မှလူများ ဒေါသထွက်သွားကြသည်။ ကောင်းကင်အဆင့်မျှဖြင့် သူက မည်သည့်နေရာက ယုံကြည်မှုများ လာသနည်း။
“အဲဒီ သတ္တဝါဆန်း… ကျုပ်တို့ တာဝန်ထား…” ဝမ်ကြွေက ပြောသည်။ သူကလည်း ထပ်မံ၍ မဆွေးနွေးလိုတော့ပေ။ ရှေ့ကို လှမ်းတက်လိုက်လျှင် သူ့ကိုယ်မှ အားကောင်းသော ဓားအားလှိုင်းများ ထွက်ပေါ်လာသည်။ ဓမ္မအဆင့်လေး အင်အားကို ခံစားမိလျှင် ရီဝူချင်း မျက်မှောင်ကုတ် သွားသည်။ သူကလည်း ရှေ့ကို လှမ်းတက်လိုက်ကာ သူ့ကိုယ်မှ အလွန် အားကောင်းသော ဓားအားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်လျှင် ပတ်ဝန်းကျင် တစ်ခုလုံး ထိုအားလှိုင်းက ပျံ့နှံ့သွားသည်။ ထိုအားလှိုင်းကား ကျောက်နံရံပေါ်မှ ဓားအသိနှင့် ဆင်တူသည်။
“မင်း သေချင်နေတာလား…” ရီဝူချင်းက မေးလိုက်သည်။ သူ၏လေသံကား ဓားသွားတစ်လက်လို ထက်ရှလှသည်။ ထိုစကားလုံး၏ စိတ်အင်အားက ဝမ်ကြွေကို လွှမ်းမိုးစေသည်။ သူကား နံရံပေါ်မှ ဓားအနုပညာရသကို သုံးကာ ဝမ်ကြွေ၏ အားလှိုင်းများကို ဖိနှိပ်ထားခြင်း ဖြစ်သည်။
ယန်လူနှင့် တခြားလူများက ရီဝူချင်းအား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ သူလည်းပဲ ကျောက်နံရံပေါ်မှ အနုပညာရသသိကို နားလည်သည်လား။
ထိုအဖြစ်က လူအများအပြားကို စိတ်ဝင်စားစေသည်။ ယွန်ရှင်းမိုကလည်း ထိုနေရာသို့ လှမ်းလာနေ၏။
ပြဿနာက ပိုမို ကြီးထွားလာသည်ကို မြင်လျှင် ရိုယွီက ပိုမို စိုးရိမ်လာသည်။
“မင်းကလည်း ကျောက်နံရံပေါ်က ဓားပညာကို နားလည်တာလား…” ယန်လူက မေးလိုက်သည်။ တစ်ရက်တည်းတွင် လူနှစ်ယောက်က ဉာဏ်အလင်းရသည်။
ထို့အပြင် သိမ်းငှက်နက်လည်း ရှိပေသေးသည်။ သူကလည်း နတ်ငှက်ကျောက်နံရံမှ အနုပညာရသသိကို နားလည်ထားသည်။
ယန်လူက ရှေ့ကို လှမ်းလိုက်လျှင် သူ့ကိုယ်မှ အလွန် အားကောင်းသော ဓားအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ဓမ္မအဆင့်ခြောက် တန်ခိုးရှင်၏ အလွန် အားကောင်းလှသော အားလှိုင်းက ရီဖူရှင်းတို့၏အုပ်စုထံ ပြေးဝင်သွားသည်။
ယနေ့ ဖြစ်ပျက်ခဲ့သမျှမှာ ထူးဆန်းလှသည်။ အခြေအနေက သည်အထိ ရောက်လာမှတော့ ယန်လူက ရီဖူရှင်းတို့အုပ်စုအား အလွယ်တကူ မလွှတ်ပေးနိုင်တော့ပေ။ သူက အဖြေတစ်ခုကို လိုအပ်ပေသည်။
ရီဖူရှင်းက ယန်လူထံမှ ထုတ်လွှတ်လိုက်သော ဓားအားလှိုင်းကို ခံစားမိသည်တွင် မဲ့ပြုံး ပြုံးလိုက်သည်။ ကြည့်ရသည်မှာ သူက လူများကို ဆက်ဆံရာတွင် အလွန် ပျော့ပျောင်း နေသေးပုံရ၏။
ထိုအခိုက်တွင်ပင် ရီဖူရှင်း၏အကြည့်က အလွန်ထက်ရှသော ပုံစံသို့ ပြောင်းသွားကာ ယန်လူအား အေးစက်စွာ ပြောလိုက်သည်… “မင်း သေချင်နေတာလား…”
***