Switch Mode

အပိုင်း(၁၃၃)

မင်းသင့်တော်မယ်ထင်တာလုပ်

ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသား အများအပြားလည်း တန်ဖန်းပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်နေကြသည်။ ယွန်ရှင်းဟွာအား မြင်တွေ့ရပြီးနောက် ရီဖူရှင်းက ကျောင်းချိန်နှင့် ကျောက်မူတို့ကလည်း ပြိုင်ပွဲစင်မြင့်ပေါ်ကို တက်ရောက် လာကြသည်ကို မြင်သည်။ ကျောက်မူနှင့် ကျောင်းချိန်တို့ နှစ်ယောက်လုံးမှာ တန်ခိုးအဆင့် အတူတူဖြစ်ပြီး ပါရမီရှင်များဟု ဆိုနိုင်သည်။ ကျောင်းချိန်ကား အနုပညာ သူတော်စင်၏ တပည့်ဖြစ်ပြီး ကျောင်းချိန်ကား ဓမ္မအဆင့်အောက်မှ အဆင့်များတွင် အတော်ဆုံးဟု သတ်မှတ်၍ ရသူဖြစ်သည်။ သို့သော်လည်း ကြယ်စင်ဧကရာဇ် ကျောင်းတော်ရှိ တိုက်ပွဲတွင် ရီဖူရှင်းနှင့် ယူချင်းတို့က ကျောင်းသား အများအပြား၏ယုံကြည်မှုများ ပျောက်ဆုံးသွားစေအောင်ပင် သူတို့၏ ထူးခြားသာလွန်သော အရည်အချင်းများကို ပြသခဲ့ပြီး ကျောင်းချိန်နှင့် ကျောက်မူတို့ထက် ထက်မြက်ကြောင်း သက်သေပြခဲ့ကြ၏။ ထို့အပြင် ကောင်းကင်ပြက္ခဒိန်၏ နှစ်၁၀ဝ၀ဝ နောက်ဆုံးနေ့တွင် ဖြစ်ပျက်ခဲ့သော နန်ဒူနန်းတော်တိုက်ပွဲ နောက်ပိုင်းတွင် ဒွန်ဟိုင်မြို့မှ ပါရမီရှင်များက သူတို့မှာ ပြိုင်ဘက်ကင်း ပါရမီရှင်ဟု မည်သူတစ်ဦး တစ်ယောက်ကမှ မပြောရဲကြတော့ပေ။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ တန်ဖန်းပွဲတော်က တိုက်ပွဲတစ်ပွဲပြီး တစ်ပွဲ ပြီးဆုံးသွား၏။ တစ်ခဏအတွင်းမှာ တိုက်ပွဲများ အများအပြား ဖြစ်ပျက်နေရာ ပရိသတ်များက အရာအားလုံးကို တစ်ပြိုင်နက် အာရုံစိုက်ရန် မလွယ်ကူပေ။ ထို့အတူ ဧကရာဇ်များကလည်း အကြောင်းအရာ အထူးအထွေမရှိဘဲ စကားစမြည် ပြောဆိုနေကြသော်လည်း သူတို့၏စကားလုံးတိုင်းတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ပါဝင်နေကြသည်။ ထိုအရာကား သူတို့၏ လျှို့ဝှက်တိုက်ပွဲများ ဖြစ်ကြသည်။ ရီဖူရှင်းကလည်း တိုက်ပွဲစင်မြင့်ကို အကြည့်ရောက်နေသော်လည်း သူက ပွဲကြည့်နေခြင်း မဟုတ်ပေ။ သူ့နှလုံးသားကို အခြားတစ်နေရာကို ရောက်နေ၏။

ဧကရာဇ်ရီက ယိချန်ကို ရှာဖွေရန် သူ့လူများအား စေလွှတ်ပြီးဖြစ်သော်လည်း ယိချန်က ရီဖူရှင်းအတွက် ဧကရာဇ်အား ဖီဆန်ခဲ့မိရာ သူက အလွယ်တကူတော့ လူသိခံမည် မဟုတ်ပေ။ ရီဖူရှင်းက သူက ဧကရာဇ်ရီနောက်ကို လိုက်လာကြောင်း ယိချန်ကို မည်သို့ အသိပေးမည်နည်း။

တစ်ခါတစ်ခါ ပရိသတ်များထံမှ လက်ခုပ်သြဘာသံများ။ ချီးကျူးသံများ လွင့်ပျံ့လာတတ်သည်။ တန်ဖန်းပွဲတော် ကျင်းပချိန် ကြာလာသည်နှင့်အမျှ ထက်မြက်သော လူငယ်များ အဆက်မပြတ် ပေါ်ထွက်လာကြသည်သာ ဖြစ်သည်။ သို့သော် ရီဖူရှင်းက စိတ်ဝင်စားပုံမရပေ။

တဖြည်းဖြည်းဖြင့် ပထမနေ့ကား ပြီးဆုံးခါနီးလာပြီ ဖြစ်သည်။ သို့သော် ပရိသတ်များကား အားရကျေနပ်ပုံ မပေါ်ပေ။ သူတို့က ပွဲမစတင်မီကလိုပင် စိတ်လှုပ်ရှား တက်ကြွနေကြဆဲ ဖြစ်သည်။ ညနေပိုင်း ရောက်သောကြောင့် ကောင်းကင်ကြီးပင်လျှင် နီရဲလာပြီဖြစ်သည်။ ပွဲတော် တာဝန်ရှိသူများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် လက်ရှိတိုက်ပွဲများအား စောင့်ဆိုင်းလိုက်ကြကာ နောက်ဆုံးတွင် တန်ဖန်းပွဲတော်၏ ပထမနေ့မှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်ကြသည်။

ပရိသတ်များကမူ သည်နေ့မှာ တန်ဖန်းပွဲတော်၏ ပထမနေ့မျှသာ ဖြစ်ကြောင်း သိသော်လည်း ကျေနပ်အားရဟန် မတူပေ။ သို့သော်လည်း တန်ဖန်းပွဲတော်မှာ ဆယ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး နောက်နေ့များတွင် သည့်ထက် စိတ်ဝင်စားဖွယ် ကောင်းသော တိုက်ပွဲများ ရှိလာမည်ကို ခန့်မှန်းမိကြကာ ပိုမို၍ စိတ်အား ထက်သန်လာကြသည်။

လူအများအပြားက ဧကရာဇ်များ ထိုင်နေရာကို လှမ်းကြည့်ကြသည်။ ယနေ့ကား ဧကရာဇ်လေးပါး စုစည်းနေကြသည်။ လူအများအပြား အတွက်မူ သာမန်အချိန်တွင် ဧကရာဇ်တစ်ပါးကို တွေ့မြင်ရန်ပင် ခက်ခဲလွန်းလှသည်။ တန်ဖန်းပွဲတော်ကဲ့သို့သော အထူးပွဲတော်ချိန်ခါမျိုးတွင်သာ ဧကရာဇ်အား မြင်တွေ့ခွင့်ရခြင်းဖြစ်သည်။ ယခု သူတို့က ဧကရာဇ်လေးပါးအား တစ်ချိန်တည်းတွင် မြင်တွေ့ခွင့်ရရာ အချိန်ကြာမြင့်သည့်တိုင် အမှတ်ရနေမည့် အခိုက်အတန့်ပင် ဖြစ်ပေသည်။

ဧကရာဇ်များ ထိုင်နေရာနေရာတွင် ဧကရာဇ်ယန်က ရုတ်တရက် ပြောသည်… “ခင်ဗျားက ကျုပ်တို့ကို ဖိတ်ခေါ်တာ တန်ဖန်းပွဲတော် အတွက်ပဲလား… ဧကရာဇ်လျို…”

ဧကရာဇ်ချူနှင့် ဧကရာဇ်ရီတို့၏ မျက်လုံးများက ဧကရာဇ်လျိုထံ ရောက်လာသည်။ သူက စကားမပြောမီ ပြုံးလိုက်သည်ကို သူတို့တွေ့ရ၏… “အစ်ကိုယန်… ခင်ဗျားက အတော် စိတ်မရှည်တာပဲဗျ… အားလပ်ချိန်မှာ လူငယ်တွေ တိုက်ခိုက် ယှဉ်ပြိုင်ကြတာကို ကြည့်ရတာ သိပ်မဆိုးပါဘူး… ပြီးတော့ ကျုပ်တို့လေးယောက် အခုလိုဆုံဖို့ ဆိုတာလည်း အရမ်းကို ခက်သားပဲ မဟုတ်လား…. နောက်ပိုင်းနေ့တွေ ကျုပ်တို့အချင်းချင်း တန်ခိုးကျင့်တာနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးလို့ရတာပဲ မဟုတ်လား… ဒါက တစ်ယောက်တည်း ထိုင်ကျင့်နေတာထက်စာရင် ပိုကောင်းတယ်လို့ ကျုပ်ယုံတယ်…”

“ကောင်းပြီ… ခင်ဗျားပြောတာ မမှားပါဘူး…” ဧကရာဇ်ချူက ရယ်မောလိုက်သည်။

“ဒါဆို… သွားကြရအောင်…” ဧကရာဇ်လျိုက ပြောသည်။

“သူတို့ကကော…” ဧကရာဇ်ရီက သူ့နောက်မှ လူများအား ကြည့်ကာ မေးသည်။

“အိမ်ရှေ့စံ လျိုဂျင်လန်က သူတို့ကို စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတချို့ကို လိုက်ပြလိမ့်မယ်… လူငယ်တွေ လွတ်လွတ်လပ်လပ် သွားပါစေ… ကျုပ်တို့ရှိနေရင် သူတို့ သက်သောင့်သက်သာ ဖြစ်မှာ မဟုတ်ဘူး….” ဧကရာဇ်လျိုက ပြောသည်။ ဧကရာဇ်ရီက စကား ထပ်မပြောတော့။ မည်သို့ပင်ဆိုစေ သူတို့မှာ သူတို့နိုင်ငံတွင် စွမ်းအားအမြင့်ဆုံး တန်ခိုးရှင်များဖြစ်ရာ သူတို့အတွက် သက်တော်စောင့်များ မလိုအပ်ပေ။

ဧကရာဇ်လေးပါး ထွက်ခွာသွားပြီးသည်နှင့် အိမ်ရှေ့စံမင်းသား လျိုဂျင်လန်က တခြားလူငယ်များအာ ပြုံးလျက် ပြောသည်… “အားလုံးသောသူတွေက ခရီးရှည်ကြီးက လာခဲ့တဲ့သူတွေချည်းပဲ… ကျုပ်က ဇီချန်ရေကန်မှာ ခင်ဗျားတို့အတွက် ညနေစာစားပွဲတစ်ခု ပြင်ဆင်ထားတယ်… ကျုပ်တို့က မြို့အနှံ့လျှောက်လည်ပြီး နန်ဒူနိုင်ငံ နန်းမြို့တော်ရဲ့ လှပတဲ့ ရှုမျှော်ခင်းတွေကို သွားကြည့်လို့ရတယ်… သွားကြရအောင်….” သူက နိုင်ငံသုံးနိုင်ငံမှ လူငယ်များအား ဦးဆောင်ကာ ရှေ့မှ လျှောက်သွားလိုက်သည်။ ရီဖူရှင်းကလည်း သူတို့နောက်ကို လိုက်ပါလာသည်။ ယူချင်းက လျိုဂျင်လန်၏ နောက်ကျောအား အေးစက်စွာ ကြည့်နေသည်။ သူ ဒွန်ဟိုင်မြို့တော်ကို ရောက်လာပြီး နောက်ပိုင်းမှသာလျင် ဧကရာဇ်အမိန့်တော် ရောက်ရှိလာခြင်း ဖြစ်သည်။ တခြားတစ်ဖက်တွင်မူ ရီဖူရှင်းကား အေးဆေး တည်ငြိမ်လှသည်။ သူက လျိုဂျင်လန်အား ယခုမှ သိမြင်ဖူးသည့်အတိုင်း သူ့နောက်မှ အေးဆေးစွာ လိုက်ပါလာသည်။

လူငယ်များ၏နောက်တွင် တခြား စွမ်းအားမြင့် တန်ခိုးရှင်များလည်း ပါဝင်သည်။ ရှေ့တွင် လျှောက်နေသော လူငယ်များထဲတွင် နိုင်ငံသုံးနိုင်ငံမှ မင်းသားမင်းသမီး အချို့လည်း ပါဝင်ပြီး နောက်မှ လိုက်ပါလာသော တန်ခိုးရှင်များမှာလည်း ကန်ယီနိုင်ငံမှ ဂျင်ယူကဲ့သို့သော အလွန်စွမ်းအားမြင့် တန်ခိုးရှင်များနှင့် တခြားနိုင်ငံမှ သက်တော်စောင့်များ ပါဝင်သည်။ သူတို့က လူငယ်များ အနှောင့်အယှက် မဖြစ်စေရန် ခပ်လှမ်းလှမ်းမှ လိုက်ပါစောင့်ရှောက် ပေးနေကြသည်။

ဇီချန်ရေကန်ကား နန်းတော်နှင့် သိပ်မဝေးပေ။ ထိုနေရာကား နန်းမြို့တော်၏ အလယ်တည့်တည့်တွင် တည်ရှိသည်။ ညရောက်လာလျှင် လရောင်ကြောင့် ဇီချန်ရေကန်၏ရေမှာ အလွန် တင့်တယ်လှပသည်။ လရောင်ကြောင့် ရေကန်ပေါ်တွင် ရောင်ပြန်ဟပ်နေသော ပုံရိပ်များမှာ တကယ့်အစစ်အမှန်အလား အသက်ဝင်လှကာ ကြည့်ကောင်းလွန်းလှသည်။

ယခုအချိန်တွင်ကား လူအနည်းငယ်မျှသာလျှင် ဇီချန်ရေကန်ကို လာရောက် လည်ပတ်လျက် ရှိကြသည်။ ဇီချန်ရေကန်တွင် ကျွန်းစုလေး ခုနစ်ခုရှိသည်။ ထိုကျွန်းစုလေးများမှာ ကြီးမားခြင်းမရှိပဲ ကြည့်စရာလည်း များများစားစား မရှိပေ။ ထိုကျွန်စုလေး ခုနစ်ခုက ဓားမြှောင်တစ်လက်ကဲ့သို့ စီတန်းနေကြသည်။ ထိုကျွန်းစုငယ်လေးများပေါ်တွင် အလွန်ကျော်ကြားသော ဇီချိန်စားသောက်ဆိုင် တည်ရှိသည်။

ကျွန်းစုကလေးများ၏ အလယ်တည့်တည့်တွင် စားပွဲတစ်ခု ပြင်ဆင်ထားပြီး ဖြစ်သည်။ လှပသော အစေခံမိန်းကလေးများစွာ ထိုနေရာတွင် စောင့်ဆိုင်းနေကြ၏။ ညနေစာစားပွဲကား ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ နေရာအား အပိုင်းလေးခုခွဲကာ ပြင်ဆင်ထားသည်။ နိုင်ငံလေးခုမှလူများက မိမိတို့အပိုင်းတွင် သီးသန့်နေရာယူကြ၏။ နန်ဒူနိုင်ငံ၏ အိမ်ရှေ့စံမင်းသား လျိုဂျင်လန်က အဓိကအပိုင်းကို လျှောက်လာပြီး ပြောသည်…“အားလုံး … ထိုင်ကြပါ…”

ရီဖူရှင်းတို့အုပ်စုက တစ်နေရာယူလိုက်ကြပြီး သူတို့၏ ထိုင်ခုံနေရာများတွင် ဝင်ထိုင်ကြသည်။ တခြားလူများကလည်း ကိုယ့်နေရာ ကိုယ်စီရွေးချယ်ကာ ထိုင်ကြ၏။ ထိုနေရာ၏ အလယ်တည့်တည့်တွင်ကား စင်မြင့်အသေးတစ်ခု ရှိသည်။ စင်မြင့်ပေါ်တွင် ပဝါဖြင့် မျက်နှာအား ဖုံးကွယ်ထားသော မိန်းမပျိုတစ်ဦးက ကု့ချင်းတီးခတ်ကာ ဖျော်ဖြေနေသည်။ လှပသော သံစဉ်က လရောင်အောက်တွင် အလွန်ကောင်းမွန်သော ခံစားချက်ကို ပေး၏။ ထို့နောက် အကမယ်များ တက်ရောက်လာကာ မိန်းမပျိုအား ဝန်းရံလျက် ကခုန်ကြ၏။

ဇီချန်ရေကန်တွင် ထိုနေရာတစ်ဝိုက်မှ ဖြတ်ကျော်သွားကြသော လှေငယ်လေးများက ထိုမြင်ကွင်းကို မြင်ကြသည်။ သူတို့က အနီးကို စိတ်ဝင်တစား ချဉ်းကပ် လာကြသော်လည်း အလွန် နီးကပ်အောင်ကား မလာရဲကြပေ။ သူတို့က မနီးမဝေးကသာ စောင့်ကြည့်နေကြသည်။ သည်ညကား တန်ဖန်းပွဲတော်၏ ပထမညဖြစ်သည်။ သည်နေရာတွင် အိမ်ရှေ့စံလျိုဂျင်လန်က အိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံမှ တန်ခိုးရှင်များအား ဧည့်ခံရန် ညနေစာစားပွဲ ကျင်းပကြိုဆိုနေသည်ကို လူအများအပြား သိကြသည်။

“လူတိုင်းက အဝေးကြီးက ခရီးနှင်လာခဲ့ကြရပေမဲ့ ခင်ဗျားတို့ သဘောကျအောင် မပြင်ဆင်ပေးနိုင်ခဲ့ရင် ကျုပ်ကို ခွင့်လွှတ်စေချင်ပါတယ်…” လျိုဂျင်လန်က ပြုံးလျက် ပြောသည်။

“လှပတဲ့ မိန်းမလှတွေ… ကောင်းမွန်တဲ့ ရှုခင်း… သာယာတဲ့ ဂီတသံစဉ်… သဘောကျစရာ တွေချည်းပါပဲ…” ယွန်ချူနိုင်ငံမှ တောက်ပြောင်စွာ ဝတ်ဆင်ထားသော လူငယ်လေးက ပြောသည်။ သူက အိမ်ရှေ့စံမင်းသားအား အပိုပြောနေခြင်း မဟုတ်ပေ။ ညစာစားပွဲ အပြင်အဆင်ကား တကယ်ပင် ပြည့်စုံကောင်းမွန်လှသည်။

“ဂီတမှာပဲဖြစ်ဖြစ်… မိန်းမလှမှာပဲဖြစ်ဖြစ်… ကျုပ်တို့ရဲ့ ဧည့်သည်တွေထဲမှာတော့ ကန်ယီနိုင်ငံက အကောင်းဆုံးလို့ ပြောလို့ရတယ်…” လျိုဂျင်လန်က ရယ်မောလိုက်သည်။ လူအများအပြားက လင်းယွီယို။ ဟွာကျီဇင်နှင့် ရီလင်းဇီ စသော ကန်ယီတိုင်းပြည်မှ မိန်းမလှသုံးယောက်အား ကြည့်လိုက်ကြသည်။ သူတို့အားလုံးမှာ ချောမောလှပကြသည်။ အထူးသဖြင့် လင်းယွီယိုဖြစ်သည်။ သူမ၏အလှကား အမှန်ပင် အသက်ရှူမှားလောက်သည်။ လူအများအပြားက သည်အချက်အား အစောပိုင်းကတည်းက သတိထားမိကြပြီး ဖြစ်သည်။ ထိုနေရာတွင် ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ မိန်းမပျိုတန်ခိုးရှင်များ ပါဝင်သော်လည်း ကန်ယီတိုင်းပြည်မှ မိန်းမပျိုများလောက် ချောမောခြင်း မရှိကြပေ။

“အရင်တုန်းက ဒွန်ဟိုင်ကျောင်းတော်မှာ မင်း ကျုပ်အတွက် တီးခတ်ပေးခဲ့တဲ့ သံစဉ်… ကမ္ဘာကြီး သီချင်းကို အခုထိ ကျုပ်စိတ်ထဲမှာ စွဲနေတုန်းပဲ…” လျိုဂျင်လန်က ပြုံးလျက် ရီဖူရှင်းရှိရာဘက်ကို လှည့်ကာ ပြောသည်။

ရီဖူရှင်းက ဝိုင်ဖန်ခွက်ကို ချလိုက်ကာ ခေါင်းမော့လျက် အိမ်ရှေ့စံမင်းသားအား ကြည့်သည်။ လျိုဂျင်လန်ကား မူလက အတိုင်းပင် မောက်မာဝင့်ကြွားမြဲ ဖြစ်သည်။ ယနေ့တွင်ပင် သူက ရီဖူရှင်းအား ပိုမို၍ ကြီးမြတ်ဟန်ဖြင့် ပြောဆို ဆက်ဆံနေသည်။ သူက ရီဖူရှင်းမှာ သူ့ထက် နိမ့်ကျကာ ရယ်မောစရာအဖြစ် တွေးနေဟန်ရှိသည်။

“အရင်တုန်းက ကျုပ်ပြောခဲ့တာကို ပြန်ရုပ်သိမ်းတယ်… အဲဒီသီချင်းက ခင်ဗျားနဲ့ မသင့်တော်ဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ အဲဒါ ကျုပ်အတွက် အရေးမကြီးပါဘူး… သီချင်းက ဆိုလိုတဲ့ ကမ္ဘာကြီးခေါ် နန်ဒူနိုင်ငံက ကျုပ်အတွက် သေးငယ်လွန်းလှတယ်…” လျိုဂျင်လန်က ပြောသည်။ ကြည့်ရသည်မှာ သူ၏ရည်မှန်းချက်မှာ နန်ဒူနိုင်ငံထက် ကျယ်ပြန့်သော နေရာတွင် ရှိနေပုံရသည်။ “ဒါပေမဲ့ မင်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ မင်းကိုငါက အရမ်းကို ကောင်းမွန်တဲ့ အခွင့်အရေးကို ပေးခဲ့တယ်… မင်းက လက်ခံခဲ့ပြီးတော့ ကျုပ်ကို ကူညီခဲ့ရင် နောက်ဆက်တွဲ အဖြစ်တွေက ဖြစ်လာစရာ ရှိမှာ မဟုတ်ဘူး…”

“ဒါက ခင်ဗျားရဲ့ ကံကြမ္မာလည်း ဖြစ်နိုင်တာပဲ…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ သူတို့၏စကားလုံးများကား ဓားသွားများလို စူးရှလှသည်။ လျိုဂျင်လန် တွေးသည်မှာ ရီဖူရှင်းက အတိတ်မှ ဆုံးဖြတ်ချက်များအား နောင်တရသင့်သည် ဟူ၍ပင်။ သို့သော် ထိုအဖြစ်အပျက်က လျိုဂျင်လန်၏ကံကြမ္မပင်ဖြစ်သည်။ နောင်တရသင့်သည်မှာ သူမဟုတ်ပဲ လျိုဂျင်လန်သာ ဖြစ်သည်ဟု သူကဆိုလို၏။

ထိုလူငယ်နှစ်ယောက်၏ အပြန်အလှန် စကားပြောဆိုမှုကို ယွန်ချူနိုင်ငံနှင့် ယန်တိုင်းပြည်မှ လူငယ်များက အလွန် စိတ်ဝင်တစား ရှိလှသည်။ ယခုကတည်းက စိတ်ဝင်စားစရာများ ဖြစ်ပေါ်လာမည်ဟု မည်သူက ထင်မည်နည်း။

လျိုဂျင်လန်က ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးလျက် မေးသည်… “ဒီနေ့ မင်းက ငါ့အတွက် နောက်သီချင်းတစ်ပုဒ် တီးခတ်ပေးမယ်ဆိုရင် ဘယ်လိုနေမလဲ…”

ရီဖူရှင်းက သူ့အား တစ်ချက်ကြည့်ကာ ဝိုင်ဖန်ခွက်အား ကောက်ကိုင်ပြီး လျစ်လျူရှုထားလိုက်သည်။

ထိုစဉ်မှာပင် လူခုနစ်ယောက် သူတို့ထံ လျှောက်လာသည်။ လျိုဂျင်လန်က ကြည့်လိုက်လျှင် ဝန်ကြီးချုပ်ဟွာအား မြင်သည်။ သူက ဦးညွှတ်လျက် နှုတ်ဆက်၏…“အရှင့်သား…”

“ဝန်ကြီးချုပ်ဟွာ… ဘာဖြစ်လို့လဲ…” လျိုဂျင်လန်က မေးသည်။

“မရှိပါဘူး… ကျုပ်တို့က အရှင့်သားက ဒီနေရာမှာရှိနေတာ မြင်လို့ တခြားလူတွေရဲ့ ကိုယ်စား လာနှုတ်ဆက်တာပါ…..” ဝန်ကြီးချုပ်ဟွာက ပြောနေရင်းက တစ်နေရာကို လက်ညှိုးထိုးပြသည်။ လျိုဂျင်လန်က ဝန်ကြီးချုပ်ဟွာ ညွှန်ပြရာနေရာကို ကြည့်လိုက်လျှင် ယန်ရှာအိုနှင့် ဒွန်ဟိုင်ကျောင်းတော်မှ လူများ။ နန်ဒူမိသားစုဝင်များအား တွေ့ရသည်။

ယန်ရှာအိုနှင့် ဝန်ကြီးချုပ်ဟွာမှာ ဆရာတစ်ယောက်တည်း ဖြစ်ပြီး သူတို့ချင်း ရင်းနှီးမှုကို ပြောနေစရာမလိုပေ။ သို့သော် နန်ဒူမိသားစုကမူ ဝန်ကြီးချုပ်ဟွာနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်လိုကြသည်။

“ကောင်းပြီ… ကျုပ်နားလည်တယ်… ဝန်ကြီးချုပ်ဟွာ… ခင်ဗျားရဲ့ ကိစ္စတွေကို သွားလုပ်လို့ရပြီ… ဒီကအကြောင်းအရာတွေကို စိတ်ပူနေစရာ မလိုဘူး……” လျိုဂျင်လန်က ပြောသည်။ ဝန်ကြီးချုပ်ဟွာက ခွင့်ပြုချက် တောင်းပြီးနောက် ရီဖူရှင်းအား တစ်ချက်ကြည့်ကာ ထိုနေရာမှ ပြန်ထွက်သွားသည်။

ရီဖူရှင်းက တစ်ချက် ပြန်ကြည့်လိုက်ကာ သူ့မျက်လုံးက ဝန်ကြီးချုပ်ဟွာ ပြန်သွားသော ကျွန်းစုငယ်လေး တစ်နေရာကို ရောက်သွားသည်။ ထိုလူများအား ရီဖူရှင်းက မေးခွန်းတစ်ခု မေးလိုနေသည်။

“ဒါဆို မင်းက ဧကရာဇ်ရီ ရွေးချယ်လိုက်တဲ့ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် ပထမဆုရှင်ပေါ့…” ယန်တိုင်းပြည်မှ လူငယ်တစ်ဦးက မေးသည်။

ရီဖူရှင်းက သူ့အား ကြည့်ကာ အသာအယာ ပြုံးလိုက်သည်။

“ဖန်းဟွာပွဲတော်မှာ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်က ဘယ်လိုလုပ် ပထမရတာလဲ… ကျုပ် တကယ်ကို စိတ်ဝင်စားနေတယ်…..” ယန်တိုင်းပြည်မှ စွမ်းအားမြင့် တန်ခိုးရှင်တစ်ယောက်က ထပ်မံပြောဆိုသည်။

“ကျုပ်ကကံကောင်းပြီး ဧကရာဇ်ရီရဲ့  မျက်လုံးမှာ ကျေနပ်စရာ တွေ့သွားလို့နေမှာ…” ရီဖူရှင်းက ပြောသည်။

“မင်းတို့တွေ သူပြောတာကို ယုံကြလား…” ယန်တိုင်းပြည်မှ လူငယ်က သူ့လူများအား လှည့်ကာ မေးသည်။

ယွန်ချူနိုင်ငံမှ တောက်ပြောင်စွာ ဝတ်ဆင်ထားသော လူငယ်က ပြုံးလျက် ပြောသည်… “အမှန်ကို သိရဖို့ ကျုပ်တို့က ယှဉ်ပြိုင်ကြည့်လို့ ရတာပဲမလား…”

“ရန်ကျန်း… မင်းက ဖန်းဟွာအဆင့်တစ်ရဲ့ စွမ်းရည်တွေကို မစမ်းသပ်ကြည့်ချင် ဘူးလား…” ယန်တိုင်းပြည်မှ တန်ခိုးရှင်တစ်ယောက်က ပြောသည်။

ယန်ကျန်း မတ်တတ်ရပ်လိုက်သည်။ လျိုဂျင်လန်က သူ့လက်အား ဝှေ့ယမ်းလိုက်လျှင် စင်မြင့်ပေါ်မှ မိန်းမပျိုများအားလုံး ဆင်းသွားကြသည်။

“ကျုပ်ကလည်း ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်ပဲ….” ယန်ကျန်းက ပြောသည်။ သူက ထိုနေရာတွင် ရပ်လိုက်လျှင် သူ့ခန္ဓာကိုယ်မှ မမြင်ရသော အားလှိုင်းများ ထွက်ပေါ်လာနေသည်ကို ရီဖူရှင်း ခံစားရ၏။

“ကျုပ်မှာ လုပ်စရာတွေ ရှိသေးတယ်… ဒါကြောင့် ကျုပ်ကို ထည့်မတွက်နဲ့…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက ဝိုင်ဖန်ခွက်အား ချကာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူ့စားပွဲမှ ထွက်ခွာကာ နောက်တစ်နေရာသို့ လျှောက်သွားလိုက်သည်။ သူက ယန်ကျန်းရှိနေရာသို့ သွားခြင်း မဟုတ်ပေ။ သူက ညနေစာစားပွဲမှ အဝေးတစ်နေရာသို့ ဦးတည်နေသည်။

“ဒါက ဘာကို ဆိုလိုတာလဲ…” ယန်တိုင်းပြည်မှ တစ်ယောက်က ပြောသည်။

“စိတ်မဝင်စားဘူး…” ရီဖူရှင်းက လျှောက်နေရင်းက နောက်မလှည့်ပဲ ပြန်ဖြေသည်။

“ဧကရာဇ်ရီရဲ့ ဆုံးဖြတ်ချက်က ဒီလောက်တောင် ဆိုးရွားတာလား…” ယန်ကျန်းက မေးသည်။

ရီဒန်ချန်းနှင့် ရီလင်းဇီတို့ ဒေါသထွက် သွားကြသည်။ သူတို့အဖေ၏ ဆုံးဖြတ်ချက်ကို သူက အဘယ်ကြောင့် ဝေဖန်ရဲရသနည်း။

ရီဖူရှင်းက ရပ်တန့်ခြင်းမရှိပေ။ သူ့လမ်းအား ဆက်သွားသည်။ သူ့ပုံစံက ထိုနေရာက သူနှင့် လုံးဝ မသက်ဆိုင်သည့်အလားပင်။

လူအများအပြားက မျက်မှောင်ကြုတ်လျက် ထိုထွက်ခွာသွားသော လူငယ်လေးအား ကြည့်နေကြသည်။ သူက တမင် သူ့စွမ်းရည်များကို ဖုံးကွယ်ထားလိုသည်လား။ သို့မဟုတ် သူက သည်လူများနှင့် တိုက်ခိုက်ရန် သူက ထူးချွန်လွန်းနေသည်ဟု ထင်နေသည်လား။ သူကား ဖန်းဟွာပြိုင်ပွဲတွင် ပထမရသူဖြစ်သည်။ ထို့ကြောင့် သူ့စွမ်းရည်များကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။ သို့သော် သူက သည်လူငယ်များနှင့် တိုက်ခိုက်ရန် မတူမတန်သည့် သဘောဆိုလျှင် သူက ဘဝင်မြင့်လွန်းသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

“ယူချင်း…” အဝေးကို ရောက်နေရာမှ ရီဖူရှင်းက တစ်ဖန် လှမ်းခေါ်လိုက်သည်…“မင်း သင့်တော်မယ် ထင်တာ လုပ်လိုက်…”

“ကောင်းပြီ…” ယူချင်းက ပြန်ပြောသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset