ရီဖူရှင်းက မူလနေရာသို့ ပြန်ရောက်လာခဲ့သည်။ ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှလူများက သူ့အား ကြည့်နေကြသည်။ သူတို့က ဖန်းဟွာအဆင့်တစ်၏ အရည်အချင်းအား စမ်းသပ်လိုခဲ့ကြသည်။ သို့သော် ရီဖူရှင်းက မလိုလားပေ။ ထိုအစား ယူချင်းက လက်ဝါးတစ်ချက်ရိုက်ကာ သူတို့၏အမြင်အား ရှင်းလင်းစေခဲ့သည်။ ရီဖူရှင်းကား တိုက်ပွဲမှ ရှောင်ပုန်းနေခြင်း မဟုတ်ပေ။ သည်လူများမှာ သူတိုက်ခိုက် ရလောက်အောင် အရည်အချင်း မပြည့်မီဟု ယူဆ၍သာ ဖြစ်ပေသည်။
ယူချင်းနှင့် ရီဖူရှင်းတို့မှာ တန်ခိုးအဆင့်တူ ဖြစ်သည်။ သို့သော် ပထမနေရာမှာ ယူချင်းမဟုတ်ဘဲ ရီဖူရှင်းဖြစ်သည်။ အကယ်၍ ကန်ကျန်းသာလျှင် ယူချင်းထံတွင် လက်ဝါးရိုက်ချက် တစ်ချက်တည်းကြောင့် ရှုံးနိမ့်ခဲ့လျှင် ရီဖူရှင်း၏အရည်အချင်းမှာ မည်မျှရှိသနည်း သူတို့တွေးကြည့်၍ ရနိုင်ပြီဖြစ်သည်။ ပိုမိုသေချာအောင် ပြောရလျှင် ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် အတွင်းတွင် သူ့အား ယှဉ်နိုင်မည့်သူ အလွန် ရှားပါးသွားပြီဖြစ်သည်။
“ဒီနေ့ ပွဲတော်မှာ ယန်တိုင်းပြည်ရဲ့ ဧကရာဇ်က ပြောခဲ့တယ်… ဖန်းဟွာပွဲတော်လို ပွဲမျိုးတွေက ပျင်းစရာဖြစ်ပြီးတော့ တကယ်တမ်း ထူးချွန်တဲ့လူတွေကို ရွေးချယ်နိုင်ပါ့မလား ဆိုပြီးတော့… ဒါပေမဲ့ အခု သူပြောတာက မမှန်ဘူးဆိုတာ ခုနက တိုက်ပွဲက သက်သေပဲ… ယန်တိုင်းပြည်က တခြားလူတွေက စမ်းကြည့်ချင်သေးလား…” တောက်ပြောင်စွာ ဝတ်စားထားသော ယွန်ချူနိုင်ငံမှ လူငယ်တစ်ယောက်က ပြောသည်။
“သေချာတာပေါ့… ဒါတင်ပဲလား… ကျုပ်တို့ကလည်း ယွန်ချူနိုင်ငံရဲ့ ချူခွန်ယမ်က ဘယ်လောက်ထိ စွမ်းလဲ သိချင်နေတာ…” ယန်တိုင်းပြည်မှ လူငယ်ကလည်း ခုနက စကားပြောသော လူငယ်ကို ကြည့်ကာ ပြန်ပြောသည်။ ထိုလူငယ်၏နာမည်မှာ ယန်ကီ ဖြစ်ပြီး သူက လှမ်းပြောလိုက်သော တောက်ပြောင်စွာ ဝတ်စားထားသော လူငယ်မှာ ချူခွန်ယမ် ဖြစ်သည်။
“ယန်ကီရဲ့ ဓားက ကျုပ်တို့ ယွန်ချူတိုင်းပြည် အထိတောင် ကျော်ကြားတာပဲ… အဆင့်နှစ် ဓမ္မတန်ခိုးအဆင့်နဲ့ ယန်ကီရဲ့ဓားက အဆင့်လေး ဓမ္မတန်ခိုးရှင်ကိုတောင် သတ်နိုင်တယ်လို့ ပြောကြတယ်… သူ့ရဲ့ အရည်အချင်းကြောင့် ဧကရာဇ်ယန်ရဲ့ မွေးစားသားအဖြစ် မွေးစားခံရပြီးတော့ မိသားစုနာမည်ဖြစ်တဲ့ ယန် နာမည်ကို ပိုင်ဆိုင်ခွင့်ရသတဲ့…” ချူခွန်ယမ်က ပြုံးလျက် ပြောသည်။ လူငယ်နှစ်ယောက်က စကားလုံးများဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
“ချူခွန်ယမ်နှင့် ယန်ကီတို့ နှစ်ယောက်လုံးမှာ သူတို့နိုင်ငံအသီးသီးမှ လူငယ်ခေါင်းဆောင်များဟု သတ်မှတ်၍ ရသည်။ တစ်ယောက်ကား မင်းသား အစစ်အမှန်ဖြစ်ပြီး နောက်တစ်ယောက်ကား မင်းသားဘွဲ့ ပေးအပ်ခြင်း ခံရသူဖြစ်သည်။ ဧကရာဇ်ယန် ပြောခဲ့သလိုပင် ယန်တိုင်းပြည်ကား အမှန်တကယ်ပင် အရည်အချင်း ရှိသူများကို ချီးမြှောက်လေ့ရှိကာ ထူးချွန်သော သူများမှာ ရာထူးအဆင့်အတန်း မြင့်မြင့်ကို ရရှိခံစားကြရသည်။ ပါရမီအလွန် ထူးခြား ကောင်းမွန်ပါက မင်းသားပင် ဖြစ်နိုင်သည်ကို ယန်ကီက သက်သေပြနေသည်။
ချူခွန်ယမ်နှင့် ယန်ကီတို့၏မျက်လုံးများ ဆုံမိကြသည်။ သူတို့၏မျက်လုံးများက ဓားသွားများလို စူးရှလှသည်။ ပတ်ဝန်းကျင် တစ်ခုလုံးအား မမြင်ရသော အားလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။ ထိုစဉ်မှာပင် ချူခွန်ယမ်က ရယ်မောလိုက်ကာ ထိုအားလှိုင်းလည်း ပျောက်ကွယ်သွားသည်။
“တန်ဖန်းပွဲတော်က အခုမှ စတာလေ… အစ်ကိုယန်… ကျုပ်တို့က အလျင်လိုစရာလိုပါဘူး… အချိန်က ဆုံးဖြတ်သွားလိမ့်မယ်…” ချူခွန်ယမ်က ပြောသည်။ “စိတ်မကောင်းစရာက ဖန်းဟွာအဆင့်တစ်ရဲ့ တန်ခိုးအဆင့်က အရမ်းနိမ့်နေတာပဲ… သိပ်ပျော်စရာ မကောင်းတော့ဘူး ဖြစ်သွားတယ်… တကယ်လို့ သူသာ ဓမ္မအဆင့်ဆိုရင် တော်တော် စိတ်ဝင်စားစရာ ကောင်းမှာ….” ရီဖူရှင်းက ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့်ဖြင့် ဓမ္မအဆင့် တန်ခိုးရှင်များအား အနိုင်ယူခဲ့သည်ကို သူတို့ကြားဖူးသော်လည်း လက်တွေ့မမြင်ရသရွေ့ သူတို့က ရီဖူရှင်း၏စွမ်းရည်များကို အသိအမှတ် မပြုနိုင်သေးပေ။
ကြယ်ခုနစ်ပွင့် အဆင့်ကပင်လျှင် အနိုင်ယူခံရသော ဓမ္မအသိမှာ အထင်သေးခံရမည်မှာ သေချာလှသည်။ ချူခွန်ယမ်နှင့် ယန်ကီတို့၏ ပါရမီမှာ သူတို့၏ တိုင်းပြည်များတွင် အဆင့်တူ အချင်းချင်းတွင် ခေါင်းတစ်လုံး မြင့်အောင်ပင် ထူးခြား ထက်မြက်သူများဖြစ်ရာ သူတို့၏အရည်အချင်းများအား သံသယဖြစ်ရန် မလိုပေ။
“ဒါပေမဲ့ စိတ်အေးစရာတစ်ခုက ရီဝူချင်းကလည်း ဖန်းဟွာအဆင့်ကပဲ…..” ချူခွန်ယမ်က ပြောသည်။ ထို့နောက် သူက ထိုခုံတွင် တိတ်ဆိတ်စွာ ထိုင်နေသော လူတစ်ယောကို ကြည့်ကာ ပြောသည်…“ရီဝူချင်း… မင်းက ဖန်းဟွာအဆင့်မှာ စွမ်းအားအမြင့်ဆုံးလူပဲ…ရီဖူရှင်းက ဓမ္မအဆင့်က တန်ခိုးရှင်တွေကိုသာ အနိုင်မယူခဲ့ဘူးဆိုရင် ပထမနေရာက မင်းအတွက် ဖြစ်မှာပဲ…”
“ မင်းက အတော်သိတာပဲ…” ရီဝူချင်းက ပြောသည်။ သူက ဝိုင်ခွက်အား စားပွဲပေါ်တွင် ချလိုက်ပြီး ချူခွန်ယမ်အား ပြန်ကြည့်လိုက်သည်။
“ဒါတွေက သိဖို့ သိပ်မခက်ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် ကန်ယီနိုင်ငံရဲ့ ဖန်းဟွာပွဲတော်က သေးသေးလေးမှ မဟုတ်တာ…” ချူခွန်ယမ်က ပြောသည်။ နန်းတော်အတွင်းတွင် သတင်းများက အများအပြား စုစည်းနေလျက်ရှိရာ မင်းသားတစ်ပါး အနေဖြင့် သူက သည်သတင်းများအား အလွယ်တကူ စုံစမ်းသိရှိနိုင်သည်။ ချူခွန်ယမ်က ဖန်းဟွာပွဲတော်ကို ကိုယ်တိုင် မကြည့်ခဲ့ရသော်လည်း သတင်းများအရ သူစိတ်ဝင်စားမိသော သူနှစ်ယောက် ရှိခဲ့သည်။ တစ်ယောက်မှာ ရီဖူရှင်းဖြစ်ပြီး သူက ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်မျှဖြင့် ဓမ္မအဆင့် တန်ခိုးရှင်များအား အနိုင်ယူနိုင်စွမ်းရှိပြီး နောက်တစ်ယောက်မှာ ပြိုင်ဘက်ကင်း ရီဝူချင်းဖြစ်သည်။ သူတို့နှစ်ယောက်တွင် ချူခွန်ယမ်က တန်ခိုးအဆင့်နိမ့်လှသော ရီဖူရှင်းအား စိတ်ဝင်စားမှု နည်းသည်။ သူအမှန်တကယ် စိတ်ဝင်စားသောသူက ရီဝူချင်းဖြစ်သည်။
“ဒါပေမဲ့ ငါမင်းအကြောင်း ဘာမှ မသိဘူး…” ရီဝူချင်းက ထူးမခြားနားစွာ ပြောသည်။ ချူခွန်ယမ်၏မျက်နှာပေါ်တွင် သက်သောင့်သက်သာ မရှိသော အပြုံးတစ်ခု ပေါ်လာသည်။
ရီဖူရှင်း ရယ်မောလိုက်သည်။ ရီဝူချင်းကား အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။
“ချူခွန်ယမ်… ကြည့်ရတာ မင်းက ထင်သလောက်လည်း နာမည်မကြီးပါလား… ဟား… ဟား…” ယန်ကီက ဝါးလုံးကွဲ ရယ်မောလိုက်သည်။
“မင်းလည်း တူတူပဲ…..” ရီဝူချင်းက နောက်တစ်ကြိမ် ပြောလိုက်ပြန်သည်။ ယန်ကီက သူ့အား ထူးဆန်းစွာ ပြန်ကြည့်သည်။ ချူခွန်ယမ်မှာ အလွန် မာနကြီးသည်ဟု ယန်ကီကြားဖူးသည်။ သို့သော် ယခု ချူခွန်ယမ်ထက် မာနကြီးကာ ဘဝင်မြင့်သောသူအား တွေ့ရမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ရီဝူချင်းကား မာနကြီးကာ ဘဝင်မြင့်ခြင်း မဟုတ်ပေ။ သူ့အမြင်တွင် တန်ခိုးကျင့်ခြင်းကား လွယ်ကူသော အရာမဟုတ်ပေ။ ဓားလမ်းစဉ်မှာ အချိန်အများအပြား ပေးရကာ လေ့လာ စူးစမ်းမှုများစွာ ပြုလုပ်ရသည်။ ယန်တိုင်းပြည်နှင့် ယွန်ချူနိုင်ငံမှ တန်ခိုးရှင်များ အကြောင်းကို လေ့လာရန် သူ့တွင် အချိန်မရှိပေ။ ရီဝူချင်းအတွက်မူ တစ်စုံတစ်ယောက်၏ အစွမ်းအားသိချင်ပါက စိန်ခေါ်လိုက်လျှင် ပြတ်သွားသည့် ကိစ္စဖြစ်သည်။ ရှုပ်ထွေးသော အကြောင်းအရာများကို သူမတွေးလိုပေ။
“ဒါက ရပါတယ်… မင်းက နောက်ဆို ငါတို့ကို တဖြည်းဖြည်း သိလာလိမ့်မယ်…” ချူခွန်ယမ်က ပြုံးလျက် ရီဝူချင်းကို လှမ်းပြောသည်။ ထို့နောက် သူက ဘေးမှ သူ့လူများအား မေးလိုက်သည်… “ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့်ဆီမှာ ရှုံးနိမ့်တဲ့ ဓမ္မအသိတွေက ဘယ်လိုမျိုးတွေလဲ မင်းတို့ သိချင်ကြလား… ဒါက မင်းတို့ရဲ့ အခွင့်အရေးပဲ…”
သူက ထိုသို့ ပြောလိုက်သည်နှင့် ယွန်ချူနိုင်ငံမှ လူငယ်တစ်ယောက်က လှမ်းထွက်လာသည်။ သူက ပြောသည်… “မင်းတို့ရဲ့ အရည်အချင်းကို တိုက်ခိုက်ပြီးတော့ သက်သေပြမယ်ဆိုရင် စိတ်မဆိုးဘူးမလား…”
ဘေချူနှင့် ယူဂျန်တို့၏မျက်နှာများ မည်းမှောင် သွားကြသည်။ သူတို့က ရီဖူရှင်းထံ ရှုံးနိမ့်ခဲ့သော သတင်းမှာ အိမ်နီးချင်းနိုင်ငံသို့အထိ ပျံ့နှံ့သွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။ ယခုကား သမိုင်းဝင် အရှုံးကြီးဖြစ်သွားကာ ထိုအရှက်ရမှုကို မည်သို့မျှ ပြန်လည် ပယ်ဖျက်နိုင်တော့မည် မဟုတ်တော့ပေ။ ယခုလည်း ထိုကိစ္စက သူတို့ထံ လာရောက် ရစ်ပတ်ပြန်သည်။
ဘေချူ လှမ်းထွက်လိုက်သည်။ သူကား ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သော်လည်း သူကား ချင်ကလန်၏ နံပါတ်တစ်ပါရမီရှင်သာ ဖြစ်သည်။ သူ့စွမ်းရည်များကား လုံးဝ မညံ့ပေ။ မဟုတ်လျှင် သူက ဖန်းဟွာအဆင့်အတွင်းသို့ ရောက်ရှိမည် မဟုတ်ပေ။ သူက ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့ပြီးနောက် သူက ပြိုင်ဘက် အများအပြားအား အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် ဧကရာဇ်က သူ့အား ဖန်းဟွာအဆင့် အတွက် ရွေးချယ်ခဲ့၏။
တန်ခိုးရှင်နှစ်ယောက်က စင်မြင့်ပေါ်သို့ လျှောက်လာကြသည်။ စင်မြင့်ကား စိန်ခေါ်ပွဲအတွက် အဆင်သင့် ပြင်ထားသလား မှတ်ရသည်။ နေရာကား အတန်အသင့် ကျယ်ဝန်း၏။ လျင်မြန်စွာပင် ကု့ချင်းသံ ထွက်ပေါ်လာသည်။ မှော်ဂီတပညာရှင် တစ်ယောက် ဖြစ်သည့်အတိုင်းပင် ဘေချူ၏ မှော်ဂီတတိုက်ကွက်မှာ အလွန်အားပြင်းသည်။ ချင်ကလန်ကား နာမည်နှင့်လိုက်အောင်ပင် အရည်အချင်း ရှိပေသည်။
သို့သော်လည်း နောက်ဆုံးတွင်ကား ဘေချူရှုံးနိမ့်ခဲ့သည်။
ယွန်ချူနိုင်ငံမှ ခေါ်လာသော လူငယ်များမှာလည်း သူတို့တိုင်းပြည်၏ အထူးချွန်ဆုံး ပါရမီရှင်များ ဖြစ်ကြသည်။ ယန်တိုင်းပြည်ကား ယူချင်းနှင့် တိုက်ပွဲတုန်းက ချက်ချင်း အနိုင်ယူခံလိုက်ရ၍ အရှက်ရခဲ့ကြသည်။ ထို့ကြောင့် ယွန်ချူနိုင်ငံက တူညီသော အမှားများကို ပြုလုပ်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ဘေချူအား တိုက်ခိုက်ခိုင်းသော လူငယ်မှာ အလွန် အစွမ်းထက်မြက်လှသည်။ သူတို့နိုင်ငံမှ လူငယ်မျိုးဆက်များထဲတွင် ထိုလူငယ်မှာ အထူးချွန်ဆုံးဟုပင် ပြောနိုင်သည်။ သို့သော် ဘေချူကား ထိုအရာများကို မသိပေ။ သူသိသည်ကား သူ၏စော်ကားခံရမှုမှာ နောက်တစ်ကြိမ် တိုးသွားသည်ဟူ၍ပင်။ သူအမှန် စိတ်ဓာတ်ကျလှသည်။
ထို့နောက် ယန်တိုင်းပြည်မှ လူများက အပျော်ဟု ခေါင်းစဉ်တပ်ကာ ယူဂျင်အား စိန်ခေါ်ကြသည်။ တူညီစွာပင် ယူဂျင်လည်း ရှုံးနိမ့်ခဲ့သည်။ ယန်တိုင်းပြည်၏အနိုင်မှာ ပထမတစ်ကြိမ် ရှုံးနိမ့်မှုအား ပြန်လည် ပြင်ဆင်နိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ ရှုံးနိမ့်ခဲ့သော ဘေချူနှင့် ယူဂျင်တို့က ကြယ်ခုနစ်ပွင့်အဆင့် ကောင်းကင်မှ အနိုင်ယူခဲ့သော ဓမ္မအသိက မည်ကဲ့သို့ ဓမ္မဖြစ်သည်ကို အဖြေထုတ်ပေးခဲ့သည်။
“ကြည့်ရတာကတော့ ဖန်းဟွာပထမက ဒီလောက် မဟုတ်ပါဘူး…” ချူခွန်ယမ်က ရီဖူရှင်းကို ကြည့်ကာ ပြုံးလိုက်သည်။
မင်းသား ရီဒန်ချန်း။ မင်းသမီး ရီလင်းဇီနှင့် တခြားလူများက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ထိုစော်ကားမှုများအား ထိုင်မကြည့်နိုင်ကြပေ။ ကန်ယီတိုင်းပြည်ကား နှစ်ကြိမ်တိုင် ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ ဘေချူနှင့် ယူဂျင်တို့၏ မျက်လုံးများကပင် ရီဖူရှင်းထံ ရောက်လာသည်။ အကယ်၍ သူသာလျှင် တိုက်ခိုက်ခဲ့ပါက သူတို့က သည်လောက် အသုံးမကျသည် မဟုတ်ကြောင်းကို ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှလူများ သိကြမည်ဖြစ်သည်။
ရီဖူရှင်းက ချူခွန်ယမ် ပြောသည်ကို မကြားဟန်ဆောင်ကာ ယူချင်းအား လှမ်းခေါ်လိုက်သည်…“ယူချင်း…”
“…” မည်သူကမှ စကားတစ်ခွန်း မပြောကြပေ။ သူက ယူချင်းကို ထပ်မံတိုက်ခိုက် ခိုင်းပြန်ပြီလား။
“အင်း…” ယူချင်းက ပြန်ဖြေသည်။
ရီဖူရှင်းက ရှေ့ကို ကြည့်ကာ ပြုံးလျက် မတ်တတ်ရပ်သည်။ ထို့နောက် သူက ပြောသည်…“ငါဗိုက်ဝပြီ…သွားမယ်…”
“…”
ယူချင်း မျက်လုံးပြူးသွားကာ ပြန်ပြောသည်… “ကောင်းပြီ…” သည်နည်းဖြင့် သူတို့နှစ်ယောက်က ထိုနေရာမှ လူတိုင်းအား လျစ်လျူရှုကာ ထွက်လာကြသည်။
ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများက သူတို့နှစ်ယောက် ထွက်သွားသည်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်က အဘယ်ကြောင့် သည်မျှ လူအများကို မလေးမစား ပြုမူနိုင်ရသနည်း။
ချူခွန်ယမ်နှင့် ယန်ကီတို့ နှစ်ယောက်လုံးမှာ အလွန်မာနကြီးသူများ ဖြစ်ကြသသည်။ ရီဝူချင်းသည်လည်း သူတို့ထက်မလျော့ပေ။ သို့သော် ရီဖူရှင်းကား သူတို့နှင့် မတူပေ။ သူက ထိုလူများအား စော်ကားသော စကား။ ဝေဖန်သော စကား။ သရော်သောစကားများ တစ်ခွန်းမှပင် မပြောပေ။ သူက သူတို့၏တည်ရှိမှုအား လျစ်လျူရှုထားခြင်း ဖြစ်သည်။
ဝိုင်ခွက်အားကိုင်ကာ လျိုဂျင်လန်က ရီဖူရှင်းအား နောက်ကျောအား စိုက်ကြည့်နေသည်။ သူ့မျက်လုံးမှ လူသတ်လိုသော အရိပ်အယောင်များအား ဖုံးကွယ်ရန်ပင် ခက်ခဲလွန်းလှသည်။
သက်စောင့်ဝိညာဉ်နှစ်ခုနှင့် ဓာတ်စွမ်းအင်မျိုးစုံ သုံးနိုင်စွမ်းရှိသည့် ရီဖူရှင်းကား အလွန့်အလွန် ပါရမီပါလွန်းသော်လည်း ကြီးပြင်းရန် လိုသေးသည်။ လျိုဂျင်လန်က သူ့အား လုံးဝ သည်အခွင့်အရေးပေးမည် မဟုတ်ပေ။
“ကျုပ်လည်း ဗိုက်ဝပြီ…..” ရီဝူချင်းက ပြောကာ သူ့ထိုင်ခုံမှ ထသည်။
“ဒါဆိုလည်း… ကျုပ်တို့ သွားတော့မယ်…” ရီဒန်ချန်းက လျိုဂျင်လန်ကို ပြောသည်။ ကန်ယီတိုင်းပြည်မှ လူများက တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်လိုက်ကြကာ ထိုနေရာမှ ထွက်ခွာလာကြသည်။ ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူများအားလုံးက သူတို့အား အေးစက်စွာ ကြည့်နေကြသည်။
“ကျုပ်တို့ နိုင်ငံသုံးနိုင်ငံက ပါရမီရှင်တွေ တန်ဖန်းပွဲတော်မှာ လာပြီး စုစည်းနေကြတာပဲ… နောက်ဆုံးမှာတော့ ဘယ်သူက အစွမ်းအထက်ဆုံးလဲ သိကြရမှာပဲ…..” ချူခွန်ယမ်က အေးစက်စွာပြောသည်။ ထို့နောက် သူက ဆက်လက်၍ သောက်စားသည်။ သူကား ထွက်သွားရန် စိတ်ကူးမရှိသေးပေ။
လျိုဂျင်လန်က သူပြောသည်ကို ကြားကာ ပြုံးလိုက်သည်။ သူ့ခေါင်းထဲတွင် တခြား အကြံအစည်တစ်ခုရှိသည်။
ရီဖူရှင်းနှင့် တခြားလူများ ထိုနေရာမှ ထွက်ခွာလာပြီးနောက် လင်းယွီယိုက ရီဖူရှင်း၏အနီးကို ကပ်လာသည်။
“နင်တကယ် ဂရုမစိုက်တာလား…” သူမက ရီဖူရှင်းအား စိုက်ကြည့်လျက် မေးသည်။ သူမကား သည်ကောင်လေးကို ပိုမို၍ စိတ်ဝင်စားလာချေပြီ။
ရီဖူရှင်းက လင်းယွီယိုကို ကြည့်လိုက်သည်။ သူမကား အမှန်ပင် ကန်ယီတိုင်းပြည်၏နံပါတ်တစ် အလှမယ်ဖြစ်သည်။ သူမက ဟွာဂျီယူအား မယှဉ်နိုင်သော်လည်း သူမ၏ထူးခြား သာလွန်သော အလှက ဆွဲဆောင်အား ကောင်းလွန်းလှသည်။
“မင်းက ဘာလို့ မခန့်မှန်းကြည့်တာလဲ…” ရီဖူရှင်းက ရယ်မောလိုက်သည်။
“နင့်ခေါင်းထဲမှ ဘာတွေရှိနေလဲ ငါတကယ် သိချင်တယ်…” လင်းယွီယိုက လှပစွာ ပြုံးပြလိုက်သည်။ သူမက ဆက်ပြောသည်…“ဘာလို့ ငါ့ကို မပြောပြတာလဲ…”
သူမ၏ ချစ်စဖွယ် အပြုံးအား ကြည့်ကာ ရီဖူရှင်းက ပြုံးလိုက်သည်…“မင်းရဲ့အလှက ငါ့ကို သက်ရောက်မှု မရှိဘူး… မင်းရဲ့ အလှက ငါ့ရဲ့ မြေခွေးမကို ယှဉ်မှ မယှဉ်နိုင်တာ…..”
“…” လင်းယွီယို ၏ခြေလှမ်းများ နှေးသွားပြီး ရီဖူရှင်းက သူမအား ဖြတ်ကျော်သွားသည်။ သူမက ရီဖူရှင်း၏နောက်ကျောအား ဒေါသတကြီး ကြည့်ရင်း ကျန်နေရစ်၏။ သူမဘေးမှ ဖြတ်လျှောက်သွားရင်း ဘေချူနှင့် တခြားလူများက သူမ၏မျက်လုံးမှ ဒေါသများကို မြင်ကြသည်။ သူတို့၏ရင်ထဲတွင် မနာလိုစိတ်များ ပေါက်ဖွားလာကြသည်။
သည်မိန်းကလေးက ယခင်ကအတိုင်း အေးစက်ကာ အရာရာကို ဂရုမထားတတ်သော ကောင်မလေးလား။ သူမနှင့် ရီဖူရှင်းက မည်သူက ပို၍ ဂရုမထားတတ်သနည်း။
သူတို့အုပ်စု နန်းဆောင်သို့ ပြန်ရောက်လျှင် လူစုခွဲလိုက်ကြသည်။ နန်းဆောင် အပြင်ဘက်တွင် ရင်းနှီးသော မိန်းမပျိုတစ်ယောက် လမ်းလျှောက်နေသည်ကို ရီဖူရှင်း မြင်သည်။ သူမက ရီဖူရှင်းအား မြင်လျှင် တောက်ပသော မျက်လုံးဝိုင်းများဖြင့် သူ့ထံ လျှောက်လာသည်။ “နင်ပြန်လာပြီ…” သူမက အော်ဟစ်ကာ နှုတ်ဆက်သည်။
ရီဖူရှင်းက ထိုပြုံးနေသော မိန်းကလေးထံ လျှောက်သွားလိုက်သည်။ ထိုလှပသော မိန်းကလေးအား မြင်လျှင် ရီဖူရှင်း၏နောက်မှ လူများက ထူးဆန်းစွာ ကြည့်ကြသည်။ နန်းဆောင်ကို ရောက်စနေ့က အဖြစ်အပျက်ကို သူတို့ မှတ်မိသေးသည်။ ထိုနေ့တွင် နန်ဒူနိုင်ငံ၏ မင်းသမီးက ရီဖူရှင်းအား လာရှာခဲ့၏။ ယခုညတွင်လည်း အခြား လှပသော မိန်းမပျိုတစ်ယောက်က သူ့အား လာရှာပြန်သည်။ အမှန်ပင် သူက ကန်ယီတိုင်းပြည်ကို ထွက်ပြေးလာရသည်လား။
လင်းယွီယိုက သူမနှင့် မနီးမဝေးမှ လူနှစ်ယောက်ကို ကြည့်ကာ ဆွံ့အသွားသည်။ သည်ကောင်၏ မိန်းမနှင့်ပတ်သက်သော ကံက သည်မျှလောက်ပင် ကောင်းမွန်ရသလော။
အခြားတစ်ဖက်တွင်မူ ရီဒန်ချန်းက ရီဖူရှင်းအား လေးစားစွာ ကြည့်သည်။ “အရမ်းမိုက်တာပဲ…” သူရေရွတ်မိသည်။ လူတိုင်းက မိမိတို့အိမ်ခန်းသို့ ပြန်သွားကြသည်။ ယူချင်းတစ်ယောက်သာ ရီဖူရှင်းအနီးတွင် ကျန်နေရစ်သည်။
“လင်းဇီယွီ… ဒွန်ဟိုင်ကျောင်းတော်က လူတွေနဲ့ အတူလာတာ မဟုတ်ဘူးလား… မင်းက ဒီမှာ ဘာလုပ်နေတာလဲ…..” ရီဖူရှင်းက မေးသည်။ ယနေ့တွင် သူက လင်းဇီယွီအား ဒွန်ဟိုင်ကျောင်းတော် အုပ်စုတွင် သူမြင်ခဲ့သည်။ လင်းယွီယိုက ဒွန်ဟိုင်ကျောင်းတော်တွင် တက်ရောက်နေခြင်း ဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။
***
အတွဲ(၉)ပြီးပါပြီ
ဆက်ပါဦးမည်။
***