အပိုင်း (၁၄၇)

လွှမ်းမိုးမှု

ရှေးဟောင်းမြေရိုင်းဒေသ။ ကံစွမ်းအားတို့၏နေရာ။ နိုယ်ဘယ်အဆင့် တန်ခိုးရှင် ဖြစ်ရန်လမ်း။ အရှေ့မြေရိုင်းဒေသသို့ ဆက်သွယ်ထားသော နေရာ။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ရှေးဟောင်းမြေရိုင်း ဒေသကား နယ်မြေတစ်ရာနှင့် မည်သည့်ဆက်စပ်မှုမှ မရှိခဲ့ပေ။ နယ်မြေတစ်ရာ အတွင်းတွင် ရှေးဟောင်းမြေရိုင်း ဒေသအကြောင်းကို သိသောသူပင်လျှင် လွန်စွာ ရှားပါးလွန်းလှသည်။ နယ်မြေတစ်ရာမှာ မည်မျှ တိုးတက်ထွန်ကား လာစေကာမူ သူတို့နှင့် အရှေ့မြေရိုင်း ဒေသတို့၏ ကွာဟချက်ကား လွန်စွာ ကြီးမားလှချေ၏။

နယ်မြေတစ်ရာကား အရှေ့မြေရိုင်းဒေသမှ စွန့်ပစ်ခံ နေရာ တစ်နေရာမျှသာ ဖြစ်သည်။ သို့သော် ယခုတွင် ရှေးဟောင်းမြေရိုင်း ဒေသမှာ နယ်မြေတစ်ရာအတွက် အမြဲတမ်းအနေဖြင့် လမ်းဖွင့် ပေးသွားတော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ ယခုအချိန်မှာစ၍ နယ်မြေတစ်ရာအတွင်းမှ ပါရမီရှင်များမှာလည်း ရှေးဟောင်းမြေရိုင်း ဒေသတွင် သူတို့၏ အရည်အချင်းများကို သက်သေပြခွင့် ရရှိတော့မည်ဖြစ်သည်။ ချက်ချင်းအနေဖြင့် အကျိုးသက်ရောက်မှု မရှိသည့်တိုင် မျိုးဆက်များက ကြိုးစားအားထုတ်ပါက နောင်တွင် နယ်မြေတစ်ရာမှာ ကြီးစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ် လာတော့မည်မှာ သေချာလှသည်။

ဧကရာဇ်လျို၏မျက်လုံးများမှ စိတ်လှုပ်ရှား ပျော်ရွှင်မှုများမှာ ချက်ချင်းဆိုသလို ပျက်ယွင်း ပျောက်ကွယ်သွားသည်။ သူက တခြားဧကရာဇ်များကို အဘယ်ကြောင့် ဖိတ်ခေါ်ခဲ့သနည်း။ ဧကရာဇ်များက သူ့အား အဘယ်ကြောင့် လာရောက် ဂုဏ်ပြုစကား ပြောကြားကြသနည်း။ ထိုအရာများ အားလုံးမှာ သူ့သား လျိုဂျင်လန်မှာ ရှေးဟောင်းမြေရိုင်းဒေသမှ နိုဘယ်ကံစွမ်းအားကို ရရှိခဲ့ခြင်းကြောင့်သာ။ ထို့ကြောင့်လည်း တော်ဝင်ချင်ကျောင်းတော်က သူ့သားကို တပည့်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။ သည်စွမ်းဆောင်ရည်က အရည်အချင်း တစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ ကံကောင်းမှုနှင့်လည်း သက်ဆိုင်၏။ တခြားဧကရာဇ်များက ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်မည့် အခွင့်အရေးအား လူငယ်မျိုးဆက်များကို ပေးအပ်ချင်မှ ပေးအပ်မည်ဖြစ်သည်။

သို့သော် ယခုတွင်ကား ရှေးဟောင်းမြေရိုင်း ဒေသမှာ နယ်မြေတစ်ရာမှ လူများအတွက် အမြဲတမ်းအနေဖြင့် ဖွင့်လှစ်တော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ နယ်မြေတစ်ရာမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးမှာ ရှေးဟောင်းမြေရိုင်းဒေသကို အလုံးအရင်း ဝင်ရောက်ကြတော့မည် ဖြစ်သည်။ အတော်များများမှာလည်း နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်ကြတော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ လျိုဂျင်လန်က တခြားလူများထက် ပိုမို အသာစီးရတော့မည် မဟုတ်ပေ။ ပိုဆိုးသည်မှာ ရီဖူရှင်းနှင့်ယူချင်းတို့၏ ပါရမီအရ သူတို့က ဓမ္မအဆင့်အမြင့်ဆုံးကို ရောက်ရှိပြီး ရှေးဟောင်းမြေရိုင်း ဒေသကို ရောက်ရှိသောအခါ မည်သို့ဖြစ်လာမည်ကို သူ ခန့်မှန်းနိုင်ခြင်း မရှိတော့ပေ။

သူနှင့် နန်ဒူနိုင်ငံမှ တခြား ပါရမီရှင်များမှာ ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်ရောက်ခွင့် ရတော့မည်မှာ ကောင်းသော သတင်းဖြစ်သော်လည်း တခြားနိုင်ငံကလည်း ရှေးဟောင်းမြေရိုင်း ဒေသကို လွတ်လပ်စွာ ဝင်ရောက်ခွင့် ရတော့မည်ဖြစ်သည်။ တခြားလူများကလည်း လျိုဂျင်လန်ကဲ့သို့ တူညီသော အခွင့်အရေးများကို ရရှိတော့မည်ဖြစ်သည်။ သို့သော်လည်း သည်သတင်းက တခြား ဧကရာဇ်ခုနစ်ပါးအတွက် အလွန်ဝမ်းမြောက်ဖွယ် သတင်းတစ်ရပ် ဖြစ်ပေသည်။

ရှေးဟောင်းမြေရိုင်းဒေသ အကြောင်းကို ယခင်က ကြားသိဖူးသော သူများကလည်း အလွန်စိတ်လှုပ်ရှား ပျော်ရွှင်ကြသည်။ နိုဘယ်အဆင့်ကို ရောက်ရှိရန် အခွင့်အလမ်းမှာ ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့၏အဆင့်အား နယ်မြေတစ်ရာအတွင်း ကန့်သတ်ခံထားရခြင်းမှာ ဆက်လက်ရှိတော့မည် မဟုတ်ပေ။

“ကျုပ်တို့က တခြား နိုင်ငံတွေကိုလည်း အသိပေးရဦးမယ်… ကျုပ်တို့ကို ခွင့်ပြုပါဦး…” ထို့နောက် ထိုလူများက အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အဝေးသို့ ပျောက်ကွယ်သွားကြသည်။

ဧကရာဇ်ရီ၏ မျက်လုံးများက ဧကရာဇ်လျိုအား တစ်ချက် ကြည့်လိုက်ကာ နဂါးကြီးအား အဝေးသို့ ပျံသန်းစေပြီး ကောင်းကင်သို့ တက်ရောက် ပျောက်ကွယ် သွားတော့သည်။

“နှုတ်ဆက်ပါတယ် ဧကရာဇ်လျို…”

“တန်ဖန်းပွဲတော်က ပြီးသွားပြီဆိုတော့ ကျုပ်တို့ ပြန်ပါတော့မယ်…” ဧကရာဇ်များက တစ်ယောက်ပြီး တစ်ယောက် ဧကရာဇ်လျိုကို နှုတ်ဆက်ကြသည်။ ရှေးဟောင်းမြေရိုင်း ဒေသကား နောက်သုံးလတွင် အမြဲတမ်း ဖွင့်လှစ်တော့မည်ဖြစ်သည်။ သူတို့က မိမိတို့နိုင်ငံကို ပြန်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အချိန်အများအပြား ကျန်နေသေးသော်လည်း ဧကရာဇ်များက သည်ထက် မစောင့်လိုတော့ပေ။ လျင်မြန်စွာပင် ဧကရာဇ်ခုနစ်ပါးလည်း သူတို့၏လူများဖြင့် ထွက်ခွာသွားကြသည်။

ဧကရာဇ်လျိုက ထိုနေရာတွင် မျက်နှာများ မည်းမှောင်လျက် ထိုင်နေသည်။ တန်ဖန်းပွဲတော်ကား ပြီးဆုံးသွားသော်လည်း ပရိသတ်ကား ကျန်ရှိနေသေးသည်။ သို့သော် ပွဲတော်ကား အလဲလဲအကွဲကွဲ ဖြစ်သွားပြီဖြစ်သည်။ တန်ဖန်းပွဲတော်မှ ရွေးချယ်ခံခဲ့ရသော ပါရမီရှင်များမှာ တိုက်ပွဲသုံးပွဲအတွင်း အားလုံး ရှုံးနိမ့်ခဲ့ကြသည်။ တစ်ယောက်ကား အသတ်ပင် ခံလိုက်ရ၏။

တန်ဖန်းပွဲတော်ကား နန်ဒူနိုင်ငံ၏တော်ဝင်အဆင့် ပွဲတော်ဖြစ်သည်။ သို့သော် ယခုကား ဂုဏ်ယူစရာ ပွဲတော်မဟုတ်တော့ပေ။ သူတို့၏ ဂုဏ်ယူဝင့်ကြွားရသော နိုင်ငံမှာ ကျဆုံးသွားသကဲ့သို့ပင်။

ဧကရာဇ်လျိုက စကားမပြောပေ။ ပတ်ဝန်းကျင်တစ်ခုလုံး ပရိသတ်များဖြင့် ပြည့်နှက် နေသော်လည်း အားလုံး တိတ်ဆိတ်နေ၏။

“ဝန်ကြီးချုပ်ဟွာ…” ဧကရာဇ်လျိုက ရုတ်တရက် ခေါ်လိုက်သည်။

“ကျွန်တော်မျိုး ရှိပါတယ်…” ဝန်ကြီးချုပ်ဟွာက မတ်တတ်ရပ်ကာ ပြန်ပြောသည်။

“ကန်ယီနိုင်ငံနဲ့ စစ်ပွဲအတွက် ပြင်ဆင်တော့…” ဧကရာဇ်လျိုက အမိန့်ပေးသည်။

“ဟုတ်ကဲ့… အရှင်မင်းကြီး…” ဝန်ကြီးချုပ်ဟွာက ဦးညွှတ်ကာ အမိန့်အား လက်ခံသည်။

“တန်ဖန်းပွဲတော်ရဲ့ အနိုင်ရသူ ကိုးယောက်က ဆုလာဘ်တွေအတွက် နန်းတော်ကို ဝင်ရောက်ကြရလိမ့်မယ်…” ဧကရာဇ်လျိုက ပရိသတ်အား ကြေညာသည်။ ထိုပါရမီရှင်များက သူ့အား အရှက်ရစေသည့်တိုင်း သူက ကတိမတည်၍ မရပေ။ ဧကရာဇ်တစ်ပါးက သူ၏စကားအား မည်သည့်နည်းဖြင့်မှ ပြန်ရုပ်သိမ်း၍ မရပေ။ သူ့လူများ၏ထောက်ခံမှုကို သူအဆုံးရှုံးမခံနိုင်ပေ။ ယခု ရှေးဟောင်းမြေရိုင်းဒေမှာ ဖွင့်လှစ်တော့မည်ဖြစ်သည်။ ဧကရာဇ်လျိုက နန်ဒူနိုင်ငံမှ အားကောင်းသော အဖွဲ့အစည်းများ တန်ခိုးရှင်များဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို ရရှိရန် လိုအပ်ပေသည်။ ဖြစ်နိုင်သည်မှာ လျိုဂျင်လန်ကဲ့သို့ နောက်ထပ် ကံကောင်းစွာဖြင့် နိုဘယ်ကံစွမ်းအားကို ရရှိသောသူ နောက်တစ်ယောက် ပေါ်ထွက်လာနိုင်ပေသေးသည်။ သို့သော်လည်း ထိုအခွင့်အရေးကား အလွန်နည်းပါးသည်။

“နန်ဒူနိုင်ငံရဲ့ ထိပ်သီးပါရမီရှင်တွေက အခု နန်းမြို့တော်မှာ ဆုံနေကြတယ်ဆိုတော့ နောက်ရက် အနည်းငယ်မှာ ကျုပ်က နောက်ထပ် ယှဉ်ပြိုင်ပွဲတစ်ခု ကျင်းပပေးမယ်… အဲဒီမှာ ကျုပ်က ဓမ္မအဆင့်က အတော်ဆုံး လူတွေကို ရွေးချယ်သွားမယ်…” ဧကရာဇ်လျိုက ကြေညာသည်။ “ပြီးတော့ အဲဒီပွဲတော်က အခုကစပြီး နှစ်တိုင်းလုပ်မယ်… အချိန်က တန်ဖန်းပွဲတော်ရဲ့ အစအချိန်ပဲ…” ဧကရာဇ်လျိုကလည်း ရှေးဟောင်းမြေရိုင်း ဒေသအတွက် ပြင်ဆင်တော့မည်မှာ သေချာလှသည်။ ရှေးဟောင်းမြေရိုင်း ဒေသမှာ အထက်ဘုံ အောက်ဘုံ ခွဲထားသည်။ ဓမ္မအဆင့်နှင့် အောက်မှသာလျှင် အောက်ဘုံကို ဝင်၍ ရသည်။

“ဒီနှစ်ရဲ့ တန်ဖန်းပွဲတော်က အခု တရားဝင်ပြီးသွားပြီ…” ဧကရာဇ်လျိုက ပြောသည်။ ပရိသတ်များကား ဝမ်းမြောက် ပျော်ရွှင်မှုများ ပျောက်ဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။ တန်ဖန်းပွဲတော်၏ နောက်ဆုံး ယှဉ်ပြိုင်ပွဲများက သူတို့အား အလွန် ကောင်းမွန်သော အခိုက်အတန့်ကို ပေးသည်။ သို့သော် ထိုအရာများ အားလုံးမှာ တိုက်ပွဲသုံးခုအတွင်း လုံးဝပျက်စီးသွားရ၏။

ပထမတိုက်ပွဲတွင် ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းအုပ်ယိချန်၏ တပည့်ယူချင်းက သူ၏ပေါက်ကွဲမှုဖြင့် သူ့နာမည်အား လူတိုင်း၏နားထဲကို တံဆိပ်ရိုက် ပေးခဲ့သည်။

ဒုတိယတိုက်ပွဲတွင် ပြိုင်ဘက်ကင်း ရီဝူချင်းက ယန်ကီနှင့် ဇီလူတို့အား အပြတ်အသတ် အနိုင်ယူခဲ့ပြန်သည်။

တတိယ တိုက်ပွဲတွင်လည်း ရီဖူရှင်းက ဓမ္မအသိအား ဖြိုခွင်းကာ သူ၏နှင်တံဖြင့် ဇောင်ယန်အား ပြိုင်ပွဲစင်မြင့်တွင်ပင် သတ်ဖြတ်ခဲ့သည်။

တန်ဖန်းပွဲတော်တစ်ခုလုံးက ကန်ယီနိုင်ငံအတွက် ကျင်းပသလိုပင်။

ပို၍ စိတ်ပျက်စရာ ကောင်းသော အရာမှာ လူတိုင်းက ရီဖူရှင်းနှင့် ယူချင်းတို့မှာ နန်ဒူမှ ဖြစ်သည်ကို သိကြ၏။ သူတို့က ယခင် ဒွန်ဟိုင်ကျောင်းတော် လာဘ်လာဘ ကျောင်းဆောင်တွင် လေ့လာသင်ယူခဲ့ကြသည်။ ဧကရာဇ်လျို၏အမိန့်တော်က သူတို့အား နန်ဒူနိုင်ငံမှ ထွက်ပြေးစေခဲ့ရပြီး ကန်ယီနိုင်ငံကို ရောက်ရှိသွားကြ၏။ ကန်ယီနိုင်ငံကို ရောက်သောအခါ ဘုရင်မင်းမြတ်၏ မြှောက်စားခြင်းကို ခံကြရကာ တန်ဖန်းပွဲတော်ကို ဧကရာဇ်ရီနှင့်အတူ ခေါ်ဆောင်ခြင်း ခံခဲ့ကြရသည်။ ထို့ကြောင့်ပင်လျှင် တန်ဖန်းပွဲတော်မှာ သည်ကဲ့သို့ ဆိုးရွားသော အဆုံးသတ်ကို ပိုင်ဆိုင်ခဲ့ကြရသည်။ အကယ်၍ သူတို့နှစ်ယောက်သာ နန်ဒူနိုင်ငံမှ ထွက်မပြေးဖြစ်ခဲ့လျှင် ယခုနှစ် တန်ဖန်းပွဲတော်မှ အနိုင်ရရှိသူများမှာ နန်ဒူနိုင်ငံမှ ရီဖူရှင်းနှင့် ယူချင်းတို့ ဖြစ်ကြမည်ဖြစ်သည်။ သို့သော် ကံမကောင်းသည်က သူတို့မှာ နန်ဒူနိုင်ငံသားများ မဟုတ်တော့ပေ။

လူအများ မသိသည်မှာ ဒွန်ဟိုင်မြို့သို့ ဧကရာဇ်လျို၏ အမိန့်တော် မရောက်မီအချိန်တွင် ရီဖူရှင်းက တန်ဖန်းပွဲတော်ကို တက်ရောက်ရန် နန်းမြို့တော်ကို ထွက်ခွာလုနီးပါး ဖြစ်သည်ကိုပင်။

လူအုပ်ထဲတွင် ဒွန်ဟိုင်မြို့မှ လူများကား ပိုမို၍ အခြေအနေ မကောင်းပေ။ သူတို့မှာ ဒွန်ဟိုင်ကျောင်းတော်နှင့် နန်ဒူမိသားစုတို့ ဖြစ်ကြသည်။ ဒွန်ဟိုင်ကျောင်းတော်မှ တခြားလူများနှင့် ထိုင်နေသော ယွန်ရှင်းဟွာကား သူ၏မောက်မာသော ဟန်ပန် ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ထိုကောင်းကင်မှ ဆင်းသက်လာသော နတ်ဆိုးကဲ့သို့ ပုံသဏ္ဌာန်က သူ့တစ်ဘဝစာအတွက် ကြောက်ရွံ့ ထိတ်လန့်စေခဲ့သည်။ သူ၏ပါရမီမှာ ပြိုင်ဘက်ကင်း ဖြစ်သည်ဟု တွေးထင်ခဲ့သော်လည်း ယူချင်း၏တည်ရှိမှုက အရာအားလုံးကို ဖုန်မှုန့်များအဖြစ် ပျောက်ကွယ် သွားစေခဲ့သည်။ ရီဖူရှင်းက ဓမ္မအဆင့်တန်ခိုးရှင်များကို အနိုင်ယူခဲ့သည်ကို မြင်သောအခါမှ ရီဖူရှင်းက သူ့အား မျက်လုံးထဲတွင်ပင် မထည့်ထားသည်ကို သဘောပေါက် နားလည်လိုက်သည်။

လူအုပ်က စတင်၍ ပြန့်ကျဲသွားသည်။ အတန်ကြာလျှင် တန်ဖန်းပွဲတော်ဝင်းကြီးကား လူသူကင်းမဲ့သွား၏။ အဝေးမှ ခရီးနှင်လာကြသူများမှာ အိမ်ပြန်သော အချိန်တွင် ဓမ္မအဆင့်အမြင့်ဆုံးမှ လူများကား နန်းမြို့တော်တွင် ကျန်နေရစ်ကြသည်။ သူတို့က ဧကရာဇ်လျိုပြောသော ပွဲတော်ကို တက်ရောက်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုပွဲတော်က တန်ဖန်းပွဲတော်ကဲ့သို့ ကြီးကျယ် ခမ်းနားတော့မည် မဟုတ်ပေ။

လူတိုင်းက မိမိတို့ နေရပ်ကို ပြန်ကြလျှင် တန်ဖန်းပွဲတော်မှ သတင်းများမှာ တစ်နိုင်ငံလုံးအနှံ့ တောမီးပမာ စတင်ပျံ့နှံ့တော့သည်။ ရီဖူရှင်းနှင့် ယူချင်းတို့၏နာမည်က နန်ဒူနိုင်ငံအနှံ့ ရောက်ရှိသွားသည်။ သူတို့၏ သိသာထင်ကြားသော ရုပ်ရည်သွင်ပြင်ကြောင့်သာ မဟုတ် သူတို့၏ နန်ဒူနိုင်ငံမှ သမိုင်းကြောင်းများကြောင့်သာ ဖြစ်သည်။ ထိုသတင်းများက ဒွန်ဟိုင်မြို့တော်တွင် ပိုမို၍ လူပြောများသည်။

ယမန်နှစ်က ဒွန်ဟိုင်မြို့ကို ရောက်ရှိလာသော ဧကရာဇ်အမိန့်တော်။ နန်ဒူနန်းတော်မှ တိုက်ပွဲက ထိုလူများ၏ မှတ်ညာဏ်ထဲတွင် လတ်ဆတ်နေဆဲပင်။ တစ်လမျှခန့်သော အချိန်လေးတွင် ရီဖူရှင်းကား တန်ဖန်းပွဲတော်ကို ဖျက်ဆီးနိုင်လောက်အောင် တတ်နိုင်ခဲ့သည်။ ထို့အပြင် ယူချင်း၏ ပေါက်ကွဲမှုက လူအများကြား ပိုပြောစရာ ဖြစ်လာခဲ့၏။

ထိုအချိန်တွင် လူအများအပြားက ဒွန်ဟိုင်မြို့၏ စားသောက်ဆိုင်များတွင် တန်ဖန်းပွဲတော်မှ အဖြစ်အပျက်များကို ပြောဆိုနေကြသည်။

“ကျုပ်ကြားတာကတော့ ဒါတွေက အိမ်ရှေ့စံမင်းသားက စတဲ့ပြဿနာပဲ… အရင်တုန်းက ဒွန်ဟိုင်ကျောင်းတော်မှာ အိမ်ရှေ့စံက ရီဖူရှင်းကို သူ့လက်အောက်မှာ နေဖို့ ကမ်းလှမ်းခဲ့တယ်… ဒါပေမဲ့ ရီဖူရှင်းက ငြင်းလိုက်တယ်… ဒါကြောင့်ပဲ ဒီလို အဖြစ်အပျက်တွေ ဖြစ်လာရတာပဲ…”

“အိမ်ရှေ့စံက တော်ဝင်ချင်ကျောင်းတော်ကို ဝင်ခွင့်ရတယ်… ရီဖူရှင်းက ဒီလို ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်… သူတို့နှစ်ယောက်လုံးက ထွန်းတောက်လာတဲ့ ကြယ်နှစ်ပွင့်ပဲ… နန်ဒူနိုင်ငံက သူတို့နှစ်ယောက်အတွက် နေရာမရှိတာဖြစ်နိုင်တယ်…. သူတို့နှစ်ယောက်က ပြိုင်ဘက်ဖြစ်လာဖို့ ကံပါလာတာပဲ…”

“သူတို့နှစ်ယောက်လုံးလား… မင်းက ယူချင်းကို မေ့နေတာလား… ကျုပ်ဆရာက တန်ဖန်းပွဲတော်က စိန်ခေါ်ပွဲကို သူ့မျက်လုံးနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ… သူပြောတာကတော့ ယူချင်းက ပြိုင်ပွဲစင်မြင့်ကို တက်လိုက်တာနဲ့ နတ်ဆိုးလို ပြိုင်ဘက်ကင်း သွားတာပဲတဲ့…”

“သူက ဒီလောက်တောင် ကြောက်ဖို့ ကောင်းလို့လား…”

“ဒါပေါ့… မင်း ယွန်ရှင်းဟွာကို သိလား… သူက ဒွန်ဟိုင်ကျောင်းတော်ရဲ့ တကယ့် စူပါစတားပဲ… ကျောင်းတော်ရဲ့ အနာဂတ်လို့ ပြောလို့ရတယ်… တန်ဖန်းပွဲတော်မှာ သူ့စွမ်းဆောင်ရည်က အသက်ရှူမှားလောက်တယ်… သူက အရှုံးကို မရှိတာ… နောက်ပိုင်းက သူက ရီဖူရှင်းကို စိန်ခေါ်တယ်လေ… ဒါပေမဲ့ ယူချင်းက ရီဖူရှင်းအစား စင်မြင့်ပေါ်ကို တက်လာတယ်… ယူချင်းက ကောင်းကင်က နတ်ဆိုးတစ်ပါးလို ဆင်းသက်လာပြီးတော့ ယွန်ရှင်းဟွာကို တစ်ချက်တည်း နင်းခြေလိုက်တာပဲ… ပြီးတော့ ယူချင်းက သူ့ကို လူအုပ်ထဲ ပစ်ပေါက်လိုက်တာ… ယူချင်းက သူ့ကို နောက်ထပ် တစ်ချက်မှတောင် ထပ်မကြည့်တော့ဘူး…”

“ပြီးတော့ ယူချင်းက ကြယ်ကိုးပွင့် ကောင်းကင်အဆင့်က လူကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်… ဒါက မပြီးသေးဘူး… သူ့ကျောက နတ်ဆိုး အတောင်ပံတွေ ထွက်လာပြီးတော့ သူက ဓမ္မအသိတွေနဲ့ ယှဉ်ပြိုင်ခဲ့တယ်… သူ နဂါးကို ထက်ခြမ်းခွဲပြီးတော့ သူ့ဟိန်းသံအောက်မှာ ပရိသတ်တွေပါ တုန်လှုပ်ရတယ်… သူဘာကို အော်ပြောလဲ မင်းတို့ သိချင်ကြလား…”

လူတိုင်းက ပိုမို၍ စိတ်ဝင်တစား နားထောင်ကြသည်။

“ကျုပ်နာမည် ယူချင်းပဲ… နန်ဒူနိုင်ငံ။ ဒွန်ဟိုင်ကျောင်းတော် လာဘ်လာဘ ကျောင်းဆောင် ကျောင်းအုပ်ကြီး ယိချန်ရဲ့ တပည့် ယူချင်းပဲ…”

“ဘယ်လောက် မာန်ပါလိုက်သလဲ… စီနီယာ ယိချန်ကတော့ ဒီလို တပည့်မျိုးရတာ အရမ်းပျော်နေမှာပဲ…” စားသောက်ဆိုင်ထဲမှ လူများက သဘောတူ လက်ခံကြသည်။

“မှန်တယ်… လူတွေ ပြောကြတာတော့ ယိချန်က ဒွန်ဟိုင်ကျောင်းတော်က ထွက်သွားပြီတဲ့… ကျုပ်သူ့ကို တွေ့ဖူးချင်တယ်…”

“ယိချန်ကို ဒွန်ဟိုင်ကျောင်းတော်ရဲ့ ကျောင်းဆောင်ခုနစ်ခု တွေ့ဆုံတဲ့အချိန်မှာ ကျုပ်မြင်ဖူးတယ်… အဲဒီနေ့ကပဲ သူက ကျောင်းတော်က ထွက်သွားတယ်… သူက တကယ်ကို ထူးခြားတဲ့လူပဲ…” လူငယ်တစ်ယောက်က ပြောသည်။

ထိုအခိုက်တွင် စားသောက်ဆိုင် ထောင့်တစ်နေရာတွင် မြက်ခမောက်ရှည်အား ဆောင်းလျက်  တိတ်ဆိတ်စွာ ထိုင်နေသာ လူတစ်ယောက်က သူ၏ ထိုလူများ၏စကားများကို ကြားကာ တောက်ပစွာ ပြုံးလိုက်သည်။ “ကျုပ်က နှစ်တွေအကြာကြီး အသက်ရှင်လာပြီးပြီ… အခုမှ စိတ်ခံစားမှု ကောင်းကောင်းကို ရတယ်…” ထိုလူက ပြောသည်။ ထို့နောက် သူက မြက်ခမောက်အား ဖယ်လိုက်သည်… “ကျုပ်တပည့်က ဒီလို အတွေးမျိုးကို တွေးတတ်မှာ မဟုတ်ဘူး… ဒါတွေက မင်းရဲ့ အကြံဆိုးတွေ မဟုတ်လား… ကောင်စုတ်လေး… ဟ… ဟ…”

လူအများအပြားက ထို မိမိကိုယ်ကို စကားပြောနေသော လူကို လှည့်ကြည့် လိုက်ကြသည်။ သည်မတိုက်မီက စကားပြောသော လူငယ်က မှတ်မိဟန်တူသည်… “စီနီယာ ယိချိန်…”

ယိချန်က ခေါင်းမော့ကာ ပြန်ကြည့်သည်။ သူက ပြုံးလျက် ပြန်ပြောသည်… “ဟုတ်တယ်… ကျုပ်ပဲ…”

စားသောက်ဆိုင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူအများအပြားက သူ့အား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ လူအများအပြားက ရှုပ်ထွေးသော ခံစားချက်များကို ခံစားနေကြရသည်။ သူကား နန်ဒူနိုင်ငံမှ အလိုရှိနေသော အပြစ်သားဖြစ်သည်။

“ စီနီယာ… ဒီလို ကိုယ့်ကိုယ်ကိုယ် အသိပေးလိုက်တာ… ကျွန်တော် စိုးရိမ်မိတာက…” လူငယ်က သူ့အား သတိပေးရန် ဟန်ပြင်လိုက်သည်။

ထိုစကားကို ကြားလျှင် ယိချိန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူက နောက်လှည့်ကာ ထိုနေရာမှ ထွက်သွားသည်။ အလိုရှိသည်။ ဒွန်ဟိုင်မြို့တွင် သူ့အား အမှန်တကယ်အားဖြင့် တားနိုင်သောသူ ဘယ်နှယောက် ရှိသနည်း။

“ဘယ်ကိုသွားတာလဲ… စီနီယာ…” လူငယ်က မေးလိုက်သည်။

“ကန်ယီနိုင်ငံသို့… ကျုပ်တပည့်ကို သွားရှာမယ်…” ယိချန်က ကျယ်လောင်စွာ ပြန်ပြောပြီး ခေါင်းမော့ ရင်ကော့ကာ စားသောက်ဆိုင်မှ ထွက်ခွာသွားတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset