အပိုင်း (၁၅၄)

ကျောက်နံရံပေါ်မှ ဓားပညာ

လင်းယွီယိုက ရီဖူရှင်း၏နောက်ကျောကို ကြည့်လိုက်သည်။ ရီဝူချင်း၏စကားအရ သူကား ရီဖူရှင်း၏ အကူအညီကြောင့်သာ ဉာဏ်အလင်း ရရှိခြင်းဖြစ်သည်။ သည်ကောင်လေးကား ကောင်းကင် အဆင့်မျှပင် ရှိသေးသည်။ သူ အဘယ်ကြောင့် သည်မျှ ကြောက်စရာ ကောင်းရသနည်း။ သို့သော် ဖန်းဟွာပွဲတော်နှင့် တန်ဖန်းပွဲတော်မှ စွမ်းဆောင်ရည်များအရ သူ့အား သာမန်လူအနေဖြင့် သဘောထား၍ မရနိုင်ပေ။

“သူ ဘာလုပ်နေတာလဲ…” လင်းယွီယိုက တိုးတိုးလေး မေးသည်။

“သူက ရုပ်ပုံကို လေ့လာ ဆင်ခြင်နေတာ နေမှာပေါ့… အဲဒါက နောက်ဆုံး ကျောက်နံရံပဲ …” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်။ လင်းယွီယိုက ယူချင်းနှင့် သိမ်းငှက်နက်အားလည်း မြင်သည်။

သိမ်းငှက်နက်လည်း တန်ခိုးကျင့်နေသည်လား။ သူလည်း ကန်တောင်ကုန်း ရှေးဟောင်း ရုပ်ကြွင်းက ဉာဏ်အလင်း ရသည်လား။ ရီဖူရှင်း၏ဘေးမှ ယူချင်းနှင့် ဟွာဂျီယူတို့က အလွန်ထူးခြား ထက်မြက်နေသည်မှာ သိပ်မထူးဆန်း သေးသော်လည်း ယခု သူ၏ သာမန် သတ္တဝါဆန်းကပင်လျှင် တန်ခိုးကျင့်နေသည်က သူမအတွက် တွေးစရာ ဖြစ်လာသည်။ လင်းယွီယို၏ အတွေးများကို ရီဖူရှင်း မသိပေ။ သူမ ရှိသည်ကိုပင်လျှင် သူ သတိမပြုမိပေ။

သူကား ကျောက်နံရံကို တိတ်ဆိတ်စွာ အာရုံခံစားနေဆဲပင်။ မျက်လုံးများ မှိတ်ထားသော ရီဖူရှင်းက အတွေးများ အားလုံးကို ရှင်းလင်းထားသည်။ တောင်ကုန်းပေါ်မှ ကျောက်နံရံများ အားလုံးမှာ သူ့စိတ်နယ်ပယ်ထဲတွင် ရှင်းလင်းစွာ မြင်နေရသည်။ လှိုင်းလုံးများက လာရောက် ရိုက်ခတ်သော အချိန်တွင် လှိုင်းလုံးတစ်လုံးထက် နောက်တစ်လုံးက ပိုမို၍ မြင့်မား ပြင်းထန်လာသည်။ တဖြည်းဖြည်းဖြင့် သူ့စိတ်နယ်ပယ်ထဲတွင် ပုံရိပ်တစ်ခုက ရှင်းလင်းစွာ ဖြစ်ပေါ်လာနေသည်။ ထိုအရာကား ကန်တောင်ကုန်းပေါ်တွင် အဖြူရောင် လူတစ်ယောက်က ကု့ချင်းအား တီးခတ်နေပုံဖြစ်ပြီး ကမ်းခြေတွင် တစ်စုံတစ်ယောက်က ဓားကစားနေသည်။ သူကစားသော ဓားပညာက ရှုပ်ထွေးလှသည်။ လှိုင်းလုံးများက ဓားအားလှိုင်းများနှင့် ဆုံတွေ့ကြသောအခါ ထောင်ပေါင်း များစွာသော မိုးစက်များအဖြစ် ပြောင်းလဲသွားကြသည်။ တောင်ပေါ်တွင်ကား အလွန်ရှည်လျားသော ဓားအလင်းတစ်ချက် လင်းလက်သွားကာ ခွဲခွာခြင်းမှ ဖြစ်ပေါ်လာသော နာကျင်မှုအား ဖြတ်တောက်သွားသည်။ နောက်ဆုံးတွင် ကဗျာစာသားထဲတွင် အနုပညာရသသိ အမှန်တကယ် ရှိသည်ကို ရီဖူရှင်း သိလိုက်သည်။

ရွှေရောင်နတ်ငှက်က ထိုလူအား နှုတ်ဆက်လိုသည့် သဘောဖြင့် ကောင်းကင်တွင် ပျံဝဲနေသည်။ သူက ပင်လယ်ကြီး၏ဘေးတွင် အော်ဟစ်ကာ ထောင်ပေါင်း များစွာသော ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာများ အားလုံးက နောက်ပိုင်းတွင် နံရံပေါ်မှ ရုပ်ပုံများ ဖြစ်ပေါ်လာသည်။ နံရံပေါ်မှ စာလုံးများနှင့် ရုပ်ပုံများကား ခွဲခြား လေ့လာဆင်ခြင်၍ မရနိုင်ပေ။ အမှန်က နံရံများ အားလုံးမှာ အနုပညာရသသိ တစ်ခုတည်းကို ညွှန်ပြနေခြင်းသာ။

အလင်းရောင်များ ပြိုးပြိုးပြက်ပြက် လင်းလာပြီး ရီဖူရှင်း၏ကု့ချင်း ထွက်ပေါ်လာသည်။ သူက ထိုနေရာတွင်ပင် ထိုင်လျက် ကု့ချင်းအား စတင် တီးခတ်လိုက်သည်။ လူအများအပြား၏ အာရုံကို ဆွဲဆောင် နိုင်လောက်အောင် လှပညက်ညောသော သံစဉ်တစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းက သူ့အား ထူးဆန်းသလို ကြည့်ကြသည်။

ယနေ့အထိ မည်သူမှ လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်သော ကျောက်နံရံရှေ့တွင် ကြယ်ကိုးပွင့် ကောင်းကင်အဆင့် မှော်ပညာရှင် တစ်ယောက်က သူ၏တူရိယာအား တီးခတ်နေသည်။ အမှန်တကယ်ပင် သူက အနုပညာရသသိကို ခံစားမိသည်လား။

လင်းယွီယို၏မျက်လုံး အရောင်တစ်ချက် လင်းလက်သွားသည်။ သည်ကောင်ကား တခြားလူများ ရှိသည်ဟုပင် ထင်ပုံမရပေ။

“စိတ်ဝင်စားစရာပဲ…” လျိုယွန်က ရီဖူရှင်းအား ကြည့်ကာ အသာအယာ ပြုံးလိုက်သည်။ ယွန်ရှင်းမို၏မျက်လုံးတွင်လည်း အံ့အားသင့်သော ဟန်ပန် ဖြစ်ပေါ်လာသည်။

ထိုစဉ် ဂီတသံစဉ်က တစ်နေရာတည်းမှ ပျံ့လွင့်လာသည့်ပုံ မဟုတ်တော့ဘဲ ပတ်ဝန်းကျင်ရှိ နေရာတိုင်းမှ တီးခတ်နေသည်ဟု ခံစားကြရသည်။ သံစဉ်၏ အနုပညာရသအရ လှိုင်းလုံးများက တောင်ကုန်းအား လာရောက် ရိုက်ခတ်ကြကာ နတ်ငှက်က ကောင်းကင်တွင် ပျံဝဲနေပြီး လူများက သူတို့၏ နာကျင်မှုများကို ဓားများဖြင့် ဖြတ်တောက်ကြသည်။ ခံစားမှုရသနှင့် မြင်ကွင်းက ဂီတသံစဉ်ထဲတွင် ပြည့်ဝစွာ ပျော်ဝင် စီးဆင်းနေသည်။

ရီဖူရှင်းက ထိုသံစဉ်ကို တီးခတ်နေစဉ်မှာပင် ကျောက်နံရံများမှ အားလှိုင်းများက နိုးထလာဟန်တူကာ ဂီတသံစဉ်နှင့် အတူလိုက်ပါ စီးမျောကြပြီး ရုတ်တရက် ဂီတအားလှိုင်းတစ်ခုက ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာကာ သူ၏အနုပညာရသသိအား ပိုမို အားကောင်းစေသည်။ ထိုအဖြစ်က ရီဖူရှင်းက ထိုအနုပညာရသသိအား တိုက်ရိုက်အားဖြင့် တီးခတ်နေသည်နှင့် တူလှသည်။

ထိုမျှဖြင့် မပြီးသေး။ ထိုအခိုက်တွင် သူက တခြား ကျောက်နံရံများနှင့်လည်း အပြန်အလှန် ဆက်သွယ်မိနေပုံရသည်။ ဓားအားလှိုင်း၊ နတ်ငှက်၏အသိ၊ ပင်လယ်လှိုင်းလုံး အားလှိုင်းများက သူ့ခေါင်းထဲကို တိုးဝင်လာကြကာ ဂီတသံစဉ်များအဖြစ် ထွက်ပေါ်လာကြသည်။ ဂီတသံစဉ်နှင့်အတူ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ ထိုပုံရိပ်က ယူချင်း၏ ခေါင်းထဲကိုလည်း ဝင်ရောက်လာကာ သူ့တစ်ကိုယ်လုံး တုန်ခါသွားသည်။ ချက်ချင်းပင် ယူချင်းကလည်း ပင်လယ်လှိုင်းလုံး၏ အနုပညာရသသိနှင့် နတ်ငှက်၏ပုံရိပ်က သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာကာ သူ့အား တိုက်ရိုက် ခံစားမိစေသည်။ တူညီသော အနုပညာရသသိက သိမ်းငှက်နက်ကြီး၏ စိတ်ထဲကို ဝင်ရောက်လာလျှင် သိမ်းငှက်နက်ကြီးက အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် ဝမ်းမြောက် ပျော်ရွှင်မှုကို ဖော်ပြသည်။

ထိုစဉ် ရီဝူချင်းကလည်း ရုတ်တရက် ဓားအားလှိုင်းတစ်ခုက သံစဉ်နှင့်အတူ သူ့စိတ်ထဲကို ဝင်ရောက်လာသည်ကို ခံစားသည်။ သူ့မျက်လုံးက တစ်ချက် လင်းလက်သွားပြီး ကျောက်နံရံအား ပြန်ကြည့်လိုက်သည်။ ယခုကား သူက အလွန် ကြည်လင် ပြတ်သားသော ပုံရိပ်ကို မြင်နေရသည်။ လူတစ်ယောက်က ဓားပညာတစ်ရပ်အား လေ့ကျင့်နေသည်ကို သူ့စိတ်ထဲတွင် ရှင်းလင်းစွာ မြင်နေရ၏။

ရိုယွီထံကိုလည်း ရီဖူရှင်းက သံစဉ်နှင့်အတူ ထိုဓားပညာအား သူမ၏စိတ်ထဲသို့  စီးဆင်းစေသော်လည်း ပထမက သူမက နားမလည်ပေ။ အနုပညာ ရသသိက ပိုမို၍ အားကောင်းလာမှ သူမက ရီဖူရှင်းအား ထိတ်လန့်တကြား ကြည့်ကာ နားလည်သွားသည်။ ထို့နောက် သူမကလည်း ကျောက်နံရံအား ကြည့်ကာ ဓားပညာအား စတင်၍ လေ့လာတော့သည်။

သို့သော်လည်း တခြားလူများကမူ ထိုလူများ၏ ခန္ဓာမှ ပြောင်းလဲမှုများကို သတိထားမိခြင်း မရှိကြပေ။ သူတို့ကလည်း ကျောက်နံရံများကို လေ့လာနေကြရာ ဂီတသံစဉ်အောက်တွင် သူတို့၏ ဆင်ခြင်သုံးသပ်မှုက ပိုမိုခရီးရောက်သည်ကို တွေ့ကြရသည်။ သူတို့က ယခင်ကထက် ပိုမို သိရှိနားလည်လာကြရာ တခြားအရာများကို ဂရုမမူကြတော့ဘဲ တိတ်ဆိတ်စွာ လေ့ကျင့်ကြတော့သည်။ ထူးဆန်းသော မြင်ကွင်း ဖြစ်ပေါ်လာသည်။ ထိုနေရာတွင် ကု့ချင်းဂီတသံမှတပါး တခြား အသံများ လုံးဝ မရှိတော့ဘဲ တိတ်ဆိတ်သွားခြင်းပင်။

အလွန်ကြာမြင့်သော အချိန်တွင်မှ ဂီတသံစဉ်က ရပ်တန့် သွားတော့သည်။ ရီဖူရှင်းက သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစားရပြီး အသာအယာ ပြုံးလိုက်သည်။ ကြည့်ရသည်မှာ သူက ရှေးဟောင်း မြေရိုင်းဒေသတွင် ကံစွမ်းအားကို မရရှိမှာကို စိတ်ပူနေစရာ မလိုတော့ပေ။

လျိုဂျင်လန်က ရှေးဟောင်း မြေရိုင်းဒေသတွင် နိုဘယ်ကံစွမ်းအားကို ရရှိခဲ့ပြီး တော်ဝင်ချင်ကျောင်းတော်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ယခု မည်သည့်အင်အားစုက ရီဖူရှင်းကို အာရုံစိုက်မိမည်နည်း။

ဂီတသံစဉ်က ရပ်တန့်သွားလျှင် လူအများအပြား၏ မျက်နှာပေါ်တွင် အပြုံးများ ဖြစ်ပေါ်လာသည်။ သူတို့အားလုံး တိုးတက် လာကြသော်လည်း ထိုသက်ရောက်မှုက ဂီတသံစဉ်၏ အနုပညာရသသိကြောင့် ဖြစ်သည်ကို သူတို့ မသိကြပေ။ သူတို့က မိမိတို့ဘာသာ ဉာဏ်အလင်း ရခြင်းဟု ထင်ကြ၏။ လူအနည်းစုကသာ ဂီတသံစဉ်ကြောင့် ဖြစ်သည်ကို သံသယ ဝင်မိကြသည်။

ဓားအားလှိုင်းတစ်ခုက ရီဝူချင်း၏ခန္ဓာကိုယ်တွင် စီးဆင်းသွားကာ ပျောက်ကွယ်သွားသည်။ သူက မျက်လုံးဖွင့်ကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ရီဖူရှင်းကား သာမန် မဟုတ်သည်ကို သူခံစားမိသည်။ သည်အရာက သာမန်လူများ လုပ်နိုင်သည့်အရာ မဟုတ်ပေ။

ရီဖူရှင်းက ကန်တော်ကုန်း ရှေးဟောင်းရုပ်ကြွင်းမှ လျှို့ဝှက်ချက်များ အားလုံးကို နားလည် သိရှိသွားသည်ကို သူသိလိုက်သည်။ မည်သူမှ မလုပ်နိုင်ခဲ့သေးသော်လည်း သူလုပ်နိုင်ခဲ့သည်။

“ဘာဖြစ်တာလဲ…” လင်းယွီယိုက မေးသည်။

“အဲဒီကောင်က ကျုပ်ကို နံရံပေါ်က ဓားပညာကို သင်ပေးသွားတယ်…” ရီဝူချင်းက အသာအယာ ပြောသည်။

“သူက ရှင့်ကို သင်တယ်…” လင်းယွီယိုကား အံ့အားသင့် သွားသည်။ ရီဝူချင်းက လေးနက်စွာ ခေါင်းညိတ်သည်။ သူမက ချက်ချင်း နားလည်လိုက်ကာ ရီဖူရှင်းအား စိတ်ဆိုးစွာ ကြည့်လိုက်သည်။ သူမလည်း ဖန်းဟွာအဆင့်မှ ဖြစ်သည်။ သူက အဘယ်ကြောင့် သူမကို မကူညီရသနည်း။

ဓားအားလှိုင်းက ယန်လူ၏ခန္ဓာကိုယ်တွင် လှည့်ပတ်သွားသည်။ ထက်ရှသော မျက်လုံးများဖြင့် သူက သူ၏အဖော်များအား ကြည့်ကာ မေးသည်… “မင်းတို့ ဘယ်လို ခံစားရလဲ…”

“စီနီယာ အစ်ကို… ကျုပ် ဉာဏ်အလင်း နည်းနည်းရထားတယ်…” ဂူကျင့်က ပြောသည်။

“ကျွန်မလည်း တူတူပဲ…” ရိုလျှိုက ပျော်ရွှင်စွာ ပြောသည်။

“မဆိုးပါဘူး… ရိုယွီ… နင်ကော ဘယ်လိုလဲ…” ယန်လူက ခေါင်းညိတ်ကာ ရိုယွီအား ကြည့်လိုက်လျှင် သူမကား မျက်လုံးများ ပြူးကျယ်လျက် အံ့အားသင့်စွာ ကျောက်ရုပ်အလား ရပ်နေသည်ကို တွေ့ရသည်။

သူမက အမှန်ပင် နံရံပေါ်က ဓားပညာကို နားလည်ခဲ့သည်လား။ သူမက အဘယ်ကြောင့် သည်ကဲ့သို့ နားလည် သွားရသနည်း။ ဂီတသံစဉ်က သူမ၏စိတ်ထဲကို ဝင်ရောက်လာကာ အနုပညာရသကို ခံစားရသည်။ ထို့နောက် သူမက နံရံကို ကြည့်ပြီး အရာအားလုံးကို ရှင်းလင်းစွာ သင်ယူနိုင်ခဲ့သည်။ ရိုယွီအတွက် သည်အချိန် ခဏမှာကား အံ့အားသင့် ထိတ်လန့်စရာတွေ ချည်းသာ ဖြစ်သည်။

“အင်း… နည်းနည်း…” ရိုယွီကား မည်သို့ ပြောရမည်ပင် မသိတော့ပေ။

“တစ်နေ့လုံး နင်က ဘာတွေကို တွေးနေတာလဲ… ” ရိုလျှိုက ကျောက်ရုပ်အလား ရပ်နေသော သူမ၏ညီမအား စိတ်ပျက်စွာ ပြောသည်။

“ယွန်ရှင်းမို…” လျိုယွန်က သူမအား ထပ်ကြည့်လိုက်သည်… “မင်းဘယ်လောက် တိုးတက်လာသလဲ စမ်းကြည့်ရအောင်…”

“အချိန်မရှိဘူး…” ယွန်ရှင်းမိုက အေးစက်စွာ ပြောသည်။

လျိုယွန်က ပြုံးလိုက်သည်။ သူ့အနီးမှ လေတိုးသံများ ထွက်ပေါ်လာသည်တွင် လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။ သူ့ကိုယ်တွင် အားကောင်းသော လေဓာတ်အားလှိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူ၏ကံစွမ်းအားက လေဓာတ်အားလှိုင်းနှင့် ပေါင်းစပ်သွားသည်။ အလွန်အားကောင်းသော လေပွေတစ်ခုက ယွန်ရှင်းမိုထံသို့ တိုးဝင်သွားသည်။ လေပွေမှ လေစီးကြောင်းငယ်များက အလွန်ထက်ရှသော ဓားမြှောင်ငယ်လေးများအဖြစ် ပြောင်းလဲသွားသည်ကိုလည်း တွေ့ရ၏။ ကံစွမ်းအားကို လေဓာတ်စွမ်းအင်နှင့် ပေါင်းစပ်၍ ထုတ်လွှတ်သော မှော်တိုက်ကွက်ကား အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ယွန်ရှင်းမို သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဂရုမစိုက်ဘဲ တိုက်ခိုက်လိုက်ခြင်းပင်။

သည်မျှ အားကောင်းသော အားလှိုင်း။ ချင်းမုန်မြို့မှ လျိုမိသားစု ဟူသည့်အတိုင်း အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ လူတိုင်းက လျိုယွန်အား ကြည့်လိုက်ကြသည်။ သူကား ကျောက်နံရံမှ ပညာအတော်များများ ရထားသည်ကို သိသာစွာမြင်ရသည်။

ယွန်ရှင်းမိုက နောက်လှည့် ကြည့်လိုက်သည်။ ယွန်ရှင်းမို၏ ဝတ်စုံက လေလှိုင်းကြောင့် တဖျတ်ဖျတ် လွင့်နေပြီး သူမ၏လက်တွင် ဓားတစ်ချောင်း ပေါ်လာသည်။ သူမ၏ ကံစွမ်းအားလည်း ထွက်ပေါ်လာပြီး ဓားအားလှိုင်းနှင့် ပေါင်းစပ်သွားသည်။ ထို့နောက် သူမက ဓားကို ဝှေ့ယမ်းလိုက်လျှင် သူမ၏ရှေ့တွင် ဓားအားလှိုင်းများဖြင့် ပြုလုပ်ထားသော နံရံကဲ့သို့ အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။

လေပွေက သူမထံသို့ ကြမ်းတမ်းစွာ ရောက်ရှိလာပြီး ဓားနံရံ အကာအကွယ်နှင့် ရင်ဆိုင်မိကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သဘာဝစွမ်းအင်များ ရွေ့လျား ပေါက်ကွဲသွားကြပြီး ကျောက်ဆောင်များ တုန်ခါသွားကြသည်။ ယွန်ရှင်းမိုက ကောင်းကင်အား ထိုးတက်သွားကာ ဓားအား အဆက်မပြတ် ဝှေ့ယမ်းလျှင် ဓားလေပွေက တဖြည်းဖြည်း အားနည်းသွားသည်။

လေပွေပျောက်ကွယ် သွားသောအခါ ယွန်ရှင်းမိုကား ကောင်းကင်တွင် တစ်ယောက်တည်း ရပ်နေသည်ကို တွေ့ရ၏။

“စီနီယာအစ်မယွန်က အရမ်းတော်တာပဲ…” ရိုလျှိုက ပြောသည်။ “စီနီယာအစ်မယွန်ရဲ့ ဓားပညာက ကျောက်နံရံရဲ့ အနုပညာရသသိကို ငါခံစားမိသလိုပဲ… ”

ရိုယွီ၏မျက်လုံးက အရောင်တစ်ချက် လက်သွားပြီး ရေရွတ်သည်… “စီနီယာအစ်မယွန်ရဲ့ နည်းစနစ်က မှားနေတယ်…”

“အဓိပ္ပာယ်မရှိတာ…” ရိုလျှိုက သူမ၏ညီမကို ဒေါသတကြီး ကြည့်လိုက်သည်။

“ကျုပ်တို့က ဒီမှာ လေ့လာလို့ရတဲ့ နည်းစနစ်ကိုပဲ စမ်းသပ်ကြည့်ရအောင်…” လျိုယွန်က ပြောသည်။ သူက ပြောပြီးသည်နှင့် လေထဲသို့ ငှက်တစ်ကောင်အလား လျင်မြန်စွာ ထိုးတက်သွားသည်။

သူမ၏ဓားအား ဝှေ့ယမ်းလိုက်လျှင် ယွန်ရှင်းမို၏ခန္ဓာကိုယ်အား ဓား၏အနုပညာရသသိ ဆင်းသက်လာပုံရသည်။ လျိုယွန်က သူမထံ တိုးဝင်လာသည်ကိုမြင်လျှင် ယွန်ရှင်းမိုက ဓားအား ဝှေ့ယမ်းလိုက်သည်။ ဓား၏ အားလှိုင်းက အလင်းတန်းအလား လေထုကို ခွင်းလျှင် လျိုယွန်ထံသို့ တိုးဝင်သွားသည်။ သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများကား လျင်မြန်လွန်းရကား သာမန်မျက်စိဖြင့် ကြည့်၍ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

ဘုန်း… လျိုယွန်ကား ကောင်းကင်တွင် ပျံဝဲလျှင် ကျန်နေစဉ်မှာပင် ယွန်ရှင်းမိုက မြေပြင်သို့ ဆင်းသက်လာတော့သည်။

လျိုယွန်က ပြုံးလျက် ပြောသည်… “ယွန်ရှင်းမို… ကြည့်ရတာ မင်းရဲ့ ဓားပညာက မလုံလောက်သေးဘူး… မင်းတို့ကလန်က စီနီယာတပည့်က သာမန်ပါပဲ… ဟားဟား…”

လူတိုင်းက သူ့အား ကြည့်လိုက်ကြသည်။ လျိုယွန်က အသာစီးရသော်လည်း ယွန်ရှင်းမို၏ ကျောက်နံရံအပေါ်နားလည်မှုက လျိုယွန်ထက်နိမ့်ကျသည်ဟု မဆိုလိုပေ။ မည်သူမှ နားမလည်သော ကု့ချင်းနံရံမှလွဲလျှင် ဓားနံရံကား အခက်ခဲဆုံး ဖြစ်သည်။ သူ၏ အနုပညာရသသိမှာ ကဗျာစာသားထဲတွင် ဖုံးကွယ်ထားရာ အမှန်က မျှတခြင်း မရှိပေ။ လျိုယွန်က ထိုအချက်ကို အခွင့်အရေး ယူလိုက်ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ သူက ယွန်ရှင်းမိုအား တမင် လုပ်နေသည်နှင့် တူလှသည်။

ချင်းမုန်ဒေသမှ ဓားကလန်၏ တပည့်များအားလုံး ဒေါသထွက်သွားကြသည်။ ရိုယွီကလည်း အနည်းငယ် စိုးရိမ်သွားကာ ပြောသည်… “စီနီယာအစ်မယွန်ရဲ့ ဓားပညာက အဆင့်မြှင့်လို့ ရသေးတယ်…”

ယွန်ရှင်းမိုက သူမအား ကြည့်လိုက်သည်။ ယန်လူနှင့် တခြားလူများကလည်း ရိုယွီအား ထူးဆန်းစွာ ကြည့်ကြသည်။

ထိုအကြည့်များကို လျစ်လျူရှုကာ သူမက ဓားအားလှိုင်းများနှင့် ဖုံးလွှမ်းနေသော ဓားတစ်လက်ကို ဖန်တီးလိုက်သည်။ ထိုအခိုက်တွင်ပင် ကောင်းကင်တွင် မရေမတွက်နိုင်သော ဓားပုံရိပ်များ ဖြစ်ပေါ်လာသည်။ ထိုဓားက ထောင်ပေါင်းများစွာသော မိုးရေစက်များအဖြစ် ပြောင်းလဲသွားကာ မိုးရေတစ်စက်စီချင်းက ပတ်ဝန်းကျင်မှ လူများအား ကျောစိမ့်သွားစေ လောက်အောင်ပင် အားကောင်းလှသည်ကိုလည်း တွေ့ရသည်။ သူမ၏ကိုယ်မှ ဓားအားလှိုင်းများအရ ရိုယွီ၏ ဓားအနုပညာရသမှာ ယွန်ရှင်းဟွာထက် အားကောင်းသည်မှာ သေချာလှသည်။ လူအများအပြားက အံ့အားသင့်စွာ ရိုယွီကို ကြည့်ကြသည်။ ရိုလျှိုကလည်း သူမ၏ညီမအား ထိတ်လန့်စွာ ကြည့်သည်။

ရိုယွီ၏ပါရမီမှာ ယွန်ရှင်းမိုအား မယှဉ်နိုင်သော်လည်း ယခု သူမ၏ဓားပညာမှာ ယွန်ရှင်းဟွာထက် အဆင့်မြင့်သည်မှာ သိသာလှသည်။ အကယ်၍ ယွန်ရှင်းဟွာကသာလျှင် သည်ဓားပညာအား လျိုယွန်ကို သုံးလိုက်လျှင် လျိုယွန်ကား ရှုံးနိမ့်သွားမည်မှာ သေချာလှသည်။

“ဂျူနီယာ ညီမလေး… မင်းက ဘယ်လိုလုပ် ဒီဓားပညာကို  နားလည် နေရတာလဲ…” ယန်လူနှင့် တခြားလူများက ရိုယွီအား အံ့အားသင့်စွာ မေးကြသည်။

ယွန်ရှင်းမိုကလည်း သူမအား ကြည့်ကာ မေးသည်… “နင် ဘယ်လို နားလည်သွားတာလဲ…”

လူတိုင်း၏အကြည့်က သူမထံ ရောက်လာသည်။ ဓားကလန်၏ ဓမ္မအဆင့်တစ် တပည့်က နံရံပေါ်မှ ဓားပညာကို အဘယ်ကြောင့် နားလည်နေရသနည်း။

***


Comment

Leave a Reply

Options

not work with dark mode
Reset