တိုက်ပွဲစင်မြင့်အနီးတွင် မျက်လုံးပေါင်းများစွာက လေထဲမှ လျိုဂျင်လန်ကို ကြည့်နေကြသည်။ တော်ဝင်ချင်ကျောင်းတော်က မည်မျှ အင်အားကြီးမားသည်ကို သူတို့ နားမလည်သော်လည်း ဧကရာဇ်လျိုနှင့် လျိုဂျင်လန်တို့၏အပြုအမူများကို ကြည့်ကာ ခန့်မှန်းသိရှိနိုင်သည်။
တော်ဝင်ချင်ကျောင်းတော်ကား နန်ဒူနိုင်ငံ၏အပေါ်တွင် ရှိနေသော အင်အားစုဖြစ်သည်။
အိမ်ရှေ့စံလျိုဂျင်လန်ကား တော်ဝင်ချင်ကျောင်းတော်၏ အလေးထားမှုကို ခံရပြီး တပည့်အနေဖြင့် ရွေးချယ်ခြင်း ခံရသည်။ သူကား ယခုမှသာလျှင် နန်ဒူနိုင်ငံ အတွင်းတွင် ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သွားလေပြီ။
“ဂုဏ်ပြုပါတယ်… အရှင့်သား…” ဝန်ကြီးချုပ်ဟွာက မတ်တတ်ရပ်ကာ ဧကရာဇ်နှင့် လျိုဂျင်လန်တို့အား ဦးညွှတ်လိုက်သည်။ နန်ဒူနိုင်ငံမှ တခြား အထက်တန်းလွှာ များကလည်း ထရပ်လိုက်ကြကာ ဦးညွှတ်ကြသည်။
လူအုပ်ထဲတွင် ဒွန်ဟိုင်ကျောင်းတော်မှ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် နန်ဒူကလန်မှ လူများအားလုံး အံ့အားသင့် သွားကြသည်။ သူတို့က အရှေ့မြေရိုင်းဒေသ အကြောင်းအား ပိုမို၍ သိနားလည်ကြသည်။ သူတို့၏ ဘိုးဘေးများကား ထိုဒေသတွင် သေဆုံးခဲ့ကြ၏။
လူငယ်ပါရမီရှင် အများအပြားက အိမ်ရှေ့စံအား မနာလိုခြင်း။ အားကျခြင်းများစွာဖြင့် ကြည့်နေကြသည်။ သို့သော် လင်းဇီယွီကမူ ရီဖူရှင်းအား ကြည့်နေသည်။ အိမ်ရှေ့စံမင်းသား လျိုဂျင်လန်က ပြင်ပဒေသမှ အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ပူးပေါင်းခဲ့ပုံရသည်။ သူတို့၏အင်အားကား နိုင်ငံတစ်နိုင်ငံထက် သာလွန်သည်။ ထိုလူငယ်လေးက အိမ်ရှေ့စံအား ယှဉ်နိုင်ပါမည်လော။
နိုင်ငံသုံးနိုင်ငံမှ ဧကရာဇ်များနှင့် ပါရမီရှင် လူငယ်များက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ဧကရာဇ်လျို့ သူတို့အား အဘယ်ကြောင့် ဖိတ်ခေါ်ခဲ့သည်ကို သူတို့ နောက်ဆုံးတွင် နားလည်လိုက်ကြသည်။
ဧကရာဇ်လျိုက သူတို့အား လက်ဝှေ့ယမ်းပြသည်။ သူက ပြုံးလျက် ပြောသည်… “တန်ဖန်းပွဲတော်မှာ ဒီသတင်းကို လက်ခံရရှိတာ တကယ်ကို ကျေနပ်အားရစရာပဲ… ဒီနှစ်ရဲ့ တန်ဖန်းပွဲတော်က အရည်အချင်း အရှိဆုံးသူကို ကြီးကြီးမားမား ဆုချမယ်…”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး…” လူတိုင်းက ပြုံးလိုက်ကြသည်။ တန်ဖန်းပွဲတော်အား ဆက်လက်ကျင်းပသည်။
“အိမ်ရှေ့စံမင်းသားက နိုဘယ်အရှိန်အဝါ ပိုင်ဆိုင်ပြီးတော့ တော်ဝင်ချင်ကျောင်းတော်မှာ တန်ခိုးကျင့်မယ်… နောက်နှစ် အနည်းငယ်အတွင်းမှာ သူက နိုဘယ်ဖြစ်လာတော့မယ်…” ဝန်ကြီးချုပ်ဟွာက ပြုံးလျက် ပြောသည်။ ဧကရာဇ်လျိုကား ထိုစကားကို ကြားရသည်မှာ အလွန် ပျော်ရွှင်ဟန် ရှိသော်လည်း တခြားဧကရာဇ်များက သူ့စကားမှာ မြှောက်လုံးများသာ ဖြစ်သည်ကို သိကြသည်။ လျိုဂျင်လန်ကား ဓမ္မအဆင့်အမြင့်ဆုံးတွင်သာ ရှိသေးသည်။ သည်အဆင့်ပြီးလျှင် အကာနာအဆင့် ကျန်နေသေးသည်။ နှစ်အနည်းငယ်အတွင်း နိုဘယ်အဆင့်အတွင်း ဝင်ရန်မူကား အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။
သို့သော်လည်း သူကား ရှေးဟောင်း မြေရိုင်းဒေသမှ နိုဘယ်ကံစွမ်းအင်အား စုဆောင်းရရှိခဲ့ကာ တော်ဝင်ချင်ကျောင်းတော်တွင် တန်ခိုးကျင့်နိုင်ပေသည်။ တကယ့်နိုဘယ်ဖြစ်ရန်မှာ အချိန်တစ်ခုသာ လိုအပ်ပေသည်။
“ဂုဏ်ပြုပါတယ်… အစ်ကိုလျို…” ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ ဧကရာဇ်များက မှတ်ချက်ပြုကြသည်။ သူတို့အားလုံးက မနာလိုဖြစ်ကြသော်လည်း တစ်စုံတစ်ခု ပြောရန်မူ လိုအပ်ပေသည်။ လျိုဂျင်လန်သာ နိုဘယ်ဖြစ်လာခဲ့ပါက နန်ဒူနိုင်ငံတွင် နိုဘယ်အဆင့် တန်ခိုးရှင်နှစ်ဦး ပိုင်ဆိုင်တော့မည်ဖြစ်သည်။ ထို့အပြင် လျိုဂျင်လန်က တော်ဝင်ချင်ကျောင်းတော်တွင် သည်ထက် အဆင့်မြင့်သော တန်ခိုးအဆင့်ကို မရောက်နိုင်ဟု မည်သူမှ မပြောနိုင်ပေ။ သူတို့ နန်ဒူနိုင်ငံ၏တော်ဝင်မိသားစုနှင့် ယှဉ်နိုင်စွမ်း မရှိတော့ပေ။
“ကျေးဇူးတင်ပါတယ်…” ဧကရာဇ်လျိုက ရယ်မောလိုက်ကာ ဧကရာဇ်ရီအား ကြည့်လိုက်သည်…“ဧကရာဇ်ရီ… ဘယ်လိုထင်လဲ…” သူက ပြုံးလျက် မေးလိုက်သည်။
“ခင်ဗျားက တကယ် ကံကောင်းတယ်…..” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်။ သူတွေးနေသည်မှာ အကယ်၍ ရီဖူရှင်းသာ ဓမ္မအဆင့် အမြင့်ဆုံးတွင် ရှိလျှင် သူက ရီဖူရှင်းအား ရှေးဟောင်းမြေရိုင်း ဒေသထံကို စေလွှတ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်။ သို့သော် ရီဖူရှင်း၏တန်ခိုးအဆင့်ကား အလွန်အားနည်းလှသည်။ သူမည်မျှပင် ပါရမီကောင်းနေပါစေ ရှေးဟောင်းမြေရိုင်းဒေသတွင် နေရာတစ်နေရာရရန်ကား အလွန် ခက်ခဲလွန်းလှသည်။
“ကံကောင်းတယ် ဟုတ်လား…” ဧကရာဇ်လျိုက နှာခေါင်းရှုံ့ကာ ပြောသည်… “ဧကရာဇ်ရီက ခင်ဗျားရဲ့ အပြုအမူကို သတိထားဖို့ ကျုပ်အကြံပေးချင်တယ်… ဖြစ်နိုင်တာက ဒီမတိုင်ခင်က ငြင်းခဲ့တာကို ကျုပ်က လျှော်ပေးလို့ ရရင်ရလိမ့်မယ်…” သူက ထိုသို့ပြောကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူက ဧကရာဇ်ရီအား ရီဖူရှင်းကို ထုတ်ပေးရန် အတင်း စေခိုင်းလိုနေသည်။
“ခင်ဗျားက လျိုဂျင်လန်ကို ဒီလောက် ယုံကြည်နေမှတော့ ကောင်လေးကို ဘာလို့ ဒီလောက် တောင်းနေရတာလဲ…” ဧကရာဇ်ရီက လျိုဂျင်လန်အား ကြည့်ကာ မေးသည်…..“ဒါမှမဟုတ် ခင်ဗျားက သူ့ကို မယုံတာလား… သူက ရီဖူရှင်းကို မယှဉ်နိုင်မှာ ကြောက်နေတာလား…”
“အဓိပ္ပာယ်မရှိတာ…” ဧကရာဇ်လျိုက မာကျောစွာ ပြောသည်… “ခင်ဗျားက ဒီလောက် ခေါင်းမာနေမှတော့ စောင့်ကြည့်နေလိုက်…”
လျိုဂျင်လန်က ဧကရာဇ်ရီအား ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ရီဖူရှင်းထံ ကျရောက်လာ၏။ သူ့မျက်လုံးတွင် အထင်သေးမှုများ အပြည့်အဝ ပါဝင်နေသည်။ ရီဖူရှင်းက လျိုဂျင်လန်၏ အကြည့်ကို ဂရုမိစိုက်ပေ။ သူက တော်ဝင်ချင်ကျောင်းတော်ကိုလည်း မသိပေ။ လျိုဂျင်လန်က ထိုလူများနှင့် ပူးပေါင်းသည် မပူးပေါင်းသည်က သူ့အတွက် အရေးမဟုတ်ပေ။ နောင်တစ်ချိန်တွင် သူ့အား သတ်ရန် အနည်းငယ် ပိုခက်ခဲမည်ဟုသာ သူတွေးသည်။
ယခုအချိန်တွင် ရီဖူရှင်း တွေးနေသည်မှာ တခြားတစ်ခုဖြစ်သည်။ လျိုဂျင်လန်က သည်မတိုင်မီက နိုဘယ်အရှိန်အဝါအား ထုတ်လွှတ်ခဲ့သည်ကို ကြည့်ကာ ရင်းနှီးသလို ခံစားရသည်။
ဒွန်ဟိုင်မြို့တွင် သူအသက်လု ပြေးခဲ့ရစဉ်က သူ့တွင် ဧကရာဇ်အရှိန်အဝါ ပေါ်ထွက်လာခဲ့ကာ သူ့အား တော်ဝင်နည်းစနစ်ကို ပေးခဲ့သည်။ သူက တော်ဝင်နည်းစနစ်ကို သုံးလိုက်လျှင် ဧကရာဇ်အရှိန်အဝါ ပေါ်ထွက်လာမြဲဖြစ်သည်။ ထိုအရာက လျိုဂျင်လန်တွင် ရှိသော နိုဘယ်အရှိန်အဝါနှင့် ဆင်တူသည်လား သူမသိပေ။
“မယုံကြည်နိုင်စရာပဲ…” ရီဖူရှင်းဘေးမှ ကျောက်ချင်းဖန်က ပြောသည်… “နန်ဒူနိုင်ငံက နိုဘယ်တန်ခိုးရှင် နှစ်ယောက် ပိုင်ဆိုင်တော့မယ်…”
“ဒါက အချိန်လိုသေးတယ်…” ဟွာကျီဇင်က အသာအယာ ပြောသည်။
“တကယ်လို့ အဲ့လိုနေ့ရောက်လာရင် ကန်ယီက တကယ်ကို ပြဿနာတက်ပြီပဲ…..” ကျောက်ချင်းဖန်က ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်…“မင်းမှာ ဘာစိတ်ကူးမှ မရှိဘူးလား…..”
မည်သူကမှ ပြန်မပြောကြဘဲ ရီဖူရှင်းအား ကြည့်နေကြသည်။ သူတို့အားလုံး ပြန်ရသည်ကား ယူချင်း၏ အလေးထားပုံမရသော အဖြေကိုပင်…“ဒါက အနာဂတ်မှာ ဖြစ်မယ့်ဟာပဲရှိတယ်… အဲဒီအချိန်ကျရင် ကျုပ်တို့လည်း တိုးတက်လာမှာပဲ… မင်းတစ်ယောက်ပဲ ပါရမီရှင်လို့ ထင်နေတာလား…”
“အတင့်ရဲတယ်…” ကျောက်ချင်းဖန်က အေးစက်စွာ ပြောသည်….“နိုဘယ်အရှိန်အဝါက ဘယ်လောက် အရေးပါလဲ ဆိုတာ မင်းသိလို့လား…”
“ဒါက တန်ခိုးကျင့်ရာမှာ ကျော်ဖြတ်ရတဲ့ တန်ခိုးအဆင့် တစ်ခုပဲမလား… ဒါက အရမ်းစွမ်းနေလို့လား…” ယူချင်းက သူ့အား စိုက်ကြည့်ကာ မေးသည်။
ဖန်းဟွာအဆင့်မှ လူတိုင်းက သူ့အား ကြည့်လိုက်လျှင် သူ့မျက်လုံးထဲတွင် ကြောက်ရွံ့ဟန်များ လုံးဝမရှိသည်ကို တွေ့ကြရသည်။ သူတို့က ယူချင်းအား သည်ကြားထဲ နည်းနည်း နားလည်လာကြပြီ ဖြစ်သည်။ သည်ကောင်လေးအတွက် နိုဘယ်အဆင့်က တန်ခိုးအဆင့်များထဲမှ တစ်ခုသာလား။ လူအများအပြား အတွက်မူ နိုဘယ်က ဧကရာဇ်ကို ကိုယ်စားပြုသည်။
ကျောက်ချင်းဖန်က ယူချင်းအား ကြည့်ကာ ရယ်မောလိုက်သည်။ သည်ကောင်ကား မိုက်မဲစွာပင် မာနကြီးလှသည်။
ဧကရာဇ်ရီကား သူတို့၏ငြင်းခုံမှုကို စိတ်ဝင်စားသွားပုံရသည်။ သူက ယူချင်း၏ အလေးမထားသော မျက်လုံးအား ကြည့်ကာ ရယ်မောလျက် ပြောသည်… “ယူချင်း မှန်တယ်… နိုဘယ်အဆင့်က တန်ခိုးအဆင့်တွေထဲက တစ်ခုပဲ… မင်းတို့အားလုံးက ဖန်းဟွာအဆင့်ထဲကပဲ… မင်းတို့က နိုဘယ်အဆင့်ထဲ မဝင်ချင်ကြဘူးလား…”
ဧကရာဇ်ရီက ယူချင်းဘက်မှ ပြောဆိုသည်ကို မြင်လျှင် ကျောက်ချင်းဖန်ကား ပြန်လည်ပြောဆိုရန် မရဲတော့ပေ။ သို့တိုင်အောင် ဧကရာဇ်ရီ ပြောသည်မှာ မှန်ကန်သော်လည်း နိုဘယ်အဆင့်ထဲကို ဝင်ရန် မည်မျှခက်ခဲသည်ကို သူသိသည်။ ထိုအရာက အလွန်မြင့်မားသော ပါရမီသာ လိုအပ်သည်သာဟုတ် နိုဘယ်ကံစွမ်းအားနှင့် နိုဘယ်အရှိန်အဝါလည်း လိုအပ်ပေသည်။ ထိုအရာက လူအများစုအတွက် မဖြစ်နိုင်ပေ။
“အရှင်မင်းကြီး… ဒီလူတွေ ဘယ်က လာတာလဲ… ရှေးဟောင်း မြေရိုင်းဒေသက ဘာလဲ…” ဟွာကျီဇင်က မေးလိုက်သည်။ သူမ၏အဖေက သည်အကြောင်းအရာများအား မပြောပြဖူးပေ။
“မင်းက မသိသေးဘူး ဆိုမှတော့ ပြောပြရတာပေါ့…” ဟွာကျီဇင်၏မေးခွန်းအား ကြားကာ ဧကရာဇ်ရီက ပြောသည်။ ကန်ယီတိုင်းပြည်မှ လူတိုင်းက သူ့အား စိတ်ဝင်တစား နားထောင်နေကြသည်။
“ကန်ယီတိုင်းပြည်နဲ့ နန်ဒူနိုင်ငံ နှစ်နိုင်ငံလုံးက အရှေ့မြေရိုင်းဒေသရဲ့ အစိတ်အပိုင်းတွေပဲ… ဒါပေမဲ့ ဒါအကုန်မဟုတ်ဘူး… နယ်မြေက အကန့်အသတ်မဲ့ပဲ… ကျုပ်က ဧကရာဇ်တစ်ပါး ဆိုပေမဲ့ နယ်မြေက ဘယ်လောက် ကျယ်ပြောတယ်ဆိုတာ ကျုပ်မသိဘူး… ကျုပ်သိတာက ကျုပ်တို့နေတဲ့ နေရာမှာ နိုင်ငံပေါင်း ရာပေါင်းများစွာ ရှိတယ်ဆိုတာပဲ… ဒါကိုပဲ အရှေ့မြေရိုင်းဒေသရဲ့ နယ်မြေတစ်ရာလို့ ခေါ်တယ်… ဒါပေမဲ့ ဒါက ဒီဒေသရဲ့ အဓိကနေရာ မဟုတ်သေးဘူး…”
ဧကရာဇ်ရီက ဖြည်းညင်းစွာ ဆက်ပြောသည်… “အရှေ့မြေရိုင်းဒေသရဲ့ အလယ်ပိုင်းဒေသမှာ အရမ်းအရမ်းကို အင်အားကောင်းတဲ့ အဖွဲ့အစည်းတွေ ရှိကြတယ်… နယ်မြေတစ်ရာ အတွင်းမှာတော့ နိုဘယ်အဆင့် တန်ခိုးရှင်တွေက ဘုရင်တွေ ဖြစ်လာနိုင်တယ်… ဒါပေမဲ့ အလယ်ပိုင်းဒေသမှာတော့ အင်အားကောင်းတဲ့ အဖွဲ့အစည်းတွေမှာ နိုဘယ်တန်ခိုးရှင်တွေ အများအပြား ပိုင်ဆိုင်ကြတယ်… ခုနက လာတဲ့ တော်ဝင်ချင်ကျောင်းတော်က အရှေ့မြေရိုင်းဒေသမှာ အရမ်း နာမည်ကျော်ကြားတဲ့ အဖွဲ့အစည်းတစ်ခုပဲ…”
လူတိုင်း အံ့အားသင့် သွားကြသည်။ ပြင်ပလောကကြီးကား သူတို့ထင်သည်ထက် ကျယ်ပြန့်လွန်းလှသည်။ နယ်မြေတစ်ရာကား အရှေ့မြေရိုင်းဒေသမှ အစိတ်အပိုင်း သေးသေးလေးတစ်ခုသာ ဖြစ်သည်။ ယမန်နေ့က လျိုဂျင်လန်၏စကားမှ အဓိပ္ပာယ်အား နားလည်လိုက်ကြသည်။
“ရှေးဟောင်းမြေရိုင်းဒေသက စမ်းသပ်မှုအတွက် လျှို့ဝှက်နေရာလား…..” လင်းယွီယိုက မေးသည်။
“မဟုတ်ဘူး…” ဧကရာဇ်ရီက ခေါင်းယမ်းလိုက်သည်။ “ဒါက စမ်းသပ်နယ်မြေလို့ နယ်မြေတစ်ရာက လူတွေက နာမည်တပ်ရုံပဲရှိတာ… အမှန်တကယ်က ရှေးဟောင်းမြေရိုင်း ဒေသက တကယ့် အနှစ်လို့ ပြောလို့ရတယ်… အဲဒီနေရာက ကံစွမ်းအင်ရဲ့ နယ်မြေဖြစ်ပြီးတော့ နိုဘယ်တွေ မွေးဖွားရာ နေရာပဲ… သမိုင်းရဲ့ အစကတည်းက နယ်မြေတစ်ရာရဲ့ လူတွေဟာ နိုဘယ်တန်ခိုး အဆင့်အတွက် နိုဘယ်ကံစွမ်းအင်ကို ရယူဖို့အတွက် ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်ရောက်ရတယ်… အဲဒါက သူတို့ရဲ့ခန္ဓာမှာ နိုဘယ်အရှိန်အဝါကို မွေးဖွားစေပြီးတော့ နိုဘယ်အဆင့်ကို တက်ရောက်စေတယ်…..”
“အဲ့လို ကံစွမ်းအင်ပေါင်း များစွာက ရှားပါးတဲ့ ရတနာပစ္စည်းတွေ။ ရှားပါးတဲ့ သတ္တဝါဆန်းတွေကို ဖန်တီးတယ်… အရှေ့မြေရိုင်းဒေသက အင်အားကြီး အဖွဲ့အစည်းတွေက ရှေးဟောင်းမြေရိုင်း ဒေသမှာ ကလန်တွေ တည်ထောင်ခဲ့ကြတယ်… နှစ်ပေါင်းများစွာ ကြာတဲ့အခါ ပြင်ပလောကလိုပဲ သူတို့က နိုင်ငံတွေ ကလန်တွေ နဲ့ နယ်မြေတွေ ဖြစ်လာခဲ့တယ်…..”
“ကျွန်မတို့က ဒီလိုနေရာကို ဘာလို့ မကြားဖူးကြရတာလဲ…” လင်းယွီယိုက ညင်သာစွာ ပြောသည်။
“နယ်မြေတစ်ရာက လူတွေက ရှေးဟောင်း မြေရိုင်းဒေသကို လွယ်လင့်တကူ ဝင်လို့ မရဘူး… နိုဘယ်အဆင့်တွေပဲ ဒီအခွင့်အရေးကို ရတာ… ပြီးတော့ ရှေးဟောင်းမြေရိုင်း ဒေသမှာ အထက်ဘုံနဲ့ အောက်ဘုံဆိုပြီးတော့ ရှိသေးတယ်… အထက်ဘုံက နယ်မြေတစ်ရာက နိုဘယ်တွေအတွက်ပဲ… အောက်ဘုံက အကာနာအဆင့်အောက်က လူတွေပဲ ဝင်လို့ ရတယ်… ကျုပ်တို့အတွက် ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်ရောက်တာက အရမ်းခက်ခဲတယ်… ဒါပေမဲ့ ဧကရာဇ်လျိုက သူ့အခွင့်အရေးကို သူ့သားကို ပေးခဲ့တယ်… သူက အောက်ဘုံကို သူ့သားကို ခေါ်သွားခဲ့ပြီးတော့ လျိုဂျင်လန်က နိုဘယ်ကံစွမ်းအားနဲ့ ပြန်လာခဲ့တယ်…”
လူတိုင်းက ဧကရာဇ်ရီ၏စကားအား နားထောင်နေကြသည်။ သူတို့က ရှေးဟောင်းမြေရိုင်း ဒေသနှင့် ပတ်သက်ကာ အနည်းငယ် နားလည်သွားကြပြီဖြစ်ပြီး ထိတ်လန့် အံ့အားသင့်ကြရသည်။
ရီဖူရှင်းကလည်း တိတ်ဆိတ်စွာ နားထောင်နေသည်။ သူက ရုတ်တရက် တစ်စုံတစ်ခုအား နားလည်လိုက်သည်။ ကန်ယီတိုင်းပြည် နန်းတော်တွင် နန်းတွင်း အကြံပေးဆရာက ပြောခဲ့သည်မှာ သူက နန်ဒူဧကရာဇ်နှင့်အတူ စမ်းသပ်နယ်မြေသို့ သွားခဲ့သည်ဟုပင်။ လက်ရှိနန်ဒူဘုရင်က နန်ဒူဘုရင်ဟောင်းအား တိုက်ခိုက်ခဲ့ကာ သူ၏ကံစွမ်းအင်အား ခိုးယူခဲ့သည်။ သူတို့က ရှေးဟောင်းမြေရိုင်း ဒေသကို သွားခဲ့ကြခြင်းပေလော။
ထိုအချက်က ဖြစ်နိုင်သည်ဟု သူခံစားရသည်။ ဧကရာဇ်လျိုက ရှေးဟောင်းမြေရိုင်း ဒေသတွင် ကံကြမ္မာအား ပြောင်းလဲခဲ့သည်။ ထို့ကြောင့် သူ့သားအား ထိုနည်းလည်းကောင်းပင် စေလွှတ်ခဲ့သည်။
ယခု လျိုဂျင်လန်က အောင်မြင်ခဲ့သည်။ သူက ရှေးဟောင်းမြေရိုင်းဒေသအား ဝင်ရောက်ခဲ့ကာ နိုဘယ်ကံစွမ်းအင်အား ရရှိခဲ့သည်။ သူ့အား တော်ဝင်ချင်ကျောင်းတော်မှ လူများက အလေးပေးကြပြီး တပည့်အဖြစ် လက်ခံခဲ့ကြသည်။
“တခြားအရေးကြီးတာက ရှေးဟောင်းမြေရိုင်း ဒေသမှာ နောက်လမ်းကြောင်းတွေ ရှိသေးတယ်…” ဧကရာဇ်ရီက ပြောသည်။ “အဲဒီလမ်းကြောင်းတွေက အရှေ့မြေရိုင်းဒေသက နိုင်ငံတိုင်းဆီကို သွားလို့ ရတယ်… ကလန်ကြီးတွေက အဲဒီအရေးကြီး နေရာတွေကို စောင့်ကြပ်နေကြတယ်… ကောင်းကောင်း လေ့ကျင့်ကြ… မင်းတို့က ဓမ္မအဆင့်ရဲ့ အမြင့်ဆုံးကို ရောက်တဲ့အခါ မင်းတို့ကို ရှေးဟောင်းမြေရိုင်းဒေသကို စေလွှတ်ဖို့ စဉ်းစားပေးမယ်… ထိပ်သီးပါရမီရှင်တွေနဲ့ အင်အားစုတွေ အများအပြားက အဲဒီနေရာမှာ ရှိတယ်… ကျုပ်က အဲဒီနေရာကို တစ်ခါမှ မရောက်ဖူးပေမဲ့ ဒါက အရမ်း ထူးခြားတဲ့နေရာဆိုတာ ပြောနိုင်တယ်…” ဧကရာဇ်ရီက ရယ်မောလိုက်သည်။
တန်ဖန်းပွဲတော်အား ဆက်လက် ကျင်းပသည်။ နန်ဒူနိုင်ငံသားများကား အလွန် ပျော်ရွှင်နေကြသည်။ ပါရမီရှင်များ ပေါ်လာတိုင်း လက်ခုပ်သြဘာသံများ ဖုံးလွှမ်း သွားလေ့ရှိသည်။ သို့သော် ကန်ယီတိုင်းပြည်မှ ပါရမီရှင်များကား တိတ်ဆိတ်နေကြသည်။
သူတို့အားလုံး တွေးထင်ခဲ့ကြသည်မှာ သူတို့မှာ နိုင်ငံ၏ အချက်အချာကျသော နေရာတွင် နေထိုင်ခဲ့ကြသည်ဟုပင်။ ယခုမှသာလျှင် သူတိုနေရာထက် ထူးခြား ကောင်းမွန်သော နေရာဒေသ ရှိနေသေးသည်ကို သိရှိလိုက်ရသည်။ ထိုအဖြစ်က သူတို့အား တုန်လှုပ်စေပြီး သူတို့က အရှေ့မြေရိုင်းဒေသမှ ပါရမီရှင်များ စုစည်းရာ ထိုနေရာအား မြင်တွေ့လိုကြသည်။
***