ဧကရာဇ်ရီတို့အုပ်စုက ပွဲကြည့်စင်နေရာကို ရောက်ရှိလာသောအခါ ဧကရာဇ်လျိုနှင့် တခြားလူများက သူတို့ကို ကြည့်လိုက်ကြသည်။ ရီဖူရှင်း ယူချင်းနှင့် ရီဝူချင်းတို့ကား နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ။ ချူခွန်ယမ်က ထိုသုံးယောက်အား ကြည့်လိုက်သည်။ သူ့အကြည့်နှင့် အပြုံးတို့က အနည်းငယ် အေးစက်နေသည်။ ယန်ကီ၏အကြည့်များကမူ စူးရှသည်။ မကြာမီ မည်သို့ ဖြစ်ပျက်မည်ကို သူခန့်မှန်းနေ၏။ လျိုဂျင်လန်ကလည်း သူ့အာရုံအား ထိုသုံးယောက်ထံ ရွှေ့ပြောင်းလိုက်သည်။ ယနေ့ အရာရာတိုင်းက စိတ်ဝင်စားဖွယ် ကောင်းလာပြီဖြစ်သည်။
လျိုဂျင်လန်၏ဘေးတွင် လှပသော မိန်းမပျိုတစ်ဦး ထိုင်နေသည်။ ထိုမိန်းကလေးကား ယမန်နေ့ညက လျိုဂျင်လန်၏ဘေးတွင် ထိုင်နေခဲ့သော မိန်းကလေးပင် ဖြစ်သည်။ သူမ၏နာမည်မှာ ရှန်းရိုရှောင်းဖြစ်သည်။ ယမန်နေ့ညကနှင့် မတူပဲ ယနေ့ကား သူမ၏ဝတ်စားဆင်ယင်ပုံမှာ အတော် တည်ငြိမ်မှုရှိသည်။ သူမ၏သွင်ပြင်က နူးညံ့သိမ်မွေ့ကာ အထက်တန်းလွှာမှ သမီးပျို၏ ကိုယ်ရောင်ကိုယ်ဝါများ ရှိနေသည်။
ယမန်နေ့ညက သူမက လျိုဂျင်လန်အား သူမ၏ခန္ဓာကိုယ်အား ပုံအပ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့ ပွဲတော်တွင် အိမ်ရှေ့စံ၏ဘေးတွင် နေရာတစ်နေရာ သူမအတွက် သေချာစေခဲ့သည်။ အထက်တန်းလွှာ အများအပြားက သူမအား ကြည့်နေကြသည်။ မည်သို့ဖြစ်ပျက် နေသည်ကို သူတို့အားလုံး နားလည်ကြသည်။ သူတို့အားလုံး တွေးမိသည်မှာ သည်မိန်းကလေးကား အတော်ဉာဏ်များသည် ဟူ၍ပင်။ သို့တိုင်အောင် သူမအတွက် ပထမဇနီးနေရာကို ရမည် မဟုတ်ပေ။ ဒုတိယ သို့မဟုတ် တတိယ ဖြစ်နိုင်သည်။ အိမ်ရှေ့စံလျိုဂျင်လန်ကား တော်ဝင်ချင်ကျောင်းတော်တွင် သြဇာအာဏာ ကြီးသောသူ ဖြစ်ရန် ခြေတစ်လှမ်း လှမ်းနိုင်ပြီဖြစ်သည်။ သူက မအောင်မြင်ခဲ့လျှင်ပင် သူက နန်ဒူနိုင်ငံ၏ ဧကရာဇ်ဖြစ်မည်သာ။ ဒုတိယ သို့မဟုတ် တတိယ ဇနီးက ပြဿနာ မဟုတ်ပေ။ ကိုယ်လုပ်တော် ဖြစ်ခဲ့လျှင်ပင် အရေးမဟုတ်ပေ။
တိုက်ပွဲစင်မြင့်ပေါ်မှ လူအများအပြားကလည်း ရှန်းရိုရှောင်းကို သိကြသည်။ သူမကလည်း တန်ဖန်းပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထို့အပြင် သူမကား နန်းမြို့တော်တွင် လူသိများသော မိန်းမလှတစ်ယောက် ဖြစ်သည်။ သူမကား မနေ့က ပွဲတော်မှ ပြုတ်သွားခဲ့သော်လည်း အိမ်ရှေ့စံက သူမအား မျက်စိကျသွားလိမ့်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။
ရှန်းရိုရှောင်းက ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သို့သော် မည်သို့မှ မပြောပေ။ ရီဖူရှင်းမူကား ထိုအကြည့်များကို အာရုံမထားပေ။ သူက သူ့နေရာတွင် ထိုင်ပြီးသည်နှင့် တိုက်ပွဲစင်မြင့်များကို ကြည့်ရှုသည်။ ထို့နောက် သူက လူအုပ်ကြီးကို တစ်ခါတစ်ရံ ကြည့်သည်။
ထိုစဉ်မှာပင် ကောင်းကင်အပေါ် တစ်နေရာမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ လေထဲတွင် လူအများအပြား ပေါ်လာ၏။ ထိုအုပ်စု၏ခေါင်းဆောင်မှာ ဧကရာဇ်တစ်ပါးကဲ့သို့ တော်ဝင်ဆန်သော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။
“အစ်ကိုလျို… ဒီလို အရမ်းကောင်းတဲ့ အခွင့်အရေး ရထားတာတောင်မှ ကျုပ်တို့ကို မပြောဘူးနော်… ကျုပ်တို့ အတူတူ သောက်ပြီး အောင်ပွဲခံလို့ ရတာပေါ့…” ခေါင်းဆောင်က မေးသည်။ သူက ဧကရာဇ်လျိုအား နှုတ်ဆက်သည့်ပုံစံအရ သူ့အဆင့်အတန်းအား လွယ်ကူစွာ ခန့်မှန်းနိုင်သည်။ ဧကရာဇ်လျိုနှင့် တူညီသော အဆင့်တွင် စကားပြောနိုင်ခြင်းက သူသည်လည်း ဧကရာဇ်တစ်ပါး ဖြစ်ကြောင်း ပြောနိုင်ပေသည်။
“မိုတိုင်းပြည်က ဧကရာဇ်က ကိုယ်တိုင် ကြွရောက် ချီးမြှင့်လာတယ်… ဘယ်လောက် ဂုဏ်ယူဖို့ ကောင်းလိုက်သလဲ…” ဧကရာဇ်လျိုက ဧည့်သည်များအား ကြိုဆိုရန် ထရပ်လိုက်သည်… “ကျုပ်တို့နဲ့ အတူလာထိုင်ပါ…”
“ကျုပ်ကလည်း ဒီလိုပျော်စရာကိစ္စကို လွဲချော်လို့ ဘယ်ရပါ့မလဲ…” နောက်တစ်ယောက်က ရယ်မောသည်။ လူအုပ်၏အပေါ် ကောင်းကင်တွင် အနီရောင် ကိုယ်ရောင်ကိုယ်ဝါများနှင့် လူတစ်ယောက် ထပ်မံပေါ်ထွက်လာသည်။
“နန်ဒူနိုင်ငံရဲ့ အိမ်ရှေ့စံက တော်ဝင်ချင်ကျောင်းတော်ကို ဝင်ခွင့်ရတာ ဂုဏ်ပြုပါတယ်… နောက်ဆို နန်ဒူမှာ နောက်ထပ် နိုဘယ်တန်ခိုးရှင် တစ်ယောက် ထွက်ပေါ်လာတော့မှာပဲ…” နောက်ထပ် ရောက်လာသူက ပြောသည်။ သူ၏အသံကား ကြည်လင် ပြတ်သားပြီး သူ့ကိုယ်ရောင်ကိုယ်ဝါက အလွန် အားကောင်းသည်။
“ဘယ်လောက် အံ့သြဖို့ ကောင်းလိုက်လဲ… ဟောင်ရီတိုင်းပြည်က ဧကရာဇ်လည်း ရောက်လာတာပဲ… ကြွပါ… ကြွပါ…” ဧကရာဇ်လျိုက ပြောသည်။
“ဒွန်လန်တိုင်းပြည်ကလည်း နန်ဒူနိုင်ငံရဲ့ တန်ဖန်းပွဲတော်ကို လာပြီး ဂုဏ်ပြုပါတယ်…” နောက်ထပ် အုပ်စုတစ်စု ရောက်ရှိလာသည်။
“ထျန်းလျိုတိုင်းပြည်ကလည်း လျိုဂျင်လန်က တော်ဝင်ချင်ကျောင်းတော်ကို ဝင်ခွင့်ရတာကို ဂုဏ်ပြုပါတယ်…” ဒွန်လန်တိုင်းပြည်မှ ဧကရာဇ်လာရာဘက်၏ ဆန့်ကျင်ရာအရပ်မှ တခြားလူများလည်း ရောက်ရှိလာခဲ့သည်။
ကောင်းကင်မှ တော်ဝင်ဆန်သော ကိုယ်ရောင်ကိုယ်ဝါများက နန်ဒူနိုင်ငံသူ နိုင်ငံသားများအား အနည်းငယ် စိုးရိမ်စေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်နေသည်။ နောက်ထပ် ဧကရာဇ်လေးပါး ရောက်ရှိလာမည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။ ယခု တန်ဖန်းပွဲတော်တွင် ဧကရာဇ် ရှစ်ပါးရှိနေပြီ ဖြစ်သည်။ နှစ်သုံးရာအတွင်း သည်ကဲ့သို့ ကြီးမားသော အဖြစ်အပျက်မျိုး မရှိသေးပေ။ နောက်ဆုံးအကြိမ်က ဧကရာဇ်လျိုက ထီးနန်းဆက်ခံသောအခါ သည်ကဲ့သို့ အဖြစ်မျိုးရှိခဲ့သည်။
စကားထဲ ထည့်မပြောသည့်တိုင် သူတို့ လာရောက်ခြင်းမှာ တန်ဖန်းပွဲတော် တစ်ခုတည်းကြောင့် မဟုတ်သည်ကို လူတိုင်း သိသည်။ မဟုတ်လျှင် ဖိတ်ခေါ်ထားခြင်း မရှိသည့်ပွဲအား ဧကရာဇ်ကိုယ်တိုင် လာရောက်စရာ မလိုပေ။
ဧကရာဇ်သုံးပါးက ဖိတ်ခေါ်ခံရပြီး ကိုယ်တိုင် လာရောက်ခြင်းကပင်လျှင် အထူးအလေးပေးရာ ရောက်နေပြီဖြစ်သည်။
သိသာစွာပင် သူတို့က အိမ်ရှေ့စံမင်းသားက တော်ဝင်ချင်ကျောင်းတော်ကို ဝင်ခွင့်ရသည့် သတင်းကို ရရှိထားကြပြီး ဖြစ်သည်။ သူတို့က အတူတူ စီစဉ်ထားသကဲ့သို့ပင် တခြားနေ့တွင် လာရောက်ခြင်း မရှိဘဲ တန်ဖန်းပွဲတော် နောက်ဆုံးနေ့တွင်မှ လာရောက်ခဲ့ကြသည်။
ဧကရာဇ်လျိုက ရွှင်ပြစွာ ပြုံးလိုက်သည်။ သည်ဧကရာဇ်လေးပါးမှာလည်း နန်ဒူနိုင်ငံ၏အနီးအနားမှ တိုင်းပြည်များ ဖြစ်ကြသည်။ ယွန်ချူနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံက ရောက်ရှိလာခဲ့သလို ယန်တိုင်းပြည်၏ အိမ်နီးချင်း နိုင်ငံများလည်း ရောက်ရှိလာခဲ့သည်။ ယခု ထိုတိုင်းပြည်များက ယနေ့တွင် တစ်စုတစ်စည်းတည်း လာရောက်ကာ သူ့အား ဂုဏ်ပြုကြသည်။ သူက ဧကရာဇ်တစ်ပါး ဖြစ်ပြီးပြီမှန်သော်လည်း သူက ဂုဏ်ယူမိသည်သာ ဖြစ်သည်။
“အားလုံး… ထိုင်ကြပါ…” ဧကရာဇ်လျိုက ပြုံးလျက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်။ ချက်ချင်းပင် ဧကရာဇ်လေးပါးက ဧကရာဇ်များ ထိုင်ရာ စင်မြင့်ပေါ်သို့ ရောက်ရှိလာကာ လွတ်နေသော နေရာများတွင် ထိုင်ကြသည်။
ဧကရာဇ်ရီနှင့် တခြား ဧကရာဇ်များက သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့၏စိတ်ထဲတွင် အနည်းငယ် တွန့်ဆုတ်နေကြသည်။ အမှန်တကယ်ပင် နိုင်ငံလေးနိုင်ငံမှ ဧကရာဇ်လေးပါးက ကိုယ်တိုင်ကိုယ်ကျ တန်ဖန်းပွဲတော်ကို တက်ရောက် လာကြသည်။ ကြည့်ရသည်မှာ သူတို့က တန်ဖန်းပွဲတော်ကို စောင့်ကြည့်နေကြဟန် တူသည်။ မဟုတ်လျှင် သူတို့က နောက်ဆုံးနေ့တွင် အချိန်ကိုက် ရောက်လာစရာ အကြောင်းမရှိပေ။
သည်မြင်ကွင်းကို ကြည့်ကာ အနာဂတ်တွင် ကြီးကျယ်ခမ်းနားလာမည့် နန်ဒူနိုင်ငံကို ခန့်မှန်း၍ ရပေသည်။
ရီဖူရှင်းကလည်း တိတ်ဆိတ်စွာ ကြည့်နေသည်။ ဂုဏ်ယူဝမ်းမြောက် နေသော ဧကရာဇ်လျိုနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသော ပရိသတ်များကို သူကြည့်နေသည်။ သည်အရာများ အားလုံးက လျိုဂျင်လန်က တော်ဝင်ချင်ကျောင်းတော်ကို ဝင်ခွင့်ရသည်ဟူသော အချက်အပေါ်တွင် အခြေခံကာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကံမကောင်းသည်က ထိုနန်ဒူနိုင်ငံမှ ပြည်သူများကား မကြာမီ စိတ်ပျက်ရပေတော့မည်။
“စကြမယ်…” ဧကရာဇ်လျိုက ပြုံးလိုက်သည်။ ချက်ချင်းပင် လေတိုးသံများ ထွက်ပေါ်လာကာ ပြိုင်ပွဲစင်မြင့်ကိုးခုပေါ်သို့ ပါရမီရှင် ဆယ့်ရှစ်ယောက် တက်ရောက်လာသည်။ စင်မြင့်တိုင်းတွင် တန်ခိုးအဆင့်တိုင်းမှ အတော်ဆုံးလူများ ဖြစ်ကြသည်။
“ဇီလူ…”
“ယွန်ရှင်းဟွာ…”
လှုပ်ရှားတက်ကြွနေသော ပရိသတ်များထံမှ မိမိတို့ အားပေးသော ပါရမီရှင်များ၏ နာမည်များကို အော်ဟစ်နေကြသည်။ သူတို့၏ထက်မြက်သော ပါရမီများကြောင့် လူအများက လေးစားအထင်ကြီး အားကျကြသလို မိမိတို့ သဘောကျသူများကို ထောက်ခံသော လူစုများလည်း ပေါ်လာသည်။ ယွန်ရှင်းဟွာကား ထိုလူအများနှစ်သက်သော ပြိုင်ပွဲဝင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူကား ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်မှ မြင့်တက်သွားကာ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်ကို ရောက်ရှိသွားပြီး ဖြစ်သည်။ သို့တိုင်အောင် ကြယ်ရှစ်ပွင့် စင်မြင့်တွင်လည်း သူကား ပြိုင်ဘက်ကင်းနေမြဲ ဖြစ်သည်။ အကယ်၍ သူ့ပြိုင်ဘက်က ကြယ်ကိုးပွင့် ကောင်းကင်အဆင့် ဖြစ်နေသည့်တိုင် ရလဒ်က သည်အတိုင်းသာ ဖြစ်ပေလိမ့်မည်။
ကောင်းကင်အဆင့်တွင် အထက်မြက်ဆုံး ပြိုင်ပွဲဝင်မှာ သံသယ ရှိစရာ မလိုအောင်ပင် ယွန်ရှင်းဟွာဟု ပြောရမည်ဖြစ်သည်။ အကယ်၍ ယွန်ရှင်းဟွာ ကြောင့်သာ မဟုတ်လျှင် အရည်အချင်း အရှိဆုံးသူမှာ ကြယ်ကိုးပွင့် ကောင်းကင်အဆင့် ပြိုင်ပွဲဝင် ဂျန်ချင်ဖြစ်ပေလိမ့်မည်။ သူကား သာမန် ဓမ္မအဆင့် တန်ခိုးရှင်များကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။
စင်မြင့်ကိုးခုမှ တိုက်ပွဲများကား စတင်ပြီဖြစ်သည်။ စင်မြင့်များကား အားလှိုင်းများကြောင့် တုန်ခါနေသည်။ မာန်သွင်းသံများက စင်မြင့်များ တစ်လျှောက် ပျံ့လွင့်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လှုပ်ရှား တက်ကြွစေသည်။ အထက်မြက်ဆုံသော ပြိုင်ပွဲဝင်များက နောက်ဆုံး တိုက်ပွဲကို အစွမ်းရှိသမျှ ယှဉ်ပြိုင်ကြသည်။ တိုက်ပွဲတိုင်းက ကြည့်ရှုရန် လုံးဝ လက်မလွှတ်သင့် လောက်အောင် ပြင်းထန်လှသည်။
“ကိုယ့်လူတို့… ကျုပ်တို့နန်ဒူနိုင်ငံ တန်ဖန်းပွဲတော်က ပါရမီရှင်တွေကို ဘယ်လိုမြင်လဲ…” ဧကရာဇ်လျိုက မေးသည်။ ပြိုင်ပွဲကိုကြည့်ကာ သူ၏ဂုဏ်ယူဝမ်းမြောက်မှုက ဖုံးဖိမရတော့ပေ။
“အချိန်တစ်ခုကျရင် သူတို့က နိုင်ငံရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်လာကြမှာပဲ…” ဧကရာဇ် တစ်ပါးက ပြောသည်။
“သူတို့က တကယ်ပဲ ထူးခြား ထက်မြက်လွန်းတယ်… အနည်းဆုံးတော့ သူတို့က ဖန်းဟွာအဆင့်က လူတွေထက် အများကြီးသာတယ်…” ယန်တိုင်းပြည်မှ ဧကရာဇ်က ပြောသည်။ ရီဖူရှင်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုဧကရာဇ်က မျက်နှာလိုက်ကာ ပြောဆိုသည်မှာ သိသာလှသည်။ မည်သူကမှ ဧကရာဇ်လျိုနှင့် ဆန့်ကျင်ဘက် မဖြစ်လိုကြပေ။ သို့သော်လည်း ဧကရာဇ်ရီက ဂရုစိုက်ပုံမရပေ။ သူက တိတ်တဆိတ်ပင် ပြိုင်ပွဲကို ဆက်လက် ကြည့်ရှုနေသည်။ ရိုးရိုးသားသား ပြောရလျှင် တန်ဖန်းပွဲတော်မှ ပြိုင်ပွဲဝင်များမှာ အလွန် အရည်အချင်း ရှိကြသည်ကို သူဝန်ခံရပေမည်။ သူတို့၏တိုက်ခိုက်ရေး စွမ်းရည်များကား အလွန် အားကောင်းသည်။ ရီဖူရှင်း ယူချင်းနှင့် ရီဝူချင်းတို့ကြောင့်သာ မဟုတ်လျှင် ဖန်းဟွာပွဲတော်ကား တန်ဖန်းပွဲတော်နှင့် နှိုင်းယှဉ်လျှင် အမှန်ပင် ရှုံးနိမ့်ရမည်ဖြစ်သည်။
ဧကရာဇ်ရီက တွေးမိသည်။ အကယ်၍ ဧကရာဇ်လျိုက ရီဖူရှင်းနှင့် ယူချင်းကို မနှင်ထုတ်ခဲ့လျှင် တန်ဖန်းပွဲတော်က မည်သို့ဖြစ်မည်နည်း။
နောက်ဆုံးတွင် တိုက်ပွဲများ တစ်ပွဲပြီး တစ်ပွဲပြီးဆုံးသွားကာ နောက်ဆုံး အနိုင်ရသူများ ထွက်ပေါ်လာသည်။ တန်ခိုးအဆင့်အရ အနိုင်ရသူကိုးယောက်က စင်မြင့်ပေါ်တွင် ဆက်လက်ရပ်နေကြသည်။ သူတို့ကား လူတိုင်း၏အာရုံစိုက်မှုကို ခံယူရရှိနေသည်။ သူတို့က ဧကရာဇ်၏ဆုလာဘ်များအား စောင့်နေကြ၏။
လူအုပ်ထဲတွင် ဒွန်ဟိုင်ကျောင်းတော်မှ လူများက ကြယ်ရှစ်ပွင့် စင်မြင့်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသော လူငယ်တစ်ယောက်ကို လေးစား အထင်ကြီးစွာ ကြည့်နေကြသည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးများ ဖြစ်ပေါ်နေသည်။ ကျောင်းချိန်က ပြိုင်ပွဲမှ ပြုတ်သွားခဲ့သော်လည်း ယွန်ရှင်းဟွာကား နောက်ဆုံးအထိ ယှဉ်ပြိုင်နိုင်ခဲ့သည်။ ထို့အပြင် သူက ပြိုင်ဘက်များအား အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒွန်ဟိုင်ကျောင်းသား တစ်ယောက်အနေဖြင့် ယွန်ရှင်းဟွာက သူတို့အတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုကို ဆောင်ယူပေးခဲ့ပေသည်။
ဒွန်ဟိုင်ကျောင်းတော်၏ လူအုပ်ထဲတွင် ဟိုင်ရန်ကျောင်းတော်မှ ကျောင်းအုပ်တန်လည်း ရှိနေပေသည်။ သူ့တွင် တီအန်ယွာတောင် အဖြစ်အပျက်တုန်းက ရီဖူရှင်းနှင့် မဖြေရှင်းရသေးသော ပြဿနာများ ရှိနေပေသေးသည်။ သည်လူငယ် ယွန်ရှင်းဟွာက စင်မြင့်ပေါ်တွင် နောက်ဆုံး အချိန်အထိ ရပ်ကျန်ရစ်သည်ကို ကြည့်ကာ သူအလွန် ဂုဏ်ယူဝမ်းမြောက်လှသည်။
သူတို့က ရီဖူရှင်းကိုလည်း မြင်သည်။ ကောလာဟလများအရ သူကား မထင်မှတ်လောက်အောင်ပင် ထက်မြက်လွန်းသည်။ သူက ယွန်ရှင်းဟွာနှင့် တစ်ခါက တိုက်ခိုက်ဖူးသည်။ သူက နိုင်ငံ၏အတော်ဆုံး ဖြစ်လာမည်မှာ သေချာလှသည်။ သို့သော် ယခုလက်ရှိ ယွန်ရှင်းဟွာက ရီဖူရှင်းအောက် မနိမ့်ကျပေ။
နောက်ဆုံးတွင် တိုက်ပွဲစင်မြင့်တွင် လူကိုးယောက်က ဂုဏ်ယူဝင့်ကြွားစွာ ရပ်လျက် ကျန်ရစ်သည်။ တန်ဖန်းပွဲတော်၏ တန်ခိုးအဆင့် တစ်ခုစီအတွင်း အတော်ဆုံး လူများမှာ ထွက်ပေါ်လာပြီ ဖြစ်သည်။
ဧကရာဇ်လျို၏မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။ သူကားသည် လူကိုးယောက်နှင့် ပတ်သက်၍ အလွန်စိတ်ကျေနပ်နေသည်။ သူတို့အားလုံး ထူးခြားဆန်းကြယ်သော ပါရမီများကို ပိုင်ဆိုင်ကြသည်။ မှန်ကန်သော လမ်းညွှန်မှုများကိုသာရလျှင် သူတို့က သူ့သား လျိုဂျင်လန်အတွက် အလွန်ကောင်းမွန်သော အထောက်အပံ့များ ဖြစ်လာမည်ဖြစ်သည်။
“အကောင်းဆုံး ကိုးယောက်ဟာ မွေးဖွားလာခဲ့ပြီ… ကျုပ်တို့ နိုင်ငံလေးနိုင်ငံက ထိပ်သီး ပါရမီရှင်တွေအကုန်လုံး ဒီမှာ စုဝေးနေကြတာပဲ… ကျုပ်တို့တွေ အချင်းချင်း ပညာဖလှယ်ကြည့်ကြရင် ဘယ်လို နေမလဲ…” ချူခွန်ယမ်က မေးသည်။ ဧကရာဇ်လျိုက စင်မြင့်ပေါ်မှ လူငယ်ကိုးယောက်ကို ကြည့်နေရင်းက ပြုံးလျက် ပြောသည်… “ယွန်ချူနိုင်ငံ။ ကန်ယီတိုင်းပြည်။ ယန်တိုင်းပြည်တို့က မင်းတို့ရဲ့ အရည်အချင်းတွေကို စမ်းသပ်လိုနေတယ်… မင်းတို့က သူတို့ရဲ့ စိန်ခေါ်မှုကို လက်ခံမလား…”
“လက်ခံပါတယ်…”
“ရပါတယ်…” လူငယ်ကိုးယောက်ကား တိုက်ခိုက်ရန် အဆင်သင့်ပင်။
“ကောင်းတယ်…” ဧကရာဇ်လျိုက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူက နိုင်ငံသုံးနိုင်ငံမှ လူများအား ကြည့်ကာ ပြောလိုက်သည်…“အခု ခင်ဗျားတို့ စိတ်တိုင်းကျ စမ်းသပ်လို့ ရပြီ…”
ချူခွန်ယမ်က ခေါင်းညိတ်လျက် သူ့အကြည့်ကို ကန်ယီတိုင်းပြည် အုပ်စုဘက်ကို လှည့်လိုက်သည်… “မင်းတို့က ရက်တွေအများကြီး ရှောင်ဖယ်နေပြီးတော့ ဒီနေ့တော့ ရောက်လာခဲ့ပြီ… ဒီနေ့က တန်ဖန်းပွဲတော်ရဲ့ နောက်ဆုံးနေ့ပဲ… ဒီထက်ပိုပြီး အကြောင်းပြချက်တွေ မပေးသင့်တော့ဘူး…” သူက ရီဖူရှင်းနှင့် ရီဝူချင်းတို့ဘက်ကို လှည့်ကာ တိုက်ရိုက်ပြောသည်။
စင်မြင့်ပေါ်တွင် ယွန်ရှင်းဟွာက ရီဖူရှင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်… “ရီဖူရှင်း… မင်း ငါနဲ့ တိုက်ခိုက်ရဲလား…” သူ့အသံက လေထုတစ်လျှောက် တုန်ခါသွားသည်။ တန်ဖန်းပွဲတော်မှ ကြယ်ရှစ်ပွင့်စင်မြင့်မှ အတော်ဆုံးလူက ရီဖူရှင်းအား စိန်ခေါ်သည်။
ရီဖူရှင်းကား တည်ငြိမ်စွာပင် ထိုင်နေသည်။ ယွန်ချူနိုင်ငံ သော်လည်းကောင်း ယွန်ရှင်းဟွာသော် လည်းကောင်း သူတို့၏ရန်စခြင်းက သူ့အား လှုပ်ရှားစေနိုင်စွမ်း မရှိပေ။ သူက ခေါင်းမော့လျက် ချူခွန်ယမ်အား ကြည့်သလို ယွန်ရှင်းဟွာကိုလည်း ကြည့်လိုက်သည်။ သူက ပြုံးလျက် ပြန်ပြောသည်… “မင်းတို့တွေက တိုက်ခိုက်ချင်တာက ပြဿနာမဟုတ်ဘူး… ဒါပေမဲ့ ပေးဆပ်မှုတွေတော့ ရှိမှာပဲ… မင်းတို့က လက်ခံရဲဖို့တော့ လိုလိမ့်မယ်…” ရီဖူရှင်း၏စကားက တည်ငြိမ်လေးနက်သည်။ ထို့အပြင် ထိုတည်ငြိမ်သော အသံတွင် အလွန်မောက်မာ ဝင့်ကြွားသော သဘောများ ပါဝင်နေသည်။
ရီဖူရှင်းက ထိုယွန်ချူနိုင်ငံ သော်လည်းကောင်း တန်ဖန်းပွဲတော်သော် လည်းကောင်း ထိုပါရမီရှင်များအား မျက်နှာသာပေးရန် စိတ်ကူးလုံးဝရှိပုံ မရပေ။
“ဘယ်လို ပေးဆပ်မှုမဆို ကျုပ်လက်ခံတယ်…” ချူခွန်ယမ်က အေးစက်စွာပြောသည်။
“တိုက်ကြမယ်…” ယွန်ရှင်းဟွာ ပြောသည်ကား သည်မျှသာ။ သူ့တိုက်ပွဲဝင်စိတ်ကား ပြင်းထန်လှသည်။
ရီဖူရှင်းက သူ့ဘေးနားတွင် ထိုင်နေသော ဧကရာဇ်ရီအား လှည့်ကြည့်လိုက်သည်။ ဧကရာဇ်ရှစ်ပါး ယနေ့ သည်နေရာတွင် စုစည်းနေကြသည်။ ဧကရာဇ်များ အားလုံးမှာ ဧကရာဇ်ရီနှင့် ရင်းနှီးခင်မင်ကြသည်။ အကယ်၍ သူက မတိုက်ခိုက်စေလိုလျှင် ရီဖူရှင်းက တိုက်ခိုက်မည် မဟုတ်ပေ။ သူတို့က မျက်လုံးချင်း ဆုံသောအခါ ဧကရာဇ်ရီက ပြုံးလျက် ပြောသည်….“မင်းသဘောအတိုင်းပဲ…”
***