အခန်း (၁၅) မျောလွင့်နေတဲ့တိမ်တိုက်များ
အပြင်သို့ မထွက်ခွာမီ ဆန်းလျန် သူ၏ ရုပ်ခန္ဓာကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက် သည်။
တံခါးပေါက်များက ဆန်းလျန်ကို မထားဆီးနိုင်ခဲ့ … ခြံဝန်း တံတိုင်းအတွင်းမှာ လျှပ်တစ်ပြက်အ တွင်း သူထွက်ခွာ သွားလေသည်။
တိမ်များက လမင်းဆီသို့ ရွေ့လျား နေကြသည်။ မက်မွန်ပွင့်များက သူတို့၏ အရိပ်များနှင့်အတူ ကခုန် နေကြသည်။ ကောင်းကင်က ကြယ်ပွင့်လေးများဖြင့် တောက်ပ နေသည်။ ကြယ်ပွင့်လေးများက သန့်ရှင်းဖြူစင်နေသည့် လပြည့်ဝန်း၏ အလှတရားကို ပြည့်စုံအောင် ဖြည့်ဆည်း ပေးနေကြလေသည်။ မိုးကောင်းကင်မှ လူ့လောကသို့ မြူနှင်းငွေ့ များ ရွာကျ ပေးနေသလို ခံစားရလေသည်။
ဆန်းလျန်၏ ဝိညာဉ်မှာ လေထုထဲတွင် ပေါ့ပါးမှုကို ခံစားနေမိလေသည်။
ဆန်းလျန် ရုတ်တရက် တွေးလိုက်မိသည်။ လရောင်ကို သူ့ထံသို့ မြစ်တစ်စင်း ကဲ့သို့ စီးဆင်းခွင့် ပေးလိုက်လျှင် ဘာဖြစ်လာမည်လဲ။လရောင်ကို သူစုပ်ယူ နိုင်မည်လား။
လရောင်က ဆန်းလျန် အနားတွင် ဖြာကျနေသည်။ ငှက်မွေး အကြည်ရောင်များကဲ့သို့ သူ့ကို ဝန်းရံထားသည်။
အပူရှိန်ကို ဆန်းလျန် ခံစားလိုက်ရသည်။ နေ့လည်ဘက် နေရောင်အောက်တွင် အပူရှိန်ကို ခံစား ရသလိုမျိုး ဖြစ်လေသည်။
မည်သည့်အရာမှ မရှိသည့် ခြံဝန်းထဲတွင် အရိပ်တစ်ခု တောက်ပနေသည်။ ထိုအရာက ခန္ဓာလောကတွင် ရယူခြင်းနှင့် ရယူခြင်း မရှိမှုတို့အကြား စီးဆင်းနေသည့် ပုံရိပ်ဖြစ်သည်။
မျက်နှာနှင့် ဆံပင်များမှာ ဝိညာဉ်ငွေ့များဖြင့် မှုန်ဝါးနေသည်။
ဆန်းသခင်ကြီး လွှတ်ထားသည့် အစောင့်များက ဆန်းလျန်၏ အခန်းကို စောင့်ကြပ် နေကြသည်။ ညဘက် တာဝန်ကျသည့် အစောင့် နှစ်ယောက်မှာ လေတိုက် သက်သာစေရန် တံခါးကို မှီပြီး အကာအကွယ်ယူရင်း အိပ်ပျော် နေကြသည်။
သူတို့ထဲမှ တစ်ယောက် မျက်လုံး ဖွင့်လိုက်မိသည့် အခါတွင်တော့ တောက်ပနေသည့် အရိပ်ကို တွေ့ပြီး အော်ဟစ် လိုက်လေတော့သည်။ သူ၏ အော်သံကြောင့် သူ့ဘေးမှ အစောင့်မှာလည်း လန့်သွား ရလေသည်။
ဆန်းလျန် ပြဿနာ မဖြစ်ချင်ပါ။ ထို့ကြောင့် သူ့ဝိညာဉ်ကို ဝန်းရံနေသည့် လရောင်များကို အဝေးသို့ လွင့်ပျောက်သွားအောင် လုပ်လိုက်သည်။
ဝိညာဉ်မှာ ရုပ်ခန္ဓာ မရှိသည့်အတွက် လူသားများမှာ မျက်လုံးဖြင့် မြင်တွေ့ နိုင်ရန်မှာ မလွယ်ကူ ပေ။
ဘေးမှ အစောင့်က မျက်လုံး ဖွင့်ကြည့်လိုက်သည့် အခါတွင်တော့ မည်သည့် အရာမျှ တွေ့မြင် ခြင်းမရှိတော့ပေ။ ထို့ကြောင့် လန့်ပြီးအော်သော အစောင့်ကို အပြစ်တင်လိုက်ပြီး ပြန်အိပ် လိုက်လေ သည်။ ဆန်းလျန်ကို မြင်တွေ့ လိုက်ရသည့် အစောင့်မှာတော့ မယုံကြည် နိုင်စွာဖြင့် သူ့မျက်လုံးကို ပွတ် လိုက်ပြီး ထပ်ကြည့် လိုက်လေသည်။ သို့သော် မည်သည့် ထူးဆန်းသည့် အရာမှ မတွေ့ရ တော့သဖြင့် သူ မျက်စိ အထင်မှားခြင်း ဖြစ်မည်ဟုပင် တွေးလိုက် မိလေတော့သည်။
လရောင်များ ဝန်းရံနေခြင်း မရှိတော့သောကြောင့် ဆန်းလျန်မှာ လေထဲတွင် ယိမ်းထိုး နေလေ သည်။
လေထုအေးထဲတွင် အဝတ်မပါဘဲ ရပ်နေရ သကဲ့သို့ ဖြစ်နေလေသည်။ လေနှင့် နှင်းများမှာ ဓား သွားသဖွယ် သူ့ကို တိုက်ခိုက် နေကြလေသည်။
ဆန်းလျန်မှာ ခံစားချက် ဗလာနတ္ထိ ဖြစ်နေလေသည်။ ဝိညာဉ်ခန္ဓာကို ခံစားချက်များက လုံးဝ အနှောင့်အယှက် မပေးနိုင်ပေ။
ရုပ်ခန္ဓာ အပြင်ဘက်မှ အတွေ့အကြုံမှာ အရင်က တွေ့ကြုံဖူးသည့် အတွေ့အကြုံများနှင့် လုံးဝ မတူသည်ကို သူနားလည် လာရလေသည်။ ပျော်ရွှင်စရာ ဖြစ်သော်လည်း အန္တရယ်များ လေသည်။
ညအချိန် ဖြစ်သောကြောင့်သာ အဆင်ပြေနိုင်ခြင်း ဖြစ်သော်လည်း နေ့ဘက်တွင် ဤသို့ ပြုလုပ် မည်ဆိုပါက သူ့ဝိညာဉ် မည်မျှ အဆင့်မြင့်ပါစေ နေရောင်ခြည် အောက်တွင်တော့ ရပ်တည်နိုင်စွမ်း ရှိ မည် မဟုတ်ပေ။
တစ္ဆေများမှာ ညဘက်တွင်သာ ခြောက်လေ့ရှိပြီး နေ့ဘက်တွင် မတွေ့ရသည်မှာ ထို့ကြောင့်ပင် ဖြစ်ပေလိမ့်မည်။
အတွေ့အကြုံ မရှိဘဲ ရုပ်ခန္ဓာမှ ထွက်ခွာခြင်းမှာ အန္တရယ်များသည့် အတွက် ဆန်းလျန်မှာ အထူး သတိထားရလေသည်။ သူက ရေခွဲလွှာ ပါးလေးထဲတွင် လမ်းလျှောက် နေသကဲ့သို့ ဖြစ်ပြီး သတိကြီးစွာ ထားရမည်ကို သူသိလေသည်။
သူ၏ ရုပ်ခန္ဓာနှင့် အဆက်အသွယ် ရှိနေသည့်အတွက် သူဝမ်းသာမိသည်။ အနည်းဆုံးတော့ ခက်ခဲ ကြမ်းတမ်းသော လောကကြီးထဲတွင် သူတစ်ယောက်တည်း မဟုတ်ကြောင်း သိခွင့် ရခဲ့လေပြီ။
ဝိညာဉ်လွှင့်ခြင်းမှာ စွန်လွှတ်ခြင်းနှင့် ဆင်တူလေသည်။ သူ၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာမှာ ကြိုး တစ်ချောင်းဖြင့် အမျှင် တန်းနေသကဲ့သို့ ဖြစ်ရကား ဝိညာဉ် လောကထဲသို့ မျောလွင့် သွားမည်ကို စိုးရိမ် စရာမရှိပေ။
ရုပ်ခန္ဓာက အကျဉ်းထောင် တစ်ခုသဖွယ် ဖြစ်လေသည်။ သို့သော် ရုပ်ခန္ဓာမှာ လူ့လောက၏ အခက်အခဲများ ကြားတွင် ရွက်လွှင့်နေသည့် ဝါးဖောင် တစ်ခုနှင့် တူလေသည်။ အကောင်းအဆိုး ဒွန်တွဲ နေလေသည်။
“တောင်အနောက်ဘက်တွင် မျောလွင့်နေသည့် တိမ်တိုက်များ …
သူတို့ ပြန်လာပါတော့မလား ဆိုတာ ငှက်ငယ်လေးတွေသာ သိနိုင်လိမ့်မည်…”
ဆိုသည့် ကဗျာလေး ကဲ့သို့ပင် …
ရုပ်ခန္ဓာမှ ထွက်ခွာလာသော ဝိညာဉ်မှာ လုံးဝ လွတ်လပ်နေလေသည်။ သို့သော်လည်း…
ငှက်များမှာ အချိန်တန်လျှင် အသိုက်သို့ ပြန်ရသကဲ့သို့ ဝိညာဉ်မှာလည်း ရုပ်ခန္ဓာသို့ ပြန်ရန် လိုအပ်လေသည်။
ဆန်းလျန်က သူ၏ ဝိညာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ပြီး ဖြစ်စဉ်များကို စမ်းသပ် ကြည့်လိုက် သည်။
သူ နားလည်လိုက်သည်က ဝိညာဉ်၏ ထူးခြားမှုများပင် ဖြစ်လေသည်။ ဝိညာဉ်သည် ရုပ်ဝတ္ထု များကို ထိုးဖောက်ဖြတ်ကျော် သွားနိုင်လေသည်။
လရောင်အောက်တွင် သူလုပ်ခဲ့သည့် အရာများကို ပြန်လည်ဖန်တီး ကြည့်လိုက်သည်။ လေကို သူ၏ ဝိညာဉ်နှင့် ပေါင်းစည်းရန် ကြိုးစား ကြည့်လိုက်သည်။ လေထဲတွင် သူ၏ ဝိညာဉ်မှာ အရည်ပျော် သွားသကဲ့သို့ ခံစားလိုက်ရပြီး လေ၏ ဖိအားနှင့် မျောလွင့်သွားလေသည်။
သူလေထုထဲမှာ သူ့ကိုယ်သူ ခွဲထွက်လိုက်သည့် အခါတွင်တော့ မြေဆွဲအားကို ခံစားရခြင်း မရှိ တော့ပေ။
သူက မြေပြင်ပေါ်တွင် ပေါလော မျောနေလေသည်။
ရုပ်ခန္ဓာမှ ထွက်ခွာခြင်း အဓိက အချက်အလက်များကို သိရှိပြီးသည့်နောက် သူ၏ လုပ်ဆောင် မှုကို ပိုပြီး ကျယ်ပြန့် စေလိုက်လေသည်။
သူက အဆောက်အဦနှင့် နံရံများကို အတားအဆီးမရှိ ဖြတ်ကျော် သွားလာ နေလိုက်လေသည်။
သူရောက်နေသည့် ကမ္ဘာမှာ လျှပ်စစ်မီးနှင့် လျှပ်စစ်မီးအိမ်များလည်း မရှိသဖြင့် လူများမှာ စောစော အိပ်ရာဝင်ကြသည့် အလေ့အကျင့် ရှိကြလေသည်။
ထိုကြောင့် အလင်းရောင် တစ်ခုခု ရှိနေလျှင် မြင်သာထင်သာ ဖြစ်နေတတ်လေသည်။
သူက ရုပ်ခန္ဓာမှ ထွက်ခွာသည့် အတွေ့အကြုံကို စမ်းသပ်ပြုလုပ် ကြည့်ခြင်းမျှသာ ဖြစ်ပြီး မည်သည့် ရည်ရွယ်ချက်မှ မရှိခဲ့ပါ။
သို့သော် အခန်းတစ်ခန်းထဲမှ မီးရောင် လင်းနေသည်ကို မြင်လိုက်ရသည့် အတွက် အခန်းထဲသို့ ဝင်ကြည့်ရန် ဆန်းလျန် ဆုံးဖြတ်လိုက်လေသည်။
သူအခန်းထဲသို့ အတားအဆီးမဲ့စွာ ဝင်လိုက်သည်။ အမျိုးသမီး တစ်ယောက်၏ ငိုသံကို သူကြား လိုက်ရလေသည်။
အမျိုးသမီးမှာ ယူကျုံးမရ ဖြစ်ကာ ဝမ်းနည်းပက်လက် ငိုကြွေးနေခြင်း ဖြစ်လေသည်။
“ဘာလို့ ငိုနေရတာလဲကွယ်။ ရော့ရှီက နေမကောင်း ဖြစ်နေတာပါ။ သူ့ကို နည်းနည်းပိုပြီး ဂရု စိုက် ပေးလိုက်ရင် နေကောင်း သွားမှာပါ”
ဆန်းချင်းစန်း၏ အသံကို ဆန်းလျန် ကြားလိုက်ရလေသည်။
“ဒါပေမဲ့ သူမ တစ်နေ့တခြား ပိန်ပိန်လာတယ်။ စကားလည်းမပြော ထမင်းလည်း မစားနဲ့။ သမားတော်တွေလည်း လက်လျှော့လိုက်ပြီ။ ကျွန်မ စိတ်မပူဘဲ ဘယ်နေနိုင်မှာလဲ။ ဆန်းလျန်က သွား လေရာရာမှာ ကံကြမ္မာ ဆိုးတွေပဲ သယ်ဆောင်လာတယ်လို့ ရှင်မထင်ဘူးလားဟင်။ ပထမဆုံး သူ့အမေ က သူ့ကြောင့် သေရတယ်။ ခုလည်း ရော့ရှီကို ဖြည်းဖြည်းချင်း သတ်နေပြန်ပြီ။ သူမကိုသာ ဆန်းလျန် နဲ့ ပေးစားဖို့ မစီစဉ်ဘူးဆိုရင် ရော့ရှီ ဒီလိုမျိုး နေမကောင်းဖြစ်မှာ မဟုတ်ဘူး”
အမျိုးသမီးက ဆန်းချင်းစန်းကို ပြောရင်း မျက်ရည်များကို သုတ်လိုက်သည်။
ဆန်းလျန်မှာ အခန်းထဲသို့ ရောက်နေပြီ ဖြစ်သောကြောင့် ဆန်းချင်းစန်းနှင့် သူ၏ဇနီး ချန်သခင်မ ပြောသော စကားများကို အတိုင်းသား ကြားနေရလေသည်။
ဆန်းချင်းစန်းမှာ မျက်မှောင်ကြုတ်ထားပြီး ချန်သခင်မကတော့ သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင် နေလေသည်။
“ဒါဆို ဆန်းရော့ရှီ နေမကောင်း ဖြစ်နေတာပေါ့”
ဟု ဆန်းလျန် တွေးလိုက်မိသည်။
ချန်သခင်မ၏ စွပ်စွဲပြောဆိုမှုများကိုတော့ သူ … လုံးဝ ငြင်းဆန်လိုခြင်း မရှိတော့ပါ။ ပုံမှန် နေ့ ရက်များတွင်ပင် သူက အမြဲတမ်း စွပ်စွဲ ပြောဆိုခံနေရသူ ဖြစ်သည့်အပြင် သူ၏ ဝိညာဉ်ခန္ဓာမှာလည်း ခံစားချက် ဗလာနတ္ထိ ဖြစ်နေသောကြောင့် ဖြစ်လေသည်။
သူထိန်းသိမ်း ခံထားရသည်မှာ တစ်လခန့်ပင် ရှိပြီးဖြစ်သောကြောင့် ပြင်ပ လောကနှင့် အဆက် အသွယ် ပြတ်နေခဲ့လေသည်။ ထို့ကြောင့် ဆန်းရော့ရှီနေမကောင်းဖြစ်နေသည်ကို သူမသိခဲ့ရပေ။
“ဆန်းလျန်ကို ထိန်းချုပ်ထားတာ တစ်လလောက်တောင် ရှိနေပြီ။ ပြီးတော့ ရော့ရှီက လွန်ခဲ့တဲ့ ငါးရက် ခြောက်ရက် လောက်ကမှ စပြီး နေမကောင်း ဖြစ်တာလေ။ အဲဒါ ဆန်းလျန်နဲ့ ဘာဆိုင်လို့ လဲ။မင်း လင်ညီအစ်မရဲ့ စကားတွေကို နားထောင် မနေစမ်းပါနဲ့”
ဆန်းလျန်မှာ ဆန်းချင်းစန်းနှင့်တော့ သဘောထား ကွဲလွဲလေသည်။ ဆန်းသခင်ကြီး၏ လွှမ်းမိုးမှု အောက်တွင် နေရသည့်အတွက် ဆန်းချင်းစန်းက မိန်းကလေးများကို ယောက်ျားလေးများထက် တစ် ဆင့်နိမ့်သည်ဟု လက်ခံထားသူ ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်ကိုသာ လက်ထပ်လျှင် သူ၏ သမီး ဖြစ်သူမှာ အနိုင်ကျင့်ခံရမည် မဟုတ်ကြောင်းကို သူသိထားလေသည်။
ချန်သခင်မကတော့ သူမ၏ စွပ်စွဲချက်ကို လျှော့မပေးပါ။
“ဆန်းလျန်က လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ကျွန်မဂရုမစိုက်ဘူး။ ဒါပေမဲ့ သူ့ကိုလည်း ကြည့်လိုက်စမ်းပါဦး။ သူက အမြဲတမ်း အားလုံးနဲ့ ခွဲခြားခွဲခြားနဲ့ နေနေတာ။သူက သူ့အတွေးနဲ့သူ နေနေတာ ရှင်ကသူ့ကို ဖြောင့်မတ်တဲ့ စိတ်နဲ့ ဆက်ဆံမယ် ဆိုရင်တောင်မှ သူက ရှင့်ကို ကျေးဇူးတင်မှာ မဟုတ်ဘူး”
“မင်းတော့ မှားနေပြီ။ ဆန်းလျန်က တခြားသူတွေထက် ပိုပြီး စိတ်ချရပါတယ်ကွာ။မင်းသာ သူ့အပေါ် ကောင်းရင် ပါးစပ်က ထုတ်ပြီး ကျေးဇူး မတင်ရင်တောင်မှ သူ့ရင်ထဲမှာ မှတ်ထားမယ့် သူမျိုးပါ”
ဆန်းချင်းစန်းက ပြောလိုက်သည်။
စားသောက်ဆိုင်ထဲတွင် သူသိခဲ့ရသည့် အဖြစ်အပျက်ကို သတိ ရလိုက်မိသည်။
ဆန်းလျန်နှင့် အစိမ်းရောင်ဝတ်လူ စားသောက်ဆိုင်ထဲတွင် ဖြစ်ပျက်ခဲ့သည် များကို သူစုံစမ်း ပြီးပြီ ဖြစ်လေသည်။ ဆန်းလျန်ကို စောင့်ရှောက်ရန် ထည့်ပေးလိုက်သည့် သက်တော်စောင့် နှစ်ယောက်ကို အစိမ်းရောင်ဝတ် လူက သတ်ပစ်ခဲ့လေသည်။ သူအံ့သြရသည်မှာ ထိုနေ့က ဆန်းလျန်၏ အပြုအမူကိုပင် ဖြစ်လေသည်။
“မင်းပြောနေတာ လူတွေရဲ့ အသက်နော်။ ကျုပ်ဘယ်လိုလုပ် စိတ်ထဲ မထားဘဲ နေနိုင်မှာ လဲ။ကျုပ်က လူတွေရဲ့ အသက်ကို တန်ဖိုးထားတယ် မင်းကတော့ ဂရုမစိုက်ဘဲ သတ်ဖြတ် တယ် ကျုပ်တို့ကိုယ်ပိုင် အသက်တွေ ဆိုရင်တော့ ဘာအရေးလဲ။ ဒါပေမဲ့ အသက်ဆိုတာ တစ်ခါပဲ ရှင်သန်ခွင့် ရတာ”
ဆန်းလျန် ပြောခဲ့သည့် စကားများကို ယွဲ့ခယ်လိုင် စားသောက်ဆိုင်မှ ဆိုင်ပိုင်ရှင် ပြန်ပြောပြခဲ့ ခြင်း ဖြစ်လေသည်။
ဆန်းချင်းစန်း ယုံကြည်သည်မှာ ထို စကားလုံးတိုင်းမှာ ဆန်းလျန်၏ ရင်တွင်းမှ စစ်မှန်သည့် စကားလုံးများ ဖြစ်သည် ဆိုသည်ကိုပင်။
ဆန်းလျန်မှာ ထင်ရှား ကျော်ကြားခြင်း မရှိသည့် သာမန် သက်တော်စောင့်လေး နှစ်ယောက် ဘက်မှ ရပ်တည်ပေးခဲ့ပြီး အစိမ်းရောင်ဝတ် လူကို အကြောက်အလန့်မရှိ ရင်ဆိုင်ခဲ့သည်။
ဆန်းချင်းစန်းမှာ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် အရွယ်နှင့် ဤကဲ့သို့ အပြုအမူမျိုး ပြုလုပ်သည်ကို တစ်ခါမှ မမြင်မတွေ့ခဲ့ဖူးပေ။ ဆန်းလျန်နှင့်ကျမှ မြင်တွေ့ ခဲ့ရခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ ယုံကြည်ထိုက်ပြီး တာဝန်ယူတတ်သူ တစ်ဦး ဖြစ်သောကြောင့် ဆန်းအိမ်တော် အနေဖြင့် ဆန်းလျန် ကဲ့သို့သောသူကို လက်လွှတ်ရန် မဖြစ်နိုင်ပေ။
ဆန်းချင်းစန်းမှာ သူ၏ အားနည်းချက်ကို သိသည်။ သူက ဆန်းအိမ်တော်ကို ပိုပြီး တိုးတက် မြင့်မားလာအောင် ဦးဆောင်နိုင်မည့်သူ မဟုတ်။ ထို့ပြင် သူ၏ အစ်ကိုဖြစ်သူမှာလည်း သူ့လောက်ပင် စွမ်းဆောင်နိုင်သူ မဟုတ်ပေ။
ထိုအခြေအနေကြောင့်ပင် ဆန်းလျန်မှာ ဆန်းချင်းစန်း ပြောသည့် စကားများနှင့် ပတ်သက်ပြီး သိပ်ပြီး ဝမ်းသာ မိခြင်းတော့ မရှိခဲ့ပေ။ သို့သော်လည်း သူ၏ ဦးလေးပြောသည့် သူနှင့် ပတ်သက်သည့် အကြောင်းများမှာ အမှန်များပင် ဖြစ်လေသည်။