Switch Mode

အခန်း ( ၅၇ )

ကောင်းမှုကုသိုလ်

ဘာတွေဖြစ်နေတာလဲ။

သူ့နတ်အာရုံသည် ‌မြောက်အရပ်မှ အလင်းတန်းများကြောင့် နှောင့်ယှက်ခံလိုက်ရသဖြင့် လီချန်ရှို့ပုံစံစက္ကူရုပ်သည် နောက်ထပ်စက္ကူရုပ်များနှင့် ရွာရှိရာသို့ ကိုယ်တိုင်သွားလိုက်ပြီး သစ်ပင်ကြီးတစ်ပင်၏ အပေါ်တွင် ပုန်းအောင်းနေလေသည်။ ထိုအခါမှ ရွာအတွင်း၌ ဖြစ်ပျက်နေသော အခြေအနေများကို တွေ့လိုက်ရ‌တော့သည်။

ရွာသားတစ်ရာကျော်လောက်သည် စင်မြင့်ကြီး ပြင်ဆင်ထားသော ရွာအဝင်တံခါးရှေ့တွင် စုရုံးနေကြ၏။ တာအိုဝတ်ရုံများ ဝတ်ဆင်ထားသူ တချို့သည် ထိုစင်မြင့်ပေါ်တွင် ခုန်ပေါက်နေ၏။ ထိုစင်မြင့်ပေါ်တွင် တရားပြနေသူတစ်ယောက်လည်း ရှိလေသည်။

အလင်းတန်းများထွက်လာရာ နေရာသည် ထိုတရားပြဆရာတို့၏ နောက်ရှိ ရွှံ့ရုပ်တုကြီးမှဖြစ်ကြောင်း လီချန်ရှို့ တွေ့လိုက်ရသည်။

လီချန်ရှို့ စိတ်ထဲမှပြုံးလိုက်သည်။ စက္ကူရုပ်များသည် သက်လတ်ပိုင်းအရွယ် ယောက်ျားကြီးများအသွင် ပြောင်းလဲသွားပြီး သစ်ပင်ကြီးပေါ်မှ ခုန်ချကာ ထွက်ခွာသွားလေတော့သည်။

သူသည် ရတနာတစ်ပါးပေါ်လာသည်ဟု ထင်ခဲ့မိ၍ ယူရန်လာခြင်း ဖြစ်သည်။

ယနေ့ခေတ်တွင် ရတနာများကို တွေနိုင်သည့် နေရာများများစားစား မရှိတော့ပေ။

ထိုကဲ့သို့သော တရားပြမှုသည် တောင်ကျွန်းအပြင်၌သာ ဖြစ်ပါက ဂိုဏ်းကြီးတချို့မှ တပည့်လက်ခံရန် လုပ်‌ဆောင်ခြင်းဖြစ်ကြောင်း (၈၀) ရာခိုင်နှုန်းသေချာလေသည်။

သို့သော် ထိုအရာသည် တောင်ကျွန်းအတွင်း၌ ဖြစ်ပါက ပိုက်ဆံလိမ်လည်ရန်အပြင် အမွှေးတိုင်ပူဇော်မှုများနှင့် ကုသိုလ်ကောင်းမှု ရယူရန် တစ်ခုခု ဖြစ်နိုင်၏။

ထိုအခြင်းအရာကို တွေ့ရများ၏။

ထိုတရားပြနေသူတော်တော်များများ၏ ကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်အခြေတည် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်၌သာ ရှိကြသည်။

သုံးပေသာသာမြင့်သော ရွှံ့ရုပ်ထုကို စောင့်‌ရှောက်နေသော တာအိုရသေ့အိုကြီး၏ ကျင့်ကြံခြင်းအဆင့်သည် ဗလာနတ္ထိနောက်ဆုံးအဆင့်သို့ရောက်နေပြီး တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်တော့မည် ဖြစ်၏။

ထိုအရာများသည် လီချန်ရှို့နှင့် မသက်ဆိုင်ချေ။

စက္ကူရုပ်များသည် လက်ဟန်များ ဖော်၍ သစ်ပင်တစ်ပင်နောက်တွင်ပုန်းကာ မြေကိုယ်ယောင်ဖျောက်အတတ်ကို ထုတ်လိုက်ကြသည်။

သုတ္တန်များရွတ်ဖတ်နေသံသည် လေနှင့်အတူ လွင့်ပါလာပြီး စက္ကူရုပ်များ၏ နားအတွင်းနှင့် လီချန်ရှို့၏ နှလုံးသားအတွင်း ဝင်ရောက်သွား၏။
“ ကြီးကျယ်မြင့်မြတ်တဲ့ တာအိုတရားကို သက်သေပြလိုစိတ် ပြင်းပြတာဟာ အနောက်ကျောင်းတော်ရဲ့ ဉာဏ်ပညာပဲ… ”

‘ အနောက်ကျောင်းတော်ကလား ’
စက္ကူရုပ်များသည် လက်ဟန်ကို ပို၍လျင်မြန်စွာ ဖော်လိုက်ပြီး ရှေ့ရှိ မြေပြင်ပေါ်တွင် တံလျှပ်များ ဖြစ်ပေါ်လာသောအခါ အထဲသို့ ဝင်ရောက်သွားကြတော့သည်။

၎င်းတို့သည် ယခင်ကထက် ပို၍လျင်မြန်စွာသွားနေသည်။

ထိုအချိန်တွင် ကျွန်းပေါ်ရှိ လီချန်ရှို့အစစ်သည် မတ်တတ်ရပ်ကာ ပုံရိပ်ယောင်အတတ်ကို သုံး၍ ငါးတစ်ကောင် အဖြစ်ပြောင်းလဲကာ အရှေ့အရပ်သို့ သွားလိုက်လေသည်။

အနောက်ကျောင်းတော်သည် ကြမ္မာနှောင်ကြိုး အများအပြားကို ဖြစ်စေနိုင်၍ ဤနေရာမှ သူ အမြန်ထွက်သွားရပေမည်။

သို့သော် ဤနေရာသည် တောင်ကျွန်း၏ အနောက်တောင်အရပ်ဖြစ်သဖြင့် အပရဂေါယာန အနောက်ကျွန်းကြီးနှင့် ‌ဝေးကွာလေသည်။ အနောက်ကျောင်းတော်သည် ဤနေရာအထိပင် လာ၍ အမွှေးတိုင်းပူဇော်မှုများကို လာရောက်စုဆောင်းနေ၏။

လီချန်ရှို့က ထွက်ပြေးရန် ဟန်ပြင်နေစဉ် သူ၏ နတ်အာရုံသည် အရှေ့တောင်အရပ်ရှိ ပင်လယ်ရေထဲတွင် ထူးဆန်းသောအရာတစ်ခုကို အာရုံခံမိလိုက်လေသည်။

လီ(၈၀၀)အကွာရှိ ရေပြင်ထဲတွင် အလင်းရောင်ရှိရာသို့ ဦးတည်သွားနေသော မိစ္ဆာအငွေ့အသက်များ ရှိနေ၏။

လီချန်ရှို့သည် ချက်ချင်းရပ်တန့်လိုက်ပြီး ပင်လယ်ကြမ်းပြင်သို့ ကူးသွားကာ ခြေရာဖျောက်ရန် ကြိုးစားလိုက်သည်။ သူသည် မြေအောက်ထဲတွင် သွားနေကြသော စက္ကူရုပ်များကိုလည်း ရပ်တန့်လိုက်သည်။
‘ ပင်လယ်မိစ္ဆာတစ်ကောင်က အဲဒီအလင်းတန်းတွေကို မျက်စိကျသွားတာလား။ ဒါကောင်းတဲ့ အခြင်းအရာတော့ မဟုတ်ဘူး ’

သူသည် သေချာစူးစမ်းလေ့လာလိုက်ရာ ထိုပင်လယ်အတွင်းရှိ မိစ္ဆာ၏ အစွမ်းသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်သို့ ရောက်ခါစ ကျင့်ကြံသူတစ်ယောက်၏ အစွမ်းနှင့် ညီကြောင်း သိလိုက်ရသည်။

ထိုမိစ္ဆာအငွေ့အသက်များ လွှမ်းခြုံနေသောအရာမှာ ကြီးမား၍ ပုံးပန်းမကျသော ငါးကြီးဖြစ်သည်။ ထိုငါးကြီးသည် ငါးလိပ်ကျောက်နှင့်တူ၏။ သို့သော် ၎င်း၏ ခန္ဓာကိုယ်သည် ပိုကြီး၍ အလျားအနံ ကျန့်(၁၀၀)ကျော် ရှိပေသည်။

ထိုငါးမိစ္ဆာကြီးသည် ၎င်း၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသည်ဟု ယူဆလျှင် ၎င်းသည် အတုမဲ့နတ်ဝိဇ္ဇာနောက်ဆုံးအဆင့်၌ ရှိပေလိမ့်မည်။

ထိုငါးကြီးသည် မိစ္ဆာအငွေ့အသက်များနှင့် လွှမ်းခြုံနေသည်သာမကာ ၎င်း၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း မီးတောက်ကဲ့သို့ သွေးရောင်အလင်းများ ရှိနေလေသည်။

ထိုလက္ခဏာများသည် ၎င်းသတ္တဝါက ကြမ်းတမ်းရက်စက်ကြောင်း ပြနေ၏။ သူ၏ အကုသိုလ်များကြောင့် မိစ္ဆာတစ်ကောင် ဖြစ်လာရခြင်း ဖြစ်ပေမည်။

လီချန်ရှို့ နှလုံးခုန် မြန်နေသည်။

ထိုသို့ဖြစ်နေခြင်းမှာ သူသည် ထို ပုံမကျပန်းမကျ သတ္တဝါကို စိတ်ဝင်စား၍ မဟုတ်ချေ။ ထိုငါးမိစ္ဆာကြီး၏ မကောင်းသော အကုသိုလ်များ၏ တန်ခိုးအစွမ်းကို သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။

ထိုမကောင်းဆိုးဝါးကြီးကိုသာ သူ သုတ်သင်လိုက်လျှင် ကုသိုလ်များစွာ ရပေလိမ့်မည်။

‘ ငါ အဲဒီမိစ္ဆာကြီးကို သတ်လိုက်သင့်လား ’
လီချန်ရှို့သည် တွေးရင်းဖြင့် နှလုံးခုန်နှုန်းမြန်နေတော့သည်။

နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးခါစဖြစ်၍ သူ့နတ်အခြေခံသည် သိပ်၍ မခိုင်မာသေးပေ။ ထို့ပြင် သူ့၌ ရတနာအနည်းငယ်သာ ရှိ၏။

ကုသိုလ်သည် မွန်မြတ်သောသောအရာတစ်ခုဖြစ်ပြီး ရှားပါးလေသည်။

အကယ်၍ သူသည် ဂိုဏ်း၌သာ ကျင့်ကြံနေပြီး ကောင်းကင်နှင့် မြေကြီးတို့၏ တည်ငြိမ်အေးချမ်းမှုအတွက် ကုသိုလ်ကောင်းမှုများကို မလုပ်ပါက နှစ်ရာပေါင်းများစွာ ကြာသွားလျှင်ပင် ကုသိုလ်တစ်ခုမှ ရမည် မဟုတ်ချေ။

အကယ်၍ သူသည် တန်ခိုးအစွမ်းကိုသာ အားကိုး၍ တာအိုကို ရယူလိုသည့် ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်ခဲ့လျှင် ကုသိုလ်မရရန် ရှောင်ရှားနေရမည် ဖြစ်သည်။ အကယ်၍ ကုသိုလ်ရလိုခဲ့လျှင် ကောင်းကင်တာအိုလမ်းစဉ်၏ လွှမ်းမိုးမှုကို ခံရပေလိမ့်မည်။

သို့သော် လီချန်ရှို့သည် ထိုသို့သောသူ မဟုတ်ပေ။ ထို့ပြင် သူ့တွေးခေါ်ပုံမှာ ရိုးရှင်း၏။

အကယ်၍ သူ့ကို ကာကွယ်ပေးမည့် ကုသိုလ်များရှိခဲ့လျှင် သူ ပို၍ လုံခြုံပေလိမ့်မည်။

အကယ်၍ နောင်တွင် သူ့၌ ကုသိုလ်အများအပြားရရှိခဲ့လျှင် အကြီးအကဲများကဲ့သို့ ထိုကုသိုလ်များကို ဓမ္မရတနာလုပ်ရာတွင် အသုံးပြုမည် မဟုတ်ပေ။ သူသည် ရှေးဦးစွာ ကုသိုလ်ရွှေခန္ဓာတစ်ခုကို ပြုလုပ်မည်ဖြစ်သည်။

ကုသိုလ်ရွှေခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားခြင်းသည် သေမိန့်ကင်းလွတ်ခွင့် တံဆိပ်ပြား ရှိသည်နှင့် တူ၏။ မည်သည့်ကပ်ဘေးနှင့် ကြုံလာကြုံလာ သူ ကြောက်ရန် မလိုတော့ချေ။

ထိုအရာကိုသာ ရခဲ့လျှင် သူ့အား တန်ခိုးရှင်တစ်ယောက်က အပြင်းအထန်တိုက်ခိုက်ခဲ့လျှင်ပင် ထိုကုသိုလ်ရွှေခန္ဓာကိုယ်ထက် အစပေါင်းများစွာ များသည့် ကုသိုလ်များကို သုံးမှသာ သူ့ကို ထိခိုက်အောင် လုပ်နိုင်ပေမည်။

သို့သော် ထိုကုသိုလ်ရွှေခန္ဓာကို ရရန် အလွန်ခက်ခဲ၏။ ထိုအရာကိုရရန် ကုသိုလ်ပမာဏ အမြောက်အမြား လိုအပ်ပေသည်။

ယနေ့ခေတ်တွင် ကောင်းကင်တာအိုသည် ပို၍ပြည့်စုံလာပြီ ဖြစ်သည်။ ထိုကဲ့သို့ ကုသိုလ်များကို ရရန် သူ့တွင် အခွင့်အရေး သိပ်မရှိ‌ပေ။

ကောင်းကင်ဘုံခုံရုံးတွင် သွားရောက် တာဝန်ထမ်းဆောင်ခြင်းသည် ကုသိုလ်ရရန် အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်၏။ လီချန်ရှိ့သည် ထိုအကြောင်းများနှင့် ပတ်သတ်၍ ယခင်ကလည်း စဉ်းစားခဲ့ဖူးလေသည်။

ယခုဖြစ်ပေါ်နေသော ပြဿနာကို သူ အရင်ရှင်းရမည် ဖြစ်သည်။

ထိုငါးမိစ္ဆာကြီးကို သုတ်သင်လိုက်လျှင် ကုသိုလ်အများအပြားရမည်မှာ သေချာသည်။

“ သဲမှုန်လေးများ ပေါင်းစည်းကာ တောင်ဖြစ်လာပြီး ရေစက်လေးများစုပေါင်း၍ သမုဒ္ဒရာဖြစ်လာသည် ” ဟူသောဆိုရိုးအရ အရာအားလုံးတွင် စမှတ်ရှိပေသည်။

သို့သော် မိစ္ဆာမျိုးနွယ်နှင့် ကြမ္မာနှောင်ကြိုးတွယ်သွားနိုင်၏။

လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်သည် သမိုင်းပေး ရန်သူများ ဖြစ်ကြသည်။ လီချန်ရှို့သည် မိစ္ဆာမျိုးနွယ်ကို အလျှော့ပေးလျှင်တောင် တစ်နေ့၌ သူ မိစ္ဆာမျိုးနွယ်မှ ပညာရှင်တစ်ဦး၏ လက်အတွင်းသို့ ကျသွားပါက ဆီပူအိုးထဲထည့်ကာ ကြွပ်ကြွပ်ကျော်ခံရမည်ဖြစ်သည်။

သူသည် မိစ္ဆာမျိုးနွယ်ကို အလျှော့ပေးနေရန် မလိုပေ။

သို့သော် ထိုမိစ္ဆာငါးသည် အမှန်သာ ၎င်း၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသည်ဆိုလျှင် လီချန်ရှို့ အနည်းငယ် စွန့်စားရပေမည်။

ထိုနေရာသည် တောင်သမုဒ္ဒရာဖြစ်ပြီး မိစ္ဆာများကျက်စားလေ့ရှိသော နေရာ မဟုတ်ပေ။ ထိုနေရာမှ လီ (၂၀၀၀) ပတ်လည်အတွင်း ၎င်းငါးမိစ္ဆာကြီး၏ မိစ္ဆာအငွေ့အသက်နှင့် မိစ္ဆာအသေးစားလေးများရှိသည့် ကျွန်းတစ်ကျွန်းသာ ရှိသည်။

လီချန်ရှို့သည် ရေကိုယ်ယောင်ဖျောက်အတတ်နှင့် မြေကိုယ်ယောင်ဖျောက်အတတ်တို့၏ အစွမ်းကို မြှင့်တင်ပြီးပြီ ဖြစ်သောကြောင့် တစ်ရက်လျှင် လီ(၁၀၀,၀၀၀)ခန့် အေးအေးလူလူသွားနိုင်၏။ ထိုငါးမိစ္ဆာကို သတ်ပြီးသည်နှင့် လီချန်ရှို့သည် ချက်ချင်းထွက်‌ပြေးပြီး သေမျိုးလောကတွင် ပုန်းအောင်းနေမည်ဖြစ်ရာ အခြား မိစ္ဆာများ လာရောက်လက်စားချေမည်ကို စိတ်ပူရန်မလိုချေ။

ထို့ပြင် သူသည် အန္တရာယ်မကြုံလိုလျှင် ၎င်းကို မသတ်လိုက်လည်း ရ၏။ သို့သော် ထိုငါးမိစ္ဆာကြီးက သူနှင့် မျိုးနွယ်တူ လူသားများအား သတ်မည်ကို လက်ပိုက်ကြည့်နေလျှင် တရားနည်းလမ်းကျမည် မဟုတ်ပေ။

သူသည် ဘဝနှစ်ခုကို ဖြတ်သန်းဖူးသော လူသားတစ်ဦးပင် မဟုတ်ပါလော။

လီချန်ရှို့သည် ရှုံးရွာကလေးမှ ရွာသားများသည် သူနှင့် မျိုးနွယ်တူမှ ဟုတ်ပါလေသလောဟု တွေးမိသော်လည်း ယခုအချိန်တွင် ထိုကိစ္စများကို ခေတ္တခေါက်ထားရပေမည်။

*****

လီချန်ရှို့သည် ကြိုးစားကြည့်မည်ဟု တွေး၍ ရေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ ထိုငါးမိစ္ဆာကြီးထက် ဆယ်ဆမြန်အောင် သွားလိုက်သည်။ သူသည် ကမ်းခြေနှင့် လီ(၁၀၀)အကွာရှိ ပင်လယ်ပြင်အတွင်းသို့ တိတ်တဆိတ် ကူးသွားလိုက်၏။

ဤအာဒိကပ္ပလောကတွင် ကျောင်းတော်သုံးကျောင်း၏ ကိုယ်ယောင်ဖျောက်အတတ်များမှ လွဲ၍ အခြားကိုယ်ယောင်ဖျောက်အတတ်များကို တွေ့ရန် မလွယ်ကူပေ။

ယနေ့ခေတ်တွင် မန္တန်များထက် ရတနာများအား အသုံးပြုခြင်းကို ပို၍အသားပေးနေရာ ကိုယ်ယောင်ဖျောက်အတတ်၏ အခန်းကဏ္ဍမှာ နိမ့်ပါးနေလေသည်။

ငါးမိစ္ဆာကြီး၏ လမ်းကြောင်းကို ခန့်မှန်းပြီးသောအခါ လီချန်ရှို့၏ အင်္ကျီလက်သည် လှုပ်ခါသွားပြီး အထဲမှ စက္ကူရုပ်ခြောက်ရုပ် ထွက်သွားကာ ရုပ်ရည်သွင်ပြင်မတူကျသော ယောက်ျား၊ မိန်းမများ အဖြစ် ပြောင်းလဲသွားသည်။

စက္ကူရုပ်ခြောက်ရုပ်သည် ချက်ချင်းပင် ပင်လယ်ကြမ်းပြင်၌ ရေထဲတွင် ဆင်ရန် သင့်တော်သော ထောင်ချောက်မန္တန်အစီအရင်ကို ဆင်လိုက်ကြသည်။

ယခုအချိန်တွင် အဖိုးတန်ရတနာထီးသည် အသုံးမဝင်သည့်အပြင် အဆင့်မြှင့်တင်မှုလည်း မလုပ်ရသေးချေ။

လီချန်ရှို့သည် ကမ်းခြေသို့ ပြန်ဆုတ်လိုက်ပြီး မြေအောက်ရှိစက္ကူရုပ်များကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ပင်လယ်အနီးမှ တောအုပ်တစ်ခုတွင် ပုန်းအောင်းနေလိုက်သည်။

သူသည် မျက်စိများမှိတ်လိုက်ပြီး လီ(၁၀၀)ပတ်လည် ပတ်ချာလည်အတွင်းရှိ ဖြစ်ပျက်နေသည်များကို အာရုံခံလိုက်၏။

ခေတ္တမျှကြာပြီးနောက် ကမ်းခြေမှ လီ(၁၀၀)အကွာရှိ ပင်လယ်ပြင်အတွင်း၌ ကြီးမားသော လှိုင်းလုံးကြီးတစ်လုံး ထွက်ပေါ်လာသည်။

ပင်လယ်ရေမျက်နှာပြင်တွင် စက်ဝိုင်းပုံ မန္တန်အစီအရင်တစ်ခု ပေါ်ပေါက်လာပြီး ထိုလှိုင်းလုံးကြီးကို လွှမ်းခြုံလိုက်လေသည်။

ကျန့်(၁၀၀)ကျော်ရှိသော ထိုငါးမိစ္ဆာကြီးသည် ခြုံခိုတိုက်ခိုက်မှုကို သတိမထားမိလိုက်၍ ထောင်ချောက်မန္တန်အစီအရင်အတွင်း ယာယီမိသွား၏။ ထို့နောက် ၎င်းသည် တစ်ခုခု မူမမှန်ကြောင်း သိလိုက်သဖြင့် အလန့်တကြား အော်ဟစ်ရုန်းကန်လေတော့သည်။

စက္ကူရုပ်ခြောက်ရုပ်သည် နေရာအနှံ့မှ ထွက်ပေါ်လာပြီး ထိုငါးမိစ္ဆာကြီး၏ ပတ်လည်သို့ သွားလိုက်ကြသည်။ ၎င်းတို့၏ လက်ထဲတွင် အဆိပ်ဆေးမှုန့်ပုလင်း တစ်ပုလင်းစီကိုင်ထားကြပြီး ၎င်းတို့၏ နတ်အစွမ်းများကို သုံးကာ ငါးမိစ္ဆာကြီး၏ ခန္ဓာကိုယ်ကို ပက်လိုက်ကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုငါးမိစ္ဆာကြီး၏ ဘေးပတ်လည်ရေပြင်သည် ညစ်နွမ်းသွားသည်။ ငါးမိစ္ဆာကြီး၏ ခန္ဓာကိုယ်သည် လှိုက်စားခံလိုက်ရပြီး ၎င်း၏ ဝိညာဉ်သည်လည်း ထိခိုက်သွားလေ၏။
“ မင်းတို့က…ဘယ်သူတွေလဲ… ”

လီချန်ရှို့သည် နောက်ဆုံးလက်ကျန် အဆင့်မြင့် အားအင်မဲ့နတ်ဆေးနှစ်ပုလင်းကိုလည်း ထိုထဲတွင် ထည့်သုံးခဲ့၏။

ထိုငါးမိစ္ဆာကြီးသည် ကျင့်ကြံခြင်းအဆင့်မြင့်မားသော်လည်း အဆိပ်ဆေးမှုန့်များ၏ ဒဏ်ကိုမူ ယခင်က သူ ကြုံတွေ့ခဲ့ရသော အရှေ့သမုဒ္ဒရာနဂါးနန်းတော်မှ ဒုတိယမင်းသာလေးလောက် ခံနိုင်ရည်မရှိဘဲ ၎င်း၏ လှုပ်ရှားမှုများသည် ရုတ်ခြည်း နှေးကွေးသွားတော့သည်။

လီချန်ရှို့ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။

စက္ကူရုပ်‌ခြောက်ရုပ်သည် ၎င်းတို့လက်ထဲရှိ အဆိပ်မှုန့်များကို ပက်ဖြန်းပြီးသောအခါ ဓားတစ်ချောင်းစီကိုင်လိုက်ပြီး ကြက်ခြေခတ်ပုံဖြင့် ရှေ့သို့ တက်လိုက်ကြသည်။ နတ်အလင်းများတောက်ပနေသော အဆောင်တစ်ခုသည်လည်း ပင်လယ်အတွင်း ပေါ်ပေါက်လာလေသည်။

ဓားမန္တန်အစီအရင်နှင့် သမာဓိမီးတောက်တို့သည် တစ်ပြိုင်နက် အစွမ်းပြလိုက်ကြသည်။

အဆောင်မန္တန်အစီအရင်သည်လည်း သံကြိုးများကဲ့သို့ ငါးမိစ္ဆာကြီးကို ပတ်ပတ်လည် ချုပ်နှောင်ထားလေသည်။ အဆောင်မန္တန်အစီအရင်၏ အစွမ်းများထွက်လာပြီး ငါးမိစ္ဆာကြီးကို ချုပ်ကာ လျှပ်စစ်‌ရှော့တိုက်ခြင်း၊ အေးခဲအောင်လုပ်ခြင်း၊ မီးမြှိက်ခြင်းစသည်တို့ကို လုပ်လိုက်လေသည်။

ငါးမိစ္ဆာကြီး၏ ခန္ဓာကိုယ်သည် အဆိပ်မှုန့်များ၏ လှိုက်စားမှုကို ခံနေရသဖြင့် ကောင်းစွာ မခုခံနိုင်တော့ပေ။

သမာဓိမီးတောက်လွှမ်းခြုံထားသော ဓားခြောက်လက်သည် ၎င်း၏ ခန္ဓာကိုယ်ကြီးအပေါ်ကျရောက်သွားရာ ခန္ဓာကိုယ်ပေါ်တွင် ကန့်လန့်ဖြတ်ဓားဒဏ်ရာ ခြောက်ချက်ပေါ်သွားလေသည်။

သမာဓိမီးတောက်များသည် ထိုဓားဒဏ်ရာများအတွင်း စိမ့်ဝင်သွားပြီး ထိုငါးမိစ္ဆာကြီး၏ မူလ ချီနှင့် မူလဝိညာဉ်တို့ကို အသုံးချကာ ဆက်လက်‌တောက်လောင်နေပေသည်။

ပင်လယ်အတွင်းရှိ ထိုငါးမိစ္ဆာကြီး၏ ပတ်ပတ်လည်တွင် မီးတောက်များလွှမ်းခြုံသွားသည်။ ၎င်းငါးကြီးသည် အော်ပင်မအော်နိုင်တော့ချေ။

ကမ်းခြေပေါ်မှ သစ်ပင်များ အကြားရှိ လီချန်ရှို့သည် လက်ဝဲဘက်လက်သီးကို စုပ်လိုက်ရာ စက္ကူရုပ် ခြောက်ရုပ်သည် ဓားများကို ရွယ်၍ ငါးမိစ္ဆာကြီး၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုစီသို့ သွားလိုက်ကြသည်။

မန္တန်အစီအရင်၏အတွင်းရှိ ပင်လယ်ရေပြင်အတွင်းမှ မီးတောက်များ ထွက်ပေါ်လာသည်။

ပင်လယ်ရေမျက်နှာပြင်သည် ရေတိုင်ကြီးတစ်တိုင်ပမာ ပေါက်ကွဲထွက်သွားပြီး သမာဓိမီးတောက် လွှမ်းခြုံနေသော ငါးမိစ္ဆာကြီး၏ ခန္ဓာကိုယ်အပိုင်းအစများသည် လေပေါ်သို့ မြောက်တက်သွားလေ၏။ မိစ္ဆာဝိညာဉ်ကို လေထဲတွင် သမာဓိမီးတောက်လွှမ်းခြုံထားသော အဆောင်မန္တန်အစီအရင်၏ သံကြိုးများက ဖမ်းထားလေသည်။

လီချန်ရှို့သည် ဓာတ်ကြီးငါးပါးကိုယ်ယောင်ဖျောက်အတတ်များကို ထုတ်သုံးလိုက်သည်။ ရှေးဦးစွာ သစ်သားကိုယ်ယောင်ဖျောက်အတတ်ကို သုံး၏။ ထို့နောက် မြေကိုယ်ယောက်ဖျောက်အတတ်ကိုသုံးလိုက်ပြီးနောက် ရေကိုယ်ယောင်‌ဖျောက်အတတ်ကို ပြောင်းသုံးလိုက်သည်။

သူသည် မန္တန်အစီအရင်အတွင်းသို့ ရောက်သွားသောအခါ စက္ကူရုပ်သုံးရုပ်သည် ရေမျက်နှာပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ကယ်တင်ခြင်းသုတ္တန်၊ ပြန်လည်မွေးဖွားခြင်း မန္တန်နှင့် ကုသိုလ်-အကုသိုလ် ကျိန်စာကို ရွတ်နေပြီ ဖြစ်သည်။

ကျန်စက္ကူရုပ်သုံးရုပ်သည် ပင်လယ်ရေပြင်အတွင်းရှိ အဆိပ်မှုန့်အကြွင်းအကျန်များကို ရှင်းလင်းနေ၏။ ၎င်းတို့၏ ပါးစပ်များကိုဟကာ ညစ်နွမ်းနေသော ပင်လယ်ရေများနှင့် သမာဓိမီးတောက်များကို ဝမ်းဗိုက်အတွင်းသို့ စုပ်ယူလိုက်ပြီး နောင်တွင် ပြန်သုံးနိုင်ရန် သိမ်းဆည်းလိုက်လေသည်။

သမာဓိမီးတောက်၏ အစွမ်းသည် အလွန်ပြင်း၏။ အချိန်တခဏအတွင်းမှာပင် ငါးမိစ္ဆာကြီး၏ ခန္ဓာကိုယ်သည် ပင်လယ်မျက်နှာပြင်ပေါ်တွင် ပြာပုံအဖြစ် ပြောင်းလဲသွားပေပြီ။

လီချန်ရှို့သည် ရေထဲမှထွက်လာလိုက်ပြီး ခေါင်းထဲတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။

သမာဓိမီးတောက်၏ အစွမ်းသည် ပြင်းလွန်းလှသည်။ အကယ်၍ ဂိုဏ်းအတွင်း၌ ထိုမီးတောက်ကို ဆေးဖော်ရာတွင် လိုအပ်၍ သုံးခဲ့ရသော် ထိုအရာကို မြင်သွားသူသည် အဘယ်ကြောင့် သူ့သမာဓိမီးတောက်၏ အစွမ်းသည် ထိုမျှပြင်းထန်နေရသနည်းဟု ရုတ်တရက်မေးခဲ့လျှင်ကား …

သမာဓိမီးတောက်၏ ပြင်းအားကို လျှော့ချရန် နည်းတစ်ခု ရှာရပေမည်။ ထိုပြင်းအားကို အလိုရှိသလို ထိန်းချုပ် ချိန်ညှိနိုင်လျှင် ကောင်းပေမည်။

လီချန်ရှို့သည် ဝိညာဉ်ထိန်းပုလဲကို ပစ်လွှတ်လိုက်သည်။ သူသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ပြာများသည် ရေလုံးတစ်ခုအတွင်း ရောက်သွားပြီး ထိုရေလုံးသည် သူ့လက်အတွင်းသို့‌ ရောက်လာ၏။ ထိုရေလုံးကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ညင်သာစွာပေါက်ကွဲသွား၏။

ထိုသို့လုပ်ခြင်းသည် မယုံနိုင်‌လောက်အောင် စိတ်သက်သာရာရစေလေသည်။

စက္ကူရုပ်သုံးရုပ်သည် သုတ္တန်များ၊ မန္တန်များကို ဆက်ရွတ်နေဆဲပင်။ လီချန်ရှို့သည် ဝိညာဉ်ထိန်းပုလဲအတွင်းရှိ မှတ်ဉာဏ်အကြွင်းအကျန်များကို စစ်ဆေးလိုက်သည်။

ထိုငါးမိစ္ဆာကြီးသည် တောင်သမုဒ္ဒရာမှ မဟုတ်ပေ။ ၎င်းသည် အနောက်သမုဒ္ဒရာအတွင်း၌ နေထိုင်ခြင်းဖြစ်သည်။

ထိုမိစ္ဆာငါးမျိုးနွယ်၏ ဘိုးဘေးများထဲတွင် တန်ခိုးအစွမ်းကြီးသည့်ငါး သိပ်မရှိချေ။ သမုဒ္ဒရာရေနက်ပိုင်းတွင် နေကြသော မိစ္ဆာမျိုးနွယ်သည် ကုသိုလ်တရား အားမကောင်းသောကြောင့် ၎င်းတို့ဘာသာ မတိုးတက်အောင် မလုပ်နိုင်ခဲ့ပေ။

ထိုငါးမိစ္ဆာကြီးသည် လူပေါင်းမရေမတွက်နိုင်အောင် သတ်ခဲ့ပြီးပြီဖြစ်သည်။ တံငါသည်များစွာသည်လည်း ၎င်း၏မျိုးနွယ်ကြောင့် သေဆုံးခဲ့ရ၏။ သူသည် ထိုငါးမိစ္ဆာကြီးကို သတ်ခဲ့ခြင်းမှာ ကောင်းကင်အလိုတော်အရပင် ဖြစ်သည်။

ပင်လယ်မျက်နှာပြင်မှနေ၍ ရွှေရောင်အလင်းတန်းများ ထွက်လာပြီး လီချန်ရှို့၏ လက်မောင်းအတွင်းသို့ ဝင်သွားလေသည်။

လီချန်ရှို့ကို ဉာဏ်အလင်းပွင့်မှု အနည်းငယ်က ရုတ်ခြည်း လွှမ်းခြုံသွား၏။ သူ၏ တာအိုတွင် ထပ်‌လောင်းကာကွယ်မှု ရသွားသလို ခံစားလိုက်ရပြီး သူ၏ အမတလမ်းခရီးသည်လည်း ပို၍ချောမွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအရာသည် ကုသိုလ်ပင်ဖြစ်သည်။

အကြမ်းဖျင်းတွက်ချက်မှုအရ ထိုမိစ္ဆာငါးမျိုးကဲ့သို့ မိစ္ဆာအကောင် သန်းပေါင်းအနည်းငယ်ကို သတ်လိုက်လျှင် ကုသိုလ်‌ရွှေခန္ဓာကိုယ်ရနိုင်ပေသည်။ သို့မဟုတ် ကုသိုလ်ရွှေခန္ဓာကိုယ်ရဖို့ လက်လျှော့လိုက်သင့်သည်။ အပြင်ကိုမထွက်ဘဲ တောင်ပေါ်မှာပင် နေထိုင်ခြင်းသည်လည်း ကောင်းသောအရာဖြစ်သည်။

“ အာ… ”
ထိုငါးမိစ္ဆာကြီး၏ မှတ်ဉာဏ်အတွင်းမှ ထူးဆန်းသော အရာတစ်ခုကိုတွေ့လိုက်ရသဖြင့် လီချန်ရှို့ မျက်မှောင်ကြုတ်သွားသည်။

ထိုငါးမိစ္ဆာကြီးသည် ရွာကို ဟန်ဆောင်တိုက်ခိုက်ပြီး ရွှံရုပ်တုကြီးကြောင့် ပြန်ထွက်ပြေးရသည့်ဟန်ဆောင်၍ ပင်လယ်အတွင်းသို့ ပြန်ထွက်ပြေးမည်ဖြစ်သည်။

၎င်းသည် အခြားရွာများကိုလည်း အထက်ပါအတိုင်းပင် ဆက်၍လုပ်တတ်သည်။

လီချန်ရှို့၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွား၏။ ရွတ်ဖတ်နေသည်များ ပြီးဆုံးသွားပြီ ဖြစ်သည်။ ထို့နောက် သူသည် စက္ကူရုပ်များ၊ ဓမ္မရတနာများနှင့် သိုလှောင်ဓမ္မအ‌ဆောင်အိတ်များကို ချက်ချင်းပြန်သိမ်းလိုက်သည်။

သူသည် မန္တန်အစီအရင်ကို ပြန်မသိမ်းတော့ဘဲ အလျင်စလို ဖျက်ဆီးလိုက်ပြီး ပုံရိပ်ယောင်မန္တန်နှင့် ပုံရိပ်ယောင်အတတ်ကို သုံးပြီးနောက် ရေကိုယ်ဖျောက်အတတ်ဖြင့် အရှေ့အရပ်သို့ အသည်းအသန်ပြေးလေတော့သည်။

ထိုငါးမိစ္ဆာကြီးသည် အနောက်‌ကျောင်းတော်မှ ဖြစ်၏။

၎င်းသည် ရှုံးရွာရှိ တရားပြသူများနှင့် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

သူတို့သည် အနောက်ကျောင်းတော်၏ တရားများကို အရင်ပြ၍ ငါးမိစ္ဆာကြီး လာတိုက်ခိုက်မည့်အချိန်ကို စောင့်နေပြီး လာတိုက်ခိုက်သောအခါ ရွှံ့ရုပ်တုကိုသုံး၍ မိစ္ဆာကြီးကို နှင်လွှတ်လိုက်ကာ တန်ခိုးပြာဋိဟာပြသည့်ဟန်ဖြင့် လိမ်လည်နေကြခြင်းပင်။ ထိုနည်းအားဖြင့် သူတို့သည် အနောက်ကျောင်းတော်အတွက် အမွေးတိုင်ထွန်းညှိပူဇော်မည့် ယုံကြည်သူအစစ်အမှန်များကို ရရှိနေခြင်း ဖြစ်သည်။

ထိုလှည့်ကွက်သည် အမှန်ပင် စက်ဆုပ်ဖို့ကောင်း၏။ သို့သော် လီချန်ရှို့သည်လည်း ထိုလှည့်ကွက်ကို ဖော်ထုတ်၍ အနောက်ကျောင်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရလောက်အောင် စိတ်ကောင်းရှိသူ တစ်ယောက် မဟုတ်ချေ။

လူများအား အနောက်အရပ်သို့ ပို့ရသည်ကို သဘောကျသော အနောက်ကျောင်းတော်မှ တန်ခိုးရှင်နှစ်ပါးသည် နတ်ဘုရားဘွဲ့ အပ်နှင်းမှုဖြစ်လာစေရန် ကြံစည်နေသူနှစ်ယောက် ဖြစ်သည်။

နတ်ဘုရားဘွဲ့စစ်ပွဲကြီး မဖြစ်မီနှင့် ဖြစ်ပြီးနောက်တွင် ကြုံခဲ့ရသော တာအိုဂိုဏ်းများအကြားမှ ပဋိပက္ခများသည် ထိုတန်ခိုးရှင်နှစ်ပါး ဂြိုလ်မွှေ၍ ဖြစ်သည်။

နတ်ဘုရားဘွဲ့စစ်ပွဲကြီး အပြီးတွင် ထိုက်စန့်လောင်ကျွင်းသည် ဗုဒ္ဓတစ်ပါး ဖြစ်လာကာ အနောက်ကျောင်းတော်ကို မဟာယနဗုဒ္ဓဘာသာကျောင်းတော် ဖြစ်လာစေခဲ့၏။

ယင်းသည် လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး တန်ခိုးရှင်ငါးပါးလည်း ပါဝင်ခဲ့သည်။

တန်ခိုးရှင်များ ကစားသောပွဲတွင် တာ့လော်နတ်မင်းအဆင့်ရှိသူများသည်ပင် နယ်ရုပ်များဖြစ်ခဲ့ရလေရာ သူ့ကဲ့သို့ ကောင်းကင်ပြစ်ဒဏ်ခံယူပြီးခါစ နတ်ဝိဇ္ဇာငယ်လေးသည် မည်သို့ ဝင်ပါနိုင်မည်နည်း။

‘ ငါသူတို့ကို သွားရန်စမိလို့မဖြစ်ဘူး။ ဒီကနေ မြန်မြန်ထွက်ပြေးမှဖြစ်မယ် ’
လီချန်ရှို့သည် ရေကိုယ်ယောင်ဖျောက်အတတ်နှင့် မြေကိုယ်ယောင်ဖျောက်အတတ်ကို တစ်လှည့်စီသုံးကာ အရှေ့အရပ်သို့ လျှပ်စီး၏အလျင်ဖြင့် သွားလိုက်သည်။

သူသည် မူလက တစ်ရက်လျှင် လီ(၁၀၀,၀၀၀)မျှ သွားနိုင်မည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ထိုခရီးကို နေ့ဝက်မျှနှင့်ပင် သွားနိုင်လိုက်သည်။

လူများသည် ကြောက်လန့်တကြားပြေးလျှင် ပို၍ မြန်သည်မှာ အမှန်ပင်။

လီချန်ရှို့သည် ကမ်းစပ်တစ်ခုသို့ ရောက်သောအခါ နေရာတစ်ခုရှာ၍ မျက်နှာချေများလိမ်းပြီး အခြားလိုအပ်သော ရုပ်ဖျက်မှုများလုပ်ကာ ရုပ်ပြောင်းရုပ်လွှဲလုပ်လိုက်သည်။

ဤအကြိမ်တွင် သူသည် အားနည်းသည့် စာပေသမားတစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပြီး အရှေ့မြောက်အရပ်သို့ ခပ်မြန်မြန် ထွက်သွားလိုက်လေသည်။

သူ၏လက်ယာလက်သည် အင်္ကျီလက်အတွင်း၌ရှိနေပြီး ဝိညာဉ်ထိန်းပုလဲကို ကိုင်ကာ ငါးမိစ္ဆာကြီး၏ မှတ်ဉာဏ်အပိုင်းအစများကို စူးစမ်းနေ၏။

ခေတ္တမျှကြာပြီးနောက် အသုံးဝင်သော သတင်းအချက်အလက်များကို ထပ်ရလိုက်သည်။

လီချန်ရှို့သည် တစ်စုံတစ်ယောက်က ထိုငါးမိစ္ဆာကြီးကို ပြောခဲ့သည့် ကျောင်းတော်သုံးကျောင်း၏ နတ်ဝိဇ္ဇာဂိုဏ်းများအကြောင်းကိုပင် သိခဲ့ရလေသည်။

*****

လီချန်ရှို့ လီငါးသောင်း‌‌ ခြောက်သောင်းခန့် ထပ်သွားပြီးနောက် …

ရှုံးရွာလေး၏အပြင်တွင် တုတ်ခိုင်သန်မာသော ယောက်ျား၊ မိန်းမတစ်စုသည် စင်မြင့်ပေါ်မှ ခုန်ပေါက်နေသော လူများကိုကြည့်ကာ ပျင်း၍ သမ်းဝေနေကြပြီဖြစ်သည်။

ထိုကျင့်ကြံသူများသည်လည်း နားမလည်နိုင်ဟန်ရှိနေပြီး တစ်ယောယ်ကို တစ်ယောက် မျက်လုံးချင်း စကားပြောနေကြ၏။

စီစဉ်ထားသည့်အတိုင်းဆိုလျှင် သူတို့၏ဆရာ ရောက်လာသင့်ပေပြီ။ အဘယ်ကြောင့် အရိပ်အယောင်မျှပင် မတွေ့ရသေးသနည်း။

သူတို့၏ ဆရာသည် အိပ်များပျော်နေသလော။ နေရာမှား၍များ ရောက်သွားလေသလော။

ပူဇော်သောအကကို သုံးကြိမ်ကပြီးသွားပြီဖြစ်ရာ အောက်မှ ကြည့်နေသော ရွာသူရွာသားများသည် ပျင်းရိငြီးငွေ့လာပြီဖြစ်သည်။

“ အဟမ်း… ”
တာအိုရသေ့အိုကြီးသည် တရားပြနေသည်ကိုရပ်၍ ချောင်းဟန့်လိုက်သည်။ သူသည် ရှေးဦးစွာ ခေါင်းခါယမ်းလိုက်ပြီး ထူးခြားသော လေသံဖြင့် အော်ပြောလိုက်သည်။
“ သင်တို့သာ နတ်မင်းကြီးတွေကို ယုံကြည်တယ်ဆိုရင် နတ်မင်းကြီးတွေကလည်း သင်တို့ကို စောင့်ရှောက်မှာပါ။ သင်တို့ဟာ လုံခြုံမှုကို ခံစားရပါလိမ့်မယ် ”

“ ဝမ်ချိုင်း… အကုန်လုံးမြင်ရအောင် လာသရုပ်ပြပေးလိုက်ပါဦး ”

ဖိတ်ခေါ်ခံရသော လူငယ်လေးသည် သဘောတူလိုက်၏။ သူသည် သူ၏ကိုယ်တွင် အဆောင်တစ်ခုကို ခိုးကြောင်ခိုးဝှက်ကပ်လိုက်ပြီး ရုတ်တရက် ရွှံ့ရုပ်တု၏ ရှေ့တွင် ဒူးထောက်လိုက်၏။ ထို့နောက် သူ၏ရင်ဘတ်နှင့် နောက်ကျောတွင် ရွှေရောင်အလင်းတန်းများ ပေါ်ပေါက်လာလေသည်။

ထိုအ‌ဆောင်သည် ဓမ္မအ‌ဆောင်ဖြစ်ပြီး သာမန်အဆင့် အဆောင်တစ်ခုသာ ဖြစ်သည်။ ထိုအဆောင်သည် သေမျိုးလောကမှ လက်နက်များ၏ ရန်ကို ကာကွယ်ပေးနိုင်၏။

ထိုလူငယ်လေးသည် ရှေ့သို့ခြေတစ်လှမ်းတက်၍ ခေါ်နေကျအတိုင်း ပရိသတ်အတွင်းမှ လူများကို စင်ပေါ်သို့ဖိတ်ခေါ်၍ သူ့အား ဓားဖြင့်ခုတ်ခိုင်းရန် ဟန်ပြင်လိုက်သည်။

သို့သော် ရှေ့မှ ကွင်းပြင်ထဲရှိ လူများသည် မယုံကြည်နိုင်လောက်အောင် ခွန်အားကြီးမားဟန်တူသည်။ ဝမ်ချိုင်း၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ရီသွားရပြီး သူ၏နှုတ်ခမ်းများသည်လည်း တဆတ်ဆတ် လှုပ်ခါသွားရသည်။

သူသည် လူအုပ်၏နောက်ရှိ မျက်လုံးများမို့အစ်နေသော ချစ်စဖွယ်ဟန်ရှိသည့် မိန်းမပျိုလေးကို ဖျတ်ခနဲ တွေ့လိုက်သည်။ သူသည် ဝမ်းသာသွားပြီး ထိုမိန်းမပျိုလေးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ ဟိုမိန်းကလေး… စင်‌ပေါ်ကိုတက်လာပြီး ကျုပ်ကို ထိုးပေးလို့ရမလား ”

“ ဟမ် … အို… ”
ရှုံးလင်လိသည် မော့ကြည့်ကာ မျက်ရည်စများကို သုတ်လိုက်သည်။ သူမ၏ မျက်နှာလေးသည် သနားစဖွယ်ဖြစ်နေလေသည်။

သူမ လူအုပ်အနောက်မှ ထွက်လာသောအခါ ဝမ်ချိုင်းတစ်ယောက် ဒူးတုန်သွားတော့၏။

ယင်းသည် သူ၏အကျင့်တစ်ခုဖြစ်၍ နားလည်ပေးနိုင်ပေသည်။

ရှုံးလင်လိက နူးညံ့စွာ မေးလိုက်သည်။
“ အစ်ကို့ကို တကယ်ထိုးရမှာလား ”

“ ဟုတ်တယ်..ဟုတ်တယ်… ”

ဝမ်ချိုင်းသည် အဖွဲ့အတွင်းမှ ဒုတိယခေါင်းဆောင်နှင့် သူ့အားကြည့်နေသော တာအိုရသေ့အိုကြီးထံ ခေါင်းလှည့်၍ ကြည့်လိုက်သည်။ ဝမ်ချိုင်းသည် သဘောမတူချင်လည်း မရတော့တော့သဖြင့် စိတ်ထဲမှသာ ရေရွတ်လိုက်သည်။
‘ ဒီမိန်းကလေးက နည်းနည်း ပိုခွန်အားကြီးရုံပဲ ရှိတာပါ။ သူက သေမျိုးလေးပဲလေ။ ဟုတ်တယ် သူက သေမျိုးလေးပဲ … ငါတို့က ကျင့်ကြံသူတွေ။ ငါတို့ ကြောက်နေစရာမလိုပါဘူးကွ ’


Comment

Leave a Reply

Options

not work with dark mode
Reset