“ဧကရာဇ်ရီ…” နိုဘယ်တန်ခိုးအဆင့် ဧကရာဇ်တစ်ပါးက မနီးမဝေးမှ ခေါ်သည်။ သူတို့ကား ယခင်တည်းက အချင်းချင်း ရင်းနှီးကြ၏။
ဧကရာဇ်ရီက ပြန်ပြုံးပြကာ ပြောသည်… “ဧကရာဇ်ဟန်… ခင်ဗျားလာတာ တော်တော်မြန်တာပဲ…”
“တကယ်က ကျုပ်က တော်တော် နောက်ကျနေတာ… ကျုပ်ရောက်တဲ့ အချိန်တုန်းက ဒီနေရာက အဆောက်အဦတွေက ဆောက်ပြီးသား ဖြစ်နေပြီ…” ဧကရာဇ်ဟန်က ပြုံးလျက် ပြောသည်။
“ဒါက အချိန်ဖြုန်းတာပဲ…” တခြား ဧကရာဇ်တစ်ပါးက ဘေးမှ ပြောသည်။ သူက တောင်ကုန်းတစ်ခု၏ ထိပ်တွင် လက်များအား နောက်တွင်ထားလျက် ဝင့်ကြွားသော ပုံဟန်ဖြင့် ရပ်နေသည်။
“မှန်တယ်… ရှေးဟောင်းမြေရိုင်းဒေသ ဖွင့်လိုက်တဲ့အချိန်မှာ နယ်မြေတွေကို လုယူတာက အလုပ်မဖြစ်တော့ဘူး… အရေးအကြီးဆုံးက နိုဘယ်ကံစွမ်းအားကို ရဖို့နဲ့ နိုဘယ်တန်ခိုးရှင်ဖြစ်ဖို့ပဲ… မှန်တယ်… လူငယ်ပါရမီရှင် တစ်ယောက်က တခြား အင်အားကြီး အဖွဲ့အစည်း တစ်ခုခုကို အာရုံစိုက်မိအောင် လုပ်နိုင်ရင်လည်း ဒါက တူတူပဲလို့ ပြောလို့ရတယ်…”
“နိုဘယ်ကံစွမ်းအားက အလွယ်တကူ မရနိုင်ဘူး… ဒီတစ်ကြိမ်… လူတွေက အရမ်းများတယ်… ဒါပေမဲ့ တကယ်တမ်းကျတော့ လူဘယ်လောက်က နိုဘယ်တန်ခိုးရှင် ဖြစ်လာနိုင်မှာလဲ…” ဧကရာဇ်တစ်ပါးကမူ စိတ်တက်ကြွမှု သိပ်မရှိပေ။
“ပါရမီရှင်တွေ ဒီလောက် အများကြီး ရှိနေမှတော့ ဒီအထဲမှာ အရမ်း ထူးခြား အံ့ဖွယ်ကောင်းတဲ့ ပါရမီရှင်တွေ ရှိနေမှာပဲ…” ဧကရာဇ်ဟန်က ပြောသည်။ “သူတို့က နိုဘယ်ကံစွမ်းအားကို ရရှိခဲ့တယ်ဆိုရင်ပဲ သူတို့ကို အရှေ့မြေရိုင်းဒေသက အင်အားကြီး အဖွဲ့အစည်းတွေက အာရုံစိုက်မိမှာ သေချာတေယ်… ကျုပ်ကြားတာက နန်ဒူနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားက နိုဘယ်ကံစွမ်းအားကို ရရှိခဲ့လို့ တော်ဝင်ချင်ကျောင်းတော်က သူ့ကို တပည့်အဖြစ် လက်ခံခဲ့တယ်တဲ့… ဧကရာဇ်ရီကလည်း နန်ဒူနိုင်ငံမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်ခဲ့တယ် ကျုပ်ကြားတယ်…”
“ကျုပ်က ဧကရာဇ်လျို ဖိတ်ခေါ်လို့ တက်ရောက်ခဲ့ရုံပဲ ရှိတာ…” ဧကရာဇ်ရီက ပြုံးရယ်လျက် ပြောသည်။
“ဒီလောက်လည်း နှိမ့်ချဖို့ မလိုပါဘူး… ဧကရာဇ်ရီ… ကျုပ်ကြားတာကတော့ တန်ဖန်းပွဲတော်မှာ အရမ်းကြောက်ဖို့ကောင်းတဲ့ ပါရမီရှင်သုံးယောက်က သူတို့ရဲ့ အရည်အချင်းကို ထုတ်ပြခဲ့တယ်တဲ့… ကံမကောင်းတာက သူတို့ရဲ့ တန်ခိုးအဆင့်က တော်တော်နိမ့်နေတာပဲ… မဟုတ်ရင် သူတို့က ရှေးဟောင်းမြေရိုင်း ဒေသမှာ သေချာပေါက် နာမည် ကျော်ကြားလာမှာပဲ…“ဧကရာဇ်ဟန်က ရယ်မောလျက် ပြောသည်။
“ခင်ဗျားရဲ့ စိတ်ခံစားမှု ကောင်းနေပုံထောက်ရင် ခင်ဗျားနိုင်ငံက ပါရမီရှင်တွေနဲ့ ပတ်သက်ပြီး တော်တော် စိတ်ကျေနပ်နေပုံရတယ်…” ဧကရာဇ်ရီက ပြန်ပြောသည်။
ဧကရာဇ်များက ဟိုဟိုဒီဒီ လျှောက်ပြောနေကြသော အချိန်တွင် သူတို့၏နောက်မှ လူငယ်များက ထက်ရှသော မျက်လုံးများဖြင့် အချင်းချင်း လေ့လာ စူးစမ်းနေကြသည်။ သည်တစ်ကြိမ် ရှေးဟောင်း မြေရိုင်းဒေသကို လာရောက်ခြင်းက သူတို့က နိုဘယ်ကံစွမ်းအားကို ရရှိမှ ဖြစ်ပေမည်။ သူတို့က အကယ်၍ အင်အားကြီး အဖွဲ့အစည်းများကို အာရုံစိုက်အောင် လုပ်နိုင်လျှင် သူတို့က လျိုဂျင်လန်ကဲ့သို့ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ကာ တခြားဧကရာဇ်များက ကိုယ်တိုင် လာရောက် ချီးကျူးဂုဏ်ပြုကြမည် ဖြစ်သည်။ သူတို့ကိုယ်တိုင်က နိုဘယ်ဖြစ်လျှင်မူကား ပိုမိုကောင်းမွန်ပေသည်။
“ဧကရာဇ်ရီ… ခင်ဗျားက ဘာမှ မပြောင်းလဲသေးပါလား…” လူတစ်စု ဘေးသို့ ရောက်ရှိလာသည်။ ဧကရာဇ်ရီက လှမ်းကြည့်လိုက်လျှင် ယွန်ချူနိုင်ငံမှလူများနှင့် ဧကရာဇ်ချူတို့ကို တွေ့ကြရသည်။ ချူခွန်ယမ်ကား ထိုလူစုထဲတွင် ပါဝင်သည်။ သူ၏ထက်ရှသော မျက်လုံးများက ဧကရာဇ်ရီ၏နောက်မှ လူစုကို ဝေ့ကြည့်လိုက်ရာ ရီဖူရှင်းနှင့် ရီဝူချင်းတို့ကို မြင်လျှင် မျက်လုံးက အေးစက်သွားသည်။
ရီဖူရှင်းက ခံစားမိဟန်တူသည်။ ချူခွန်ယမ်က သူ့အား ကြည့်နေသည်ကို မြင်လျှင် သူပြုံးလိုက်သည်။ ချူခွန်ယမ်အတွက်မူ ထိုအပြုံးက သရော်သည်နှင့် တူလှရာ သူ့မျက်လုံးများက ပိုမိုအေးစက်သွားသည်။
ယန်တိုင်းပြည်နှင့် နန်ဒူနိုင်ငံတို့လည်း ရောက်ရှိလာခဲ့ကြသည်။ ကန်ယီနိုင်ငံသားများအား မြင်လျှင် သူတို့၏မျက်လုံးများက ရီဖူရှင်းထံ ရောက်ရှိလာကြ၏။ ဧကရာဇ်လျိုက သူ့ဘေးမှ လူအချို့ကိုပင်လျှင် ချက်ချင်း ညွှန်ကြားမှုတချို့ ပြုလုပ်သည်ကို မြင်ရသည်။ ရီဖူရှင်းက အမှန်တကယ် လာရောက်ရဲမည်ဟု သူမယုံကြည်နိုင်ခဲ့ပေ။
အချိန်များ ကြာလာသည်နှင့် အမျှ စွမ်းအားမြင့် တန်ခိုးရှင်များ ပိုပို၍ ရောက်ရှိလာကြသည်။ ထိုစဉ် အင်းကွက်မှ သဘာဝစွမ်းအင်များ ရုတ်တရက် အသက်ဝင်လာသည်။ ထိုသဘာဝစွမ်းအင်များက အင်းကွက်တွင် စုစည်းလာနေကြကာ ရှေးဟောင်း မြေရိုင်းဒေသသို့ သွားရာတံခါးကို သွားရောက် စီးဝင်ကြသည်။ မျက်လုံးပေါင်းများစွာက ထိုတံခါးအား မျှော်လင့်တကြီး ကြည့်နေကြသည်။
ကြောက်မက်ဖွယ် အသံတစ်ခု ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ ထိုဧရာမ တံခါးကြီးက အလယ်မှ နေ၍ စတင် ကွဲအက်လာနေသည်။ အနက်ရောင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝဲဂယက်က အရာအားလုံးကို ဆွဲငင်စုပ်ယူနိုင်ပုံရသည်။ အားကောင်းသော အင်အားစုတစ်ခုက ထိုနေရာအနီးသို့ သွားရန် ကြိုးစားသော်လည်း အင်းကွက်မှ အလင်းတန်းများက သူတို့အား တားဆီးထားသည်။
မည်မျှ အားကောင်းသော အင်းကွက်ပေနည်း။ ရှေးဟောင်းမြေရိုင်းဒေက နယ်မြေတစ်ရာဒေသနှင့် ခွဲခြားထားသည်မှာ မထူးဆန်းတော့ပေ။ နယ်မြေတစ်ရာမှ လူများ၏စွမ်းရည်ဖြင့် သူတို့က သည်ကဲ့သို့ အင်းကွက်မျိုး ဖန်တီးနိုင်မည် မဟုတ်ပေ။
စွမ်းအားမြင့် တန်ခိုးရှင်များ ထိုနေရာတစ်ဝိုက်တွင် စုစည်း လာနေကြသည်။ ကောင်းကင်ကို ကြည့်လိုက်လျှင် ကြောက်မက်ဖွယ် ကောင်းသော စစ်တပ်ကြီးက စစ်ထွက်မည့်ဟန်နှင့်ပင် တူလှသည်။
“သတိရပါ…” ဧကရာဇ်တစ်ပါးက သူ့လူများကို သတိပေးသည်“အကာနာအဆင့်အောက်က လူတွေက အကာနာအဆင့် လက်နက်တွေကို ယူသွားလို့ မရဘူး… တံခါးက အထက်ဘုံနဲ့ အောက်ဘုံကို ခွဲခြားပြီးပို့ပေးတဲ့အတွက် မင်းတို့က အကာနာ ကိုယ်ရောင်ကိုယ်ဝါ ရှိနေရင် အထက်ဘုံကို ရောက်သွားလိမ့်မယ်…” တစ်ယောက်ယောက်က အကာနာအဆင့် လက်နက်ပစ္စည်းတစ်ခုခုကို လျှို့ဝှက်စွာ ယူသွားမည်ကို သူစိုးရိမ်နေသည်။
“အခုသွားတော့…”
“ကျုပ်က ရှေးဟောင်း မြေရိုင်းဒေသက နိုဘယ်ကံစွမ်းအားကို ရလာစေရမယ်…”
အသံများစွာ ထွက်ပေါ်လာသည်။ လူအုပ်ကြီးက ထိုကောင်းကင်မှ ဝဲဂယက်ကြီးသို့ ပျံသန်းသွားကြကာ ပျောက်ကွယ် သွားကြတော့သည်။
“သွားတော့…” ဧကရာဇ်ရီကလည်း ပြောသည်။ ရီရှောင်ကလည်း ကန်ယီနိုင်ငံမှ လူများအား ဦးဆောင်၍ ဝဲဂယက်ကြီးထဲသို့ တိုးဝင်သွားသည်။ ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုက သူတို့အား ဆွဲငင်ဝါးမျိုသွားသည်ကို သူတို့ခံစားလိုက်ကြကာ အမည်မသ ိနေရာတစ်နေရာသို့ ရောက်ရှိ သွားကြတော့သည်။
***
ဘုန်း…။ မြေပြင်နှင့် ထိကပ်မိလျှင် ရီဖူရှင်းက ကိုယ်နေဟန်ထားကို တည်ငြိမ်အောင် လုပ်လျက် ပတ်ဝန်းကျင်အား လေ့လာကြည့်လိုက်သည်။ အပေါ်ကို မော့ကြည့်လိုက်လျှင် တိမ်ဖြူဖြူများ ပေါလောမျောနေကာ အပြာရောင် ကောင်းကင်ကြီးကို တွေ့ရသည်။ ဒဏ္ဍာရီထဲမှ နေရာကား ပြင်ပလောကနှင့် အတူတူသာ ဖြစ်ပေသည်။
ကန်ယီနိုင်ငံမှ လူများက တဖြည်းဖြည်းဖြင့် သူတို့အနီးကို ဆင်းသက်လာကြသည်။ သူတို့က ဝဲဂယက်မှတစ်ဆင့် တည်နေရာ တစ်ခုတည်းသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ တခြားနိုင်ငံမှ လူများကလည်း ထိုပတ်ဝန်းကျင်တွင် ဆင်းသက် လာကြသည်။ ရီဖူရှင်း၏မျက်လုံးက မနီးမဝေးမှ ရီရှောင်ထံသို့ ရောက်လာသည်။
“အရှင့်သား… သွားကြရအောင်…”
နန်ဒူနိုင်ငံမှလူများက သည်မတိုင်မီ သူ့အား စိုက်ကြည့်နေခဲ့ကြရာ သူ့အား ပြဿနာရှာမည်မှ သေချာလှသည်။ လောလောဆယ် သူက ထိုပြဿနာများအား မလိုလားပေ။
“ကျုပ်တို့က အခက်အခဲတွေကို ရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့လာကြတာ… အဖေက ပြောတယ်… တခြားလူတွေကို အားမကိုးနဲ့တဲ့… ရီဖူရှင်း… ကျုပ်တို့က အတူတူ ခရီးမသွားဘူး…” ရီရှောင်က ပြောသည်။
ရီဖူရှင်း အံ့အားသင့် သွားသည်။ လူအများအပြားက ရီရှောင်ထံသို့ လျှောက်သွား လိုက်ကြသည်။ သူတို့မှာ ကန်ယီကျောင်းတော်မှ ဖြစ်ကာ ရီရှောင်ကို မျက်နှာချိုသွေးလိုနေပုံရ၏။ ရယ်မောလျက် ရီဖူရှင်းက ပြောသည်… “ဒါဆိုလည်း နှုတ်ဆက်ပါတယ်…” ထို့နောက် သူက ယူချင်းအား ခေါ်ကာ သိမ်းငှက်နက်ပေါ်သို့ တက်လိုက်ကြသည်။ သိမ်းငှက်နက်ပေါ်မှ ယူချင်းက ရီရှောင်အား ဒေါသတကြီး ကြည့်နေသည်။
ရီဖူရှင်းက မှော်စာလိပ်တစ်ခုအား ထုတ်ယူလိုက်သည်။ ချက်ချင်းပင် အားကောင်းသော လေဓာတ်စွမ်းအင်တစ်ခု ဖြစ်ပေါ်လာကာ သိမ်းငှက်နက်ပေါ်သို့ ဆင်းသက်လာသည်။ သူတို့က ချက်ချင်းပင် အဆမတန် မြန်ဆန်သွားပြီး အဝေးသို့ ပျံသန်း သွားကြတော့သည်။
အတန်ကြာလျှင် နန်ဒူနိုင်ငံမှ လူများ ရောက်ရှိလာကြသည်။ သူတို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကန်ယီအုပ်စုအား မြင်သည်။ သို့သော် ထူးဆန်းစွာပင် ရီဖူရှင်းတို့အား မတွေ့ရပေ။ သူတို့ ဘယ်ကို သွားကြသနည်း။
သူတို့က ကန်ယီအုပ်စုထံသို့ လျှောက်သွားကာ မေးကြသည်…“ရီဖူရှင်း ဘယ်မှာလဲ…”
ရီရှောင်က သူ့အား အေးစက်စွာ ကြည့်ကာ လျစ်လျူရှုထားသည်။
“မင်းဘာသာမင်း သွားဖမ်း…” ကျောက်ချင်းဖန်က ပြောသည်။
နန်ဒူနိုင်ငံမှ ထိုလူ၏မျက်လုံးက အရောင်တစ်ချက် လက်သွားပြီး သူ့လူများအား လက်ဝှေ့ယမ်းပြသည်… “သွားကြမယ်…”
ရီဖူရှင်း ရှေ့ကို သွားရာတွင် တည့်တည့်မသွားဘဲ ဘေးကို ရှောင်၍ သွားသည်။ သူကလည်း မှော်စာလိပ်တချို့အား မကြာခဏ အရှိန်မြှင့်တင်ရန် သုံး၏။
“ရီရှောင်က ဘာလို့ ဒီလိုလုပ်တာလဲ…” ယူချင်းက မေးသည်။ ဧကရာဇ်ရီက ရီဖူရှင်းနှင့် ယူချင်းအား အလွန် အလေးပေးသည်ကို လူတိုင်းသိကြသည်။
“ကန်ယီကျောင်းတော်က တော်ဝင်မိသားစုက ထောက်ပံ့ထားတာလို့ ငါကြားတယ်… မင်းသားတချို့ကလည်း အဲ့မှာ တန်ခိုးကျင့်တယ်…” ရီဖူရှင်းက ရယ်မောလိုက်သည်။ သူက ဖန်းဟွာပွဲတော်တွင် ကန်ယီကျောင်းတော်အား ရန်စမိခဲ့သည်။
“ဒါက အဓိကအကြောင်းအရာတော့ မဟုတ်ဘူး…” ရီဖူရှင်းက ယူချင်းအား ကြည့်ကာ ပြောသည်… “ဧကရာဇ်က ငါတို့ကို ကောင်းကောင်း ဆက်ဆံတယ်… ပြီးတော့ ငါတို့က ရီဒန်ချန်းနဲ့ ရင်းနှီးတယ်လေ…”
ယူချင်း၏မျက်လုံးက အေးစက်သွားသည်…“ငါတို့က သူတို့မိသားစု အရေးမှာ ဝင်ပါတာမှ မဟုတ်တာ…”
“တခြားလူတွေက ဒီလို မတွေးဘူး…” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။ “အရေးမကြီတာတွေ တွေးမနေနဲ့တော့…” ရီဖူရှင်းက ကျယ်ပြောလှသော မြေပြင်ကြီးအား ကြည့်လိုက်လျှင် သူ၏နှလုံးသားများ ဟင်းလင်းပွင့်သွားသလို ခံစားရသည်။ တန်ခိုးစကျင့်ကတည်းက သူကား တစ်စုံတစ်ခုတွင် ပိတ်လှောင်ခံထားရသလို အမြဲခံစားရသည်။ ယခု ရှေးဟောင်း မြေရိုင်းဒေသကား လွတ်လပ်သော နေရာနှင့်တူကာ သူက စိတ်အလိုရှိသလို ပျံသန်း၍ ရသော ငှက်ငယ်တစ်ကောင်နှင့် တူလှပေသည်။
ရီဖူရှင်းကလည်း ရှေ့ကို ကြည့်လိုက်လျှင် တူညီသော လွတ်လပ်မှုကို ခံစားရ၏။ “ရှေးဟောင်းမြေရိုင်း ဒေသရဲ့ အောက်ဘုံက ဓမ္မအဆင့်အထိပဲ လက်ခံတယ်… ငါတို့က ငါးနှစ်အတွင်း ပိုင်ဆိုင်အောင် လုပ်မယ်…”
ရီဖူရှင်းက ပြုံးလိုက်ကာ ပြောသည်…“ငါးနှစ်က မကြာဘူးလား…”
ယူချင်း မျက်လုံး ပြူးသွားသည်။
သူတို့နှစ်ယောက်က ရှေ့ကို ဆက်သွားကြသော်လည်း မည်သူတစ်ဦး တစ်ယောက်ကိုမျှ မမြင်တွေ့သေးပေ။ ရှေးဟောင်းမြေရိုင်းဒေသကား အရှေ့မြေရိုင်းဒေသ အသေးစားဟု ပြောနိုင်သော်လည်း အောက်ဘုံကား အကာနာအဆင့်အောက်မှ လူများကိုသာ လက်ခံပေသည်။ ထို့ကြောင် နယ်မြေဒေသမှာ အလွန်ကျယ်ပြော လှသည်ဟု ဆိုနိုင်ပေသည်။ သူတို့မြင်သမျှကား ကောင်းကင်နှင့် မြေပြင်တွင် တောကောင်တချို့ လျှေက်သွား နေကြသည်ကိုပင်။ တချို့မှာ ဓမ္မအဆင့်များ ဖြစ်ကြသည်။ သို့သော်လည်း လက်ရှိတွင်ကား သတ္တဝါဆန်း တစ်ကောင်က သူတို့၏နောက်ကို လိုက်လာနေသည်။ ထိုငှက်ကြီးကား ဓမ္မအဆင့်တွင်ဖြစ်ကာ အလွန်လျင်မြန်သည်။
ရီဖူရှင်း ထိုငှက်ကြီးအား ကြည့်လိုက်သည်။ ထူးခြားသော သံစဉ်တစ်ခု ထိုငှက်ကြီးထံမှ ပျံ့လွှင့်လာနေသည်ကို သူခံစားရသည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် လေ့လာကြည့်လျှင် သည်သတ္တဝါဆန်းက မကြာမီ လေနှင့် တစ်သားတည်း ဖြစ်တော့မည်ဟု သူနားလည်လိုက်သည်။
“ယူချင်း…” သူက ခေါ်လိုက်သည်။ ယူချင်းက သိမ်းငှက်နက်ကျောပေါ်မှ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူက ကြီးမားသော တူကြီးတစ်လက်အား ကိုင်လျက်ပင် သူ၏ ကြယ်ကိုးပွင့် ကောင်းကင်အဆင့် ကိုယ်ရောင်ကိုယ်ဝါအား ထုတ်ဖော်လိုက်သည်။ ပြိုင်ဘက်၏ အားနည်းသော ကိုယ်ရောင်ကိုယ်ဝါအား ခံစားမိလျှင် ငှက်ကြီး၏မျက်လုံးတွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။ ငှက်ကြီးက လေ၏အလျင်ဖြင့် ယူချင်းထံ တိုးဝင်လာကာ သူ၏လက်သည်းများဖြင့် ကုတ်ခြစ်လိုက်သည်။
ယူချင်းက လျှပ်တစ်ပြက်ပင် ခုန်ဆင်းလိုက်သည်။ လေဓာတ်စွမ်းအင်များ ပိုမိုအားကောင်းလာကာ သူ၏တူမှ ကြောက်မက်ဖွယ် အားလှိုင်းများ ထွက်ပေါ်လာသည်။ လျင်မြန်စွာပင် တူက လေးလံသော အရှိန်အဟုန်ဖြင့် ငှက်ကြီးထံသို့ ဆင်းသက်လာသည်။
အန္တရာယ်ကို ခံစားမိသည်ထင်၏။ ငှက်ကြီးက အရှိန်မြှင့်လိုက်ကာ ယူချင်း၏ တူရိုက်ချက်အား ရှောင်ဖယ်လိုက်သည်။ ငှက်ကြီး ရွေ့လျားသွားသည့် နေရာတွင် ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာကာ ယူချင်း၏ပတ်ဝန်းကျင်ကို လွန်မြောက်လျက် ရီဖူရှင်းထံသို့ တိုက်ရိုက် တိုးဝင်လာနေသည်။
ရီဖူရှင်းက ငှက်ကြီး၏ လှုပ်ရှားမှုကို လေ့လာနေခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင် အစိမ်းရောင်များ ဖြစ်ပေါ်လာပြီး နွယ်ပင်တစ်ထောင် တိုက်ကွက် ထွက်ပေါ်လာသည်။ နွယ်ပင်များက ငှက်ကြီးထံသို့ လျင်မြန်စွာ တိုးဝင်သွားကြသည်။
ငှက်ကြီး၏ကိုယ်တွင် ထူးဆန်းသော အားလှိုင်းများ ထွက်ပေါ်လာပြန်သည်။ သို့သော်လည်း နွယ်ပင်များက ငှက်ကြီး၏လမ်းကြောင်းများကို သိနေသည့်အလား ပိတ်လှောင်ထားကြကာ တဖြည်းဖြည်းဖြင့် သူ့ခန္ဓာကိုယ်ကိုပါ ရစ်ပတ်လာကြသည်။
ထိုစဉ်မှာပင် ယူချင်းက ကောင်းကင်မှ ဆင်းသက်လာကာ တူဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်လိုက်သည်။ ငှက်ကြီးက နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ကျသည်။
“ငါတို့က ဒီငှက်ကို ညစာအနေနဲ့ စားလို့ရတယ်…” ရီဖူရှင်းက ပြောသည်။ သိမ်းငှက်နက်က မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ လူနှစ်ယောက်နှင့် သိမ်းငှက်တစ်ကောင်က ငှက်ကြီး၏ အရသာရှိသော အသားများအား မြိန်ရေရှက်ရေ စားသောက်ကြသည်။
“အာ…” ရီဖူရှင်း၏ မျက်မှောင်များ တွန့်သွားသည်။ သူ့ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါတစ်ခု စက္ကန့်ပိုင်းမျှ ထွက်ပေါ်လာသည်။ “ဒါက ကံစွမ်းအားလား…”
ရီဖူရှင်း၏မျက်နှာပေါ်တွင် ထူးဆန်းသော ဟန်အမူအရာများ ဖြစ်ပေါ်လာသည်။ တူညီသော ကိုယ်ရောင်ကိုယ်ဝါက ယူချင်းထံတွင်လည်း ထွက်ပေါ်လာသည်။
ရီဖူရှင်းက သိမ်းငှက်နက်အား ကြည့်လိုက်ရာ သိမ်းငှက်နက်က ကောင်းကင်သို့ ပျံတက်သွားသည်။ သိမ်းငှက်နက်က ထူးဆန်းသော စည်းချက်အတိုင်း ကောင်းကင်တွင် ပျံဝဲနေသည်။ တစ်စုံတစ်ခုကို နားလည် မိသည့်အလျောက် ရီဖူရှင်းက ပြုံးလိုက်သည်။
“ဒါဆို … သူတို့ပြောတဲ့ ကံစွမ်းအားက ဒါပဲပေါ့…” သူ ရေရွတ်လိုက်သည်။ သိမ်းငှက်နက်မ မကြာမီ သူ့ရှေ့တွင် သနားစဖွယ် အမူအရာဖြင့် ဆင်းသက်လာသည်။
“ထပ်စားချင်တာလား…” သိမ်းငှက်နက်၏ အကြည့်ကို နားလည်လိုက်ကာ ရီဖူရှင်းက သူ့ခေါင်းအား ပွတ်လျက် ရယ်မောလိုက်သည်။ “စိတ်မပူနဲ့… အခုကစပြီး မင်းအတွက် တကယ်ကို ကောင်းမွန်တဲ့ ဘဝကို ရစေရမယ်…”
***
အတွဲ(၁၀) ပြီးပါပြီ
ဆက်ပါဦးမည်။
***