Switch Mode

အပိုင်း(၁၄၂)

ကျုပ်နာမည် ယူချင်းပဲ

“ကောင်းပြီ…” ဧကရာဇ်ရီ၏စကားကို ကြားလျှင် ရီဖူရှင်းက ပြုံးလိုက်သည်။

သူက ထရပ်လိုက်ကာ တိုက်ပွဲစင်မြင့်ကို ကြည့်လိုက်သည်။ မျက်လုံးပေါင်းများစွာက သူ့ထံ ရောက်လာ၏။ နိုင်ငံလေးခုမှ တိုက်ပွဲက ယခုပင် စတင်ပြီလော။

ယွန်ရှင်းဟွာက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူ၏တိုက်ပွဲဝင်လိုစိတ်ကား အလွန်ပြင်းထန်နေဟန် တူကာ သူ့ခန္ဓာမှ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် နန်ဒူနိုင်ငံမှ လူများ ပိုမို စိတ်ဓာတ် တက်ကြွလာကြ၏။

“ယူချင်း…” ရီဖူရှင်းက တိုးညင်းစွာ ခေါ်လိုက်သည်။ ယူချင်းက နန်ဒူနိုင်ငံမှ ပရိသတ်များအား တစ်ချက်ဝှေ့ကြည့်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ ရီဖူရှင်းက ပြုံးလျက် ပြောသည်… “လူတိုင်းရဲ့ မျက်လုံးက ပြိုင်ပွဲကို ရောက်နေပြီ… တန်ဖန်းပွဲတော်ရဲ့ သတင်းက နန်ဒူတစ်နိုင်ငံလုံးကို ပျံ့နှံ့မှာပဲ…”

ရီဖူရှင်း ဆိုလိုသည်ကို ယူချင်း နားလည်သည်။ အကယ်၍ သူ့ဆရာသာလျှင် သည်နိုင်ငံတွင် ရှိနေသေးလျှင် ယနေ့တိုက်ပွဲအပြီးတွင် သူက သည်သတင်းကို ရပေလိမ့်မည်။

“ယူချင်း… ဒါက မင်းရဲ့ တိုက်ပွဲပဲ…” ရီဖူရှင်းက ဆက်ပြောသည်…“မင်း ဘယ်သူလဲဆိုတာ သူတို့ကို ပေးသိလိုက်…”

“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်လျက် ရင်ပြင်ပေါ်ကို တက်လိုက်သည်။ ထိုအနီးမှ လူများက သူတို့နှစ်ယောက်ကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူတို့၏စကားတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ပါဝင်နေပုံရ၏။

သည်တိုက်ပွဲကို ယူချင်း တိုက်မည်လော။

သူက ရင်ပြင်ပေါ်ကို လှမ်းတက်ပြီးသည်နှင့် ယွန်ရှင်းဟွာ ရှိနေရာဘက်သို့ လှည့်ကာ ပြောလိုက်သည်… “ယူချင်း… ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်…”

“ယွန်ရှင်းဟွာ… ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်…” ရီဖူရှင်း ထွက်မလာသေးသည်ကို မြင်လျှင် ယွန်ရှင်းဟွာက အေးစက်စွာ ပြောသည်။ “မင်းက တိုက်ခိုက်ချင်မှတော့ ငါမင်းကို အရင် အနိုင်ယူရမှာပေါ့…” သူက ထိုသို့ပြောပြီးသည်နှင့် သူ့သက်စောင့်ဝိညာဉ်အား ထုတ်ဖော်လိုက်သည်။ အင်းကွက်တစ်ခု ချက်ချင်း ဖြစ်ပေါ်လာကာ သူက ရှေ့ကို လှမ်းလာသည်။ သူ့ခြေလှမ်းတိုင်းတွင် အင်းကွက်ငယ်များ ဖြစ်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်တွင် သဘာဝစွမ်းအင်များ အရူးအမူး စုစည်းလာနေကြသည်။

ယွန်ရှင်းဟွာက ယူချင်း၏တိုက်ခိုက်ပုံကို မြင်ဖူးပြီးဖြစ်သည်။ သူက မိမိကိုယ်ကို ယုံကြည်မှု အလွန်ရှိသော်လည်း သူ့ပြိုင်ဘက်ကို လျှော့မတွက်ရဲပေ။ အလွန်အားကောင်းသော တိုက်ပွဲဝင်လိုစိတ်နှင့် အားလှိုင်းများက ယွန်ရှင်းဟွာထံမှ ထွက်ပေါ်လာလျှင် ကောင်းကင်တွင်ပင် မုန်တိုင်းအလား လေများထန်လာကာ ပတ်ဝန်းကျင်တစ်ခုလည်း မည်းမှောင်လာသည်။

ယွန်ရှင်းဟွာကား ကြယ်ရှစ်ပွင့် တိုက်ပွဲစင်မြင့်တွင် အလွန် ကောင်းမွန်သော စွမ်းဆောင်ရည်များဖြင့် ပထမနေရာကို ရယူထားခြင်း ဖြစ်သည်။ သူကား နောက်ဆုံး ကျန်ရစ်သူများထဲတွင်ပင် အရည်အချင်း အရှိဆုံးဟု ပြောနိုင်သည်။ ယနေ့ သူက သူ၏စွမ်းရည်များအား သက်သေပြရန် တခြားနိုင်ငံ သုံးနိုင်ငံမှ ဂုဏ်ဆောင် ပါရမီရှင်များအား အနိုင်ယူမည်ဖြစ်သည်။

နန်ဒူနိုင်ငံ၏ဂုဏ်ဆောင် ယွန်ရှင်းဟွာက ယနေ့ သည်တိုက်ပွဲဖြင့် သူ့နာမည်အား ကြေညာမည်ဖြစ်သည်။

ဒွန်ဟိုင်ကျောင်းတော်နှင့် ဟိုင်ရန်ကျောင်းတော်မှ မျက်လုံးပေါင်းများစွာက ယွန်ရှင်းဟွာကို ကြည့်နေကြသည်။ သူတို့က ယွန်ရှင်းဟွာ မည်မျှ ထူးချွန်သည်ကို သိပြီးဖြစ်ရာ သည်တိုက်ပွဲက ယွန်ရှင်းဟွာ အတွက်ပင် ဖြစ်သည်ဟု သူတို့ယုံကြည်သည်။

ဒုန်း… ထိုအခိုက်တွင်ပင် မြေပြင်က တစ်ချက် လှုပ်ယမ်းသွားသည်။ ယူချင်းက မြေကြီးအား ဆောင့်နင်းလိုက်သည်ကို လူတိုင်းက မြင်ကြသည်။ သူ၏ခန္ဓာကိုယ်က မြားတစ်စင်းလို တိုက်ပွဲစင်မြင့်ကို စတင် ပြေးလွှားလာလေသည်။

ဒုန်း… ဒုန်း… ဒုန်း… ယူချင်း၏ခြေလှမ်းတိုင်းတွင် မြေကြီးက တုန်ခါ လှုပ်ယမ်းနေသည်။ ခြေလှမ်းတိုင်းက တိုက်ပွဲစိန်ခေါ်သံအလား ထင်မှတ်ရ၏။ ခြေလှမ်းတစ်လှမ်းပြီး တစ်လှမ်းက ပိုမိုပြင်းထန်လာကာ ပတ်ဝန်းကျင်ကိုပင် အားလှိုင်းများ ရစ်ခတ်လာနေသည်။

ယွန်ရှင်းဟွာက ယူချင်းက စင်မြင့်ထံကို ပြေးလာသည်ကို မြင်သည်။ ယွန်ရှင်းဟွာ၏ ခြေလှမ်းတိုင်းက အင်းကွက်များ ဖြစ်ပေါ်စေသည်။ သူ့အနီးတွင် ရုပ်တုအမျိုးမျိုး ဖြစ်ပေါ်လာ၏။ အရပ်လေးမျက်နှာ လေးခုမှ ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာသည်။ မီးလျှံများ အင်းကွက်မှ ထွက်ပေါ်လာကာ မီးနဂါးများက ယွန်ရှင်းဟွာအနီးတွင် လှည့်ပတ် လာနေကြသည်။ ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်မှာ ထိုမီးလျှံများတွင် ရေခဲဓာတ်များ ရောထွေးနေခြင်းပင်။ ရေခဲနှင့် မီးမှာ ရောထွေးခြင်း မရှိသင့်သော်လည်း ယခု ထိုဓာတ်စွမ်းအင်နှစ်ခုက တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာနေသည်။ ထိုပူးပေါင်းစွမ်းအင်၏ ဖျက်ဆီးနိုင်အားကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ထိုကြောက်မက်ဖွယ် ကောင်းသော အင်းကွက်ကို ကြည့်ကာ နန်ဒူနိုင်ငံ ပရိသတ်များက အလွန်အံ့အားသင့်ကာ စိတ်အား တက်ကြွလာကြသည်။ တန်ဖန်းပွဲတော်၏ဂုဏ်ဆောင် ယွန်ရှင်းဟွာ၏ တကယ့် စွမ်းရည်များက ကြောက်မက်ဖွယ် ကောင်းလှသည်။ မိန်းကလေး အများအပြားက ယွန်ရှင်းဟွာအား လေးစား အထင်ကြီးစွာ ကြည့်ကြသည်။ သူကား အမှန်တကယ်ပင် ထိပ်သီးပါရမီရှင် ဖြစ်သည်။

ဘုန်း… ကျယ်လောင်သော ခြေလှမ်းသံနှင့်အတူ ယူချင်းက တိုက်ပွဲစင်မြင့်၏အောက်ခြေသို့ ရောက်ရှိလာသည်။ နောက်ထပ် ခြေတစ်လှမ်းတွင် သူက လေထဲကို ခုန်တက်သွားကာ စင်မြင့်၏အပေါ် လေဟာနယ်ထဲကို ရောက်ရှိလာသည်။ ထို့နောက် သူက ယွန်ရှင်းဟွာ ရှိနေရာသို့ ဆင်းသက်လာ၏။

မျက်လုံးပေါင်းများစွာက လေထဲမှ ဆင်းသက်လာသော ယူချင်း၏ခန္ဓာကိုယ်ကို ကြည့်နေကြသည်။ ထိုအခိုက်တွင် သူကား လူသားတို့၏ကမ္ဘာကို ဆင်းသက်လာသော နတ်သားတစ်ပါးနှင့် အလားသဏ္ဌာန် တူလေသည်။ သူ၏သန်မာသော ခန္ဓာကိုယ်ကြီးကား အလွန်တောက်ပသော ရွှေဝါရောင်များက ချပ်ဝတ်တန်ဆာအလား ဖြစ်ပေါ်နေသည်။ သူ့ကိုယ်တွင် အလွန်မှုန်ဝါးသော နတ်ဆိုးကဲ့သို့ သဏ္ဌာန်တစ်ခု ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရ၏။

ထိုဆင်းသက်လာသော ခန္ဓာကိုယ်ကား တားဆီးမရနိုင်သော အားလှိုင်းများ ရှိနေဟန်တူသည်။ ယွန်ရှင်းဟွာက မာန်သွင်းလိုက်လျှင် သူ့ပတ်ဝန်းကျင် တစ်ခုလုံး ရေခဲဓာတ်များ ဖုံးလွှမ်းသွားသည်။ ယူချင်းသည်လည်း ရေခဲများအတွင်း ပိတ်လှောင် ခံလိုက်ရပုံပေါ်သည်။ လေထဲမှ မီးလျှံနဂါးများက ချက်ချင်း မိုးပေါ်ကို တက်သွားကာ ပိတ်လှောင်ခံထားရသော ယူချင်းအား လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်အား လောင်ကျွမ်းရန် ကြိုးစားကြသည်။ မီးဓာတ်နှင့် ရေဓာတ် ပေါင်းစပ်လျက် တိုက်ခိုက်ခံရခြင်းက ထိုလူအတွက် သေလိုစိတ်ပင် ဖြစ်ပေါ်စေနိုင်လောက်သည်။ သို့သော် ရွှေရောင်ခန္ဓာကိုယ်က ထိုနေရာတွင် ရပ်တန့်မနေသည်ကို လူတိုင်းက သတိပြုမိလိုက်ကြသည်။ ရေခဲလွှာများ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ ယူချင်းက မီးလျှံနဂါးများက သူ့အား လွတ်လပ်စွာ တိုက်ခိုက်စေသည်။ သူက အရေးပင် မလုပ်ပေ။ ထိုအခိုက်တွင် သူကား တကယ့် နတ်ဘုရားတစ်ပါးနှင့် ဆင်တူလေ၏။

“မဖြစ်နိုင်တာ…” ယွန်ရှင်းဟွာက နတ်ဘုရားကဲ့သို့ ဆင်းသက်လာသော ထိုပုံသဏ္ဌာန်အား ကြည့်ကာ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ သူ တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ဘဲ ယူချင်းကား ရောက်ရှိလာပြီး ဖြစ်သည်။

အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ အင်းကွက်မှ သဘာဝစွမ်းအင်များက ကြမ်းတမ်းစွာ ကခုန်ကြ၏။ ထိုနတ်ဘုရားကဲ့သို့ သဏ္ဌာန်က ယွန်ရှင်းဟွာ၏ ပခုံးထက်ကို ပြင်းထန်စွာ ဆင်းသက်လာသည်ကို လူတိုင်းက မြင်သည်။ အရိုးများ ကျိုးအက်သွားပြီး ယွန်ရှင်းဟွာ မြေပြင်ပေါ်ကို ဒူးထောက်လျက် နာကျင်စွာ အော်သည်။ ကြောက်မက်ဖွယ် အားလှိုင်းက သူ့အား ဖိနှိပ်ထား၏။

အင်းကွက်လည်း ပျောက်ကွယ်သွားသည်။ နန်ဒူနိုင်ငံ၏ မရေမတွက်နိုင်သော မျက်လုံးများက တိုက်ပွဲကို ထိတ်လန့်တကြား ကြည့်နေကြသည်။ ကောင်းကင်မှ လေမုန်တိုင်းမှာလည်း ချက်ချင်း ရပ်တန့်သွားသည်။

ကောင်းကင်နှင့် မြေကြီး တိတ်ဆိတ်သွားသည်။

အချိန်ကား ရပ်တန့်သွားဟန်ရ၏။

တစ်လောကလုံး ငြိမ်သက် သွားလေသည်။

ယွန်ရှင်းဟွာ တန်ဖန်းပွဲတော်တွင် အလွန် ထင်ကြားကျော်စောလာသူ။ လူတိုင်း၏စိတ်နှလုံးကို ဆွဲငင်ယူထားသူ။ ပါရမီရှင်များစွာက လေးစား အထင်ကြီးခံရသူကား လေထဲမှ ဆင်းသက်လာသော လူတစ်ယောက်ကြောင့် အကျည်းတန်စွာ ရှုံးနိမ့်ခဲ့ရ၏။ သိုင်းကွက်များ မှော်ပညာများဖြင့် တိုက်ခိုက်ခံရခြင်းမရှိဘဲ ယွန်ရှင်းဟွာကား စင်မြင့်ပေါ်တွင် ဒူးထောက်နေရလေပြီ။

ပါရမီရှင်။ ပြိုင်ဘက်ကင်း။ နန်ဒူနိုင်ငံ၏ပြိုင်ဘက်ကင်း။

ထိုအခိုက်တွင် ယူချင်းက နန်ဒူနိုင်ငံမှ မရေမတွက်နိုင်သော လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။ ထိုအေးစက်သော သူ့အမူအရာကို ကြည့်ကာ နန်ဒူနိုင်ငံမှ လူများကား ထိုသနားညှာတာမှု ကင်းမဲ့လှသော ခြေလှမ်းအား ယနေ့မှ စတင်၍ မေ့နိုင်မည် မဟုတ်တော့ပေ။ သူက ယွန်ရှင်းဟွာအပေါ်ကို တက်နင်းခဲ့သည်သာ မဟုတ်ပေ။ သူက နန်ဒူနိုင်ငံသားများ အပေါ်တွင်လည်း တက်နင်းခဲ့ပေသည်။ ယွန်ချင်းဟွာကား ဆယ်စုနှစ်တစ်ခုလုံး အတွင်းတွင် အရည်အချင်း အရှိဆုံး ပါရမီရှင်အဖြစ်သူတို့က သတ်မှတ်ထားခြင်း ဖြစ်သည်။

ယူချင်းက ရှေ့ကို တိုးသွားလိုက်ကာ ယွန်ရှင်းဟွာအား လည်ပင်းမှ ဆုပ်ကိုင်လျက် နန်ဒူနိုင်ငံ လူများရှိရာသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူက ထိုနေရာကို မကြည့်တော့ပေ။ ထိုပါရမီရှင် ယွန်ရှင်းဟွာကား နောက်ထပ် ကြည့်ရှုရန် ထိုက်တန်မှု မရှိပေ။

နောက်ဘက်ကို လှည့်ကာ ယူချင်းက ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများကို ကြည့်လိုက်သည်။ သူက ထူးမခြားနားစွာ မေးလိုက်သည်… “နောက်တစ်ယောက်…”

ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ တစ်ယောက်မှ ထွက်မလာကြပေ။ သူတို့က စင်မြင့်ပေါ်မှ လူငယ်အား ထိတ်လန့်တကြား ကြည့်နေကြသည်။ ယွန်ရှင်းဟွာက အမှန်တကယ် အားနည်းသလော။ ပြိုင်ပွဲတစ်လျှောက်လုံး သူမည်ကဲ့သို့ စွမ်းဆောင်ခဲ့သည်ကို သူတို့အားလုံး မြင်သိပြီးဖြစ်သည်။ သူ့ပါရမီကား ပြိုင်ဘက်ကင်းပင်။ သို့သော် ယူချင်းက လေထဲမှ နတ်ဘုရားကဲ့သို့ ဆင်းသက်ကာ ထိုပါရမီရှင်အား ခြေမွှခဲ့သည်။ ထိုကဲ့သို့သော သူနှင့် မည်သူက ယှဉ်ပြိုင်ရဲမည်နည်း။

တိတ်ဆိတ်မှုက ကြီးစိုးနေရာ ရီဝူချင်းက ချူခွန်ယမ်ရှိရာဘက်ကို ကြည့်လျက် မေးလိုက်သည်… “မင်းအခု အနေတာလား…”

နိုင်ငံနှစ်ခုမှ ထိပ်သီးပါရမီရှင်များက သက်သောင့်သက်သာ မရှိသလို ခံစားရသော်လည်း ယူချင်းက သူတို့အား အာရုံမစိုက်တော့ပေ။ သူ့မျက်နှာတွင် ထူးခြားသော အမူအရာ တစ်ခုကိုပင်လျှင် မဖော်ပြခဲ့ပေ။ ထိုအစား သူက အနီးမှ ကြယ်ကိုးပွင့် တိုက်ပွဲစင်မြင့်ကို ကြည့်လိုက်သည်။

ထို့နောက် သူက စတင်၍ ပြေးပြန်သည်။ သူက စင်မြင့်အနီးကို ရောက်လျှင် ထပ်မံ၍ ခုန်တက်လိုက်သည်။ မြေကြီးအား ဆောင့်နင်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူက စင်မြင့်၏အပေါ် လေဟာပြင်တွင် တစ်ဖန် ရောက်ရှိလာသည်။

ဂျန်ချင်ကား ကြယ်ကိုးပွင့် တိုက်ပွဲစင်မြင့်တွင် အထူးချွန်ဆုံး ဖြစ်သည်။ သို့သော် သူက ယူချင်းကို ကြည့်မိလျှင် သူ့မျက်လုံးတွင် ကြောက်ရွံ့သော စိတ်များ ဖြစ်ပေါ်လာသည်။ သည်နတ်ဘုရားကဲ့သို့ လူငယ်အား ရပ်တန့်နိုင်ရန် သူယုံကြည်မှု မရှိပေ။

သူ့တွင် ရှိသမျှ အားအင်များကို စုစည်းလိုက်သည်။ ဆင့်ခေါ်ခံရသော စွမ်းအင်လှိုင်းများက ကြမ်းတမ်းစွာ စီးဆင်းလာသည်။ ထို့နောက် သူက စတင် တိုက်ခိုက်သည်။ ကြမ်းတမ်း ခက်ရော်သော အားလှိုင်းက လေထဲတွင် စတင်ပေါက်ကွဲကြ၏။

ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ယူချင်းက ဂျန်ချင်၏အရှေ့ကို ရောက်လာသည်။ တိုက်ပွဲစင်မြင့် တုန်ခါသွားပြီး အလွန်ရန်လို ပေါက်ကွဲသော အားလှိုင်းတစ်ခုက သူ့အား ထိခြင်းမရှိဘဲ ဘေးမှ ဖြတ်သွားသည်။

တန်ဖန်းပွဲတော်၏ အကောင်းဆုံးထဲမှ တစ်ယောက်အနေဖြင့် သည်ကဲ့သို့ မဖြစ်သင့်ပေ။ သို့သော် ဂျန်ချင်၏ကြောက်လန့်မှုက ရှက်ရွံ့မှုသို့ ပြောင်းလဲသွား၏။

ယူချင်းက လက်ဝါးရိုက်လိုက်သည်။ ဂျန်ချင်က လူအုပ်ထဲသို့ မိမိဘာသာ ပျံသန်းလျက် ဆင်းပြေးသွား၏။ သည်တိုက်ပွဲကား တိုက်ပွဲဟုပင် ခေါ်ဆို၍ မရတော့ပေ။

ယူချင်းက ဓမ္မအဆင့်တိုက်ပွဲစင်မြင့်ရှိရာသို့ ဆက်လက်၍ ပြေးသွားရန် ပြင်သည်။

“သူက စုမူကို စိန်ခေါ်မှာလား…” နောက်တစ်ယောက်က ရေရွတ်သည်။

“သူရူးနေတာလား… စုမူက အဆင့်တစ်ဓမ္မ တန်ခိုးရှင်ပဲ… သူက တန်ဖန်းပွဲတော်ရဲ့ ပါရမီအမြင့်ဆုံးထဲက တစ်ယောက်ပဲ… ဇီလူနဲ့ ယွန်ရှင်းဟွာပြီးရင် သူက နာမည်အကြီးဆုံးလို့ ပြောလို့ရတယ်… သူက စုမူကို တကယ် စိန်ခေါ်တော့မလို့လား…”

နောက်ထပ် ခြေဆောင့်သံတစ်ချက်နှင့် အတူ ယူချင်းက ထပ်မံ၍ ဓမ္မအဆင့်တစ် တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။

စုမူက သူ့ခေါင်းကို မော့လိုက်သည်။ လေထဲမှ ပုံသဏ္ဌာန်အား ကြည့်ကာ သူက နှာခေါင်းရှုံ့လိုက်သည်။ လျှပ်တစ်ပြက်တွင် သူလည်း လေထဲကို ရောက်သွားသည်။ သူကား စုမူဖြစ်သည်။ ယွန်ရှင်းဟွာ မဟုတ်သလို ဂျန်ချင်လည်း မဟုတ်ပေ။

ဦးခေါင်းပေါင်းများစွာက ယူချင်းကို ကြည့်ရှုရန် သူ့ထက်ငါ မော့ကြည့်နေကြသည်။ သည်တစ်ကြိမ် သူက မည်သို့ တိုက်ခိုက်မည်နည်း။

လေလှိုင်းတစ်ခု ရိုက်ခတ်သွားပြီး ယူချင်း၏ နောက်ကျောတွင် အလွန်ကြီးမားသော အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းများက အတောင်ပံတစ်လျှောက် လှပစွာ ဖြာထွက်နေကြသည်။ အတောင်မွေးတစ်ခုစီတိုင်းက သူတို့မှာ နတ်ဆိုး၏ အတောင်ပံများ ဖြစ်ကြောင်း သူ၏ကြောက်မက်ဖွယ် အသွင်သဏ္ဌာန်များက ဖော်ပြနေသည်။

ထိုအခိုက်တွင် ယူချင်းက နတ်ဆိုးတစ်ပါးအဖြစ် ပြောင်းလဲသွားပုံရသည်။

အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် ယူချင်းက စုမူထံသို့ ပျံဝဲသွားသည်။ စုမူက ရှောင်တိမ်းရန် စိတ်ကူးမရှိပေ။ သူ့ရှေ့တွင် ကြောက်မက်ဖွယ် ကောင်းသော နဂါးများ ဖြစ်ပေါ်လာသည်။ ယူချင်းက ရှေ့ကို တိုးလာလျှင် ထိုနေရာတွင် လောကကို တုန်လှုပ်စေသော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ နဂါးပေါင်းများစွာက ယူချင်းထံ တိုးဝင်လာသည်။

ယူချင်း၏ အတောင်ပံများမှ အတောင်မွေးများက အဆက်မပြတ် ခတ်လိုက်လျှင် အလွန်ထက်ရှသော နက်ရွှေရောင် လေဝဲတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက ဖွင့်ကာ ပိတ်ကာဖြင့် ရောက်ရှိလာသော နဂါးများအား အပိုင်းပိုင်း ပြတ်စေသည်။

စုမူ၏အပေါ်မှ နဂါးကြီး တစ်ကောင်ကား တကယ့် နဂါးလိုပင် ကြီးမားလှသည်။ ထိုနဂါးကြီးက ယူချင်းအား ဝါးမျိုရန် ရွေ့လျားလာနေသည်။

ယူချင်းက အတောင်ပံများအား ဖြန့်လျက် ရှေ့ကို ကြည့်လိုက်သည်။ သူက လျှပ်စီးအလား နဂါးကြီးထံသို့ တိုးဝင်သွားသည်။ လူတိုင်း၏ မျက်လုံးအောက်တွင်ပင် သူက နဂါးကြီး၏ခံတွင်းဝထဲကို ဝင်ရောက်သွားသည်။

ဘုန်းခနဲ မြည်သံနှင့်အတူ နဂါးကြီး ပေါက်ကွဲသွားကာ ယူချင်း ထွက်ပေါ်လာသည်။ စုမူ၏မျက်နှာအမူအရာ ပြောင်းသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ သူက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ယူချင်းထံသို့ တိုးဝင်သွားသည်။

သူ၏ဓမ္မနှင့် ခန္ဓာကိုယ်မှာ တစ်ခုတည်း ဖြစ်သွားလေ၏။

နဂါးကြီးက ယူချင်းအား ဝါးမျိုရန် ရောက်ရှိလာပြန်သည်။ ယူချင်းက လျင်မြန်စွာပင် လက်ဆန့်တန်းလျက် နဂါးကြီး၏ ပါးစပ်အား လှမ်းဆွဲလိုက်သည်။ အလွန် ကျယ်လောင်စွာ ဟိန်းဟောက်လျက် ယူချင်းက သူ့လက်မောင်းထဲကို မဆုံးနိုင်သော အားအင်များ ထည့်လိုက်ကာ နဂါးကြီးအား လက်ချည်းသက်သက်ဖြင့် ဆွဲဖြဲလိုက်သည်။ စုမူက နာကျင်စွာ အော်ဟစ်ရင်းကပင် သူ၏ဓမ္မအသိ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။

ထို့နောက် ယူချင်းက စုမူအား ဆုပ်ကိုင်ကာ စင်မြင့်ပေါ်မှ လွှင့်ပစ်လိုက်ပြန်သည်။

လူအုပ်တစ်ခုလုံးက ထိုနတ်ဆိုးကဲ့သို့ ပုံသဏ္ဌာန်အား စိတ်နှလုံး တုန်လှုပ်စွာဖြင့် စိုက်ကြည့် နေကြသည်။

လေထဲဝင် ပျံဝဲလျက် ယူချင်းက မရေမတွက်နိုင်သော ပရိသတ်များအား ကြည့်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်… “ကျုပ်နာမည်က ယူချင်းပဲ… နန်ဒူနိုင်ငံ… ဒွန်ဟိုင်ကျောင်းတော် … လာဘ်လာဘ ကျောင်းဆောင် ကျောင်းအုပ် ယိချန်ရဲ့ တပည့်ပဲ…”

ကြမ်းတမ်းခက်ရော်သော လေသံက နန်ဒူနိုင်ငံမှ လူတိုင်း၏နားစည်အား ရိုက်ခတ်လျက် ကောင်းကင်နှင့် မြေကြီး တစ်လျှောက် ပျံ့နှံ့သွားသည်။

သူကား နန်ဒူနိုင်ငံ။ ဒွန်ဟိုင်ကျောင်းတော် လာဘ်လာဘ ကျောင်းဆောင်မှ ကျောင်းအုပ်ကြီး ယိချန်၏တပည့်ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset