Switch Mode

အပိုင်း(၁၃၆)

ပိုလိမ္မာသွားတယ်

လင်းဇီယွီ၏လှပသော မျက်ဝန်းများက ရီဖူရှင်းကို စူးစိုက်ကြည့်နေသည်။ နီးကပ်သော အကွာအဝေးခန့်တွင် သူမက ရီဖူရှင်းမှာ အရှေ့ပင်လယ်အတွင်းရှိ သင်္ဘောပေါ်တွင် ဆုံခဲ့စဉ်ကထက် ပိုမို၍ ရင့်ကျက်လာသည်ကို တွေ့ရသည်။ သူကား ပိုမို၍ ချောမောလာကာ ထိုစဉ်ကကဲ့သို့ ငယ်ရွယ်သော လူငယ်လေး မဟုတ်တော့ပေ။

“အင်း…ငါ ဒွန်ဟိုင်ကျောင်းတော်မှာ တန်ခိုးကျင့်နေတယ်… နင် စိတ်မဆိုးဘူးမလား…..” လင်းဇီယွီက ပြုံးလျက် ပြောသည်။

“ငါက ဘာလို့ စိတ်ဆိုးရမှာလဲ…..” ရီဖူရှင်းက ခေါင်းယမ်းလိုက်သည်။ သူက သည်မျှ သဘောထား သေးသိမ်သောသူ မဟုတ်ပေ။ သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများအား အခဲမကျေနိုင်သော်လည်း သည်ပြဿနာက ဒွန်ဟိုင်ကျောင်းတော်မှ သာမန် ကျောင်းတော်သားများနှင့် မည်သို့မှ မပတ်သက်ပေ။

“နင် ဘာလို့ ဒီကို လာတာလဲ အခုထိ ငါ့ကို မပြောရသေးဘူး… တစ်ခုခုဖြစ်လို့လား…”  ရီဖူရှင်းက မေးသည်။

“ငါက  သူငယ်ချင်း တစ်ယောက်အနေနဲ့ နင့်ကို လာတွေ့လို့ မရဘူးလား…” လင်းဇီယွီက ပြုံးလျက် ပြောသည်။

သူမအား ထိုသို့ မြင်လျှင် ရီဖူရှင်းက  ပြုံးလိုက်သည်…“သေချာတာပေါ့…”

“အထွေအထူး မရှိပါဘူး…” လင်းဇီယွီက ပြောသည်…“ငါနင့်ကို တန်ဖန်းပွဲတော်မှာ တွေ့လို့ လာတွေ့ချင်ခဲ့တာ… ဒွန်ဟိုင်မြို့ကကိစ္စ ဖြစ်ပြီးနောက် နင့်ကို ငါက စိတ်ပူနေခဲ့တာ… ကန်ယီနိုင်ငံမှာ နင်က ဒီလောက် မြန်မြန် အခြေကျသွားလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး… ဧကရာဇ်ကတောင် အသိအမှတ်ပြုရတယ်… ငါစိုးရိမ်ခဲ့တာ အလကား ဖြစ်သွားတယ်…” သူမက ရယ်မောလျက် ပြောသည်။

“ကျေးဇူးပဲ…” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။ “နင် လာဘ်လာဘ ကျောင်းဆောင်ရဲ့ ကျောင်းအုပ်ယိချန် သတင်းကို ကြားမိသေးလား…..”

လင်းဇီယွီက ပြုံးလိုက်သည်… “စိတ်မပူနဲ့… ဆရာကြီးယိ အဆင်ပြေလိမ့်မယ်… သူနဲ့ပတ်သက်ပြီး အဖေ့ကို ငါမေးဖူးတယ်… အဲဒီနေ့က နင့်အတွက် တားပေးရင်းသူ ဒဏ်ရာနည်းနည်းရတယ်… ဒါပေမဲ့ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ကြားတယ်… သူက ဝန်ကြီးချုပ်ဟွာရဲ့ အဓိက ပစ်မှတ်မဟုတ်တာလည်း ပါတယ်… နောက်ပိုင်း သူ့သတင်း မကြားရတော့ဘူး… သူအဆင်ပြေတယ်ဆိုတာ သေချာတယ်…”

ရီဖူရှင်း စိတ်ချသွားသည်။ သည်မြေခွေးအိုကြီးမှာ အန္တရာယ်နှင့် အလွယ်တကူ မကြုံနိုင်သည်ကို သူသိသည်။

“ကောင်းပြီ… ငါနင့်ကို နှုတ်ဆက်ပြီးပြီဆိုတော့ သွားတော့မယ်…” လင်းဇီယွီက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်…“ဘေးကင်းကင်းနဲ့ ပြန်…”

“ကောင်းပြီ…” လင်းဇီယွီက အသာအယာ ခေါင်းညိတ်ကာ နောက်လှည့်လျက် ထွက်ခွာသွားသည်။ ရီဖူရှင်းက အဝေးကို တဖြည်းဖြည်း ရောက်သွားသော သူမ၏နောက်ကျောကို ကြည့်နေရင်းက သူ၏အဆောင်ရှိရာဘက်သို့ ပြန်လျှောက်လာသည်။

ယူချင်းက သူ့ဘေးမှ လျှောက်လာရင်းက ရေရွတ်လိုက်သည်…“ မိန်းကလေးတွေကို ဘယ်လောက်ထိ မင်းက ကစားနေဦးမလဲ…..”

“ဆွဲဆောင်မှုရှိတာ ငါ့အပြစ်မှ မဟုတ်တာ….” ရီဖူရှင်းက ရယ်မောလိုက်ကာ သူ့သူငယ်ချင်းအား ဂုဏ်ယူစွာ ကြည့်လိုက်သည်။ သူ့မျက်နှာတွင်ကား မင်းနဲ့ငါ ဘယ်လောက် ကွာခြားလဲ ဟူသော မေးခွန်းကို မေးနေသယောင်ယောင်။

ယူချင်းက သိသည်။ သို့သော် သူက မသိချင်ယောင်ဆောင်ကာ ရှေ့မှ ဖြတ်လျှောက်သွား၏။ သူက ရီဖူရှင်းအား မျက်နှာသာပေးရန် စိတ်ကူးမရှိပေ။

ရီဖူရှင်းက မျက်လုံးပြူးသွားကာ ယူချင်း၏နောက်ကျောအား ကြည့်လိုက်သည်။ မဟုတ်သေးပေ။ တကယ်တမ်း ဂုဏ်ယူဝင့်ကြွားပြီး ရှေ့က ထွက်သွားရမည်က သူ မဟုတ်ပေဘူးလား။

“မင်းလည်း အရင်ထက် ပိုဆိုးလာတယ်…” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူ့အခန်းသို့ ပြန်ရောက်သောအခါ ရီဖူရှင်းက အနားယူမည့်အစား သူ့စိတ်ဝိညာဉ် စွမ်းအင်များ တိုးတက်စေရန်အတွက် ကု့ချင်းအား ဆက်လက်လေ့ကျင့်သည်။ သူတန်ခိုးစကျင့်ကာစနှင့် မတူတော့သည်မှာ သည်ကြားကာလမှ အဖြစ်အပျက်များက သူ့အား တန်ခိုးအဆင့် ပိုမိုလျင်မြန်စွာ တိုးတက်ရန် စိတ်အားထက်သန် လာစေခဲ့သည်။ ချင်းကျူမြို့တွင် ရှိစဉ်က သူ့မွေးစားအဖေက သူ့အား ဧကရာဇ်တစ်ပါး ဖြစ်စေလိုခဲ့သော်လည်း သူက စိတ်ကူးယဉ် အဆင့်ထက် မပိုခဲ့ပေ။ ယခုကား ထိုအရာ တကယ်ဖြစ်လာရန် သူအမှန် ကြိုးစားတော့မည်ဟု ရည်မှန်းထားသည်။

အချိန်ကား တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ညနက်ပိုင်းကို ရောက်နေပြီ ဖြစ်သော်လည်း ရီဖူရှင်းကား ကု့ချင်း တီးခတ်နေဆဲဖြစ်သည်။ သီချင်းထဲတွင် စိတ်ခံစားချက်များ အများအပြား ဖုံးကွယ်ထားပုံရသည်။ သည်တစ်ကြိမ် နန်ဒူနိုင်ငံကို ပြန်ရောက်လာသောအခါ အများအပြား ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ သူက တန်ဖန်းပွဲတော်အား တက်ရောက်ရန် ဧကရာဇ်ရီနှင့် လာရသည်။ အရာရာတိုင်းက အိပ်မက်ဆန်လွန်းလှ၏။

ဂီတသံစဉ်က တိတ်ဆိတ်နေသော လေထုထဲကို စီးဆင်းသွားလျှင် လေထဲတွင် သဘာဝစွမ်းအင် လှုပ်ခတ်မှုများ ဖြစ်ပေါ်လာသည်။ ထိုအရာများက ရီဖူရှင်း၏ ခန္ဓာကိုယ်ထံသို့ တိုးဝင် လာနေကြသော်လည်း သူက မည်သို့မှ ခံစားရဟန် မတူပေ။ သူက ဆက်လက်၍ တီးခတ်နေပြီး သံစဉ်က တဖြည်းဖြည်း နိမ့်နေရာမှ မြင့်တက်လာသည်။ အတိတ်ကို ချန်ထားခဲ့သော ခံစားချက်တစ်ခုက သံစဉ်ထဲတွင် ပျော်ဝင်နေသည်။ သံစဉ်နှင့်အတူ သဘာဝစွမ်းအင် လှုပ်ခတ်မှုများ ပိုမို ပြင်းထန်လာသည်။ ထိုအဖြစ်က အနည်းငယ်ကြာ၏။ နောက်ဆုံး ဂီတသံစဉ် ထွက်ပေါ်လာပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားကာ သဘာဝစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်သွားကြ၏။

သူ့မျက်လုံးများက တဖျတ်ဖျတ် လက်လျက် ပွင့်လာသည်။ ထို့နောက် ရီဖူရှင်း ပြုံးလိုက်သည်။ သူကား ကြယ်ရှစ်ပွင့်ကောင်းကင် အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သည်။ အဆင့်တက်သွားပြီးနောက် သူက အနားမယူဘဲ သူ၏သိုင်းစွမ်းအင်ကို ဆက်လက်၍ လေ့ကျင့်သည်။ စိတ်ဝိညာဉ်စွမ်းအင် အားကောင်းသွားခြင်းက သူ့သိုင်းစွမ်းအင် လေ့ကျင့်ခြင်းတွင် ပိုမို ထိရောက်စေသည်။

သူ၏လက်ဝါးရိုက်ချက်များကြောင့် လေလှိုင်းများ ပေါက်ကွဲထွက်လာနေကြသည်။ ရီဖူရှင်းက တော်ဝင်နည်းစနစ်အား အသက်သွင်းလိုက်လျှင် သူ၏သွေးများ ဆူပွက်သွားသည်။ သူ့ခန္ဓာကိုယ်တွင် ဧကရာဇ်အရှိန်အဝါ ပေါ်လာ၏။ စိတ်ဝိညာဉ်စွမ်းအင် အဆင့်တိုးသွားပြီးနောက် သူ၏သိုင်းပညာ လေ့ကျင့်ရာတွင်လည်း ပိုမိုချောမွေ့လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကား အဆက်မပြတ် ပြောင်းလဲလာနေသည်။

မိုးကုပ်စက်ဝိုင်းပေါ်မှ ပထမဆုံး အလင်းရောင် အမျှင်တန်းတစ်ခု ပေါ်လာသော အချိန်တွင် သူက ခေါင်းမော့လျက် မာန်သွင်းလိုက်သည်။ သူက လက်ဝါးရိုက်ချက် တစ်ချက်ထုတ်လိုက်လျှင် လေထုက ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကိုယ်မှ အားလှိုင်းတစ်ခု ကွဲထွက်လာသည်။ သူ့လက်ဝါးမှ နဂါးနှင့် နတ်ငှက်ပုံရိပ်များ ဖြစ်ပေါ်လာသည်။ သူ့ရှေ့မှ အလွန်သန်မာသော လူဝံပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သိုင်းပညာအားလှိုင်းများ ဖုံးလွှမ်းနေသည်။ ထို့နောက် သူ့အင်အားများ အမြင့်ဆုံးသို့ ရောက်သွားလေသည်။

“သိုင်းပညာ အဆင့်တက်ပြီ…” ရီဖူရှင်းက ပြုံးလိုက်သည်။ သူကား ယခုညတွင်ပင် မှော်ပညာနှင့် သိုင်းပညာ နှစ်ခုလုံးတွင် အဆင့်တက်ခဲ့သည်။

ရီဖူရှင်းက သူ့ကိုယ်ရောင်ကိုယ်ဝါအား ပြန်ရုပ်သိမ်းလိုက်ပြီး တန်ခိုးကျင့်ခြင်းကို ရပ်တန့်လိုက်သည်။ သူက ကိုယ်လက်သန့်စင်ရန် သွားသော အချိန်တွင်ကား မနက်ခင်း နေရောင်များဖြင့် နံနက်ခင်းမှာ လှုပ်ရှားအသက်ဝင်စ ပြုလာပြီဖြစ်သည်။ ယနေ့ကား တန်ဖန်းပွဲတော်၏ ဒုတိယနေ့ဖြစ်သည်။ မရေမတွက်နိုင်သော သူများက နန်းမြို့တော်၏ တောင်ဘက်ဂိတ်တွင် စုစည်းနေကြသည်။

ယနေ့တွင် ရီဖူရှင်းက ဧကရာဇ်ရီနှင့် အတူတူသွားရသည်။ လမ်းတွင် ဧကရာဇ်ရီက သူ့အား ခေါ်ယူသည်။

“မနေ့က နန်းတော်မှာ ဧကရာဇ်လျိုက မင်းကို နောက်တစ်ခေါက် တောင်းတယ်…” ဧကရာဇ်ရီက ပြောသည်။ ထိုသတင်းကို ကြားသော်လည်း ရီဖူရှင်းက မအံ့သြပေ။ အကယ်၍ ဧကရာဇ်ရီက သူ့အား ထုတ်ပေးမည်ဆိုပါက ယခင်ကပင် သူ့အား ပေးအပ်ပြီး ဖြစ်သည်။ ဧကရာဇ်ရီက သူ့အား တန်ဖိုးမထားသည့်တိုင် သည်နိုင်ငံနှစ်နိုင်ငံမှာ ပြိုင်ဘက်များ ဖြစ်ကြသည်။ ဧကရာဇ်လျိုက ရီဖူရှင်းအား တောင်းသည့်တိုင် ဧကရာဇ်ရီက လုံးဝ ပေးအပ်မည် မဟုတ်သည်မှာ သေချာသည်။

“ဒါက မဖြစ်နိုင်ဘူးဆိုတာ သူသိတယ်… ဒါပေမဲ့ တောင်းတာပါပဲ… ပြီးတော့ သူ့လေသံမှ ပါနေတဲ့ သူ့ယုံကြည်မှုကို ငါခံစားလို့ရတယ်… တန်ဖန်းပွဲတော်မှာ သူတစ်ခုခု ကြံစည်နေသလိုပဲ…” ဧကရာဇ်ရီက ဆက်ပြောသည်။

ရီဖူရှင်းက မျက်မှောင်ကုတ်လိုက်သည်။ ဧကရာဇ်လျိုက ကျန်ဧကရာဇ်သုံးပါးကို ပွဲတော်အတူကြည့်ရန် ဖိတ်ခေါ်ခြင်းမှာ အမှန်ပင် ထူးဆန်းလှသည်။

“ဧကရာဇ်လျိုက ယွန်ချူနိုင်ငံ။ ယန်တိုင်းပြည်တို့နဲ့ မဟာမိတ်ဖွဲ့မှာကော ဖြစ်နိုင်လား…” ရီဖူရှင်းက မေးသည်။

“မဖြစ်နိုင်ဘူး…” ဧကရာဇ်ရီက ခေါင်းယမ်းသည်။ “နိုင်ငံလေးခုက နက်ရှိုင်းတဲ့ ပတ်သက် ဆက်နွှယ်မှုတွေ ရှိတယ်… သူတို့က မဟာမိတ်ဖွဲ့စရာ အကြောင်းမရှိဘူး… အဆက်မပြတ် ကတောက်ကဆ ဖြစ်ခဲ့ပေမဲ့ နိုင်ငံလေးခုလုံးက အကန့်အသတ်တော့ ရှိတယ်… တကယ် အကြီးအကျယ် စစ်မဖြစ်သရွေ့တော့ ဧကရာဇ်တွေကိုယ်တိုင်က အချင်းချင်း တိုက်ခိုက်ကြမှာ မဟုတ်ဘူး… ဧကရာဇ်တွေအကြားက စစ်ပွဲက သာမန်မဟုတ်ဘူး… တကယ်လို့ ဖြစ်လာခဲ့ရင် ဘယ်သူမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး…”

“ခန့်မှန်းနေတာက အလကားပဲ… ဧကရာဇ်လျို ဘာတွေ ကြံစည်နေလဲ ကြည့်ကြတာပေါ့…” ဧကရာဇ်ရီက ပြုံးလျက် ခေါင်းယမ်းလိုက်သည်။

သူတို့အုပ်စု တန်ဖန်းပွဲတော်ကို ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်တွင်ကား တန်ဖန်းပွဲတော် နေရာတွင် မရေမတွက်နိုင်သော လူများ ရောက်ရှိနေပြီး ဖြစ်သည်။ သူတို့က ဧကရာဇ်ရီတို့ အုပ်စုကို မြင်လျှင် လူအများက စင်မြင့်သို့ သွားရောက်နိုင်ရန် လမ်းပြုလုပ် ပေးကြသည်။

လူအများအပြားက ဧကရာဇ်ရီကို အနီးကပ် လေ့လာခွင့်ရကြသည်။ ကန်ယီနိုင်ငံ၏ အုပ်ချုပ်သူမှာ မည်မျှစွမ်းအား ကြီးမားသည်ကို သူတို့ မသိရှိကြပေ။ အကယ်၍ ဧကရာဇ်လေးပါး တိုက်ခိုက်မည်ဆိုပါက အလွန်ကြည့်ကောင်းမည် ဖြစ်သော်လည်း ထိုအရာက မဖြစ်နိုင်ပေ။

“ဒီမိန်းကလေးတွေက တော်တော်လှတာပဲ…” သူတို့က ဧကရာဇ်နောက်မှ လင်းယွီယိုနှင့် မိန်းကလေးတချို့ကိုလည်း မြင်ကြသည်။ မိန်းကလေးများ အားလုံးမှာ နတ်သမီးများလို လှပကြကာ လူအများအပြားက ငေးမော ကြည့်ရှုကြရသည်။

“အဲဒါ ရီဖူရှင်းပဲ… သူက အရင်က ကျုပ်တို့ နန်ဒူနိုင်ငံရဲ့ အရှေ့ပင်လယ်ဒေသကပဲ… နောက်ပိုင်း သစ္စာဖောက်ပြီး ကန်ယီနိုင်ငံကို ထွက်ပြေးသွားတယ်… ငါကြားတာကတော့ သူက အရမ်း ထူးချွန်တယ်တဲ့…” တစ်ယောက်က သူ့အဖော်အား တိုးတိုးလေး ပြောပြသည်။ ယမန်နေ့က ဧကရာဇ်သုံးပါး လာရောက် ကြည့်ရှုရာ ဧကရာဇ်နှင့် ပါလာသော သူများ၏ သတင်းများမှာလည်း ပျံ့နှံ့နေပြီဖြစ်သည်။

ယွန်ချူနိုင်ငံမှလူများနှင့် ယန်တိုင်းပြည်မှ လူများလည်း ရောက်ရှိလာကြသည်။ ဧကရာဇ်ရီတို့ အုပ်စု ရောက်ရှိလာသောအခါ ချူခွန်ယမ်။ ယန်ကီနှင့် တခြားလူများ၏အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။ မနေ့က ဖန်းဟွာပွဲတော်၏နံပါတ်တစ် ပါရမီရှင်က တိုက်ပွဲမှ ရှောင်ဖယ်နေခဲ့သည်။

ဧကရာဇ်လျိုလည်း ရောက်ရှိလာခဲ့သည်။ ဧကရာဇ်လေးပါးလုံး ရောက်ရှိလာပြီဖြစ်ရာ တန်ဖန်းပွဲတော်မှာ မကြာမီ စတင်တော့မည်ဖြစ်သည်။

“မနေ့က ဂျင်လန်က လူတိုင်းကို ဖိတ်ခေါ်ခဲ့တယ်… နိုင်ငံတိုင်းရဲ့ ဂုဏ်ဆောင်တွေက အချင်းချင်း ပြောဆို ဆက်ဆံကြည့်ကြရဲ့လား…” ဧကရာဇ်လျိုက ပြုံးလျက် ပြောသည်။ တခြား ဧကရာဇ်များက စိတ်ဝင်တစား ကြည့်ကြသည်။ သူတို့က မနေ့က ကိစ္စအား သေသေချာချာ မသိကြပေ။

“ကျုပ်တို့က ဖန်းဟွာအဆင့်က လူအချို့နဲ့ တိုက်ခိုက်ခဲ့တယ်…” ချူခွန်ယမ်က ပြောသည်…“ထင်တဲ့အတိုင်းပဲ… ကောင်းကင်အဆင့်ကတောင် အနိုင်ယူခံရတဲ့ ဓမ္မအသိတွေက ဒီလောက်မဟုတ်ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် ဖန်းဟွာပွဲတော်က သုံးနှစ်တစ်ခါ လုပ်တဲ့ပြိုင်ပွဲပဲ… ဒီလောက်အဆင့်ရှိတာပဲ တော်တော် ကောင်းနေပြီ…..” သူ့လေသံမှ မောက်မာမှုကို လူတိုင်း ခံစားသိရှိနိုင်သည်။

ဘေချူနှင့် ယူဂျန်တို့၏ မျက်နှာများ နက်မှောင်သွားကြသည်။ သည်ကိစ္စအား ပြန်ပြောသည့်အတွက် စိတ်ထဲမှ ဆဲရေးနေကြသည်။

“ယန်တိုင်းပြည်ကလည်း ရှုံးခဲ့တာပဲမလား…” ဘေချူက အေးစက်စွာ ပြောသည်။

“ကျုပ်ပြောနိုင်တာကတော့ ဖန်းဟွာအဆင့်ရဲ့ တတိယနေရာက အရည်အချင်း ရှိတယ်ဆိုတာပဲ…” ယန်ကီက အေးစက်စွာ ပြောသည်။ ယန်ကျန်းက ဖန်းဟွာအဆင့်သုံး ယူချင်းထံတွင် ရှုံးနိမ့်ခဲ့သည်။

“ရီဝူချင်းက ကန်ယီနိုင်ငံ ဖန်းဟွာအဆင့်ရဲ့ ပြိုင်ဘက်ကင်းပဲ… ဒါပေမဲ့ ကျုပ်တို့က သူ့စွမ်းရည်ကို စမ်းသပ်ဖို့ အလျင်မလိုသေးဘူး… ဒီနှစ်တန်ဖန်းပွဲတော်က ဘယ်လိုပါရမီရှင်တွေ ထွက်ပေါ်လာမယ်ဆိုတာ စောင့်ကြည့်ရအောင်….” ချူခွန်ယမ်က ပြောသည်။

“ဖန်းဟွာအဆင့်ရဲ့ ပထမကရော…” ဧကရာဇ်လျိုက ပြုံးလျက် မေးသည်။ သူက ရီဖူရှင်းအား သိပုံမရပေ။ မှန်သည်… တကယ်လည်း သူရီဖူရှင်းကို မသိပေ။ သူတို့က တန်ဖန်းပွဲတော်တွင်သာ ပထမဆုံး ဆုံတွေ့ဖူးခြင်းဖြစ်သည်။

“ဖန်းဟွာပထမအဆင့်… ဟ…” ချူခွန်ယမ်က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ “သူက တကယ်ပဲ မာနကြီးတာလား… တိုက်ခိုက်ဖို့ ကြောက်နေတာလား… မသိတော့ဘူး…”

ချူခွန်ယမ်က ပြောသည်မှာ ရီဖူရှင်းက မတိုက်ခိုက်လိုသောကြောင့် မာနကြီးချင်ယောင် ဆောင်နေခြင်းဖြစ်ကြောင်း ပြောလိုသည်။ အကယ်၍ သူက မတိုက်ခိုက်ခဲ့ပါက သူမည်မျှ စွမ်းသည်ကို မည်သူမှ သိတော့မည် မဟုတ်ပေ။ သူက ဖန်းဟွာပွဲတော်တွင် မိမိကိုယ်ကို သက်သေပြနိုင်ခဲ့သည့်တိုင် ကန်ယီနိုင်ငံကသာ မြင်ခဲ့ရခြင်း ဖြစ်သည်။ ယခုကား နိုင်ငံတိုင်းက လူများ ရှိနေသည်။

ဘေချူ လင်းယွီယိုတို့အပါအဝင် အကြည့်များစွာက ရီဖူရှင်းထံ ရောက်ရှိလာသည်။ ချူခွန်ယမ်က သူ့အား ယမန်နေ့ညကတည်းက ရန်စနေခြင်းဖြစ်သည်။ သို့သော် သူကား ယခုထိ တုံ့ပြန်မှု မရှိသေးပေ။

ရီဖူရှင်းက ပြိုင်ပွဲစင်မြင့်ကိုးခုကို ကြည့်ရှုကာ ထိုနေရာတွင် ထိုင်နေဆဲပင်။ သူက ချူခွန်ယမ်၏ရန်စမှုအား လျစ်လျူရှုထားသည်။

လူတိုင်းက ဆွံ့အသွားကြသည်။ သည်ကောင်ကား…

“မင်းမှာ ဘာမှ ပြောစရာ မရှိဘူးလား…” ချူခွန်ယမ်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။

သည်လူ မည်မျှ ခေါင်းမာသည်ကို ကြည့်ကာ ရီဖူရှင်းက နောက်ဆုံးတွင် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက ပြိုင်ပွဲအား ဆက်လက်ကြည့်ရှုသည်။

လူတိုင်းက အံ့အားသင့်သွားကြသည်။ တိုက်ပွဲက အမှန်ပင်သည်မျှ စိတ်ဝင်စားစရာ ကောင်းနေသည်လော။

လူအများအပြားက သူ့အကြည့်ကို လိုက်ကြည့်ကြရာ ဒွန်ဟိုင်ကျောင်းတော်မှ ကျောက်မူက ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် စင်မြင့်တွင် တိုက်ခိုက်နေသည်ကို မြင်ကြရသည်။

“သူ့နာမည်… ကျောက်မူ… သူလည်း အရင်တုန်းက မောက်မာတယ်…” ရီဖူရှင်းက ကြည့်နေရင်းက ရုတ်တရက်ပြောသည်။ ဤသည်ကို ကြားလျှင် လူတိုင်းက သူ့အား ကြည့်လိုက်ကြသည်။ ရီဖူရှင်းက ပြုံးလျက် ဆက်ပြောသည်… “နှင်တံတစ်ချောင်းနဲ့ အရိုက်ခံရပြီး နောက်ပိုင်း သူလည်း ပိုလိမ္မာသွားတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset