ယွန်ချူနှင့် ယန်အုပ်စုတို့က ရီဖူရှင်းအား စော်ကားကြသော်လည်း ဖန်းဟွာပွဲအတွက် ဧကရာဇ်ရီကိုယ်တိုင်က ပထမနေရာကို ပေးအပ်ခဲ့သောသူမှာ အမှန်တကယ် ကံကောင်းခြင်း ဖြစ်သည်ဟု သူတို့ မယုံကြည်ကြပေ။ ဓမ္မအဆင့်အား အနိုင်ယူနိုင်ခြင်းက ထိုဓမ္မမှာ သာမန် ဓမ္မပင် ဖြစ်စေကာမူ သူကား အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ပိုပြောလျှင် သူအနိုင်ယူခဲ့သူများမှာ ဖန်းဟွာအဆင့်မှပင် ဖြစ်သည်။ သူတို့၏မူလ အစီအစဉ်အရ သူတို့က ရီဖူရှင်းအား ဓမ္မဆင့်မှ လူများနှင့် တိုက်ခိုက်စေလိုရင်း ဖြစ်ပေသည်။
သို့သော် သည်အရှက်မဲ့လှသော ကောင်စုတ်ကား ခန့်မှန်းရခက်လှ၏။
ရီဖူရှင်းပြောသော စကားကိုလည်း သူတို့က ပြန်ငြင်း၍ အဆင်မပြေလှပေ။ သူက မိမိကိုယ်ကို အားနည်းဟန်ဖြင့် နှိမ့်ချပြောဆိုကာ အလွန်ယဉ်ကျေးစွာဖြင့် ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်တို့အား ချီးကျူးထားလေသည်။ သူတို့က မည်သို့ ပြောနိုင်တော့မည်နည်း။ နိုင်ငံလေးနိုင်ငံ ပါရမီရှင်များအကြား အဆင့်တူအနေဖြင့် တိုက်ခိုက်လိုခြင်းက မှားယွင်းခြင်း မရှိပေ။ သူတို့ တစ်ခုမှ မပြောနိုင်တော့။
“အစ်ကိုရီ… ခင်ဗျားက ရယ်စရာ ပြောနေတာပဲ… ဖန်းဟွာအဆင့်ရဲ့ ပထမနေရာက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်ပါ့မလဲ…” ချူခွန်ယမ်က တစ်စုံတစ်ခု ပြောဆိုရန် သူ့ဦးနှောက်အား အလုပ်ပေးလိုက်သည်။ စိတ်ထဲတွင်လည်း ရီဖူရှင်း၏အရှက်မရှိမှုအပေါ် စိတ်ထဲမှ ကျိန်ဆဲနေလေသည်။ အကယ်၍ သူကသာ အဆင့်တူအတွင်း ယှဉ်ပြိုင်လျှင် ရီဖူရှင်း၏ပြိုင်ဘက်မှာ ရှုံးနိမ့်မည်ကို မေးခွန်းပင် ထုတ်စရာမလိုသည်ကို သူသိသည်။
“အစ်ကိုရီ… ဟင်း… ကျုပ်တို့က ရင်းနှီးလို့လား…” ရီဖူရှင်းက ရယ်မောလျက် ချူခွန်ယမ်ကို ပြောသည်။ “ပြီးတော့ ကျုပ်က အပြောပဲ ရှိတယ်လို့ မင်းမပြောခဲ့ဘူးလား… အခု ကျုပ်က သာမန်မဟုတ်ဘူးလို့ မင်းပြောနေပြန်ပြီ… မင်းက ဘာလိုချင်တာလဲ… တိုက်မှာလား… မတိုက်ဘူးလား…”
ချူခွန်ယမ်၏မျက်နှာ မည်းသွားသည်။ တခြား ကန်ယီတိုင်းပြည်မှ လူများနှင့် ထိုင်နေသော ဟွာကျီဇင်ကား မထိန်းနိုင်တော့ဘဲ ပြုံးလိုက်၏။ ရီဖူရှင်းကား တခြားလူများကို အနိုင်စားရာတွင် ထူးချွန်လှသည်။
ဧကရာဇ်ရီကား ထွက်သွားလိုခဲ့သည်။ သို့သော် ချူခွန်ယမ်က နိုင်ငံလေးခု၏ တိုက်ပွဲကို ဆက်လက်ပြုလုပ်လိုခဲ့၏။ အကြောင်းပြချက်မရှိဘဲ သူက ရီဖူရှင်းအား ဓမ္မအဆင့်နှင့် တိုက်ခိုက်ရန် တောင်းဆိုပါက သူကား အလွန်အရေထူသောသူ ဖြစ်သွားပေရော့မည်။
“ရီဖူရှင်း… ကန်ယီနိုင်ငံရဲ့ ဖန်းဟွာပွဲတော်မှာ မင်းက ဓမ္မအဆင့်က လူတွေအများကြီးကို အနိုင်ယူခဲ့တယ်… မင်းက တကယ့် ပါရမီရှင်ပဲ… ဒီလို အဆင့်တူအနေနဲ့ ယှဉ်ပြိုင်တာက ကိုယ့်ကိုယ်ကိုယ် စော်ကားရာ မရောက်ဘူးလား… မင်းက ဒီလို ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိနေမှတော့ ကျုပ်တို့က နိုင်ငံလေးခုက ဓမ္မအဆင့်တစ်ယောက်စီ စေလွှတ်စေတာ ဘယ်လိုနေလဲ… ကျုပ်တို့က ပြိုင်ပွဲစင်မှာ မင်း အရည်အချင်းကို ကြည့်ကြတာပေါ့…”
လူအများအပြားက သူ့အား ထူးဆန်းသလို ကြည့်ကြသည်။ ရီဖူရှင်းတွင် အလွန် ကောင်းမွန်သော မှတ်တမ်းရှိသည်မှာ မှန်သော်လည်း ကောင်းကင်အဆင့်အား ဓမ္မအဆင့်နှင့် ယှဉ်ပြိုင်ရန် ဧကရာဇ်တစ်ပါးက တောင်းဆိုခြင်းမှာ လွန်ကဲလှပေသည်။
ရီဖူရှင်းက ဧကရာဇ်လျိုအား ကြည့်လိုက်သည်။ ဧကရာဇ်ရီက ထွက်သွားရန် ဟန်ပြင်သောအခါ ဧကရာဇ်လျိုက လက်မခံခဲ့ဘဲ ရီဖူရှင်းကို အတင်း တိုက်ပွဲဝင်ခိုင်းနေသည်။ သူကား အမှန်ပင် လက်လျှော့လိုပုံ မရပေ။ သည်လိုဆိုလျှင် ရီဖူရှင်းက သူ့ဆန္ဒများ အမှန်တကယ် ဖြစ်လာရန် ပြုလုပ်ပေးမည် ဖြစ်သည်။
“ဒါဆို နိုင်ငံလေးနိုင်ငံရဲ့ ယှဉ်ပြိုင်ပွဲမှာ ကျုပ်တို့ ကန်ယီနိုင်ငံက ကောင်းကင်အဆင့်က လူတွေက ဓမ္မအဆင့်က လူတွေနဲ့ တိုက်ခိုက်ရမှာပေါ့… ဧကရာဇ်လျိုက အရမ်းတော်တာပဲ…” ရီဖူရှင်းက သရော်သော လေသံဖြင့် ပြောသည်။ ထို့နောက်သူက တခြား နိုင်ငံသုံးနိုင်ငံဘက်မှ လူများအား ကြည့်လျှင် ပြောလိုက်သည်… “သူက ဒီလို ပြောမှတော့ နိုင်ငံလေးနိုင်ငံရဲ့ ယှဉ်ပြိုင်ပွဲလို့ ပြောနေစရာ မလိုတော့ဘူး… နိုင်ငံတစ်ခုစီက ဓမ္မအဆင့်တစ်ယောက်စီ ရွေးလို့ရတယ်… ပြီးတော့ အတူတူ တက်လာခဲ့ကြ…” ထိုအခိုက်တွင် ရီဖူရှင်းကား လေးနက်သော သွင်ပြင်ကို ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏အသံက တိုးသော်လည်း လူတိုင်းက သူ့မျက်လုံးမှ ပြောင်းလဲမှုကို သတိထားမိကြသည်။ သည်ရီဖူရှင်းကမှ အစစ်အမှန်ဟု ထင်ရ၏။
ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်မှ ရီဖူရှင်းက တခြား နိုင်ငံမှ စွမ်းအားမြင့် တန်ခိုးရှင်များအား ပြောလိုက်သည်… “နိုင်ငံတစ်ခုစီက ဓမ္မအဆင့်က တန်ခိုးရှင်တစ်ယောက်စီ ရွေးပြီးတော့ အတူတူ တက်လာကြ…” သူက ဓမ္မအဆင့်မှ တန်ခိုးရှင်ကို တိုက်ခိုက်ရမည် ဖြစ်သလို သူက ထိုလူများ ပူးပေါင်းတိုက်ခိုက် သည်ကိုလည်း ခံရမည်ဖြစ်သည်။ အလွန်ကြမ်းတမ်းသော ယူချင်းပင်လျှင် ရီဖူရှင်းလောက် မောက်မာခြင်း မရှိပေ။
ဧကရာဇ်ရီက တိုက်ပွဲစင်မြင့်ပေါ်မှ လူငယ်လေးအား ကြည့်လိုက်သည်။ သူ တစ်ခွန်းမှ မပြောပေ။ ရီဖူရှင်းက သည်လိုပြောခဲ့ပြီဆိုလျှင် သူလုပ်နိုင်မည်ကို သူသိ၏။
ဧကရာဇ်လျိုက ပြုံးလိုက်သည်။ ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်တို့က ဓမ္မအဆင့်တစ်ယောက်စီကို ရွေးချယ်စေလွှတ်ကြ၏။ သူတို့မှာ သူတို့နိုင်ငံအတွင်း အရည်အချင်း အရှိဆုံးသော ဓမ္မအဆင့်တစ် တန်ခိုးရှင်များ ဖြစ်ကြသည်။
“ကျုပ်တို့ နန်ဒူနိုင်ငံအတွက် ဘယ်သူက တိုက်ခိုက်ချင်သလဲ…” ဧကရာဇ်လျိုက လူအုပ်အား ကြည့်ကာ ပြောသည်။ ဓမ္မအဆင့်တစ်မှ အတော်ဆုံးဖြစ်သူ စုမူမှာ ယူချင်းထံတွင် ရှုံးနိမ့်ခဲ့ပြီးဖြစ်ရာ သူတို့က နောက်တစ်ယောက်အား ရွေးရမည်ဖြစ်သည်။
“အရှင်မင်းကြီး အတွက် ကျုပ် တိုက်ခိုက်ပါ့မယ်…” လူအုပ်ထဲမှ လူတစ်ယောက် ထွက်ပေါ်လာသည်။
“အဲဒါ ဇောင်ယန်ပဲ…” လူတိုင်း၏မျက်လုံးများ တောက်ပလာကြသည်။ သည်လူငယ်ကား စုမူနှင့် ပထမနေရာကို ယှဉ်ပြိုင်ခဲ့သောသူ ဖြစ်သည်။ သူသည်လည်း အလွန်စွမ်း၏။ စုမူလောက် မကောင်းသော်လည်း သူသည်လည်း သိပ်မနိမ့်ကျပေ။
“ကောင်းပြီ…” ဧကရာဇ်လျိုက ခေါင်းညိတ်၏။ တစ်ချိန်တည်းမှာပင် တခြားနိုင်ငံနှစ်နိုင်ငံမှ နှစ်ယောက်ကလည်း စင်မြင့်ပေါ်ကို တက်လာကြသည်။ ဇောင်ယန်က လေထဲကို မြောက်တက်သွားပြီး ကောင်းကင်မှနေ၍ စင်မြင့်ပေါ်မှ ရီဖူရှင်းအား ငုံ့ကြည့်လိုက်သည်။
မျက်လုံးပေါင်း များစွာက စင်မြင့်ပေါ်မှ ထိုချောမောသော လူငယ်လေးအား ကြည့်နေကြသည်။ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်က ဓမ္မအဆင့်မှ လူသုံးယောက်နှင့် တိုက်ခိုက်မည် ဖြစ်သည်။ သည်တိုက်ပွဲက ရူးသွပ်မှုတစ်ခုပင်။
ယွန်ချူနိုင်ငံမှ တန်ခိုးရှင်၏ကိုယ်တွင် မီးလျှံချပ်ဝတ်တစ်ခု ဖြစ်ပေါ်လာကာ သူ့တစ်ကိုယ်လုံးမှာ မီးလျှံများ ထွက်ပေါ်လာနေသည်။ မီးလျှံများက ချက်ချင်း ပင်လယ်ပြင်အလား ကျယ်ပြန့်သွားကာ မီးပင်လယ်ကြီးကို ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်စေသည်။ ထိုမီးလျှံများက ပတ်ဝန်းကျင် တစ်ခုလုံးအား အနီရောင် လွှမ်းခြုံစေသည်။
သူကား ဓမ္မအဆင့်တစ်တွင်ပင် သည်မျှ စွမ်းအားမြင့်နေပြီ ဖြစ်သည်။ လူတိုင်းက ကြောက်ရွံ့ ထိတ်လန့်သွားကြ၏။
ယန်တိုင်းပြည်မှ စေလွှတ်လိုက်သော သူမှာလည်း ကြောက်မက်ဖွယ် ဓမ္မကို ပိုင်ဆိုင်ထားသည်။ သူ့နောက်တွင် ကြီးမားသန်မာသော လူဝံကြီး ထွက်ပေါ်လာသည်။ သူ့ခန္ဓာတစ်ခုလုံးတွင် ပြောပြနိုင်စွမ်း မရှိသော စွမ်းအင်များ စီးဆင်းနေသည်။ သူကား အရာအားလုံးကို ဖျက်ဆီးရန်အတွက် ကြမ်းတမ်းကာ ရက်စက်သော သွင်ပြင်သို့ ပြောင်းလဲသွား၏။
သူတို့နှစ်ယောက်လုံးက ကောင်းကင်သို့ လျင်မြင်စွာ ရောက်ရှိသွားပြီး ရီဖူရှင်းအား စိုက်ကြည့်လျက် ရပ်နေကြသည်။ ရီဖူရှင်းက ဓမ္မအသိအား မည်ကဲ့သို့ အနိုင်ယူမည်ကို သူတို့ သိလိုကြသည်။
ဇောင်ယန်ကား ပြိုင်ပွဲစင်မြင့်အပေါ် အထက်တွင် ရပ်နေသည်။ သူ့လက်တွင် စွမ်းအင်များ ကိန်းဝပ်နေဟန်ရသော လှံတံရှည်တစ်ချောင်းကို ဆုပ်ကိုင်ထား၏။
ရီဖူရှင်းက ပြိုင်ပွဲစင်မြင့် အလယ်တွင် ရပ်နေလျက်ကပင် ရုတ်တရက် သူ့လက်တွင် ရွှေရောင်နှင်တံရှည် တစ်ချောင်း ထွက်ပေါ်လာသည်။
ယွန်ချူတန်ခိုးရှင်က ရှေ့ကို တစ်လှမ်းတိုးလိုက်လျှင် မီးလျှံလှိုင်းတစ်ခုက မီးနဂါးအလား ရီဖူရှင်းထံ တိုးဝင်သွား၏။ ချက်ချင်းပင် ရီဖူရှင်းလက်ထဲမှ ရွှေရောင်နှင်တံ ကြွတက်လာသည်။ ကောင်းကင်မှ အားကောင်းသော စွမ်းအင်တစ်ခု ရီဖူရှင်းထံ ဆင်းသက်လာကာ သူ့နောက်ကျောတွင် လှပသော ရွှေရောင်နတ်ငှက် အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
အတောင်ပံများအား ခတ်လျက် ရီဖူရှင်းက လေထဲကို မြင့်တက်သွား၏။ မီးနဂါးက သူ့နောက်ကို လိုက်သည်။ နတ်ငှက်၏သွင်ပြင်က ရီဖူရှင်း၏ခန္ဓာကိုယ်တွင် ရေးရေးပေါ်လာကာ စွမ်းအင်များအား အရူးအမူး စုစည်းလာနေကြ၏။
ဘုန်း… သူ၏အတောင်ပံများအား ဖြန့်လိုက်လျှင် ရီဖူရှင်းက နတ်ငှက်အသွင်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ပျံသန်းလိုက်၏။ တခြားလူများက သူ့အား မော်ကြည့်လိုက်သော အချိန်တွင် သူကား ထိုထက်ပင်မြင့်သော အပေါ်သို့ ရောက်ရှိသွားလေပြီ။ ထိုမြင်ကွင်းကား အလွန် လှပဆန်းကြယ်သည်။ ထိုအခိုက်တွင် အားလှိုင်းက ပိုမို၍ အားကောင်း လာနေသည်။ ထို့နောက်တွင် ရီဖူရှင်းက ယွန်ချူနိုင်ငံမှ တန်ခိုးရှင်ထံကို တိုးဝင်သွားသည်ကို သူတို့ မြင်လိုက်ကြရ၏။ သူကား မယုံကြည်နိုင် လောက်အောင် မြန်ဆန်သည်။
ဓမ္မသိဖြင့် ဖန်တီးထားသော မီးနဂါးက ဒေါသတကြီး ရီဖူရှင်းထံ တိုးဝင်လာနေသည်။ ချက်ချင်းတွင်ပင် ရီဖူရှင်းအား ထိုမီးလျှံများက ဝန်းရံကာ ဝါးမျိုရန် ကြိုးစားကြ၏။
ရီဖူရှင်းကား ရွှေရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ စက္ကန့်ပိုင်းမျှပင် မရပ်တန့်ပေ။ ထိုအခိုက်တွင် နှင်တံက ပထမရိုက်ချက် မူလအစအား ဖော်ထုတ်လိုက်လေသည်။ ကြီးမားသော မီးနဂါးမှာ အလယ်မှ ထက်ခြမ်းကွဲသွား၏။ ထိုရိုက်ချက်က ဆက်လက်၍ ယွန်ချူတန်ခိုးရှင်ထံ တိုးဝင်သွားသည်။
ထိုတန်ခိုးရှင်၏ မှော်ပညာစွမ်းအင် ကြမ်းတမ်းစွာ ပေါက်ကွဲထွက်လာသည်။ ထိုမီးလျှံလှိုင်းများ ကဲ့သို့ပင် ထိုငရဲမီးလျှံများက ရီဖူရှင်းထံ တိုးဝင်သွားကြပြန်သည်။ သို့သော် နှင်တံရိုက်ချက် တစ်ချက်တွင် ရွှေရောင်အားလှိုင်းများက ထိုတန်ခိုးရှင်၏ရှေ့မှ မီးလျှံများ အားလုံးကို ထက်ခြမ်းကွဲ သွားစေသည်။ နှင်တံအား ရပ်တန့်ရန် မည်သည့်အရာကမှ မတတ်နိုင်ပေ။
ဘုန်း… ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။ ယွန်ချူတန်ခိုးရှင်ကား နှင်တံ ရိုက်ချက်မိသွားပြီးနောက် ယခုတွင်ကား တိုက်ပွဲစင်မြင့် တစ်နေရာတွင် လဲလျောင်းနေလေပြီ။
ဓမ္မအဆင့်က အမှန်တကယ် အားနည်းပါသလော။ ပရိသတ်များ အားလုံး ထိတ်လန့် သွားကြသည်။ သူကား ယွန်ချူနိုင်ငံမှ လူများ အထူး ရွေးချယ်ထားသောသူ ဖြစ်ရာ သူ၏ဓမ္မမှာ အလွန် ကောင်းမွန်ရပေမည်။ သို့သော်လည်း သူကား ရိုက်ချက်တစ်ချက်မျှပင် မခုခံနိုင်ပေ။ နှင်တံရိုက်ချက် တစ်ချက်တွင် ကျဆုံးခဲ့လေ၏။
ယွန်ချူနိုင်ငံမှ လူများ၏အမူအရာများ သိပ်မကောင်းတော့ပေ။ သူတို့က သည်မတိုင်မီက ကောင်းကင်အဆင့်ကပင် အနိုင်ယူခံရသော ဓမ္မမှာ မည်ကဲ့သို့သော ဓမ္မဟုလဲဟု သရော်ခဲ့ကြသည်။ ယခု ယွန်ချူနိုင်ငံမှ ဓမ္မအဆင့်မှာလည်း ကောင်းကင်အဆင့် ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။ ထိုရိုက်ချက်ပြီးသော အခါတွင်လည်း သူ၏စွမ်းအင်များ လျှော့သွားဟန်မတူပဲ အမှန်ပင် ပိုမိုအားကောင်း လာနေ၏။
ထိုမြင်ကွင်းကိုကြည့်လျှင် သိက္ခာကျမည်စိုးသဖြင့် ပူးပေါင်း မတိုက်ခိုက်လိုသော ထိုယန်တိုင်းပြည်မှ တန်ခိုးရှင်၏နှလုံးများ တုန်ခါလာသည်။ လူဝံကြီး၏ဟိန်းသံနှင့်အတူ သူ့ကိုယ်အား လူဝံပုံသဏ္ဌာန်က လွှမ်းခြုံသွားကာ ကြောက်မက်ဖွယ် အားလှိုင်းများ စီးဆင်းလာနေကြ၏။ သူ့ကိုယ်ရောင်ကိုယ်ဝါကပင်လျှင် အရာအားလုံးကို ဖိနှိပ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ဘုန်း… ယန်တိုင်းပြည်မှ တန်ခိုးရှင်က ရှေ့ကို လှမ်းတက်လိုက်လျှင် ပတ်ဝန်းကျင်က လေးလံ ထိုင်းမှိုင်းသွား၏။ လူဝံကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်လျှင် သူ့ဒေါသက တောတောင်များကိုပင် လှုပ်ယမ်းစေနိုင်သည်။ သူက ရီဖူရှင်းအား ဖျက်ဆီးရန် လက်ဝါးရိုက်ချက် တစ်ချက် အားကောင်းစွာ ရိုက်ထုတ်လိုက်သည်။ ထိုကြမ်းတမ်းသော လက်ဝါးရိုက်ချက် ကျရောက်လာစဉ်မှာပင် ရီဖူရှင်း၏ ဒုတိယ ရိုက်ချက် ထွက်ပေါ်လာသည်။
နှင်တံရှည် အနီးကို ရောက်ရှိလာလျှင် ထိုပုံသဏ္ဌာန်က ပိုမို၍ ကြီးမားလာသည်ဟု တန်ခိုးရှင်များ၏ မျက်လုံးတွင် မြင်ကြရ၏။ နှင်တံက အရာအားလုံးကို ဖျက်ဆီးမည့် အားအင်ဖြင့် ဆင်းသက် လာပြန်သည်။ လူဝံကြီးကား ရှေ့ကို ခုန်အုပ်ရန် အဆင်သင့်ဖြစ်နေပြီး ဖြစ်သော်လည်း သူကား နှင်တံ၏အရိုက်ကို ခံလိုက်ရပြန်သည်။
ဘုန်း… နောက်ထပ် ထိရိုက်သံတစ်ချက် ပေါ်လာကာ လေထက်ပိုမိုသော အမြန်နှုန်းဖြင့် ယန်တိုင်းပြည် တန်ခိုးရှင်ကား နောက်သို့ လွင့်စဉ်သွားတော့၏။
ဒါ… လူတိုင်းကား မည်သို့ပြောရမည်မှန်း မသိတော့။ သည်အခြေအနေအား ဖော်ပြနိုင်စွမ်းငှာ စကားလုံးမရှိတော့။
ရီဖူရှင်း၏အလျင်ကား အနည်းငယ်မှ မယုတ်လျော့ပေ။ သူက တတိယ ပြိုင်ဘက်ထံသို့ ဆက်လက်၍ တိုးဝင်သွားသည်။ နောက်တစ်ကြိမ် နှင်တံက လေထဲတွင် ကခုန်ပြန်၏။ ထို့အတူ ဇောင်ယန်ကိုယ်မှ ထွက်ပေါ်နေသော ကိုယ်ရောင်ကိုယ်ဝါမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့လှံတံရှည်က ရီဖူရှင်းထံ ရောက်ရှိလာသော်လည်း မှန်ပေသည်… လှံတံရှည်မှာ နှင်တံ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ သူ့ခန္ဓာကိုယ်မှာလည်း နောက်ကို လွင့်စဉ်သွားသည်။ သို့သော်လည်း သူကား လေထဲကို မြောက်တက်သွားကာ အလွန်စူးရှသော အားလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် အလျင်နှုန်းဖြင့် ဆင်းသက်လာသော ပုံရိပ်တစ်ခုအား လူတိုင်းက မြင်လိုက်ကြရသည်။ ထိုအရာမှာ ဓားမြှောင်တစ်လက်ဖြစ်ကာ ရီဖူရှင်းထံ ထွင်းဖောက်ရန် ပြေးဝင်လာသည်။ ဓားမြှောင်က ကောင်းကင်တွင် ဝင်းလက်သွား၏။
ထိုမြင်ကွင်းက ပရိသတ်များ အားလုံး၏ ရင်ဘတ်အား တင်းကျပ်သွားစေသည်။ သူတို့၏မျက်လုံးများက ရီဖူရှင်းထံတွင် အေးခဲသွား၏။
အသားကို ထွင်းဖောက်သွားသော အသံငယ်တစ်ခုနှင့်အတူ ဓားမြှောင်က ရီဖူရှင်း၏အရေပြားအား ထွင်းဖောက်လျက် ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲကို တိုးဝင်လာနေသည်။ သို့သော်လည်း ဓားမြှောင်က အမှန်တကယ်အားဖြင့် အထဲကို ရောက်ရှိခြင်း မရှိပေ။ ရီဖူရှင်းက ဓားမြှောင်အား ဘယ်လက်ဖြင့် ဆုပ်ကိုင်ထားသည်။ သို့သော်လည်း သူကား ဒဏ်ရာ ရသွားသည်သာ။ ဒဏ်ရာမှ သွေးစိမ်းများ စီးကျလာသည်။
ဇောင်ယန်က ရီဖူရှင်းအား မော်ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် မယုံကြည်နိုင်မှုများ အထင်းသား တွေ့ရ၏။ ရီဖူရှင်း၏ကြံ့ခိုင်မှုက သည်မျှ အားကောင်းသည်လား။ သူက ဇောင်ယန်၏ပွဲသိမ်း တိုက်ကွက်အား ရပ်တန့်နိုင်သည်။
လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ကြရ၏။ သူကား စုမူနှင့် တိုက်ခိုက်ရာတွင် သည်အကွက်အား လုံးဝ ထုတ်ဖော်ခဲ့ခြင်း မရှိခဲ့ပေ။ သည်တိုက်ကွက်ကား အလွန်ထူးဆန်းသည်။ အသေသတ်ကွက် ဖြစ်သည်။ သူက ရီဖူရှင်းကို အသေသတ်လု နီးပါးပင်။ သို့သော် ရီဖူရှင်းက ထိုအသေသတ်ကွက်အား အမှန်ပင် ရပ်တန့်နိုင်ခဲ့သည်။ သူ၏အာရုံခံစားမှုကား ကြောက်မက်ဖွယ် ကောင်းလှ၏။
နဂါးဟိန်းသံက လေထဲတွင် ပျံ့နှံ့သွားကာ ရီဖူရှင်းက လက်ဆန့်တန်းလျက် ဇောင်ယန်အား ဘေးဘက်သို့ လွှင့်ပစ်လိုက်သည်။ မြေကြီးနှင့် ထိရိုက်သံ ထွက်ပေါ်လာကာ ဇောင်ယန်မြေပြင်ပေါ်ကို ကျသည်။ သို့သော်လည်း သည်အရာအား အဆုံးသတ် မဟုတ်ပေ။ အလွန် လျင်မြန်သောနှုန်းဖြင့် ရီဖူရှင်းက ဇောင်ယန်အနီးကို ရောက်လာကာ လက်မောင်းမှ ဆုပ်ကိုင်လျက် လေဟာနယ်အပေါ်သို့ လွှင့်ပစ်လိုက်သည်။
ဝူး… သူ၏အတောင်ပံတစ်ချက် ခတ်လိုက်လျှင် သူက ဇောင်ယန်၏အပေါ် လေထဲကို ရောက်ရှိလာသည်။ ရီဖူရှင်း၏မျက်လုံးများကား အလွန်အေးစက်နေကာ လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေသည်။
“ကျုပ် … အရှုံး…” ဇောင်ယန်က သူ့ပါးစပ်အားဖွင့်ကာ အော်ဟစ်ရန် ကြိုးစားသော်လည်း သူ့စကားများအား အဆုံးမသတ်လိုက်မီမှာပင် ကျယ်လောင်သော ရိုက်နှက်သံတစ်ချက် ထွက်ပေါ်လာသည်။
ဘုန်း… ဇောင်ယန်၏ခန္ဓာ လေထဲမှာ တုန်ခါသွားပြီး သူ မြေပြင်ပေါ်သို့ ဖွဲအိတ်ပမာ ကျရောက် သွားတော့သည်။ သူ၏လက်ချောင်းများ အနည်းငယ် ကြွတက်လာပြီးမှ တစ်ကိုယ်လုံး အကြောဆန့်သလို ဖြစ်သွားပြီး စက္ကန့်ပိုင်းအတွင်းတွင် သူ့တစ်ကိုယ်လုံး ငြိမ်သက်သွားသည်။ မှန်သည် သေဆုံးသွားသောသူကား လက်ကို နောက်ထပ် ဘယ်တော့မှ မြှောက်နိုင်တော့မည် မဟုတ်တော့ပေ။
***