အပိုင်း(၁၃၉)

အတောင်ပံများ မွေးဖွားခြင်း

တန်ဖန်းပွဲတော်၏ ဒုတိယနေ့အဆုံးတွင် ဧကရာဇ်လျိုက ယခင်နေ့ကလို ဧကရာဇ်ရီအား ဖိတ်ခေါ်ခြင်း မပြုတော့ပေ။ ယခုကား ဧကရာဇ်လျိုနှင့် လျိုဂျင်လန်တို့ နှစ်ယောက်လုံးမှာ ထိုထူးခြား ကောင်းမွန်သော အခိုက်အတန့်ကို ခံစားကာ ပျော်ရွှင်ဝမ်းမြောက် နေကြချိန်ဖြစ်သည်။

ယနေ့ ပွဲတော်ပြီးပြီးချင်း ဝန်ကြီးချုပ်ဟွာနှင့် တခြားလူများက အိမ်ရှေ့စံအား ဂုဏ်ပြုစကားပြောရန် အပြေးလာကြသည်။ နန်ဒူနိုင်ငံမှ အထက်တန်းလွှာများ အားလုံးက လျိုဂျင်လန်အား ချီးကျူးဂုဏ်ပြုစကားများ ပြောကာ ဆက်ဆံရေး ကောင်းအောင် အားထုတ်ကြ၏။ သူတို့အားလုံး နားလည်ထားကြသည်မှာ လျိုဂျင်လန်က တော်ဝင်ချင်ကျောင်းတော်ကို ဝင်ရောက်ပြီး နောက်ပိုင်း ထီးနန်းအား ဆက်ခံတော့မည့် အခြေအနေမှာ နည်းပါးသွားကာ နောက်ပိုင်းတွင် သည်ထက် ကြောက်မက်ဖွယ် ကောင်းသော နေရာကိုပင်လျှင် ပိုင်ဆိုင်နိုင်သည် ဟူ၍ပင်။ အကယ်၍ သူက တော်ဝင်ချင်ကျောင်းတော်တွင် အရေးပါသော နေရာကို ပိုင်ဆိုင်နိုင်ခဲ့လျှင် နန်ဒူနိုင်ငံကိုထား၍ သူက နယ်မြေတစ်ရာ ဒေသအတွင်း သူလုပ်ချင်သည်များ အားလုံးကို စိတ်ရှိတိုင်း လုပ်နိုင်စွမ်း ရှိတော့မည်ဖြစ်သည်။ သူက သည့်ထက် အင်အားကြီးသော ကိုယ်ပိုင်နိုင်ငံကိုပင်လျှင် တည်ထောင်နိုင်ပေသည်။

နယ်မြေတစ်ရာတွင် တချို့သော အားကောင်းသော နိုင်ငံများက ထိုနိုဘယ် တန်ခိုးရှင်များ ရောက်ရှိလာခြင်းက သူတို့အား တစ်နည်းအားဖြင့် ထိတ်လန့်စေသည်။  ကန်ယီနိုင်ငံမှ လူများကမူ သိပ်ထူးခြားဟန် မရှိကြပေ။ သူတို့က ဧကရာဇ်လျို၏ဖိတ်ခေါ်မှုမှ တကယ့်ရည်ရွယ်ချက်ကို နားလည်ပြီးဖြစ်သည်။ သည်အချိန်အခါကား သူတို့စောင့်မျှော်နေသော အချိန်အခါဖြစ်သည်။ သည်အဖြစ်က ရီဒန်ချန်းအား စိတ်ညစ်စေပြီး သူက ချက်ချင်းပင် ကန်ယီတိုင်းပြည်ကို ပြန်သွားလိုနေသည်။ သို့သော် ဧကရာဇ်ရီက သဘောမတူပေ။ သူတို့က တန်ဖန်းပွဲတော်အား ရောက်ရှိနေပြီးဖြစ်ရာ သူတို့က ပွဲတော်ပြီးအောင်အထိ နေသင့်သည်ဖြစ်သည်။ ယခုအချိန် သူတို့ ပြန်သွားပါက ဧကရာဇ်ရီက လျိုဂျင်လန်အား မနာလိုဖြစ်နေသည်ဟု လူအများက ထင်ကြမည်ဖြစ်သည်။

နန်းဆောင်သို့ ပြန်ရောက်သောအခါ ယူချင်းက ခေါင်းငုံ့မြဲငုံ့ထားသည်ကို ရီဖူရှင်းက သတိထားမိသည်။ ရီဖူရှင်းက မေးလိုက်သည် “ဘာဖြစ်လို့လဲ…”

“ငါစိတ်ပျက်နေတယ်…” ယူချင်းက ခေါင်းမော့ကာ ပြောသည်။

“လျိုဂျင်လန်က တော်ဝင်ချင်ကျောင်းတော်ကို ဝင်ခွင့်ရလို့လား…” ရီဖူရှင်းက မေးသည်။

“ဒါတင်ပဲမဟုတ်ဘူး… ဒီသားအဖနှစ်ယောက်က နိုင်ငံသုံးနိုင်ငံက လူတွေကို တမင်ကြွားဝါဖို့ ဖိတ်ခေါ်ထားခဲ့တာပဲ… သူတို့က လျိုဂျင်လန်က ဒီလောက်တောင် ထူးချွန်တယ် ထင်နေကြတယ်… ဟင်း… ” ယူချင်း အမှန်တကယ် ဒေါသထွက်နေပုံရသည်။

“သူက တောင်ဝင်ချင်ကျောင်းတော်ကို ဝင်ခွင့်ရတယ်… သူက ထူးချွန်တာပေါ့…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“တော်ဝင်ချင်ကျောင်းတော်ကို ဘယ်သူဂရုစိုက်လဲ… နောက်ပိုင်း လျိုဂျင်လန်ကို ငါတို့က သတ်တဲ့အခါ သူတို့က ဝင်မစွတ်ဖက်တာ ကောင်းတယ်… မဟုတ်ရင် သူတို့ကိုပါ တစ်ခါတည်း ရှင်းပစ်မယ်…” ယူချင်းက ဒေါသတကြီး ပြောသည်။ ရီဖူရှင်း၏နဖူးမှ ချွေးစေးများ ပြန်လာသည်။

သည်ကောင်လေးကား ကောင်းကင်အဆင့်မျှပင် ရှိသေးသော်လည်း သူက အရှေ့မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့အစည်းတစ်ခုအား ရှင်းပစ်ရန်ပြောနေသည်။ ရီဖူရှင်း တွေးကြည့်သည်။ ယူချင်း ဒေါသထွက်လျှင် အမှန်ပင် ကျိုးကြောင်း ဆီလျော်မှု မရှိတော့ပေ။

“အဲဒါကို တွေးမနေနဲ့တော့… မင်းက တန်ခိုးကျင့်ချင်တယ်မလား… မနက်ဖြန် တန်ဖန်းပွဲတော်ကို သွားမနေနဲ့တော့….” ရီဖူရှင်းက ယူချင်းကို ပြောသည်။

“မသွားဘူးလား…” ယူချင်းက မေးသည်။

“အင်း… ဒါက ပျင်းစရာ ကောင်းတယ်လို့ မင်းမထင်ဘူးလား…” ရီဖူရှင်းက ယူချင်းအား ပြုံးလျက် ပြောသည်…“ငါတို့က နောက်ဆုံးနေ့မှ သွားလို့ရတာပဲ…” သူက ဆက်ပြောသည်။

ယူချင်း၏မျက်လုံးများ ဝင်းလက် တောက်ပလာသည်။ သူက တစ်စုံတစ်ခုအား နားလည်သွားပုံရသည်။ သူက ပြုံးလိုက်သည်။ သူ့စိတ်များ အတန်ငယ် ပြန်လည် တက်ကြွသွားပုံရ၏။ ရီဖူရှင်းက သူ့အား အတန်ကြာ ကြည့်နေပြီးမှာ သူလည်း တန်ခိုးကျင့်ရန် ထွက်ခွာလာခဲ့သည်။

ထိုညကုန်ဆုံးသွားပြီး နောက်တစ်နေ့ မနက်တွင် ရီလင်းဇီက သူတို့အား ခေါ်ရန် ရောက်လာခဲ့သည်။ ရီဖူရှင်းက သူမအား ပြောသည်မှာ သူက ယနေ့ပွဲကို မတက်နိုင်ဟူ၍ပင်။ ထိုသတင်းက ဧကရာဇ်ရီထံ ရောက်လာသောအခါ သူက သူ့လူအချို့အား ရီဖူရှင်းကို ကာကွယ်ရန် တာဝန်ပေးထားခဲ့ကာ တခြားလူများကို ဦးဆောင်လျက် ထွက်လာခဲ့သည်။

နန်ဒူနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက တော်ဝင်ချင်ကျောင်းတော်၏ တပည့်ဖြစ်သွားသည့် သတင်းက ထိုညတွင်ပင် ပျံ့နှံ့သွားပြီဖြစ်သည်။ သူကား နန်ဒူနိုင်ငံ၏ ဒုတိယမြောက် နိုဘယ်တန်ခိုးရှင် ဖြစ်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် ယနေ့ ပွဲတော်တွင် ထိုသတင်းအား စိတ်ဝင်စားကြသော ပရိသတ်များ အများအပြား ရောက်ရှိလာခဲ့ကြရာ လူအုပ်မှာ ယခင်နေ့များထက် များပြားလှသည်။ ဧကရာဇ်လျိုကား ထိုမြင်ကွင်းကို ကြည့်ကာ အလွန်ကျေနပ်လှသည်။ တန်ဖန်းပွဲတော်က ဆက်လက် ကျင်းပသော်လည်း ရီဖူရှင်း ပျောက်နေသည်ကို သူ သတိထားမိသည်။ ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများကလည်း သတိထားမိကြသည်။

“ဖန်းဟွာအဆင့်က ပထမဆုရှင်က အရင်နေ့က တိုက်ပွဲကို ရှောင်ဖယ်ရုံတင်မကဘဲ အခု ပုန်းတောင် ပုန်းနေသေးတယ်…” ရီဖူရှင်း မရှိသည်ကိုမြင်လျှင် ချူခွန်ယမ်က သရော်လိုက်သည်။

“မင်း မှားတယ်…” ရီဝူချင်းက ပြောသည်…“သူမလာတာက ပျင်းစရာ ကောင်းတယ်ထင်လို့ နေမယ်… ငါသာကြိုသိခဲ့ရင် ငါလည်း လာမှာ မဟုတ်ဘူး…”

“အကြောင်းပြချက်ကောင်းပဲ… မင်းနဲ့ ရီဖူရှင်းက တော်တော်တူတယ်…” ချူခွန်ယမ်က ပြောသည်။

“ဖြစ်နိုင်တာက မနေ့က ဖြစ်ပျက်ခဲ့တာတွေက သူ့ကို စိတ်ညစ်စေတယ် ထင်ပါရဲ့…..” ယန်တိုင်းပြည်မှ တစ်ယောက်က ရယ်မောလိုက်သည်။ သည်ပွဲတော်မှာ တန်ဖန်းပွဲတော် ဖြစ်သော်လည်း တကယ်တမ်း လူအများ အာရုံစိုက်ခံရသူမှာ လျိုဂျင်လန် မဟုတ်ပါလား။ လူအများစုမှာ အံ့အားသင့် ထိတ်လန့်ရပြီး လူအများအပြားက အရှေ့မြေရိုင်းဒေသနှင့် ရှေးဟောင်းမြေရိုင်းဒေသ အကြောင်းတို့ကို လေ့လာစုံစမ်းခဲ့ကြသည်။

“အရှင်မင်းကြီး… ကျွန်တော်လည်း မနက်ဖြန် မလာတော့ဘူး…” ရီဝူချင်းက ဧကရာဇ်ရီအား ပြောသည်။

“ကောင်းပြီ…” ဧကရာဇ်ရီက ပြောသည်။

“မင်းက ဘာလို့ ထွက်ပြေးရတာလဲ…” ချူခွန်ယမ်က ပြုံးလျက်ပြောသည်။

“စိတ်မပူနဲ့… ကျုပ်က တန်ဖန်းပွဲတော်ရဲ့ နောက်ဆုံးနေ့မှာ ရှိနေမယ်…” ရီဝူချင်းက ပြောသည်။ ချူခွန်ယမ်က သူ့အား ပြုံးလျက် ကြည့်နေဆဲပင်…“ ကောင်းပြီ… ကျုပ် မျှော်နေမယ်…”

***

ရီဝူချင်းက ပြောခဲ့သလိုပင် နောက်တစ်နေ့တွင် သူလည်း တန်ဖန်းပွဲတော်ကို ရောက်မလာခဲ့ပေ။

ရီဖူရှင်းနှင့် ယူချင်းတို့လည်း ရောက်မလာပေ။ လေးရက်မြောက် နေ့တွင်သာမဟုတ် တန်ဖန်းပွဲတော် ဆက်လက် ကျင်းပသည်နှင့်အမျှ ပါရမီရှင်များ အများအပြား ဆက်လက် ထွက်ပေါ်လာသည်။ အခြေအနေကား ပိုမို၍ အသက်ဝင်လာသည်။ သို့သော်လည်း ရီဖူရှင်းနှင့် ယူချင်းတို့ကို အစအနပင် ရှာမတွေ့ပေ။ ဒွန်ဟိုင်ကျောင်းတော်နှင့် နန်ဒူမိသားစုတို့ပင်လျှင် သတိပြုမိကြသည်။ သူတို့ထင်သည်မှာ ရီဖူရှင်းက အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်၍ လက်ရှိအခြေအနေကို မပျော်မရွှင် ဖြစ်နေသည်ဟူ၍ပင်။ ရီဖူရှင်းက လျိုဂျင်လန်ထက် မလျော့နည်းသည့် ပါရမီကို ပိုင်ဆိုင်ထားသော်လည်း တန်ခိုးကျင့်ခြင်းကား ပါရမီတစ်ခုတည်း မဟုတ်ပေ။ ထိုအရာက ကံကြမ္မာနှင့်လည်း သက်ဆိုင်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းက လျိုဂျင်လန်အား ယှဉ်နိုင်သည့် ကံကြမ္မာကို ပိုင်ဆိုင်ထားပုံမရပေ။ လျိုဂျင်လန်က တော်ဝင်ချင်ကျောင်းတော်ကို ဝင်ရောက်သောအခါ သူက ရီဖူရှင်း သည်ထက် စွမ်းအားမြင့်လာမည်ကို လက်ခံမည် မဟုတ်သည်မှာ သေချာသည်။

သည်ရက်ပိုင်းတွင် ရီဖူရှင်းနှင့် ယူချင်းတို့က နန်းဆောင်ထဲတွင်သာ နေလျက် တန်ခိုးကျင့်နေကြသည်။ စိတ်ထဲခုနေသော ယူချင်းကား အထူး အာရုံစိုက်နေပုံရသည်။ ယူချင်းက သူ့အား သွားကြည့်သော အချိန်တိုင်း သူကား တန်ခိုးကျင့်နေသည်ကိုသာ မြင်ရရာ ရီဖူရှင်းက သူ့အား မနှောင့်ယှက်တော့ပေ။

နန်းဆောင်ထဲတွင် ရီဖူရှင်းက သူနေသောနေရာတွင် လက်ဝါးရိုက်ချက်များ လေ့ကျင့်နေသည်။ ဧကရာဇ်၏စိတ်အားများက သူ့ကိုယ်မှာ စီးဆင်းလာနေရာ သူ့လက်ဝါးရိုက်ချက်များတွင် ထူးဆန်းသော အားလှိုင်းများ ပါဝင်လာနေသည်။ သူကျင့်လေလေ ပိုမိုသိသာလေလေ ဖြစ်သည်။  သူ့တိုက်ခိုက်မှုတွင် သူက ထိုအရာကို ပိုမိုကျွမ်းကျင်စွာ ထိန်းချုပ်လာနိုင်သည်။

“အား…” အလွန်နာကျင်စွာ အော်ဟစ်သော အသံတစ်ခု ရီဖူရှင်း၏အာရုံထဲကို ဝင်ရောက်လာသည်။ ထိုအသံကား ယူချင်းထံမှ ဖြစ်သည်။ ရီဖူရှင်းက သူ့ရင်ဘတ် တင်းကျပ်လာသလို ခံစားလိုက်ရပြီး ယူချင်း ကျင့်နေသော နေရာသို့ အပြေးအလွှား ပြေးသွားလိုက်သည်။ ယူချင်း၏ လက်ရှိအခြေအနေကို မြင်လျှင် မြင်ချင်း ရီဖူရှင်း၏နှလုံးသားအား ဆို့နင့်စေသည်။ ယူချင်းအား သည်နည်းဖြင့် ကျင့်နေသည်ကို သူမြင်တိုင်း သူ့နှလုံးသားအား ပင်အပ်များဖြင့် ထိုးနေသလို တစ်ဆစ်ဆစ် နာကျင်လှသည်။

လက်ရှိအချိန်တွင်ကား ယူချင်းကို ထိတ်လန့်ဖွယ် အားလှိုင်းတစ်ခုက လွှမ်းခြုံထားသည်။ ကြောက်မက်ဖွယ် ရွှေဝါရောင် အားလှိုင်းများက သူ့ခန္ဓာကိုယ်မှ စိမ့်ထွက်နေကာ ပတ်ဝန်းကျင်အား ဖြန့်ကြက်ထားသည်။ နတ်ဆိုးအသွင်သဏ္ဌာန် တစ်ခုက ယူချင်း၏ခန္ဓာကိုယ်အား ကပ်ညိနေသည်ကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ ရွှေရောင် ပုံသဏ္ဌာန်က သူ့ခန္ဓာကိုယ်တွင် လေပွေတစ်ခုကဲ့သို့ ဖြစ်လာကာ ပတ်ဝန်းကျင်မှ သဘာဝစွမ်းအားများကို ကြောက်မက်ဖွယ် ကောင်းအောင် စုပ်ယူကြကာ ယူချင်း၏ခန္ဓာကိုယ်တွင် ဆူးချွန်များ ဖြစ်ပေါ်လာကြသည်။ ထိုစဉ်ခဏမှာပင် ယူချင်း၏နောက်ကျောမှ တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်ကို ရီဖူရှင်း သတိပြုမိလိုက်သည်။  သူ့နောက်ကျောမှ ဘုလုံးတစ်ခုဖြစ်လာပြီး ထိုနေရာမှ အက်ကွဲလာခြင်းပင်။

ထိုအဖြစ်ကြောင့်ပင် ယူချင်းက သည်းခံနိုင်အား မရှိဘဲ အော်ဟစ်မိခြင်းပင်။ သူ့မျက်လုံးများအား တင်းကျပ်စွာ ပိတ်ထားပြီး သူ့နှုတ်ခမ်းများအား နာကျင်စွာ ကိုက်ထားခြင်းဖြင့် အသိစိတ်အား ထိန်းထားဟန်တူကာ မအော်မိအောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေသည်။ သူ့နှုတ်ခမ်းများကား ကိုက်လွန်း၍ သွေးများပင် ထွက်နေလေပြီ။ သည်မြင်ကွင်းက ထိတ်လန့်ဖွယ်ရာပင်။

ရီဖူရှင်းက လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ တင်းကျပ်လွန်းသောကြောင့် အရိုးများ အက်ကွဲသံကိုပင် ကြားလာရသည်။ မွေးစားအဖေက ယူချင်းကို အဘယ်ကြောင့် သည်မျှ ရက်စက်သော နည်းဖြင့် ကျင့်ခိုင်းရသနည်း သူနားမလည်ပေ။ နတ်ဆိုး ပုံသဏ္ဌာန်က ယူချင်း၏ခန္ဓာကိုယ်တွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။ သူ့ကျောမှ ဘုမှာလည်း တဖြည်းဖြည်း ကြီးမားလာနေသည်။

“အား…” နောက်ထပ် မခံမရပ်နိုင်အောင် နာကျင်သော အော်သံတစ်ခု ထွက်ပေါ်လာနေသည်။

ဘုန်း… ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ တစ်စုံတစ်ခု ပွင့်ထွက်သွားပုံရသည်။ ယူချင်း၏ကျောမှ ဘုမှာ နောက်ဆုံးတွင် လုံးဝ ပွင့်ထွက်သွားပြီး ထိုအထဲမှ အလွန်ကြီးမားသော ရွှေရောင် အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ အတောင်ပံတစ်ခုလုံးအား ရွှေအိုရောင်များဖြင့် ဖွဲ့စည်းထားပြီး အလွန်မာကျောသော ဆူးချွန်များဖြင့် ဖွဲ့စည်းထားသည်။ တောင်ပံများကား အလွန်ကြီးမားပြီး ယူချင်း၏ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်လှသည်။

အကယ်၍ ရီဖူရှင်း၏ နတ်ငှက်ရွှေရောင် အတောင်ပံများမှာ နတ်ဘုရား၏ တောင်ပံများဟု ပြောလျှင် ယူချင်း၏အတောင်ပံများမှာ နတ်ဆိုး၏ အတောင်ပံများဟု ပြောနိုင်သည်။ သည်မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်း၏။

“မင်းကျင့်တဲ့နည်းစနစ်က ဓမ္မအသိကို မွေးဖွားစေနိုင်တာလား….” ရီဖူရှင်း ထိတ်လန့်သွားသည်။ သည်အတောင်ပံများ၏ မွေးဖွားမှုကြောင့် ပျံသန်းခြင်းမှာ ယူချင်း၏အားနည်းချက် မဖြစ်နိုင်တော့ပေ။ ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များက ယူချင်းထံ တိုးဝင်နေကြဆဲဖြစ်သည်။ ရီဖူရှင်းသတိပြုမိသည်မှာ ထိုသဘာဝစွမ်းအင်တွင် သတ္တုဓာတ်တစ်ခုသာ မဟုတ် လေဓာတ်စွမ်းအင်များလည်း ပါဝင်နေသည်ကိုပင်။ အတောင်ပံများ၏ မွေးဖွားမှုကြောင့် ယူချင်းအား လေဓာတ်စွမ်းအင်ကို သုံးစွဲခွင့် ရရှိစေခဲ့သည်။

ထိုစဉ်မှာပင် ယူချင်းက သူ့မျက်လုံးများအား ဖွင့်လိုက်သည်။ သူ့မျက်ခုံးအလယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်က သူ့အား ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါကို ပေးသည်။ သို့သော်လည်း ထိုအခြေအနေက သူ ရီဖူရှင်းကို မြင်သော ခဏတွင်ပင် ပျောက်ကွယ်သွား၏။ သူ့ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော ကြမ်းတမ်းသော အားလှိုင်းများမှာလည်း တည်ငြိမ်သွား၏။

ယူချင်းက ရီဖူရှင်းအား ကလေးတစ်ယောက်လိုပင် ကြည်လင်စွာ ပြုံးပြသည်။ ယခုကား သည်မတိုင်ခင်ကလို ကြမ်းတမ်းသော အားလှိုင်းများ မရှိတော့ပေ။

“အဲဒါနာလား…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။

“ဒါက သိပ်ကြီးကြီးမားမား မဟုတ်ပါဘူး… ငါ ထိန်းချုပ်နိုင်ပါတယ်… အခု ငါက ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်ကို ရောက်သွားပြီ…” ယူချင်းက ခေါင်းကုတ်လျက် ပြောသည်။

“အရူးကောင်… ဒီနေ့ ထပ်မကျင့်နဲ့တော့… နည်းနည်း နားလိုက်ဦး…..” ရီဖူရှင်းက သူ့စကားအား မငြင်းပယ်နိုင်အောင် ယူချင်းကို စိုက်ကြည့်လျက် ပြောသည်။

“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်သည်။ သူ့တန်ခိုး အဆင့်တက်သွားခြင်းက သူ့စိတ်အား ပိုမိုကောင်းမွန်စေသည်။

ရီဖူရှင်းက ထပ်မပြောတော့ဘဲ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ ယူချင်းက မနာကျင်ဟု ပြောသော်လည်း ရီဖူရှင်း၏ရင်ထဲ နာကျင်ရသည်သာ။ ယူချင်းက သည်နည်းကို လေ့ကျင့်နေသရွှေ့ သူနာကျင်မှုများကို ယူချင်းက ခံစားနေရာတော့မည်ကို ရီဖူရှင်းသိသည်။ ကြောက်မက်ဖွယ် ပါရမီတို့၏နောက်ကွယ်တွင် သာမန်လူများ သည်းမခံနိုင်သော နာကျင်မှုများ ရှိနေပေသည်။

***

ရက်များကား တစ်ရက်ပြီးတစ်ရက် ကျော်လွန်သွားကာ နောက်ဆုံးတွင် တန်ဖန်းပွဲတော် ပြီးဆုံးခါနီးကို ရောက်လာသည်။ အင်အားကြီးမားသူတို့၏ နောက်ဆုံးတိုက်ပွဲများကား ယခုမှ စတင်တော့မည်ဖြစ်သည်။ နန်ဒူနိုင်ငံမှ နန်းမြို့တော်ကား စိတ်လှုပ်ကြား တက်ကြွလွန်းသော အချိန်အခါပင်။ အကောင်းဆုံးထဲမှ အကောင်းဆုံးများ ပရိသတ်များထဲမှ ထွက်ပေါ်လာနေကြသည်။ သူတို့က ပွဲတော်အဆုံးသတ်တွင် သူတို့၏စွမ်းရည်များကို ပရိသတ်များကို ချပြရန် အဆင်သင့်ပင်။

ပွဲတော်တွင် မည်သို့ ဖြစ်ပျက်နေသည်ကို ရီဖူရှင်းနှင့် ယူချင်းတို့ မသိကြပေ။

ညနေခင်း အချိန်ခါတွင် ဧကရာဇ်လျိုက ကန်ယီနိုင်ငံမှအုပ်စုကို နန်းဆောင်သို့ ဦးဆောင်၍ ပြန်လာခဲ့သည်။ ရီလင်းဇီက ရီဖူရှင်းနေထိုင်ရာ နေရာသို့ ရောက်ရှိလာ၏။

“ရီဖူရှင်း…” ရီလင်းဇီက ပြုံးလျက် ရီဖူရှင်းကို အော်ခေါ်လိုက်သည်။

“မင်းသမီး…” ရီဖူရှင်းက အသံကြားရာဘက်ကို လှည့်ကြည့်ကာ ပြန်နှုတ်ဆက်လိုက်သည်။

“မင်းသမီးလို့ မခေါ်နဲ့တော့… လင်းဇီဆို အဆင်ပြေတယ်…” သူမက ရယ်မောလျက် ပြောသည်… “မနက်ဖြန်က တန်ဖန်းပွဲတော်ရဲ့ နောက်ဆုံးနေ့လို့ နင့်ကို လာအသိပေးတာ…”

“ဒါက နောက်ဆုံးကို ရောက်လာပြီပဲ…..” ရီဖူရှင်းက ရယ်မောလိုက်သည်။ တန်ဖန်းပွဲတော် စတင်သည်ပင်လျှင် အချိန်အတော်ကြာခဲ့ပြီ။

“အဖေပြောတာကတော့ ငါတို့က မနက်ဖြန် တန်ဖန်းပွဲတော်ပြီးတာနဲ့ ကန်ယီတိုင်းပြည်ကို တန်းပြန်ဖြစ်ချင် ပြန်ဖြစ်လိမ့်မယ်တဲ့…ဒီည ဘာမှ လုပ်စရာမရှိရင် ငါတို့နဲ့ လျှောက်လည်ဖို့ လိုက်ခဲ့မလား…နန်ဒူရဲ့ နန်းမြို့တော် ညမြင်ကွင်းက တော်တော်ကောင်းတယ်… ဒီနေ့ညပြီးရင် ထပ်ကြည့်ရမှာ မဟုတ်တော့ဘူး…” ရီလင်းဇီက ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သည်ရက်ပိုင်း နန်းဆောင်ထဲတွင် ကျင့်ကြံနေရသည်မှာ ပျင်းစရာ ကောင်းလွန်းလှ၏။ ယူချင်းလည်း ထို့အတူပင်။ မနက်ဖြန်တွင် နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်ရတော့မည်ဖြစ်ရာ ယနေ့ညတွင် နန်ဒူကား အလွန်သာယာဖွယ် ကောင်းမည်ဖြစ်ပေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset