Switch Mode

အခန်း (၆၄၃)

အမှောင်ပညာရပ်အသစ်များ

ထိုစကားလုံးများမှာ အဓိပ္ပါယ်မရှိသော ကဗျာတစ်ပုဒ် မဟုတ်ဘဲ နတ်ဘုရားစွမ်းရည်ခြောက်ခုအား ကိုယ်စားပြုနေ၏။

နတ်ဘုရားစွမ်းရည်များမှာ သာမန်မန္တန်များနှင့် မတူဘဲ စကြဝဠာကြီးအား အစိုးရသည့် ဥပဒေသများနှင့် စွမ်းအားများကို အသုံးပြုသော ပညာရပ်များ ဖြစ်ကြပေသည်။ ထို့ကြောင့်လည်း အစွမ်းထက် ကျင့်ကြံသူများသာလျှင် နတ်ဘုရားစွမ်းရည်များ၏ စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်ဖြစ်သည်။ ထို့အပြင် ထို့ကြောင့်လည်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့သော နတ်ဘုရားစွမ်းရည်တိုင်းမှာ အလွန်အင်မတန်မှ အစွမ်းထက်နေကြခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ နတ်ဘုရားအသိစိတ် အကြွင်းအကျန်များကို အသုံးပြုရုံနှင့် ထို နတ်ဘုရားစွမ်းရည်ခြောက်ခုအား နားလည်နိုင်မည် မဟုတ်သလို ကျွမ်းကျင်တတ်မြောက်နိုင်မည်လည်း မဟုတ်ပေ။ ၎င်းမှာ သူ အမှောင်အိပ်မက်ထဲတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်နှင့် ဆင်တူပေသည်။ သူသည် မန္တန်များနှင့် နတ်ဘုရားစွမ်းရည်များ၏အကြောင်းကို ဖတ်ရှုလေ့လာခဲ့၏။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေခဲ့သောကြောင့် သူသည် ထိုပညာရပ်များအား လေ့လာတတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။ ၎င်းမှာ သူ၏ အကြီးမားဆုံးသော ကန့်သတ်ချက်ကြီး ဖြစ်ပေသည်။

ထိုကဲ့သို့သော ကန့်သတ်ချက်များမှာ လက်တွေ့လောကထဲတွင်လည်း ရှိနေဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်များကို အသုံးပြု၍ ထိုကန့်သတ်ချက်များကို ကျော်လွှားနိုင်ခဲ့၏။ သူသည် နတ်ဘုရားအသိစိတ် အကြွင်းအကျန် ခြောက်ခုအား အဆောင်ဝိညာဉ်များအဖြစ် ပြောင်းလဲလိုက်ပြီးနောက် နတ်ဘုရားစွမ်းရည်ခြောက်ခုအား ပုတီးစေ့ခြောက်လုံးထဲသို့ ထည့်သွင်းနိုင်သွားပြီဖြစ်သည်။ ထို ပုတီးစေ့များကို အသုံးပြု၍ သူ၏ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်များကို ကျော်လွှားနိုင်ပေသည်။ ထို ပုတီးစေ့များနှင့် အဆောင်ဝိညာဉ်များ၏ အကူအညီကြောင့် သူ ဤ နတ်ဘုရားစွမ်းရည်များကို အသုံးပြုရာတွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ယခင်တုန်းကလောက် ထုတ်သုံးစရာ လိုတော့မည်မဟုတ်ပေ။

အလွန်အင်မတန်မှ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်အတွက် ထိုကဲ့သို့ လျှော့ချနိုင်မည့် ကျင့်ကြံခြင်းစွမ်းအား ပမာဏမှာ မပြောပလောက်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ အလွန်အင်မတန်မှ ကြီးမားပေသည်။

ထို့ကြောင့် သူသည် မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ခေါင်းငုံ့ကာ သူ၏ လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်လေးအား အကဲခတ်လိုက်၏။ ထိုအခါ သူသည် ထိုပုတီးစေ့များထဲ၌ ကိန်းအောင်းနေသည့် စွမ်းအားများနှင့် အဆောင်ဝိညာဉ်များကို သူ၏ စိတ်ထဲ၌ အာရုံခံမိလိုက်သဖြင့် မျက်လုံးများ အရောင်လက်သွားရတော့သည်။

” ပုတီးစေ့တစ်လုံးချင်းစီထဲမှာ နတ်ဘုရားစွမ်းရည်တစ်ခုစီ ပါနေတာပဲ ”

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာအား မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် ဤ လက်ကောက်လေးမှာ အလွန်အင်မတန်မှ အဖိုးတန်ကြောင်း သူက နားလည်သွား၏။

” ဒီ လက်ကောက်က ငါ့ကို ဒီပုတီးစေ့တွေထဲမှာ ပါတဲ့ နတ်ဘုရားစွမ်းရည်တွေကို နားလည်လာအောင် ကူညီပေးနိုင်တာပဲ။ အဲဒီ နတ်ဘုရားစွမ်းရည်‌တွေကို ငါ ကျွမ်းကျင်တတ်မြောက်လာတဲ့ အချိန်အထိ ထပ်ခါထပ်ခါ လေ့ကျင့်နေလို့ရတယ် ”

ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဘေးဘီဝဲယားအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ အနီရောင်တီကောင်များမှာ လေထဲတွင်ရစ်ဝဲကာ ယိမ်းနွဲနေဆဲပင်။ သို့သော် သူ ထိုလက်ကောက်လေးအား ဝတ်လိုက်သည့်အချိန်မှစ၍ ၎င်းတို့၏ ရန်လိုစိတ်များမှာ သိသိသာသာ လျော့ကျသွားခဲ့၏။ ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အငွေ့အသက်တစ်မျိုးကို ရိုသေလေးစားနေကြသည့်ပုံပင်။

ထိုအခါမှသာ ဤနေရာမှာ ရုပ်အလောင်းများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးထဲ၌ ဘေးကင်းလုံခြုံမှုရှိသော ရှားပါးနေရာများထဲမှ တစ်ခုဖြစ်နိုင်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ရိပ်မိသွားတော့သည်။

သူသည် စိတ်သက်သာရာ ရသွားသည့်ပုံဖြင့် သက်ပြင်းချလိုက်ပြီးနောက် ချက်ချင်းထွက်ခွာသွားခြင်း မရှိဘဲ သူ၏လက်ကောက်လေးအား ပြန်ကြည့်ကာ မျက်လုံးများ မှိတ်လိုက်ပြန်သည်။ ထိုအခါ သူ၏ အသိစိတ်များမှာ ဦးတည်ရာမဲ့စွာ မျောလွင့်သွားပြီးနောက် အမှောင်မီးတောက်၏ ဦးဆောင်မှုအောက်တွင် ပထမဆုံး ကြယ်ပုံစံ ပုတီးစေ့ထဲသို့ ဝင်ရောက်သွားတော့သည်။

ထိုအခါ သူ၏အမြင်အာရုံမှာ ချက်ချင်းပင် ဝေဝါးသွား၏။ ထို့နောက် သူ၏ မျက်ဝန်းများ ပြန်လည် ကြည်လင်ပြတ်သားလာသည့်အချိန်တွင် ကောင်းကင်ယံကြီးမှာ ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေသည်ကို မြင်လိုက်ရတော့သည်။ ထို ကောင်းကင်ယံကြီးထဲတွင်မူ ဧရာမဂြိုဟ်ကြီးတစ်လုံး ရှိနေ၏။

ထိုဂြိုဟ်ပေါ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေပြီး သူသည် ထိုဂြိုဟ်ပေါ်ရှိ အရာအားလုံးကို မြင်နိုင်စွမ်း ရှိနေ၏။ ထို ဂြိုဟ်မှာ အမှောင်ဂိုဏ်းပိုင်ဆိုင်သော ဂြိုဟ်တစ်လုံး ဖြစ်ပေသည်။ အဆုံးမဲ့မျိုးနွယ်စုဝင်ပေါင်း မြောက်များစွာမှာ အမှောင်ဂိုဏ်းသားများနှင့် အပြင်းအထန်တိုက်ခိုက်နေကြ၏။

ထိုအချိန်တွင် ထိုဂြိုဟ်ကြီး၏ အလွန်ရှိ နက်မှောင်နေသော ကောင်းကင်ယံကြီးထဲ၌ ဧရာမလက်ကြီးတစ်ဖက်မှာ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာ၏။ ထိုလက်ကြီးပေါ်တွင် ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေပြီး ၎င်း၏ လက်ချောင်းတစ်ချောင်းချင်းစီတိုင်း၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ စက်ဆုက်ရွံရှာဖွယ်ရာ ကောင်းနေသည်။ ထို ဧရာမလက်ကြီးမှာ ရှေ့သို့ဆန့်ထွက်လာပြီးနောက် ထိုဂြိုဟ်ကြီးအား လှမ်း၍ဖမ်းဆုပ်လိုက်သည်။

ထိုအခါ ထိုဂြိုဟ်ကြီးမှာ အပြင်းအထန်တုန်ရီသွား၏။ ထိုဂြိုဟ်ပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာလည်း ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားကြပြီး သူတို့၏ ဝိညာဉ်များမှာ ခန္ဓာကိုယ်အပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရတော့သည်။ ထို့နောက် ထို ဝိညာဉ်များမှာ စုဝေးသွားကြပြီး အမှောင်မြစ်တစ်စင်းအသွင်် ပြောင်းလဲကာ အာကာသကြီးထဲသို့ စီးဝင်သွားပြီး ဧရာမလက်ကြီးထဲသို့ ဝင်ရောက်သွားကြတော့သည်။

၎င်းမှာ ဝိညာဉ်လမ်းညွှန်ခြင်းပညာရပ် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာမူ လိပ်ပြာလွင့်လုမတတ် အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူသည် ဆတ်ခနဲတုန်ရီသွားကာ ပြန်လည်နိုးထလာပြီးနောက် ဝိညာဉ်လမ်းညွှန်ခြင်းပညာရပ် ပါဝင်သော ကြယ်ပုံစံပုတီးစေ့လေးအား စိုက်ကြည့်နေမိတော့သည်။ ထို ဝိညာဉ်လမ်းညွှန်ခြင်းပညာရပ်မှာ ဝိညာဉ်လမ်းညွှန်လက်ကြီး မူကွဲတစ်ခု ဖြစ်ပေသည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ ထို ဝိညာဉ်လမ်းညွှန်လက်အား အဆုံးအထိမြှင့်တင်ပြီးပါက ရရှိနိုင်မည့် ပညာရပ် ဖြစ်သည်။

သူသည် ဝိညာဉ်လမ်းညွှန်လက်ကြီး၏ အစွမ်းအား မြှင့်တင်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို အမှောင်အိပ်မက်ထဲ၌ ဖတ်ရှုဖူးခဲ့ပါသော်လည်း ထိုနည်းလမ်းများထဲ၌ ဝိညာဉ်လမ်းညွှန်ပညာရပ် မပါပေ။ ထိုအခါ အမှောင်ဂိုဏ်းမှာ မူလဇာစ်မြစ်တစ်ခုထဲမှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသော်လည်း ထိုဂိုဏ်းထဲရှိ အဖွဲ့အစည်းအမျိုးမျိုးမှာ ၎င်းတို့၏ ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်များကို တီထွင်ဖန်တီးခဲ့ရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ရုတ်တရက်ဆိုသလို သဘောပေါက်သွားတော့သည်။

ဝိညာဉ်လမ်းညွှန်ပညာရပ်မှာ အမှောင်ဂိုဏ်းထဲရှိ အခြားအဖွဲ့အစည်းတစ်ခု ပိုင်ဆိုင်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ အချိန်အတော်အတန်ကြာအောင် တွေးတောနေလိုက်၏။ ထို့နောက် သူသည် သူ၏အသိစိတ်အား ဒုတိယမြောက် ကြယ်ပုံစံ ပုတီးစေ့လေးထဲသို့ ထပ်၍ ထည့်သွင်းလိုက်ပြန်သည်။ ထိုပုတီးစေ့ထဲတွင် ကိန်းအောင်းနေသည့် နတ်ဘုရားစွမ်းရည်မှာ… အိပ်မက်ရက်ကန်းပညာရပ် ဖြစ်ပေသည်။

သူ ထိုနာမည်၏ အဓိပ္ပါယ်အား စဉ်းစားတွေးတောနေလိုက်၏။ တစ်ခဏမျှကြာပြီးနောက် သူသည် မျက်လုံးများပြန်ပွင့်လာပြီး အိပ်မက်ရက်ကန်း ပညာရပ်ထဲမှ ပြန်ထွက်လာတော့သည်။ ထို့နောက် သူသည် ဝိညာဉ်လမ်းညွှန်ပညာရပ်နှင့် ကြုံခဲ့ရစဉ်တုန်းကအတိုင်း ကောက်ချက်ချလိုက်ပြန်သည်။ အိပ်မက်ရက်ကန်းမှာ အမှောင်အိပ်မက်၏ နောက်ထပ်မူကွဲတစ်ခု ဖြစ်ပေသည်။

” အမှောင်အိပ်မက်လောက် မကျယ်ပြန့်ပေမဲ့ ပိုပြီးတော့ အသေးစိတ်ကျတယ်။ အထူးသဖြင့် တိုက်ပွဲထဲမှာ အသုံးပြုရင် ပိုပြီးတော့ အစွမ်းထက်လောက်တယ်။ ဒီပညာရပ်က လူတစ်ယောက်ကို အိပ်မက်တစ်ခုထဲ ချက်ချင်းရောက်သွားအောင် ပို့ပစ်နိုင်စွမ်းရှိတယ်။ အဲလို ပို့ခံလိုက်ရတဲ့လူက အိပ်မက်မက်နေတာလား၊ လက်တွေ့လောကထဲကို ရောက်နေတာလားဆိုတာ ခွဲခြားနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ တစ်ချိန်ထဲမှာပဲ သူက ရုပ်သေးရုပ်တစ်ရုပ်အဖြစ်ကို ရောက်သွားမှာမလို့ သူ့ကို လိုသလို ထိန်းချုပ်နိုင်စွမ်းရှိသွားမှာ ”

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီးနောက် သူ၏အသိစိတ်အား နောက်ဆုံး ကြယ်ပုံစံ ပုတီးစေ့နှစ်လုံးထဲသို့ ထည့်သွင်းလိုက်တော့သည်။ ၎င်းတို့ထဲတွင် ဒုက္ခတစ်သောင်းပညာရပ်နှင့် ဘဝတစ်ထောင်ပညာရပ်တို့ ပါဝင်နေ၏။ ထိုပညာရပ်နှစ်ခုစလုံးမှာ အလွန်အင်မတန်မှ အစွမ်းထက်လှသောကြောင့် သူသည်‌ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ အထူးသဖြင့် ဒုက္ခတစ်သောင်းပညာရပ်မှာဆိုလျှင် တိုက်ပွဲမစခင် အသုံးပြုရသော ကျိန်စာတစ်မျိုးကဲ့သို့ ဖြစ်ပေသည်။

သက်ရှိများအားလုံးမှာ ထိုကဲ့သို့ ကျိန်စာတိုက်ခံလိုက်ရသည့် လူအား အချိန်အပိုင်းအခြားတစ်ခုအထိ ရန်သူတစ်ယောက်အဖြစ် ရှုမြင်နေကြမည်ဖြစ်သည်။ သို့ဖြစ်ရာ သူသည် လမ်းလျှောက်ထွက်နေစဉ် ကျောက်တုံးပိ၍ သေဆုံးသွားနိုင်သလို တရားထိုင်နေရင်းလည်း သွက်သွက်ခါအောင် ရူးသွား‌နိုင်ပေသည်။

၎င်းမှာ မိမိ၏ ဘေးပတ်ပတ်လည်ရှိ အရာအားလုံးဆီမှ ဘေးဒုက္ခများကို ခံစားရမည့် ဒုက္ခတစ်သောင်းပညာရပ် ဖြစ်ပေသည်။

ဘဝတစ်ထောင် ပညာရပ်မှာမူ နာမည်နှင့် လိုက်ပေသည်။ ၎င်းမှာ ဒုက္ခတစ်သောင်းပညာရပ်၏ ဆန့်ကျင်ဘက်ဖြစ်ပြီး မိမိကိုယ်ပေါ်၌ အသုံးပြုရသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပေသည်။ ၎င်းမှာ မိမိ၏ စွမ်းအားများကို တိုးမြှင့်ပေးနိုင်ပြီး တိုက်ပွဲထဲ၌ အကြိမ်တစ်ထောင်တိတိ အသက်ပြန်ရှင်နိုင်အောင် ကူညီပေးနိုင်သည်။ သို့ဖြစ်ရာ ထိုပညာရပ်မှာ သူ့အား ဇီဝိန်ချုပ်တိုက်ကွက် အကွက်တစ်ထောင်တိတိ တောင့်ခံနိုင်စွမ်းရှိအောင် ကာကွယ်ပေးနိုင်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် အခြေအနေများအပေါ် မူတည်၍ ရလဒ်များမှာ အမျိုးမျိုးပြောင်းလဲသွားနိုင်သည်။

” ပုံသေကားချပ် မှတ်လို့တော့မရဘူး။ တကယ်ပဲ အကြိမ်တစ်ထောင်တိတိ အသက်ပြန်ရှင်လာနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုရင် အမှောင်ဂိုဏ်းက ဒီအကြီးအကဲကြီးလည်း အခုလို ထပ်ခြမ်းပိုင်းခံလိုက်ရမှာ မဟုတ်ဘူးလေ…. ” ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ သူ၏အောက်ရှိ ဦးခေါင်းခွံကြီးအား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် နေမင်းပုံစံ ပုတီးစေ့နှင့် လမင်းပုံစံ ပုတီးစေ့တို့အား စတင်လေ့လာကြည့်လိုက်တော့သည်။ ထို ပုတီးစေ့များထဲ၌ သံသရာပြတ်တောက်ပညာရပ်နှင့် ပြစ်ဒဏ်ငါးခုပညာရပ်တို့ ပါဝင်နေ၏။

ခဏအကြာတွင်မူ ဝမ်ပေါင်လဲ့မှာ လက်လျှော့လိုက်ရတော့သည်။ ထို နတ်ဘုရားစွမ်းရည်‌နှစ်ခုမှာ ရှေ့ဆုံးမှ နတ်ဘုရားစွမ်းရည်လေးခုထက် သိသိသာသာပို၍ အစွမ်းထက်နေ၏။ သူ ထို ပုတီးစေ့နှစ်လုံးအား ခက်ခက်ခဲခဲ ဖန်တီးသန့်စင်ခဲ့ရသည်ကိုကြည့်လျှင် သိနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထို ပညာရပ်နှစ်ခု၏ အလုပ်လုပ်ပုံကို နားလည်နိုင်စွမ်း ရှိဦးမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် နောက်ဆုံး ပုတီးစေ့နှစ်လုံးထဲမှ မည်သည့်အရာကိုမှ အာရုံမခံနိုင်ဘဲ ဖြစ်နေရ၏။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး လုံးဝ လက်လျှော့လိုက်ရတော့သည်။ ထို့နောက် သူသည် သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ဤနေရာမှာ အတော်အသင့် ဘေးကင်းနေသည့်တိုင်အောင် နောက်ဆုံးတွင် သူသည် မြို့ပျက်ကြီးထဲမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထွက်ခွာမသွားခင် ဦးခေါင်းခွံကြီးနှင့် အရိုးစုကြီးပေါ်ရှိ မြို့ပျက်ကြီးအား တရို‌တသေ ဦးညွှတ်လိုက်၏။ သူ အဝေးသို့ ပျံထွက်သွားချိန်တွင် အနီရောင်တီကောင်များမှာ လေထဲတွင် ယိမ်းနွဲ့နေရင်း ကျန်ရစ်ခဲ့တော့သည်။

သူ၏ တာဝန်မှာ ပြောင်းလဲသွားခြင်း မရှိသေးပေ။ သူသည် ဤကမ္ဘာကြီးထဲရှိ ယဇ်ပလ္လင်အား ရှာဖွေရဦးမည် ဖြစ်သည်။ သို့သော် သူသည် မြို့ပျက်ကြီးထဲမှ ထွက်ခွာလာပြီးနောက် သိသိသာသာ ပို၍ ကံကောင်းလာသည့် ပုံပင်။ ဝမ်ပေါင်လဲ့မှာ ရက်အနည်းငယ်ခန့် ပျံသန်းနေလိုက်ပြီးနောက် ညနေခင်းတစ်ခုတွင် ရုတ်တရက်ဆိုသလို ရပ်တန့်သွားရ၏။ သူသည် ကောင်းကင်ယံထဲတွင် ရစ်ဝဲနေရင်း အဝေးတစ်နေရာသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် မြေပြင်ကြီးတုန်ရီလာပြီး သံကြိုးများ၏ တချွင်ချွင်မြည်သံများကို ကြားလိုက်ရတော့သည်။ ထို့အပြင် လေမုန်တိုင်းကြီးတစ်ခု တိုက်ခတ်နေသကဲ့သို့ ကျယ်လောင်နေသည့် အသက်ရှူသံများမှာလည်း လေထဲ၌ ပဲ့တင်ထပ်လာတော့သည်။ ၎င်းမှာ မိုးကုပ်စက်ဝိုင်းထဲမှနေ၍ အရှိန်အဟုန်ဖြင့် ပျံ့လွင့်‌လာနေခြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ချက်ချင်းထုတ်သုံးလိုက်၏။ ထို့နောက် သူသည် နောက်သို့ အကွာအဝေးတစ်ခုအထိ ဆုတ်ခွာသွားလိုက်ပြီးနောက် အဝေးသို့ ထပ်၍ လှမ်းကြည့်လိုက်ပြန်သည်။ သံကြိုးတစ်ကြိုးနှင့်တစ်ကြိုး ရိုက်ခတ်သံများမှာ ပို၍ ကြည်လင်ပြတ်သားလာပြီး ကောင်းကင်ယံထဲတွင်လည်း လေမုန်တိုင်းများ တိုက်ခတ်နေပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် ခပ်လှမ်းလှမ်းရှိ မိုးကုပ်စက်ဝိုင်းထဲ၌ မိုးထိုးလုမတတ် မြင့်မားနေသော အရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။

၎င်းမှာ သူ ကြုံခဲ့ရသော သားရဲကြီး မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ၌ မြင်နေရသည့် အရိပ်ကြီးမှာ လုံးဝန်းနေပြီး ရှေ့သို့ရောက်လာသည်နှင့် ပို၍ ကြည်လင်ပြတ်သားလာ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ၎င်းအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးသွားရတော့သည်။

” ကြယ်အစွယ်သားရဲ တစ်ကောင်ပါလား ”

၎င်းမှာ ဝမ်ပေါင်လဲ့ ကြုံဖူးခဲ့သည့် သားရဲဘုရင်ကြီးထက်ပင် အဆပေါင်းများစွာ ပို၍ ကြီးမားသော ဧရာမ ကြယ်အစွယ်သားရဲတစ်ကောင် ဖြစ်ပေသည်။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ သေမင်းအငွေ့အသက်များ ထွက်ပေါ်နေ၏။ သူသည် ထိုသားရဲကြီး သေဆုံးနေခဲ့သည်မှာ မည်မျှအထိ ကြာမြင့်နေပြီဖြစ်ကြောင်းကို မသိပါသော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များမှာမူ တဟုန်းဟုန်းတောက်လောင်နေဆဲပင်။ ၎င်းမှာ ရှေ့သို့ ဖြည်းဖြည်းချင်း ရွေ့လျားလာနေပြီး ၎င်း၏ ပတ်ပတ်လည်ရှိ အရာအားလုံးမှာလည်း တွန့်လိမ်ပုံပျက်နေကြ၏။ ၎င်း ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အပုပ်နံ့များ ကျန်ရစ်ခဲ့ပြီး အပူချိန်များ ရုတ်ခြည်းဆိုသလို ထိုးတက်သွားရသည်သာ ဖြစ်သည်။

၎င်းမှာ ဧရာမလူဝံကြီးကဲ့သို့ သံကြိုးများဖြင့် ချည်နှောင်ခံထားရ၏။ ထို သံကြိုးများ၏ အဆုံးမှာ သစ်တုံးတစ်တုံးနှင့် ချိတ်ဆက်နေသည်။ ထိုသားရဲကြီးမှာမူ လားတစ်ကောင်ကဲ့သို့ ထိုသစ်တုံးကြီးအား ရှေ့သို့ဆွဲလာနေ၏။ ထိုသားရဲကြီး အနည်းငယ်မျှ အရှိန်လျော့ကျသွားတိုင်း မျက်လုံးဖြင့်မမြင်နိုင်သော ကြာပွတ်များမှာ ပြစ်ဒဏ်ပေးသည့်အနေဖြင့် ၎င်းအား ရိုက်နှက်လိုက်ကြသည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ အသက်ရှူသံများရပ်တန့်သွားရတော့သည်။ ထိုသားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော အပူချိန်မှာ မြင့်မားလွန်းလှသောကြောင့် သူသည် နောက်သို့ဆုတ်ခွာသွားရ၏။ သူသည် ထို ကြယ်အစွယ်သားရဲကြီး၏ နောက်ရှိ သစ်တုံးကြီးအား မျက်ခြည်မပြတ် လိုက်ကြည့်နေသည်။ ၎င်း၏ အဆုံးမှာ မျက်စိတစ်ဆုံး ဆန့်တန်းနေ၏။ ထို သစ်တုံးကြီး၏ အဆုံးတွင် ယဇ်ပလ္လင်အား ရှာတွေ့နိုင်လိမ့်မည်ဟု သူက ယုံကြည်နေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset