Switch Mode

အပိုင်း (၁၅၃)

သာမန်မဟုတ်သော သူ

ရီဖူရှင်းနှင့် ယူချင်းတို့ ထိုနေရာမှ ထွက်သွားသည်ကို မြင်လျှင် ရိုယွီက ရိုလျှိုအား ဒေါသထွက်ကာ ပြောသည်… “အစ်မ… ဒီလို စိတ်ပျက်စရာ စကားတွေကို မပြောဘဲနေလို့ မရဘူးလား…”

“သူကိုယ်တိုင်က ဝန်ခံသွားတာ နင်မကြားဘူးလား…” ရိုလျှိုက တည်ငြိမ်စွာ ပြန်ပြောသည်။

“ရိုယွီ… ဒီလိုလူမျိုးတွေနဲ့ အရမ်း နီးနီးကပ်ကပ် မနေနဲ့…” ယန်လူက ပြောသည်။ ရိုယွီက သူမ၏ စီနီယာအစ်ကိုအား ကြည့်လိုက်သည်။ သူမ၏စီနီယာအစ်ကို ပြောသည်ကို သဘောမတူသော်လည်း သူမက ဆက်မပြောတော့ပေ။ ရိုယွီက ရှေ့ကို မျှော်ကြည့်လိုက်လျှင် ရီဖူရှင်းနှင့် ယူချင်းတို့က အလွန်ကြီးမားသော ကျောက်တုံးကြီး တစ်တုံးထံသို့ လျှောက်သွားနေသည်ကို မြင်ရ၏။ ထိုနေရာတွင် အလွန် တည်ငြိမ်သော ဟန်ပန်ရှိကာ ချောမောသော လူငယ်တစ်ဦး ရပ်နေသည်။ ရီဖူရှင်းတို့က သူ၏အနီးသို့ရောက်လျှင် ထိုလူငယ်က ပြောသည်… “အမုန်းခံနေရတာလား…”

“ငါဒီလိုခံနေရတာ မင်း သဘောကျတာလား…” ရီဖူရှင်းက မိမိရှေ့မှ လူငယ်ကို ဝမ်းနည်းသည့်ပုံစံဖြင့် ပြောသည်။

ရီဝူချင်းက သိပ်မဝေးသော နေရာမှ ရိုလျှိုအား ကြည့်လိုက်ကာ ညှိုးငယ်နေသော ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ မဟန်နိုင်တော့ဘဲ ရယ်မောလိုက်တော့သည်။ သည်ကောင်ကား နန်ဒူနိုင်ငံနှင့် ကန်ယီနိုင်ငံတို့တွင် အလွန်နာမည်ကြီးကာ လင်းယွီယိုကဲ့သို့သော အလှပဂေးက သူ့အား ရင်းနှီးလိုသည်ကိုပင်လျှင် ငြင်းပယ်ခဲ့သူ ဖြစ်သည်။ ထိုရီဖူရှင်းက မိန်းကလေး တစ်ယောက်ထံတွင် မကောင်းမြင်ခံရမည့်နေ့ ရောက်လာမည်ဟု မည်သူက ထင်မည်နည်း။

“ရီရှောင် ဘယ်မှာလဲ…” ရီဖူရှင်းက မေးသည်။

“ငါတို့က လမ်းခွဲလာတာ တော်တော်ကြာပြီ…” ရီဝူချင်းက ပြောသည်။ “ရီရှောင်က ကန်ယီကျောင်းတော်မှာ တန်ခိုးကျင့်တယ်… တစ်နေ့ သူက ထီးနန်းကို ဆက်ခံမယ်ဆိုရင် ကန်ယီကျောင်းတော်ရဲ့ အထောက်အပံ့ကို ရတာက သူ့အတွက် အကူအညီဖြစ်တယ်…”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ မှန်သည်… ရီဝူချင်း ဘာပြောချင်သည်ကို သူနားလည်၏။ ယနေ့ ရှေးဟောင်း မြေရိုင်းဒေသကို ဝင်ရောက်လာသော ကန်ယီ ကျောင်းတော်သားများမှာ နောင်တွင် ကန်ယီကျောင်းတော်၏ အဓိက ဒေါက်တိုင်များ ဖြစ်လာကြမည်ဖြစ်သည်။

“ဒီနေရာက မင်းဘာတွေ ရပြီးပြီလဲ…” ရီဖူရှင်းကမေးသည်။

ရီဝူချင်းက ကျောက်တုံးနံရံကို ကြည့်လိုက်သည်။ သူ၏မျက်မှောင်များ ကွေးညွတ်သွားလျက် ပြောသည်… “ငါက ဒီစာလုံးတွေက ဓားအားလှိုင်းတွေကိုပဲ ခံစားမိတယ်… ဒါပေမဲ့ ဘယ်လို ချဉ်းကပ်ရမယ် မသိဘူး… အချိန်မကျသေးတာလည်း ဖြစ်နိုင်တယ်… ဒါမှမဟုတ်… အချိန်လိုသေးတာလည်း ဖြစ်နိုင်တယ်…”

ရီဖူရှင်းက သူ့ဘေးကို လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့် ထိုင်လိုက်သည်။ ရီဝူချင်းက သူ့အား ငုံ့ကြည့်လိုက်၏။ ရီဖူရှင်းက သူတို့ရပ်နေသော ကျောက်တုံးပေါ်တွင် သဘာဝ စွမ်းအင်သုံးလျက် တစ်စုံတစ်ခု ရေးနေသည်ကို သူမြင်ရသည်။ ထိုအရာက စာလုံးတစ်လုံးနှင့် တူသည်။ ထိုစာလုံးကား နံရံပေါ်မှ ကဗျာ၏ ပထမစာလုံးဖြစ်သည်။

ထိုစာလုံးက ရေးထွင်းပြီးသောအခါ သူ၏ပုံသဏ္ဌာန်က စတင် ပြောင်းလဲလာသည်။ ကြည့်ရသည်မှာ ထိုအရာက ဓားချက်များ ရွေ့လျားနေသည်နှင့် တူလှသည်။ ရီဝူချင်း၏ မျက်လုံးများ တောက်ပလာသည်။ သူက တစ်စုံတစ်ခုကို နားလည်လိုက်ကာ ကျောက်တုံးနံရံအား တစ်ချက် ကြည့်လိုက်သည်။

“အနုပညာ အသိပဲဖြစ်ဖြစ် လျှို့ဝှက်ချက်ပဲဖြစ်ဖြစ် ဖော်ထုတ်ဖို့ မကြိုးစားနဲ့… စာလုံးတွေကိုသာ ဖြိုခွဲ…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ…” ရီဝူချင်းက ခေါင်းညိတ်လိုက်သည်။ သူက ကျောက်နံရံကို ပြန်လည် ကြည့်ရှုလိုက်သောအခါ နံရံပေါ်မှ စာလုံးများကလည်း ပုံသဏ္ဌာန် ပြောင်းလဲလာကာ စာလုံးများ ကြွတက်လာပြီး ဓားချက်များအဖြစ် စတင် ကခုန်ကြသည်ကို သူမြင်ရ၏။

ထိုစဉ်မှာပင် ဘေးနားတွင် ရပ်နေသော သိမ်းငှက်နက်ကြီးက အတောင်ပံများကို ခတ်လျက် ရီဖူရှင်းကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့ရ၏။

“မင်းလည်း သင်ချင်တာလား…” ရီဖူရှင်းက မေးလိုက်သည်။

သိမ်းငှက်နက်ကြီးက ခေါင်းညိတ်လိုက်သည်။

“မင်းက ကိုယ့်အတွက်ဆို တော်တော် သိတတ်လာတယ်…” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ကြည့်ရသည်မှာ သိမ်းငှက်နက်ကြီးက ကံစွမ်းအားကို ရရှိခဲ့ပြီး အကျိုးကျေးဇူးများ အများအပြား ရခဲ့ပုံပေါ်သည်။ သူတို့မှာ စိတ်ချင်းဆက်နွှယ်ထားရာ သူ့အား သင်ရန်ကား အလွန်လွယ်ကူသည်။

“ငါအရင် လေ့လာကြည့်ဦးမယ်…” ရီဖူရှင်းက ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် ထိုင်ကာ ကျောက်နံရံအား တစ်ဖန် ပြန်လည် ကြည့်ရှုလိုက်သည်။ နံရံပေါ်တွင် ရေးထားသော စာလုံးတိုင်းက ဓားချက်များအဖြစ် ပြောင်းလဲလာကြသည်။ ဓားချက်ပုံရိပ်များက သူ့စိတ်ထဲကို အဆက်မပြတ် ဝင်လာကြ၏။

သူက ဓားပညာ နည်းစနစ်အား မြင်ရကာ ဓားအားလှိုင်းများကို ခံစားရသော်လည်း အကယ်၍ ရီဖူရှင်းက သည်ဓားပညာကို လေ့ကျင့်လိုပါက သူက နားလည်အောင်လုပ်ရန် လိုအပ်ပေသည်။ သူကား ဓားသမားမဟုတ်ရာ ဓားပညာအတွက် အချိန်မဖြုန်းလိုပေ။ ကံစွမ်းအားကို ခံစားမိရုံမျှဖြင့် သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။ ဓားပညာရပ်ကိုမူ ရီဖူရှင်းက ရီဝူချင်းအတွက် လက်ဆင့်ကမ်း ပေးမည်ဖြစ်သည်။ ရီဖူရှင်းက ဆက်လက်၍ လေ့လာသလို သူနားလည်သမျှအား ရီဝူချင်းကို ပြောပြ၏။ တဖြည်းဖြည်းဖြင့် ရီဝူချင်းကား ထိုဓားနည်းစနစ်ထဲတွင် နစ်မျောသွားကာ သူကိုယ်တိုင် ထိုဓားချက်များ လှုပ်ရှားပုံကို မြင်လာသည်။ ရီဖူရှင်းထံမှ ရှင်းလင်းချက်များ နားထောင်ရန် မလိုတော့ပေ။

ထူးဆန်းသည်ကား ရီဖူရှင်းဘေးမှ သိမ်းငှက်နက်ကြီးကလည်း ကျောက်နံရံကြီးအား စိုက်ကြည့်နေခြင်းပင်။ သူကား မျက်တောင်ပင် မခတ်ပေ။ ကြည့်ရသည်မှာ သိမ်းငှက်နက်ကြီးကလည်း ကျောက်နံရံကို နားလည်လာပုံရ၏။

ဘေးတွင် ရပ်နေသော ယူချင်းက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ရသည်။ သိမ်းငှက်နက် လုပ်သောအရာကို သူပင်လျှင် မလုပ်နိုင်ပေ။

အတန်ကြာလျှင် ရီဖူရှင်းက အာရုံပြန်စုစည်းလိုက်ပြီး ရီဝူချင်းအား ကြည့်လိုက်သည်။ သူ၏မျက်လုံးများကား ပိတ်ထားပြီး သူ့ကိုယ်မှ ဓားအားလှိုင်းများ စီးဆင်းနေကြသည်။ ကြည့်ရသည်မှာ ရီဝူချင်းက ကဗျာထဲတွင် ဝှက်ထားသော ဓားနည်းစနစ်အား နားလည်သွားပုံရသည်။

“တခြားနံရံတွေကို သွားကြည့်ရအောင်…” ရီဖူရှင်းက ပြောသည်။ သိမ်းငှက်နက်၏ မျက်လုံးများက တောက်ပလာကာ အတောင်ပံမျာအား ခတ်လျက် တခြားတစ်ဖက်သို့ ပျံသန်းလိုက်သည်။ ထို့နောက် သူတို့က ပန်းချီရေးထားသော နံရံတစ်ခုရှေ့ ကျောက်ဆောင်ပေါ်တွင် ဆင်းသက်ကြသည်။ နံရံပေါ်တွင် ရေးထားသော ပန်းချီမှာကား ရွှေရောင်နတ်ငှက်ကြီးက ကောင်းကင်သို့ ပျံတက်နေပုံဖြစ်သည်။

ရီဖူရှင်းက သိမ်းငှက်နက်ကြီးအား ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သိမ်းငှက်နက်က သည်မတိုင်မီကတည်းက ဤနံရံကြီးအား မျက်စိကျနေပုံရပေသည်။ သို့သော်လည်း သည်ပန်းချီက သိမ်းငှက်နက်နှင့် ယူချင်းတို့ နှစ်ယောက်လုံး လေ့လာ၍ အဆင်ပြေကြောင်း သူသတိထားမိသည်။

သူ၏ လွတ်လပ်ခြင်းကျင့်စဉ်က စိတ်နယ်ပယ်ထဲတွင် အသက်ဝင်လာပြန်သည်။ သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်ကား နံရံပေါ်မှ ပန်းချီဖြစ်သည်။ သူ၏ စိတ်နယ်ပယ်ထဲတွင် ရွှေရောင်နတ်ငှက်ကြီး တစ်ကောင်က ကောင်းကင်အား ပျံတက်နေသည်။ သူက ကျယ်လောင်စွာ ဟစ်ကြွေးလျက် အတောင်ပံများကို ဖြန့်ကာ လေကဲ့သို့ အလျင်ဖြင့် ပျံသန်းနေပြီး သူပျံသန်းရာ လမ်းတစ်လျှောက် ပုံရိပ်ယောင်များ ဖြစ်ပေါ်စေသည်။ သူ၏လှုပ်ရှားပုံမှာ မြန်ဆန်ပြီး သဘာဝကျလွန်းကာ လေဓာတ်စွမ်းအင်နှင့် သဟဇာတ ဖြစ်လွန်းလှသည်။ ထိုမြင်ကွင်းက တဖြည်းဖြည်းပိုမို ကြည်လင် ပြတ်သားလာနေသည်။ သူမသိလိုက်မီမှာပင် ရီဖူရှင်း၏စိတ်က ထူးဆန်းသော အခြေအနေ တစ်ခုထဲကို ရောက်သွားပြီး သူက နတ်ငှက်ကြီးအဖြစ် ပြောင်းလဲသွားသလို ခံစားရကာ ကောင်းကင်အား ထိုးဖောက် ပျံသန်းနေသကဲ့သို့ ခံစားရသည်။

လွတ်လပ်ခြင်း ကျင့်စဉ်ကို သုံးလျက် သူကား ကဗျာစာသားထဲတွင် ဖုံးကွယ်ထားသော ဓားနည်းစနစ်အား ဖော်ထုတ်နိုင်ရုံသာမက နံရံပေါ်မှ ရုပ်ပုံ၏အဓိပ္ပာယ်ကိုလည်း မြင်နိုင်သည်။ သို့သော်လည်း တကယ့်အဓိပ္ပာယ်ကို အမှန်တကယ် နားလည်ရန်မူကား မိမိကိုယ်ပိုင် ထိုးထွင်းသိမြင်မှု အပေါ်တွင် မူတည်သည်။

တဖြည်းဖြည်းဖြင့် ရီဖူရှင်းက မျက်လုံးများကို အသာအယာ မှိတ်လိုက်သည်။ ယခုတွင်ကား သူက နံရံရှေ့မှ ကျောက်တုံးကြီးပေါ်တွင် ရပ်နေသည်ဟု မခံစားရတော့ဘဲ သူကား ကောင်းကင်မှ တိမ်များအကြားတွင် ရောက်ရှိနေသလို ခံစားရသည်။

ကျောက်နံရံမှ အလွန် အားကောင်းသော စိတ်အားလှိုင်းတစ်ခုက ထွက်ပေါ်လာကာ သူ့စိတ်နယ်ပယ်ထဲကို တိုးဝင်လာကြသည်။ သူက လေ့လာစူးစမ်းလေလေ နံရံပေါ်မှ အဓိပ္ပာယ်ကို နားလည် လေလေ ဖြစ်ကာ ပိုမိုအားကောင်းသော ကံစွမ်းအားကို ရရှိလေဖြစ်သည်။

သိမ်းငှက်နက်ကြီးနှင့် ယူချင်းတို့ကလည်း နားလည်အောင် ကြိုးစားနေကြသည်။ သို့သော်လည်း သူတို့ ခံစားရသော အနုပညာရသသည်ကား ရိုးစင်းလှသည်။ သိမ်းငှက်နက်က သဘာဝပါရမီအရ ပိုမိုကောင်းမွန်စွာ နားလည်နိုင်သော်လည်း ယူချင်းအတွက်မူကား အဆင်ပြေလှပုံ မရပေ။

သူတို့အနီးတွင်လည်း တခြား လေဓာတ်အထူးပြု တန်ခိုးရှင်များက သူတို့နည်းအတိုင်း လေ့လာနေကြသည်။ တစ်ခါတစ်ရံ သူတို့က ရုပ်ပုံထံမှ အနုပညာရသကို ခံစားမိသည့်အလျောက် သူတို့ထံမှလည်း ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလာတတ်သည်။

အတန်ကြာလျှင် ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်လျှင် သိမ်းငှက်နက်ကြီးက သူ့အား သနားစဖွယ် ကြည့်နေသည်ကို မြင်ရ၏။ စိတ်နယ်ဆက်သွယ်မှုကို သုံးလျက် ရီဖူရှင်းက သူနားလည်သမျှကို သိမ်းငှက်နက်ကြီးထံသို့ လွှဲပြောင်း ပေးလိုက်သည်။ ထို့နောက်တွင်ကား သိမ်းငှက်နက်ကြီးက မိမိဘာသာ ဆက်လက်၍ ကျင့်တော့သည်။

“ယူချင်း… ဟိုနံရံက မင်းနဲ့ ကိုက်ညီပုံရတယ်…” ရီဖူရှင်းက ပြောသည်။ သူက တခြားအရပ်မှ ကျောက်နံရံကြီးအား ညွှန်ပြလျက် ပြောသည်။ ထိုနံရံကား ပင်လယ်ကြီးနှင့် ပိုမိုနီးကပ်ကာ လှိုင်းလုံးများကို ရေးဆွဲထားသည်။ သူက တစ်ချက် ကြည့်လိုက်လျှင်ပင် ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုက အနုပညာအသိနှင့်အတူ သူ၏စိတ်ထဲသို့ အားပြင်းစွာ တိုးဝင်လာသည်ကို ခံစားရ၏။

သူတို့နှစ်ယောက်က ထိုနံရံထံသို့ လျှောက်သွား လိုက်ကြသည်။ နံရံရှေ့တွင် ရပ်လိုက်လျှင် ပင်လယ်မှ လှိုင်းလုံးများက ကျောက်နံရံကြီးအား အဆက်မပြတ် ရိုက်ခတ်နေကြကာ နံရံပေါ်မှ အနုပညာရသသိနှင့် ကိုက်ညီလှသည်ကို တွေ့ရ၏။

“မင်း ဘာတွေ ခံစားရလဲ…” ရီဖူရှင်းက မေးလိုက်သည်။

“ကြမ်းတမ်း ခက်ရော်မှုနဲ့ အားအင်…” ယူချင်းက ပြောသည်။

“မှန်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို သုံးနိုင်ရာ သူက အရာအားလုံးကို ပိုမိုရှင်းလင်းစွာ မြင်နိုင်သည်။ နံရံပေါ်တွင် လှိုင်းလုံးများ ဖြစ်ပေါ်နေကာ လှိုင်းလုံးတစ်လုံး ရိုက်ခတ်ပြီးတိုင်း နောက်မှ လိုက်လာသော လှိုင်းလုံးမှာ ပိုမိုကြီးမားပြီး အားပြင်းသည်ကို သူမြင်နေရသည်။ သည်ရုပ်ပုံကား ဓား သို့မဟုတ် လေ ထိုအရာများနှင့် သက်ဆိုင်ခြင်း မရှိပေ။ သူက အားပြင်းမှု၊ ဖျက်ဆီးမှု သတ်သတ်ကိုသာ ဖော်ကြူးထားခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်က ထိုနံရံအား တိတ်ဆိတ်စွာ လေ့လာ ဆင်ခြင်ကြပြီး အတန်ကြာလျှင် ရီဖူရှင်းက တစ်ယောက်လည်း ထွက်ခွာလာသည်။ သူက ပင်လယ်ဘေးမှ တခြား ကျောက်နံရံတစ်ခုထံသို့ လျှောက်သွားသည်။ သည်နံရံကား ကန်တောင်ကုန်းပေါ်မှ နောက်ဆုံး နံရံလည်းဖြစ်သည်။ သည်နံရံရှေ့တွင် နံရံကို လေ့လာစူးစမ်းသော မည်သူတစ်ဦး တစ်ယောက်ကိုမှ မတွေ့ရပေ။ တခြားနံရံများကား အနည်းငယ် နားလည်နိုင်သော်လည်း သည်နံရံကား မည်သူကမှ နားလည်ခံစားမိခြင်း မရှိပေ။ သည်နံရံမှ မည်သူကမှ ကံစွမ်းအားကို လက်ခံရရှိခြင်း မရှိကြပေ။

နံရံပေါ်မှ ရုပ်ပုံမှာ အဖြူရောင် ဝတ်စုံဝတ် လူတစ်ဦးက လက်နှစ်ချောင်းဖြင့် ကုချင်းတီးခတ်နေပုံ ဖြစ်သည်။ ထိုပုံတွင် အနုပညာရသသိ မရှိပေ။

ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကိုသုံးက ထိုရုပ်ပုံကို ကြည့်သော်လည်း မည်သည့် ထူးခြားမှုမှ မတွေ့ရပေ။ သည်ရုပ်ပုံမှ မည်သည့် စိတ်စွမ်းအားကိုမှ သူခံစားရခြင်း မရှိပေ။ သို့သော်လည်း သည်အဖြစ်ကာ သည်ရုပ်ပုံအား ပိုမို ထူးခြား ဆန်းကြယ်စေသည်။

လွတ်လပ်ခြင်း ကျင့်စဉ်ပင်လျှင် အလုပ်မလုပ်လျှင် ဆိုလိုသည်က ရီဖူရှင်း၏တန်ခိုးအဆင့်မှာ လုံလောက်ခြင်းမရှိဟု ဆိုလိုခြင်း ဖြစ်ပေသည်။

ရီဖူရှင်းက ထိုနေရာတွင်ပင် ကျောက်နံရံကြီးအား တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။ ထိုနေရာတွင်ကား သူတစ်ယောက်တည်းသာ ရှိပေသည်။

ရီဝူချင်းကား  ဓားနံရံရှေ့တွင် ဖြစ်ကာ သိမ်းငှက်နက်ကား နတ်ငှက်ရုပ်ပုံရှိသော နံရံရှေ့တွင် ဖြစ်သည်။ ယူချင်းကား လှိုင်းလုံးများ ရိုက်ခတ်နေသော နံရံတွင် ရှိနေသည်။ သူတို့အားလုံးကား နံရံတစ်ခုစီတွင် တွေးတော ဆင်ခြင်နေကြသည်။

ထိုနေရာတွင် ရီဖူရှင်း၏ ကမ္ဘာကား အလွန် တိတ်ဆိတ် လှသော်လည်း အစစ်အမှန်တွင်ကား ကန်တောင်ကုန်း ရုပ်ကြွင်းနေရာတွင် လူပေါင်းများစွာ ရှိနေပေသည်။

ရိုလျှို၏မျက်လုံးက ရီဖူရှင်းရှိရာဘက်ကို လေ့လာ စူးစမ်းကြည့်သည်။ သူကား လွန်ကဲလှသည်။ ထိုနံရံရှေ့တွင် သူတစ်ယောက်တည်း ရပ်နေ၏။

“အဲဒီနံရံပေါ်က ရုပ်ပုံကို ဘယ်သူကမှ စူးစမ်းဆင်ခြင်လို့ မရခဲ့ကြဘူး… ဒါပေမဲ့ သူ့ကို ကြည့်စမ်း… သူက တစ်ခုခုကို သိသလို ဟန်ဆောင်နေတာ… သူက ဘယ်လိုလူမျိုးလဲ ဆိုတာ နင်အခု သိသင့်ပြီ…” သူမက ရိုယွီအား ပြောသည်။

သူတို့က သည်နေရာကို ရောက်သည်မှာ မကြာသေးသော်လည်း ထိုကောင်ကား နံရံတိုင်းကို ရောက်ရှိပြီး ဖြစ်သည်။ သူကား သည်နေရာတွင် အချိန် လာဖြုန်းနေခြင်းပင်။

ရိုယွီကလည်း သူ့အား လှမ်းကြည့်လိုက်သည်။ သူမကလည်း ရီဖူရှင်း၏ အပြုအမူများကို နားမလည်ပေ။

“စီနီယာအစ်ကို ယန်က ကျောက်နံရံကို လေ့လာပြီး ဓားအသိ အနည်းငယ်ကိုတောင် ရနေပြီ…” ရိုလျှိုက ပြောသည်။ သူမက သူမနှင့် မနီးမဝေးတွင် ရပ်နေသော ယန်လူကိုကြည့်ကာ ပြုံးလျက် ပြောသည်။ ကျောက်နံရံမှ ဓားအားလှိုင်းတစ်ခုက ထွက်ပေါ်လာကာ ယန်လူ၏ကိုယ်တွင် လာရောက် လှည့်ပတ်နေကြသည်။

ယန်လူက စကားမပြောမီ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်… “ကဗျာက တကယ်ပဲ အားကောင်းတဲ့ အနုပညာရသသိကို ဖုံးကွယ်ထားတယ်… ဒါကို လေ့လာပြီးတော့ သူ့ရဲ့ ဓားအသိကို ခံစားလို့ရတယ်… တကယ်လို့ ကျုပ်က ဒါကို လုံးဝနားလည်အောင် လုပ်ဖို့ဆိုရင် ဒါက အချိန် အရမ်းကြာမှာကို ကျုပ် စိုးရိမ်တယ်…”

“စီနီယာအစ်ကိုယန်… ရှင်က အရမ်း ပါရမီပါတာပဲ… တခြားလူတွေက ရှင့်ကို မယှဉ်နိုင်ကြဘူး…” ရိုလျှိုက ပြုံးလျက် ပြောသည်။

“စီနီယာအစ်မ ယွန်နဲ့ ယှဉ်ရင်တော့ ကျုပ်က အများကြီး လိုနေသေးတယ်…” ယန်လူက ယွန်ရှင်းမိုရှိနေရာကို ကြည့်ကာ ပြောသည်။ သူမ၏ကိုယ်တွင်လည်း အားကောင်းသော ဓားအားလှိုင်းတစ်ခုက ရစ်ပတ်နေသည်။ နံရံမှ ရုပ်ပုံအား ခံစားနားလည်မှုတွင် သူမက ယန်လူထက် သာသည်မှာ သိသာလှသည်။

နေမြင့်လေလေ လူများ ပိုမိုရောက်လာလေဖြစ်ကာ တဖြည်းဖြည်းနှင့် ထိုပတ်ဝန်းကျင်တွင် လူများ အများအပြား ဖြစ်လာသည်။ ထိုစဉ်မှာပင် မိန်းကလေးတစ်ဦးက လူအများ၏ အာရုံစိုက်မှုကို ရရှိသည်။

သူမ၏ရုပ်ရည်ကား ချောမောလှပလွန်းရကား ယွန်ရှင်းမိုပင်လျှင် မှေးမှိန်သွားပုံရသည်။ သူမ၏အနီးတွင်လည်း အလွန် အားကောင်းသော သက်တော်စောင့်များကို တွေ့ရသည်။

သူမကား ကန်ယီနိုင်ငံ၏ နံပါတ်တစ်အလှမယ် လင်းယွီယိုဖြစ်သည်။ ရုပ်ရုည်တွင် သူမအား နှိုင်းယှဉ်နိုင်သူမှာကား ရှားပါးလှသည်။

သူမက ပတ်ဝန်းကျင်အား တစ်ချက် ကြည့်လိုက်လျှင် သူမက ရီဝူချင်းကို ချက်ချင်းမြင်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က ရီဝူချင်း၏ဘေးနားသို့ ပျံဝဲလျက် ရောက်ရှိလာသည်။

ဂူချင်း၊ ရိုလျှိုနှင့် တခြားလူများက ထိုအရပ်ကို ကြည့်နေကြသည်။ အတန်ကြာခန့်က ရီဖူရှင်းက ရီဝူချင်းနှင့် ရင်းနှီးပုံရသည်ကို သူတို့ တွေ့ရသည်။ ယခု ထိုမိန်းကလေးကလည်း သူ့ဘေးသို့ ရောက်သွားပြန်သည်။ ထို ရီဝူချင်းဆိုသော သူမှာ မည်သူနည်း။

သည် ရက်ရက်စက်စက် လှသော မိန်းမပျိုမှာလည်း နယ်မြေတစ်ရာ ဒေသကလား။

ရီဝူချင်းက ရုတ်တရက် သူ၏မျက်လုံးအစုံကို ဖွင့်ကာ လင်းယွီယိုအား ကြည့်လိုက်သည်။ ချက်ချင်းပင် သူမက အော်ဟစ်ကာ သူမ၏ လှပသော မျက်လုံးဝိုင်းများအား ပိတ်လိုက်သည်။ ထိုခံစားချက်ကား သူမ၏မျက်လုံးများကို ဓားသွားများနှင့် ထိုးဖောက် သွားသလိုပင်။

“မင်း အဆင်ပြေရဲ့လား…” ရီဝူချင်းက မေးသည်။

လင်းယွီယိုက သူမ၏ မျက်လုံးများအား ပြန်ဖွင့်လိုက်သည်။ မျက်လုံးများကား အနည်းငယ်ပင်လျှင် နီရဲနေသည်။ သူမက ရီဝူချင်းကို ကြည့်ကာ ပြောသည်… “ရှင်က ကျွန်မကို သတ်မလို့ ကြိုးစားတာလား…”

“ကျုပ်က တန်ခိုးကျင့်နေတာ… မင်းမှန်း မသိခဲ့ဘူး…” သူက ရှင်းပြသည်။

သူမက ဆွံ့အသွားသည်။ ထို့နောက် သူမက ကျောက်နံရံအား ကြည့်ကာ ရေရွတ်လိုက်သည်… “ဒါက ကန်တောင်ကုန်းရဲ့ ရှေးဟောင်း ရုပ်ကြွင်းလား… ကျွန်မက ဘာလို့ ဘာမှ မခံစားရတာလဲ…”

“ပထမက ကျုပ်လည်း ဘာမှ မခံစားရဘူး… ဒါပေမဲ့ သာမန်မဟုတ်တဲ့ တစ်ယောက်က သင်ပေးသွားတယ်…” သူက ပြောသည်။

“သာမန်မဟုတ်တဲ့ သူ…” လင်းယွီယိုက ထူးဆန်းသလို ပြန်မေးသည်။ သူမ၏မျက်လုံးများက တစ်နေရာကို ရောက်သွားကာ ကျောက်နံရံတစ်ခုရှေ့တွင်  ထီးထီးတည်း ရပ်နေသော သူ့ကို မြင်သည်။ ကြည့်ရသည်မှာ သူကား သည်လောကတွင် တစ်ဦးတစ်ယောက်တည်း ရှိနေသလိုပင်။

သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သည်ကောင်က သူ၏တစ်ကိုယ်ရေကမ္ဘာမှာ နေထိုင်သည်ကို ရပ်တန့်လို့ မရပေဘူးလား။ သူကား အမှန်ပင် သာမန်မဟုတ်သော သူဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset