Switch Mode

အခန်း (၆၄၆)

ပိတ်မိနေပါသော

ဝမ်ပေါင်လဲ့မှာ ထိုမီးငှက်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း သူငယ်များ ကျဉ်းမြောင်းသွားရ၏။ ထို့နောက် သူသည် လိုအပ်လာသည်နှင့် ချက်ချင်းလှုပ်ရှားနိုင်ရန် အဆင်သင့် ပြင်လိုက်ပြီးနောက် သားကောင်အား ခုန်အုပ်ရန်‌ ချောင်းမြှောင်းနေသည့် ကျားသစ်တစ်ကောင်ကဲ့သို့ သူ၏ ခန္ဓာကိုယ်အား ရှေ့သို့ ကိုင်းညွှတ်ထားလိုက်တော့သည်။

သို့သော် ထို ကျားသစ်၏ဗိုက်မှာ အနည်းငယ် ဖောင်းကာနေ၏… မည်သို့ပင် ဆိုစေကာမူ ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများမှာ နှေးကွေးနေမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ အာရုံအပြည့်စိုက်ကာ အဆင်သင့်ပြင်ထားပြီ ဖြစ်သည်။ မီးငှက်ကြီးမှာမူ ကြိတ်ဆုံကျောက်ကြီး လည်ပတ်နေသည့် အရပ်မျက်နှာ၏ ဆန့်ကျင်ဘက်အတိုင်း ပျံသန်းသွားလိုက်ပြီးနောက် ၎င်းအား ဝင်တိုက်သွားလိုက်တော့သည်။ ထိုအခါ အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွား၏။ မီးငှက်ကြီးမှာ အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်လိုက်ပြီးနောက် ပြာပုံဘဝသို့ ရောက်သွားတော့သည်။ ကြိတ်ဆုံကျောက်ကြီးမှာမူ ထိခိုက်ပျက်စီးသွားခြင်းမရှိပေ။ သို့သော် ၎င်းမှာ မီးငှက်ကြီးနှင့် တိုက်မိသွားသည့်အချိန်တွင် တစ်ခဏမျှ ရပ်တန့်သွား၏။

ထို ကြိတ်ဆုံကျောက်ကြီး တစ်ခဏမျှ ရပ်တန့်သွားသောအခါ ၎င်း၏ လက်ကိုင်ကိုးခုမှာ အပြင်းအထန်တုန်ရီသွား၏။ အဝေးတွင်မူ သားရဲကြီးကိုးကောင်မှာ ဒေါသတကြီး အော်ဟစ်မြည်တမ်းနေကြသည်။

ထိုအခြင်းအရာ အားလုံးမှာ ကြိတ်ဆုံကျောက်ကြီး ရပ်တန့်သွားသည့် အခိုက်အတန့်တွင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဖုန့်ချိုးရန်မှာ ဤအခိုက်အတန့်အား စောင့်မျှော်နေခဲ့သည်ပုံပင်။ သူမသည် ရှေ့သို့ပြေးထွက်လာပြီးနောက် အပြားနှစ်ပြား၏ ကြား‌ရှိ‌ နေရာလွတ်ထဲသို့ ဝင်ရောက်လာတော့သည်။

သူမ၏ နောက်တွင် ကျောက်ယမုန့်နှင့် အခြားသူများ ပါလာကြ၏။ သူတို့မှာလည်း ရုတ်ခြည်းဆိုသလို အရှိန်မြှင့်တင်လိုက်ကြပြီးနောက် ထိုနေရာလွတ်ထဲသို့ ဝင်ရောက်လာကြသည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။

သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် ကြိတ်ဆုံကျောက်ကြီး တစ်ခဏမျှ ရပ်တန့်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ထို‌နေရာလွတ်လေးထဲသို့ ရောက်ရှိလာခဲ့၏။

သူ၏ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာမှုကြောင့် ကျင့်ကြံသူအချို့မှာ အံ့ဩတုန်လှုပ်သွားရပါသော်လည်း ဝမ်ပေါင်လဲ့ ဖြစ်နေမှန်း သိလိုက်ရသောအခါ စိတ်အေးသွားရပြီး သက်ပြင်းချမိသွားကြ၏။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ သူ့အား မြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားကြပြီး ဖုန့်ချိုးရန်မှာမူ တစ်ခဏမျှ မှင်တက်သွားပြီးနောက် သူ့အား ခေါင်းညိတ်ပြလိုက်၏။

သို့သော် သူတို့မှာ စကားပြောနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူတို့မှာ ရှေ့သို့ ဆက်လက်ချီတက်သွားကြတော့သည်။

သွေးညှီနံ့များမှာ သူတို့၏ နှာခေါင်းပေါက်များထဲသို့ ချက်ချင်းဝင်ရောက်လာ၏။ သူတို့၏ ပတ်ပတ်လည်တွင်မူ တစ်စစီ ကြေမွနေသော အရိုးများနှင့် အစိတ်စိတ်အမြွှာမြွာ ဖြစ်နေသည့် အသားစများဖြင့် ဝန်းရံနေသောကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။ အချို့မှာဆိုလျှင် ပျို့အန်ချင်စိတ်များ ပေါက်လာပါသော်လည်း ထိုကဲ့သို့ ရွံရှာနေရန် အချိန် မရှိပေ။ မည်သူကမှ ဤနေရာတွင် အသက်မသေချင်ကြသောကြောင့် သူတို့အားလုံးမှာ နှလုံးသားထဲရှိ မအီမလည် ဖြစ်နေသည့် ခံစားချက်များအားလုံးကို မျိုသိပ်ကာ ရှေ့သို့ ရင်တထိတ်ထိတ်နှင့် ချီတက်သွားကြတော့သည်။

သူတို့မှာ အပြားနှစ်ပြား၏ ကြားထဲသို့ ရောက်နေသည်ဖြစ်ကြောင်း သူတို့က သိထား၏။ သို့ဖြစ်ရာ သူတို့မှာ ကြိတ်ဆုံကျောက်ကြီး ပြန်လည်လှုပ်ရှားမလာခင် ထိုနေရာမှ ထွက်ခွာနိုင်စွမ်းမရှိပါက ကြိတ်ဆုံကျောက်ထဲသို့ ပစ်ထည့်‌ခံနေရသည့် အရိုးစုများအတိုင်း တစ်ကိုယ်လုံး တစ်စစီကြေမွသွားရမည်သာ ဖြစ်ပေသည်။

ထို့ကြောင့် သူတို့အားလုံးမှာ ရှေ့သို့ သွေးရူးသွေးတန်း ပြေးလွှားနေကြ၏။ ကံကောင်းစွာဖြင့် ကြိတ်ဆုံကျောက်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားလေးလံလွန်းလှသည့်တိုင်အောင် မီးငှက်ကြီး၏ ရိုက်ခတ်အားမှာလည်း အလွန်အင်မတန်မှ အားပြင်းနေဆဲပင်။ သူတို့အားလုံးမှာ လေးဖင့်နေခြင်း မရှိဘဲ အပြားနှစ်ပြားကြားတွင် သွေးရူးသွေးတန်း ပြေးလွှားနေကြသောကြောင့် နောက်ဆုံးတွင် ကြိတ်ဆုံကျောက်ကြီး၏ အလယ်သို့ ရောက်ရှိလာတော့သည်။

၎င်း၏ အလယ်ဗဟိုမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေ၏။ သူတို့၏ရှေ့တွင် အပေါ်ဘက်မှ အပြားနှင့် အောက်ဘက်မှအပြားတို့ကို ချိတ်ဆက်ပေးထားသော အပေါက်ကြီးတစ်ပေါက် ရှိနေသည်။ အပေါက်ကြီးထဲတွင် လေများ တဟူးဟူး တိုက်ခတ်နေ၏။

သူတို့အဖွဲ့ထဲမှ အများစုမှာ အပြားနှစ်ပြားကြားထဲမှ အချိန်မီ ပြေးထွက်လာနိုင်ခဲ့ပါသော်လည်း လူအချို့မှာ နှေးကွေးနေသောကြောင့် နောက်တွင်ကျန်ရစ်ခဲ့ကြဆဲပင်။ ထို့ကြောင့် ကြိတ်ဆုံကျောက်ကြီး ပြန်၍လည်ပတ်သွားသည့် အချိန်တွင် သူတို့မှာ ထိုနေရာမှ လွတ်မြောက်လာကြခြင်း မရှိသေးပေ။ ထိုအချိန်တွင် အလွန်အင်မတန်မှအားကောင်းသော စုပ်ယူအားကြီးတစ်မျိုးမှာ ၎င်းတို့အား နောက်သို့ပြန်၍ ဆွဲငင်သွားတော့သည်။ ထို့နောက် အပြားနှစ်ပြားလည်ပတ်ရာမှ ထွက်ပေါ်လာသည့် ထစ်ချုန်းသံကြီးနှင့် ထိုကျင့်ကြံသူများ၏ သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံများကြောင့် အသက်ရှင်ကျန်ရစ်ခဲ့သော ကျင့်ကြံသူများမှာ ကျောချမ်းသွားရတော့သည်။

” စွန့်စားကြည့်ကြတာပေါ့။ ဒီနည်းနဲ့ပဲ ဒုတိယထပ်ကို ရောက်နိုင်မှာ။ ငါတို့တွေ တည်နေရာပြောင်းရွှေ့နိုင်ဖို့ဆိုရင် ယဇ်ပလ္လင်ကို ဖျက်ဆီးဖို့လိုတယ် ” ဖုန့်ချိုးရန်မှာ မျက်စိမျက်နှာပျက်သွားကာ ထိုသို့ ဆိုလိုက်ပြီးနောက် အပေါက်ကြီးထဲသို့ ပြေးဆင်းသွားလိုက်တော့သည်။

သူမ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ကျောက်ယမုန့်၊ ခုန်းတောက်နှင့် သူမ၏ တပည့်ရင်းနှစ်ယောက်ကို ကာကွယ်ပေးထားဆဲပင်။ အခြားသူများမှာလည်း သူမ၏ဘေးတွင်ကပ်၍ အပေါက်ကြီးထဲသို့ ပြေးဆင်းသွားလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာမူ အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ အနီးတွင် ရှိနေ၏။

သူတို့အားလုံးမှာ စိတ်ဖိစီးမှုကိုယ်စီဖြင့် အပေါက်ကြီးထဲသို့ ပြေးဆင်းသွားကြတော့သည်။ အကယ်၍ သူတို့သာ စိတ်ဓာတ်မာကျောသောလူများ မဟုတ်ကြပါက ယခုတွင် ချုံးပွဲချ ငိုကြွေးနေကြလောက်ပြီဖြစ်သည်။

ထိုအပေါက်ကြီးမှာ မှောင်မိုက်နေသော ဂူကြီးတစ်လုံးနှင့် တူနေ၏။ ကြိတ်ဆုံကျောက်၏ အဆက်မပြတ် လည်ပတ်နေမှုကြောင့် စုပ်ယူအားတစ်မျိုး ပေါ်ပေါက်လာပြီး သူတို့အား အပေါ်ဘက်သို့ ပြန်ဆွဲနေသကဲ့သို့ ဖြစ်နေသဖြင့် သူတို့မှာ အရှိန်မြှင့်တင်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

ထို့အပြင် ထိုအပေါက်ကြီးထဲတွင် အလွန်အင်မတန်မှ အနံ့ပြင်းသော သွေးညှီနံ့ကြီးတစ်ခုဖြင့် ပြည့်နှက်နေ၏။ သူတို့မှာ ဝိညာဉ်ချီများဖြင့် အာဟာရဖြည့်တင်းထားသည့် ခန္ဓာကိုယ်များနှင့် တမူထူးခြားသော ကိုယ်ခံစွမ်းအားများကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများ ဖြစ်နေကြသည့်တိုင်အောင် ထိုသွေးညှီနံ့ကြီးအား တောင့်ခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူတို့မှာ ခေါင်းများမူးဝေလာပြီး ပျိ့အန်ချင်စိတ်များ ပေါက်လာကြတော့သည်။

သူတို့၏ ဒုက္ခများမှာ ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်း မရှိသေးပေ။ သူတို့အဖွဲ့ အောက်ပိုင်းသို့ ရောက်လာသည်နှင့် ထိုအပေါက်ကြီးထဲမှ ထွက်ပေါ်လာနေသည့် ဖိအားများမှာ အဆမတန်ပို၍ အားကောင်းလာပြီး သူတို့အား အရပ်မျက်နှာအနှံ့မှ နေ၍ ဖိနှိပ်နေကြတော့သည်။ထို့ကြောင့် သူတို့မှာ အောက်သို့ ဆယ်စက္ကန့်မျှသာ ဆင်းရသေးပါသော်လည်း အစောပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေရာမှ နီမြန်းသွားပြီးနောက် ပြာနှမ်းသွားတော့သည်။ နောက်ဆုံးတွင် သူသည် မျက်လုံးများပြူးသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါက်ကွဲထွက်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှုသံများ မြန်ဆန်လာရ၏။ သူသည် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား အသုံးပြုကာ ဖိအားဒဏ်များကို ခုခံနိုင်ရန် ကြိုးစားလိုက်၏။ ထို့နောက် သူသည် ချီလင်းနှင့် အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူအချို့နှင့် ပူးပေါင်းကာ ကျန်ရှိနေသေးသည့် အမြုတေအဆင့် ကျင့်ကြံသူများအား တဖြည်းဖြည်းနှင့် ပို၍အားကောင်းလာသည့် ဖိအားများကို ခုခံတွန်းလှန်ပေးနိုင်ရန် ကူညီပေးလိုက်ကြတော့သည်။ သို့သော် သူတို့မှာလည်း အတိုင်းအတာတစ်ခုအထိသာ ကူညီပေးနိုင်ပေသည်။ ထို့ကြောင့် ခဏအကြာတွင် ဒုတိယမြောက် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ တစ်ကိုယ်လုံး ပေါက်ကွဲသွားပြန်သည်။

ထို့နောက် ကျင့်ကြံသူနှစ်ယောက် ဆက်တိုက်ဆိုသလို ထပ်၍ ပေါက်ကွဲသွား၏။ နောက်ဆုံးတွင် အခြားအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ အောက်သို့ ဆက်မဆင်းရဲကြတော့ပေ။ သူတို့မှာ ကြောက်ရွံ့တုန်လှုပ်ကာ မျှော်လင့်ချက်များ ပျက်သုဉ်းနေသည့် မျက်ဝန်းများဖြင့် အပေါ်သို့ ပြန်တက်သွားကြတော့သည်။

” ပြန်ဆင်းလာခဲ့စမ်း ” ဖုန့်ချိုးရန်မှာ ထိတ်ထိတ်ပျာပျာနှင့် လှမ်းအော်လိုက်ပါသော်လည်း အချည်းနှီးပင်။ သူတို့နှစ်ယောက်မှာ အပေါ်သို့ အလျင်အမြန် ပြေးတက်သွားကြပြီးနောက် အပေါက်ကြီး၏ အခြားတစ်ဖက်သို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။

ထို့နောက် အမှောင်ထုကြီးထဲ၌ သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံကြီး နှစ်သံ ပျံ့လွင့်လာ၏။ သူတို့၏ အော်ဟစ်သံများ လေထဲ၌ ပဲ့တင်ထပ်နေစဉ်တွင် အပေါက်ကြီး၏ ထိပ်ဆုံးမှနေ၍ အန္တရာယ်ကြီးတစ်ခုမှာ ရုတ်တရက်ဆိုသလို အောက်သို့ ဆင်းသက်လာတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်တစ်ခုလုံး တစ်စစီ ဆုတ်ဖြဲခံလိုက်ရမည့်အလား ခံစားလိုက်ရ၏။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် သူ၏ လက်ကောက်ထဲမှ ဘဝတစ်ထောင်ပညာရပ်အား ထုတ်သုံးလိုက်ရတော့သည်။

သူ ထိုနတ်ဘုရားစွမ်းရည်အား ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် အလွန်အင်မတန်မှ အနံ့ပြင်းသော အပုပ်နံ့ကြီးတစ်ခုမှာ အပေါက်ကြီးအားဖြတ်၍ အောက်သို့ ပျံ့လွင့်လာ၏။ ထို့ကြောင့် ဧရာမသားရဲကြီးတစ်ကောင်မှာ ထိုအပေါက်အားဖြတ်ကာ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့်ပုံပင်။

ထို သတ္တဝါကြီး သူတို့၏အနီးသို့ ရောက်မလာခင် ဖုန့်ချိုးရန်မှာ သူမ၏လျှာထိပ်ကိုကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်ပြီး မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူမထွေးထုတ်လိုက်သည့် သွေးများမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပကာ အနီရောင် ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့၏နောက်တွင်ရှိနေသော အပေါက်ကြီးအား ပိတ်ဆို့လိုက်တော့သည်။ ထို့ကြောင့် ထိုသတ္တဝါကြီးမှာ သူတို့၏အနီးသို့ ရောက်မလာနိုင်တော့ပေ။

ထိုအချိန်တွင် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာပြီး သွေးရောင်ပိုက်ကွန်ကြီးမှာ ဝင်းလက်စွာ တောက်ပသွား၏။ သူတို့ အောက်သို့ ဆက်ဆင်းသွားကြချိန်တွင် ဝမ်ပေါင်လဲ့မှာ အပေါက်ကြီးနှင့် အရွယ်အစားတူသည့် ပုပ်ပွနေသော လက်ကြီးတစ်ဖက် ထိုပိုက်ကွန်ကြီးအား လှမ်း၍ကုတ်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုပိုက်ကွန်ကြီးမှာ ၎င်းအား တားဆီးနေသည့်ပုံ ပေါက်ပါသော်လည်း ယာယီမျှသာ တောင့်ခံ‌နိုင်လောက်ပေသည်။ သူတို့၏ရှေ့မှာပင် ၎င်းမှာ မှေးမှိန်ပျောက်ကွယ်စ ပြုနေပြီဖြစ်သည်။

၎င်းမှာ အချိန်မရွေး တစ်စစီ စုတ်ပြဲသွားတော့မည်ဖြစ်ပြီး ထိုလက်ကြီးနှင့် သူတို့၏ကြားတွင် မည်သည့် အတားအဆီးမှ ရှိနေတော့မည်မ မဟုတ်ပေ။ ထိုအချိန်တွင် အပေါက်ကြီး၏ အဆုံး၌ ထွက်ပေါက်တစ်ပေါက် ပေါ်ပေါက်လာတော့သည်။ ထိုထွက်ပေါက်ထဲမှ ခပ်မှိန်မှိန် အလင်းရောင်တစ်ခု ထွက်ပေါ်နေ၏။

သို့သော် ထိုထွက်ပေါက်မှာ သူတို့အား ထိုနေရာမှ ထွက်ခွာခွင့် မပေးလိုသည့်ပုံဖြင့် အလိုအလျောက် ပြန်ပိတ်သွားနေ၏။ ထို့ကြောင့် သူတို့မှာ ထိုအပေါက်ကြီး လုံးဝပြန်ပိတ်မသွားခင် စက္ကန့်ပိုင်းသာ အချိန်ရပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုထွက်ပေါက်အား မြင်လိုက်ရသောအခါ ရင်ခုန်နှုန်းများ မြန်ဆန်သွားပြီး ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်၏။ ထိုအချိန်တွင် သွေးရောင်ပိုက်ကွန်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားတော့သည်။ ပုပ်ပွနေသည့် လက်ကြီးမှာလည်း သူတို့မှာ လွတ်မြောက်သွားတော့မည်ဖြစ်ကြောင်း သတိထားမိလိုက်သည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ တုန်ရီသွားကာ ရုတ်တရက်ဆိုသလို မြန်ဆန်လာသဖြင့် လေပြင်းများပင် စတင်တိုက်ခတ်လာတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ သူတို့အား လိုက်မီသွားပြီး… လှမ်း၍ ဖမ်းဆုပ်လိုက်၏။

ကျင့်ကြံသူအများစုမှာ ထိုတိုက်ကွက်ကြီးအား ရှောင်တိမ်းနိုင်ခဲ့ပါသော်လည်း ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် အပါအဝင် ကျင့်ကြံသူ ခြောက်ယောက်၊ ခုနစ်ယောက်ခန့်မှာ ထိုလက်ကြီးအား မရှောင်တိမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့မှာ အဖမ်းခံလိုက်ရပြီးနောက် ထိုလက်ကြီးထဲ၌ တစ်စစီ ကြေမွသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုလက်ကြီးထဲသို့ ရောက်နေခဲ့ပါသော်လည်း ၎င်း၏ လက်ချောင်းများ၏ ကြားထဲမှနေ၍ ထူးဆန်းစွာဖြင့် လွတ်မြောက်လာခဲ့၏။ ထို့နောက် လေပြင်းတစ်ချက် ရုတ်တရက်ဆိုသလို တိုက်ခတ်လာသဖြင့် သူသည် အပေါက်ကြီး၏ ဘေးဘက်နံရံအား ဝင်တိုက်မိသွား၏။ သူ၏ ပါးစပ်ထဲမှ သွေးများစီးကျလာချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်လာသဖြင့် သူသည် ထိုနံရံပေါ်၌ ကပ်သွားတော့သည်။ ထို့နောက် သူသည် အောက်သို့ အလျင်အမြန် ပြေးဆင်းသွားလိုက်ပြီး နံရံပေါ်ရှိ အက်ကွဲကြောင်းတစ်ခုထဲသို့ တိုးဝင်သွားလိုက်၏။

သူ ထို အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားသည်နှင့် ထိုဧရာမလက်ကြီးမှာ လေထဲ၌ ‌သွေးရူးသွေးတန်း ဝှေ့ယမ်းနေတော့သည်။ ထို့ကြောင့် တအုန်းအုန်းမြည်သံများနှင့် သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာ လေထဲ၌ ပဲ့တင်ထပ်သွား၏။ အချိန်အတော်အတန် ကုန်ဆုံးသွားပြီးမှ အရာအားလုံးမှာ ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဝမ်ပေါင်လဲ့မှာမူ တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းနေလိုက်ပြီးမှ ရုပ်သေးရုပ်တစ်ရုပ်အား အက်ကွဲကြောင်း၏ အပြင်ဘက်သို့စေလွှတ်ကာ ဘေးပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်တော့သည်။ ထွက်ပေါက်ကြီးမှာ ပိတ်သွားပြီဖြစ်ပြီး ၎င်း၏ ဘေးပတ်ပတ်လည်တွင် အသားစနှင့် သွေးစများ ပေကျံနေ၏။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားရသည်။

သူသည် ဖုန့်ချိုးရန်၊ ကျောက်ယမုန့်၊ ခုန်းတောက်နှင့် အခြားသူများ ထိုအပေါက်ကြီး ပိတ်မသွားခင် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ရှိမရှိကို သေချာမသိပေ။ သို့သော် ထိုလက်ကြီး၏ တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ သေကျေပျက်စီးသွားခဲ့ရသည်မှာ သေချာပေသည်။

အကယ်၍ သူ့အား ထိုတိုက်ကွက်များကို မှော်ဆန်ဆန် ရှောင်တိမ်းနိုင်အောင် ကူညီပေးခဲ့ပြီး သူ၏ခန္ဓာကိုယ်အား အက်ကွဲကြောင်းထဲသို့ တွန်းပို့ပေးခဲ့သည့် သူ၏ နတ်ဘုရားစွမ်းရည် ဘဝတစ်ထောင် ပညာရပ်ကြောင့်သာ မဟုတ်ပါက သူသည်လည်း အသက်ပျောက်နေလောက်ပြီဖြစ်သည်။

Comment

  1. chan thar says:

    ဂုဒ်

Leave a Reply

Options

not work with dark mode
Reset