“…”
ရီဖူရှင်းက ထိုသို့ ပြောလိုက်လျှင် လူတိုင်းက သူ့အား မျက်လုံးပြူးကာ ထိတ်လန့်တကြား ကြည့်ကြသည်။
“ဒါက…..” သူ့အဖော် ဖန်းဟွာအဆင့်မှ လူများပင်လျှင် ဆွံ့အသွားကြသည်။ ရီဖူရှင်းကား အလွန်ပင်…။ သို့သော် တစ်ချိန်တည်းတွင်ပင် သူက တခြားလူများအား ချိုးဖဲ့သော စကားများက အလွန်ထိလှသည်။
ဘေချူပင်လျှင် ရီဖူရှင်းစကားကြောင့် ပိုမိုနေကောင်းသွားသလို ခံစားရ၏။ ကောင်းသောအချက်ကား ရီဖူရှင်းက သူ့အရှုံးကို ဥပမာအနေဖြင့် မသုံးခဲ့ခြင်းပင်။ အကယ်၍ ရီဖူရှင်းက သူ့အား ဥပမာအနေဖြင့် ပြောခဲ့သည်ကို ကျောက်မူကြားလျှင် သူသည်လည်း ဒေါသထွက်ကာ သွေးအန်သွားနိုင်သည်။
ဧကရာဇ်ရီပင်လျှင် မျက်လုံးပြူးသွားသည်။ ဖန်းဟွာအဆင့်တွင် သူက ပထမအနေဖြင့် ရွေးချယ်ခဲ့သော လူငယ်မှာ အလွန် ထူးခြားလှသည်။
ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများအားလုံးက ထိတ်လန့်ကာ အေးခဲသွားကြသည်။ ရီဖူရှင်းက ဖန်းဟွာစင်မြင့်ပေါ်မှ တိုက်ပွဲများကို အာရုံစိုက်နေသည်ကို သူတို့မြင်ကြသည်။ ရီဖူရှင်းက ချူခွန်ယမ်အား တိတိကျကျ ရည်ညွှန်းခြင်း မရှိသော်လည်း သူက ရီဖူရှင်းပြောသည်ကို သည်းမခံနိုင်ပေ။
ဧကရာဇ်များ၏အာရုံက ရီဖူရှင်းထံ ရောက်လာကြသည်။ အထူးသဖြင့် ယွန်ချူနိုင်ငံ၏ ဧကရာဇ်ဖြစ်သည်။ ချူခွန်ယမ်ကား သူ၏သားဖြစ်သည်။ သူ့သား၏စွမ်းရည်များကို သူအသိဆုံးဖြစ်သည်။ သည်ဘာမှ မဟုတ်သည့် ကောင်းကင်အဆင့်လူငယ်က သည်ကဲ့သို့ ပုံစံဖြင့် ပြောသည်ကို သူသဘောမကျပေ။ သို့သော် သူကား ဧကရာဇ်ဖြစ်သည်။ ထို့ကြောင့် လူငယ်များ၏ ကတောက်ကဆတွင် ဝင်ရောက်ပြောဆိုမည် မဟုတ်ပေ။ သို့သော် ရီဖူရှင်း၏စကားကို နားထောင်ရုံမျှဖြင့် သူက သည်လူငယ်အား အမှန်ရိုက်ပစ်ချင်လှသည်။
ချူခွန်ယမ်ကား အတန်ကြာ ဆွံ့အသွားသည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ ပြောသည်… “ပါရမီရှင်တွေအကုန်လုံးက မာနကြီးတယ်… အံ့သြစရာတော့ မရှိပါဘူး… ဒါပေမဲ့ မင်းလို ကောင်းကင်အဆင့်က ဒီလို ကြမ်းတမ်းတဲ့စကားမျိုးကို ပြောတာ ကြားရတာကတော့ တကယ်အဆင်မပြေလှဘူး… တကယ်လို့မင်းက ဓမ္မအဆင့်မှာ ရှိနေခဲ့ရင် ငါကိုယ်တိုင်မင်းကို ပညာပေးပါတယ်…”
ရီဖူရှင်းက ချူခွန်ယမ်ဘက်ကို လှည့်ကာ အသာအယာ ပြုံးလိုက်သည်… “ကောင်းပြီ… အခွင့်အရေးရရင် မင်းဆီက သင်ယူပါ့မယ်…”
“ဟင်း… မင်းက ဓမ္မအဆင့်ကို အရင်ရောက်အောင် စောင့်လိုက်ဦး…..” ထို့နောက် ချူခွန်ယမ်က ရီဖူရှင်းထံမှ အကြည့်လွှဲကာ သူ့အား ထပ်မကြည့်တော့ပေ။ ချူခွန်ယမ်၏နာမည်မှာ သူ့နာမည် အရင်းမဟုတ်ပေ။ သို့သော် သူ့လက်ရှိနာမည်မှာ မူလနာမည်ထက် ပိုမို၍ နာမည်ကြီးသည်။ ကြာလာသောအခါ လူအများက သူ့နဂိုနာမည်အားပင်လျှင် မေ့သွားကြသည်။ ဤသည်က ချူခွန်ယမ်က မည်မျှ ကြမ်းတမ်းသည်ဟူသော သဘောပင်။ ယခုကား ချူခွန်ယမ်က သူ့ပြိုင်ဘက်ကို တွေ့ချေပြီ။
“ကျုပ်တို့က သူ့ကို စမ်းသပ်ဖို့ တန်ဖန်းပွဲတော် ပြီးတဲ့အထိ အရင်စောင့်ကြတာပေါ့…” ယန်ကီက ပြောသည်။ ရီဖူရှင်း၏စကားကို နားထောင်ပြီးနောက် သူပင်လျှင် ရီဖူရှင်းအား ရိုက်နှက်လိုသည်။ ရီဖူရှင်းက ချူခွန်ယမ်အား သူအနိုင်ယူခဲ့ဖူးသောသူနှင့် အဘယ်ကဲ့သို့ နှိုင်းယှဉ်နိုင်ရကာ နောက်ပိုင်း လိမ္မာသွားလိမ့်မည်ဟု ပြောရသနည်း။ စင်မြင့်ပေါ်မှ ကျောက်မူကား အမှန်ပင် အရည်အချင်းရှိသည်။ သို့သော် သူက ချူခွန်ယမ်နှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်မည်နည်း။ ချူခွန်ယမ်ကား ယွန်ချူနိုင်ငံရှိ လူငယ်များအားလုံးထဲတွင် စွမ်းအားအမြင့်ဆုံး ပါရမီရှင်ဖြစ်သည်။
ရီဖူရှင်းက သူ့ခေါင်းအား အသာအယာ ယမ်းလိုက်သည်။ သူတို့ပြောနေသော စကားများကို သူ သိပ်စိတ်ဝင်စားလှသည် မဟုတ်ပေ။ ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ ထိပ်သီးပါရမီရှင်များကို အနိုင်ယူခြင်းဖြင့် သူရရှိနိုင်သည်မှာ ချီးကျူးမှု အနည်းငယ်မျှသာ။ သို့သော် သည်အဖြစ်က သူ့အား ရန်သူများ အများအပြား ရရှိစေနိုင်သည်။ သူ့အတွက် တခြားလူများကို သူမည်မျှ အရည်အချင်း ရှိကြောင်းကို သက်သေပြနေစရာ မလိုအပ်ပေ။ ယမန်နေ့ညကပင်လျှင် ချူခွန်ယမ်က သူ့အား ရန်စသောအခါ ပြန်လည် ပြောဆိုခြင်းမရှိဘဲ သူက ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
ရီဖူရှင်း၏အပြုအမူကိုမြင်လျှင် သူ့အမိန့်တော်အား ဖီဆန်ခဲ့သော သူမှာ သည်ကဲ့သို့ ထူးခြားသောသူ ဖြစ်သည်ကို ဧကရာဇ်လျို သိလိုက်သည်။ သူက ခေါ်လိုက်သည်… “ရီဖူရှင်း…”
ရီဖူရှင်း၏မျက်လုံးများ တောက်ပသွားပြီး သူ့ခန္ဓာကိုယ်အား လှည့်လိုက်ကာ ဧကရာဇ်လျိုကို ကြည့်လိုက်သည်။ ဧကရာဇ်လျို၏ မျက်လုံးများတွင် မောက်မာ ဝင့်ကြွားမှုများနှင့် ပြည့်နှက်နေပြီး သူ့ပတ်ဝန်းကျင် လေလှိုင်းများတွင် ကြီးမြတ်မှု အငွေ့အသက်များ လွှမ်းခြုံနေသည်။ သူက တစ်ကြိမ်တစ်ခါက ရာဇပလ္လင်အား လုယူခဲ့ဖူးသောသူဟု မည်သူကမှ ခန့်မှန်းသိရှိနိုင်မည် မဟုတ်ပေ။ သည်နှစ်သုံးရာ အတွင်းတွင် သူက သည်နေရာတွင် လုံးဝအသားကျနေပြီ ဖြစ်သည်။ သူကား နန်ဒူနိုင်ငံ၏ ဧကရာဇ်ဖြစ်သည်။ ထို့ကြောင့်လည်း သူက အလွန် လွှမ်းမိုးနိုင်စွမ်းရှိကာ တခြားလူများအား အလေးထားမှုမရှိပေ။ ထို့ကြောင့်ပင်လျှင် သူက ယုတ္တိမရှိမသော ထိုအမိန့်တော်နှစ်ခုကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“မင်းက ငါ့ရဲ့ အမိန့်တော်ကို နာခံပြီးတော့ နန်းမြို့တော်ကို လာခဲ့မယ်ဆိုရင် မင်းအတွက် အခွင့်အရေး ရှိဦးမှာပဲ… ဘာလို့ ထွက်ပြေးဖို့ ဒီလောက် ကြိုးစားရတာလဲ… အခု ရလဒ်က အတူတူပဲဖြစ်မှာပဲ… မင်းရဲ့ ဆုံးဖြတ်ချက်ကို နောင်တမရဘူးလား…” ဧကရာဇ်လျိုက ရုတ်တရက် မေးလိုက်သည်။ သူ့စကားကား တည့်တိုးဆန်လှသည်။
ရီဖူရှင်းက ဧကရာဇ်လျိုအား ကြည့်လိုက်သည်။ ဧကရာဇ်ရီ ပြောခဲ့သလိုပင် သူကား ရီဖူရှင်းကို ရရှိမည်ဟု အလွန် ယုံကြည်နေဟန်ရသည်။ ဧကရာဇ်လျိုက သည်ယုံကြည်မှုများကို မည်သည့်နေရာက ရသနည်း။
“ပြီးသွားတာက ပြီးသွားပြီပဲ… ဘာကို နောင်တရနေမှာလဲ…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
“မင်းမှန်တယ်…..” ဧကရာဇ်လျိုက ရယ်မောလိုက်သည်။ “လူတွေက နောက်ဆုံးသေရမယ့် အချိန်မရောက်ခင် အထိ နောင်တရလေ့ မရှိကြဘူး… နန်ဒူနိုင်ငံက ငါ့ကမ္ဘာပဲ… ငါ့အမိန့်တော်က ကောင်းကင်ရဲ့အမိန့်တော်ပဲ… ငါ့အမိန့်ကို ဖီဆန်ရင် မင်းက ကောင်းကင်ရဲ့ အမိန့်တော်ကို ဖီဆန်တာပဲ… ဝန်ကြီးချုပ်ကျိုရဲ့ ဟောကိန်းက မှန်ကန်မယ် ဆိုရင်တောင်… မင်းက ဧကရာဇ်တစ်ပါးဖြစ်မယ့် ကံပါလာတယ် ဆိုရင်တောင်… ဒါက ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး…..”
တခြား ဧကရာဇ်များက ဧကရာဇ်လျိုနှင့် ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်ကြသည်။ ဖန်းဟွာအဆင့်တစ်မှ လူငယ်လေးက ဧကရာဇ်ဖြစ်ရန် ကံပါလာသည်တဲ့လား။
ထိုစကားများအား ကြားသော်လည်း ရီဖူရှင်းကား တည်ငြိမ်လှသည်။ ဧကရာဇ်လျိုက သည်စကားများကို သည်နေရာတွင် အဘယ်ကြောင့် ပြောနေသည်ကိုသာ သူသိလိုသည်။ သူ၏စကားလုံးတိုင်းက မောက်မာဝင့်ကြွားမှုများနှင့် ပြည့်နေသည်။ ဝန်ကြီးချုပ်ကျိုကသာလျှင် အမှန်တကယ် သူ့ကံကြမ္မာအား ဟောခဲ့သည်ဆိုပါက သူကား ဧကရာဇ်ဖြစ်ရန်သာ ကံပါလာသည် မဟုတ်သည်ကို ရီဖူရှင်းတစ်ယောက်သာ သိနားလည်သည်။
ရီဖူရှင်းက ဧကရာဇ်လျို၏အနီးတွင် ထိုင်နေသော ဝန်ကြီးချုပ်ကျိုအား ကြည့်လိုက်သည်။ သူကား ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ့ပုံဟန်က မည်သည့်အရာကိုမှ အလေးထားဟန် မတူတော့ပေ။
“ဒါက အရှင်မင်းကြီးကို စိတ်ပျော်စေတယ်ဆိုရင် ပြောချင်တာ ပြောလို့ရပါတယ်…” ရီဖူရှင်းက ပြုံးလိုက်သည်။ ယခု လောလောဆယ်တွင် သူ့တွင် ဧကရာဇ်လျိုနှင့် ယှဉ်ပြိုင်ရန် အာဏာ ပဝါမရှိပေ။
“မင်းက ဧကရာဇ်ဖြစ်ဖို့ ကံပါလာတယ် ဆိုရင်တောင် မင်းက ကျုပ်သားရဲ့ ပညာသင်ဘက် ဖြစ်လာတာ ကံကောင်းတယ်လို့ ပြောရမယ်…” ဧကရာဇ်လျိုက ပြောသည်။ “ကံမကောင်းတာက မင်းက ဒီအခွင့်အရေးကို တန်ဖိုးမထားဘူး…”
ရီဖူရှင်းက မည်သို့မှ ပြန်မပြောပေ။ နန်ဒူနိုင်ငံမှလူတိုင်းက ဧကရာဇ်လျိုက သူ့သား လျိုဂျင်လန်ကို အချစ်ဆုံး ဆိုသည်ကို သိကြသည်။ လျိုဂျင်လန်ကား ငယ်ရွယ်စဉ် ကတည်းက အိမ်ရှေ့စံအဖြစ် ချီးမြှောက်ခြင်းခံရကာ အနာဂတ်ဘုရင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူ့အရည်အချင်းများက တခြားလူများနှင့်မတူဘဲ ငယ်ရွယ်စဉ်ကတည်းက ထူးခြားထက်မြက်သော သူဖြစ်သည်။ သူ့တွင် သည်မျှအရည်အချင်း ရှိနေခြင်းက ဧကရာဇ်လျိုက သူ့သားအား ယုံကြည်မှုရှိသည်မှာ မထူးဆန်းတော့ပေ။
“အိမ်ရှေ့စံ လျိုဂျင်လန်မွေးတာ နှစ်အနည်းငယ် စောသွားတယ်… မဟုတ်ရင် ဒီကောင်စုတ်လေးက သူနဲ့ တစ်ကွက်နှစ်ကွက်လောက် စမ်းသပ်လို့ ရမယ်…” ယွန်ချူနိုင်ငံမှ ဧကရာဇ်က ပြုံးလျက် ပြောသည်။ သူကလည်း သူ့သားကို ယုံကြည်မှုရှိသည်။
“ဒါဆိုလည်း…” ဧကရာဇ်ရီက ရယ်မောလိုက်သည်။ သူ့စကားများက အထင်သေးသည့် သဘောများ ပါဝင်နေသည်။ ဧကရာဇ်ချူက ထပ်မငြင်းတော့ပေ။
တန်ဖန်းပွဲတော် ဆက်လက် ကျင်းပသည်။ လူငယ်ပါရမီရှင်များ အဆက်မပြတ် ထွက်ပေါ်လာနေကြသည်။ ထိုအထဲတွင် အလွန်ထက်မြက်သော လူငယ်များ ပါဝင်သည်။ နေ့လယ်ပိုင်းပူပြင်းသော နေရောင်အောက်တွင် တန်ဖန်းပွဲတော်ကား အလွန်လှုပ်ရှား အသက်ဝင်နေသည်။
ထိုစဉ်မှာပင် ဧကရာဇ်များက နန်ဒူနိုင်ငံ၏ နန်းတော်ရှိရာဘက်ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏အမူအရာများ ထူးဆန်းနေသည်။ နန်းတော်၏အပေါ်တွင် ပျံသန်းရဲသော တန်ခိုးရှင်များ ရှိနေသည်လား။ သူတို့က နန်ဒူနိုင်ငံရဲ့ ဧကရာဇ်ကို မလေးစားကြပေဘူးလား။
ဧကရာဇ်ရီနှင့် တခြား ဧကရာဇ်များက ဧကရာဇ်လျိုကို ကြည့်လိုက်ကြသည်။ ဧကရာဇ်လျိုက တစ်စုံတစ်ခုကို မျှော်လင့်နေသော မျက်လုံးများဖြင့် နန်းတော်ရှိရာ အရပ်ကို ကြည့်နေသည်ကို သူတို့ တွေ့ကြရသည်။ အလင်းတန်း အနည်းငယ်က သူတို့ရှိနေရာဘက်သို့ နန်းတော်ရှိရာအရပ်မှ ပျံသန်းလာနေကြသည်။ ဆူညံပွက်လောရိုက်နေသော ပရိသတ်များက ကောင်းကင်အား ထိတ်လန့်တကြား မော်ကြည့်လိုက်ကြသည်။ ဧကရာဇ်များကို မည်သူက မလေးမစား ပြုမူရဲသနည်း။
“တန်ဖန်းပွဲတော်ကို ခဏရပ်နားမယ်… တိုက်ပွဲစင်မြင့်က ခဏဆင်းကြဦး…” ဧကရာဇ်လျိုက မတ်တတ်ရပ်လိုက်ကာ ကြေညာလိုက်သည်။ သူ့အသံက တိုက်ပွဲစင်မြင့်ကိုးခုကို လွှမ်းမိုးသွားပြီး လူတိုင်း၏ကျော်ကို စိမ့်သွားစေသည်။ တိုက်ပွဲအရှိန်အဟုန်က မြင့်တက်နေသော်လည်း မည်သူကမှ ဧကရာဇ်၏အမိန့်ကို မလွန်ဆန်ရဲပေ။ စိန်ခေါ်ပွဲများကို ရပ်နားလိုက်ပြီး ပြိုင်ပွဲဝင်များက စင်မြင့်ပေါ်မှ ဆင်းသက်လိုက်ကြသည်။
လေထဲတွင် လူသုံးယောက် ရပ်နေသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါမှာ နေရောင်အောက်တွင်ပင် ဝင်းလက် တောက်ပေနေသည်။ သူတို့သုံးယောက်က ဧကရာဇ်လေးပါး၏ အပေါ်တွင် ရပ်လျက် သူတို့ကို ကြည့်နေသည်။ သူတို့မျက်မှာပေါ်မှ အမူအရာများက ဧကရာဇ်လေးပါးကို သူတို့၏မျက်လုံးထဲတွင် ထည့်ထားခြင်းမရှိသည့် သဘောများ ပါဝင်နေသည်။
နိုဘယ်တန်ခိုးအဆင့်။ ဧကရာဇ်များ၏မျက်လုံးများ အရောင် တဖျတ်ဖျတ်လက် သွားကြသည်။ နိုဘယ်တန်ခိုးရှင်သုံးပါးက နန်ဒူနိုင်ငံကို ရောက်ရှိလာခဲ့ကြသည်။ သူတို့က မည်သူ့ကိုမှ ဂရုမစိုက်ဘဲ နန်ဒူနိုင်ငံ၏ နန်းတော်အပေါ်တွင်ပင် ပျံသန်းရဲကြသည်မှာ မထူးဆန်းတော့ပေ။ သူတို့သုံးယောက်၏ ကိုယ်ရောင်ကိုယ်ဝါမှာ ဧကရာဇ်လေးပါး၏ ကိုယ်ရောင်ကိုယ်ဝါထက်ပင်လျှင် အားကောင်းလှသည်။ သူတို့အားလုံး ထိတ်လန့်နေကြသော်လည်း စိတ်ဝင်စားမှုက မြင့်တက်လာကြသည်။ အရှေ့မြေရိုင်းအရပ်၏ နယ်မြေတစ်ရာအထဲတွင် မည်သည့်နိုင်ငံက သည်ကဲ့သို့ လူစာရင်းကို ပိုင်ဆိုင်ထားသနည်း။
ပွဲတော်အတွင်းမှ လူအုပ်ကြီးက ပိုမို၍ စိတ်ဝင်စားကြသည်။ သူတို့အတွက်မူ နိုဘယ်အဆင့်မှာ ဧကရာဇ်များအတွက် ဖြစ်သည်။ သို့သော် ယခု ဧကရာဇ်များထက် ပိုမို စွမ်းအားမြင့်ဟန်တူသော လူသုံးယောက်ကို သူတို့ တွေ့နေရသည်။ ဧကရာဇ်များကိုပင်လျှင် မျက်လုံးထဲ မထည့်ထားသော သည်လူများက မည်သူတွေနည်း။
“လျိုဂျင်လန် ဘယ်မှာလဲ…” ထိုအုပ်စု၏ ခေါင်းဆောင်က မေးလိုက်သည်။ ဧကရာဇ်လျို၏ မျက်လုံးများ ကျယ်သွားသည်။ ထိုအချိန် ကျရောက်လာပြီလော။ သူမျှော်လင့်ထားသည်ထက် စောလှသည်။
လျိုဂျင်လန်က လက်သီးနှင့် လက်ဝါးဆုပ်လျက် မတ်တတ်ရပ်လိုက်သည်။ သူ့မျက်လုံးတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။ တည်ငြိမ်သော ခြေလှမ်းများဖြင့် ထိုလူသုံးယောက်ထံ လှမ်းသွားလိုက်ကာ ပြောသည်…“ဆရာကြီးတွေကို နှုတ်ဆက်ပါတယ်…”
“ငါတို့ကို ပြပါဦး…” ခေါင်းဆောင်ဖြစ်ဟန် တူသူက ပြောသည်။ လျိုဂျင်လန်က ခေါင်းညိတ်ကာ လူအများ၏အရှေ့တွင် ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။ ကောင်းကင်တွင် ရွှေရောင် အလင်းရောင်များ ဖြန့်ကြက်သွားသည်။ လျိုဂျင်လန်ကား လေထဲတွင် ကြီးမြတ်ကာ နိုယ်ဘယ်တန်ခိုးရှင်၏ကိုယ်ရောင်ကိုယ်ဝါအား ထုတ်ပြနေသေည်။
နိုဘယ်အရှိန်အဝါ…။ ဧကရာဇ်ရီနှင့် တခြားဧကရာဇ်များက ထိတ်လန့်သွားကြသည်။ သူတို့က ထိုင်နေရာမှပင် ထလိုက်ကြသည်။ ကောင်းကင်ကို မော့ကြည့်ကာ သူတို့က တစ်စုံတစ်ခုအား နားလည် လိုက်ကြပုံရသည်။
ထိုအခိုက်တွင် ဧကရာဇ်ရီက ဧကရာဇ်လျိုက အဘယ်ကြောင့် သည်မျှ ယုံကြည်မှု ရှိနေသည်ကို နားလည်လိုက်သည်။ သူ အမှန်တကယ် လျိုဂျင်လန်ကို ထိုနေရာသို့ စေလွှတ်ခဲ့၏။ ထို့နောက် လျိုဂျင်လန်ကလည်း အောင်မြင်ခဲ့သည်။ ဆိုလိုသည်က သူ့တွင် ကြောက်မက်ဖွယ် အရည်အချင်းများ ရှိနေသည်။
“ရှေးဟောင်း မြေရိုင်းဒေသမှာ မင်းရဲ့ စမ်းသပ်မှု ကာလအတွင်း မင်းက နိုဘယ်ကံစွမ်းအင်ကို စုဆောင်းနိုင်ခဲ့တယ်… ကျုပ်တို့က အရှေ့မြေရိုင်းဒေသက တော်ဝင်ချင်ကျောင်းတော်က လာတာပဲ…. မင်းက ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား….” ခေါင်းဆောင်လုပ်သူက ပြောသည်။
လျိုဂျင်လန်က ဦးညွှတ်ကာ ပြောသည်…“ရှိပါတယ်…”
“ကောင်းပြီ… မင်းက အခုငါတို့နဲ့ တစ်ခါတည်း လိုက်မလား… ဒါမှမဟုတ်… နောက်မှ လိုက်လာခဲ့မလား…” ခေါင်းဆောင်လုပ်သူက မေးသည်။
“ကျွန်တော်က အခု လုပ်စရာရှိသေးလို့ နောက်ကျမှ လာခဲ့ပါ့မယ်…” လျိုဂျင်လန်က ပြန်ဖြေသည်။
“ကောင်းပြီ…” ခေါင်းဆောင်လုပ်သူက ခေါင်းညိတ်သည်။ ထို့နောက် သူ ကျောက်စိမ်းပြားတစ်ခုအား ထုတ်ပေးသည်… “ဒါက တော်ဝင်ချင်ကျောင်းတော်ရဲ့ အမှတ်အသားပဲ… မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အမှတ်အသားမှာ ပေါင်းစပ်လိုက်… မင်း သေသလား ရှင်သလားကို ငါတို့ သိရလိမ့်မယ်… အခုကစပြီး မင်းက တော်ဝင်ချင်ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပဲ… နောက်သုံးလအတွင်း အရောက်လာပါ…”
“ဟုတ်ကဲ့… ဆရာကြီး…” လျိုဂျင်လန်က ဦးညွှတ်လိုက်သည်။
“ငါတို့သွားပြီ…” ခေါင်းဆောင်က နှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့က အလင်းတန်းများအဖြစ် အဝေးကို ပျံသန်း ပျောက်ကွယ် သွားကြသည်။ သူတို့က ဧကရာဇ်လေးပါးအား တစ်ကြိမ်မှပင် မကြည့်ခဲ့ကြပေ။
သူတို့၏မျက်လုံးထဲတွင် ဧကရာဇ်များက တစ်ကြိမ်တစ်ခါကြည့်ရန်ပင် ထိုက်တန်မှုမရှိသည့် အလားပင်။
“လမ်းမှာ ဂရုစိုက်ပါ… ဆရာကြီး…” လျိုဂျင်လန်က ဦးညွှတ်ရင်းက ပြောသည်။
ဧကရာဇ်ရီနှင့် တခြား ဧကရာဇ်များက လျိုဂျင်လန်ကို စိုက်ကြည့်နေကြသည်။ သူတို့၏အတွေးများက ယောက်ယက်ခတ်နေသည်။ တော်ဝင်ချင်ကျောင်းတော်ကား အရှေ့မြေရိုင်းဒေသမှ အလွန်ဝေးကွာသော အရပ်တွင် ရှိသော အလွန် စွမ်းအားမြင့်သော အင်အားစု တစ်ခုဖြစ်သည်။
***