Switch Mode

အပိုင်း(၁၃၁)

တန်ဖန်းပွဲတော် စတင်ခြင်း

ရီဖူရှင်းတို့ အုပ်စုက တိုက်ပွဲစင်မြင့်နှင့် အနီးဆုံးရှိနေရာသို့ ဦးတည်ကာ သွားနေကြသည်။ ထိုစဉ်မှာပင် အော်သံတစ်သံ ကြားလိုက်ရ၏…..“ရီဖူရှင်း…..” ပတ်ဝန်းကျင် တစ်ခုလုံးကား လူအများအပြားဖြင့် ပြည့်နှက်နေရာ ရီဖူရှင်းက နန်ဒူမိသားစုမှ လူများအား သတိမထားမိပေ။ နောက်ဆုံး သူ့အသံကို ခေါ်သံကြားမှသာလျှင် သူက ထိုလူများအား မြင်သည်။ ထိုအုပ်စုထဲတွင် နန်ဒူကူလည်း ပါဝင်သည်။ သူ့မျက်လုံးတွင်ကား အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေသည်။

ဝှီး… ဝှီး… ဝူး… နန်ဒူမိသားစုဝင်များက အချိန်မဖြုန်းတော့ဘဲ အမျိုးအစား စုံလင်သော မှော်တိုက်ကွက်များ ထုတ်လွှတ် လိုက်ကြသည်။

ရီဖူရှင်း၏ဘေးမှ လူတစ်ယောက် ရှေ့ကို လှမ်းတက်လာသည်။ ခြေတစ်လှမ်းမျှသာ ဖြစ်သည်… ခြေတစ်လှမ်းမျှဖြင့် ရီဖူရှင်းအား ဦးတည်ကာ လာနေသော နွယ်ပင်များ ပျက်စီးသွားသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဓားအရှိန်အဝါက ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အပူချိန်များ ကျဆင်းသွားပြီး နန်ဒူမိသားစုမှလူများ အားလုံးက အားလှိုင်းတစ်ခု ရစ်ပတ်သွားကာ မလှုပ်နိုင် ဖြစ်သွားကြသည်။ အအေးလှိုင်းကြောင့်လား… ကြောက်စိတ်ကြောင့်ပေလော မသိပေ။ သူတို့၏ကျောများ စိမ့်တက်လာသည်။

သူတို့အားလုံး နေရာယူထားသော ပတ်ဝန်းကျင်ငယ် တစ်ခုလုံးမှာ အေးခဲသွားသကဲ့သို့ သူတို့ခံစားရသည်။ နန်ဒူမိသားစုဝင်များက ရီဖူရှင်း၏ဘေးမှ လူအား ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။ ရီဖူရှင်း၏ဘေးတွင် သူ့အား ကာကွယ်နေသော သည်မျှကြောက်မက်ဖွယ် ကောင်းသောသူ ရှိလိမ့်မည်ဟု သူတို့လုံးဝ မထင်ခဲ့ပေ။ ဒွန်ဟိုင်မြို့ဖြစ်စဉ်တွင် ပျောက်ဆုံးသွားသော သူတို့မိသားစုဝင်များမှာ သည်လူနှင့် သက်ဆိုင်နေသလော။

ခုနက ရီဖူရှင်းက သူတို့၏မျက်လုံးရှေ့ကို ဝင်လောသောအခါ သူတို့က သူ့အား ဖမ်းဆီးရန်မှတပါး တခြား အတွေးများ မရှိခဲ့ကြပေ။ သို့သော် သည်စွမ်းအားမြင့် တန်ခိုးရှင်အား မြင်သောအခါ သူတို့က စိတ်များ ရှုပ်ထွေးသွားကြသည်။ ရီဖူရှင်းက တန်ဖန်းပွဲတော်ကို အဘယ်ကြောင့် တက်ရောက်လာရသနည်း။

“မင်းတို့တွေ ဒီလောက် အရင်လိုစရာ မလိုပါဘူး… အနှေးနဲ့အမြန် ငါကလည်း ဒွန်ဟိုင်မြို့က နန်ဒူမိသားစုကို လာလည်မယ် တွေးထားတယ်…..” ရီဖူရှင်းက နန်ဒူမိသားစုဝင်များအား တစ်ချက်ကြည့်ပြီး သူ့လမ်းအား ဆက်သွားလိုက်သည်။ သူက သည်အချိန်တွင် အရှုပ်အထွေးများဖြစ်ရန် မလိုလားပေ။ ဂျန်ယူကလည်း တန်ဖန်းပွဲတော်တွင် လူသတ်၍ မဖြစ်ပေ။

ဂျန်ယူနှင့် တခြားလူများက နန်ဒူမိသားစုမှ လူများက ထိတ်လန့်လျက် ရပ်နေကြစဉ်မှာပင် သူတို့အား ကျော်ဖြတ်လျက် ဆက်လျှောက် လာကြသည်။ ရီဖူရှင်းနောက်မှ မည်သူမှ ဆက်မလိုက်ကြတော့။ သူတို့အားလုံး ဂျန်ယူထံမှ ပေးသော အားလှိုင်းကြောင့် ကြောက်ရွံ့သွားကြပြီ ဖြစ်သည်။

လောကကြီးက မည်သို့ ဖြစ်ပျက်နေသနည်း။ ရီဖူရှင်းက ဧကရာဇ်ကိုယ်တိုင် ကျင်းပသော တန်ဖန်းပွဲတော်အား တက်ရောက်ရဲသည်လား။ တစ်ချိန်တည်းမှာပင် ထူးဆန်းသလို ခံစားကြရသည်။ ရီဖူရှင်း၏ဘေးမှ လူကား စွမ်းအားမြင့်သည်။ သို့သော် သူမည်မျှပင် စွမ်းအားမြင့်ပါစေ သူက နန်ဒူနိုင်ငံမှ ဧကရာဇ်အား မယှဉ်နိုင်ပေ။ ဧကရာဇ်လျိုကား နိုဘယ်အဆင့်မှ တန်ခိုးရှင်ဖြစ်သည်။ နန်ဒူတစ်နိုင်ငံလုံးတွင် နိုဘယ်တန်ခိုးအဆင့်မှာ သူတစ်ယောက်တည်း ဖြစ်ပြီး မည်သူမှ သူ့ကို မယှဉ်နိုင်ပေ။ မှန်သည်… နန်ဒူမိသားစုဝင်များက ကန်ယီနိုင်ငံမှ အဖြစ်အပျက်များအား အဘယ်ကဲ့သို့သော သိနိုင်မည်နည်း။ သည့်ထက် ရှင်းလင်းအောင် ပြောရလျှင် အိမ်နီးချင်းနိုင်ငံမှ ဖြစ်ရပ်များအား ဧကရာဇ်လျိုကသာလျှင် စိတ်ဝင်စားမည် ဖြစ်သည်။ ထို့ကြောင့် နန်ဒူမိသားစုဝင်များက ရီဖူရှင်းက တခြားတိုင်းပြည်မှ ဘုရင်တစ်ပါးနှင့်အတူ လာသည်ကို မသိသည်မှာ သိပ်မထူးဆန်းတော့ပေ။

နန်းတွင်း သက်တော်စောင့် အများအပြားက ထွက်ပေါ်လာကြကာ တိုက်ပွဲစင်မြင့်ကိုးခုအား ဝန်းရံလိုက်ကြသည်။ ကောင်းကင်ထက်တွင် အလွန် စွမ်းအားမြင့်ဟန်တူသော တန်ခိုးရှင်များ ရောက်ရှိလာကြသည်။ အစောင့်တချို့က လမ်းရှင်းနေစဉ် အထက်တန်းလွှာများ။ ထိပ်တန်း ကလန်များက သူတို့ကို ကြိုဆိုရန် ဘေးတွင် လာရောက် စီတန်းကြသည်။ နန်းတော်မှ လူအုပ်စုတစ်စု သူတို့ထံ ဦးတည်၍ လာနေကြသည်။ ထိုအုပ်စု၏ရှေ့တွင် လူလေးယောက်က သူတို့မှာ သူငယ်ချင်းများအလား ပျော်ရွှင်စွာ စကားပြောလျက် လာနေကြသည်။ ထိုလူလေးယောက်၏ ကိုယ်မှ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်နေသည်။ မျက်လုံးတစ်မှိတ် အတွင်းတွင်ပင် ဆူညံနေသော လူအုပ်ကြီးမှာ တိတ်ဆိတ်သွားပြီး လူတိုင်းက နီးကပ်လာသော လူအုပ်ကြီးအား အာရုံစိုက်လိုက်ကြသည်။ ရှေ့ဆုံးက လူလေးယောက်တွင် တစ်ယောက်မှာ ဧကရာဇ်လျို ဖြစ်သည်ကို သူတို့သိကြသည်။ သို့ဆိုလျှင် တခြားသုံးယောက်မှာ မည်သူတွေနည်း။

ထိုလူလေးယောက်က ရင်ပြင်သို့ ရောက်ရှိလာပြီး သူတို့၏ထိုင်ခုံ အသီးသီးတွင် ထိုင်လိုက်ကြသည်။ သူတို့၏အဆင့်အတန်းက လူအများထင်သည်ထက် မြင့်မားလှပုံရသည်။

“ဒီနေ့က နန်ဒူနိုင်ငံရဲ့ တန်ဖန်းပွဲတော် အစနေ့ပဲ… ကျုပ်က ကန်ယီတိုင်းပြည်ရဲ့ ဧကရာဇ်။ ယွန်ချူနိုင်ငံရဲ့ ဧကရာဇ်နဲ့ ယန်တိုင်းပြည်ရဲ့ ဧကရာဇ်တွေကို ပြိုင်ပွဲကြည့်ရှုဖို့အတွက် အထူးတလည် ဖိတ်ခေါ်ထားတယ်… ကျုပ်တို့က နန်ဒူနိုင်ငံရဲ့ လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုကြရမှာ ဖြစ်တယ်… သူတို့က နိုင်ငံရဲ့ အနာဂတ်ဖြစ်ပြီး ကျုပ်ထင်တယ်… ကျုပ်တို့ရဲ့ လူငယ်မျိုးဆက်က အိမ်နီးချင်း တိုင်းပြည်က ဧကရာဇ်တွေကို စိတ်မပျက်စေဖို့ ကျုပ်မျှော်လင့်တယ်…..”

ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး ဆွေးနွေးသံများ ပြည့်နှက်သွားသည်။ နန်ဒူနိုင်ငံ၏ တစ်ဖက်တွင်ကား ပင်လယ်ကြီးရှိပြီး တခြား တစ်ဖက်တွင်မူ အိမ်နီးချင်း နိုင်ငံများနှင့် ထိစပ်နေသည်။ ယနေ့ ထိုနိုင်ငံသုံးခုမှ ဧကရာဇ်များက တန်ဖန်းပွဲတော်ကို တက်ရောက် လာကြသည်။ ယခုနှစ် တန်ဖန်းပွဲတော်ကား နိုင်ငံတစ်ခုစီ၏အမြင့်ဆုံး တန်ခိုးရှင်များ ဖြစ်ကြသော နိုဘယ်တန်ခိုးအဆင့် ဧကရာဇ်များကိုယ်တိုင် တက်ရောက် ချီးမြှင့်သော ပွဲတော်ဖြစ်လာသည်။

ဧကရာဇ်လေးပါး ထိုင်နေရာနေရာ၏ အောက်တွင် လူအများအပြားက စတင် နေရာယူကြသည်။ ဧကရာဇ်လျို၏ဘေးတွင် အိမ်ရှေ့စံမင်းသား လျိုဂျင်လန်ထိုင်ပြီး တခြားမင်းသား မင်းသမီးများက လျိုဂျင်လန်၏ဘေးတွင် ထိုင်ကြရသည်။ သူတို့အကြား အဆင့်ကွာဟသည်မှာ ထင်ရှားလှသည်။ မှန်ပေသည်… လျိုဂျင်လန်ကား ဧကရာဇ်လျို၏အချစ်ဆုံးသား မဟုတ်ပါလား။

ထိုအောက်တွင် ဘယ်နှင့်ညာ ဝန်ကြီးချုပ်နှစ်ပါး ထိုင်ကြသည်။ ဝန်ကြီးချုပ်ကျိုကား သူ့မျက်လုံးများတွင် တစ်ကြိမ်တစ်ခါကကဲ့သို့ စူးရှသော မျက်လုံးများ မရှိတော့။ ကြည့်ရသည်မှာ သူက အရာအားလုံးကို စိတ်မဝင်စားတော့ဟန် တူသည်။ တခြား တစ်ဖက်တွင်ကား ဝန်ကြီးချုပ်ဟွာမှာ လန်းဆန်းကာ အင်အားပြည့်ဖြိုးသော ပုံဟန်ရှိသည်။ ဒွန်ဟိုင်မြို့ကို သွားခဲ့ရသော ခရီးက အောင်မြင်မှု မရှိခဲ့သော်လည်း ဝန်ကြီးချုပ်ကျို ကျရှုံးနေသည့် ဟန်ကို ကြည့်ရသည်မှာ သူ့အတွက် ကောင်းမွန်မှု တစ်ခုပင် မဟုတ်ပါလား။

ဂျန်ယူ ရီဖူရှင်းနှင့် တခြားလူများက ဧကရာဇ်ရီရှိနေရာသို့ ထွက်လာကြသည်။ ကန်ယီတိုင်းပြည်မှ လူများ ဖြစ်သည့်အတွက် သူတို့က ဧကရာဇ်ရီ၏အနီးတွင် ထိုင်ရန်လိုပေသည်။

နန်ဒူမိသားစုဝင်များက ရီဖူရှင်းအား မလွတ်တမ်း ကြည့်နေကြသည်။ သူတို့က ရီဖူရှင်းက ဧကရာဇ်လျိုအား ရှောင်ဖယ်ခြင်း မရှိသည့်အပြင် ထိုနေရာသို့ သွားနေသည်ကိုမြင်လျှင် သူတို့၏အတွေးများ ယောက်ယက်ခတ် သွားကြသည်။

“အဲဒါ ရီဖူရှင်းနဲ့ ယူချင်း မဟုတ်ဘူးလား…” လူအုပ်ကြီးထဲတွင် ဒွန်ဟိုင်မြို့တော်မှ လာသူများလည်း ရှိပေသည်။ သူတို့က ရီဖူရှင်းအား မြင်လျှင် ထိတ်လန့်သွားကြ၏။

ပုံမှန်အားဖြင့် ဒွန်ဟိုင်ကျောင်းတော်မှ လူများကလည်း သတိပြုမိကြသည်။ ယန်ရှာအို မျက်မှောင်ကြုတ်လိုက်သည်။ မည်သို့ ဖြစ်ပျက်သွားသနည်း။ သူ့အကြည့်က ဧကရာဇ်လျိုနှင့် ဝန်ကြီးချုပ်ဟွာထံ ရောက်သွားသည်။ သူတို့က ရီဖူရှင်း ရောက်လာသည်ကို ထူးခြားဟန် မပြကြပေ။

ကျောင်းချိန်နှင့် ဒွန်ဟိုင်ကျောင်းတော်မှ တခြား ကျောင်းသားများကလည်း ရီဖူရှင်းအား ကြည့်ကာ နားမလည်နိုင်ကြပေ။ လင်းဇီယွီကလည်း သူ့အား မြင်သည်။ သူမ၏လှပသော မျက်လုံးများက အေးခဲသွားသည်။ တန်ဖန်းပွဲတော်တွင် ရီဖူရှင်းအား တွေ့ရလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားပေ။

အတန်ကြာလျှင် ရီဖူရှင်းတို့ အုပ်စုက ဧကရာဇ်ရီ ထိုင်နေရာနေရာ အနီးသို့ ရောက်ရှိလာကြသည်။ နန်ဒူမိသားစုဝင်များက သူတို့၏ရင်ဘတ်များ တုန်ခါလာသည်ဟု ခံစားလာကြရသည်။ နောက်ဆုံးတွင် သူတို့အားလုံး နားလည်လိုက်ကြသည်။ ရီဖူရှင်းက တန်ဖန်းပွဲတော်ကို လာရောက်ရဲသည်။ အဘယ်ကြောင့်ဆိုသော် သူ့အား ဘုရင်တစ်ပါးက အကာအကွယ် ပေးထားသည်ကို ယခုမှ နားလည် လိုက်သောကြောင့်ပင်။  သူကား ကန်ယီတိုင်းပြည်၏ ဧကရာဇ်ဖြစ်သည်။ ဒွန်ဟိုင်ကျောင်တော်မှ လူများအားလုံးက အလွန် စိတ်ဝင်စားသွားကြသည်။ ရီဖူရှင်းက သူ့နေရာတွင် ထိုင်လိုက်လျှင် အံ့အားသင့်လွန်းသဖြင့် သူတို့၏ပါးစပ်များ ဟနေရာမှ မစေ့နိုင်တော့ပေ။

ရီဖူရှင်းက ကန်ယီနိုင်ငံကို သွားခဲ့သည်လား။

တစ်လခန့်မျှသော အချိန်လေးတွင် ရီဖူရှင်းက နန်ဒူနိုင်ငံမှ ထွက်ပြေး လွတ်မြောက်သွားပြီး ရန်ဘက်နိုင်ငံ ကန်ယီတိုင်းပြည်သို့ ရောက်သွားသည်။ ထို့အပြင် သူက ဧကရာဇ်ရီ၏ အသိအမှတ်ပြုခြင်း ခံရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယခု သူက တန်ဖန်းပွဲတော်အား ပြန်ရောက်လာခဲ့သည်။ သို့သော် သူက ပြိုင်ပွဲဝင်အနေဖြင့် မဟုတ်ဘဲ ပရိသတ်အနေဖြင့် ဖြစ်သည်။

ကျောင်းချိန်က ရီဖူရှင်းအား ကြည့်ကာ နှလုံး မငြိမ်မသက် ဖြစ်ရသည်။ ကျောင်းချိန်ကာ တန်ဖန်းပွဲတော်ကို တက်ရောက်ရန် ရောက်ရှိလာသူဖြစ်ပြီး သူက ဘုရင်မင်းမြတ်၏ အသိအမှတ်ပြုမှုကို ရရှိနိုင်မည်လော မသေချာပေ။ သို့သော် ရီဖူရှင်းကား ဧကရာဇ်ရီနှင့် အတူထိုင်နေပြီး ဖြစ်သည်။

ယန်ရှာအိုက သူ့ဘေးမှ ကျောင်းချိန်အား ကြည့်လိုက်သည်။ ထို့နောက် သူက နောက်တစ်ယောက်ဘက်သို့ လှည့်လိုက်သည်… “ရှင်းဟွာ… မင်းအမြဲတွေ့ချင်တဲ့ လူဆိုတာ… ဓာတ်စွမ်းအင်မျိုးစုံ သုံးနိုင်ပြီး သက်စောင့်ဝိညာဉ် နှစ်ခုပါတဲ့သူ… ရီဖူရှင်းဆိုတာ သူပဲ… မင်းက သူ့ကို အနိုင်ရနိုင်ပါ့မလား…”

ယွန်ရှင်းဟွာက ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ အမှန်ကား သူက ရီဖူရှင်းကို မူလကတည်းက သတိထားမိပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ငယ်ရွယ်စဉ် အချိန်ကတည်းက အချင်းချင်း သိခဲ့ကြသောကြောင့်ပင်။ ချင်းကျူကျောင်းတော်မှ တိုက်ပွဲတွင် သူက ဟိုင်ရန် ကျောင်းတော်ကို ကိုယ်စားပြုကာ ရီဖူရှင်းအား တိုက်ခိုက်ခဲ့သော်လည်း သူ ရှုံးနိမ့်ခဲ့ရသည်။ ထို့နောက်တွင် ယွန်ရှင်းဟွာက အတွေ့အကြုံများ ပညာရပ်များ ရှာဖွေရန် ဟိုင်ရန် ကျောင်းတော်မှ ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် သည်နှစ်နွေဦးတွင် သူက ဒွန်ဟိုင် ကျောင်းတော်ကို ရောက်ရှိလာခဲ့ပြီး ကျောင်းဝင်ခွင့်ရခဲ့၏။

သို့သော် သည်မတိုင်မီက ဒွန်ဟိုင်ကျောင်းတော်၏ သမိုင်းတွင် လူအများအား ထိတ်လန့် တုန်လှုပ်ရအောင် ပါရမီပါသူ ရီဖူရှင်းဆိုသူ ရှိခဲ့ကြောင်း သူကြားရသည်။

“ကျုပ်သူ့ကို အနိုင်ယူမယ်…” ယွန်ရှင်းဟွာက ပြောသည်။ ဓာတ်စွမ်းအင် အစုံသုံးနိုင်ပြီး သက်စောင့်ဝိညာဉ် နှစ်ခုတဲ့လား…။ သူဂရုမစိုက်ပေ။

ဧကရာဇ်လျို၏အနီးတွင် ထိုင်နေရင်း ဝန်ကြီချုပ်ကျိုက ရီဖူရှင်းအား ကြည့်သည်။ ထို့နောက် သူက ဧကရာဇ်ရီအား ကြည့်သည်။ သူအမှန် စိတ်ပျက်လှသည်။

ချင်းကျူမြို့ကို အတူတူ ခရီးထွက်ပြီးနောက် ဝန်ကြီးချုပ်ကျိုက ရီဖူရှင်းအား အလွန် စိတ်ဝင်စားခဲ့သည်။ ဤသည်က သူ့အတွက် မဟုတ်ပေ… လျိုမိသားစုအတွက် ဖြစ်သည်။ သို့သော်လည်း ဧကရာဇ်၏ အတွေးအား သိရန် မလွယ်ကူပေ။ တော်ဝင်မိသားစုက ဝန်ကြီးချုပ်ကျိုမှာ တော်လှန်ရန် စီစဉ်နေသည်ဟု အမှန် သံသယ ဝင်ခဲ့ကြသည်။ ရီဖူရှင်းက ဧကရာဇ်ဖြစ်ရန် ကံပါလာသည်ဟု သူတို့ တွေးထင်ခဲ့ကြပြီး ထို့ကြောင့်ပင်လျှင် ဒွန်ဟိုင်မြို့သို့ ဧကရာဇ်အမိန့်တော် ထုတ်ပြန်ကာ ဝန်ကြီးချုပ်ဟွာအား စေလွှတ်ခဲ့သည်။ ထိုအဖြစ်အပျက်များက ပြန်ပြင်၍ မရတော့ပေ။ ဝန်ကြီးချုပ်ကျိုကိုမူ ဧကရာဇ်က ယုံကြည်မှု ကင်းမဲ့သွားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူ အတန်တန် တားနေသည့်ကြားမှ ဝန်ကြီးချုပ်ကျိုက သူ့လူများခေါ်ကာ ရီဖူရှင်းကို ကူညီရန် လိုက်ပါ သွားခဲ့သောကြောင့်ပင်။ ဝန်ကြီးချုပ်ကျိုသာလျှင် ဧကရာဇ်လျို၏ နေရာတွင် ဆိုပါက သူက မဖြစ်လျှင် ဖြစ်သည့်နည်းဖြင့် ယခုအချိန်တွင် ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးပမ်းမည် ဖြစ်သည်။ ဧကရာဇ်ရီက ဒေါသပေါက်ကွဲကာ နန်းမြို့တော်မှ လူများအား သတ်ဖြတ်လျှင်ကော မည်သည့်အရေးနည်း။ တော်ဝင်မိသားစု၏ ကျဆုံးခြင်းနှင့် နှိုင်းယှဉ်လျှင် တော်သေးသည်ဟု ဆိုနိုင်သည်။ သို့သော် ဧကရာဇ်လျိုက သည်ကဲ့သို့ လုံးဝ လုပ်မည်မဟုတ်ပေ။ ဧကရာဇ်လျိုက ကံကြမ္မာအား ယုံကြည်သော်လည်း ဝန်ကြီးချုပ်ကျို၏ ဟောကိန်းအား အပြည့်အဝ မယုံကြည်ပေ။ ဧကရာဇ်လျိုကား ခေါင်းမာလှပြီး သူ၏စွမ်းအားမြင့်သော နိုဘယ်တန်ခိုး အဆင့်ဖြင့် သူက ကံကြမ္မာအား အလွယ်တကူ ပြောင်းလဲနိုင်သည်ဟု ယုံကြည်သည်။

သိသာစွာပင် ဝန်ကြီးချုပ်ကျိုကလည်း ဧကရာဇ်လျိုအား နားချမည် မဟုတ်တော့ပေ။ သူလုပ်နိုင်လျှင်ပင် မလုပ်တော့ပေ။ သူက ဧကရာဇ်လျိုအတွက် မည်သည့် အကြံအစည်ကိုမှ အကောင်အထည်ဖော်ရန် အစီအစဉ် မရှိတော့ပေ။ သို့တိုင်အောင် သူမည်သည့်အခါမှ ထွက်သွားနိုင်တော့မည် မဟုတ်သည်ကို ဝန်ကြီးချုပ်ကျို သိသည်။ ဧကရာဇ်လျိုက သူ့အား ပေးစရာ တာဝန် မရှိတော့သည့်တိုင် သူက ဝန်ကြီးချုပ်ကျိုအား လွှတ်ပေးမည် မဟုတ်တော့ပေ။ ဝန်ကြီးချုပ်ကျိုအား ဧကရာဇ်က မသတ်သေးသည်မှာ အကြောင်းပြချက် မရှိသေး၍ပင်။ ထို့အပြင် အရာရှိ အများအပြားမှာ ဝန်ကြီးချုပ်ကျို ပြုစုပျိုးထောင် ထားသည်ဖြစ်ရာ သူ့အား အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခဲ့လျှင် လူအများက မကောင်းမြင်ကြမည် ဖြစ်သည်။

“ကျုပ်ကြားတာကတော့ ကန်ယီတိုင်းပြည်ရဲ့ ဖန်းဟွာ ပွဲတော်က သိပ်မကြာခင်က ပြီးသွားခဲ့တယ်ဆို… ဒီလူငယ်တွေက ဖန်းဟွာအဆင့်က လူတွေ ဟုတ်တယ်မလား…” ယွန်ချူနိုင်ငံမှ ဧကရာဇ်ချူက ရီဖူရှင်းတို့အုပ်စုအား ပြုံးလျက် ကြည့်ကာ ပြောသည်။

“သူတို့က ထိပ်ဆုံး ဆယ်ယောက်ပဲ… ကျုပ်ရဲ့ မွေးစားသမီးက တခြား လုပ်စရာတွေရှိနေလို့ ကျုပ်တို့နဲ့အတူ မလိုက်နိုင်ခဲ့ဘူး…” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်။

“ကျုပ်ရဲ့ ယန်တိုင်းပြည်မှာ ထူးခြားထက်မြက်တဲ့ လူငယ်တွေက ကျုပ်ရဲ့ အသိအမှတ်ပြုမှုကို အလွယ်တကူ ရနိုင်တယ်… တချို့ကို အရှင်ဘွဲ့နဲ့ ဝန်ကြီး ရာထူးတွေ ပေးထားတယ်… အဲလိုလုပ်တာ မျိုးဆက်တိုင်းပဲ… ဒါက လူတိုင်း သဘောတူလက်ခံတဲ့ စည်းမျဉ်းတွေပဲ…. ကျုပ်လူတွေက တော်ဝင်မိသားစုကို လုံးဝအပြည့်အဝ ယုံကြည်ကြတယ်… ဒီနေ့အထိ အရမ်းထူးချွန်တဲ့ လူငယ်ရှိရင် သူတို့က ကျုပ်ရှေ့ကို ရောက်လာကြတာပဲ… ဒီလို ပျင်းစရာကောင်းတဲ့ ပွဲတော်တွေ ကျင်းပနေစရာ လိုလို့လား….. ကျုပ်တကယ် စိတ်ဝင်စားမိတယ်… မင်းတို့ တိုင်းပြည်တွေက ဒီလို ပွဲတော်ကို မကြာခဏ ပြုလုပ်ကြတယ်မလား… ဒါက တကယ် ထူးချွန်တဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်လို့လား……” ယန်တိုင်းပြည်မှ ဧကရာဇ်က ပြောသည်။ သူက ဧကရာဇ်ရီ၏အနီးတွင် ထိုင်နေသော လူငယ်များအား ကြည့်လိုက်သည်။

သူ၏စကားများက တန်ဖန်းပွဲတော်အား ကျင်းပနေသော ဧကရာဇ်လျိုအားလည်း ဦးတည်နေသည် သို့သော် ဧကရာဇ်လျိုက စိတ်ထဲထားပုံမရပေ။ သူက အသာအယာပြုံးလျက် ပြောသည်… “နိုင်ငံတိုင်းက ကိုယ့်နည်းလမ်းနဲ့ကိုယ် ရှိကြတာပဲ… အရေးကြီးတာက ထိရောက်ဖို့ပဲမလား… ကျုပ်က ခင်ဗျားတို့ အားလုံးကို ဖိတ်ခေါ် လိုက်တာကလည်း ဒီနေ့ ထူးခြား ထက်မြက်တဲ့ လူငယ်တွေ ထွက်ပေါ်လာမလား လက်တွေ့ သိရအောင်လို မလား… ခင်ဗျားတို့တွေရဲ့ လူငယ်မျိုးဆက်တွေလည်း ပါလာကြတာပဲ… စိတ်ဝင်စားရင် သူတို့လည်း စမ်းကြည့်နိုင်တယ်… ကျုပ် စိတ်မဆိုးပါဘူး…” ဧကရာဇ်လျိုက ပြောသည်။

ယွန်ချူနိုင်ငံမှ ဧကရာဇ်နှင့် ယန်တိုင်းပြည်မှ ဧကရာဇ်တို့ကလည်း သူတို့၏ လူငယ် မျိုးဆက်များအား ခေါ်ဆောင် လာကြသည်။ ထိုလူငယ်များမှာ သူတို့ အလွန် မျှော်လင့်ထားကြသော လူငယ်များ ဖြစ်ကြသည်။ သူတို့က တခြားနိုင်ငံမှ ပါရမီရှင်များအား တွေ့မြင်ရအောင် ခေါ်ဆောင်လာကြခြင်း ဖြစ်သည်။

ယခု တန်ဖန်းပွဲတော်ကား စတင်ပြီဖြစ်သည်။ မည်ကဲ့သို့ ထူးခြား ထက်မြက်သော လူငယ်များ ပေါ်ပေါက်လာမည်ကိုကား မည်သူမှ မသိနိုင်ပေ။ သို့သော် ရီဖူရှင်းတို့ အုပ်စုကိုကား တခြားနိုင်ငံမှ လူများက စိတ်ဝင်တစား ကြည့်မိကြသည်။

ထိုစဉ်မှာပင် ဧကရာဇ်လျိုက မတ်တတ် ရပ်လိုက်သည်… လူအများအပြား ရှိနေရာသို့ ကြည့်ကာ သူကပြောသည်… “ဒီနေ့က တန်ဖန်းပွဲတော်ရဲ့ အစနေ့ပဲ… ဧကရာဇ်လေးပါးက ဒီပွဲတော်ကို ကြည့်ရှုနေတယ်… အခုကစပြီး တိုက်ပွဲစင်မြင့်က မင်းတို့အတွက်ပဲ… မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ကျုပ် မျှော်လင့်နေတယ်……”

***

Comment

Leave a Reply

Options

not work with dark mode
Reset