ယူချင်း…
ယခုအချိန်မှစ၍ သူ၏နာမည်အား နန်ဒူနိုင်ငံတွင် မမှတ်မိသူ ရှိအံ့မထင်တော့။
သူ၏နာမည်ကား ယူချင်းဖြစ်သည်။ သူကား နန်ဒူနိုင်ငံ။ ဒွန်ဟိုင်မြို့မှ ကျောင်းအုပ်ကြီး ယိချန်၏တပည့်ဖြစ်၏။
လူတိုင်း၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသည်။ ယိချန် ဆိုသည်မှာ မည်သူနည်း။ ဒွန်ဟိုင်ကျောင်းတော်မှ သည်မျှ ထူးချွန်သော ကျောင်းသားက ကန်ယီတိုင်းပြည် အတွက် အဘယ်ကြောင့် တိုက်ခိုက်နေသနည်း။
ယွန်ရှင်းဟွာက ဒွန်ဟိုင်ကျောင်းတော်၏အတော်ဆုံး ကျောင်းသားဆိုလျှင် ယူချင်းက ဘာလဲ။ လက်ရှိတွင် ဒွန်ဟိုင်ကျောင်းတော်မှ လူများကား ထိတ်လန့်လွန်းသဖြင့် တိတ်ဆိတ် ငြိမ်သက်နေပြီ ဖြစ်သည်။ သူတို့အတွက် အလွန်ဆိုးရွားသော အရသာဟု ပြောရပေမည်။ ဟိုင်ရန် ကျောင်းတော်မှ အလွန် မျှော်လင့် အားထားရသော ယွန်ရှင်းဟွာကား လူတိုင်း၏အာရုံစိုက်မှုကို ရယူထားနိုင်ခဲ့သည်။ သို့သော် ယခုမည်သို့ ဖြစ်သွားသနည်း။ ထိုနာမည်ကြီး ပါရမီရှင်များ မှုန်ဝါးပျောက်ကွယ် သွားချိန်တွင် ယူချင်းကား လူအများကြားတွင် ဂုဏ်ယူဝင့်ကြွားစွာ မတ်မတ်ရပ်နေသည်။
ရီဖူရှင်းက ထိုလူငယ်လေးကို ပြုံးလျက် ကြည့်နေသည်။ မှန်ပေသည်။ ယူချင်း၏ပေါက်ကွဲမှု၏ အကြောင်းအရင်း အမှန်ကို သူသိပေသည်။ သည်တိုက်ပွဲပြီးသည်နှင့် ယူချင်း၏နာမည်ကား နန်ဒူတစ်နိုင်ငံလုံးကို ဟုန်းဟုန်းတောက် ပေရော့မည်။ သူကား နန်ဒူနိုင်ငံ၏သမိုင်းတွင် ကမ္ပည်းထိုးပေရော့မည်။ ထို့အပြင် သူကား ဒွန်ဟိုင်မြို့တော် ဒွန်ဟိုင်ကျောင်းတော်မှ လာသူဖြစ်သည်။ ထို့ကြောင့် သူ့နာမည်မှာ နေရာအနှံ့ကို ရောက်ရှိမည်မှာ သေချာလှသည်။ ယိချိန်သာ နန်ဒူနိုင်ငံတွင် ရှိလျှင် သူ့တပည့်၏သတင်းအား သူသေချာပေါက် ကြားသိရပေမည်။
စီနီယာယိ… ခင်ဗျားက တကယ့် အချက်အချာကို ရိုက်လိုက်တာပဲ…။ ရီဖူရှင်း တွေးလိုက်သည်။ သည်သတင်းအား ကြားလျှင် ထိုမြေခွေးအိုကြီး၏ အမူအရာမှာ မည်သို့ ဖြစ်သွားမည်နည်း သူသိလိုလှသည်။ သူကား အမှန်ပင် ဂုဏ်ယူ ဝမ်းမြောက်ပေမည်။
ရီဖူရှင်း၏ဘေးမှ ကန်ယီနိုင်ငံမှ လူများကလည်း ယူချင်း၏ကျောမှ အတောင်ပံများကို ကြည့်ကာ အံ့အားသင့် ထိတ်လန့်ကြရသည်။ ဖန်းဟွာပွဲတော်တွင် ယူချင်းက သူ့စွမ်းရည်များကို ဖုံးကွယ်ခဲ့သလော။ သို့မဟုတ်လျှင် ထိုနတ်ဆိုး၏အတောင်ပံများက နန်ဒူနိုင်ငံကို ရောက်ပြီးမှ မွေးဖွားလာခဲ့သလော။ သူက ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်တွင် သူ၏ပျံသန်းနိုင်စွမ်း မရှိခြင်းက သူ့ပြိုင်ဘက်၏ ဓမ္မအသိကို မယှဉ်ပြိုင်နိုင်သော အားနည်းချက်ဖြစ်ခဲ့သည်။ ယခု ကြယ်ရှစ်ပွင့်ကောင်းကင် အဆင့်နှင့် အတောင်ပံများဖြင့် သူက ဓမ္မအဆင့်တစ်မှ စုမူအား ကြမ်းတမ်းစွာ အနိုင်ယူခဲ့သည်။
သူတို့သာမဟုတ်… ထိုဧကရာဇ်ရှစ်ပါးပင်လျှင် ထိတ်လန့်ကြရသည်။ ယူချင်း၏တိုက်ခိုက်ရေး စွမ်းရည်ကား အလွန် အားကောင်းလှသည်။ သူကား ပြိုင်ဘက်ကို သူ၏စစ်မှန်သော သန်မာကြံ့ခိုင်မှုသတ်သတ်ဖြင့် အနိုင်ယူခဲ့သည်။ သူ၏အင်အားက မည်သူ့ကိုမှ အမှုထားပုံမရပေ။ သင့်တွင် အလွန်အားကောင်းသော မှော်စွမ်းအင်ရှိခြင်း။ မြောက်မြားစွာသော နည်းစနစ်များ ပိုင်ဆိုင်ခြင်းများကို မည်သူက ဂရုစိုက်မည်နည်း။ သူ၏ကြံ့ခိုင်မှုက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။
ဧကရာဇ်လျို၏ မျက်လုံးများထဲမှ လူသတ်လိုသော အငွေ့အသက်များ ပိုမိုပြင်းထန်လာသည်။ သူက ရီဖူရှင်းကို သတ်ရန်သာ အာရုံစိုက်ခဲ့သည်။ ယခုမှ သူက နောက်တစ်ယောက်အား သတိမထားမိသည်ကို သိလိုက်သည်။ သည်ကောင်လေး ပြောသောစကား… “လာဘ်လာဘ ကျောင်းဆောင်မှ ကျောင်းအုပ်ကြီး ယိချန်၏တပည်…”… ထိုစကားက ယိချန်ကို ရည်ရွယ်သည်လား။ မည်မျှ အတင့်ရဲလိုက်သနည်း။ သူက သူ၏တိုက်ပွဲစင်မြင့်ပေါ်သို့ တက်ကာ တန်ဖန်းပွဲတော် ဂုဏ်ဆောင်အား နင်းချေလျက် သူ့ဆရာအား အမှာစကား ပြောခဲ့သည်။ သူကား သည်နေရာတွင် ရှိနေခဲ့၏။
ဧကရာဇ်လျို၏ဘေးတွင် လျိုဂျင်လန်နှင့် ဝန်ကြီးချုပ်ဟွာတို့၏ မျက်လုံးများတွင်လည်း တူညီသော ခံစားချက်များ ရှိနေသည်။ ရှန်းရိုရှောင်းက လျိုဂျင်လန်၏ဘေးတွင် ထိုင်နေလျက်ကပင် ယူချင်းအား စိုက်ကြည့်နေသည်။ သူမက ယမန်နေ့ညက ယူချင်းအား အရုပ်ဆိုးသော သူဟု သရော်ခဲ့သည်။ သို့သော် ယနေ့တွင်မူ သူ့အား အရုပ်ဆိုးသည်ဟု ထိုနတ်ဆိုးကဲ့သို့ သူအား မည်သူက ပြောရဲတော့မည်နည်း။
စကားတစ်ခွန်းမှ မပြောပဲ တိတ်ဆိတ်စွာ ထိုင်နေသော ဝန်ကြီးချုပ်ကျိုပင်လျှင် ယူချင်းအား ခေါင်းမော့ကာ ကြည့်နေသည်။ သူက ထိုနတ်ဆိုးကဲ့သို့ ကောင်လေးအား တစ်ချက်ကြည့်ကာ လူအုပ်ကြားမှ ရီဖူရှင်းအား ကြည့်လိုက်သည်။
ဝန်ကြီးချုပ်ကျိုက ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ရှေ့ဖြစ်များကိုသာ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ ယခုမှသာလျှင် ထိုကောင်လေး၏ဘေးမှ ကြောက်မက်ဖွယ် ကောင်းသော သူအား သတိထားမိသည်။ ထိုကဲ့သို့ ထူးခြားသော ကံကြမ္မာကို ပိုင်ဆိုင်သူက ကိုယ်ရံတော် မရှိဘဲ မည်သို့ နေမည်နည်း။ ကြည့်ရသည်မှာ အရာအားလုံးကို ကံတရားက ဖန်တီးထားသကဲ့သို့ပင်။ သူ့အား အဖော်ပြုရန် ဧကရီရှိနေပြီးသား ဖြစ်သလို ကာကွယ်ပေးရန် ကိုယ်ရံတော်လည်း ရှိနေပြီဖြစ်သည်။
တော်ဝင်ချင်ကျောင်းတော်က အိမ်ရှေ့စံမင်းသား လျိုဂျင်လန်အား သဘောကျခဲ့ရာ ဧကရာဇ်ရှစ်ပါးက သည်နေရာကို လာရောက်ကာ ဂုဏ်ပြုခဲ့ကြသည်။ လူတိုင်းက နန်ဒူနိုင်ငံမှာ သည်ထက် ပိုမို အင်အား ကောင်းသထက် ကောင်းလာတော့မည်ဟု တွေးထင်ခဲ့ကြသော်လည်း သည်အဖြစ်က အဆုံးတစ်ခု၏အစသာဖြစ်ကြောင်း မည်သူမှ မထင်မိခဲ့ကြပေ။
နတ်ဘုရားများ ဒေါသထွက်လျှင် မည်သူ့ကို အလျင်ဆုံး ဖျက်ဆီးမည်နည်း။
တိုက်ပွဲစင်မြင့်တွင် ရပ်လျက် ယူချင်းက ပရိသတ်အား ဝေ့ကြည့်လိုက်သည်။ သူ၏ပေါက်ကွဲမှုက သည်ရက်ပိုင်း သူ့စိတ်မကျေမနပ်မှုများအား ပြယ်လျော့စေခဲ့သည်။ ထို့နောက် သူ့အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် သူက ပွဲကြည့်စင်သို့ ပျံသန်းသွားလိုက်သည်။ ယူချင်းက ဆက်လက် မတိုက်ခိုက်တော့ပေ။ သူလုပ်ခဲ့သမျှက သူ့ဆရာထံသို့ သတင်းရောက်ရန် လုံလောက်ပေသည်။ ယိချန်လုပ်ရမည်မှာလည်း အနည်းငယ် မေးမြန်းရုံမျှသာ ဖြစ်ကာ ယူချင်းက ကန်ယီနိုင်ငံ၏ ဧကရာဇ်ရီအတွက် တိုက်ခိုက်ခဲ့သည့် အကြောင်းအား သိရှိမည်သာ ဖြစ်သည်။ ထို့နောက် သူက ကန်ယီနိုင်ငံကို ရောက်ရှိရန် အချိန်သာ စောင့်ရန် လိုပေတော့သည်။
ပွဲကြည့်စင်ပေါ်သို့ ပြန်ရောက်သည်နှင့် ယူချင်းက သူ့အတောင်ပံများအား ပြန်ရုပ်သိမ်းလိုက်သည်။ သူ့အဖော် ဖန်းဟွာလက်ရွေးစင်များက သူ့အား ထူးဆန်းစွာ ဝိုင်းကြည့်ကြသည်။ တချို့က သူ့အား လေးစားစွာ ကြည့်ကြသည်။ တချို့က မနာလိုစွာ ကြည့်ကြ၏။ ယူချင်းနှင့် ကျောက်ချင်းဖန်၏ စကားအပြန်အလှန် ပြောမှုကို သူတို့ ပြန်တွေးမိကြသည်။ နိုဘယ်တန်ခိုးအဆင့်က တန်ခိုးကျင့်ရာတွင် အဆင့်တစ်ခုမျှသာ မဟုတ်ပေဘူးလား။ ထိုအရာက သည်မျှ စွမ်းအားကြီးသလော။ ယခုယူချင်းအတွက် ထိုအဆင့်က စွမ်းအားမြင့်သည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း နောက်ဆယ်နှစ်ကာလတွင်ကော။ နောက်အနှစ် နှစ်ဆယ်တွင်ရော။ တစ်နေ့ သူက နိုဘယ်ကံစွမ်းအားကို ရရှိသောအခါ သူသည်လည်း နိုဘယ်အဆင့် တန်ခိုးရှင်များ အကြားတွင် လူတိုင်း ကြောက်လန့်ရသောသူ ဖြစ်လာမည်မှာ သေချာလှသည်။
ဧကရာဇ်ရီက ယူချင်းအား ပိုမိုလေးစားစွာ ကြည့်သည်။ သူ၏ အရည်အချင်းများ ကြောင့်သာ မဟုတ်ပေ။ သူ၏ပေါက်ကွဲမှု၏ အကြောင်းတရားကို သူနားလည်သည်။ ဖန်းဟွာအဆင့် ထိပ်ဆုံးသုံးနေရာကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယူချင်း တောင်းဆိုခဲ့သည်မှာ သူ့ဆရာကို ရှာဖွေရန်ဖြစ်ပေသည်။ ယခုလည်း သူက ထိတ်လန့်ဖွယ် တိုက်ပွဲအတွက် ရည်ရွယ်ချက်မှာ သူ့ဆရာကို ရှာဖွေရန်သာဖြစ်သည်။ သူက လူအများ၏အပေါ်မှ ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း သူကား ယိချန်အား မနာလိုဖြစ်မိပေသည်။ ဧကရာဇ်ရီကား ယူချင်း၏ဆရာမှာ မည်ကဲ့သို့သော လူမျိုးဖြစ်မည်ကို အလွန်သိလိုလှပေသည်။
ယူချင်းက တိုက်ပွဲစင်မြင့်မှ ဆင်းသက်ပြီး ဖြစ်သော်လည်း ထိုရင်ပြင် တစ်ခုလုံးကား တိတ်ဆိတ်မြဲဖြစ်သည်။ ထိုဆူညံပွက်လောရိုက်သော အော်ဟစ် အားပေးမှုများကား မရှိတော့ပေ။ အရင်က တန်ဖန်းပွဲတော်မှာ နန်ဒူနိုင်ငံမှ လူများအတွက် စိတ်လှုပ်ရှားစရာ ပွဲတော်တစ်ခုဖြစ်သည်။ သည်ပွဲတော်က လူများစွာ၏စိတ်ကို တက်ကြွ လှုပ်ရှားစေသည်။ ထိုအချိန်တိုင်းတွင် သူတို့နိုင်ငံ၏ မျှော်လင့်ချက် အနာဂတ်များကို မြင်ကြရသည်။ သို့သော်လည်း ထိုအရာများ အားလုံးက ယူချင်း ထွက်ပေါ်လာခြင်းနှင့်အတူ ပျောက်ကွယ်သွားရ၏။ ပြန်ကြည့်ရလျှင် တန်ဖန်းပွဲတော်ကား ဟာသတစ်ခုမျှသာ ဖြစ်သည်။
ဆယ်နှစ်တစ်ကြိမ်တဲ့လား။ တိုက်ပွဲတစ်ပွဲတည်းက အတိတ်မှ အရာအားလုံးကို ဖျက်ဆီးလိုက်ပြီး ဖြစ်သည်။ သည်အရာကသာ ပြိုင်ဘက်ကင်းဟူသော စကားလုံး၏ အဓိပ္ပာယ်ဖြစ်သည်။ တန်ဖန်းပွဲတော်မှ ထိုထိပ်သီးပါရမီရှင်များ အားလုံးကို လူတစ်ယောက်တည်းက ဖျက်ဆီး ချေမှုန်းပစ်လိုက်သည်။
“ခင်ဗျားတို့ ဆက်ပြီး တိုက်ခိုက်ချင်သေးလား…” ဧကရာဇ်ရီက တိတ်ဆိတ်မှုကို မေးခွန်းဖြင့် ဖြိုခွင်းလိုက်သည်။ သူ့မျက်နှာပေါ်မှ အပြုံးနှင့်အတူ သူ့စကားက သူ၏ယုံကြည်မှု အခြေအနေကို ဖော်ပြနေသည်။ ယူချင်း၏တိုက်ပွဲက သူ့အား ပျော်ရွှင်စေသည်သာ။ သူကား အလွန် လန်းဆန်း လတ်ဆတ်နေသလို ခံစားရ၏။
“ဒါက နိုင်ငံလေးခုရဲ့ တိုက်ပွဲတစ်ခုပဲ ရှိသေးတာပဲ… သေချာတာပေါ့… ကျုပ်တို့က ဆက်ပြီး ယှဉ်ဖို့လိုတယ်…” ချူခွန်ယမ်က ပြောသည်။ သည်မတိုက်မီက ယူချင်းက ပြိုင်ဘက်အသစ်အား တက်လာရန် မေးရာ ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ မည်သူမှ မဖြေကြားခဲ့ကြပေ။ ထိုအဖြစ်က အမှန်ပင် ရှက်စရာ ကောင်းလှသည်။ သို့သော် ယူချင်း၏တိုက်ပွဲက ကြမ်းတမ်းလွန်းလှသည်။ သူကား ဖန်းဟွာအဆင့်သုံးအနေဖြင့် အစီရင်ခံစာတွင် ဖော်ပြထားသည့်ထက် အများအပြား ပိုမိုအားကောင်းသည်။ သို့သော်လည်း သူတို့သည်လည်း နိုင်ငံ့ဂုဏ်ဆောင်များ ဖြစ်ကြသည်။ သူတို့က အားနည်းသည့်ပုံ ဖြစ်နေ၍ မရပေ။
“ပြဿနာများတယ်…” တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။ ရီဝူချင်းက သူ့နေရာမှ ထကာ ဆက်ပြောသည်… “နေ့တိုင်း မင်းတို့က ဟိုဟိုဒီဒီ လျှောက်ပြော နေပြီးတော့ တကယ်တမ်း တိုက်ပွဲစင်မြင့်ပေါ်ကျတော့ တက်ရဲတာလည်း မဟုတ်ဘူး… ငါသာမင်းတို့ နေရာမှာဆို အလိုက်တသိနဲ့ ပါးစပ်ပိတ်ထားမှာပဲ…”
ချူခွန်ယမ်က ရီဝူချင်းအား နက်မှောင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ မည်သူကမှ ယူချင်း၏စိန်ခေါ်မှုကို လက်မခံရဲခဲ့ကြပေ။
“မင်းတို့ကောင်တွေ ကြိုက်သလို တက်လာလို့ရတယ်…” ရီဝူချင်းက ပြောသည်။ သူ့ဓားသိစိတ်အား ထုတ်ဖော်လိုက်ကာ သူက ဓားတစ်စင်းလို ရှေ့ကို ပျံသန်းသွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူကား ယွန်ရှင်းဟွာ ရပ်နေခဲ့သော တိုက်ပွဲစင်မြင့်ပေါ်ကို ရောက်ရှိသွားသည်။
မျက်လုံးပေါင်း များစွာက ရီဝူချင်းထံ ရောက်ရှိလာကြသည်။ သူကား ထိုနေရာတွင်ပင် သူ့လက်များအား နောက်တွင် ချိတ်လျက် အေးအေးလူလူ ရပ်နေသည်။ သူ့ပုံစံက တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်မည့်လူနှင့်ပင် မတူပေ။
“အစ်ကိုယန်… ခင်ဗျားသွားမှာလား… ကျုပ်သွားရမှာလား…” ချူခွန်ယမ်က ယန်ကီကို မေးလိုက်သည်။ သူတို့နှစ်ယောက်က ရီဝူချင်းကဲ့သို့ပင် ဓမ္မအဆင့်နှစ်ဖြစ်သည်။
“မင်းတို့နှစ်ယောက်လုံး တက်လာလို့ရတယ်…” ရီဝူချင်းက ထူးမခြားနားစွာ ပြောသည်။
“အတင့်ရဲတယ်…” ယန်ကီက ကြိမ်းလိုက်သည်။ “သူက ဓားကို အဓိကထား လေ့ကျင့်တယ်… ကျုပ်က ဓားမြှောင်ကို လေ့လာတယ်… ကျုပ်သွားလိုက်မယ်…” ယန်ကီက ချူခွန်ယမ်ကို ပြောသည်။
“ကောင်းပြီ…” ချူခွန်ယမ်က ရီဝူချင်းအား အေးစက်စွာ ကြည့်လျက်ကပင် ပြောသည်။
ယန်ကီက မတ်တတ်ရပ်လိုက်ကာ ရှေ့ကို တစ်လှမ်းတိုးလိုက်လျှင် သူ့ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားသည်။ သူ့ကိုယ်မှ ဓားတိုအားလှိုင်းတစ်ခု ပေါက်ကွဲထွက်လာကာ အရာအားလုံးကို ပိုင်းဖြတ်မည့်အလား ခံစားချက်ကို ပေး၏။ ယန်ကီကား ယန်တိုင်းပြည်တွင် ပြိုင်ဘက်ကင်းဖြစ်ကာ တော်ဝင်မင်းသားဘွဲ့ကို ပေးအပ်ခြင်းခံရသူ ဖြစ်သည်။ သူ၏ဓားတိုက တစ်ခါက ဓမ္မအဆင့်လေးမှ တန်ခိုးရှင် တစ်ယောက်ကိုပင် အနိုင်ယူဖူးသည်။
ခြေတစ်လှမ်းဖြင့် ယန်ကီက တိုက်ပွဲစင်မြင့်၏အပေါ် လေဟာနယ်ထဲကို ရောက်ရှိသွားသည်။ သူ၏ဓားတိုအသိက ကောင်းကင်သို့ စိမ့်ဝင်သွားကာ ကိုယ်ပျောက်ဓားတိုအဖြစ် ပြောင်းလဲသွားပြီး ရီဝူချင်းအား ဦးတည်လာနေသည်။
ရီဝူချင်းက ခေါင်းမော့လျက် ကြည့်လိုက်ကာ သူ၏ဓားအသိအားလှိုင်းကို ထုတ်လွှတ်လိုက်လျှင် အားလှိုင်းနှစ်ခုက လေထဲတွင် ရင်ဆိုင်မိကြသည်။
ယန်ကီ၏လက်ထဲတွင် ကြီးမားသော ဓားတိုတစ်ချောင်း ဖြစ်ပေါ်လာသည်။ ချက်ချင်းသူက အရှိန်မြှင့်တင်လိုက်ကာ လျှပ်စီးအလား ရှေ့ကို တိုးလာသည်။ လေဓာတ်သဘာဝက ဓားတိုအား ရစ်ပတ်သွားကာ ပုံရိပ်ပေါင်း ထောင်ချီသော ဓားတိုများက တစ်ချိန်တည်းမှာပင် ဆင်းသက်လာကြသည်။
ရီဝူချင်းက သူ့လက်အား မြှောက်လိုက်ကာ လက်ညှိုးဖြင့် ကောင်းကင်အား ညွှန်လိုက်ရာ မဆုံးနိုင်သော ဓားအသိအားလှိုင်းများက ထွက်ပေါ်လာသည်။ ထိုဓားအသိကြောင့်ပင် ထောင်ပေါင်းများစွာသော ဓားပုံရိပ်များ ပျက်စီးသွားကြသည်။ ယန်ကီက လေထဲတွင်ပင် လှည့်ပတ်ပျံသန်းလျက် နောက်ထပ် ပိုမိုအားကောင်းသော ဓားတိုသိစိတ်အားကို ထုတ်ဖော်လိုက်သည်။ ဒုတိယမြောက် ဓားတိုအားလှိုင်းများက ဆင်းသက်လာကြပြန်သည်။ ရီဝူချင်းအား တည်ငြိမ်စွာ ရပ်နေမြဲပင်။ သူ့ကိုယ်က လေထဲသို့ ဖြည်းညင်းစွာ မြင့်တက်လာပြီး ဓားအသိအားလှိုင်းက သူနှင့်အတူ လိုက်ပါလာကြသည်။ သူ့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ဓားများ ဖြစ်ပေါ်လာကာ ယန်ကီထံ ဦးတည်လာနေကြသည်။
“သွားစမ်း…” ရီဝူချင်းက သူ့လက်ချောင်းအား ညွှန်လိုက်လျှင် ဓားများစွာက တရွှီရွှီ မည်လျက် ယန်ကီထံ လျင်မြန်စွာ တိုးဝင်သွားကြသည်။
ယန်ကီက ထိုဓားများကို မြင်လျှင် ချက်ချင်း သူ့နည်းစနစ်ကို ပြောင်းလိုက်သည်။ သူ့ရှေ့တွင် ဓားများက ကွဲထွက်သွားပြီး သူ့အား အင်းကွက်ကဲ့သို့ ပုံစံတကျ လှည့်ပတ် လာနေကြသည်။ သူ့နောက်တွင် အနက်ရောင် ဓားတိုတစ်လက် ဖြစ်ပေါ်လာသည်။ ထိုလက်နက်မှ ကြောက်မက်ဖွယ် ဓားအသိအား ဖြစ်ပေါ်လာပြီး သူ့ကိုယ်အနီးတွင် ဓားတိုပုံရိပ်များစွာ အဆက်မပြတ် ဖြစ်ပေါ်လာနေကြသည်။ သို့သော် ရီဝူချင်း၏မျက်နှာပေါ်မှ အမူအရာမှာ ပြောင်းလဲမှု မရှိသေးပေ။ သူ့ကိုယ်မှ ဓားအားလှိုင်းတစ်ခု နောက်တစ်ဖန် ထွက်ပေါ်လာကာ ရီဝူချင်း၏လက်ချောင်းများ ညွှန်ရာသို့ တိုက်ခိုက်ကြသည်။
ဓားများက အဆက်မပြတ် တိုးဝင် လာနေကြသည်။ ယန်ကီက သူ့ဓားတိုအား အဆက်မပြတ် ဝှေ့ယမ်းနေသည်ကိုလည်း ပရိသတ်များ မြင်ကြရသည်။ သူ့ဓားတိုပညာကား အလွန် အားကောင်းသည်။ သူ၏ ခံစစ်နှင့် တိုက်စစ်နှစ်ခုလုံးက ကြောက်မက်ဖွယ် ကောင်း၏။ သို့သော်လည်း ရီဝူချင်း၏ဓားများမှာ အဆုံးသတ်ပုံမရပေ။ ယန်ကီက သူ့ခံစစ်အား လျှော့ချကာ တိုက်ခိုက်မည်ကြံတိုင်း ထိုဓားများက အသိစိတ်ရှိသည့်အလား သူ့အားနည်းချက် နေရာများအား လာရောက် တိုက်ခိုက်ကြသည်။
ထိုအခါမှ ယန်ကီက သူ့တွင် မျှော်လင့်ချက် မဲ့နေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူကား ခုခံရန်မှ တပါး တခြား လုပ်နိုင်သည် မရှိပေ။
“အရှုံးပေးမလား… အသေခံမလား…” ရီဝူချင်းက ထူးမခြားနားစွာ ပြောသည်။ သူက လက်နှစ်ဖက်လုံးအား မြှောက်လိုက်လျှင် ဓားအသိအားလှိုင်းက ယန်ကီအား လှည့်ပတ်လာကြကာ မုန်တိုင်းအလား တိုက်စားလာနေသည်။ လေဟာနယ် တစ်ခုလုံးကား ရီဝူချင်း၏ဓားများဖြင့် ပြည့်နှက်နေသည်။
“ကျုပ်အရှုံးပေးတယ်…” ယန်ကီ၏အသံက ဓားမုန်တိုင်း၏အလယ်မှ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ဓားမုန်တိုင်း ပျောက်ကွယ်သွားပြီး ယန်ကီအား မြင်ကြရသည်။
ထိုမြင်ကွင်းက လူတိုင်းအား ထိတ်လန့်စေသည်။ သည်တိုက်ပွဲအား မြင်တွေ့ပြီးနောက် ကန်ယီအုပ်စုမှ လူများက ရီဝူချင်းမှာ ဖန်းဟွာပွဲအတွင်း သူ၏တကယ့်စွမ်းရည်အား ဖော်ပြခဲ့ဟန် မတူပေ။ သူက ထိုသို့လုပ်ရန် မလိုခဲ့ပေ။ အကြောင်းပြချက်ကား သူက ပြိုင်ဘက်ကင်းသော ကြောင့်ဖြစ်သည်။ ဧကရာဇ်ရီကား ရီဝူချင်း၏အရည်အချင်းကို တကယ် နားလည်သောသူ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရီဝူချင်းကား သူ့တူဖြစ်၏။ ရီဖူရှင်းနှင့် ယူချင်းတို့သာ ထွက်ပေါ်မလာခဲ့လျှင် ဖန်းဟွာပွဲတော်၏ပထမနေရာမှာ ရီဝူချင်း ဖြစ်ရမည်မှာ မေးခွန်းထုတ်စရာပင် မလိုအပ်ပေ။
ရီဖူရှင်းက ဓမ္မအဆင့်မှ လူများကိုပင် အနိုင်ယူနိုင်ခဲ့သောကြောင့်ပင်လျှင် သူက ပထမနေရာကို ရရှိခဲ့ခြင်းဖြစ်သည်။ ဖန်းဟွာပွဲတော်တွင် အမှန်တကယ်တမ်းအားဖြင့် ရီဝူချင်းအား ယှဉ်နိုင်သောသူ မရှိခဲ့ပေ။ ရီဖူရှင်းနှင့် ယူချင်းတို့အား ထည့်မတွက်လျှင် ရီဝူချင်းကား ကန်ယီနိုင်ငံ၏တကယ့် ဂုဏ်ယူဖွယ်ရာ လူငယ်ပါရမီရှင် ဖြစ်ပေသည်။
***