အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မျက်လုံးတစ်မှိတ် အတွင်းတွင် နန်ဒူနိုင်ငံ တန်ဖန်းပွဲတော် ပြီးဆုံးခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရှေးဟောင်း မြေရိုင်းဒေသကား ဖွင့်လှစ်တော့မည် ဖြစ်သည်။ နယ်မြေတစ်ရာ တစ်ရာဒေသကား လှုပ်လှုပ်ရှားရှား ဖြစ်နေပြီဖြစ်၏။ ရှေးဟောင်းမြေရိုင်း ဒေသသို့ဝင်ရာ ဂိတ်တံခါးကို လူမည်မျှ သွားကြသနည်းကို ဘုရားမှပင်လျှင် သိတော့မည်ဖြစ်သည်။ စစ်တပ်များစွာက ထိုနေရာကို ထွက်ခွာနေကြသလို လူငယ်ပါရမီရှင်များက လည်း ထိုနေရာကို သွားနေကြသည်။
ကန်ယီနိုင်ငံ အတွက်လည်း တူတူပင်။ ပါရမီရှင်များနှင့် တန်ခိုးရှင်များက နန်းမြို့တော်တွင် စုစည်းနေကြသည်။ ဧကရာဇ်ရီက သူတို့အား ကိုယ်တိုင် ပို့ဆောင်မည်ဖြစ်သည်။ သူ့လူများအားလုံးက ရှေးဟောင်းမြေရိုင်း ဒေသအား အန္တရာယ်ကင်းစွာ ရောက်ရှိသွားရန် သူလိုလားပေသည်။
တော်ဝင်နန်းတော်။ တောင်ပေါ်တစ်နေရာတွင်။
သည်ရက်ပိုင်းအတွင်း ရီဖူရှင်းနှင့် ယူချင်းတို့က တံခါးပိတ် လေ့ကျင့်နေကြသည်။ သူတို့၏တန်ခိုးအဆင့်တို့မှာ လျင်မြန်စွာ တိုးတက်လာရာ ယခုကား သူတို့နှစ်ယောက်လုံးမှာ ကြယ်ကိုးပွင့်ကောင်းကင် အဆင့်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့မှာ ဓမ္မအဆင့်ကို ရောက်ရှိရန် တစ်ဆင့်သာ လိုတော့ပြီ ဖြစ်သည်။ သည်နေ့တွင် ရီဖူရှင်းက သူ၏ တံခါးပိတ် လေ့ကျင့်ခြင်းကို ရပ်နားလိုက်သည်။
“နင်က နောက်ဆုံးတော့ ထွက်လာပြီပေါ့…” ခြံဝင်းထောင့် တစ်နေရာမှ တန်လန်က ရီဖူရှင်းအား မြင်လျင် ပြုံးလျက် ပြောသည်။ သည်ကောင်စုတ်လေးကို မတွေ့ရသည်မှာပင် အတော်ကြာခဲ့ပြီ ဖြစ်သည်။
“ဒုတိယ ဆရာကတော်က အခု ပိုပိုပြီး လှလာသလိုပဲ…” ရီဖူရှင်းက နောက်ပြောင်သည့် သဘောဖြင့် ပြုံး၍ ပြောလိုက်သည်။ နန်ဒူဝန်ယမ်က လက်ထပ်ပွဲကို အကြံပေးပြီး နောက်ရက် အနည်းငယ်တွင် ဟွာဖန်းလူနှင့် တန်လန်တို့က တောင်ပေါ်တွင် ယိချန်၏ရှေ့တွင် ကတိပြု လက်ထပ်ခဲ့ကြသည်။ သူတို့မှာ ယခုမှပင် တကယ့် မိသားစုကြီး ဖြစ်နေလေပြီ။
“မင်းက အရိုက်ခံချင် နေပြန်ပြီပေါ့…” တန်လန်က ရယ်မောလျက် ရီဖူရှင်းကို ပြောသည်။ သည်ကောင်လေးက အမှန်ပင် လူကြီးသူမများကို လေးစားမှု မရှိပေ။ သို့သော်လည်း သူမကိုယ်တိုင်က မိမိမှာ ယခင်ထက် ပိုမို လှပလာသည်ကို သတိပြုမိသည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ ယခုတလော ပိုမို၍ စိတ်ချမ်းသာကြောင်း ထင်ရ၏။
“ဒုတိယ ဆရာကတော်… ကျွန်တော်က အမှန်ကို ပြောတာ… အခု ဆရာနဲ့ လက်ထပ်ပြီးတဲ့နောက် ဒုတိယ ဆရာကတော်က ပိုမိုပြီး လှလာတယ်…” ရီဖူရှင်းက စိတ်ရင်းဖြင့် ပြောပြသည်။
တန်လန်က သူ့အား အတန်ကြာ ဒေါသတကြီး ကြည့်ပြီးနောက် ထိုနေရာမှ လှည့်ထွက်သွားသည်။ သူမ၏မျက်နှာကား မိန်းမငယ်လေးများလို နီရဲနေ၏။
ဆရာကို အားကျလိုက်တာ။ ရီဖူရှင်း မိမိကိုယ်ကို တွေးမိသည်။ “တောင်ပေါ်က ခဏ ဆင်းကြည့်ဦးမယ်…” ထို့နောက် သူက နန်းတော်ရှိရာဘက်သို့ လှမ်းသွားလိုက်သည်။ သူက ရီဒန်ချန်းနှင့် ရီလင်းဇီတို့အား သွားရှာပြီး သူတို့က ဧကရာဇ်ရီထံသို့ အတူတကွ သွားရောက်ကြသည်။
“မင်းက တံခါးပိတ် လေ့ကျင့်နေတယ်လို့ ကျုပ်ကြားတယ်… အခုဘာလို့ ရပ်လိုက်တာလဲ…..” ဧကရာဇ်ရီက မေးသည်။
“နောက်ရက် နည်းနည်းကြာရင် ကျွန်တော်တို့က ရှေးဟောင်း မြေရိုင်းဒေသကို ထွက်မယ်… ကျွန်တော် စဉ်းစားပြီးပြီ… တခြားလူတွေနဲ့အတူ ကျုပ်လိုက်မယ်…” ရီဖူရှင်းက ပြန်ဖြေသည်။
“မင်းက ရှေးဟောင်း မြေရိုင်းဒေသကို ကောင်းကင်အဆင့်နဲ့ ဝင်မယ်…” ဧကရာဇ်ရီက သူ့အား စိုက်ကြည့်လိုက်သည်။ “ဒါက ဘယ်လောက် အရေးကြီးလဲ မင်းသိလား… နယ်မြေတစ်ရာ ဒေသတစ်ခုလုံးက ရှေးဟောင်းမြေရိုင်းဒေသကို သွားကြမှာ… လူဘယ်လောက် သွားကြမလဲ ကျုပ်လည်း မခန့်မှန်းနိုင်ဘူး… ပြီးတော့ ဒါက နယ်မြေတစ်ရာဒေသက လူတွေကိုပဲပြောတာ… ရှေဟောင်းမြေရိုင်း ဒေသကလူတွေကို ထည့်မတွက်ဘဲနဲ့တောင် မင်းရဲ့ လက်ရှိ တန်ခိုးအဆင့်က အရမ်းနိမ့်နေသေးတယ်…”
“အရှင်မင်းကြီး… ကံစွမ်းအားနဲ့ အခွင့်အရေးကလွဲရင် ရှေးဟောင်း မြေရိုင်းဒေသက ပြင်ပလောကနဲ့ သိပ်မကွာဘူးလို့ အရှင်မင်းကြီး ပြောဖူးတယ်… ကျုပ်တို့က ဒါကို လေ့ကျင့်တယ်လို့ပဲ သဘောထား လိုက်မယ်လေ… မစိုးရိမ်ပါနဲ့ အရှင်မင်းကြီး… ကျွန်တော်က နှိမ့်ချပြီး နေပါ့မယ်…” ရီဖူရှင်းက ပြောသည်။
“မင်းသွားရင် ဧကရာဇ်လျိုက သူ့လူတွေကို မင်းနောက်ကို သေချာပေါက် လွှတ်မှာပဲ…” ဧကရာဇ်ရီက ပြောသည်။
“ဟမ်… ဒါက တကယ် စိတ်ရှုပ်စရာပဲ… အရှင်မင်းကြီး… ကျွန်တော့်ကို ဘာလို့ တိုက်ခိုက်ရေး ခုခံရေးနဲ့ ထွက်ပြေးတဲ့ မှော်ပစ္စည်းတွေ မငှားတာလဲ… တစ်မျိုးစီအတွက် နည်းနည်းစီလေ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ဧကရာဇ်ရီက ရီဖူရှင်းအား ပြုံးလျက် ကြည့်လိုက်သည်။ သည်ကောင်စုတ်လေးနဲ့ များများစားစား ရင်းနှီး၍ မဖြစ်ကြောင်း ဧကရာဇ်ရီ သိလိုက်သည်။ ရီဖူရှင်းက နန်ဒူနိုင်ငံကို ထည့်မတွက်ဟု သူမယုံပေ။ ရီဖူရှင်းကား သူ့ကို စိုးရိမ်မှုလျော့စေအောင် ပြောဆိုနေခြင်း ဖြစ်သည်။ မှော်ပစ္စည်းများကို ငှားမည်တဲ့လား။ သူက ငှားပြီးလျှင် တကယ်ကော ပြန်ပေးမည်လော။
ဧကရာဇ်ရီက မည်သို့မှ ပြန်မပြောလျှင် ရီဖူရှင်းက ဆက်ပြောသည်… “အရှင်မင်းကြီး… နယ်မြေတစ်ရာက ထိပ်သီးပါရမီရှင်တွေက ရှေးဟောင်း မြေရိုင်းဒေသကို ထွက်ခွာနေကြတယ်… ကန်ယီနိုင်ငံ မင်းသမီးရဲ့ အနာဂတ် ကြင်ရာတော်အနေနဲ့ ကျွန်တော်က နိုင်ငံကို အရှက်ရစေလို့ ဘယ်ရပါ့မလဲ…”
“ပြောတာ ကောင်းတယ်…” ဧကရာဇ်ရီက သူ့အား ပြုံးကြည့်လိုက်သည်။ “မင်းတစ်ယောက်ပဲ သွားမှာလား…”
“ယူချင်းလည်း လိုက်လိမ့်မယ်…” ရီဖူရှင်းက ပြန်ဖြေသည်။
“မင်းတို့နှစ်ယောက်… သူနဲ့ ယူချင်းကို ရတနာတိုက်ကို ခေါ်သွားလိုက်…” ဧကရာဇ်ရီက ရီဒန်ချန်းနှင့် သူ၏ညီမတို့အား စေခိုင်းလိုက်သည်။
“ကျေးဇူးတင်ပါတယ်… အရှင်မင်းကြီး…” ရီဖူရှင်းက ပြုံးလိုက်သည်။ ဧကရာဇ်ရီကား သူ့အတွက်ဖြင့် နန်ဒူနိုင်ငံဖြင့်ပင်လျှင် စစ်ဖြစ်ရဲသည်။ မှော်ပစ္စည်း အနည်းငယ်ကို တွန့်တိုနေမည် မဟုတ်ပေ။ သူက ဧကရာဇ်ရီအပေါ် တင်နေသမျှ အကြွေးများအား ရီဖူရှင်းက စိတ်နှလုံးထဲတွင် ရေးမှတ်ထား၏။
“ရှေးဟောင်း မြေရိုင်းဒေသရဲ့ အောက်ဘုံက အကာနာအဆင့်ရဲ့ စွမ်းရည်ကို မထိန်းနိုင်ဘူး… မှော်ပစ္စည်းတွေလည်း ဒီအတိုင်းပဲ… မင်းတို့က ဓမ္မအဆင့် အမြင့်ဆုံးက ပစ္စည်းတွေကိုပဲ ယူသွားလို့ရတယ်… ဒါက ဓမ္မအဆင့်တန်ခိုးကို တိုက်ရိုက်ပေးမှာ မဟုတ်ဘူး… မှော်ပစ္စည်းသုံးတာက တန်ခိုးကျင့်တာ အတွက်လည်း အကူမဖြစ်ဘူး… လုံးဝ အရေးပေါ် အခြေအနေရောက်မှ သုံးစေချင်တယ်…” ဧကရာဇ်ရီက သတိပေးသည်။
“စိတ်မပူပါနဲ့ အရှင်မင်းကြီး… ကျွန်တော် ဒါကို သိပါတယ်…” သူ့တန်ခိုးအဆင့်သာ အလွန်မနိမ့်နေလျှင် သူက မှော်ပစ္စည်းများအား သုံးရန် စိတ်ကူးပင် ရှိမည်မဟုတ်ပေ။
***
ရက်အနည်းငယ် ကြာသောအခါ တောင်ပေါ်ရှိ အေးစက်သော နံနက်ခင်းတွင် လူအများအပြားက ခြံဝင်းငယ်ထဲတွင် စုစည်းနေကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့က ရှေးဟောင်း မြေရိုင်းဒေသသို့ ထွက်ခွာတော့မည် ဖြစ်သည်။ ယိချန်ကလည်း သည်ခရီးကို လိုက်ပါမည်ဖြစ်သည်။ သူကလည်း ရှေးဟောင်းမြေရိုင်း ဒေသ၏ အထက်ဘုံတွင် လေ့ကျင့်လို့နေသည်။
“ဖူရှင်း… ဟိုကို ရောက်သွားရင် သတိထားနော်…” နန်ဒူဝန်ယမ်က သတိပေးသည်။
“ စိတ်မပူပါနဲ့ ဆရာကတော်… ကျွန်တော် အဆင်ပြေပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကျွန်တော် ဂျီယူကို သွားကြည့်လိုက်ဦးမယ်…”
“ကောင်းပြီ…” နန်ဒူဝန်ယမ်က ခေါင်းညိတ်လိုက်လျှင် ရီဖူရှင်းက တောင်ကုန်းတစ်နေရာသို့ လျှောက်သွားလိုက်သည်။ ဟွာဂျီယူကား ထိုနေရာတွင် မျက်လုံးများ မှိတ်လျက် ထိုင်နေသည်။ မမြင်ရသော အားလှိုင်းတစ်ခုက သူမအား လွှမ်းခြုံထားသည်။ သူမ၏ပတ်ဝန်းကျင်တွင် ကျောက်တုံးများမှာ တည်ငြိမ်စွာဖြင့် လေထဲတွင် ရပ်တန့်နေကြသည်။ ကြည့်ရသည်မှာ သူမက ကမ္ဘာမြေပေါ်မှ အရာအားလုံးနှင့် ဆက်သွယ်နိုင်သည့် အလားပင်။
ရီဖူရှင်း စိတ်ဝင်စားသွားသည်။ သူက ထိုအားလှိုင်းအထဲသို့ ဝင်ရောက်မိသွားလျှင် သူက ဓာတ်စွမ်းအင်တစ်မျိုး လွှမ်းခြုံထားသော နေရာသို့ ရောက်သွားသလို ခံစားရ၏။ သည်ခံစားချက်အား သူတစ်ကြိမ် ခံစားရဖူးသည်။ ထိုနေ့က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ရှေ့တွင် ဖြစ်သည်။ ထိုအချိန်ကထက် သည်တစ်ကြိမ်က အလွန့်အလွန် ပြင်းထန်သည်ဟု ခံစားရ၏။
“ငါအခု သွားတော့မယ်… နောက်တစ်ကြိမ်… အတူတူသွားကြမယ်…” ရီဖူရှင်းက ထိုထိုင်နေသော နတ်သမီးကဲ့သို့ ပုံသဏ္ဌာန်အား သိမ်မွေ့ကာ ညင်သာသော အပြုံးဖြင့် လှမ်းပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ ထိုနေရာမှ ထွက်ခွာလာတော့သည်။
လူတစ်စုက တောင်ပေါ်မှ ထွက်ခွာသွားပြီး နန်းတော်ထဲမှ ထွက်လာကြသည်။ နန်းတော်ပြင်ပတွင် လူအုပ်ကြီးကား စုစည်းနေပြီး ဖြစ်သည်။ တချို့မှာ ရီဖူရှင်း သိသောသူများပင်လျှင် ပါဝင်သည်။ ဖန်းဟွာအဆင့်၏ ဂုဏ်ဆောင် ရီဝူချင်းကလည်း ရှေးဟောင်းမြေရိုင်း ဒေသကို ထွက်ခွာမည်ဖြစ်သည်။ သူကား ယခု ဓမ္မ အဆင့်သုံးဖြစ်ရာ နောက်ထပ် စောင့်လိုပုံမရတော့ပေ။ ထိုနေရာတွင် ကန်ယီကျောင်းတော်မှ ကျောင်းသားများလည်း ရှိကြသည်။ ထိုအုပ်စုထဲတွင် ကျောက်ချင်းဖန်နှင့် ယူဂျန်တို့လည်း ရှိသည်။ သူတို့က ကန်ယီကျောင်းတော်မှ တခြား စီနီယာများကို မှီခိုလျက် လိုက်ပါကြမည်မှာ သေချာသည်။
ချင်ကလန်နှင့် ဒီမွန်ကလန်မှ တန်ခိုးရှင်များလည်း စုစည်းနေကြသည်။ ဘေချူလည်း ရှိသည်။ လင်းယွီယိုပင်လျှင် သွားမည်ဖြစ်သည်။ ဖန်းဟွာပွဲတော်နှင့် တန်ဖန်းပွဲတော်က သူမအား လွန်စွာ အကျိုးသက်ရောက် စေခဲ့သည်။ သုံးလခန့် ကျင့်ပြီးနောက် သူမလည်း ဓမ္မအဆင့်သုံးသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ယခုတွင် သူမက သူမ၏မိသားစုမှ လူများဖြင့် ရှေးဟောင်းမြေရိုင်း ဒေသသို့ သွားရောက်နိုင်ပြီဖြစ်သည်။ တခြားလူအများစုမှာ ရီဖူရှင်း မသိသောသူများ ဖြစ်ကြသည်။ အင်အားကြီး အဖွဲ့အစည်းများ အားလုံး သည်နေရာတွင် စုစည်းနေကြ၏။
ကြည့်ရသည်မှာ မည်သူမှ စောင့်လိုကြပုံ မရတော့ပေ။ ထိုထူးဆန်းသော ရှေးဟောင်းမြေရိုင်း ဒေသကား ဆွဲဆောင်နိုင်လွန်းလှသည်။ အဆင့်နိမ့် ဓမ္မတန်ခိုးရှင်များက ထိုနေရာသို့ သွားရန် မစောင့်နိုင်ကြတော့ပေ။ မှန်သည် ဓမ္မအဆင့်အပြင် ထိုစွမ်းအားဖြင့် အကြီးအကဲများလည်း ပါဝင်ပေသည်။ စွမ်းအားမြင့် အကာနာအဆင့် တန်ခိုးရှင်များက ရှေးဟောင်းမြေရိုင်း ဒေသ၏ အထက်ဘုံအား သွားရောက်ကြမည် ဖြစ်သည်။
ထိုစဉ်မှာပင် ဧကရာဇ်ရီက သူ့လူများဖြင့် နန်းတော်ထဲမှ ထွက်ပေါ်လာသည်။
“အရှင်မင်းကြီး… အရှင့်သား…” လူတိုင်းက ဧကရာဇ်ရီနှင့် သူ့ဘေးမှ လူငယ်လေးအား ဦးညွှတ်ကြသည်။ သူ၏သွင်ပြင်က ထက်မြက်ဟန်ရှိကာ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။ သူကား ဧကရာဇ်ရီ၏ အကြီးဆုံးသားဖြစ်သူ ရီရှောင်ဖြစ်သည်။ သူကား ဓမ္မအဆင့်၏ အမြင့်ဆုံးတွင် ရှိနေသည်။
ရီဖူရှင်းက ရီရှောင်အား ဖန်းဟွာပွဲတော်တွင် မြင်ဖူးပြီးသား ဖြစ်သည်။ သို့သော် သူတို့အကြား ဆက်ဆံပြောဆိုမှု မရှိခဲ့ပေ။ သူကား ရီဒန်ချန်းနှင့် ရီလင်းဇီတို့နှင့်သာ နီးကပ်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ အသက်အရွယ်အားဖြင့် ပိုမိုနီးစပ်သောကြောင့် ဖြစ်သည်။ ရီရှောင်ကား ရှေးဟောင်း မြေရိုင်းဒေသကို ဝင်ရောက်မည့် ဧကရာဇ်ရီ၏ သားတော်ဖြစ်သည်။ ရီဒန်ချန်းနှင့် ရီလင်းဇီတို့၏ တန်ခိုးအဆင့်မှာကား လွန်စွာ နိမ့်နေသေးသည်။
ရီရှောင်အပြင် ဧကရာဇ်ရီ၏နောက်တွင် ဓမ္မအဆင့် အမြင့်ဆုံးတွင်ရှိသော လူအများအပြား လိုက်ပါလာကြသည်။ သူတို့မှာ သေချာ လေ့ကျင့်ထားသော တော်ဝင် သက်တော်စောင့်များဖြစ်ကာ သူတို့အုပ်စုနှင်အတူ ခရီးဆက်ကြမည့်သူများ ဖြစ်ကြသည်။
“အားလုံး အဆင်သင့်ပဲလား…” ဧကရာဇ်ရီက လူအုပ်စုကြီးမှ လူများအား မေးလိုက်သည်။ လူတစ်ယောက်စီတိုင်း၏ မျက်နှာကို ဝေ့ကြည့်လျှင် အများအပြားက ခေါင်းညိတ်လိုက်သည်ကို သူမြင်ရသည်… “ဒါဆိုသွားကြစို့…”
ထို့နောက် လူတိုင်းက ကောင်းကင်သို့ ပျံတက်သွားကာ ဦးတည်ရာ အရပ်တစ်ခုတည်းကို သွားရောက်ကြသည်။
နဂါးကြီး၏ကျောတွင် ထိုင်နေသော သူများမှာ ဧကရာဇ်ရီနှင့် သူ့လူများ ဖြစ်ကြသည်။ လူတိုင်းတွင် ကိုယ်ပိုင်စီးတော်ယာဉ်များ ရှိကြသည်။ ဒီမွန်ကလန်တွင် တောကောင်များ အုပ်စုလိုက်ရှိသည်။ အမှန်ပင် ကောင်းမွန်သော ဖွဲ့စည်းမှုဖြစ်သည်။
ထိုစဉ်မှာပင် သိမ်းငှက်နက်ကြီးက နဂါးကြီး၏ကျောပေါ်ကို ရောက်ရှိလာကာ ရီဖူရှင်း၏ဘေးတွင် လာရပ်သည်။ ထိုအနီးမှ လူများက ရီဖူရှင်းအား နားမလည်သလို ကြည့်ကြသည်။ သည်ကောင်လေးကား နန်းမြို့တော်တွင် အလွန် ကျော်ကြားနေပြီ ဖြစ်သည်။ သည်သတ္တဝါဆန်းမှာ သူ၏ အဖော် တောကောင် ဖြစ်ဟန်တူသည်။ ကြည့်ရသည်မှာ ပနံသင့်ပုံမရပေ။
သို့သော် တခြားလူများ၏အတွေးကို ရီဖူရှင်း ဂရုမစိုက်ပေ။ သူက သိမ်းငှက်နက်ကြီး၏ ခေါင်းအား အသာအယာ ပွတ်လိုက်သည်။ သည်သိမ်းငှက်နက်မှာ လူဝံကြီးက သူ့အား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းပြချက်အပြင် သူတို့က အချိန်အကြာကြီး လက်တွဲလာခဲ့ပြီး ဖြစ်သည်။ သိမ်းငှက်နက်ကြီး၏ စွမ်းအင်မှာ သာမန်မျှသာ ဖြစ်သော်လည်း သိမ်းငှက်နက် မတိုးတက်နိုင်ဟု မည်သူက ပြောနိုင်မည်နည်း။
နယ်မြေတစ်ရာအတွက် ရှေးဟောင်းမြေရိုင်း ဒေသကိုသွားရာ ဂိတ်ပေါက်မှာ တစ်နေရာတည်း ဖြစ်သည်။ ထိုနေရာကား နယ်မြေတစ်ရာ၏ နယ်စပ်ဒေသတွင် ရှိသည်။ ဧကရာဇ်ရီနှင့် တခြားလူများက နိုင်ငံအများအပြားအား ဖြတ်ကျော်လျှင် ရက်များစွာ ကြာလာသောအခါ ရောက်ရှိလာကြတော့သည်။ ရောက်ရှိသောအခါ ရီဖူရှင်းနှင့် တခြားလူများက အဆောက်အဦများ ဆောက်လုပ်ထားသော နေရာတစ်နေရာအား တွေ့ကြသည်။ ထိုအဆောက်အဦများက ကလန်များ၏ နားနေဆောင်များနှင့် ဆင်ဆင်ရသည်။ သည်နေရာကား မြေရိုင်းဒေသနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။
သူတို့က အမှန်ပင် လျင်မြန်စွာ လုပ်ဆောင်ထားကြ၏။ ကောင်းကင်မှ ကြည့်လျှင် တစ်ချိန်က မြေရိုင်းနေရာကား ယခုတွင် မြို့တစ်မြို့အလား ပြောင်းလဲသွားပြီ ဖြစ်သည်ကို ဧကရာဇ်ရီက မြင်ရသည်။ အဆောက်အဦ အများအပြားမှာ ဆောက်လုပ်ထားပြီ ဖြစ်သည်။ ကြည့်ရသည်မှာ တခြားနိုင်ငံများက ကိုယ်ပိုင်နေရာများ ဦးထားကြပုံရသည်။
“ကောလာဟလတွေအရ အရှေ့မြေရိုင်းဒေသက အင်အားစုတွေက ရှေးဟောင်းမြေရိုင်း ဒေသရဲ့ ဝင်ပေါက်တွေကို ပိုင်ဆိုင်ကြတယ်တဲ့… သူတို့က ဝင်ပေါက်ကို ပိုင်ဆိုင်ရပြီဆိုရင် သူတို့ရဲ့ ကလန်အဖွဲ့ဝင်တွေလည်း စိတ်ရှိတိုင်း ဝင်လို့ရပြီပေါ့… ကြည့်ရတာ နယ်မြေတစ်ရာက ကျုပ်တို့ရဲ့ သူငယ်ချင်းတွေက အရမ်း လျင်လျင်မြန်မြန်နဲ့ သင်ယူနိုင်ကြတာပဲ… ဒါပေမဲ့ ဒီဝင်ပေါက်ကိုတော့ အင်အားစု တစ်ခုတည်းက ပိုင်ဆိုင်ထားပုံတော့ မရဘူး…” ဧကရာဇ်ရီက ပြောသည်။
ဧကရာဇ်ရီ ပြောသည်ကို လူတိုင်းက နားထောင်နေကြပြီး နားလည်လာကြသည်။ သည်အရာကပင် သာမန်လူများနှင့် အင်အားကြီး အဖွဲ့အစည်းများ၏ ခြားနားချက်ဖြစ်သည်။ အင်အား ကောင်းသူများက ရှေးဟောင်းမြေရိုင်း ဒေသကို သူတို့ လေ့ကျင့်ရာ နေရာအဖြစ် သတ်မှတ်ကြသည်။ သို့သော်လည်း နယ်မြေတစ်ရာကား ယခုမှ ရှေးဟောင်းမြေရိုင်းဒေသကို ဝင်ရန် အခွင့်အရေးရခြင်း ဖြစ်သည်။ သူတို့ကား အလွန်နောက်ကျ ကျန်နေရစ်ပြီဖြစ်သည်။
လူတိုင်းက ရှေ့တည့်တည့်ကို ကြည့်လျှင် ကောင်းကင်မှ ထူးဆန်းသော နေရာကို မြင်ကြသည်။ ထိုနေရာကား ဧရာမ တံခါးကြီးတစ်ခုကို လွှမ်းခြုံထားသည်။ အောက်ခြေတွင် အင်းကွက်ကြီးတစ်ခု ရှိသည်။ ထိုအင်းကွက်၏ အလယ်တည့်တည့်တွင် နိုဘယ်စွမ်းအင်များဖြင့် လင်းလက် တောက်ပနေသည်။ ထိုနေရာမှ ထွက်နေသော အလင်းတန်းက ကောင်းကင်မှ တံခါးကြီးအား ရိုက်ခတ်နေပြီး ရှေးဟောင်း မြေရိုင်းဒေသဘက်မှ မြင်ကွင်းများအား ဝေဝါးစေသည်။ သည်အင်းကွက်ကား အရှေ့မြေရိုင်းသေမှ အလွန်စွမ်းအားမြင့်သော တန်ခိုးရှင်များ ပြုလုပ်ထားပုံရ၏။ သည်အရာက ရှေးဟောင်းမြေရိုင်းဒေသကို သွားရောက်မည့်တံခါးအား အသက်သွင်းရန် ပြုလုပ်ထားခြင်း ဖြစ်ပုံရသည်။
ယခုတွင်ကား တံခါးအနီးတွင် လူအုပ်စုများ မရေမတွက်နိုင်အောင် ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံတစ်ခုစီက ဧကရာဇ်တိုင်းက အလွန်အားကောင်းသော လူစာရင်းများဖြင့် ရောက်ရှိနေကြသည်။
ဧကရာဇ်ရီနှင့် သူ့လူများက ထိုလူအုပ်ကြီးသို့ ချဉ်းကပ်လာသည်။ ဧကရာဇ်များကား တစ်နေရာတည်းတွင် စုစည်းနေကြပြီးဖြစ်ကာ အသစ်ရောက်လာသူများအား ကြည့်လိုက်ကြသည်။ နောက် နိုင်ငံတစ်ခု ရောက်ရှိလာကြပြီ။
***