ဇောင်ယန်၏ခန္ဓာကိုယ်ကား ထပ်မံလှုပ်ရှားခြင်း မရှိတော့ပေ။ ထိုရင်ပြင်ကျယ်ကြီး တစ်ခုလုံး တိတ်ဆိတ်နေသည်။ ယူချင်းက ဓမ္မအဆင့်နှစ်မှ စုမူအား ကြမ်းတမ်းစွာ အနိုင်ယူခဲ့သလို ရီဖူရှင်းက ဇောင်ယန်အား သူ၏နှင်တံဖြင့် တိုက်ရိုက် သတ်ဖြတ်ခဲ့၏။ ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ ပါရမီရှင်များပင်လျှင် သူ၏ရိုက်ချက်အား ခံနိုင်ရည် မရှိကြပေ။ ကောင်းကင်အဆင့် တန်ခိုးရှင်က သည်မျှ စွမ်းသည်မှာ အံ့ဖွယ်ကောင်းလှသည်။
ရီဖူရှင်း၏ပြောင်းလဲမှုနှင့် ပတ်သက်၍ ဒွန်ဟိုင်ကျောင်းတော်နှင့် နန်ဒူမိသားစုမှ လူများ၏မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေကြ၏။ သူကား ယခုဆိုလျှင် ဓမ္မအဆင့်တစ်မှ လူများကိုပင် အနိုင်ယူနိုင်ပြီ ဖြစ်သည်။ သူက ဓမ္မအဆင့်ကို တက်ရောက် သွားသောအခါ ဓမ္မအဆင့်သုံးမှ လူများကိုပင်လျှင် အလွယ်တကူ အနိုင်ယူနိုင်လောက်ပေသည်။ သို့သော်လည်း ယခုတွင် ရီဖူရှင်းက အနိုင်ယူခြင်း၏အရသာကို ခံစားရခြင်း မရှိပေ။ သူက ရင်ဘတ်မှ သွေးများအား ကြည့်ကာ စင်မြင့်ပေါ်မှ ဧကရာဇ်လျိုအား အေးစက်စွာ ကြည့်လိုက်သည်။
ရီဖူရှင်းကလည်း ပြိုင်ပွဲ၏နောက်ဆုံး တိုက်ပွဲများကို ကြည့်ရှုခဲ့သည်။ စုမူနှင့် ဇောင်ယန်တို့၏ တိုက်ပွဲတွင် သူက သည်ကဲ့သို့ နည်းစနစ်မျိုးအား မမြင်ခဲ့ရပေ။ သူက ထိုတိုက်ကွက်အား ရီဖူရှင်းနှင့် တွေ့မှသာလျှင် တိုက်ခိုက်ရန် လျှို့ဝှက်ထားပုံရ၏။ သည်မတိုင်မီကလည်း ဧကရာဇ်လျို့ သူ့အား တိုက်ခိုက်ရန် အတင်းစေခိုင်းနေသည်။ တန်ဖန်းပွဲတော်မှ ပါရမီရှင်များကား ရှုံးနိမ့်ခဲ့ပြီးဖြစ်ရာ ဧကရာဇ်လျိုက သည်ထက် စိန်ခေါ်ရန် အမှန်က မလိုအပ်တော့ပေ။
ထိုအရာများအားလုံးက အကွက်ချ ကြံစည်ခြင်းနှင့် တူလှသည်။
သို့သော်လည်း သူက ဧကရာဇ်လျိုအား အပြစ်တင်၍ မရပေ။ အရာအားလုံးက ဘောင်အတွင်းမှ ဖြစ်ပျက်ခဲ့ခြင်းပင်။ သူက စင်မြင့်ထက်တွင် အသတ်ခံရပါက မည်သူ့ကိုမှ အပြစ်တင်၍ မရပေ။ တိုက်ခိုက်ရန် ကြည်ဖြူစွာ လက်ခံခဲ့သည်မှာ ရီဖူရှင်းဖြစ်သည်။ သူနှင့်တိုက်ခိုက်ခဲ့သော သူများမှာလည်း ဓမ္မအဆင့်တစ်မှ လူများဖြစ်ကြ၏။ အရာအားလုံးက စည်းမျဉ်း အတွင်းတွင် ရှိသည်။ သူသေခဲ့လျှင် ဧကရာဇ်ရီပင်လျှင် မည်သို့မျှ ပြောနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ရီဖူရှင်းက ထိုကဲ့သို့ ကောက်ချက်ချနိုင်လျှင် ဧကရာဇ်ရီလည်း အလားတူ ကောက်ချက်ချနိုင်၏။ သူက ဧကရာဇ်လျိုအား အေးစက်စွာ ကြည့်လိုက်သည်။ သို့သော် သူတစ်ခွန်းမှ မပြောပေ။ တိုက်ပွဲကား တရားမျှတမှု ရှိပေသည်။ သူ မည်သို့ ပြောရမည်နည်း။
“ကျုပ်အများကြီး သင်ခဲ့ရတယ်… ကျေးဇူးပဲ…” ရီဖူရှင်းက စင်မြင့်ထက်မှ လူများအား ပြောလိုက်သည်။ ဤသည်ကိုကြားလျှင် ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများ၏မျက်နှာများ မည်းမှောင်သွားကြသည်။
ကန်ယီနိုင်ငံကား တိုက်ပွဲသုံးပွဲလုံး အနိုင်ရခဲ့၏။ ယူချင်းက ပါရမီရှင်များ အများအပြားကို အနိုင်ယူခဲ့သည်။ ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများက သူ့အား စိန်ခေါ်ရန်ပင် မရဲကြပေ။ ရီဝူချင်းက ယန်ကီနှင့် ဇီလူတို့အား အလွယ်တကူ အနိုင်ယူခဲ့သည်။ ရီဖူရှင်းက သူ၏နှင်တံဖြင့် နိုင်ငံသုံးနိုင်ငံမှ ဓမ္မအဆင့်တစ် တန်ခိုးရှင်သုံးယောက်အား တစ်ပြိုင်တည်း အနိုင်ယူခဲ့သည်။ နောက်ဆုံးတစ်ယောက်ကား ထိုနေရာတွင်ပင် အသတ်ခံလိုက်ရ၏။ သို့သော် မည်သူကမှ ရီဖူရှင်းကို အပြစ်တင်၍ မရပေ။ ဇောင်ယန်က ဦးစွာ ရီဖူရှင်းကို သတ်ရန် ကြံစည်သည်ကို အားလုံး မြင်သည်။ ဧကရာဇ်လျိုကလည်း သူ့အား အပြစ်တင်၍ မရပေ။
“နိုင်ငံလေးခုရဲ့ စိန်ခေါ်ပွဲက အခုပြီးသွားပြီ…” ဧကရာဇ်ရီက အေးစက်စွာ ပြောပြီး ရီဖူရှင်းဘက်သို့ လှည့်လိုက်သည်…“ပြန်လာလိုက်တော့…”
“နေဦး…” ထိုအခိုက်တွင် ဧကရာဇ်လျိုက ပြောလိုက်သည်။ ကောင်းကင်တွင် တန်ခိုးရှင်များ ရုတ်တရက် ပေါ်ပေါက်လာကာ ရီဖူရှင်းအား ဝန်းရံလိုက်ကြ၏။ ထိုလူများမှာ နန်းတွင်း သက်တော်စောင့်များ အထဲတွင် အတော်ဆုံးလူများ ဖြစ်ကြသည်။ ထိုမြင်ကွင်းကို မြင်လျှင် လူအများအပြားက ထိတ်လန့်သွားကြသည်။ ယူချင်းကား ပိုမို၍ ဒေါသထွက်လာသည်။
“ဒါက ဘာသဘောလဲ… ဧကရာဇ်လျို…..” ဧကရာဇ်ရီက အလွန်အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
“ရီဖူရှင်းက နန်ဒူနိုင်ငံကို သစ္စာဖောက်ခဲ့တယ်ဆိုတာ ခင်ဗျား မသိဘူးလား…..” ဧကရာဇ်လျိုက ဖြည်းညင်းစွာ ပြောသည်… “သူက အမိန့်တော်ကို ဖီဆန်ပြီးတော့ ကျုပ်ရဲ့ အရာရှိကို သတ်ဖြတ်ခဲ့တယ်… အရှေ့ပင်လယ်ဒေသရဲ့ ခေါင်းဆောင် ရှာဖိန်က သူ့ကြောင့် သေခဲ့ရတယ်… အခု သူက နန်ဒူနိုင်ငံကို ပြန်လာရဲမှတော့ သူသေရမယ်… ခင်ဗျား နားလည်နိုင်မယ်လို့ ကျုပ်မျှော်လင့်တယ်…”
“ခင်ဗျားကို ကျုပ်ထပ်ပြောမယ်… ရီဖူရှင်းက အခု ကျုပ်နိုင်ငံသား ဖြစ်နေပြီ… ပြီးတော့ သူက ကျုပ်မွေးစားသမီးရဲ့ ချစ်သူပဲ… အနာဂတ်မှာ သူက ကန်ယီနိုင်ငံ မင်းသမီးရဲ့ ကြင်ရာဖြစ်မယ့်လူ……” ဧကရာဇ်ရီက ဧကရာဇ်လျိုအား ကြည့်ကာ အေးစက်စွာ ပြောသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အေးစက်စွာ ကြည့်နေကြ၏။ ကြည့်ရသည်မှာ ဧကရာဇ်လျိုက ရီဖူရှင်းအား အမှန်တကယ် သေစေလိုပုံရ၏။ သို့သော် ရီဖူရှင်းမှာ ဧကရာဇ်ရီ ခေါ်ဆောင်လာသူဖြစ်ရာ အလွယ်တကူ သတ်၍ မရပေ။
“ကျုပ်က မဖြစ်မနေ သတ်မယ် ဆိုရင်ရော…” ဧကရာဇ်လျိုက ရီဖူရှင်းအား လက်ညှိုးညွှန်လိုက်သည်။ ရုတ်တရက် တော်ဝင် သက်တော်စောင့်များက ရီဖူရှင်းထံ ပြေးဝင်လာကြသည်။
ရီဖူရှင်းက ထိုနေရာတွင်ပင် အေးဆေး တည်ငြိမ်စွာ ရပ်နေသည်။ ဧကရာဇ်လျိုက သူ့အား အမှန်တကယ် မသတ်ရဲသည်ကို ရီဖူရှင်း သိသည်။
“ခင်ဗျားက ကျုပ်ရဲ့ စိတ်ကို စမ်းသပ်နေတာလား…” ဧကရာဇ်ရီက နှာခေါင်းရှုံ့လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ဓားအရှိန်အဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာကာ ကောင်းကင်တွင် တိမ်များ ထူထပ်လာ၏။ ထက်ရှသော ဓားများ တရွှီရွှီမြည်ကာ ကောင်းကင်အနှံ့ ဖြစ်ပေါ်လာပြီး ဧကရာဇ်လျိုနှင့် တခြား နန်ဒူနိုင်ငံမှ အထက်တန်းလွှာများအား လွှမ်းခြုံလာနေသည်။
တစ်ချိန်တည်းမှာပင် မဆုံးနိုင်သော ဓားအသိများ ဖြစ်ပေါ်လာကာ တော်ဝင်နန်းတော်အား အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားကြသည်။ လူအများအပြားက ကောင်းကင်ကို ကြည့်လိုက်လျှင် ဓားအလင်းတန်းများက နန်းတော်သို့ ဦးတည်နေကြသည်ကို မြင်ကြရသည်။ ထိုဓားအလင်းတန်းများမှ လွင့်ပျံ့လာသော အားလှိုင်းများကိုပင်လျှင် သူတို့ ခံစားကြရသည်။
“ခင်ဗျားကို ပြောမယ်… ကျုပ်က သူ့ကို ဒီကို ခေါ်လာတယ်… ကျုပ်က သူ့ကို ပြန်ခေါ်သွားရမှ ဖြစ်မယ်… ခင်ဗျားက သူ့ကို တကယ် သတ်မယ်ဆိုရင် ကျုပ်က တားလို့ရချင်မှ ရလိမ့်မယ်… ဒါပေမဲ့ ခင်ဗျားရဲ့ နန်းတော်ကို သွေးလွှမ်းသွားအောင် လုပ်ဖို့အတွက်လည်း ကျုပ်အတွက် မခက်ခဲဘူး မှတ်ပါ…” ဧကရာဇ်လျိုက ရီဖူရှင်းအား မည်သည့်အချိန်တွင်မဆို သတ်နိုင်သော်လည်း အမှန်တကယ်အားဖြင့် သူက မသတ်ရဲသည်ကို သူတို့နှစ်ယောက်လုံး သိကြသည်။
သူမသတ်ရဲသော အကြောင်းပြချက်မှာ ဧကရာဇ်ရီကြောင့် ဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ သေဆုံးသွားပါက သူက မည်မျှ ရူးမိုက်သည်များကို လုပ်ဆောင်မည်ကို မည်သူမှ မသိပေ။ ဧကရာဇ်တစ်ပါးသာ ဒေါသပေါက်ကွဲပါက နန်းမြို့တော်တစ်ခုလုံး သွေးလွှမ်းသွားနိုင်ပေသည်။
မျက်လုံးပေါင်းများစွာက သူတို့နှစ်ယောက်ထံတွင် ရှိနေသည်။ ရီဖူရှင်းကြောင့် ဧကရာဇ်နှစ်ပါးအကြား တင်းမာနေခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် အားပြိုင်နေကြသည်ကို တခြား ဧကရာဇ်များက တိတ်ဆိတ်စွာ ကြည့်နေကြသည်။ နိုင်ငံများအကြား ဆက်ဆံရေးတွင် စာရွက်စာတမ်းများဖြင့် ပြုလုပ်ခြင်းငှာ မလိုအပ်သော စည်းမျဉ်းစည်းကမ်းများ ရှိသည်။ လွန်ကဲစွာ ပြုမူသော အပြုအမူများကို မည်သည့်နိုင်ငံကမဆို ထိန်းချုပ်ရန် လိုအပ်ပေသည်။ နိုင်ငံနှစ်ခုက သဘောတူ၍ ယှဉ်ပြိုင်သော တိုက်ပွဲစင်မြင့်ပေါ်တွင် ယှဉ်ပြိုင်သူ သေဆုံးသွားပါက မည်သူကမှ အပြစ်တင်၍ မရပေ။
ဧကရာဇ်လျိုက ရီဖူရှင်းအား အမှန်တကယ် သတ်ဖြတ်လိုလျှင်ပင် သူက လူပုံအလယ်တွင် သတ်၍ မရပေ။ ရီဖူရှင်းမှာ သူ့လူဖြစ်သည်ဟု ဧကရာဇ်ရီက ကြေညာပြီးဖြစ်ရာ ဧကရာဇ်လျိုက သူ့အား ယခုအချိန်တွင် သတ်၍ မရပေ။ မဟုတ်လျှင် စည်းမျဉ်းအား မလိုက်နာရာ ရောက်ပေသည်။ ထိုအပြုအမူကား သည်းခံ၍ မရပေ။ အကယ်၍ ဧကရာဇ်လျိုက ရီဖူရှင်းအား ယခုအချိန်တွင် သတ်ဖြတ်လိုက်လျှင် သူက ကန်ယီနိုင်ငံမှ တခြားမင်းသား မင်းသမီးများကိုပါ သတ်ရန် မကြိုးစားဟု မည်သူ အာမခံနိုင်သနည်း။ တစ်ဖက်မှ စည်းမျဉ်းအား ချိုးဖောက်လျင် တခြားတစ်ဖက်မှလည်း တုံ့ပြန်မည်ဖြစ်ရာ အကျိုးဆက်ကား အလွန် ဆိုးရွားသွားနိုင်သည်။
ဧကရာဇ်လျိုက ရီဖူရှင်းအား သေစေလိုသည့်တိုင် ဧကရာဇ်ရီ၏ သဘောထားအား မစမ်းသပ်ဘဲ သတ်လိုက်မည်ဟု မည်သူမှ မယုံကြည်ပေ။ ထိုအခိုက်တွင်ကား သူက ဧကရာဇ်ရီ၏ သဘောထား မည်မျှ ခိုင်မာမှုရှိသည်ကို စမ်းသပ်လိုရင်းသာ ဖြစ်သည်။ ဧကရာဇ်ရီကသာ အနည်းငယ်မျှ နောက်တွန့်နေလျှင် သူက ရီဖူရှင်းကို ချက်ချင်း သတ်လိုက်မည်ဖြစ်သည်။ သို့သော်လည်း ဧကရာဇ်လျိုကား စိတ်ပျက်သွားရ၏။
ကောင်းကင်တွင် နန်းတော်သို့ လျင်မြန်စွာ ဦးတည်နေသော ဧကရာဇ်ရီ၏ ဓားများက သူ၏ သဘောထားကို သက်သေပြနေသည်။
“ဧကရာဇ်ချူနဲ့ ဧကရာဇ်ယန်တို့က ဘယ်လို ထင်ကြလဲ…” ဧကရာဇ်လျိုက တခြား ဧကရာဇ်နှစ်ပါးဘက်သို့ လှည့်ကာ မေးလိုက်သည်။
ဧကရာဇ်လျိုအား စိတ်ထဲမှ ဆဲရေးပြီးသကာလ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
“ဧကရာဇ်ရဲ့ အမိန့်တော်ကို ဖီဆန်မှတော့ ရီဖူရှင်းက နန်ဒူနိုင်ငံနဲ့ပဲ သက်ဆိုင်သေးတယ် ဆိုရမယ်… ရှင်းပြချက်တစ်ခုတော့ လိုတယ်လို့ ကျုပ်ထင်တယ်…” ယွန်ချူနိုင်ငံဧကရာဇ်က ပြောသည်။
“ဧကရာဇ်ရီက နည်းနည်း လွန်နေတယ်…” ဧကရာဇ်ယန်က ပြောသည်။
ဧကရာဇ်နှစ်ပါးကား ဧကရာဇ်လျိုဘက်တွင် ရှိနေသည်မှာ သေချာသည်။ သို့သော်လည်း ဧကရာဇ်ရီက ဂရုမစိုက်ပေ။ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အလျောက် နန်ဒူနိုင်ငံ၏ အင်အား ကြီးမားလာမှုက သူတို့အတွက် အန္တရာယ် မဟုတ်ပေဘူးလော။ သူတို့က နန်ဒူနိုင်ငံအား ထောက်ခံကြောင်း အပေါ်ယံ ဟန်ဆောင်နေကြခြင်းသာ ဖြစ်သည်။
“အခု ခင်ဗျားက ဧကရာဇ်နှစ်ပါးရဲ့ စကားကို ကြားတယ်မလား… ဧကရာဇ်တစ်ပါး အနေနဲ့ ကျုပ်က ကတိပေးတယ်… ရီဖူရှင်းကိုသာ ထားခဲ့မယ်ဆိုရင် အရင်တုန်းက ရန်ငြိုးတွေကို သင်ပုန်းချေပြီး ကန်ယီနိုင်ငံကို လွှတ်ပေးလိုက်မယ်… ဘယ်လိုလဲ…..” ဧကရာဇ်လျိုက ပြောသည်။
အလွန် ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်ထားသော လျိုဂျင်လန်ကြောင့် ဧကရာဇ်လျိုက သည်စကား ပြောသည်ကို သူနားလည်သည်။
တခြား ဧကရာဇ်များ တွန့်ဆုတ်သွားကြသည်။ ဧကရာဇ်ရီကရော သည်အချက်ကို ထည့်စဉ်းစားပါ့မလား။
ရီဖူရှင်းက မည်မျှပင် ထူးချွန်နေပါစေ သူကား အရွယ်ရောက်ရန် လိုနေသေး၏။ တခြားတစ်ဖက်တွင် လျိုဂျင်လန်၏အနာဂတ်ကား သေချာနေပြီဖြစ်သည်။
ရီဖူရှင်းအား လက်လျှော့လိုက်ခြင်းဖြင့် နန်ဒူနိုင်ငံ အင်အားကြီးလာသောအခါ ကန်ယီနိုင်ငံအနေဖြင့် စိုးရိမ်စရာ မလိုအပ်တော့ပေ။ ရီဖူရှင်းအား ကာကွယ်ပါက အနာဂတ်တွင် နန်ဒူနိုင်ငံမှ နိုဘယ်အဆင့် ဘုရင်နှစ်ပါးအား သူတို့က ရင်ဆိုင်ရမည်ဖြစ်ရာ အန္တရာယ် ကြီးမားလှသည်။
“ကျုပ်က လူတစ်ယောက်ကိုတောင် မကာကွယ်နိုင်မှတော့ တစ်နိုင်ငံလုံးကို ဘယ်လိုလုပ် ကာကွယ်နိုင်ပါ့မလဲ…” ဧကရာဇ်ရီက ပြောသည်… “ခင်ဗျား ဒီလောက် အချိန်ကုန် မခံပါနဲ့တော့… ကျုပ်က သူ့ကို ပြန်ခေါ်သွားရမှ ဖြစ်မယ်…”
ရီဖူရှင်းအား ပြန်ခေါ်သွားရမည်ဟု ဧကရာဇ်ရီက ဆုံးဖြတ်ထားသည်။ အခြေအနေက တင်းမာလှသည်။ ဧကရာဇ်ရီက နောက်မဆုတ်ရာ ဧကရာဇ်လျိုက ရီဖူရှင်းကို သတ်၍မရပေ။
“သူ့အတွက်နဲ့ ခင်ဗျားက ဒီလောက် လုပ်စရာလိုလို့လား… အကျိုးဆက်က ဘာပဲဖြစ်နေနေပေါ့…” ဧကရာဇ်လျိုက အေးစက်စွာ ပြောသည်။
“ကျုပ်က အဖိတ်ခေါ်ခံရလို့ ရောက်လာတယ်… ဒါပေမဲ့ ပွဲတော်က ဒီလောက် ပြဿနာများမယ်လို့ မထင်ထားဘူး… ဒီလိုဆိုလည်း ကျုပ်တို့ သွားတော့မယ်…” ဧကရာဇ်ရီက ရီဖူရှင်းအား ပြောသည်… “ဒီကို လာခဲ့…”
ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ဧကရာဇ်ရီထံသို့ လျှောက်သွားလိုက်သည်။ ရီဖူရှင်းအနီးမှ စွမ်းအားမြင့်တန်ခိုးရှင်များက ထိုအတိုင်းရပ်နေကြသည်။ သူတို့က ဧကရာဇ်လျိုအား ကြည့်နေကြသော်လည်း ဧကရာဇ်လျိုထံမှ အမိန့်ကား ရောက်ရှိလာခြင်း မရှိပေ။
ရီဖူရှင်းက ဧကရာဇ်ရီအနီးသို့ ပြန်ရောက်သွား၏။
“အခုအချိန်ကစပြီး ကျုပ်က ကန်ယီနိုင်ငံနဲ့ စစ်ကြေညာလိုက်တယ်…” ဧကရာဇ်လျိုက အေးစက်စွာ ပြောသည်။
“ကျုပ်က ခင်ဗျားနဲ့ ဒီကစားပွဲကို ကစားပေးမယ်…” ဧကရာဇ်ရီက ထူးမခြားနားစွာ ပြန်ပြောသည်။ ထို့နောက် သူက သူ့လူများအား ပြောသည်…“သွားကြမယ်…” ထို့နောက် ကန်ယီနိုင်ငံမှ လူများက နဂါးကြီးပေါ်သို့ တစ်ယောက်ပြီး တစ်ယောက်တက်ကြသည်။ ဧကရာဇ်ရီကား နောက်ဆုံးမှ တက်ရောက်သူဖြစ်သည်။ ဟိန်းသံတစ်ချက်နှင့်အတူ နဂါးကြီးက ကောင်းကင်သို့ ထိုးတက်သွားသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ ဓားပုံရိပ်များအားလုံး ချက်ချင်း ပျောက်ကွယ် သွားကြသည်။
ဧကရာဇ်လျိုက ကောင်းကင်အား မော်ကြည့်လိုက်သည်။ ရီဖူရှင်းကလည်း ဧကရာဇ်လျိုအား အေးစက်စွာ ကြည့်နေသည်။
နဂါးကြီးက အဝေးကို ပျံသန်း ထွက်ခွာသွားရန် အဆင်သင့်ပင် ဖြစ်နေပြီ။ နဂါးကြီးကျောပေါ်မှ ယူချင်းကား ဒေါသကို အတင်းမျိုသိပ်ထားရပုံပေါ်နေကာ သူ့ကိုယ်မှ လူသတ်လိုသော အငွေ့အသက်များပင်လျှင် ပြင်းထန်စွာ ထွက်ပေါ်လာနေသည်။ မျက်လုံးပေါင်းများစွာက နဂါးကြီးကျောပေါ်မှ လူများအား ကြည့်နေကြသည်။ တန်ဖန်းပွဲတော်တွင် ဖြစ်ပျက်ခဲ့သမျှကား အိပ်မက်အလားပင်။
နန်ဒူနိုင်ငံ၏ပွဲတော်ကား ရီဖူရှင်းတို့အုပ်စုအတွက် ကျင်းပသကဲ့သို့ပင်။ ဧကရာဇ်နှစ်ပါး ပြဿနာဖြစ်ရခြင်းမှာ အသက်ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေး တစ်ယောက်ကြောင့် ဖြစ်သည်။
ထိုအခိုက်တွင် အဝေးဆီမှ များစွာသော လင်းလက်တောက်ပသော အလင်းတန်းများ ပျံသန်းလာနေသည်။ နဂါးကြီးက ရပ်တန့်လိုက်ကာ ရီဖူရှင်းတို့အုပ်စုက ထိုအလင်းတန်းများ လာရာဘက်ကို ကြည့်လိုက်ကြသည်။
“ဧကရာဇ်နောက်တစ်ပါး ရောက်လာတာလား…” ဧကရာဇ်ရီက နားမလည်သလို ရေရွတ်လိုက်သည်။ နဂါးကြီးအပေါ် ကောင်းကင်မှ လူအနည်းငယ်က ရီဖူရှင်းတို့အုပ်စုအား တစ်ချက်မှပင် မကြည့်ဘဲ ကျော်ဖြတ်သွားကြသည်။ ရီဖူရှင်းတို့က သူတို့ သွားရာဘက်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုလူများက ပြိုင်ပွင်စင်မြင့်အပေါ် ကောင်းကင်တွင် ရပ်တန့်သွားကြသည်။ လူအများအပြားက ကောင်းကင်အား ကြည့်လိုက်ကြသည်။ နေရောင်အောက်တွင် ထိုလူများ၏ ကိုယ်ရောင်ကိုယ်ဝါများမှာ လင်းလက် တောက်ပနေသည်။ သူတို့ကလည်း ဂုဏ်ပြုစကားပြောရန် ရောက်လာကြသည်လော။
ထိုလူများမှာ တော်ဝင်ချင်ကျောင်းတော်မှ နိုဘယ်များထက်ပင် ပိုမို စွမ်းအားမြင့်ပုံရသည်။ ဧကရာဇ်လျိုက စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်အား မော့ကြည့်လိုက်သည်။
“နောက်သုံးလနေရင် နယ်မြေတစ်ရာဒေသက လူတွေအတွက် ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်မယ့်ဂိတ်ပေါက်ကို အမြဲတမ်းအနေနဲ့ ဖွင့်ပေးတော့မယ်… လူတိုင်းက ဂိတ်ကို လွတ်လွတ်လပ်လပ် ကျော်ဖြတ်နိုင်တယ်…” ထိုလူစုထဲမှ ခေါင်းဆောင်ဖြစ်သူက ကြေညာသည်။ ထိုစကားကို ကြားလျှင် ဧကရာဇ်ရှစ်ပါးမှာ ပိုမို၍ စိတ်လှုပ်ရှား ပျော်ရွှင်လာကြသည်။
ထိုစကားအရ ခေါတ်သစ်တစ်ခု မွေးလာချေပြီ ဖြစ်သည်။
***