အပိုင်း (၁၃၂)

စကားစစ်ထိုးခြင်း

ဧကရာဇ်လျိုက ပြောပြီးသည်နှင့် လူတချို့က ပွဲတော်မှကိစ္စများအား စီမံခန့်ခွဲရန် တိုက်ပွဲစင်မြင့်ကိုးခုရှိ နေရာသို့ လျှောက်သွား လိုက်ကြသည်။ တန်ဖန်းပွဲတော်ကား ဖန်းဟွာပွဲတော်နှင့် ကွာခြားသည်။ တိုက်ပွဲစင်မြင့်ကိုးခုက တစ်ချိန်တည်းတွင် တိုက်ခိုက်ကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သည်ပွဲတော်က ဆယ်နှစ်မှ တစ်ကြိမ် ကျင်းပခြင်းဖြစ်ရာ တန်ဖန်းပွဲတော်အတွက် ပြိုင်ပွဲဝင်များ၏ လိုအပ်ချက်မှာ နည်းပါးသည်။ ပြိုင်ပွဲစင်မြင့်များအား တန်ခိုး အဆင့်များဖြင့် ခွဲခြားထားပြီး ကောင်းကင်အဆင့် တန်ခိုးရှင်များ အတွက် စင်မြင့်ငါးခုနှင့် ဓမ္မအဆင့်အတွက် စင်မြင့် သုံးခု ထားရှိသည်။ သူတို့က တန်ခိုးအဆင့်တူ အတွင်းတွင်သာ မိမိတို့၏ အင်အားအကြီးဆုံး ပြိုင်ဘက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ကြရမည် ဖြစ်သည်။

အလယ်ဆုံးမှ စင်မြင့်မှာကား သည့်ထက်မြင့်သော တန်ခိုး အဆင့်များအတွက် ဖြစ်သည်။ အသက် နှစ်ဆယ့်ငါးနှစ်ထက် ငယ်ကာ အဆင့်သုံးဓမ္မထက်ပိုသော သူများက ထိုနေရာကိုသွားကာ သူတို့၏ စွမ်းဆောင်ရည်များကို ပြသနိုင်မည် ဖြစ်သည်။ သည်နည်းဖြင့် အသက် အတိုင်းအတာမှာ ဆယ့်ခြောက်နှစ်မှ နှစ်ဆယ့်ငါးနှစ်ဟု ပြော၍ ရသည်။ တန်ဖန်းပွဲတော်ကား ဆယ်နှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်ရာ ထိုဆယ်နှစ်အတွင်း ထွက်ပေါ်လာသော ပါရမီရှင်များ အားလုံး အခွင့်အရေးရစေရန် စီမံထားခြင်း ဖြစ်သည်။ စည်မျဉ်းကား ရိုးရှင်းသည်။ သည်နည်းစနစ်က ဖန်းဟွာပွဲတော်လောက် မထိရောက်သော်လည်း အသက်အရွယ်တိုင်း၏ ပါရမီရှင်များအား ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။

ရီဖူရှင်းက သူ့ထိုင်ခုံနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ ဧကရာဇ်လျိုအား နန်ဒူနန်းတော်၏ အပြင်ဘက်တွင် ဘာတစ်ခုမှ မေးမည်မဟုတ်ပေ။ အမှန်က သူက ဧကရာဇ်လျိုအား ကြည့်ပင်မကြည့်ပေ။ ဧကရာဇ်လျိုနှင့် လျိုဂျင်လန်တို့ကလည်း သူ့ကို မကြည့်ကြပေ။ နှစ်ဖက်လုံးက သည်အချိန်တွင် နားလည်မှု ယူထားသကဲ့သို့ ဒွန်ဟိုင်မြို့မှ အဖြစ်အပျက်များအား မေ့ထားကြသည်။ မည်သူမှ စကား အစမဖော်ပေ။ ယနေ့ကား တန်ဖန်းပွဲတော် ကျင်းပရာနေ့ဖြစ်ပြီး ရီဖူရှင်းက ဧကရာဇ်ရီနှင့် အတူ လိုက်ပါလာသော ဧည့်သည်ဖြစ်သည်။

တိုက်ပွဲစင်မြင့်တစ်ဖက်မှ များစွာသော လူများအား ကြည့်ပြီး ရီဖူရှင်းက တန်ဖန်းပွဲတော်မှာ ဖန်းဟွာပွဲတော်ထက် ကြီးမားသည်ဟု သိလိုက်သည်။ တန်ဖန်းပွဲတော်က ဆယ်နှစ်တိုင်အောင် စောင့်ဆိုင်းပြီး ကျင်းပခြင်းဖြစ်ရာ ထိုနှစ်ပိုင်းအတွင်းတွင် ပါရမီရှင်များ အများအပြား ထွက်ပေါ်လာမည်မှာ သေချာလှသည်။

ထို့နောက်တွင် တိုက်ပွဲစင်မြင့်များတွင် ယှဉ်ပြိုင်ပွဲများ စတင်ပြီး ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း ကြွတက်သွားသည်။ လူငယ်များ အားလုံးက ယှဉ်ပြိုင်လိုသော စိတ်များဖြင့် တက်ကြွစွာ ကြည့်နေကြသည်။ သူတို့က မည်သည့် အချိန်တွင်မဆို စင်မြင့်ပေါ်သို့ တက်ရောက်ရန် အဆင်သင့် ဖြစ်နေကြ၏။

“ဧကရာဇ်ရီ… ကျုပ်တို့ရဲ့ တန်ဖန်းပွဲတော်က ဖန်းဟွာပွဲတော်နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ….” ဧကရာဇ်လျိုက ဧကရာဇ်ရီအား ပြုံးလျက် ကြည့်ကာ မေးသည်။

“ဒီပွဲတော်က ပိုပြီး ကြီးမားပြီးတော့ ပြိုင်ပွဲဝင်တွေကလည်း များတယ်… ဒါပေမဲ့ ထိရောက်မှု နည်းတယ်… နောက်ဆုံး အနိုင်ရသူတွေက ဖန်းဟွာပြိုင်ပွဲရဲ့ အနိုင်ရသူကို မယှဉ်နိုင်လောက်ဘူး…” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်။

“ခင်ဗျားက ယုံကြည်မှု ရှိတယ်ပေါ့…” ဧကရာဇ်လျိုက ရယ်မောလိုက်သည်။ “နန်ဒူနိုင်ငံရဲ့ တန်ဖန်းပွဲတော်က ဆယ်နှစ်တစ်ခါ ကျင်းပတာ… ဆယ်နှစ်ကာလက ခင်ဗျားရဲ့ သုံးနှစ်တစ်ကြိမ် ပြိုင်ပွဲကို မယှဉ်နိုင်ဘူးလို့ ပြောတာလား…”

“ခင်ဗျား နားလည်ထားရမှာက ထိပ်သီးပါရမီရှင်တွေကို အချိန်အတိုင်းအတာနဲ့ သတ်မှတ်ထားလို့ မရဘူးဆိုတာကိုပဲ… နန်ဒူနိုင်ငံမှာပဲဖြစ်ဖြစ် ကန်ယီတိုင်းပြည်မှာပဲ ဖြစ်ဖြစ် နိုဘယ်အဆင့် တန်ခိုးရှင်တစ်ယောက် ထွက်ပေါ်ဖို့ နှစ်တွေ ဘယ်လောက်တောင် ကြာလဲ…” ဧကရာဇ်ရီက တည်ငြိမ်စွာ ပြောသည်။ နိုင်ငံလေးခုမှ ဧကရာဇ်များ အားလုံးက သဘောတူစွာ ခေါင်းညိတ်ကြသည်။ ဧကရာဇ်တစ်ပါး ဖြစ်လာရန် လိုအပ်သော နိုဘယ်တန်ခိုးအဆင့်ကား အလွန် ခက်ခဲလွန်းလှသည်။ နိုဘယ်အဆင့်ပါရမီရှင်ကား အလွန်ရှားပါးလွန်း၏။ ထို့အပြင် လုံလောက်သော ပါရမီတင်သာမက နိုဘယ်အဆင့် ပါရမီရှင်များစွာတို့မှာ မရင့်ကျက်မီ သေဆုံးသွားသည်များလည်း ရှိတတ်သေးသည်။ သူတို့က နိုဘယ်ကံစွမ်းအား ရှိရန်လည်း လိုပေသေးသည်။

ထိုကဲ့သို့သော လူမှာ နိုင်ငံလေးခု၏ နှစ်တစ်ရာ အတွင်းတွင် ပေါ်ပေါက်နိုင်ရန် ခက်ခဲလှသည်။ ထို့အပြင် တစ်ယောက်တည်းလည်း မဟုတ်နိုင်ပေ။ မဟုတ်လျှင် ဧကရာဇ်များက ထိုလူများအား ရှာဖွေကာ အသုံးပြုနိုင်မည် မဟုတ်ပေ။

“ဧကရာဇ်လျို… ခင်ဗျားရဲ့ ကံစွမ်းအားက မလုံလောက်ဘူး…” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်တွင် ဧကရာဇ်လျို၏မျက်လုံးများ အရောင်တစ်ချက် လက်သွားသည်။ ထိုစကားများ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ပါဝင်နေသည်။ ဧကရာဇ်ရီက ဟွာဂျီယူအား မွေးစားလိုက်သည် ဆိုကတည်းက သူက ရီဖူရှင်းအား ကာကွယ်မည်မှာ သေချာသည်။ ထို့ကြောင့် သူက အကြောင်းအရာ အများအပြားကို သိသည်။

နန်ဒူနိုင်ငံတွင် နိုဘယ်အဆင့် ပါရမီရှင်တစ်ယောက် ပေါ်ပေါက်လာခဲ့သည်။ အမှန်ပြောရလျှင် တစ်ယောက်ထက်ပို၏။ ဝန်ကြီးချုပ်ကျိုက သူ့အား ကိုယ်တိုင်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ သူက ဧကရာဇ်ဖြစ်ရန် ကံကြမ္မာရှိနေလျှင် သူ့တွင် နိုဘယ်အဆင့်ပါရမီ ရှိကို ရှိရမည်ဖြစ်သည်။ ဧကရာဇ်တစ်ပါးဖြစ်ရန် နိုဘယ်တန်ခိုးအဆင့်ရှိရန် လိုသည်မှာ ငြင်းပယ်၍ မရနိုင်သော အချက်ဖြစ်သည်။ ကံမကောင်းစွာပင် ဧကရာဇ် ကိုယ်ရောင်ကိုယ်ဝါရှိသော ထိုလူငယ်လေးက ယခင် တော်ဝင်မိသားစုမှ ဆင်းသက်လာသော ဟွာဂျီယူအား ချစ်ခင်နှစ်သက်ခဲ့သည်။ သူတို့၏ကံကြမ္မာမှာ ဖြစ်နိုင်သည်မှာ ဧကရာဇ်နှင့် ဧကရီတို့ ဖြစ်ရပေမည်။ သည်နည်းဖြင့် သူတို့တွင် နိုဘယ်အဆင့် ပါရမီများရှိသည့်တိုင် ဧကရာဇ်လျိုက ထိုလူငယ်လေး နှစ်ယောက်အား သူ့အတွက် အသုံးချ၍ မရနိုင်တော့ပေ။ အကယ်၍ ဟွာဂျီယူကသာလျှင် ကြင်ရာတော် မင်းသမီးအဖြစ် လက်ခံခဲ့ပါက သူမ၏ကံစွမ်းအားကို လျိုဂျင်လန်အတွက် အသုံးချ၍ ရနိုင်သော်လည်း ယခုကား မဖြစ်နိုင်တော့ပေ။

“အိုး…” ဧကရာဇ်လျိုက ပြုံးလိုက်သည်။ “နိုဘယ်အဆင့် ပါရမီရှင်က ရှားပါးပေမဲ့ မကြာခဏ ပေါ်လာတတ်တာပဲ…. အများစုက တန်ခိုးကျင့်ရင်းနဲ့ လမ်းခုလတ်မှာ သေဆုံး သွားတတ်ကြတာပဲ မဟုတ်လား… တကယ်တမ်းအားဖြင့် နိုဘယ်အဆင့် အထိ ဘယ်သူတွေ ဖြစ်လာလို့လဲ…” သူ့စကားတွင် လူသတ်လိုသော အရှိန်အဝါများ ပါဝင်နေသည်။

“ဧကရာဇ်လျိုပြောတာ မှန်တယ်…” ဧကရာဇ်ရီက ပြောသည်…..“ ကျုပ်ကြားတာကတော့ အိမ်ရှေ့စံမင်းသား လျိုဂျင်လန်ကလည်း နိုဘယ်အဆင့် ပါရမီရှင်တဲ့ ဟုတ်တယ်မလား… သူလည်း နိုဘယ်အဆင့် တန်ခိုးရှင် အမှန်တကယ် ဖြစ်လာပါ့မလား… ကျုပ်သိချင်တယ်…..” သူက ပြုံးလိုက်သည်။ သူတို့က စကားစစ်ထိုး နေကြခြင်းပင်။

ဧကရာဇ်လျိုက ပြောသည်မှာ နိုဘယ်အဆင့် ပါရမီရှင်များကလည်း သေနိုင်သည့်သဘော ရှိကြောင်း။ သူက ရီဖူရှင်းအား သတ်လိုကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်ရီကလည်း ပြန်လည် တိုက်ခိုက်သည်။ လျိုဂျင်လန်သည်လည်း နိုဘယ်အဆင့် ပါရမီရှင်ဖြစ်သည်။ သူသည်လည်း သေသွားနိုင်သည် ဟူ၍ပင်။ အမှန်တကယ်တွင် ဧကရာဇ်ရီက သူ့လူများအား ထိလျှင် ဖြစ်လာမည့် အကျိုးဆက်အား သတိပေးနေခြင်းပင်။

ဧကရာဇ်လျို၏နှုတ်ခမ်းက ကွေးကောက်သွားကာ နှာခေါင်းရှုံ့လိုက်သည်။

ရီဖူရှင်းကလည်း သူတို့ ပြောနေသည်များအား ကြားသည်။ သူတို့၏ စကားများတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ပါဝင်နေသည်။ ဧကရာဇ်ရီက သူ့အား ကာကွယ်မည်ကို ရီဖူရှင်း နားလည်သည်။ မဟုတ်လျှင် သူက ရီဖူရှင်းအား သည်နေရာသို့ ခေါ်ဆောင်လာမည် မဟုတ်ပေ။

“ခင်ဗျားတို့ နှစ်ယောက်က ထူးထူးဆန်းဆန်း စကား ပြောနေကြတာပဲ…” ယွန်ချူနိုင်ငံမှ ဧကရာဇ်က ပြောသည်။ သူတို့အား ကြည့်ရသည်မှာ စကားလုံးများဖြင့် တိုက်ခိုက်နေကြဟန် တူပြီး သူတို့က နားမလည်ပေ။

နိုင်ငံတိုင်းက အိမ်နီးချင်းနိုင်ငံမှ တန်ဖန်းပွဲတော်နှင့် ဖန်းဟွာပွဲတော်တို့ ကဲ့သို့သော အဖြစ်အပျက်များအား အာရုံစိုက်ကြသည်။ ထိုပြိုင်ပွဲများမှ အထူးချွန်ဆုံးသော သူများကိုပင်လျှင် သိကြသည်။ သို့သော် ဒွန်ဟိုင်မြို့ကား နန်ဒူနိုင်ငံမှ သာမန် မြို့ငယ်လေး တစ်မြို့သာဖြစ်သည်။ သူတို့က အာရုံစိုက်နေမည် မဟုတ်ပေ။ အထူးသဖြင့် ဧကရာဇ်များအတွက် ထိုအရေးများအား ဂရုစိုက်စရာ မလိုပေ။ သူတို့က ဖန်းဟွာပွဲတော်မှ နာမည်များကို တစ်ချက် ကြည့်သည်ကိုပင်လျှင် အလွန်အလေးထားရာ ရောက်သည်ဟု ဆိုနိုင်ပေသည်။

တန်ခိုးရှင်များ ကြီးစိုးရာ ဒေသများတွင် ဧကရာဇ်တစ်ပါး၏ အရေးအကြီးဆုံး အလုပ်မှာ တန်ခိုးကျင့်ရန်နှင့် ပိုမို သန်စွမ်းရန် ဖြစ်သည်။ ထို့ကြောင့် ယွန်ချူနိုင်ငံမှ ဧကရာဇ်က သူတို့၏စကားများအား အနည်းငယ်မျှသာ နားလည်ခြင်း ဖြစ်သည်။ သူ ခန့်မှန်းမိသည်မှာ သူတို့ပြောနေသော အကြောင်းအရာမှာ ဖန်းဟွာပွဲတော်တွင် အနိုင်ရသော နန်ဒူနိုင်ငံမှ ပါရမီရှင်တစ်ဦးနှင် ဆက်စပ်နေသည်ကိုပင်။

“ယွန်ချူနိုင်ငံကလည်း လူငယ်ပါရမီရှင်တွေကို ခေါ်လာတယ်… ဒီမတိုင်မီကလည်း ဖန်းဟွာပြိုင်ပွဲက အရမ်းပါရမီပါတဲ့ လူငယ်တွေ ရှိသေးတယ်… အခွင့်အရေးရရင် ခင်ဗျားတို့ အားလုံးက စမ်းသပ်သင့်တယ်…” ဧကရာဇ်လျိုက ပြုံးလျက် ပြောသည်။

ယွန်ချူနိုင်ငံမှ ဧကရာဇ်ကလည်း ပြုံးလိုက်သည်။ သူက သူ့နိုင်ငံမှ လူငယ်များအား ကြည့်ကာ ပြောလိုက်သည်…“မင်းတို့ ကြားကြလား…”

ထိုလူငယ်များက ရီဖူရှင်းနှင့် ရီဝူချင်းတို့ အုပ်စုအား ကြည့်လိုက်ကြသည်။ ထိုလူငယ်များထဲမှ တောက်တောက် ပြောင်ပြောင် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ပြောသည်…..“ကျုပ်လည်း ဖန်းဟွာပွဲတော်က သတင်းတချို့ကို ရတယ်… အနိုင်ရတဲ့သူက ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့်တဲ့… အတော် စိတ်ဝင်စားစရာ ကောင်းတယ်…”

“ဓမ္မအဆင့် တန်ခိုးရှင်ကို အနိုင်ယူနိုင်တဲ့ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင်က တကယ်ပဲ သဘာဝလွန် စွမ်းအားပိုင်ရှင်ပဲ…” နောက်တစ်ယောက်က ဟာသအနေဖြင့် ဝင်ပြောသည်။

“သူက ဘယ်လို ဓမ္မအဆင့် တန်ခိုးရှင်ကို အနိုင်ယူခဲ့ရတာလဲ….”

“သူလည်း ဖန်းဟွာအဆင့်ဝင်ပဲ…”

ယွန်ချူမှ လူငယ်များ စကားပြောနေသည်ကို ကြားလျှင် ယူဂျန်နှင့် ဘေချူတို့၏မျက်နှာများ မည်းမှောင်သွားသည်။ ထိုစကားများ၏ အဓိပ္ပာယ်များကို သူတို့လည်း နားလည်သည်။

“အဲဒီ ဓမ္မအဆင့် တန်ခိုးရှင်က မင်းကို အနိုင်ယူနိုင်တယ်….” တစ်ယောက်က ထူးမခြားနားစွာ ဝင်ပြောသည်။ ယွန်ချူနိုင်ငံမှ လူငယ်ကဲ့သို့ ထေ့လုံး ငေါ့လုံးများဖြင့် ပြောခြင်း မဟုတ်ဘဲ သူ့စကားကား တိုက်ရိုက်ဆန်လှသည်။ ဝင်ပြောလိုက်သူကား ရီဝူချင်းဖြစ်သည်။ သူကား သူ၏တိုက်ခိုက်သည့် ပုံစံအတိုင်းပင် ပြုမူသည်။ သူက တစ်ခါတစ်ရံမှသာ ဝင်လှုပ်ရှား ပြုမူတတ်သော်လည်း ပစ်မှတ်အား အမှန်အကန် ထိသည်သာဖြစ်သည်။

“တကယ်လား… ကျုပ်ကလည်း ဘယ်လိုလဲဆိုတာ သင်ယူချင်မိတယ်…” ယွန်ချူလူငယ်က ပြုံးလျက် ပြောသည်။ သူ စိတ်မဆိုးပေ။ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ဆောင်တစ်ယောက် အနေဖြင့် ပြိုက်ဘက် တစ်ယောက်၏မှတ်ချက်က သူ့အား ထိခိုက်စေခြင်း မရှိပေ။

“ဒီနေ့ ပွဲတော်ပြီးသွားရင် ကျုပ်က ခင်ဗျားတို့တွေကို နန်းမြို့တော်အနှံ့ လိုက်ပြပေးမယ်… အခုတော့ အေးအေးဆေးဆေး ကြည့်ကြတာပေါ့…” အိမ်ရှေ့စံမင်းသား လျိုဂျင်လန်က ပြောသည်။ လူအများအပြားက သူ့ကို ကြည့်လိုက်ကြသည်။ သူကား ကျော်ကြားသောသူ ဖြစ်သည်။ သူကား ငယ်ရွယ်စဉ်ကတည်းက နန်ဒူနိုင်ငံ၏အနာဂတ် ဘုရင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး မည်သူကမှ သူ့နေရာအား ရယူနိုင်စွမ်း မရှိပေ။ ဧကရာဇ်ဖြစ်ရန် ထိုလူက နိုဘယ်တန်ခိုး အဆင့်ကို ရောက်ရန် လိုသည်။ ထို့ကြောင့် လျိုဂျင်လန်ကား အနာဂတ် နိုဘယ်တန်ခိုးရှင် ဖြစ်သည်။

“ဒီနေ့ တန်ဖန်းပွဲတော်က ပျင်းစရာ ကောင်းမယ်လို့ ကျုပ်ယုံတယ်…..” ယန်တိုင်းပြည်မှ လူငယ်တစ်ယောက်က ပြောသည်။ သူက ပွဲတော်အား သိပ်စိတ်ဝင်စားသည့် ပုံဟန်မရှိပေ။ တန်ဖန်းပွဲတော်ကား ကြီးမားလှပြီး လူအများအပြားက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ တချို့က သူတို့၏စွမ်းရည်များအား စမ်းသပ်ရန် အလို့ငှာ ရောက်လာကြပြီး တချို့က အပျော်တမ်း ဝင်ရောက် ယှဉ်ပြိုင်ကြသည် တစ်ခါတစ်ရံ ထူးခြားသော လူငယ်များ ပေါ်ပေါက်လာနိုင်သော်လည်း သည်မျှဖြင့် မလုံလောက်ပေ။ ယနေ့ နိုင်ငံအသီးသီးက ရွေးချယ်ထားပြီးသား ပါရမီရှင်များ၏တိုက်ပွဲသာ မရှိခဲ့လျှင် သည်ပြိုင်ပွဲက စိတ်ဝင်စားစရာ ကောင်းမည် မဟုတ်ပေ။ “တကယ်လား… ဟိုတစ်ယောက်ဆို ဘယ်လိုနေလဲ…..” လျိုဂျင်လန်က ပြုံးလျက် ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် ရှိသော လူငယ်တစ်ယောက် ယှဉ်ပြိုင်နေရာသို့ လက်ညှိုးထိုးပြသည်။ ထိုနေရာတွင်ကား အလွန်ငယ်ရွယ်သော လူငယ်လေးတစ်ဦး ရှိပြီး သူက တိုက်ပွဲများ အဆက်မပြတ် အနိုင်ရနေသည်။ သူက မျဉ်းကြောင်းများ ဖန်တီးကာ ထိုမျဉ်းတန်းများအား အသုံးပြုလျက် ပြိုက်ဘက်များအား တိုက်ခိုက်နေသည်။

သူ့အား အားကောင်းသော တန်ခိုးရှင်များ အများအပြားက စိန်ခေါ်ကြသော်လည်း မည်သူကမှ အနိုင်ယူနိုင်စွမ်းမရှိပေ။ အမှန်တကယ်အားဖြင့် သူတို့က တိုက်ပွဲစသည်နှင့် ရှုံးနိမ့်ခဲ့သည်သာ ဖြစ်သည်။

သူဖန်တီးထားသော အင်းကွက်များက သဘာဝစွမ်းအင်များအား စုဆောင်းနိုင်ပြီး ဓာတ်စွမ်းအင်မျိုးစုံကို ပြောင်းလဲနိုင်ကာ အလွန်အားကောင်းသော မှော်တိုက်ကွက်များအား ထုတ်ဖော်နိုင်သည်။

“ကျုပ်ထင်တယ်… ကောင်းကင်အဆင့်က ဘယ်သူကမှ သူ့ကို နိုင်မှာ မဟုတ်လောက်ဘူး…” ဝန်ကြီးချုပ်ဟွာက ပြောသည်။ သည်ကောင်လေးကား ယန်ရှာအိုက သူ့အား ကြိုတင်ပြောပြထားသော ယွန်ရှင်းဟွာ အမည်ရသော ကောင်လေး ဖြစ်ရပေမည်။ ယန်ရှာအို ပြောခဲ့သည်မှာ သည်ကောင်လေး၏ သက်စောင့်ဝိညာဉ်မှာ အင်းကွက်ဖြစ်သည်။ သူက ဓာတ်စွမ်းအင်မျိုးစုံကို သုံးနိုင်ပြီး သူ့တွင် မဆုံးနိုင်သော အနာဂတ်အား ပိုင်ဆိုင်ထားသည်။ အကယ်၍ သူ့တွင် ဆရာကောင်းသာ ရှိခဲ့လျှင် တစ်လောကလုံးက သူ့အား အံ့အားသင့်အောင် လုပ်နိုင်စွမ်းရှိသူဟု ပြောသည်။

ရီဖူရှင်းကလည်း တိုက်ပွဲစင်မြင့်အား ကြည့်နေသည်။ ထိုလူငယ်မှာ သူသိသော သူတစ်ယောက် ဖြစ်နေသည်ကို ထိတ်လန့်တကြား မြင်တွေ့ရသည်။ သူကား ချင်းကျူမြို့တွင် ရှိနေစဉ်က ဟိုင်ရန်ကျောင်းတော်က ချင်းကျူကျောင်းတော်ကို လာရောက် စိန်ခေါ်ရာတွင် ပါဝင်တိုက်ခိုက်ခဲ့သော လူငယ်လေး ဖြစ်သည်။ ထိုစဉ်က ရီဖူရှင်းက ထိုလူငယ်အား အနိုင်ယူရန် စာလိပ်ရေးနည်းကို အသုံးပြုခဲ့သည်။

ထိုအချိန်ကနှင့်စာလျှင် ယွန်ရှင်းဟွာကား ပိုမို၍ ရင့်ကျက်လာဟန်တူသည်။ သူက တိုက်ခိုက်သည်ကို မရပ်တန့်မီအချိန်အထိ အဆက်မပြတ် အနိုင်ရခဲ့သည်။ သူ၏အကြည့်က ဧကရာဇ်များ ရှိနေရာသို့ ရောက်လာသည်။ ယွန်ရှင်းဟွာက သူ့အား ကြည့်နေခြင်း ဖြစ်ကြောင်း ရီဖူရှင်း သိသည်။ ကြည့်ရသည်မှာ ထိုစဉ်က အရှုံးကို ယွန်ရှင်းဟွာက မေ့နိုင်ဟန် မတူသေးပေ။

ယွန်ရှင်းဟွာက လူအုပ်ထဲကို လျှောက်သွားသည်ကို ရီဖူရှင်းက ပြုံးလျက် ကြည့်နေသည်။ ထိုနေရာတွင် ရီဖူရှင်းက ယန်ရှာအိုနှင့် ဒွန်ဟိုင်ကျောင်းတော်မှ တန်ခိုးရှင်များကို တွေ့ရသည်။ သူက သူ့အား ကြည်လင်လှပသော မျက်လုံးဝိုင်းများဖြင့် ကြည့်နေသော လင်းဇီယွီကိုပင်လျှင် မြင်သည်။

ဒွန်ဟိုင်ကျောင်းတော်။ ရီဖူရှင်း၏မျက်လုံးက ယန်ရှာအိုအား ရောက်ရှိသွားပြီး အေးစက်သော အငွေ့အသက်များ လွှမ်းခြုံလာသည်။ သူ တစ်ကြိမ်တစ်ခါက တန်ခိုးကျင့်ခဲ့သော ထိုနေရာကား အမှတ်ရစရာများ များပြားလွန်းလှသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset