Switch Mode

အခန်း (၆၄၄)

အသွေးအသားများကို ကြိတ်သည့် ကြိတ်ဆုံကျောက်ကြီးတစ်ခု

” ငါ အဲဒီနေရာကို သွားရှာဖူးပါတယ် ” ကြယ်အစွယ်သားရဲကြီးမှာ တရွေ့ရွေ့နှင့် ရှေ့သို့တိုးလာသောကြောင့် ဘေးပတ်ပတ်လည်မှ အပူချိန်များမှာ ထိုးတက်သွားကြ၏။ ထို့ကြောင့် အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဧရာမ မီးလုံးကြီးတစ်လုံးမှာ ၎င်း၏လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ပြာကျသွားအောင် မီးလောင်တိုက်သွင်းဖြစ်တော့မည့်အလား ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ နောက်သို့ဆုတ်ခွာသွားရင်း တစ်ခေါင်းလုံး ထူပူသွား၏။ သူသည် ထို သားရဲကြီး ပေါ်ပေါက်လာသည့် အရပ်မျက်နှာဘက်သို့ သွားရောက်ရှာဖွေထားပြီးသားဖြစ်ကြောင်း သိထားသည်။ သို့သော် သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ သို့ဖြစ်ရာ သူသည် ရှေ့သို့ ဆက်မသွားခဲ့ခြင်း ဖြစ်လျှင်ဖြစ် သို့မဟုတ် ထိုယဇ်ပလ္လင်မှာ သာမန်နည်းလမ်းများဖြင့် ရှာ‌မ‌တွေ့နိုင်မည့် အရာတစ်ခု ဖြစ်နေလောက်ပေသည်။

အကယ်၍ ပထမအချက်ကြောင့်သာ ဆိုပါက ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ကြိုးစားကြည့်နိုင်ပေသည်။ သို့သော် ဒုတိယအချက်ကြောင့် ဖြစ်နေမည်ဆိုပါက နည်းလမ်းတစ်ခုတည်းသာ ရှိတော့မည် ဖြစ်သည်။

” အဲဒီသစ်တုံးပေါ်ကို တက်ပြီးတော့ အဆုံးထိလျှောက်မှပဲ ရမယ်။ အဲတာမှ…. ငါ လမ်းမပျောက်မှာ။ ယဇ်ပလ္လင် ဘယ်နေရာမှာပဲ ရှိနေရှိနေ သစ်တုံးရဲ့ အဆုံးထိ လျှောက်နိုင်တာနဲ့ ရှာတွေ့သွားမှာပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း မျက်လုံးများ မှေးသွား၏။ သို့သော် ကြယ်အစွယ်သားရဲကြီးဆီမှ ထွက်ပေါ်နေသည့် ချစ်ချစ်တောက်ပူပြင်းသော အပူရှိန်များကြောင့် သူသည် ၎င်း၏အနီးသို့ မကပ်နိုင်ဘဲဖြစ်နေရသည်။ သို့ဖြစ်ရာ သူ ထို သစ်တုံးကြီးပေါ်သို့ တက်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းနေမည်ဖြစ်သည်….

” မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး… ” ဝမ်ပေါင်လဲ့မှာ ကြယ်အစွယ်သားရဲကြီး သူ၏ဘေးမှ ဖြတ်သွားသည်ကို လှမ်းကြည့်နေလိုက်၏။ ထို့နောက် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီး သူ၏ သိုလှောင်လက်ကောက်ထဲမှ ကြယ်အစွယ်သားရဲ အမြုတေအား ထုတ်ယူကာ ထိုသားရဲကြီ၏အနီးသို့ ချဉ်းကပ်သွားလိုက်သည်။ ၎င်း၏ အပူရှိန်မှာ အလွန်အင်မတန်မှ မြင့်မားနေပါသော်လည်း ထိုအပူရှိန်မှာ ကြယ်အစွယ်သားရဲအမြုတေထဲမှ ထွက်ပေါ်နေသည့် အပူရှိန်နှင့် ဆင်တူနေ၏။ ခဏအကြာတွင် သူ၏ ရင်ခွင်ထဲမှ သားရဲအမြုတေမှာ ထိုအပူရှိန်များကို အတိုင်းအတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိနေသည်ဖြစ်ကြောင်း သူက သိလိုက်ရတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ တက်ကြွသွားရပြီး မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သားရဲအမြုတေအား ရင်ခွင်ထဲ၌ ပိုက်ကာ အရှိန်မြင့်တင်လိုက်ပြီး ကြယ်အစွယ်သားရဲကြီးဆီသို့ ပြေးထွက်သွားလိုက်တော့သည်။

သူ ၎င်း၏အနီးသို့ ရောက်ရှိလာသောအခါ ချစ်ချစ်တောက်ပူနေသည့် အပူလှိုင်းများမှာ သူ့ဆီသို့ ပျံ့လွင့်လာကြ၏။ ကြယ်အစွယ်သားရဲအမြုတေ၏ စွမ်အားများမှာမူ ဝမ်ပေါင်လဲ့အား အကာအရံတစ်ခုအဖြစ် ဝန်းရံပေးထားသည်။ ဝမ်ပေါင်လဲ့မှာမူ အရှိန်မြှင့်တင်ကာ သက်တံ့တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ကြယ်အစွယ်သားရဲကြီးဆီသို့ ရောက်ရှိသွားတော့သည်။

သူ ထိုသားရဲကြီးနှင့် ပေတစ်ထောင်အကွာသို့ ရောက်လာသောအခါ သူ၏ ဆံပင်များမှာ စတင်လောင်ကျွမ်းစ ပြုလာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း စတင်ခြောက်သွေ့လာတော့သည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်မှာ အတွင်းပိုင်းထဲ၌ ရေဓာတ်များကို ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့သည့်ပုံပင်။ သူ၏ ခန္ဓာကိုယ်ထဲမှ ရေများမှာ လျင်မြန်စွာ အငွေ့ပျံနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ရ၏။ ထို့နောက် ကြယ်အစွယ်သားရဲ အမြုတေမှ ပေးစွမ်းနိုင်သည့် အကာအကွယ်မှာ လုံလောက်မှုမရှိကြောင်း သူက ခံစားနေရသည်။ အကယ်၍ သူသာ ထိုသားရဲကြီး၏ အနီးသို့ ထပ်၍ ချဉ်းကပ်သွားလိုက်မည်ဆိုပါက ၎င်း၏ ပေတစ်ထောင်ပတ်လည်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူသည် ဇီဝိန်ချုပ်သွားရမည်သာ ဖြစ်သည်။

” ငါ့မှာ နောက်ထပ်နည်းလမ်းတစ်ခု ရှိပါသေးတယ် ” ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ဒုတိယမြောက် ကြယ်အစွယ်သားရဲ အမြုတေအား ထုတ်ယူလိုက်ပြီး လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။ ထို့နောက် သူသည် ထိုအမြုတေနှစ်ခု၏ အကူအညီကိုရယူကာ ပေတစ်ထောင်ကျော် ဖြတ်ကျော်လာပြီးနောက် နေမင်းကြီးကဲ့သို့ လောင်ကျွမ်းနေသော ကြယ်အစွယ်သားရဲကြီး၏ ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ထပ်၍ ခံစားလိုက်ရပြန်သည်။ သို့သော် သူသည် ထိုသစ်တုံးကြီးပေါ်သို့ တက်ရုံမှလွဲ၍ တခြားနည်းလမ်း မရှိတော့ပေ။ အကယ်၍ ထိုသို့မဟုတ်ပါက နောက်ထပ်သားရဲကြီးတစ်ကောင် ထပ်၍ ပေါ်ပေါက်လာမည်ကို စောင့်ဆိုင်းနေရမည် ဖြစ်သည်။ သို့သော် သူသည် ကြယ်အစွယ်သားရဲ အမြုတေနှစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ကြယ်အစွယ်သားရဲကြီးနှင့်ဆိုလျှင် သူ၏ အောင်မြင်နိုင်ခြေရာခိုင်နှုန်းမှာ ပို၍မြင့်မားနေမည်သာ ဖြစ်သည်။

” စွန့်းစားကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ သူ၏ သိုလှောင်လက်ကောက်ထဲမှ ကြယ်အစွယ်သားရဲအမြုတေ နှစ်ခုစလုံးအား ဆွဲထုတ်လိုက်၏။ ထို့နောက် သူသည် ၎င်းတို့အား သူ၏ရှေ့တွင်ထားကာ သူ့ဆီသို့ ဦးတည်လာနေသည့် ကြယ်အစွယ်သားရဲကြီးဆီသို့ ခုန်သွားလိုက်တော့သည်။ ထိုအခါ ကောင်းကင်ယံထဲတွင် ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြီး ချစ်ချစ်တောက် ပူပြင်းနေသော အပူလှိုင်းများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ရှိသမျှလှည့်ကွက်အားလုံး ထုတ်သုံးလိုက်ပြီးမှ ရွေ့လျားနေသည့် ကြယ်အစွယ်သားရဲကြီးပေါ်သို့ ရောက်ရှိလာတော့သည်။

သူသည် ရင်ခုန်သံများ ဝုန်းဒိုင်းကြဲနေပြီး သူ၏အောက်တွင်ရှိနေသော သားရဲကြီးမှာလည်း တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေ၏။ သို့သော် သူသည် အရှိန်လျော့ကျသွားခြင်းမရှိဘဲ အပူဒဏ်များကို ကြံ့ကြံ့ခံကာ ထိုသားရဲကြီး၏ နောက်ကျောပေါ်၌ အဆက်မပြတ် ခုန်ပေါက်နေတော့သည်။ နောက်ဆုံးတွင် သူသည် မခံမရပ်နိုင်လောက်အောင် ပူလောင်လာသောကြောင့် အသံကုန်အော်ဟစ်ကာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား အစွမ်းကုန် ထုတ်သုံးလိုက်တော့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ စတင်လည်ပတ်လာပြီး သူသည် အချိန်ထပ်ဆွဲနိုင်ရန် သူ၏ ဓမ္မလက်နက်များကို ဆင့်ခေါ်လိုက်၏။ နောက်ဆုံးတွင် သူသည် နောက်ဆုံးတစ်ချက် ခုန်လိုက်ပြီးနောက် သားရဲကြီးနှင့် ၎င်း၏နောက်ရှိ သစ်တုံးကြီးတို့အား ချည်နှောင်ထားသော သံကြိုးပေါ်သို့ ရောက်ရှိသွားတော့သည်။

ထို သံကြိုးမှာ ကြီးမားရှည်လျားသော တံတားတစ်စင်းကဲ့သို့ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ ထိုသံကြိုးပေါ်သို့ ရောက်သွားသည်နှင့် အသက်ရှူသံများ မြန်ဆန်လာရပြီး ‌တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ သူသည် အလွန်အင်မတန်မှ အန္တရာယ်ကြီးမားသော အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်ခြင်း ဖြစ်ပေသည်။ ၎င်းမှာ အရပ်မျက်နှာအနှံ့မှ ပျံ့လွင့်လာပြီး သူ့အား လွှမ်းခြုံသွား၏။ ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေရန် အချိန်မရှိတော့သဖြင့် သူ၏ အမှောင်မီးတောက်ကို ချက်ချင်းဆင့်ခေါ်လိုက်ပြီး သူ၏ လက်ကောက်ထဲရှိ ဘဝတစ်သောင်း ပညာရပ်ပါသော ကြယ်ပုံစံ ပုတီးစေ့ထဲသို့ ထည့်သွင်းလိုက်တော့သည်။

ယခုအကြိမ်တွင်မူ သူသည် ထိုပညာရပ်အား နားလည်အောင် ကြိုးစားနေခြင်းမဟုတ်ဘဲ ထိုပညာရပ်အား ချက်ချင်းထုတ်သုံးလိုက်ခြင်း ဖြစ်ပေသည်။

ထိုအခါ ထို ကြယ်ပုံစံ ပုတီးစေ့မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပသွားပြီး ကမ္ဗည်းစာလုံး မြောက်မြားစွာ ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ ရှေးဟောင်း ကမ္ဗည်းစာလုံးများနှင့် တူပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် လည်ပတ်နေကြ၏။ ထို့နောက် ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားကြပြီး အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ သူ၏ ခန္ဓာကိုယ်ထဲရှိ အရိုးများထဲမှ ထွက်ပေါ်လာသည့်ပုံပေါ်သော အနွေးဓာတ်တစ်မျိုးမှ လွဲ၍ အခြားမည်သည့်ပြောင်းလဲမှုကိုမှ မခံစားလိုက်ရပေ။ သူသည် အကာအကွယ်တစ်ခုအောက်တွင် ရောက်နေသကဲ့သို့ ဖြစ်နေ၏။

” ဒါပဲလားဟ ” ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပါသော်လည်း အတွေးလွန်နေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် ထိုအနွေးဓာတ် သူ၏ ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းနေစဉ် အံကြိတ်ကာ အရှိန်မြှင့်တင်လိုက်ပြီး သံကြိုးပေါ်၌ ဖြတ်ပြေးသွားလိုက်တော့သည်။ ကြယ်အစွယ်သားရဲကြီးမှာ ရှေ့သို့ ပြေးလွှားနေသောကြောင့် သံကြိုးများမှာ အပြင်းအထန် တုန်ခါနေ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ အရှိန်လျော့သွားခြင်း မရှိပေ။ ခဏအကြာတွင် သူသည် ထိုသံကြိုးပေါ်၌ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ၎င်း၏ပတ်ပတ်လည်တွင် ပုံရိပ်များပေါ်ပေါက်လာသည်ကို သတိထားမိလိုက်တော့သည်။

ထိုပုံရိပ်များမှာ ဓားပုံရိပ်များဖြစ်ကြ၏။ သို့သော် ၎င်းတို့မှာ သူ့အား ဒဏ်ရာပြုနိုင်စွမ်း မရှိပေ။ သူသည် ထို ပုံရိပ်များပေါ်သို့ တက်မနင်းသရွေ့ ဘေးကင်းနေမည်သာဖြစ်သည်။ ကျောချမ်းဖွယ်ရာကောင်းသော အချက်မှာမူ ဝမ်ပေါင်လဲ့မှာ မည်သည့်နေရာအား နင်းရမည်ကို အလိုအလျောက် သိနေခြင်းပင်။ ထို့ကြောင့် သူမည်မျှပင် လျင်မြန်စွာ ပြေးလွှားနေစေကာမူ ထိုပုံရိပ်များပေါ်သို့ တက်နင်းမိခြင်း လုံးဝမရှိပေ…

တစ်ခေါက်တွင် ဝမ်ပေါင်လဲ့မှာ သံကြိုးပေါ်ရှိ သူ၏ ခြေဖဝါး ကျလာမည့် နေရာ၌ ဓားပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ သို့သော် သူ၏ ခြေထောက် ထိုသံကြိုးပေါ်သို့ ကျသွားသည်နှင့် ထိုပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

အခြားတစ်ခေါက်တွင်လည်း ဝမ်ပေါင်လဲ့မှာ ထိုပုံရိပ်များ၏ ဝန်းရံခြင်းကို ခံထားရပြီး အောက်သို့ ခြေချစရာ နေရာမရှိဘဲ ဖြစ်နေခဲ့ရ၏။ ထိုအချိန်တွင် ကြယ်အစွယ်သားရဲကြီးမှာ ရုတ်တရက်ဆိုသလို လေပေါ်သို့ ခုန်တက်သွားလိုက်သဖြင့် သံကြိုးကြီးများမှာ အပြင်းအထန် တုန်ရီသွားကြသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပေထောင်နှင့်ချီ၍ ရှေ့သို့လွင့်ထွက်သွားပြီး ပုံရိပ်တစ်ခုမှ ရှိမနေသော နေရာတစ်ခု၌ အောက်သို့ပြန်၍ ပြုတ်ကျလာတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားရ၏။ ထိုအခါမှသာ သူသည် သံကြိုးပေါ်၌ ထိုသို့ ရှေ့ဆက်သွားနေရင်း သူ၏ ခန္ဓာကိုယ်ထဲမှ အနွေးဓာတ်လေးမှာ တဖြည်းဖြည်းနှင့် လျော့ပါးလာသည်ကို သတိထားမိသွားတော့သည်။

ထိုအနွေးဓာတ်လေး လုံးဝပျောက်ကွယ်သွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ သံကြိုးကြီး၏ အဆုံးသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် အောက်သို့ခုန်ချကာ သစ်တုံးကြီးပေါ်သို့ ရောက်ရှိလာ၏။ ထိုသစ်တုံးကြီးမှာ အလွန်အင်မတန်မှ ကြီးမားပေသည်။ ၎င်းမှာ အလွန်အင်မတန်မှ လျင်မြန်စွာ ရွေ့လျားနေသည့်တိုင်အောင် ငြိမ်သက်နေသည့်ပုံ ပေါက်နေဆဲပင်။

” လွယ်လှပါလားဟ ” ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ရှေ့သို့ ပြေးလွှားနေသည့် ကြယ်အစွယ်သားရဲကြီးနှင့် သံကြိုးကြီးများကို စိုက်ကြည့်နေလိုက်၏။ သူသည် သိချင်ဇောဖြင့် ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်ယူကာ ၎င်းအား သံကြိုးပေါ်သို့ ပျံသန်းသွားစေလိုက်သည်။

ထို ရုပ်သေးရုပ် သံကြိုးပေါ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဓားပုံရိပ်တစ်ခုမှာ ၎င်း၏ ခြေထောက်အောက်တွင် ပေါ်ပေါက်လာတော့သည်။ ထို့နောက် ၎င်း၏ ပတ်ပတ်လည်တွင် ဓားချီအမြောက်အမြား ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။

ထိုကဲ့သို့ ရုတ်ခြည်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များမှာ မြေပြင်ကြီးအား တုန်ရီသွားစေပြီး ရုပ်သေးရုပ်အား လွှမ်းခြုံသွားသည်။ ထို့နောက် ဓားချီသိန်းပေါင်းမြောက်မြားစွာမှာ ချက်ချင်းဆိုသလိုပင် တစ်နေရာတည်း၌ စုစည်းသွားကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်လေးမှာ ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားရတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် ရင်ခုန်သံများမြန်ဆန်လာပြီး ဘဝတစ်သောင်း ပညာရပ် ပါရှိသော ပုတီးစေ့လေးအား ငေးကြည့်နေမိတော့သည်။ သူသည် သူ စောစောတုန်းက ခံစားခဲ့ရသည့် အနွေးဓာတ်လေးအား မှတ်မိနေဆဲပင်။ ဤ နတ်ရားစွမ်းရည်ကြောင့်သာ သူသည် ထိုသံကြိုးကြီးအား ယခုလို အဆင်ပြေချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။

” သဘာဝတရားကြီးရဲ့ စည်းမျဥ်းဥပဒေတွေ အကုန်လုံးကိုတောင် ဆန့်ကျင်နိုင်စွမ်း ရှိနေတာပါလား ” ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်မိသွား၏။ ထို့နောက် သူသည် ထိုပုတီးစေ့ပေါ်တွင် အက်ကွဲကြောင်းလေးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိလိုက်ရတော့သည်။ ထို လက်ကောက်အား အကြိမ်အရေအတွက် အကန့်အသတ်တစ်ခုအထိသာ အသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်း၏ အဓိကအသုံးဝင်ပုံမှာ သူ့အား ပုတီးစေ့များထဲရှိ နတ်ဘုရားစွမ်းရည်ခြောက်ခုကို နားလည်လာအောင် ကူညီပေးနိုင်ရန်သာ ဖြစ်ပေသည်။

သို့သော် ၎င်းတို့မှာ နောက်မှတွေးရမည့် ကိစ္စများ ဖြစ်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအက်ကွဲကြောင်းလေးအား သူ၏လက်ချောင်းဖြင့် ပွတ်လိုက်ပြီးနောက် ထိုအတွေးများကို မေ့ပျောက်ထားလိုက်ပြီး သစ်တုံးကြီးအတိုင်း ပြေးဆင်းသွားလိုက်တော့သည်။

သူသည် ထိုသစ်တုံးကြီးပေါ်၌ အတားအဆီးများနှင့် ကြုံခဲ့ရပါသော်လည်း ၎င်းတို့အား အလွယ်တကူသာ ကျော်ဖြတ်နိုင်ခဲ့၏။ ထိုသစ်တုံးကြီးမှာ ဝိညာဉ်များကို စုစည်းနိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လမ်းတစ်လျှောက်တွင် ဝိညာဉ်များ တစ်အုပ်ပြီးတစ်အုပ် ပေါ်ပေါက်လာကြ၏။ အခြားလူများမှာဆိုလျှင် ၎င်းတို့အား ရင်ဆိုင်ဖြေရှင်းနိုင်ရန် အင်အားစိုက်ထုတ်နေရမည်သာ ဖြစ်သည်။ အမှန်အတိုင်း ဆိုရလျှင် သူတို့မှာ လိုအပ်သည့် အဆောင်ပစ္စည်းများကို ပိုင်ဆိုင်ထားခြင်းမရှိပါက တစ်လက်မခန့်ပင် ရှေ့သို့တိုးနိုင်မည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းတို့မှာ ထမင်းစားရေသောက် အဆင့်တွင်သာ ရှိပေသည်။

သူသည် ထိုဝိညာဉ်များကို မြင်လိုက်ရသောအခါ စိတ်အေးသွားရပြီး သက်ပြင်းများပင်ချမိလိုက်၏။ ၎င်းတို့မှာ သူ စိတ်ပူနေစရာပင်မလိုသော အတားအဆီးများ ဖြစ်ပေသည်။ သူသည် သူ၏ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်အား ထုတ်လွှတ်ကာ ရပ်တန့်နေခြင်းမရှိဘဲ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။

ထိုသို့ဖြင့် ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ တစ်ခဏလေးပင် အနားယူခဲ့ခြင်း မရှိဘဲ ရှေ့သို့ ဆက်လက်ပြေးလွှားနေဆဲပင်။ သူသည် မောပန်းနွမ်းနယ်စ ပြုလာပြီဖြစ်ပါသော်လည်း သစ်တုံးကြီး၏ အဆုံးသို့ ရောက်ခါနီးနေပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် ခပ်လှမ်းလှမ်း၌ ပေါက်ကွဲသံကြီးတစ်သံကို ကြားလိုက်ရသည်။

ဝမ်ပေါင်လဲ့မှာ ထိုအသံကြီးကြောင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သို့သော် သူသည် အဆင်အခြင်မဲ့စွာ ပြုမူလှုပ်ရှားခြင်းမရှိဘဲ အောက်သို့ထိုင်ချကာ ဆေးလုံးအချို့ သောက်သုံးလိုက်ပြီးနောက် ကျင့်ကြံခြင်း လေ့ကျင့်နေလိုက်တော့သည်။ နှစ်နာရီတိတိ ကုန်ဆုံးသွားပြီး သူ အားအင်ပြန်လည်ပြည့်ဖြိုးလာသော အချိန်မှ သူသည် မျက်လုံးများပြန်ပွင့်လာ၏။ ထို့နောက် သူသည် အရောင်တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် မတ်တတ်ထလာပြီး ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။

သူ ရှေ့သို့ရောက်လာလေလေ ထိုပေါက်ကွဲသံများမှာ ပို၍ ကျယ်လောင်လာလေလေ ဖြစ်နေ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သစ်တုံးကြီး၏ နောက်ဆုံးအပိုင်းသို့ ရောက်ရှိသွားပြီး ခြေလှမ်းများ ရပ်တန့်သွားရတော့သည်။ ထို့နောက် သူသည် မျက်လုံးများပြူးသွားပြီး တစ်ခေါင်းလုံး ထူပူသွားရ၏။ သူ၏ရှေ့တွင် ယဇ်ပလ္လင်ကြီးကို မြင်နေရသည်မဟုတ်ပါလော။

သစ်တုံးကြီး၏ အဆုံးတွင်မူ ထိုသစ်တုံးကြီးထက်ပင် ပို၍ကြီးမားသည့် ဧရာမ ကြိတ်ဆုံကျောက်ကြီးတစ်ခု ရှိနေ၏။

ထိုကြိတ်ဆုံကျောက်ကြီး၏ လက်ကိုင်ကိုးခုမှာ မျက်စိတစ်ဆုံး ဆန့်တန်းနေကြ၏။ ထို လက်ကိုင်ကိုးခုထဲမှ တစ်ခုမှာ… ဝမ်ပေါင်လဲ့ မတ်တတ်ရပ်နေသော သစ်တုံးကြီး ဖြစ်နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset