လီချန်ရှို့သည် ချုံတောင်လေးသို့ ပြန်ရောက်လာသောအခါ ဆေးဖော်ဆောင်သို့ သွားလိုက်သည်။ သူသည် နတ်အာရုံကိုသုံး၍ ဆရာဒေါ်လေးကျိုးကျိုး၏ အဆောက်အအုံအပြင်ဘက်တွင် ဆင်ပေးထားသော မန္တန်အစီအရင်များကို အာရုံခံကြည့်လိုက်သည်။
အကယ်၍ သူသာ ဆရာစားတစ်ကွက်ချန်မထားလျှင် သူပင် ထိုအလင်းလွှာများကို ဖောက်ထွင်း၍ အာရုံခံနိုင်မည် မဟုတ်ပေ။
ထိုမန္တန်အစီအရင်များကြောင့် ဂိုဏ်းအတွင်း ဆရာဒေါ်လေး၏ လုံခြုံမှုမှာ သိသိသာသာ ပို၍ တိုးလာလေသည်။
တန်ဖိုးကြီးပစ္စည်းများ အမြောက်အမြားသုံးခဲ့ရသော်လည်း လူ့အသက်သည် ထိုရတနာများထက် များစွာ တန်ဖိုးရှိသည် မဟုတ်ပါလော။
သူသည် သူ၏ မိတ်ဆွေများဖြစ်သော ဆရာဒေါ်လေးကျိုးကျိုး၊ ဆရာဦးလေးကျိုးဝူ၊ အကြီးအကဲဝမ်လင်းယွမ်နှင့် သူ၏ ဂိုဏ်းတူညီမလေး အဆိပ်မ,မဟုတ်တဟုတ် ယုံချင်ရွှမ်းယာ တို့ကို ရေတွက်ကြည့်လိုက်သည်။ သူ၏ မိတ်ဆွေအရေအတွက်မှာ သူ မျှော်မှန်းထားခဲ့သည်ထက် ပိုများနေလေသည်။
သူ့တွင် မိတ်ဆွေများစွာ ရှိလာသဖြင့် နောင်တွင် ထိုသူများနှင့် ပတ်သက်သည့်ပြဿနာများ သူနှင့်လာမနွယ်စေရန် သတိထားရပေမည်။
ထို့နောက် သူသည် ချုံတောင်လေးရှိ မန္တန်အစီအရင်များကို စစ်ဆေးလိုက်ပြီးနောက် ဂိုဏ်းအတွင်းရှိ တောင်အသီးသီး၏ အခြေအနေများကို လေ့လာလိုက်သည်။
သူ၏ ညီမလေး ကျင့်ကြံနေစဉ် ထွက်ပေါ်လာသော တာအိုသင်္ကေတများကို တွေ့ရှိပြီးနောက် တဲအိမ်အတွင်း၌ ကျင့်ကြံနေသော သူ၏ ဆရာကို ဆက်၍ လျှို့ဝှက်အာရုံခံလိုက်သည်။
အရာအားလုံး ပုံမှန်ဖြစ်ကြောင်း သေချာအောင် စစ်ဆေးပြီးသောအခါ လီချန်ရှို့သည် ဆေးဖော်ဆောင် တစ်ဝိုက်ရှိ မန္တန်အစီအရင်များကို အသက်သွင်းလိုက်လေသည်။ သူသည် ခန္ဓာကိုယ်အစစ်ကို ကာကွယ်ရန် အာရုံအနည်းငယ်ကိုသာ ထားခဲ့လိုက်ပြီး အာရုံအများစုကို စက္ကူကိုယ်ပွားများထံသို့ ပို့လိုက်၏။
ယခုလုပ်ရမည့် အရေးကြီးဆုံးအရာမှာ တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် ဆက်နွယ်နေသော ကမ္မနှောင်ကြိုးများကို ဖြတ်ရန်ဖြစ်သည်။ သူသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ အထိန်းအကွပ်မရှိ များပြားလာခြင်းကို ဆက်၍ ခွင့်မပြုနိုင်တော့ပေ။
မြေအောက်ရှိ ကျောက်ကြောတစ်နေရာတွင် လီချန်ရှို့မျက်လုံးများ ဖွင့်လိုက်၏။ သူသည် စက္ကူကိုယ်ပွား၏ ကိုယ်ပေါ်ရှိ အာရုံခံကျောက်မျက်နှင့် ပတ်ဝန်းကျင်ရှိ ရိုးရှင်းသော မန္တန်အစီအရင်လေးကို စစ်ဆေးလိုက်သည်။
‘ အရမ်းကောင်းတယ်..ဘယ်သူမှ သတိမထားမိဘူး… ’
လီချန်ရှို့သည် စက္ကူကိုယ်ပွား၏ ကိုယ်ရောင်ကိုယ်ဝါကို တည်ငြိမ်အောင်လုပ်ပြီးသောအခါ ၎င်းသည် မြေအောက်ထဲ၌ပင် ရှိနေသေး၍ မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးစေလိုက်သည်။ စက္ကူကိုယ်ပွားသည် မြေအောက်အနက် ကျန့်(၁၀၀၀)မှနေ၍ ကျန့်(၁၀၀)အထိ ပြန်တက်သွားလိုက်သည်။
လီချန်ရှို့သည် သေချာတွေးတော၍ မြေအောက်အနက် ကျန့်(၁၀၀၀)ကို ရွေးချယ်ခဲ့ခြင်းပင်။ ထိုအနက်တွင် မြေကိုယ်ယောင်ဖျောက်အတတ်ကို ပို၍ လျင်မြန်စွာသုံးနိုင်ပေသည်။ ထိုအနက်၌ မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးလျှင် မြေပေါ်တွင်လည်း မည်သည့်ကိုယ်ယောင်ကိုယ်ဝါများမှ ထွက်မနေဘဲ မြေအောက်နက်နက်တွင်ရှိသော မာကြောသည့် ရတနာကြောများကိုလည်း ဝင်မတိုးမိနိုင်ပေ။
သို့သော် ထိုရတနာကြောများကို ဝင်တိုးမိလျှင် သူချမ်းသာသွားနိုင်လေသည်။
ထိုအခိုက်တွင် စက္ကူကိုယ်ပွားများသည် အရှေ့ကျွန်းနှင့် တောင်ကျွန်း နယ်စပ်ဒေသတွင် ရှိနေ၏။ သူသည် မိစ္ဆာနယ်မြေများကို ဖြတ်သန်း၍ တောင်ကျွန်းရှိ သေမျိုးလောကသို့ လျင်မြန်စွာ ချည်းကပ်သွားလိုက်၏။
ပို၍ လုံခြုံစေရန် လီချန်ရှို့သည် ယခင်က သူ သွားခဲ့ဖူးသော လမ်းကြောင်းကို ရွေးလိုက်၏။ သူ နတ်အာရုံသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သောအခါ တောင်များ၊ မြစ်များက သူ့အား ကြိုဆိုနေသည်ကို တွေ့လိုက်ရသည်။ သို့သော် စက္ကူကိုယ်ပွားများသည် လျင်မြန်စွာ ရွေ့လျားနေသဖြင့် ထိုအရာများကို ရိပ်ခနဲသာ မြင်လိုက်ရသည်။
မကြာခင် သူသည် ရင်းနှီးသော မြင်ကွင်းများကို မြင်လိုက်ရ၏။
ဥပမာအားဖြင့် မကြာခဏဖြစ်ပွားလေ့ရှိသော ချီကျင့်ကြံသူများ အကြားမှ တိုက်ပွဲများ၊ တောင်မိစ္ဆာများနှင့် ရှားပါးမဟုတ်သော ဝိညာဉ်များ၏တိုက်ပွဲများ စသည်တို့ ဖြစ်သည်။
ထို့နောက် ပြီးဆုံးသွားခဲ့သော တိုက်ပွဲနေရာများကို လည်းတွေ့လိုက်ရသည်။ မြို့ရိုးများသည် သွေးများဖြင့် ရဲရဲနီနေလေသည်။
လီချန်ရှို့သည် အချစ်နှင့် လွတ်လပ်မှုနောက်သို့လိုက်သွားသော သူ၏ လူသားလောကမှ ဦးလေးနှင့်ဒေါ်လေးတို့၏ ခြေရာလက်ရာများကို တွေ့ရပေမည်လောဟု တောအုပ်အစွန်ကို အာရုံခံကြည့်လိုက်သည်။ သူ၏ ဦးလေးသည် ထိုနေရာမှာပင် နေထိုင်နေသေး၏။ သို့သော် ဒေါ်လေး၏ အရိပ်အယောင်များကို မတွေ့ရပေ။ အနီးနားတွင် ထင်းခွဲ၍ မီးမွှေးနေသော လူငယ်လေးတစ်ဦးလည်း ရှိနေ၏။
သူ၏ဒေါ်လေးသည် သေမျိုးလောက၏ သာမန်အခြင်းအရာနှင့် ကြုံတွေ့သွားခြင်း ဖြစ်နိုင်ပေသည်။
မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ နှစ်ရက်မျှ သွားပြီးသောအခါ လီချန်ရှို့သည် သေမျိုးလောက၏ မြို့ကြီးတစ်မြို့အောက်ရှိ လျှို့ဝှက်နေရာတစ်ခုကို ရှာတွေ့လိုက်သည်။ ထိုနေရာတွင် သူသည် ခရီးသွားသည့် စက္ကူကိုယ်ပွားကို လဲလှယ်လိုက်သည်။
စက္ကူကိုယ်ပွားများ၏ နတ်တန်ခိုးသည် သူ့အလိုလို ပြန်မပြည့်လာနိုင်ပေ။ ထို့ကြောင့် စက္ကူကိုယ်ပွားများ၏ တိုက်ခိုက်မှုအစွမ်းကို လမ်းခရီးမှာပင် မဆုံးရှုံးလို၍ လမ်းတွင် စက္ကူကိုယ်ပွားများကို လဲလှယ်၍ သွားလာခြင်းပင်။
လီချန်ရှို့သည် သူ့အနီးသို့ရောက်ရန် နောက်ထပ် ခုနှစ်ရက်ကျော် ရှစ်ရက် ဆက်သွားလိုက်ရ၏။
ထိုအရာသည် မည်သည်ကို ဆိုလိုသနည်း။
‘ ပင်လယ်စောင့်နတ်မင်းတွေ… ဘုံကျောင်းတွေက ငါနဲ့ဘာမှ မဆိုင်ဘူး… ’
အကယ်၍ အမွှေးတိုင်ပူဇော်မှုများမှ သူရရှိထားသော ကုသိုလ်များကို ပြန်ပေးလိုက်လျှင် နောက်ဆက်တွဲဆိုးကျိုးများမရှိဘဲ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ သူ့အလိုလို ပျက်ဆီးသွားမည်ဆိုပါက လီချန်ရှို့သည် ချက်ချင်းပင် သဘောတူလိုက်မည် ဖြစ်သည်။
လက်ရှိတွင် ပင်လယ်စောင့်နတ်မင်း ဘုံကျောင်းများသည် များပြားနေပြီဟုလည်း မဆိုနိုင်ပေ။ မြို့များမှ တံငါသည်အများစုနှင့် တောင်သမုဒ္ဒရာကမ်းရိုးတန်းများရှိ ရွာများသာ ပင်လယ်စောင့်နတ်မင်းကို ကိုးကွယ်ကြ၏။
လီချန်ရှို့ ပထမဆုံးရွေးချယ်လိုက်သော မြို့မှာ တောင်ပင်လယ်နတ်ဂိုဏ်း တည်ထောင်ထားသော မြို့ပင်။ ထိုမြို့သည် လွင်ပြင်ဒေသတွင် တည်ရှိသော သာမန်မြို့တစ်မြို့ဖြစ်၏။
ထိုမြို့တွင်း၌နေထိုင်သော မြို့သူမြို့သား ငါးထောင်၊ ခြောက်ထောင်လောက် ရှိသည်။ ထိုမြို့တွင် ဈေးသည်အများအပြားရှိရာ သာယာဝဖြိုးသော မြို့တစ်မြို့ဟု ဆိုရပေမည်။
မြို့ကိုဖြတ်၍ ဖောက်ထားသော အဓိကလမ်းမကြီးတွင် လူယဉ်သောတိရစ္ဆာန်များဖြစ်သည့် နွားများ၊ မြင်းများ သွားလာနေသည်ကို တွေ့ရလေသည်။ ထိုတိရစ္ဆာန်များသည် ခရီးသည်များနှင့် ကုန်ပစ္စည်များတင်ဆောင်ထားသော လှည်းများကို ဆွဲနေကြ၏။
ပင်လယ်စောင့်နတ်မင်းဘုံကျောင်းသည် မြို့၏ တောင်ဘက်ပိုင်းရှိ အဓိကလမ်းမကြီး၏ ဘေးတွင်တည်ရှိလေသည်။
ထိုဘုံကျောင်းထဲတွင် အမွှေးတိုင်များ ထွန်းညှိထား၏။ အိမ်နှင့်အဝေးသို့ ရောက်နေသူများသည် ထိုဘုံကျောင်းတွင် အမွှေးတိုင်ထွန်းညှိ ပူဇော်၍ အိမ်သို့ ချောချောမွေ့မွေ့ ပြန်ရောက်ရန် ဆုတောင်းကြ၏။ မြေအောက်တွင် နာရီအနည်းငယ်ကြာ ပုန်းအောင်းနေပြီးနောက် လီချန်ရှို့သည် စက္ကူကိုယ်ပွားကို မြေပေါ်သို့ ထွက်စေလိုက်ပြီး မြို့သို့သွားခိုင်းလိုက်လေသည်။
ထိုအခိုက်တွင် စက္ကူကိုယ်ပွားသည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများရှိသော တာအိုရသေ့အိုကြီးအသွင် ယူထား၏။ သူသည် သန့်ရှင်းသော မီးခိုးဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို တာအိုခေါင်းစည်းဖြင့် စည်းထားကာ လက်ထဲတွင် မြင်းမြီးနှင်တံတစ်ချောင်းကို ကိုင်ထားလေသည်။ သူလမ်းလျှောက်ရာတွင် မြေပြင်နှင့်ခြေထောက်ထိသည်ဟု မထင်ရဘဲ မြေပြင်ပေါ်တွင် ဝဲပျံနေသကဲ့သို့သာ ထင်ရ၏။ သူသည် နတ်တန်ခိုးများ ပြည့်ဝနေသော အခြားလောကမှ ပညာရှင်တစ်ပါးဟုပင် ထင်ရလေသည်။
တာအိုရသေ့အိုကြီးသည် ရှေးဦးစွာ မြို့အတွင်းသို့ လှည့်ပတ်သွားလိုက်ရာ သေမျိုးများသည် သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်ကြ၏။
ထိုမြို့သည် သေမျိုးလောကအစွန်တွင် ရှိသော မြို့တစ်မြို့ဖြစ်သည်။ ထိုမြို့တွင် နေထိုင်သောသူများသည် ရိုးရှင်းသော ဘဝများတွင်သာ နေထိုင်ကြ၏။ သူတို့သည် ထိုမျှ အရှိန်အဝါရှိသော ချီကျင့်ကြံသူများကို မြင်တွေ့လေ့၊ မြင်တွေ့ထ မရှိကြပေ။ ထို့ကြောင့် သူတို့၏ မျက်လုံးများထဲတွင် စပ်စုလိုသော အရိပ်အယောင်များ ပြည့်နှက်နေပေသည်။
ထိုသူများသည် စပ်စုလိုသည်သာမက စိတ်စေတနာလည်း ကောင်းလှ၏။ တာအိုရသေ့အိုကြီး ပေါက်စီဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားသောအခါ ဆိုင်ရှင်သည် ထိုရသေ့အိုကြီးကို ပေါက်စီပူပူလေးများ လှူလိုက်၏။ လက်ဖက်ရည်ဆိုင်ရှေ့မှ ဖြတ်သွားသောအခါတွင်လည်း လူငယ်တစ်ဦးသည် အပြေးထွက်လာ၍ ဆိုင်အတွင်းသို့ ပင့်ဖိတ်ကာ လက်ဖက်ရည်ပူပူလေးတစ်ခွက် လှူ၏။ လှပသော သစ်သားအိမ်တစ်အိမ် အနီးမှ ဖြတ်သွားသော အခါတွင်လည်း ပြူတင်းပေါက်လေးတစ်ခု ပွင့်လာ၏။ ပြူတင်းပေါက်ကို ထောက်သော တုတ်တိုလေးသည် စပ်စုလိုသဖြင့် တိုးဝှေ့ကြည့်လိုက်ကြသော မိန်းမပျိုတစ်စုကြောင့် အောက်သို့ ပြုတ်ကျသွား၏။ ထို့ကြောင့် ပြူတင်းပေါက်နောက်မှ မိန်းမပျိုလေးတစ်ဦးသည် ပါးစပ်ကိုလက်ဖြင့်အုပ်၍ ခိုးခိုးခစ်ခစ် ရယ်လိုက်လေသည်။
သို့သော် တာအိုရသေ့အိုကြီးသည် လှည့်၍ပင်မကြည့်ဘဲ ဆက်လျှောက်သွားလိုက်သည်။ သူသည် ဖြည်းဖြည်းချင်း လျှောက်၍ ပင်လယ်စောင့်နတ်မင်း ဘုံကျောင်းထံသို့ သွားလိုက်၏။
ဘုံကျောင်းသည် ခမ်းနားသည်ဟု မဆိုနိုင်ပေ။ ၎င်းသည် လေးထောင့်ကျကျ ခြံဝန်းတစ်ခုသာဖြစ်သည်။ ခြံဝန်းအတွင်း၌ ဆယ်ပေမြင့်သော ကျောက်ရုပ်တုတစ်ခုကို ထောင်ထား၏။
တာအိုရသေ့အိုကြီးသည် ခြံဝန်းအတွင်းသို့ ဝင်လိုက်ပြီး ကျောက်ရုပ်တုကို မော့ကြည့်လိုက်၏။ ၎င်း၏ မျက်နှာ၊ ကိုယ်လုံးကိုယ်ပေါက်၊ ကိုယ်နေဟန်ထားတို့သည် လီချန်ရှို့နှင့် အလွန်တူလှပေသည်။ လီချန်ရှို့သည် စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးမှ တဆင့် ထိုရုပ်တုကို မြင်လိုက်သောအခါ ရင်ထဲတွင် သက်ပြင်းချလိုက်ရလေသည်။
သူ၏ မှော်အစွမ်းများသည် ဆရာတစ်ဆူအဆင့် မရောက်သေးသဖြင့် ထိုကဲ့သို့ ထင်ပေါ်ကျော်ကြားမှုများကို လက်မခံနိုင်သေးပေ။ အခြားသူစိမ်းများ သူ့အား မှတ်မိနေမည်ကိုလည်း မလိုချင်သေးပေ။
ထိုစဉ်က သူသည် ကောင်းကင်ပြစ်ဒဏ်နှင့် ကောင်းကင်ဘုံအပြစ်ပေးမှုတို့ကို ခံယူပြီးခါစ ဖြစ်၍ ဒဏ်ရာများရနေခဲ့၏။ ထို့ပြင်သူသည် ဉာဏ်အလင်းပွင့်သွားပြီး တာအိုလောကတစ်ခုအတွင်းသို့လည်း ရောက်နေခဲ့၏။ ထို့ကြောင့် သူသည် အသေးစိတ်အချက်အလက်များကို ဂရုမစိုက်နိုင်ခဲ့ခြင်းပင်။
ယခုတွင်မူ ထိုကိစ္စများကို ပြန်၍ ဖြေရှင်းရန် နည်းလမ်းကိုသာ ရှာရပေတော့မည်။
“ ရသေ့ကြီးက ဘယ်အရပ်က လာခဲ့တာပါလဲ ခင်ဗျာ ”
ခြံဝန်းထောင့်တစ်နေရာမှနေ၍ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။ ညစ်ပေ၍ စုတ်ပြဲနေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်ပုပု၊ ပိန်ပိန်ပါးပါး ချီကျင့်ကြံသူတစ်ယောက် သူ့ထံသို့ လျှောက်လာလေသည်။
ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်း တတိယအဆင့်သာ ရှိမည်ဟု ထင်ရသဖြင့် အစွမ်းမကြီးသော မန္တန်များကိုပင် သုံးနိုင်သည်ဆိုရုံသာ သုံးနိုင်ပေလိမ့်မည်။ သူသည် ခြံဝန်းထောင့်တစ်နေရာတွင် ဗေဒင်ဟောခန်းတစ်ခုကို ပြုလုပ်ထား၏။ ထို့ပြင် အမွှေးတိုင်းအမျိုးမျိုးတို့ကိုလည်း ဈေးအသီးသီးဖြင့် ရောင်းချ၏။ ထိုပုဂ္ဂိုလ်သည် ဤဘုံကျောင်းတွင် စီးပွားရှာရန် ရောက်နေသူဖြစ်ရမည်ဟု လီချန်ရှို့ တွေးလိုက်၏။
သို့သော် လီချန်ရှို့သည် သတိလက်လွတ်မနေဝံ့ပေ။
ထိုပုဂ္ဂိုလ်သည် အနောက်ကျောင်းတော်၏ ဒလန်တစ်ဦးဖြစ်နေနိုင်ပေသည်။ ထို့ပြင် ထိုပုဂ္ဂိုလ်သည် လီချန်ရှို့ပင် ဖောက်ထွင်းမမြင်နိုင်သော ပညာရှင်တစ်ဦးလည်း ဖြစ်နေနိုင်သေး၏။
ထိုအရာများသည် ဖြစ်နိုင်ချေတော့ သိပ်မရှိပေ။
သို့သော် လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်း၏ နယ်မြေအတွင်းခြေချလိုက်ပြီဖြစ်သဖြင့် သတိကြီးကြီးထားရန် ကိုယ့်ကိုယ်ကို အဆက်မပြတ် သတိပေးနေလေသည်။
ဗေဒင်ဆရာအိုကြီးသည် သူ့ထံသို့ ခပ်သွက်သွက်လျှောက်လာ၏။ ထိုပုဂ္ဂိုလ်သည် တာအိုရသေ့အိုကြီးနှင့် (၃)ကျန့်အကွာသို့ ရောက်လာပြီဖြစ်သည်။ တာအိုရသေ့အိုကြီးသည် အရင်ဦးညွှတ်၍ ပြောလိုက်၏။
“ တာအိုရောင်းရင်း … ကျန်းခန်းသာလို့ မာပါစွ ”
“ ဒါက… ”
ဗေဒင်ဆရာအိုကြီးသည် ခေတ္တမျှကြောင်သွား၏။ သူသည် သူ၏ မျက်စိသေးသေးလေးဖြင့် ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပြန်၍ ဦးညွှတ်လိုက်သည်။
သူ ပြုံး၍ ပြောလိုက်၏။
“ တာအိုရသေ့ကြီး… ဒီလောက် ရိုရိုသေသေပြောစရာမလိုပါဘူး ခင်ဗျာ… ”
“ ရသေ့ကြီးက ဘယ်အရပ်ကများ လာခဲ့တာပါလဲ… ဘာအကြောင်းကြောင့် ဒီဘုံကျောင်းအသေးလေးကို လာခဲ့တာပါလဲ ခင်ဗျာ ”
တာအိုရသေ့အိုကြီးက ပြန်ဖြေလိုက်သည်။
“ ကျုပ်က ဒီကို ဟိုးအဝေးကြီးက လာခဲ့တာပါ။ ဒီဘုံကျောင်းက အမွှေးတိုင်ပူဇော်မှုတွေ တော်တော်များများရတာကို ကျုပ်တွေ့ခဲ့လို့ပဲ။ ဒါပေမဲ့ ဒီဘုံကျောင်းရဲ့ နတ်မင်းကိုတော့ ကျုပ်တစ်ခါမှ မကြားဖူးဘူး။ ကျုပ်လည်း စိတ်ဝင်စားသွားတာနဲ့ ဘုံကျောင်းထဲ ဝင်ကြည့်တာပါ ”
ဗေဒင်ဆရာအိုကြီး မျက်မှောင်ကြုတ်သွားသည်။
“ ရသေ့ကြီးက ပင်လယ်စောင့်နတ်မင်းကို တစ်ခါမှ မကြားဖူးဘူးလား ”
တာအိုရသေ့အိုကြီးသည် ခေါင်းခါလိုက်ပြီး ပြုံး၍ ပြောလိုက်၏။
“ အခုမှ ပထမဆုံးကြားဖူးတာပဲ… ”
ဗေဒင်ဆရာအိုကြီးသည် အော်ပြောလိုက်သည်။
“ ရသေ့ကြီး … အဲဒီလိုစကားမျိုးကို ပင်လယ်စောင့်နတ်မင်းရဲ့ အရှေ့မှာ မပြောပါနဲ့ ”
ထို့နောက်သူသည် ရှူးသိုးသိုး မျက်နှာထားဖြင့် ဆက်ပြော၏။
“ ပင်လယ်စောင့်နတ်မင်းဆိုတာ လောကတစ်ခွင် ကျော်ကြားတဲ့ နတ်မင်းပဲ။ ရသေ့ကြီး… ပင်လယ်စောင့်နတ်မင်းရဲ့ ရုပ်တုတော်အရှေ့မှာ ရသေ့ကြီးရဲ့ အပြောအဆို၊ အပြုအမူတွေကို ဆင်ခြင်ပါ။ မကြာသေးခင်တုန်းကပဲ မြို့ထဲက သူကြွယ်တစ်ယောက် စကားမှားပြောမိပြီး ပင်လယ်စောင့်နတ်မင်းကို စော်ကားမိသလိုဖြစ်သွားတာလေ…အဲ..နောက်တစ်ရက်ကြတော့ အဲ့သူကြွယ်ကြီး အရက်တစ်ခွက်သောက်မိရုံနဲ့ မူးပြီး သေသွားတော့တာပဲ။ သူ လက်ထပ်ထားတာ မကြာသေးတဲ့ သူကြွယ်ကတော် ငယ်ငယ်ချောချောလေးလည်း မုဆိုးမ ဖြစ်သွားတာပေါ့ ”
လီချန်ရှို့ ဆွံ့အသွား၏။
“ ဟင်… ပင်လယ်စောင့်နတ်မင်းက အဲ့လောက်တောင် စွမ်းတာလား ”
“ စွမ်းတာပေါ့… ”
ချီသန့်စင်ခြင်းအဆင့်သာရှိသော ဗေဒင်ဆရာအိုကြီးသည် ဘဝင်ပြုံး ပြုံးလိုက်၏။ ဘေးတွင် ရပ်နားထောင်နေသော လာရောက်ပူဇော်ကြသူများသည်လည်း ထိုကိစ္စသည် အမှန်ပင်ဖြစ်ကြောင်း ဝင်ရောက်ထောက်ခံလိုက်ကြသည်။
ထို့နောက် ဗေဒင်ဆရာအိုကြီးသည် စကားစကို ပြန်ဆက်လိုက်ပြီး ပင်လယ်စောင့်နတ်မင်း၏ ဒဏ္ဍာရီများကို ပြောလေတော့သည်။
အမွှေးတိုင်ပူဇော်ရန် လာရောက်ကြသော သေမျိုးလူသားဆယ်ဦးကျော်သည်လည်း ဘေးမှရပ်၍ နားထောင်နေကြသည်။
ဗေဒင်ဆရာအိုကြီး ပြောနေစဉ်အတွင်း ဘေးမှသေမျိုးများသည်လည်း ဝင်၍ ပြောကြသည်။ သူတို့တွင်လည်း သူတို့ဇာတ်ကြောင်းနှင့်သူတို့ ရှိလေသည်။ သူတို့သည် ပင်လယ်စောင့်နတ်မင်း၏ ပါးစပ်ရာဇဝင်များကို ကိုယ်တိုင်ကြုံဖူးခဲ့သူများကဲ့သို့ အာဘောင်အာရင်းသန်သန်ဖြင့် ပြောနေကြပေသည်။ လီချန်ရှို့သည် ဗေဒင်ဆရာအိုကြီး၏ စကားများကို စိတ်ရှည်လက်ရှည်နားထောင်နေရင်း နှလုံးခုန်မြန်လာလေတော့သည်။
လက်ရှိတွင် တောင်သမုဒ္ဒရာတစ်ဝိုက်၌ ပင်လယ်စောင့်နတ်မင်း၏ ပါးစပ်ရာဇဝင်များသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပေသည်။
ထို ပါးစပ်ရာဇဝင်များမှာ ‘ ပင်လယ်စောင့်နတ်မင်းနှင့် ငါးကြင်းဝိညာဉ်တို့၏ တိုက်ပွဲ ’၊ ‘ ပင်လယ်စောင့်နတ်မင်း၏ အခမ်းအနားခြောက်ခုနှင့် နဂါးမလေး ’၊ ‘ ပင်လယ်စောင့်နတ်မင်းပြောခဲ့သော မုန်တိုင်းများကြောင့် ခံစားရသော ဆုံးရှုံးမှုများသည် စာမဖွဲ့လောက်ဟူသော စကား ’၊ ‘ ပင်လယ်စောင့်နတ်မင်းက တံငါသည်များအတွက် ငါးများကိုခေါ်လာခဲ့ခြင်း ’ ၊ ‘ ပင်လယ်စောင့်နတ်မင်းကို ယုံကြည်လျှင် မိမိကိုယ်တိုင်လည်း ကြိုးစားရမည်ဟူသောစကားများ ’ စသည်ဖြင့် စုံလင်လှပေသည်။
ထိုအကြောင်းများကို အခြားသူများ ယုံသည်၊ မယုံသည်ကို လီချန်ရှို့ ဂရုမစိုက်သော်လည်း သူကတော့ ထိုအကြောင်းများကို သက်သေရှိစေကာမူ မည်သို့မှ မယုံနိုင်ပေ။
‘ ငါလည်း ဘာမှ လုပ်မပေးခဲ့ပါဘူး ’
‘ အဲ့ ငါးကြင်းဝိညာဉ်တွေ… နဂါးမလေးဆိုတာတွေကို ငါလည်း တစ်ခါမှ မတွေ့ဖူးပါဘူး ’
‘ ပြီးတော့ ပင်လယ်စောင့်နတ်မင်းရဲ့ ကိုယ်ဝန်ကို လွယ်ထားရတယ်ဆိုတဲ့ ကောင်မလေးကလည်း လက်မထပ်ရသေးတဲ့ ကောင်မလေးဆိုတော့ သူ့ဘာသာ ကမြင်းပြီး ရခဲ့တဲ့ကိုယ်ဝန်ကို ပင်လယ်စောင့်နတ်မင်း လွှဲချတာနေမှာ… ’
လီချန်ရှို့သည် ထိုဘာမဆိုင်ညာမဆိုင် ကိစ္စမျိုးတွင် ခေါင်းမခံနိုင်ပေ။
ဗေဒင်ဆရာအိုကြီးသည် အချိန်အတော်ကြာ စကားပြောလိုက်ရသဖြင့် အာခေါင်များပင် ခြောက်နေပေပြီ။ သို့သော် တာအိုရသေ့အိုကြီးသည် မည်သည့်စကားမှ ပြန်မပြောသည်ကို တွေ့လိုက်ရသောအခါ သူသည် မသိမသာ နှာခေါင်းရှုံ့လိုက်လေသည်။
“ ကျွန်တော်တို့ပြောတာတွေကို ရသေ့ကြီး နားလည်ရဲ့လား ”
“ အင်း.. ကျုပ် ခင်ဗျားပြောတာတွေကိုတော့ ကြားပါတယ်… ဒါပေမဲ့ သေချာတော့ နားမလည်သေးဘူး ”
တာအိုရသေ့အိုကြီးသည် အနည်းငယ် ပြုံး၍ ပြောလိုက်၏။ ထိုအခိုက်တွင် တာအိုရသေ့အိုကြီးသည် ဖော်ရွေသည့်ဟန်ပန်ရှိနေလေသည်။ ထို့နောက် သူက လေးလေးနက်နက် ရှင်းပြလိုက်၏။
“ အမွှေးတိုင်ပူဇော်မှုကို စုဆောင်းတယ်ဆိုတာလည်း ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပဲ။ ကျုပ် လှည့်ပတ်ကြည့်ပြီးသလောက်တော့ ဘာထူးခြားဆန်းကြယ်တာမှ မတွေ့ပါဘူး… မိတ်ဆွေပြောတာတွေက နည်းနည်း ပိုပြောသလို ဖြစ်နေတယ်လို့ မခံစားရဘူးလား ”
ဗေဒင်ဆရာအိုကြီးသည် မျက်လုံးများပြူးလာပြီး အော်ပြောလိုက်လေတော့သည်။
“ ပိုပြောတယ်ဟုတ်လား… ဟေ… အဘိုးကြီး..ခင်ဗျားက ဘယ်ကရောက်လာတာလဲ။ ဘာလို့ ဒီနေရာကို လာရတာလဲ။ ကျုပ်တို့က ပင်လယ်စောင့်နတ်မင်းကို ကိုးကွယ်တဲ့သူတွေပဲ… ပင်လယ်စောင့်နတ်မင်းရဲ့ နတ်တမန်တော်တွေအကုန်လုံးက သိပ်စွမ်းအားကြီးတာ ခင်ဗျားမသိဘူးလား ”
လီချန်ရှို့၏ ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နှက်သွား၏။
တာအိုရသေ့အိုကြီးက ပြန်ပြောလိုက်သည်။
“ တာအိုတရားကို နည်းနည်းလောက် ကျင့်ကြံထားရင်ကို အတိုင်းအစမရှိတဲ့ ခွန်အားတွေရနိုင်တာပဲ။ ခင်ဗျားတို့တော့ အလိမ်ခံလိုက်ရပြီထင်တယ်။ တကယ်လို့ တောင်ပင်လယ်ရဲ့ ပင်လယ်စောင့်နတ်မင်းက တကယ်စွမ်းတယ်ဆိုရင် သူရောက်လာတဲ့အထိ ကျုပ်ဒီမှာပဲ ရပ်နေမယ် ”
ဘေးမှ ကြည့်နေသော သူများသည် တာအိုရသေ့အိုကြီးကို ဆွမ်းကြီးဝိုင်းလောင်းလိုသည့် ဟန်ဖြင့် ကြည့်နေကြသည်။ ဗေဒင်ဆရာအိုကြီး၏ မျက်နှာတွင်လည်း ဒေါသခိုးများဝေနေလေသည်။
“ ခင်…ခင်ဗျား…ခင်ဗျားက ပင်လယ်စောင့်နတ်မင်းကို လုံးလုံး နားမလည်ဘူးပဲ။ ထားလိုက်ပါတော့… ခင်ဗျား ဒီကနေသာ မြန်မြန်ထွက်သွားတော့။ အခု ပင်လယ်စောင့်နတ်မင်းက ခင်ဗျားကို ကရုဏာကြီးကြီးထားပြီး ခွင့်လွှတ်နေလို့ သက်သာသွားတယ်မှတ်ပါ… နတ်မင်းက နောက်ကျမှ ခင်ဗျားကို အပြစ်ပေးလိမ့်မယ် ”
လီချန်ရှို့သည် ဆက်၍ စကားပြောလိုသေးသော်လည်း ဗေဒင်ဆရာအိုကြီးသည် တာအိုရသေ့အိုကြီးကို မောင်းထုတ်နေပေပြီ။ ထိုဗေဒင်ဆရာအိုကြီး၏ လေသံထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ပါလေ၏။
ဗေဒင်ဆရာအိုကြီးက တွန်းထုတ်လိုက် တာအိုရသေ့အိုကြီးက အတင်းပြန်ဝင်လိုက်ဖြင့် ကိုးရိုးကားရား ဖြစ်နေလေတော့သည်။ ဘေးမှ သေမျိုးများသည်လည်း တာအိုရသေ့အိုကြီးကို ဝင်၍ မောင်းထုတ်နေကြသည်။
လီချန်ရှို့သည် ထိုပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူ၍ ခြံဝန်းထောင့်တစ်နေရာတွင် ပင့်ကူအိမ်အချို့ကို ထားခဲ့လိုက်၏။ နောက်ဆုံးတွင် တာအိုရသေ့အိုကြီးသည် ဗေဒင်ဆရာအိုကြီးနှင့် အခြားကိုးကွယ်သူများ၏ မောင်းထုတ်ခြင်းကို ခံခဲ့လိုက်ရလေတော့သည်။
တာအိုရသေ့အိုကြီးသည် ဘုံကျောင်းခြံဝန်း၏ အပြင်သို့ ရောက်သွားရ၏။ လီချန်ရှို့တစ်ယောက် ရယ်ရအခက်၊ ငိုရအခက်ဖြစ်သွားသည်။
သူ၏ ရုပ်တုကို ထားရှိကိုးကွယ်သော ဘုံကျောင်းအတွင်းမှ မောင်းထုတ်ခံခဲ့ရခြင်းမှာ အနည်းငယ် ကိုးရိုးကားရားနိုင်လေသည်။ လီချန်ရှို့ သက်ပြင်းသာ ချလိုက်ရ၏။
စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် မြင်းမြီးနှင်တံကို အကြိမ်အနည်းငယ် ဝှေ့ယမ်းပြီးနောက် အဓိကလမ်းမကြီးအတိုင်း တောင်ဘက်သို့ လျှောက်သွားလေတော့သည်။
သူသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို ပို၍ နားလည်နိုင်ရန် ဘုံကျောင်းခြံဝန်းထောင့်တွင် မျက်လုံးကြီး ပင့်ကူများ၏ ပင့်ကူအိမ်များကို ထားခဲ့၏။
အကယ်၍ သူသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို သွေးမြေမကျစေဘဲ ဖျက်ဆီးပစ်လိုလျှင် လူအများကြီးသည် တစ်ခါမှ ပေါ်မလာဖူးသော ပင်လယ်စောင့်နတ်မင်းကို အဘယ်ကြောင့် ဤမျှ ယုံကြည်နေကြောင်း သူ နားလည်မှရပေမည်။ သူသည် လူများယုံကြည်ရသည့် အဓိကအကြောင်းအရင်းများကို ရှာ၍ ထိုအကြောင်းအရင်းများကို တစ်ခုပြီးတစ်ခု ဖယ်ရှားပစ်ရမည်ဖြစ်၏။
လီချန်ရှို့ ထားခဲ့သော ပင့်ကူအိမ်များသည် တိတ်ဆိတ်ငြိမ်သက်နေသော ညအချိန်တွင် အံ့အားသင့်မှုများကို သူ့ထံ ပို့ဆောင်ပေးလိုက်လေသည်။ ညသန်းခေါင်ယံတွင် ဗေဒင်ဆရာအိုကြီးသည် ဗေဒင်ဟောခန်းအတွင်းမှ ခိုးကြောင်ခိုးဝှက်ထွက်၍ စက္ကူအဆောင်တစ်ရွက်ကို ထုတ်ယူလိုက်၏။ သူသည် စက္ကူအဆောင်ကို မီးရှို့လိုက်ပြီး ခြံဝန်းထဲတွင် တိတ်တဆိတ်စောင့်နေ၏။
ခေတ္တမျှကြာပြီးနောက် လရောင်လွှမ်းနေသော ခြံဝန်းအတွင်းသို့ ကျီးကန်းတစ်ကောင် ဆင်းသက်လာသည်။ ထိုကျီးကန်းသည် ဘေးဘီဝဲယာကို ကြည့်ရှုပြီးနောက် လူတစ်ယောက်အသွင် ပြောင်းလဲသွားလေသည်။
ဗေဒင်ဆရာအိုကြီးသည် ထိုလူကို ဦးညွှတ်လိုက်ပြီး မော်၍ပင် မကြည့်ဝံ့ပေ။ ထို့နောက် သူသည် အသံတုန်တုန်ရင်ရင်ဖြင့် ယနေ့ နေ့ခင်းပိုင်းက ကြုံတွေ့လိုက်ရသော တာအိုရသေ့အိုကြီး၏ အကြောင်းကို အစီအရင်ခံလိုက်လေတော့သည်။
***