Switch Mode

အခန်း(၁)

အရိုက်အရာကျ မင်းသား

အခန်း (၁) : အရိုက်အရာကျ မင်းသား

ရှေ့ပြေး…

“ဟားဟား … ရိုယင် … နောက်ဆုံးမှာ ငါ သွေးကြောဖွင့်ဆေးကို ငါဖော်ထုတ်နိုင်ခဲ့ပြီ … ငါ အောင်မြင်သွားပြီ …”

ရှုပ်ပွနေသည့် စမ်းသပ်ခန်း အတွင်းတွင် မိုဝူကျီသည် ကြွေပုလင်းလေးကို လက်ထဲ ဆုပ်ကိုင်ထားရင်း ရူးသွပ်သွား သကဲ့သို့ ရယ်မောနေခဲ့၏။

“ခွမ်း …”

ဖန်ခွက်သည် မြေပြင်ပေါ် ကျသွားပြီး ဖန်စများက နေရာတိုင်းသို့ လွင့်စဉ် သွားလေသည်။ ကြက်သွေးရောင် ဝတ်ဆင်ထားသည့် မိန်းမလှလေးသည် တံခါးပေါက်တွင် ရပ်နေရင်း အူတက်လု မတတ် ရယ်မောနေသည့် မိုဝူကျီကို ကြောင်ကြည့်နေမိသည်။ ခဏကြာပြီးသည့် နောက်တွင် သူမက တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

“ဝူကျီ … ရှင် အောင်မြင်သွားပြီလား … အမှန်တကယ် အောင်မြင်သွားတာလား …”

မိုဝူကျီက အပေါက်ဝတွင် ရပ်နေသည့် မိန်းမလှလေးကို ငေးကြည့်နေသည်။ သူသည် ရိုယင်က သူ့ဆီ လက်ဖက်ရည် လာပို့မယ်ဆိုတာကို သိ၏။ ဤသတင်း အပိုင်းအစလေးသည် ရှားရိုယင်အား အလွန်အမင်း အံ့အားသင့်စေခဲ့ပြီး သူမလက်ထဲမှ ဖန်ခွက်လည်း ကျကွဲသွားခဲ့သည်။

“ရိုယင် … ဒီတစ်ခေါက်တော့ လုံးဝ အမှားအယွင်း မရှိတော့ဘူး … ငါကိုယ်တိုင် ပုလင်း တစ်ဝက်ကို သောက်ပြီးပြီ … ငါ့ရဲ့သွေးကြောတွေ ကျယ်ပြန့်လာပြီး မီးမြှိုက်ထားသလို ပူလောင်နေတာကို ရှင်းရှင်းလင်းလင်း ခံစားသိနေတယ် … အခုက ငါရဲ့ သွေးကြောတွေ ပွင့်နေဆဲပဲ ရှိသေးတယ် … ဒါပေမဲ့ ငါတို့ အောင်မြင်သွားပြီ …”

ကြွေပုလင်းကို ကိုင်ထားသည့် မိုဝူကျီက မိန်းကလေးဆီ စိတ်လှုပ်ရှားစွာ လျှောက်လှမ်း သွားလိုက်ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

“ရိုယင် … မင်းအတွက်လည်း အရမ်း ခက်ခဲခဲ့မှာပဲ … ဒီနှစ်တွေမှာ ငါ ဒီအဖြေရဖို့ပဲ အာရုံစိုက် နေခဲ့မိတယ် … မင်းကို ဂရုမစိုက်မိခဲ့ဘူး … အဲဒီအစား မင်းကသာ ငါ့ကို ဂရုစိုက် ပေးခဲ့ရတယ် … ငါတို့ လက်ထပ်ကြစို့ … နောက်ကျရင် ငါတို့တွေ ဖြေဆေးကို ထုတ်ရောင်းပြီး ကုမ္ပဏီ ထောင်ကြမယ်လေ … ငါတို့ရဲ့ လုပ်ငန်းက ကမ္ဘာအနှံ့ ပြန့်သွားမယ်လို့ ငါယုံကြည်တယ် …”

နောက်ဆုံးတွင် မိန်းကလေးက တည်ငြိမ် လာပေမဲ့လည်း တုန်လှုပ်သည့် အသံဖြင့် ပြောလိုက်သည်။

“ဆေးဖော်မြူလာရော မှတ်ထားရဲ့လား … ”

မိုဝူကျီသည် ခေါင်းညိတ်ပြ လိုက်ပြီး

“ရိုယင် … စိတ်မပူပါနဲ့ … ကွန်ပျူတာထဲမှာ အချက်အလက် အပြည့်အစုံ ရှိပါတယ် … ဒီမှာ … ကြည့်ကြည့် …”

မိုဝူကျီက စကားဆုံးသည်နှင့် ကွန်ပျူတာရှိရာဆီ လှည့်ထွက် သွားလိုက်လေ၏။

ရုတ်တရက် သူ့နောက်ကျောမှ အေးစက်မှုနှင့်အတူ ပြင်းထန်သော နာကျင်မှုကိုပါ ခံစားလိုက်ရ၏။ သူ့ရင်ဘတ်မှ ထွက်နေသည့် ဓားဖျားထိပ်ကို မြင်ပြီး သူ့အား တစ်စုံတစ်ယောက်က နောက်ကျောမှ နှလုံးကို ဖြတ်၍ ဓားနှင့် ထိုးလိုက်ကြောင်း သတိပြုမိလိုက်သည်။

နာကျင်မှုသည် သူ့အား အလွန်အမင်း မူးဝေလာစေပြီး အင်အားများလည်း ပျောက်ဆုံး လာစေသည်။ မိုဝူကျီသည် ဖြည်းဖြည်းချင်း ခေါင်းကို လှည့်လိုက်ပြီး သတိမကပ်စွာ ဓားကို ကိုင်ထားသည့် လက်ကို ကြည့်လိုက်သည်။ ထိုသည်က ရိုယင်၏ လက် ဖြစ်နေသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားရင်း ရေရွတ်လိုက်သည်။

“ရိုယင် … ဘာကြောင့်လဲ … ဘာကြောင့်များလဲကွာ …”

သူသည် နှစ်များစွာ မြတ်နိုးစွာ ချစ်လာသည့် သူ့ချစ်သူထံမှ နောက်ကျောဓားဖြင့် အထိုးခံရ လိမ့်မည်ဟု မယုံကြည်နိုင်သေးပေ။

“ကျွန်မ တောင်းပန်ပါတယ် … ဝူကျီ … ကျွန်မ တောင်းပန်ပါတယ် … ”

ရှားရိုယင် လက်သည် သူမခန္ဓာ တစ်ကိုယ်လုံး တုန်လှုပ်နေ သကဲ့သို့ တုန်တုန်ယင်ယင် ဖြစ်နေလေသည်။ သူမသည် သူမချစ်သူကို သတ်ခဲ့မိပြီ။ သူသည် သူမ ဆယ်စုနှစ်လောက် ချစ်လာသည့်သူ ဖြစ်ပြီး သူမအပေါ်တွင်လည်း အဆုံးမရှိသော ချစ်ခြင်းများဖြင့် ချစ်မြတ်နိုးသူ ဖြစ်၏။

မိုဝူကျီ၏ မျက်လုံးထောင့်မှ မျက်ရည်နှစ်စက် စီးကျလာသည်။ သူ့ခန္ဓာကိုယ်သည် စက္ကန့်နှင့်အမျှ အေးစက်လာသည်ဟု ခံစားမိသည်။ သူသည် ဖြည်းဖြည်းချင်း အသိစိတ် လွတ်လာပြီး သူမျက်ခွံများသည်လည်း လေးလံလာကြ၏။ သို့သော်လည်း သူသည် မျက်လုံးများ မပိတ်ချင်သေးပေ။ သူသည် ရှားရိုယင်ကိုသာ ကြည့်နေပြီး ရေရွတ်လိုက်သည်။

“မင်းသာ ဖော်မြူလာ လိုချင်တယ်ဆိုရင် … မင်းပြောလိုက် … ငါပေးမှာပေါ့ … အခုတော့ ဘာကြောင့်လဲကွာ …”

မိုဝူကျီသာ သေဆုံးသွားလျှင် မျက်ရည်များပင် ကျနိုင်မည် မဟုတ်တော့ချေ။ သူ မှတ်မိနိုင်သမျှ သူသည် ဘဝတွင် တစ်ခါမျှ မငိုကြွေးဖူးပေ။ သို့သော် ဒီနေ့တွင် သူခံစားရသည့် နာကျင်မှုက နောက်ကျောမှ ဓားချက် မဟုတ်ပေ။ သူချစ်သူ၏ သစ္စာဖောက်မှုကြောင့် ရရှိသည့် နာကျင်မှုက ပိုခံစားရ၏။

ဖြစ်နိုင်သည်က ရှားရိုယင် ကိုယ်တိုင်ပင် သူမသည် မိုဝူကျီ နှလုံးသားရှိ သူမနေရာကို သိရှိပုံမပေါ်ပေ။ သူမ တောင်းဆိုလျှင်ပင် မိုဝူကျီသည် သူမအတွက် သေပေးရန် ဆန္ဒရှိလေ၏။ သို့သော်လည်း သူမအတွက် အသက်စွန့်ရဲသည် ဖြစ်သော အမျိုးသမီး ရှားရိုယင်သည် ဒီနေ့ကဲ့သို့ အောင်မြင်မှု ခံရမည့်နေ့တွင် သူ့အား နောက်ကျောမှ ဓားဖြင့် ထိုးခဲ့၏။

မေးခွန်းသည် ဖြေကြေားခြင်း မရှိစွာ ကြာမြင့်စွာ ကျန်ရှိနေမည့်ပုံ ပေါ်နေသည်။ ဖြစ်နိုင်သည်က သူ့သေပြီးသည့် နောက်တွင်လည်း အေးအေးချမ်းချမ်း အနားမယူနိုင်ပေ။ သူ့၏ မှေးမှိန်နေသည့် မျက်လုံးများသည် မျက်ရည်နှစ်စက် ချန်ရစ်ရင်း နောက်ဆုံးတွင် လုံးဝ ပိတ်သွားလေပြီ။

“…”

ရှားရိုယင်သည်လည်း မျက်ရည်များ စီးကျလာပြီး မိုဝူကျီ၏ မျက်လုံးထောင့်သို့ စီးကျသွား၍ သူ့မျက်ရည်များကို ဖယ်ရှား လိုက်လေသည်။

***

အရိုက်အရာကျ မင်းသား

“အာ့ … ”

ကျီးတစ်ကောင်၏ စူးစူးရှရှ အော်သံကြောင့် မိုဝူကျီက နိုးထလာသည်။ သူခေါင်းထောင် လာသည်နှင့် သူ့အပေါ်တွင် ကျီးတစ်ကောင် ပျံသန်းနေသည်ကို မြင်လိုက်ရပြီး စူးစူးဝါးဝါး အော်သံနှင့်အတူ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။

“ငါ ဘယ်မှာလဲ … ”

မိုဝူကျီက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူသည် အသစ် တည်ထားသည့် အုတ်ဂူပေါ်တွင် ထိုင်နေပြီး ကလေး ခုနှစ်ယောက်၊ ရှစ်ယောက်လောက် ဝန်းရံကာ သူ့ရှေ့တွင် ဒူးထောက်လျက် ရှိလေ၏။ သူတို့ကြားတွင် သူ့ဘေး၌ အပြာရောင် အပွင့်ဝတ်စုံနှင့် မိန်းမငယ်လေးသည် ဝါးခြင်းတောင်းကို ကိုင်ထားလေသည်။

မိုဝူကျီသည် အခြေအနေကို စိတ်ရှုပ်ထွေးနေဆဲ ဖြစ်နေပြီး မိန်းမငယ်လေးသည် ညင်သာလှသည့် အသံဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဒီနေ့ အားလုံး တော်တယ် … ဒါပေမဲ့လည်း အချိုတည်းစရာ မကျန်တော့လို့ ဒီနေ့တော့ ဒီမှာပဲ ရပ်နားကြတာပေါ့ … မနက်ဖြန်မှ ဆက်လာပြီး ကစားကြမယ် …”

“ဒီကစားနည်းတွေက အရင်ဘုရင် မင်းဆက်မှာ ဆော့ကြတာ မဟုတ်ဘူးလား … ဘာကြောင့် ဒီမြင်ကွင်းက အရမ်းရင်းနှီး နေရတာလဲ …”

မိုဝူကျီသည် ထိတ်လန့် သွားလေသည်။ အကြောင်းရင်းက ဤမြင်ကွင်းသည် ဝတ္ထုထဲတွင် မုရုန်ဖူပါသည့် နောက်ဆုံး မြင်ကွင်းနှင့် အလားတူလေ၏။ မုရုန်ဖူသည် သူ့နိုင်ငံအတွက် လုပ်ခဲ့သည့် ကိစ္စကြောင့် ရူးသွပ် သွားခဲ့လေသည်။ သူ၏ လှပသည့် ဝမ်းကွဲအစ်မနှင့် သူ့ငယ်ချစ်ဦး ဝမ်ယုယင်တို့သည် သူ့ကိုထားရစ်ကာ တခြားလူနောက်သို့ ကောက်ကောက် ပါအောင် လိုက်သွားကြ၏။ အဆုံးသတ်တွင် သူ့ဘေးတွင် ကျန်ရှိသည်က အာဘီဟု အမည်ရသည့် အစေခံ တစ်ယောက်သာ ကျန်ရှိလေသည်။ ယခုလက်ရှိ မြင်ကွင်းသည် မုရုန်ဖူက သူ့နိုင်ငံကို ဆုံးရှုံးပြီးနောက် ရူးသွပ်သွားသည့် မြင်ကွင်းဖြစ်သည်။ အာဘီသည် သူနှင့်ကစားဖို့ရန် ကလေးများကို စုစည်းပေးထားခြင်း ဖြစ်၏။

“ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ … ဘုရင်ကြီးကို နှုတ်ဆက်ပါတယ် … မနက်ဖြန် မုန့်ချိုများအတွက် ပြန်လာပါ့မယ် …”

ကလေးများသည် အဆီအပေါက် မတည့်သည့် စကားများကို ပြောပြီးနောက် မကြာခင် လူစု ကွဲသွားလေသည်။

မိုဝူကျီသည် ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြီး သူသည် လူငယ်များနှင့် မိန်းမပျိုလေးများ ဖြတ်လျှောက် သွားသည်ကို သတိထားမိ လိုက်သည်။ သူ့မျက်လုံးသည် ခရမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေးဆီ ရောက်သွားသည့်အခါ သူမ အလှတရားကြောင့် သူ့လက်ရှိ အခြေအနေကို လုံးဝ မေ့လျော့သည်အထိ စွဲလမ်းသွားနိုင်၏။

ခရမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေးသည် မိုဝူကျီနှင့် အကြည့်ချင်း ဆုံသည့်အခါ သူမတွင် စိတ်ရှုပ်ထွေးမှု၊ သနားမှုနှင့် စိတ်ပျက်မှုများ ဖြစ်ပေါ်လာလေသည်။ အခြား အငယ်လေးများနှင့် ဆွဲဆောင်မှုရှိသော အမျိုးသားများနှင့် အမျိုးသမီးများသည် ဖြတ်သွားသည့်အခါ သူ့အကြောင်းပြောရင်း လှောင်ပြောင်သွားကြသည်။

“မဖြစ်နိုင်တာ …”

မိုဝူကျီက ဆိုးရွားလှသည့် ဇာတ်ညွှန်းကို တွေးမိသွားသည်။

“ဖြစ်နိုင်တာက ငါသေပြီးတဲ့နောက် မုရုန်ဖူရဲ့ ခန္ဓာထဲ ပြန်လည် မွေးဖွားလာခဲ့တာလား … ငါတို့ဝိညာဉ်တွေက ဒီကမ္ဘာကိုဖြတ်ပြီး ကူးပြောင်း သွားခဲ့တာလား … ”

“ပြီးတော့ ငါ့ဝိညာဉ်က ဘာကြောင့် ကူးပြောင်း လာခဲ့တာလဲ … အဲဒီအရင်က ဘာတွေ လုပ်နေမိခဲ့တာလဲ … ”

ထိုအခိုက်အတန့်တွင် မိုဝူကျီသည် စတင်၍ ခေါင်းကိုက်လာသည်။ သူသည် ဖြေဆေး ဖော်ပြီးသည့် နောက်တွင် အဖြစ်အပျက်များကို ပြန်မှတ်မိ သွားလေသည်။ သူ့အသက် ပေးချစ်ရသည့် သူ့ချစ်သူသည် သူ့ကို သစ္စာဖောက်သွားခဲ့သည်။ ထိုအတွေးနှင့် မိုဝူကျီ၏ စိတ်ဝိညာဉ် တစ်ခုလုံး ဝမ်းနည်းမှုဖြင့် လွှမ်းခြုံ သွားလေသည်။

ထိုးကိုက်လာသည့် ခေါင်းသည် သူ့အား ထိုကိစ္စကို ထပ်၍ မစဉ်းစားနိုင်သည် အထိ ဖြစ်စေသည်။ သူ့ခေါင်းထဲသို့ များပြားလှသည့် သတင်းအချက်အလက် များသည် တစ်ဟုန်ထိုး စီးဆင်းလာကြသည်။ နှစ်နာရီ ကြာပြီးသည့်နောက်တွင် မိုဝူကျီသည် ဘာတွေ ဖြစ်ပျက်နေမှန်း အလုံးစုံနားလည် သွားခဲ့လေ၏။

ယခုသည် စုန့်မင်းဆက် မဟုတ်တော့ကြောင်း သတိပြုမိလိုက်သည်။ သူသည် မုရုန်ဖူ၏ ခန္ဓာကိုယ်ထဲသာ ပြန်လည် မွေးဖွားလာခြင်း မဟုတ်ပေ။

ဤနေရာသည် ကမ္ဘာမြေပင် မဟုတ်‌ချေ။ လက်ရှိ သူသည် ချန်ယွီပြည်နယ်၏ မြို့တော်ဖြစ်သည့် ယောင်ကျိုးမြို့တွင် ရှိနေတာဖြစ်သည်။ သူသည် မိုရှင်းဟယ်ဟု ခေါ်ပြီး မြောက်ဘက်ပိုင်း ချင်စီရင်စု၏ မင်းသား ဖြစ်၏။ သူဖခင်သည် ရှင်းဟန်အင်ပါယာ ပြီးနောက် သူ့အား မိုရှင်းဟယ်ဟု အမည်ပေးခဲ့ခြင်း ဖြစ်၏။

မိုရှင်းဟယ်သည် ဒီကမ္ဘာသည် မည်မျှ ကြီးမား၍ ကျယ်ဝန်းကြောင်း မမှတ်မိပေ။ သို့သော် သူသည် ရှင်းဟန် အင်ပါယာသည် အင်ပါယာ တစ်ခုသာ မဟုတ်ဘူးဆိုတာ သိ၏။ အင်ပါယာတိုင်းတွင် ပြည်နယ်များ ပြန်ပိုင်းခြားထားပြီး ပြည်နယ်တိုင်းတွင် စီရင်စု အများအပြား ထပ်၍ ပိုင်းခြား ထားလေသည်။

မိုရှင်းဟယ်သည် ချင်ယွီပြည်နယ် အောက်ရှိ မြောက်ဘက်ပိုင်း ချင်စီရင်စုမှ ဖြစ်ပြီး ချင်ယွီ ပြည်နယ်သည် ရှင်းဟန် အင်ပါယာထဲ ပါဝင်လေသည်။

လွန်ခဲ့သည့် ဆယ့်ကိုးနှစ်တုန်းက မိုရှင်းဟယ်၏ အဘိုး မိုထင်းချန်သည် မြောက်ဘက်ပိုင်း ချင်စီရင်စု၏ သခင် ဖြစ်၏။ သူ ချင်ယွီပြည်နယ်ကို ရောက်ရှိပြီးသည့် နောက်တွင်  ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရလဒ်အနေနှင့် မြောက်ဘက်ပိုင်း ချင်စီရင်စုသည် သခင်အသစ် တင်မြှောက်ရန် လိုအပ်လာလေပြီ။ ထိုသခင် အသစ်သည် ပြည်နယ်သခင်၏ ထောက်ခံချက်ကို ရရှိရန် လိုအပ်လေသည်။

မိုထင်းချန်၏ ရုတ်တရက် ပျောက်ကွယ် သွားမှုကြောင့်သာ မဟုတ်လျှင် မိုထင်းချန်သည် သူ့ကလေးများဆီ နေရာ လွှဲပြောင်းပေးခဲ့ပြီး ပြည်နယ်အရှင်ဆီ တင်ပြရုံသာဖြစ်၏။ သို့သော်လည်း မိုထင်းချန်သည် ပျောက်ဆုံးသွားပြီး အရိုက်အရာကို အတိအလင်း ကြေညာထားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် အရိုက်အရာ ဆက်ခံသူသည် ကိုယ်တိုင်ထွက်ကာ ပြည်နယ်အရှင်နှင့် အခြားသော စီရင်စုသခင်များ၏ ရှေ့တွင် အရိုက်အရာ ယူရမည် ဖြစ်သည်။

မိုရှင်းဟယ် မိဘများသည် မိုရှင်းဟယ်ကို အကြောင်းပြချက် နှစ်ခုကြောင့် ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်၏။ ပထမဦးစွာ သူတို့သည် မိုထင်းချန်ကို ရှာဖွေချင်ကြသည်။ ဒုတိယက မိုရှင်းဟယ်၏ ဖခင် မိုကောင်းယွမ်သည် အမြဲတမ်း အခြား သခင်များဆီမှ အသိမှတ်ပြု ခံချင်ပြီး ဖခင်၏ အရိုက်အရာကို ဆက်ခံချင်လေ၏။

မူလက အရိုက်အရာကို ဆက်ဆံသည်မှာ ရိုးရှင်းသည့် ကိစ္စဖြစ်သည်။ မည်သူကမှ ဤကိစ္စသည် မတူညီသော အတားအဆီး အများအပြားနှင့် ပြည့်နှက်နေမှန်း မသိခဲ့ချေ။  မိုရှင်းဟယ် မိဘများသည် ငွေအမြောက်အမြား အသုံးပြုခဲ့ပြီး ဆယ်စုနှစ်လောက် ရုန်းကန်လှုပ်ရှား ခဲ့ရပေမဲ့လည်း သူတို့သည့် အရိုက်အရာကို မဆက်ခံနိုင် ကြသေးချေ။

မိုရှင်းဟယ် မိဘများသည် ဖျားနာမှုကြောင့် သေဆုံးသွားကြပြီး မိုရှင်းဟယ်သည် ဖခင်၏ အရိုက်အရာ တပ်မက်ခြင်း စွဲလမ်းမှုကို ဆက်ခံခဲ့သည်။ မိုရှင်းဟယ်မိဘတွေ သေဆုံးခြင်းသည် မိုမိသားစု၏ ပိုက်ဆံများ အားလုံးကို ချွတ်ခြုံကျ သွားလေ၏။ မိုရှင်းဟယ်သည် နှစ်များစွာ ကြာသည့်တိုင် အဓိပ္ပာယ်ရှိသည့် ဘယ်အရာကိုမှ မရရှိခဲ့ပေ။ သူသည် မြောက်ဘက်ပိုင်း ချင်စီရင်စုကို ချင်ယွီပြည်နယ် အရှင်မှ သိမ်းယူသည်ကို တွေ့သည့်အခါ မိုရှင်းဟယ်သည် ရူးသွပ်သွားပြီး မိုဝူကျီအဖြစ် နိုးထလာခဲ့၏။

မိုဝူကျီသည် ထိုခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးကို ပြန်စဉ်းစားကြည့် လိုက်သည်။ သူမနာမည်သည် ဝမ်မန်ကျူဖြစ်ပြီး သူမဖခင်သည် မိုရှင်းဟယ် မိဘများနှင့် အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြ၏။ မိုရှင်းဟယ်နှင့် ဝမ်မန်ကျုတို့ သည်လည်း ငယ်ချစ်ဦးများ ဖြစ်ပြီး ကတိစကား မရှိကြပေမဲ့လည်း အားလုံးသည် သူတို့အတူတူ ကြီးပြင်း လာမည်ဟု သဘောတူ လက်ခံထားကြ၏။

မိုမျိုးနွယ်စုသည် သူတို့၏ အရိုက်အရာ ဆက်ခံခွင့်ကို ဆုံးရှုံးသွားသည်မှ စ၍ မိုရှင်းဟယ်မိဘများ သေဆုံးမှုနှင့် မိုရှင်းဟယ် အသိစိတ်လွတ်သည့် ကိစ္စများ အတူတကွ ဖြစ်လာသည့်အခါ ဝမ်မျိုးနွယ်စု အနေနှင့် မိုရှင်းဟယ်ကို ဖြည်းဖြည်းချင်း ဥပေက္ခာပြု လာကြလေသည်။ ဝမ်မန်ကျု ကြီးပြင်း လာသည့်အခါ သူမသည် မိုရှင်းဟယ်နှင့် ဝေးကွာစွာ ကြီးပြင်းလာပြီး အခြားသော လွှမ်းမိုးနိုင်စွမ်း ရှိသည့် မိသားစုများမှ မင်းသားများနှင့်သာ အကျွမ်းတဝင် ဖြစ်လာလေသည်။

လက်ဖမိုးပေါ်မှ မျက်ရည်များကို ခံစားမိသည့်အခါ မိုဝူကျီသည် ဒူးပေါ်မှ ခေါင်းကိုမော့ကာ ကြည့်လိုက်သည်။ ဤသည်က ဝမ်းနည်းနေသည့် မိန်းမငယ်လေး ဖြစ်ပြီး မျက်နှာတွင် အမာရွတ် ရှိနေလေသည်။

မုရှန်ဖူဘေးတွင် အာဘီသည် သစ္စာရှိစွာ နေခဲ့သကဲ့သို့ ဤမိန်းကလေး ယန်အာသည်လည်း သူ့ဘေးတွင် အလုပ်အကျွေးပြုရင်း နေခဲ့သည့် တစ်ဦးတည်းသော သူဖြစ်၏။ ယန်အာကြောင့်သာ မဟုတ်လျှင် မိုဝူကျီသည် ပြန်လည် မမွေးဖွားနိုင်သလို မူလမိုရှင်းဟယ် သေဆုံးတာ ဘယ်လောက် ကြာမြင့်မှန်းလည်း မည်သူမျှ မသိနိုင်ချေ။

သူမမျက်နှာပေါ်ရှိ အမာရွတ်မှ လွဲလျှင် ယန်အာသည် အာဟာရ ချို့တဲ့မှုကို ခံစားနေရသည်၊။ သူမသည် ဖြူဖျော့နေပြီး သူမဆံပင် များသည်လည်း ဝါကြင်နေ၍ မိန်းမငယ် တစ်ဦးတွင် ရှိသင့်သည့် တက်ကြွမှု ပျောက်ဆုံးနေလေသည်။

“ဒါလည်း မဟုတ်သေးပါဘူး …”

မိုဝူကျီသည် တုန်လှုပ် သွားသည်။ မိုမျိုးနွယ်စုသည် တော်တင် မျိုးနွယ်စု၏ အစိတ်အပိုင်း တစ်ခုအနေနှင့် ရှိနေဆဲဖြစ်ပြီး မိုရှင်းဟယ်၏ ဖခင်သည် အရိုက်အရာ မဆက်ခံနိုင်သည် ဖြစ်စေ … ဤချမ်းသာ ပေါကြွယ်ဝသည့် နိုင်ငံတွင် ငတ်ပြတ်မှုကြောင့် မသေဆုံးသင့်ပေ။ ယောင်ကျိုးမြို့ကို စွန့်ခွာပြီး မြောက်ဘက်ပိုင်း ချင်စီရင်စုဆီ မြန်မြန် ပြန်သွားလို့ မရပေဘူးလား … အပြန်အလှန်အားဖြင့် မိုမျိုးနွယ်စုကို ပေးအပ်ထားသည် ငွေကြေးနှင့် အစောင့်အရှောက်တွေ မရှိပေဘူးလား …

ဤနေရာတွင် သေချာပေါက် မှားယွင်းနေသည့် အရာ ရှိရမည် …

မိုဝူကျီ ကြည့်လိုက်သည့်အခါ ယန်အာသည် မျက်ရည်များကို သုတ်လိုက်ပြီး နီရဲနေသည့် မျက်လုံးဖြင့် ညင်သာနူးညံ့စွာ မေးလိုက်သည်။

“ဘုရင်ကြီး … အခု ပြန်ကြွတော့မလား …”

မိုဝူကျီသည် ခေါင်းကို ငုံ့လိုက်ရင်း သက်ပြင်းချလိုက်သည်။ ယန်အာကြောင့် သာလျှင် မဟုတ်ပေ … သူ့လက်ရှိ အခြေအနေနှင့် ခန္ဓာကိုယ်သည်လည်း ဆိုးရွားလှ၏။ ထိုသို့ ကလေးဆန်သည့် ကစားနည်းကို ကစားနေစဉ်မှာ ယန်အာသည် ယဉ်ကျေး သိမ်မွေ့နေပြီး သူမသည် အမှန်တကယ် အင်ပါယာထဲ ရောက်ရှိနေ သကဲ့သို့ ခွင့်ပြုချက်ကို တောင်းခံနေသည်။

သို့သော်လည်း မိုဝူကျီသည် မြန်မြန်ဆန်ဆန် ထူထူထောင်ထောင် ဖြစ်လာပြီး သူကိုယ်သူ ထပ်၍ ဒေါသမထွက် နေသင့်ကြောင်း ခံစားမိလိုက်သည်။ သူသည် သူ မသေဆုံးသည့် အတွက် ဝမ်းသာသည့် ခံစားချက်၊ သူ့ချစ်သူက သစ္စာဖောက် သွားသည့်အတွက် အသည်းကွဲသည့် ခံစားချက်နှင့် ကမ္ဘာမြေကို မပြန်နိုင်ကြောင်း ဝမ်းနည်းသည့် ခံစားချက်များ ရောပြွမ်းနေလေသည်။

ခဏတာ ကြာပြီးသည့် နောက်တွင် မိုဝူကျီ ဘာမျှ မပြောသည်ကို မြင်ပြီး ယန်အာသည် ဂရုစိုက်၍ နောက်တစ်ခါ ထပ်ပြောလိုက်သည်။

“ဘုရင်ကြီး … ကောင်းကင်က တဖြည်းဖြည်း မှောင်လာ …”

မိုဝူကျီသည် အဝေးမှ နေဝင်နေသည်ကို လှမ်းကြည့်လိုက်ကာ သက်ပြင်းချ လိုက်သည်။ သူသည် မိုရှင်းဟယ်ကို တွေးရမလား သို့မဟုတ် သူ့၏ ကံတရားကိုသာ တမ်းချင်း ချရမလား မသိတော့ပေ။ သူသည် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ပြန်ကြစို့ …”

သူသည် ယန်အာ၏ အံ့သြနေသည့် ပုံစံကိုမြင်ပြီး ထပ်၍ မရှင်းပြချင်ဘဲ သက်ပြင်းချ၍ ပြောလိုက်သည်။

“နန်းတော်ကို ပြန်ကြစို့ … ”

ပြောပြီးသည်နှင့် သူသည် သူ့ခြေထောက်ပေါ်မှ မြေမှုန်များကို ဖယ်၍ မတ်တတ်ရပ်ကာ ထွက်သွား ချင်လေသည်။ သို့သော်လည်း သူ့ခြေထောက်များသည် ကြာမြင့်စွာ ခြေချိတ် ထိုင်ထားသည့် အတွက် ထုံထိုင်း၍ ကျင်နေလေသည်။ ကံကောင်းစွာပင် ယန်အာသည် လာကူညီခဲ့၏။

ယန်အာ ကူညီပြီးသည်နောက် မိုဝူကျီသည် သူ့စိတ်ထဲရှိ အတွေးများကို ပြန်၍ အစီအစဉ် ချနေလေသည်။

“ဒါက ဘယ်လို ကမ္ဘာမျိုးလဲ … ”

နှစ်ယောက်သား မိနစ်အနည်းငယ် တိတ်ဆိတ်စွာ လမ်းလျှောက် ပြီးသည့်နောက်တွင် မိုဝူကျီသည် မိမိဘာသာ ပြန်ရေရွတ်လိုက်သည်။

“ဘုရင်ကြီး … အခုဘာပြော လိုက်တာလဲ … ”

ယန်အာသည် စောစောက မိုဝူကျီ ပြောသည်ကို သေချာ နားမလည်သည့် အတွက် မေးလိုက်သည်။

မိုဝူကျီသည် ခေါင်းကိုခါရင်း

“ယန်အာ … နောက်ကျ ဘုရင်ကြီးလို့ မခေါ်နဲ့တော့ … နာမည်ပဲခေါ် …”

မိုဝူကျီနှင့် ယန်အာသည် အနာဂတ်တွင် အတူတူ ရှိနေဦးမည် ဖြစ်သောကြောင့် ရှင်းပြစရာများ ကျန်ရှိနေသေးသည်။

စိတ်အနည်းငယ် လှုပ်ရှားသွားပြီး ယန်အာသည် သူမ၏ တုန်ယင်နေသည့် လက်ဖြင့် ဝါးခြင်းတောင်းကို ကိုင်ထားရင်း အရည်လဲ့နေသည့် မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“သခင်လေး … အခုနေလို့ ကောင်းသွားပြီလား …”

မိုဝူကျီသည် တွေဝေသည့် အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ငါ လုံးဝ ပြန်ကောင်းတာတော့ မဟုတ်သေးဘူး … အားလုံးကိုလည်း မှတ်မိသေးတာ မဟုတ်ဘူး … ဒါပေမဲ့ အရင်ကလို အရူးလိုမျိုး အိပ်မက် မက်မနေတော့ဘူး … ”

မိုဝူကျီသည် လျှို့ဝှက်ချက်ကို သိသွားမှာ စိုးရိမ်နေပြီး သူသည် လုံးဝနေပြန် မကောင်းသေးကြောင်း ပြောထားခြင်း ဖြစ်၏။

“အဲဒါဆို … ”

ယန်အာသည် တစ်ခုခုကို ပြောချင်ပေမဲ့လည်း မပြောရဲပေ။

မိုဝူကျီသည် ယန်အာက သူ့အား မနက်ဖြန်တွင် ကလေးများနှင့် ဆော့ကစားဦးမလားဟု မေးချင်နေမှန်း သိလေသည်။ သို့သော် သူမသည် ထိုကစားနည်းများ ဆော့ကစားပြီးသည့် နောက်တွင် အရင်မင်းဆက်၏ မတော်တဆမှုကို သတိပေးလိုက်သလို ဖြစ်ပြီး ပြန်၍ ရူးသွပ်သွားမလား စိုးရိမ်နေလေ၏။

ယန်အာ၏ နောက်ကျောကို ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“အရင်က ဧကရာဇ် ဘဝမှာ နေထိုင်ခဲ့တာပဲ … အခု ငြီးငွေ့လာပြီ … မနက်ဖြန် ဒီကိုမလာဘဲနဲ့ … အဲဒီအစား နက်ဖြန်ကစပြီး ဘဝအသက်မွေးဝမ်းကျောင်း အတွက် စဉ်းစားရအောင်လေ …”

ယန်အာသည် ကိုင်ထားသည့် ဝါးခြင်းတောင်းကို လွှတ်ချလိုက်ပြီး ပါးပေါ်သို့ မျက်ရည်မှ စီးကျလာပြီး မြေပြင်ပေါ် ဒူးထောက်ကာ ငိုကြွေးလိုက်လေသည်။ သူမသည် သူမကိုယ်ကို မယုံကြည်နိုင်သေးပေ။


Comment

Options

not work with dark mode
Reset