ရီဝူချင်း၏စွမ်းရည်က ထိုနေရာမှ လူများအား တစ်ဖန် ထိတ်လန့်စေပြန်သည်။ ယွန်ချူနိုင်ငံ၏ ဂုဏ်ဆောင်များနှင့် ယန်တိုင်းပြည်မှ ဂုဏ်ဆောင်များက သက်သောင့်သက်သာ မဖြစ်သလို ခံစားကြရသည်။ စိန်ခေါ်မှု အများအပြား ရှိခဲ့သော်လည်း ရလဒ်ကား ကောင်းမွန်ခြင်း မရှိပေ။ ယူချင်းက သူ၏စွမ်းရည်များအား စကားမပြောဘဲ သက်သေပြခဲ့သည်။ သူတို့က ယူချင်းအား စိန်ခေါ်ရဲခြင်းပင် မရှိပေ။ ယခု ရီဝူချင်းက ယန်ကီအား အနိုင်ယူခဲ့ပြန်သည်။
သည်စိန်ခေါ်ပွဲနှစ်ခုတွင် ကန်ယီတိုင်းပြည်က တန်ဖန်းပွဲတော်အား အပြည့်အဝ နောက်ကောက်ချခဲ့သည်ဟု ဆိုရပေမည်။ တိုက်ပွဲက နှစ်ခုမျှသာ ဖြစ်သော်လည်း ထိုတိုက်ပွဲများက ကန်ယီတိုင်းပြည် တစ်ခုတည်း၏ အောင်မြင်မှုဟု ဆိုရမည်ဖြစ်သည်။ သည်အဖြစ်က ရီဝူချင်း၏စကားများကို အတည်ဖြစ်စေသည်။ သူက သာမန် ပြဿနာများဟုသာ မြင်နေကာ အလေးထားခြင်း မရှိပေ။
“ဘယ်သူတွေ ရှိသေးလဲ…” ရီဝူချင်းက အေးအေးလူလူပုံစံဖြင့် မေးသည်။ သူကား အလွန်ပျင်းရိလှရာ မည်သူ့နာမည်ကိုမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ သူ့အား မည်သူက စိန်ခေါ်မည်ကို သူဂရုမစိုက်ပေ။ အကယ်၍ မည်သူကမှ စိန်မခေါ်ရဲလျင် နိုင်ငံလေးခု၏တိုက်ပွဲမှာ အဓိပ္ပာယ်မရှိတော့ဘဲ အဆုံးသတ်ရပေမည်။
ချူခွန်ယမ်၏များလုံးများကား အလွန်အေးစက်နေလေပြီ။ ယန်ကီကဲ့သို့ ထက်မြက်သောသူပင်လျှင် ရီဝူချင်းထံတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ ရီဝူချင်းက သူ့သက်စောင့် ဝိညာဉ်ကိုပင်လျှင် ထုတ်ဖော်ခြင်း မရှိပေ။ ယခုထက်ထိ သူတို့က ရီဝူချင်းမှာ မည်ကဲ့သို့ တန်ခိုးရှင်မျိုး ဖြစ်သည်ကို မသိကြသေးပေ။ သူကား ဓားသမားဖြစ်သည်မှာ သေချာသော်လည်း သည်ထက် သိရှိခြင်းလည်း မရှိပေ။ ပြောရလျှင် သူကား ယန်ကီကို ကြောက်မက်ဖွယ် ဓားမုန်တိုင်း အားလှိုင်းများဖြင့် ရစ်ပတ်လျက် တိုက်ခိုက်နိုင်ကာ သူ့ဓားပုံရိပ် တစ်ခုစီတိုင်းက ယန်ကီ၏ အားနည်းချက်များကို အလိုလို ရှာဖွေတိုက်ခိုက်နိုင်စွမ်း ရှိနေပေသည်။
“ကျုပ်ပဲ…” အသံတစ်သံ ထွက်လာသည်။ ထိုအသံကား အောက်အဆင့်မှ မဟုတ်ဘဲ အဆင့်မြင့် တိုက်ပွဲစင်မြင့်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူကား တန်ဖန်းပွဲတော်မှ အထူးချွန်ဆုံးထဲတွင် တစ်ယောက် အပါအဝင်ဖြစ်သော ဓမ္မအဆင့်နှစ်ဖြစ်သော ဇီလူဖြစ်သည်။
ရီဝူချင်းက မျှော်ကြည့်လိုက်သည်။ သူတို့က ဇီချန်ရေကန်မှာကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ အနုပညာသိနှစ်ခုက တစ်ကြိမ်တည်းမှာ ထွက်ပေါ်လာ၏။ တစ်ခုမှာ ထက်ရှပြီး ကျန်တစ်ခုမှာ အေးစက်သည်။
စကားတစ်ခွန်းမှ မပြောဘဲ ရီဝူချင်းက ရှေ့ကို လှမ်းသွားလိုက်သည်။ ချက်ချင်းပင် မဆုံးနိုင်သော ဓားအရိပ်များက သူ့ထံမှ ထွက်ပေါ်လာကာ စင်မြင့်နှစ်ခုကို ကျော်လျက် ဇီလူထံသို့ လျင်မြန်စွာ တိုးဝင်သွားကြ၏။
ဇီလူ၏မျက်လုံးများကား တည်ငြိမ်လှသည်။ သူ့ကိုယ်မှ ကြောက်မက်ဖွယ် အနုပညာသိ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားပြီး ရေဓာတ်နှင့် မြေဓာတ်သဘာဝ စွမ်းအင်များက လေထဲတွင် ကခုန်ကြ၏။ ရေဓာတ်စွမ်းအင်ကြောင့် အင်အား ပြင်းထန်လာသော ဓားသိစိတ်အားကို အေးခဲသွားစေပုံရသည်။ ထိုဓားအားလှိုင်းက လေးလံသွားကာ ဇီလူ၏ရှေ့တွင် ရပ်တန့်သွားသလို ပတ်ဝန်းကျင် တစ်ခုလုံးလည်း ရပ်တန့်သွားပုံရ၏။
”အရမ်း အေးတာပဲဟ…” တိုက်ပွဲစင်မြင့်အနီးမှ တစ်ယောက်က မဟန်နိုင်ဘဲ ရေရွတ်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး လေးလံ ရပ်တန့်သွားကာ သူတို့ကိုယ်မှ သွေးများပင် အေးခဲသွားသလို ခံစားကြရသည်။
ရီဝူချင်းနှင့် ဇီလူတို့က သူတို့အလယ်မှ စင်မြင့်တစ်ခုစီကို ပြိုင်တူ လျှောက်သွား လိုက်ကြသည်။ သည်နည်းဖြင့် သူတို့က ဘေးချင်းကပ် စင်မြင့်တစ်ခုစီတွင် နေရာယူထားပြီးသား ဖြစ်သွားလေသည်။ ရီဝူချင်းထံမှ ဓားသိစိတ်အားက ပိုမိုပြင်းထန်လာသည်။ သူက လက်အား ဆန့်တန်းလိုက်လျှင် ဓားများက တရွှီရွှီမြည်ကာ လေကိုခွင်းလျက် ဇီလူထံ တိုးဝင်သွားကြ၏။
ဇီလူ၏ကိုယ်ရောင်ကိုယ်ဝါက ပိုမို၍ အေးစက် ပြင်းထန်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပိုမိုလေးလံထိုင်းမှိုင်းလာသည်။ သည်သက်ရောက်မှုမှာ မြေဓာတ်စွမ်းအင်၏ ဆွဲငင်အားနှင့် ရေဓာတ်စွမ်းအင်၏ရေခဲဓာတ်တို့ ပေါင်းစပ်မှု ဖြစ်သည်ကို လူတိုင်း သိနားလည်ကြသည်။
ဓားပုံရိပ်များစွာက လေထဲတွင် ရပ်တန့်သွားကာ အေးခဲသွားပြီး အားလုံးက ပေါက်ကွဲပျက်စီး သွားကြသည်။ ဇီလူက ရှေ့ကို လျှောက်လာသည်။ စင်မြင့်၏အစွန်းနားကို ရောက်လာလျှင် သူ၏ခန္ဓာကိုယ်က ဖြည်းညင်းစွာဖြင့် လေထဲကို မြင့်တက်သွား၏။
သူကား တန်ဖန်းပွဲတော်၏ သားရဲတစ်ကောင် ဖြစ်သည်မှာ မထူးဆန်းဟု နန်ဒူနိုင်ငံမှ လူများက တွေးမိကြသည်။ ဇီလူနှင့် ယွန်ရှင်းဟွာတို့မှာ ပြိုင်ပွဲအနိုင်ရသူများထဲတွင် နာမည်အကျော်ကြားဆုံး ဖြစ်ကြ၏။
ဇီလူ၏စွမ်းရည်များက ယန်ကီထက် ပိုမိုသာလွန်သည်မှာ သိသာလှသည်။
ဇီလူက လေထဲတွင် ရပ်နေစဉ်မှာပင် သူ့နောက်တွင် ဓမ္မသိ ထွက်ပေါ်လာလေသည်။ ထိုအရာက စက်ဝိုင်းပြတ်နှစ်ခုနှင့် ဆင်တူသည်။ တစ်ခုက ရေဓာတ်ဖြစ်ပြီး နောက်တစ်ခုက မြေဓာတ်ဖြစ်သည်။ ထိုအရာနှစ်ခုက ပေါင်းစပ်သွားလျှင် ငွေစန္ဒာလမင်းအဖြစ် ပြောင်းလဲသွားသည်။ ငွေလမင်း ထွက်ပေါ်လာသည့် အခိုက်တွင်ပင် ဓာတ်စွမ်းအင်နှစ်ခုက ကြမ်းတမ်းစွာ ဖြစ်ပေါ်လာသည်။ သူတို့က အင်အားကောင်းစွာဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံလာနေသည်။ ထို့နောက် ငွေလမင်းမှ အလင်းရောင် ထွက်ပေါ်လာတော့သည်။ အဖြူရောင်နှင့် အဝါရောင်က လရောင်ကဲ့သို့ တစ်လှည့်စီ ဖြာထွက်လာသည်။ သူ့လမ်းကြောင်းတစ်လျှောက် အတားအဆီးများ အားလုံးမှာ လေးလံထိုင်းမှိုင်း သွားပြီး ပေါက်ကွဲသွားကြသည်။
ရီဝူချင်း၏ခန္ဓာကိုယ်တွင် လှည့်ပတ်စီးဆင်းနေသော ဓားအသိစိတ်များမှာလည်း တဖြည်းဖြည်း တိုက်စားခံရကာ ပျက်စီးယိုယွင်းလာကြသည်။ ငွေလမင်းထံမှ အလင်းရောင်က ရီဝူချင်းထံကို အားကောင်းစွာ ကျရောက်လာတော့သည်။ မှော်တိုက်ကွက်ကား ဓမ္မအလင်းရောင်ဖြင့် ထုတ်လွှတ်ခြင်းဖြစ်ရာ သူ၏စွမ်းအားကား ထိတ်လန့်ဖွယ် ကောင်းလှသည်။
သည်အရာကား တကယ့် ဓမ္မဖြစ်သည်။ လူတိုင်းက အံ့အားသင့်ကြရ၏။ သူကား ဓမ္မအဆင့်နှစ်မျှသာ ရှိသေးသော်လည်း သူ့တွင် ဓမ္မ၏အနှစ်သာရကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူ၏ပါရမီကား ပြိုင်ဘက်ကင်းပြီး သူ့တိုက်ကွက်များမှာ ထူးခြား ထက်မြက်လွန်းလှသည်။ သူ၏အနာဂတ်ကား အကန့်အသတ် မရှိပေ။
ထိုရောက်ရှိလာသော ကိုယ်ရောင်ကိုယ်ဝါအား ခံစားမိလျှင် ရီဝူချင်း၏ မျက်လုံးတွင် လေးနက်ဟန် ပေါ်လာသည်။ သူ့နောက်မှ ငွေရောင် အလင်းငယ်တစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်တွင် ငွေရောင်များ လင်းလက် လာသည်ကို လူတိုင်းက မြင်ကြ၏။ ရီဝူချင်း၏နောက်တွင် သူ့သက်စောင့်ဝိညာဉ်အလား ငွေဓားငယ်တစ်လက် ထွက်ပေါ်လာသည်။
ထိုငွေဓားငယ်၏အနီးတွင် အဆုံးမရှိ ကျယ်ပြန့်လှသော ဓားသိစိတ်အားများ စုစည်းလာနေကြကာ မြစ်တစ်စင်းအလား ရှေ့ကို စီးဆင်းသွားကြသည်။ ထိုအရာက ငွေလမင်းမှ အလင်းရောင်များဖြင့် ရင်ဆိုင်မိကြ၏။ ထိုအခိုက်တွင် အချိန်က ရပ်တန့်သွားပုံရသည်။ ကွဲပြားခြားနားသော အားလှိုင်းနှစ်ခုက ပျက်စီး ပျောက်ကွယ်သွားကြသည်။
ထိုစဉ် ကြောက်မက်ဖွယ် ရေခဲချုပ်နှောင် တိုက်ကွက်တစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။ တဖြည်းဖြည်းဖြင့် ရီဝူချင်းအား လွှမ်းခြုံလျက် ပတ်ဝန်းကျင်မှ လေထုအား အေးခဲလာကြသည်။ သို့သော်လည်း သူ၏မျက်လုံးမှ ငွေရောင်အလင်းတစ်ခု ရုတ်တရက် လင်းလက်သွားကာ ငွေရောင် ဓားငယ်က လေကိုခွင်းလျက် လရောင်အား ဖြတ်ကျော်ကာ အရာအားလုံးကို ဖျက်ဆီးသွားလေ၏။
ဇီလူက ထိုဓားငယ်အား ချုပ်နှောင်ရန် လက်ဆန့်တန်းလိုက် သော်လည်း ဘုန်းခနဲ မြည်သွားကာ သူ၏တိုက်ကွဲ ပြိုလဲသွားသည်။ ဓားငယ်က ရှေ့ကို ဆက်လက် တိုးလာနေသလို ဓားငယ်၏ အလင်းရောင်မှာလည်း ပိုမို သိပ်သည်းလာနေသည်။ ထိုဓားငယ်က ရေခဲလှောင်အိမ်များစွာအား ဖြိုခွင်းသွားသောလည်း လုံးဝ နှေးကွေးသွားခြင်း မရှိဘဲ ပိုမိုမြန်ဆန်လာကာ သူသွားရာ လမ်းကြောင်းကိုပင် ခန့်မှန်း၍ မရတော့ပ။ နောက်ဆုံးတွင် လေထုပေါက်ကွဲသံတစ်ချက် ကြားလိုက်ရပြီး နောက်ဆုံး အရံအတား ပြိုလဲသွားကာ ဇီလူ၏နဖူးအနီးတွင် ထိုဓားငယ်က ကြောက်မက်ဖွယ် ဓားအသိစိတ်အားများ ဖြာထွက်လျက် ရပ်တန့်သွား၏။
ဇီလူ မရှောင်တိမ်းပေ။ သူက ထို ငွေဓားငယ်အား ရီဝူချင်း၏မျက်လုံးများကို မြင်တွေ့ရသကဲ့သို့ စိုက်ကြည့်နေသည်။ ထိုအခိုက်တွင် ရီဝူချင်းက မည်ကဲ့သို့ တန်ခိုးရှင် ဖြစ်သည်ကို သူသိလိုက်၏။
“မင်းရှုံးသွားပြီ…” ရီဝူချင်းက ပြောသည်။ ဇီလူ၏ကိုယ်မှ ထွက်ပေါ်နေသာ ကိုယ်ရောင်ကိုယ်ဝါများ ပြန့်ကျဲ ပျောက်ကွယ်သွားပြီး သူ၏ဓမ္မအား ပြန်ရုပ်သိမ်းလိုက်၏။ သူကား ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။
ဓားအား ပြန်ရုပ်သိမ်းလိုက်ပြီး ရီဝူချင်းက ဇီလူအား ကြည့်ကာ တည်ငြိမ်စွာ ပြောသည်… “မဆိုးဘူး…”
များစွာသော လူများ ထိတ်လန့်ကြရသည်။ ရီဝူချင်းကား အနိုင်ရသူဖြစ်ကာ သူက ဇီလူအား မဆိုးဘူးဟု ပြော၏။ ထိုအဖြစ်က အနည်းငယ် လွန်ကဲသလို ခံစားကြရသည်။ သို့သော်လည်း သူက ထိုကဲ့သို့ တွေးသည်မှာလည်း ဖြစ်သင့်ပေသည်။ သူကား မည်သူ့ကိုမှ အလေးမထားတတ်သော အလွန်မာနကြီးသောသူ ဖြစ်ပေသည်။
ထို့နောက် ရီဝူချင်းက ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများအား ဝှေ့ကြည့်လျက် သူ၏နေရာသို့ ပြန်သွား၏။
ပရိသတ်များ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ တန်ဖန်းပွဲတော်မှ ထိပ်သီးပါရမီရှင်များ အားလုံး ရှုံးနိမ့်ခဲ့ကြ၏။ တခြား ဧကရာဇ်များက တိတ်ဆိတ်စွာ ကြည့်ရှုနေကြသော အချိန်တွင် ဧကရာဇ်လျို၏မျက်နှာကား မည်းမှောင်နေသည်။ ထိုဧကရာဇ်များက သူတို့၏ထောက်ခံမှုကို လာရောက် ပြသကြသော်လည်း မထင်မှတ်စွာ သည်ပြပွဲအား ကြည့်ရှုကြရသည်။
နန်ဒူနိုင်ငံ၏လျိုဂျင်လန်မှာ တော်ဝင်ချင်ကျောင်းတော်၏ အလေးပေးမှုကို ခံရပြီး တန်ဖန်းပွဲတော်ကား ချောမွေ့စွာ ကျင်းပနိုင်ခဲ့၏။ သည်အရာက ကောင်းမွန်သော်လည်း ဧကရာဇ်လျိုကား အမှန်တကယ် ပျော်ရွှင်ခြင်း မရှိတော့ပေ။
“ကန်ယီနိုင်ငံရဲ့ ဖန်းဟွာပွဲတော်က သုံးနှစ်တစ်ခါ ကျင်းပတယ် … အဲဒီပြိုင်ပွဲက လူတွေက သိပ်မဆိုးဘူး… ဟုတ်တယ်မလား…” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်။ သူ၏စိတ်ခံစားမှုကား ပိုမို၍ ကောင်းမွန်လာသည်။ ဧကရာဇ်လျိုက သူတို့အား ဂုဏ်တုဂုဏ်ပြိုင် သဘောဖြင့် ဖိတ်ခေါ်ခဲ့သော်လည်း ယခုကား ထိုလူသာ ဆက်ပြုံးနိုင်သေးလျှင် အလွန်ကောင်းမွန်သော အရာဖြစ်ပေလိမ့်မည်။
ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်တို့ နောက်ဆုံး ပါးစပ်ပိတ်သွားပြီ ဖြစ်သည်။ သူတို့ မည်သည့်စကားမှ မပြောနိုင်တော့။
“တိုက်ပွဲနှစ်ပွဲက ကျုပ်တို့အကြား ယှဉ်ပြိုင်မှုအတွက် လုံလောက်ပြီထင်တယ်… ခင်ဗျားတို့က ဆက်ပြိုင်ပါ… ကျုပ်တို့ သွားတော့မယ်…” ဧကရာဇ်ရီက ဝင့်ကြားစွာ ပြောသည်။
“နိုင်ငံလေးခုရဲ့ ယှဉ်ပြိုင်မှုက စိန်ခေါ်ပွဲနှစ်ခုနဲ့ အဆုံးမသတ်သင့်ဘူး… ဒါက အရမ်း စောလွန်းတယ်…” ဧကရာဇ်လျိုက အေးစက်စွာ ပြောသည်။ သည်နှစ် တန်ဖန်းပွဲတော်၏ အတော်ဆုံး လေးယောက်ကား ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ သူတို့က သည်အခြေအနေကို ရောက်ပြီးမှတော့ လက်မြှောက် အရှုံးပေးလိုခြင်း မရှိတော့။
“ခင်ဗျား ဘာကို ဆိုလိုတာလဲ…” ဧကရာဇ်ရီက အေးစက်စွာ ပြောသည်။
ဧကရာဇ်လျိုက ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ ပါရမီရှင်များအား ကြည့်ကာ ပြောသည်… “မင်းတို့က ဖန်းဟွာအဆင့်ရဲ့ ဒုတိယနေရာနဲ့ တတိယနေရာက လူတွေရဲ့ အရည်အချင်းကို သိကြပြီ… ပထမနေရာက ဘယ်လောက် ထူးချွန်လဲ မင်းတို့ မသိချင်ကြဘူးလား…”
ရီဖူရှင်း အံ့အားသင့်သွားသည်။ ဧကရာဇ်လျိုက သူ့အား တိုက်ပွဲထဲဝင်အောင် တွန်းပို့နေသည်။ သို့သော် အဘယ်ကြောင့်နည်း။
“ဖန်းဟွာအဆင့်ရဲ့ ပထမနေရာက တစ်ချိန်လုံး စိန်ခေါ်တာကို ရှောင်ဖယ်နေတယ်… သူက စကားပဲများပြီး တကယ် ဖြစ်မြောက်တဲ့ပုံ မရှိဘူး…” ချူခွန်ယမ်က ပြောသည်။
ကန်ယီတိုင်းပြည်မှ လူများအားလုံး အံ့အားသင့်သွားကြသည်။ ချူခွန်ယမ်ကား ယွန်ချူနိုင်ငံ၏ဂုဏ်ဆောင် ဖြစ်သော်လည်း သူကား စကားကို စည်းလွတ်ဝါးလွတ် ပြောသည်။ သူက ရီဖူရှင်းအား တိုက်ခိုက်အောင် ဧကရာဇ်လျိုနှင့် ပူးပေါင်းကာ ပြောဆိုနေပုံရ၏။
“မင်းပါးစပ်ကို ပိတ်ထားလို့ မရဘူးလား…” ရီဝူချင်း၏မျက်လုံးက စူးရှလာသည်။ သူအမှန်ပင် ချူခွန်ယမ်ကို ကြည့်မရပေ။ တကယ်တမ်း မဖြစ်မြောက်သည်မှာ မည်သူနည်း။
ဧကရာဇ်ရီက ချူခွန်ယမ်ကို မကြည့်ပေ။ ထိုအစား သူက ဧကရာဇ်လျိုအား ပြုံးလျက် ကြည့်ကာ ပြောသည်… “လူတိုင်းက မင်းရဲ့ စွမ်းရည်ကို ကြည့်ချင်နေကြမှတော့ မင်းက ဧည့်သည်တစ်ယောက် အနေနဲ့ မယဉ်မကျေး မလုပ်သင့်တော့ဘူး…”
ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူက တိုက်ပွဲစင်မြင့်နေရာသို့ လျှောက်သွားလိုက်သည်။ သူကလည်း ယွန်ရှင်းဟွာ ရပ်နေရာနေရာသို့ သွားလိုက်၏။ သူက ထိုနေရာတွင် ရပ်လိုက်လျှင် မျက်လုံးပေါင်းများစွာက သူ့ထံ ကျရောက်လာသည်။
သတင်းများအရ ရီဖူရှင်းကား ဒွန်ဟိုင်မြို့မှ ဖြစ်ကာ ဧကရာဇ်လျိုက သူ့အား ရာထူးပေးလိုခဲ့သော်လည်း သူက ငြင်းပယ်ကာ ကန်ယီနိုင်ငံသို့ ထွက်သွားခဲ့သည်။ အလွန်ရှားပါးသော ပါရမီရှင် ယူချင်းသည်လည်း သူ့သူငယ်ချင်းဖြစ်သည်။ သူက ဖန်းဟွာပြိုင်ပွဲတွင် ပထမရပြီး ယူချင်းက တတိယ ရ၏။
ဒွန်ဟိုင်ကျောင်းတော်နှင့် နန်ဒူမိသားစုမှ လူများကလည်း ရီဖူရှင်းကို ကြည့်နေကြသည်။ ယမန်နှစ်က နောက်ဆုံးနေ့တွင် သူတို့အား ရီဖူရှင်းက သူ၏ ပြိုင်ဘက်ကင်း ပါရမီအား ပြသခဲ့၏။ ယခုဆိုလျှင် သူကား ပိုမို စွမ်းအားမြင့်လာရော့မည်။
“ရီဖူရှင်း… ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်…” တိုက်ပွဲစင်မြင့်တွင် ရပ်လျက် ရီဖူရှင်းက ပရိသတ်ကို ကြည့်ကာ ပြုံးလျက် ပြောသည်… “ကျုပ်က အရည်အချင်းသိပ်မရှိဘူး… ကံကောင်းလို့သာ ပထမနေရာကို ရခဲ့တာ… နိုင်ငံလေးနိုင်ငံက ပါရမီရှင်တွေကို ကြည့်ပြီး ကျုပ်က တကယ် ထိတ်လန့် ကြောက်ရွံ့စိတ် ဖြစ်ရတယ်… ယွန်ချူနိုင်ငံနဲ့ယန်တိုင်းပြည်က ထူးချွန်တဲ့လူတွေကို ကြည့်ပြီး ကျုပ်က ထွက်မတိုက်ရဲခဲ့ဘူး… ဒါပေမဲ့ ဧကရာဇ်လျိုက တောင်းဆိုမှတော့ ကျုပ်က ထွက်လာပြီး တန်ခိုးအဆင့်တူ အတွင်းက လူတွေကို စိန်ခေါ်ရတော့မှာပဲ…..”
“အာ…” ဧကရာဇ်လျိုက အနည်းငယ် အံ့အားသင့်သွားကာ ချောင်းဆိုးလိုက်သည်။ သည်ရီဖူရှင်းက ဖန်းဟွာပွဲတော်တုန်းက အလွန်မောက်မာသော ရီဖူရှင်းပင်လော။ သူ မည်သည့်အချိန်က နှိမ့်ချတတ်သွားသနည်း။ တန်ခိုးအဆင့်တူတဲ့လား။ သူ၏အရည်အချင်းနဲ့ ဤကဲ့သို့ အဘယ်ကြောင့် ပြောနိုင်ရသနည်း။
ကန်ယီတိုင်းပြည်မှ တခြားလူများလည်း စိတ်အနှောင့်အယှက် ဖြစ်သွားကြသည်။ လင်းယွီယို၏ မျက်လုံးဝိုင်းဝိုင်းများက ပိုမိုပြူးကျယ်သွားကာ ဘေချူနှင့်ယူဂျင်တို့ကား ထိတ်လန့်သွားကြသည်။ သည်ကဲ့သို့ မျက်နှာပြောင် တိုက်သော သူကို သူတို့တစ်သက်တွင် တစ်ခါမှ မမြင်ဖူးသေးပေ။
သူတို့သာမဟုတ် နိုင်ငံလေးနိုင်ငံမှ တခြားလူများလည်း အံ့အားသင့် ထိတ်လန့်ကြရ၏။ ရီဖူရှင်းက ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများမှာ အလွန်ထူးချွန်ကြကာ သူကိုယ်တိုင်ကမူ သာမန်မျှသာ ဖြစ်သည်ဟု ပြောသည်။ ထိုမျှ အရှက်မရှိသော စကားအား သူတို့က မည်သို့ တုံ့ပြန်ရမည်နည်း။ တန်ခိုးအဆင့်တူတဲ့လား။ ရီဖူရှင်းက သူတို့ကို အရူးဟု တွေးထင်သလော။
***