ယူချင်းက ကန်ယီတိုင်းပြည်အုပ်စုမှ လှမ်းထွက်လိုက်သည်။ လူတိုင်းက ရီဖူရှင်းထံမှ အကြည့်ကို ချက်ချင်းလွှဲလိုက်ကြသည်။ ယန်တိုင်းပြည်မှ ယန်ကျန်းကား အလွန်သန်မာ ထွားကျိုင်းသော ပုံစံရှိကာ ပေါက်ကွဲနိုင်စွမ်းသော အားအင်များ အပြည့်ရှိသည်။ သို့သော် ယူချင်းထွက်လာသည်နှင့် သူကား ချက်ချင်း သိမ်ငယ်သွားရဟန် တူသည်။ လူအများအပြားက ယူချင်း၏အရှိန်အဝါကို ကြည့်ကာ ထိတ်လန့်ရ၏။ သည်လူသန်ကြီး နှစ်ယောက် တိုက်ခိုက်ကြတော့မည် ဖြစ်ရာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ယန်ကျန်းက ယူချင်းအား ကြည့်ကာ ပြုံးလိုက်သည်။ သူက လက်ဆစ်များ မြည်အောင် တဖြုတ်ဖြုတ် ချိုးကာ သူ မည်မျှသန်မာကြောင်း ဟန်ရေးပြနေသည်။
မာန်သွင်းသံတစ်ချက် ကြားရကာ နွားရိုင်းတစ်ကောင် ယန်ကျင်း၏နောက်တွင် ပေါ်လာသည်။ ထိုသတ္တဝါကား ကြီးမားလှပြီး အလွန် သန်စွမ်းဟန် ရှိနေသည်။ မှန်သည်… ထိုအရာကား ယန်ကျန်း၏ သက်စောင့်ဝိညာဉ် ဖြစ်သည်။ ယန်ကျင်းကား မိမိကိုယ်ကို ယုံကြည်သော်လည်း သူက ရန်သူအား လျှော့မတွက်ရဲပေ။
“မင်းရဲ့ သက်စောင့်ဝိညာဉ် ဘယ်မှာလဲ…” သူက မေးသည်။
“မင်းအတွက်လား…” ယူချင်းက ယန်ကျင်းအား ကြည့်လိုက်သည်။ ယန်ကျင်းကဲ့သို့ တန်ခိုးအဆင့်တူကို ထား၍ သူကား မည်သည့်သူကိုမှ သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်၍ မတိုက်ခိုက်ဖူးသေးပေ။
“မင်း…” ဟူသော စကားနောက်ကွယ်မှ အထင်သေးမှုကို ခံစားရသော ယန်ကျန်းက ရှေ့ကို တိုးလာသည်။ စင်မြင့်က တုန်ခါလာသည်။ လူတိုင်းက နွားရိုင်းအုပ် ချီတက်လာသည့် ခံစားချက်ကိုပင် ခံစားလိုက်ရ၏။
ဘုန်း… ဘုန်း… ဘုန်း… မြေပြင်တုန်ခါလာသည်။ လူတိုင်း၏ ဝိုင်ဖန်ခွက်များ လှုပ်ယမ်း လာနေကြသည်။ အလွန်အားကာင်းသော ကိုယ်အရှိန်အဝါက လူတိုင်းကို ထိတ်လန့်စေသည်။ သည်ကဲ့သို့ အားအားအဆင့်က မိမိတို့၏ရှေ့တွင် တောင်တန်းကြီးရှိလျှင်ပင် သူက ချက်ချင်း ဖြိုလှဲပစ်မည့် အားအင်မျိုး ဖြစ်သည်။
သို့သော် ယူချင်းက ထိုနေရာတွင်ပင် ရွေ့လျားမှုမရှိဘဲ ရပ်နေသည်။ သူ့ကိုယ်မှ လေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ယန်ကျင်းက သူ့ထံလှမ်းလာကာ လက်ဝါးတစ်ချက် ရိုက်လိုက်သည်ကို မြင်သည်။ ထိုခံစားချက်က နွားရိုင်းအုပ်တစ်အုပ်လုံးက တက်နင်းသလိုပင်။
ယူချင်းက ရှေ့ကို လှမ်းတက်လိုက်သည်။ ဝှီးခနဲ လေခွင်းသံနှင့်အတူ သူကလည်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ့လက်ဝါး ရိုက်ချက်တွင် လှည့်ကွက်များ မပါဝင်ပေ။ သူတို့၏သန်မာမှုက တိုက်ရိုက် ရင်ဆိုင်မှဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကား သန်မာမှုကို အခြေခံသော လူများ မဟုတ်ပါလား။
ဘုန်း… ပေါက်ကွဲသံတစ်ချက် ကြားလိုက်ရသည်။ ယူချင်း၏လက်ဝါးက ယန်ကျန်း၏ရင်ဘတ်ကို ထိမှန်ကာ ယန်ကျန်းမှာ ယန်တိုင်းပြည်မှ လူများဘက်သို့ လွင့်စဉ်သွားသည်။ ယူချင်းက ခုန်လွှားလိုက်လျှင် ချက်ချင်းပင် ယန်ကျန်း၏အနီးကို ရောက်ရှိသွားပြီး ယန်ကျင်းအား ဆုပ်ကိုင်ကာ လက်တစ်ဖက်တည်းဖြင့် လေထဲတွင် မြှောက်ထားလိုက်သည်။
“ဒါ…” လူတိုင်းက ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ သူ၏သန်မာမှုကား နောက်တစ်ဆင့်တွင် ရှိနေသည်။
“ကိုယ့်ဘာသာကို သိပ်အထင်မကြီးကြနဲ့… မင်းတို့က ဘာမှ မဟုတ်ဘူး…..” ယူချင်းက ယန်တိုင်းပြည်မှ လူများအား ကြည့်လိုက်ပြီး ယန်ကျင်းကို သူတို့ထံ ပစ်ပေးလိုက်သည်။ ယန်ကျင်း လေထဲကို မြောက်တက်သွားပြီး ယန်တိုင်းပြည်မှ လူများထံသို့ လွင့်စဉ်လာသည်။ ယန်တိုင်းပြည်မှ လူများက ယန်ကျန်းအား ဖမ်းဆီးရန် ကြိုးစားလိုက်ကြသော်လည်း သူတို့ပါ အလဲလဲ အပြိုပြို ဖြစ်သွားကြသည်။ သူတို့အားလုံး ထိတ်လန့်သွားကြသည်။ သူတို့က ယန်ကျန်း၏သန်မာမှုကို သိကြသည်။ သို့သော် ယန်ကျင်းကား သည်မျှ အလွယ်တကူ အနိုင်ယူခံလိုက်ရ၏။ သည်အဖြစ်က အရှက်ရဖွယ် ကောင်းလှသည်။ ယူချင်းက ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်မျှသာ ရှိသည်ကို သူတို့ ခံစားမိကြသည်။ သည်တိုက်ပွဲက တန်ခိုးအဆင့်တူချင်း တိုက်ပွဲဖြစ်သည်။
“အရမ်း အားနည်းတယ်…” ယူချင်းက စိတ်ပျက်ဟန်ဖြင့် ပြောသည်။ ထို့နောက် သူ့နေရာသို့ ပြန်သွားထိုင်လိုက်သည်။ ယန်တိုင်းပြည်မှ စွမ်းအားမြင့်တန်ခိုးရှင်များ၏မျက်နှာများ နက်မှောင်သွားကြသည်။ ယန်ကျန်းအား တစ်စုံတစ်ယောက်က အားနည်းသည်ဟု သရော်ခံရသည်မှာ သည်တစ်ကြိမ် ပထမဆုံး သူတို့ကြားဖူးသည်ဖြစ်သည်။ သို့သော် သူတို့ ပြန်ပြောနိုင်စွမ်း မရှိပေ။
ကန်ယီတိုင်းပြည်က လူများကမူ ထူးဆန်းသည်ဟု မတွေးကြပေ။ သူတို့က ယူချင်း၏သန်မာမှုကို ဖန်းဟွာပွဲတော်တွင် လက်တွေ့သိမြင်ပြီးသား ဖြစ်သည်။ ဓမ္မအဆင့်မှ လူများပင်လျှင် သူ့အား သတိထားကြရသည်။ သူက ဓမ္မအဆင့်များအား တိုက်ခိုက်နိုင်သည်။ သို့သော် မပျံသန်းနိုင်ပေ။ ထိုအရာများအား သူ၏သက်စောင့်ဝိညာဉ်ကို မထုတ်လွှတ်ဘဲ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ယူချင်းကဲ့သို့ သန်မာ၍ ထူးချွန်သော လူက သက်စောင့်ဝိညာဉ် မရှိဟု သူတို့ မယုံပေ။ သူကား သူ၏တကယ့်စွမ်းရည်များကို ဖုံးကွယ်ထားသည်သာ ဖြစ်သည်။
ရီဖူရှင်းကား ထိုနေရာမှ ထွက်ခွာသွားပြီးနောက် လှည့်၍ပင် မကြည့်တော့ပေ။ ယန်တိုင်းပြည်ဖြစ်ဖြစ် ယွန်ချူနိုင်ငံဖြစ်ဖြစ် ယူချင်းအား တန်ခိုးအဆင့်တူချင်း ယှဉ်နိုင်သူ မရှိသည်ကို သူသိသည်။
နောက်ကျွန်းစုငယ်လေး တစ်ခုတွင် ရီဖူရှင်းက ရှေ့မှ စားပွဲဝိုင်းတစ်ခုသို့ လှမ်းသွားနေသည်။ ထိုလူများက ပျော်ရွှင်စွာ စကားပြောနေကြသည်။ ထိုပတ်ဝန်းကျင်ကား နိုင်ငံလေးခုမှ တန်ခိုးရှင်များ၏ စားပွဲထက် ပိုမို တက်ကြွ ပျော်ရွှင်ဖွယ်ကောင်း၏။ မှန်သည်… သည်အုပ်စုကား မတူညီပေ။ လူတိုင်းက ဝန်ကြီးချုပ်ဟွာအား ခယရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့အနီးသို့ ရီဖူရှင်း ရောက်သွားသည်နှင့် ပတ်ဝန်းကျင်က အေးစက်သွားကာ တိတ်ဆိတ်ခြင်းက ကြီးစိုးသွားသည်။ သူတို့၏အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။ သူမည်သူ ဖြစ်သည်ကို သူတို့အားလုံး သိကြသည်။
သူတို့မှာ ဝန်ကြီးချုပ်ဟွာ။ ဒွန်ဟိုင်ကျောင်းတော်မှ အကြီးအကဲများနှင့် နန်ဒူမိသားစုဝင်များ ဖြစ်ကြသည်။ သူတို့က ရီဖူရှင်းကို သိသည်သာ မဟုတ် ရန်သူများလည်း ဖြစ်ကြသည်။ ဖြစ်နိုင်လျှင် သူတို့က ရီဖူရှင်း၏တည်ရှိနေမှုအား ဖျက်ထုတ်ပစ်လိုသူများချည်း ဖြစ်သည်။ သို့သော်လည်း သူက ကန်ယီတိုင်းပြည်၏ ဧကရာဇ်နှင့် အတူလာခြင်းဖြစ်သည်။ အကယ်၍ သူ့ကို သတ်၍ရလျှင် ဧကရာဇ်လျိုက မူလကတည်းက သတ်ပြီးဖြစ်သည်။ သူတို့အလှည့်ပင် ရောက်မည် မဟုတ်ပေ။ ထို့အပြင် ကန်ယီတိုင်းပြည်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ရီဖူရှင်းအား လျှို့ဝှက်စွာ စောင့်ရှောက်နေကြသည်။
“ကျုပ်တို့ မတွေ့ဖြစ်တာ တစ်လလောက်ရှိပြီ ဆရာကြီးတို့… ခင်ဗျားတို့အားလုံး နေကောင်းကြတာပဲ…” ရီဖူရှင်းက သူ့အား ဝိုင်းကြည့်နေသည်ကို မြင်လျှင် ရုတ်တရက် ပြောလိုက်သည်။ ထိုလူများအားလုံး အံ့အားသင့် သွားကြသည်။ သည်ကောင်ကား အမှန်တကယ် သည်းခံနိုင်အား ကောင်းလှသည်။
“မင်းမသေသေးလို့ နေမကောင်းဘူး….” ဝန်ကြီးချုပ်ဟွာက တိုက်ရိုက်ပင် ပြောသည်။ ရီဖူရှင်း လွတ်မြောက် သွားသောအခါ သူက ဧကရာဇ်လျိုအား ပြန်လည်တင်ပြရန် လွန်စွာ ကြောက်ရွံ့ခဲ့ရသည်။ နိုင်ငံ၏ဝန်ကြီးချုပ် ဖြစ်သည့်တိုင် သူကား အလွန်ခက်ခဲသော အချိန်ဖြစ်ခဲ့သည်။
“အိုး… စိတ်မကောင်းပါဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် သူက နန်ဒူမိသားစုဝင်များနှင့် ယန်ရှာအိုတို့ အုပ်စုကို ကြည့်လိုက်သည်။
“ဂျီယူ ဘယ်မှာလဲ…” နန်ဒူမိသားစုဝင် တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။
“ဝန်ကြီးချုပ်ဟွာက ခင်ဗျားတို့ကို မပြောဘူးလား…” ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။ တခြားလူများ သိမည် မဟုတ်သော်လည်း ဝန်ကြီးချုပ်ဟွာက အတိအကျ သိရမည်ဖြစ်သည်။ သူကား ဧကရာဇ်လျို၏ဘေးတွင် အချိန်ပြည့် ရှိနေသူဖြစ်ကာ အိမ်ရှေ့စံမင်းသားနှင့်လည်း အချိန်တိုင်းကူးလူး ဆက်ဆံနေသူဖြစ်သည်။ သူကား တော်ဝင်မိသားစု အတွင်းလူဖြစ်သည်။
နန်ဒူမိသားစုဝင်များက ဝန်ကြီးချုပ်ဟွာအား လှမ်းကြည့်လိုက်ကြလျှင် ဝန်ကြီးချုပ်ဟွာက အေးစက်စွာ ပြန်ကြည့်လိုက်သည်… “ဘာလဲ မင်းတို့ရဲ့ ပါရမီရှင် မျိုးဆက်ကို ဂရုစိုက် နေကြတုန်းပဲလား…”
“ဝန်ကြီးချုပ်ဟွာ… မဟုတ်ပါဘူး… သူမကို အဖမ်းခံရဖို့ ကျုပ်တို့ မျှော်လင့်နေတာပါ…” နန်ဒူမိသားစုဝင် တစ်ယောက်က ချက်ချင်း ပြန်ဖြေသည်။
“အဖမ်းခံရမယ်… ဟွာဂျီယူက အခု ကန်ယီနိုင်ငံ နန်းတော်ထဲမှာ နေတယ်… ဧကရာဇ်ရီက မင်းသမီးဘွဲ့ ချီးမြှောက်ထားပြီးပြီ…” ဝန်ကြီးချုပ်ဟွာက အေးစက်စွာ ပြောသည်။ နန်ဒူမိသားစုဝင်များ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ဟွာဂျီယူက ကန်ယီတိုင်းပြည်၏ မင်းသမီး ဖြစ်သွားသည်တဲ့လား။
တစ်လခန့်အကြာက ဧကရာဇ်က နန်ဒူမိသားစုအား အမိန့်တော်တစ်ရပ် ချမှတ်ခဲ့ရာ သူတို့က ဟွာဂျီယူအား နန်းတော်ထဲကို ဝင်ရောက်ပြီး ကြင်ရာတော် မင်းသမီတစ်ပါး ဖြစ်စေလိုခဲ့ကြသည်။ သို့သော်လည်း ဟွာဂျီယူက ရီဖူရှင်းနှင့် ချစ်သူဖြစ်နေပြီး သူနှင့် ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ နန်ဒူမိသားစုဝင်များ အတွက်မူ ဟွာဂျီယူကား မရင့်ကျက်သေးသောကြောင် အချစ်ရူးကာ ရီဖူရှင်းနောက်ကို ပါသွားခြင်းဖြစ်သည်။ သို့သော် တစ်လခန့် အချိန်တိုလေး အတွင်းမှာ သူမက နန်ဒူနိုင်ငံမှ ကြင်ရာတော်မင်းသမီးအစား ကန်ယီတိုင်းပြည်မှ မင်းသမီးအဖြစ် ချီးမြှင့်ခြင်း ခံရသည်။ သည်အဖြစ်က နန်ဒူနိုင်ငံအတွင်း နန်ဒူမိသားစု၏ အခြေအနေကို ပိုမို၍ ကသိကအောက် ဖြစ်လာစေသည်။
“မင်းက ဒီကို စကားပြောဖို့ လာတာတော့ မဟုတ်ဘူးမလား…” ဝန်ကြီးချုပ်ဟွာက အေးစက်စွာ ပြောသည်။
ရီဖူရှင်းက သည်နေရာကို စကားပြောရန် လာခြင်း မဟုတ်သည်မှာ သေချာသည်။ သူက ဝန်ကြီးချုပ်ဟွာအား ကြည့်ကာ မေးလိုက်သည်…..“ကျုပ်ရဲ့ ဆရာဘိုးဘိုးကို ဘယ်မှာ မြှုပ်ထားတာလဲ…”
ဝန်ကြီးချုပ်ဟွာက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ သေသွားပြီးသည့် လူတစ်ယောက် အကြောင်းကို ရီဖူရှင်းက လာရောက် မေးလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
“ကျုပ်ရဲ့ စီနီယာက သူ့အသက်နဲ့ မင်းအသက်ကို လဲခဲ့တာ အလကားတော့ မဖြစ်ဘူးထင်တယ်…” ဝန်ကြီးချုပ်ဟွာက ထူးမခြားနားစွာ ပြောသည်။ သူက ယန်ရှာအိုအား ကြည့်လိုက်သည်။ သည်တာဝန်က သူ့အား ပေးထားခြင်း ဖြစ်သည်။
“ဒါက မင်းသိစရာ မလိုဘူး…” ယန်ရှာအိုက အေးစက်စွာ ပြောသည်။
ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည်….. “ဆရာဘိုးဘိုးက ကြယ်စင်ဧကရာဇ် ကျောင်းတော်ကို အရမ်း သဘောကျတယ်… သူသေပြီးရင်တောင် အဲဒီနေရာက သူ့အိမ်လို့ ပြောခဲ့တယ်… သူ့ကို အဲဒီနေရာမှ မြှုပ်သင့်တယ်…”
“အဓိပ္ပာယ်မရှိတာ….” ယန်ရှာအိုက အေးစက်စွာ ပြောသည်။ ကြယ်စင်ဧကရာဇ် ကျောင်းတော်ကား သင်္ချိုင်းမဟုတ်ပေ။
“ခင်ဗျားက မလုပ်ပေးဘူး ဆိုရင်လည်း ဒါက ပြဿနာမဟုတ်ဘူး… ဆရာဘိုးဘိုးအတွက် နောက်ပိုင်း ကျုပ်ဖြေရှင်းပေးဖို့ တွေးထားပြီးသား… ကျုပ်က သူ့ကို ရှာလို့ မတွေ့ဘူးဆိုရင် ကြယ်စင်ဧကရာဇ် ကျောင်းကို သူနဲ့ အဖော်လုပ်ဖို့ ထည့်ပေးလိုက်မယ်….” ရီဖူရှင်းက ထိုသို့ ပြောကာ နောက်လှည့်လျက် ထွက်သွားသည်။
ယန်ရှာအိုက လူသတ်လိုသော အရှိန်အဝါ အပြည့်ဖြင့် ရီဖူရှင်း၏ နောက်ကျောကို ကြည့်နေသည်။ သူက ရီဖူရှင်းအား ယခုပင် သတ်ပစ်လိုသည်။ ရီဖူရှင်းကလည်း သူ့အား သတ်လိုကြသည်ကို သိသည်။ သို့သော် ယခုကား သူတို့က အချင်းချင်း သတ်ဖြတ်၍ မရပေ။
“စောင့်ဦး…” ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ ရီဖူရှင်းက ရပ်လိုက်ကာ စကားသံ ထွက်ပေါ်လာရာသို့ ကြည့်လိုက်သည်။ သူကား ယွန်ရှင်းဟွာ ဖြစ်သည်။
“ကျုပ်က မင်းရဲ့ တကယ့် စွမ်းရည်ကို မြင်တွေ့ချင်တယ်…” ယွန်ရှင်းဟွာက အေးစက်စွာ ပြောသည်။ ယန်ရှာအိုက တစ်ခုမှ မပြောပေ။ ယွန်ရှင်းဟွာက ဒွန်ဟိုင်ကျောင်းတော်ကို ဝင်ရောက်ပြီး ကတည်းက သည်ကောင်လေးမှာ ကျောင်းတော်၏ ပါရမီအမြင့်ဆုံး သူဖြစ်လာလိမ့်မည်ကို သူသိခဲ့သည်။ သူကား အလွန်ပါရမီ ထူးချွန်သော လူငယ်ဖြစ်သည်။ တန်ဖန်းပွဲတော်တွင် သူကား သေချာပေါက် ထွန်းတောက်မည် ဖြစ်သည်။ ရီဖူရှင်းက ယန်ရှာအိုနှင့် ကြယ်စင်ဧကရာဇ် ကျောင်းတော်မှ လူများအား ကြည့်လိုက်သည်။ သူတို့အားလုံးက တိုက်ပွဲကို မျှော်လင့်နေကြသည်။
“ရီဖူရှင်း… ရှင်းဟွာရဲ့ ပါရမီက မင်းအဆင့်မှာ ရှိတယ်…” ယန်ရှာအိုက ဂုဏ်ယူစွာ ပြောသည်။
သူ့မျက်လုံးများက ပြုံးရောင်သန်းသွားကာ ရီဖူရှင်းက ယန်ရှာအိုကို ကြည့်လျက် ပြောသည်… “အိုး… အရင်တုန်းက သူကျုပ်ကို ရှုံးခဲ့တုန်းက ကျုပ်ရဲ့ စွမ်းရည် ဘယ်လောက်အထိ သူမြင်တွေ့ခဲ့ရလဲ သူ့ကို မေးလိုက်ပါဦး…” ထိုစဉ်က သူက စာလိပ်ရေးနည်း သတ်သတ်မျှဖြင့် ယွန်ရှင်းဟွာအား အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ သူက မှော်ထိန်းချုပ်သူ ဖြစ်ကြောင်းကိုပင် ထုတ်မပြခဲ့ပေ။
ယန်ရှာအို၏အကြည့်က ယွန်ရှင်းဟွာထံ ရောက်လာသည်။ သည်အဖြစ်အား သူမသိခဲ့သလို သည်လူငယ်ကလည်း သူ့ကို မပြောပြခဲ့ဖူးပေ။
“အဲဒါ အရင်တုန်းကပဲ… အခုက ကွဲပြားခြားနားတယ်…” ယွန်ရှင်းဟွာ၏မျက်လုံးများက အေးစက်နေသည်။
“ကျုပ်မှာ ကစားနေဖို့ အချိန်မရှိဘူး… မင်းက တိုက်ခိုက်ချင်တယ်ဆိုရင်… သေဖို့ အဆင်သင့် ဖြစ်ပြီလား…” ရီဖူရှင်းက အေးစက်စွာ မေးသည်။ ယွန်ရှင်းဟွာ၏မျက်လုံးများ အရောင်တစ်ချက် လက်သွားသည်။ ကြယ်စင်ဧကရာဇ် ကျောင်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်ကြသည်။ သူကား အမှန် မာနကြီးလှသည်။
“ကြည့်ရတာ မင်းက ဒီလောက် ယုံကြည်မှု မရှိပါဘူး…” ရီဖူရှင်းက ပြုံးကာ ထိုနေရာမှ ထွက်ခွာသွားသည်။
မျက်လုံးပေါင်းများစွာက ထိုထွက်ခွာသွားသော လူငယ်လေးအား စိုက်ကြည့်နေကြသည်။ ယွန်ရှင်းဟွာက သူ့လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက ချင်းကျူကျောင်းတော်တွင် ရီဖူရှင်းအား တစ်ကြိမ်ရှုံးနိမ့်ဖူးသည်။ ထို့နောက် သူက ရီဖူရှင်းအား ကျော်ဖြတ်နိုင်ပြီဟု နောက်ပိုင်းတွင် တွေးထင်ခဲ့သည်။ သူက ဒွန်ဟိုင်မြို့တော်ကို ရောက်ရှိခဲ့သောအခါ ရီဖူရှင်း၏နာမည်မှာ တစ်မြို့လုံးအနှံ့ ကျော်ကြားနေပြီ ဖြစ်သည်ကို သူသိလိုက်ရသည်။ သူ့တွင် သက်စောင့်ဝိညာဉ် နှစ်ခုရှိပြီး ဓာတ်စွမ်းအင်မျိုးစုံကို သုံးနိုင်သည်။ ယွန်ရှင်းဟွာက သူ့စွမ်းရည်ကို ယုံကြည်သော်လည်း ရီဖူရှင်းရှေ့တွင် သည်လောက် ယုံကြည်မှု မရှိတော့ပေ။
“သူ့ကို စိတ်ထဲ မထည့်ထားနဲ့… သူအသက်ရှည်မှာ မဟုတ်ဘူး…” ဝန်ကြီးချုပ်ဟွာက ဝိုင်ခွက်ကို မြှောက်ရင်း ပြောသည်။ ယန်ရှာအိုနှင့် တခြားလူများက သူ့ကို ကြည့်ကာ ခေါင်းညိတ်ကြသည်။ သို့သော်လည်း ဧကရာဇ်တစ်ပါးက ရီဖူရှင်းအား ကာကွယ်လိုသည် ဆိုပါက သူ့အားသတ်ရန် မည်မျှခက်ခဲသည်ကို သူတို့ သိထားကြသည်။ ယနေ့ကဲ့သို့ အပြင်မှာ ဖြစ်နေစေကာမူ သူ့အား ကာကွယ်နေသည့် စွမ်းအားမြင့် တန်ခိုးရှင် အများအပြား ရှိမည်ဖြစ်သည်။ ယခုအချိန် သူ့အား လုပ်ကြံရန်ကား ခက်ခဲလွန်းလှသည်။
***