ထိုမြင်ကွင်းကြောင့် သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်သွားပါသော်လည်း ၎င်းအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်သွားရဆဲပင်။ ထို့ကြောင့် သူသည် တံတွေးများပင် မျိုချမိသွား၏။
ထိုကြိတ်ဆုံကျောက်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားနေသည် မဟုတ်ပါလော။ ၎င်းတွင် အပြားနှစ်ပြားပါပြီး အောက်ဘက်မှအပြားမှာ လှုပ်ရှားနေခြင်း မရှိပါသော်လည်း အပေါ်ဘက်မှ အပြားမှာမူ လက်ကိုင်ကိုးခုဖြင့် ချိတ်ဆက်နေပြီး အဆက်မပြတ် လည်ပတ်ကာ အောက်ဘက်မှ အပြားနှင့် ပွတ်တိုက်နေ၏။ ထိုပွတ်တိုက်မှုကြောင့် အလွန်အင်မတန်မှ ကျယ်လောင်သော ထစ်ချုန်းသံကြီးများ ထွက်ပေါ်နေသည်။ ထိုအပြားနှစ်ပြား၏ ကြားထဲသို့သာ ရောက်သွားမည်ဆိုပါက တစ်စစီ ခြေမွခံလိုက်ရမည်မှာ မလွဲဧကန်ပင်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ ဤကမ္ဘာကြီးထဲ၌ မြင်ခဲ့ရသည့် မိုးထိုးလုမတတ် မြင့်မားနေသော သားရဲကြီးနှစ်ကောင်ကို ပြန်၍သတိရသွားတော့သည်။ ထို့ကြောင့် ဤကမ္ဘာကြီးထဲရှိ စွမ်းအားတစ်မျိုးမှာ အသက်မရှိတော့သော သားရဲကြီးကိုးကောင်အား ထိန်းချုပ်ကာ ကြိတ်ဆုံကျောက်ကြီး၏ ဧရာမလက်ကိုင်ကြီးများကို ဆွဲခိုင်းထားခြင်း ဖြစ်ရမည်ဟု သူက ကောက်ချက်ချလိုက်တော့သည်။
ထိုသားရဲကိုးကောင်စလုံးမှာ သေချာပေါက် သံကြိုးများဖြင့် ချည်နှောင်ခံထားရလောက်ပေသည်။ ၎င်းတို့မှာ အနည်းငယ်ခန့် အရှိန်လျော့ကျသွားလျှင်တောင် သံကြိုးပေါ်ရှိ မန္တန်များမှာ အသက်ဝင်လာပြီး မျက်လုံးဖြင့် မမြင်နိုင်သော ကြာပွတ်များအဖြစ် ပြောင်းလဲကာ ထိုသားရဲကြီးများအား အဆက်အပြတ် ရိုက်နှက်လိုက်ကြမည်သာ ဖြစ်သည်။
ထိုအခြင်းအရာကြီးမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှပေသည်။
ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်လုံးများ မှေးသွားပြီး သစ်တုံးကြီးပေါ်၌ ဒူးတစ်ဖက်ထောက်ကာ ခပ်လှမ်းလှမ်းရှိ ကြိတ်ဆုံကျောက်ကြီးအား လှမ်းကြည့်နေလိုက်၏။ ထို ကြိတ်ဆုံကျောက်ကြီး၏ အောက်တွင် အရိုးများမှာ တောင်လိုပုံနေပြီး ခြောက်သွေ့ရှုံ့တွနေကြသည့် ရုပ်သေးရုပ်များမှာ လျင်မြန်စွာ ရွေ့လျားပျံသန်းရင်း အရိုးစုများအား ထိုကြိတ်ဆုံကျောက်ကြီးထဲသို့ လှမ်း၍ ပစ်ထည့်နေကြသည်ကို မြင်လိုက်ရသည်။
ထို ကြိတ်ဆုံကျောက်ကြီးမှာမူ အဆက်မပြတ် လည်ပတ်နေဆဲဖြစ်ပြီး ၎င်းထဲသို့ ပစ်ထည့်ခံလိုက်ရသည့် အရိုးစုများမှာ ချက်ချင်းဆိုသလိုပင် အမှုန့်ကြေသွားကြသည်သာ ဖြစ်သည်။ ကြိတ်ဆုံကျောက်ကြီး၏ ဘေးနံရံများပေါ်တွင် အနက်ရောင်သွေးများနှင့် နုပ်နုပ်စဉ်းခံထားရသည့် အသားစများ စီးကျနေပါသော်လည်း ၎င်းတို့မှာ ကြိတ်ဆုံကျောက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မျိုးနွယ်စုအား ပို၍ပင် ရွံရှာစက်ဆုပ်မိသွားတော့သည်။ အချိန်အတော်အတန်ကြာပြီးမှ သူသည် စိတ်ကိုတည်ငြိမ်အောင် ပြန်ထားနိုင်လိုက်၏။ ထိုအခါမှသာ သူသည် သတိကြီးကြီးထားကာ ရှေ့သို့ တစ်လှမ်းချင်းစီ လှမ်းလာတော့သည်။ သူ ကြိတ်ဆုံကျောက်ကြီး၏ အနီးသို့ ရောက်လာလေလေ ထစ်ချုန်းသံများမှာ ပို၍ ကျယ်လောင်လာလေလေ ဖြစ်နေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ကြိတ်ဆုံကျောက်ကြီး၏ အလယ်၌ ချိုင့်ခွက်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။
ထိုချိုင့်ခွက်ထဲတွင် လူရိပ်တစ်ခုရှိနေ၏။
၎င်း၏ အရွယ်အစားမှာ ဧရာမကြိတ်ဆုံကျောက်ကြီးနှင့် ယှဉ်လိုက်ပါက မပြောပလောက်ပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ၎င်း၏ အနီးသို့ ရောက်လာသောအခါမှသာ ၎င်းအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရခြင်းဖြစ်သည်။ ၎င်းမှာ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်၏ လူရိပ်တစ်ခု ဖြစ်၏။
ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံသူ သေဆုံးနေသည်လော၊ အသက်ရှိနေသေးသည်လော အတိအကျ မပြောနိုင်ပေ။ ထိုကျင့်ကြံသူ၏ ခေါင်းသုံးလုံးပေါ်ရှိ မျက်လုံးများအားလုံးမှာ မှိတ်နေပြီး သူ၏ လက်ခြောက်ဖက်မှာလည်း ပျော့ခွေနေ၏။ သို့ဖြစ်ရာ သူသည် တရားထိုင်နေခြင်း ဖြစ်နိုင်သလို ထိုပုံစံဖြင့် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်တွင် သက်စောင့်စွမ်းအားများ မရှိတော့ဘဲ ညိုမဲနေသည့် ဒဏ်ရာများသာ ဗရပွဖြစ်နေ၏။
ဝမ်ပေါင်လဲ့မှာ အဆင်အခြင်မဲ့စွာ ပြုမူလှုပ်ရှားခြင်းမရှိဘဲ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူအား အရင်ဆုံး အကဲခတ်ကြည့်လိုက်၏။ သူသည် ကျောက်ယမုန့်နှင့် အခြားသူများအတွက် စိတ်ပူနေသလို ဤစစ်ဆင်ရေးကြီးထဲ၌ ကြုံတွေ့ခဲ့ရသည့် အန္တရာယ်များကြောင့်လည်း စိုးထိတ်နေရသည်။ ထို့အပြင် သူသည် ဤကမ္ဘာကြီးထဲမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းကိုလည်း လုံးဝမသိဘဲ ဖြစ်နေရ၏။ မည်သို့ပင်ဆိုစေကာမူ ယခုတွင် သူသည် ဤနေရာအထိ ရောက်လာပြီဖြစ်ရာ စိုးရိမ်တုန်လှုပ်နေ၍ အကျိုးမရှိကြောင်း သူက နားလည်ထားသည်။
ထို့ကြောင့် သူသည် အံကြိတ်ကာ စိုးရိမ်စိတ်များကို ဖျောက်ဖျက်ပစ်လိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သူသည် ထိုနေရာတွင် ဒူးထောက်ကာ မလှုပ်မယှက် ရပ်နေရင်း အဆက်မပြတ် လည်ပတ်နေသော ကြိတ်ဆုံကျောက်ကြီးအား အကဲခတ်နေလိုက်တော့သည်။ သူသည် ဟာကွက်တစ်ခုခုကို ရှာတွေ့လျှင်ရှာတွေ့ငြား လက်ရှိအခြေအနေကြီးအား အနည်းငယ်ခန့်ထပ်၍ အကဲခတ်လေ့လာရန် ဆုံးဖြတ်လိုက်၏။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ရှည်ရှည်နှင့် စောင့်ကြည့်နေရင်း အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။
ထိုခုနစ်ရက်အတွင်းတွင် ဤ သစ်တုံးကြီးမှာ ကြိတ်ဆုံကျောက်အား တစ်ပတ်အပြည့်ပတ်ရန် ခုနစ်ရက်တိတိ လိုအပ်ကြောင်း သူက သိခဲ့ရသည်။ သူသည် ထိုကြိတ်ဆုံကျောက်ကြီး အရိုးစုများအား ခြေမွသည့် အမြန်နှုန်းကိုပင် မှတ်သားထားခဲ့ပါသော်လည်း ထိုအချက်မှာ သိပ်၍ အသုံးဝင်မည့်ပုံ မပေါ်ပေ။ ထိုခုနစ်ရက်အတွင်းတွင် ထိုကြိတ်ဆုံကျောက်ကြီးမှာ အလွန်အင်မတန်မှ စေ့စပ်တိကျပြီး အစွမ်းထက်သည့် စက်တစ်လုံးကဲ့သို့ မရပ်မနား လည်ပတ်နေခဲ့၏။
အရိုးစုများကို သယ်ဆောင်လာကြသည့် ရုပ်သေးရုပ်များနှင့် ကြိတ်ဆုံကျောက်ကြီးပေါ်တွင် ထိုင်နေသောအဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတို့မှာလည်း ထိုနည်းတူပင်။
” ဒီလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် ငါ ရှေ့ဆက်တိုးလို့ရမှာ မဟုတ်တော့ဘူး။ ယဇ်ပလ္လင်ကို ဘယ်လိုနည်းနဲ့ ဖျက်ဆီးရတော့မှာလဲ ” ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ ထို့နောက် သူသည် စိုးရိမ်ပူပန်စိတ်များကို မျိုသိပ်ကာ ထပ်၍ စောင့်ဆိုင်းနေလိုက်ပြန်သည်။ သို့သော် ယခုအကြိမ်တွင်မူ သူသည် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာ၏။
ကြိတ်ဆုံကျောက်ကြီးနှင့် ရုပ်သေးရုပ်များ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားခြင်းဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ အမြင့်ပိုင်းနေရာတစ်ခုတွင် ရှိနေသောကြောင့် အရာအားလုံးကို အပေါ်စီးမှနေ၍ မြင်နေရ၏။ ထို့ကြောင့် သူသည် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံကြီး ကြက်သွေးရောင်ပြောင်းသွားသည်ကို လှမ်းမြင်လိုက်ရတော့သည်။ အနီရောင်မြူခိုးများမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပျံ့လွင့်လာနေကြသည့် ပုံပင်။
ထိုအချိန်တွင် အရပ်မျက်နှာအနှံ့မှ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး အချိန်နှင့်အမျှ ပို၍ကျယ်လောင်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းရှိ အနက်ရောင် အစုအဝေးကြီးတစ်ခု သူ့ဆီသို့ ပြေးလာနေကြသည်ကို မြင်လိုက်ရတော့သည်။
” ဒါတွေက… ” ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် ထိုမြင်ကွင်းကြီးအား မြင်ဖူးထားပြီးသားဖြစ်သည်။ အနီရောင်မြူခိုးများမှာ နတ်ဆိုးချင်လင်းပန်းပွင့်များထဲမှ လွင့်ထွက်လာကြသည့် ဝတ်မှုန်များ ဖြစ်ကြ၏။ သို့ဖြစ်ရာ မြေပြင်ပေါ်ရှိ အနက်ရောင် အစုအဝေးကြီးမှာ…. မရေမတွက်နိုင်အောင် များပြားသော အရိုးစုများ ဖြစ်ရပေမည်။
” ယဇ်ပလ္လင်က သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားတစ်ခု ရောက်တိုင်း မုန်တိုင်းတစ်ခုကို ဖန်တီးပြီးတော့ နတ်ဆိုးပန်းပွင့်တွေကြောင့် နိုးထလာတဲ့ အရိုးစုတွေကို သူ့ဆီ ရောက်လာအောင် ခေါ်နေတာများ ဖြစ်နေမလား ” ဝမ်ပေါင်လဲ့မှာ ထိတ်လန့်တုန်လှုပ်သွားရပြီး ကြိတ်ဆုံကျောက်ကြီး၏ အောက်ရှိ တောင်လိုပုံနေသော အရိုးများကို စိုက်ကြည့်နေလိုက်ပြီးနောက် ခပ်လှမ်းလှမ်းရှိ မိုးကုပ်စက်ဝိုင်းအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူမြင်နေရသည့် မြင်ကွင်းကြီးကြောင့် သူ၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိလိုက်ရသဖြင့် သူ၏ နှလုံးသားထဲ၌ ကြောက်စိတ်များ ကြီးထွားလာရတော့သည်။
မြေပြင်ကြီးမှာ တုန်ရီနေပြီး ကြောက်မက်ဖွယ်ရာကောင်းသော အပုပ်နံ့ကြီးမှာလည်း အဝေးမှနေ၍ ပျံ့လွင့်လာကာ မြေကြီးထဲမှ ထိုးထွက်လာ၏။ ထို့နောက် အသားများ ပုပ်ပွနေသည့် ဧရာမ မိကျောင်းကြီးတစ်ကောင် ထွက်ပေါ်လာပြီး ထို အသေကောင်စစ်တပ်ကြီးနှင့်အတူ ပူးပေါင်းသွားတော့သည်။
ဤ အသေကောင် ကမ္ဘာကြီးထဲတွင် အစွမ်းထက်သတ္တဝါကြီးများဟူ၍ ထိုမိကျောင်းကြီးတစ်ကောင်တည်း ရှိနေသည်တော့မဟုတ်ပေ။ ထိုကဲ့သို့သော သတ္တဝါကြီးများ၏ အငွေ့အသက်များမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ကြုံရတော့မည်အလား ခံစားလိုက်ရတော့သည်။
ဤကမ္ဘာကြီးထဲတွင် ထူးဆန်းသောစွမ်းအားတစ်မျိုး ပေါ်ပေါက်လာပြီးနောက် နတ်ဆိုးချင်လင်းပန်းပွင့်အားလုံး ဖူးပွင့်လာကြပြီး ၎င်းတို့၏ ဝတ်မှုများကို ထုတ်လွှတ်နေကြပြီ ဖြစ်သည်။ ထိုဝတ်မှုန်များမှာ ကြက်သွေးရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကြပြီး ရုပ်အလောင်းများကို ထိန်းချုပ်ကာ ၎င်းတို့အား ယဇ်ပလ္လင်ကြီးဆီသို့ ပို့ဆောင်ပေးနေကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ အန္တရာယ်ကြီး သူ့ဆီသို့ ရောက်ရှိလာမည်ကို ထိုင်စောင့်နေ၍မဖြစ်ပေ။ ထို့ကြောင့် သူသည် အောက်သို့ ဝပ်ကာ ယဇ်ပလ္လင်ဆီသို့ တွားသွားလိုက်၏။ အနီရောင်မြူခိုးများ၏ ထိန်းချုပ်ခြင်းကို ခံထားရသည့် ရုပ်အလောင်းများ စုဝေးသွားကြသည်နှင့် တစ်ပြိုင်နက် ၎င်းတို့မှာ သူ၏အငွေ့အသက်အား အာရုံခံမိသွားမည် မဟုတ်ပါလော။ ထိုအခါ သူသည် ပထမအကြိမ်တုန်းကအတိုင်း ဖုတ်ကောင်ပင်လယ်ကြီးထဲတွင် ပြန်၍ ပိတ်မိသွားမည်သာ ဖြစ်သည်။
ထိုသို့သာဆိုပါက သူ၏ အသက်ရှင်နိုင်ခြေရာခိုင်နှုန်းမှာ အလွန်အင်မတန်မှ လျော့နည်းသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ ယခုတွင် သူသည် ယဇ်ပလ္လင်ဆီသို့ သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
” ငါ ဒီကို လာကိုမလာခဲ့သင့်တာ ” ဝမ်ပေါင်လဲ့မှာ သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် ရှေ့သို့ တိုးသွားလိုက်၏။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သစ်တုံးကြီး အောက်ရှိ အရိုးပုံကြီးအား စိုက်ကြည့်နေလိုက်တော့သည်။ အရိုးစုများကို သယ်ဆောင်လာကြသည့် ရုပ်သေးရုပ်များမှာ တောင်တစ်လုံးပေါ်ရှိ လူအယောက်လေးဆယ်ကျော် ယဇ်ပလ္လင်ကြီး၏ အနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေကြသည်ကို သတိမထားမိကြသည့်ပုံပင်။
သူတို့မှာ… ဖုန့်ချိုးရန်၊ ကျောက်ယမုန့်၊ ခုန်းတောက်၊ ရှုမင်၊ လုယွင်နှင့် အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူများဖြစ်ကြပေသည်။
” သူတို့တွေ အဲဒီနေရာမှာ ပုန်းနေတာ ဘယ်လောက်များ ကြာနေပြီလဲမသိဘူး ” ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားကာ ထိုကျင့်ကြံသူအဖွဲ့အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ဖုန့်ချိုးရန်၏ လက်ထဲရှိ တလက်လက် တောက်ပနေသော ငါးရောင်ခြယ်ရတနာလေးတစ်ခုအား သတိထားမိသွားသဖြင့် အတွေးများထဲ၌ နစ်မျောသွားရတော့သည်။ ဖုန့်ချိုးရန်မှာ သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်သောကြောင့် သူ မသိသော နည်းလမ်းတစ်ခုခုကို အသုံးပြုကာ သူတို့အဖွဲ့အား ရုပ်သေးရုပ်များ သတိမထားမိအောင် ဖုန်းကွယ်ပေးထားခြင်း ဖြစ်ရပေမည်။
” သူတို့တွေ ရောက်နေတာ ကြာနေလောက်ပြီ။ ငါ့လိုပဲ အခြေအနေတွေကို အကဲခတ်နေတာဖြစ်မှာ။ အခု ဝတ်မှုန်တွေ အများကြီး ပျံ့လွင့်လာလို့ သူတို့က လှုပ်ရှားလိုက်ရတာပဲ ဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှမ်းကြည့်နေရင်း ကောက်ချက်ချလိုက်၏။
ထို့နောက် သူသည် သူတို့နှစ်ယောက်စလုံး ဘေးမသီရန်မခ ရှိနေကြသည်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်တော့သည်။ ထိုအဖွဲ့ထဲမှ ကျင့်ကြံသူအချို့မှာ အားအင်ချိနဲ့နေသည့်ပုံ ပေါက်နေကြပါသော်လည်း မည်သူကမှ ဒဏ်ရာရထားခြင်းမရှိပေ။ သူတို့မှာ ဤနေရာသို့ ရောက်ရှိလာရန် အခက်အခဲပေါင်း မြောက်မြားစွာကို ကျော်ဖြတ်ခဲ့ရလောက်ပေသည်။ သို့သော် ဖုန့်ချိုးရန်၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ၏ ကာကွယ်စောင့်ရှောက်ပေးမှုကြောင့် သူတို့မှာ ထိခိုက်ဒဏ်ရာများ မရခဲ့ကြပေ။ ဝမ်ပေါင်လဲ့မှာ မည်သူမှ ထင်မှတ်မထားသည့်နေရာတွင် ပုန်းကွယ်နေသည်ဖြစ်ရာ သူသည် ထိုအဖွဲ့အား လှမ်းမြင်နေရပါသော်လည်း သူတို့မှာ သူ့အား မမြင်ရပေ။
သူတို့အားလုံးမှာ သတိကြီးကြီးထား၍ ရှေ့သို့ ဆက်လက်ရွေ့လျားလာနေကြ၏။ ဝမ်ပေါင်လဲ့မှာ ရုပ်လုံးထွက်ပြရန် အချိန်မသင့်သေးသောကြောင့် ဖုန့်ချိုးရန်နှင့် အခြားသူများကို မျက်ခြည်မပြတ်တမ်း စောင့်ကြည့်ရင်း ယဇ်ပလ္လင်ကြီးဆီသို့ တစ်လှမ်းချင်းစီ လှမ်းလာတော့သည်။
ထိုသို့ဖြင့် သူတို့နှစ်ဖွဲ့စလုံးမှာ ယဇ်ပလ္လင်ကြီးဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေကြစဉ် ဝတ်မှုန်များမှာလည်း လေထဲသို့ အဆက်မပြတ် ပျံ့လွင့်လာနေကြ၏။ မြေပြင်ကြီးမှာလည်း အပြင်းအထန် တုန်ရီနေပြီး ရုပ်အလောင်းမြောက်မြားစွာမှာလည်း သူတို့ဆီသို့ ချဉ်းကပ်လာနေကြပြီဖြစ်သည်။ နောက်ဆုံးတွင် သူတို့မှာ ယဇ်ပလ္လင်၏ အစွန်းဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာကြ၏။
ထိုအခါ သွေးညှီနံ့ကြီးတစ်ခုမှာ သူတို့၏ နှာခေါင်းပေါက်များထဲသို့ ချက်ချင်းဝင်ရောက်လာ၏။ လေထုထဲရှိ အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုးမှာ သူတို့အား အထဲသို့ ဝင်၍မရအောင် တားဆီးထားသကဲ့သို့ပင်။ ထိုစွမ်းအားကြီးမှာ သူတို့အားလုံးကို ဖိနှိပ်ထားသောကြောင့် ကျင့်ကြံသူ အများစုမှာ ဖုန့်ချိုးရန်၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေသည့်တိုင်အောင် ကြောက်ဒူးတုန်သွားရဆဲပင်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင် ခံစားလိုက်ရပြီး ဖုန့်ချိုးရန်နှင့် အခြားသူများအား တစ်ချက်လှမ်းကြည့်လိုက်၏။
ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ သူမ၏လက်ကိုမြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ရုတ်တရက်ဆိုသလို လက်ညှိုးထိုးလိုက်သည်ကို သူက မြင်လိုက်ရ၏။ ထိုအခါ သူမ၏ သိုလှောင်အိတ်ထဲမှ လက်ဖွဲ့အဆောင်တစ်ခုမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာတော့သည်။ ထို လက်ဖွဲ့အဆောင်မှာ အလွန်အင်မတန်မှ ဟောင်းနွမ်းနေသည့်ပုံ ပေါက်နေပြီး ၎င်းဆီမှ အံ့သြဖွယ်ကောင်းသည့် အငွေ့အသက်တစ်မျိုး ထွက်ပေါ်နေ၏။ ဝမ်ပေါင်လဲ့မှာမူ အစွမ်းထက် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်အား စိုက်ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသဖြင့် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။
ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ သူမ၏လျှာထိပ်ကို ကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်၏။ ထိုသွေးစက်များ ထို လက်ဖွဲ့အဆောင်အပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် မီးတောက်များ ထွက်ပေါ်လာတော့သည်။ ထို့နောက် ထိုမီးတောက်များထဲမှ တစ်ကိုယ်လုံး မီးလျှံများ တောက်လောင်နေသည့် မီးငှက်တစ်ကောင် ထိုးထွက်လာ၏။ နောက်ဆုံးတွင် ၎င်းမှာ အော်ဟစ်မြည်တမ်းကာ ကြိတ်ဆုံကျောက်ကြီးဆီသို့ ဦးတည် ပျံသန်းသွားလိုက်တော့သည်။