Switch Mode

အပိုင်း( ၁၃၀)

ရီဖူရှင်းကို ဖမ်းကြစမ်း...

နဂါးကြီးက နန်ဒူနိုင်ငံ နန်းတော်သို့ နီးကပ်လာသည်တွင် လူတစ်စု ထွက်ပေါ်လာကြသည်။ နဂါးကြီးက ကြောက်မက်ဖွယ် ကောင်းအောင် ဟိန်းဟောက်လိုက်သည်။

“ရပ်စမ်း…” ဧကရာဇ်ရီက ပြောသည်။ ထို့နောက် နဂါးကြီးက ရပ်လိုက်သည်။

နဂါးကြီးအနီးသို့ ရောက်ရှိလာသူများက ဦးညွှတ်လိုက်ကြသည်…“အရှင်မင်းကြီး…..”

“ဘာကိစ္စလဲ…” ဧကရာဇ်ရီက မေးသည်။

“ကျုပ်တို့ရဲ့ ဘုရင်မင်းမြတ်က အရှင်မင်းကြီးကို လာရောက် ကြိုဆို ခိုင်းထားပါတယ်… နေရာထိုင်ခိုင်း အဆင်သင့် ပြင်ဆင်ထားပြီးပါပြီ…..” ခေါင်းဆောင်ဖြစ်ဟန် တူသူက ပြောသည်။

“ဒါဆို ရှေ့က သွား…..” ဧကရာဇ်ရီက အသာအယာ ပြောသည်။ ထိုလူများက ခေါင်းညိတ်ကာ ရှေ့မှ လမ်းပြလျက် သွားကြသည်။ မကြာမီ သူတို့က နန်းတော်အနီးမှ အလွန်ကြီးမားသော နန်းဆောင်တစ်ခုသို့ ရောက်ရှိလာကြသည်။ နိုင်ငံနှစ်နိုင်ငံက ရန်ဘက်များ ဖြစ်ကြသော်လည်း ဧကရာဇ်ကိုယ်တိုင်က ဖိတ်ခေါ်ထားခြင်း ဖြစ်သောကြောင့် အလေးထား ဆက်ဆံရန် လိုအပ်ပေသည်။ သည်နေရာတွင် စီမံထားသော နေရာထိုင်ခင်းများမှာ အထူး ကောင်းမွန်လှသည်။ ဧကရာဇ်ရီက ကန်ယီနိုင်ငံမှဖြစ်ရာ ကန်ယီနိုင်ငံသားများသာလျှင် သူနှင့် နန်းဆောင်တစ်ခုတည်း တည်းခိုနိုင်ပေသည်။

“ရီဖူရှင်း… ငါနဲ့လိုက်ခဲ့… ဧကရာဇ်လျိုက မင်းကို ထိခိုက်စေမှာ မဟုတ်ဘူး… ဒါပေမဲ့ သတိထားဖို့တော့ လိုလိမ့်မယ်… တကယ်လို့ မင်းက အပြင်ထွက်ရမယ် ဆိုရင်တောင် ဂျန်ယူကို ခေါ်သွား…..” ဧကရာဇ်ရီက ရီဖူရှင်းအား သတိပေးသည်။ ဂျန်ယူကား ဧကရာဇ်ရီ၏ သက်တော်စောင့် ဖြစ်သည်။ ဧကရာဇ်ရီက သူ၏နေ့စဉ်ဘဝ ကိစ္စရပ် အတော်များများအား ဂျန်ယူကို တာဝန်ပေးလေ့ရှိသည်။

“ကျွန်တော် သတိထားပါ့မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ဧကရာဇ်လျိုက သူ့အား လူမြင်ကွင်းတွင် လုပ်ကြံမည် မဟုတ်သော်လည်း နောက်ကွယ်မှ မည်သူမှ မသိအောင် လုပ်ကြံနိုင်ပေသေးသည်။ မည်သည့် သက်သေမှ မရှိလျှင် ဧကရာဇ်ရီက သူ့အား အပြစ်တင်ရန် ခက်ခဲ၏။

အပြင်ဘက်တွင် လူအများအပြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြစဉ် သူတို့အုပ်စုက နန်းဆောင်ကြီးတစ်ခုတွင် နေရာရသည်။ တန်ဖန်းပွဲတော်ကား နောက်တစ်နေ့တွင် စတင် ကျင်းပမည်ဖြစ်သည်။ သည်ပွဲတော်၏ အပြင်အဆင်က ကန်ယီနိုင်ငံ၏ ဖန်းဟွာပွဲတော်ထက် ပိုမို၍ ကြီးကျယ်ခမ်းနားပုံ ပေါ်သည်။ တစ်နိုင်ငံလုံးက သည်ပွဲတော်ကို အာရုံစိုက်ကြပြီး ပါရမီရှင်တိုင်းက တက်ရောက်ကြမည် ဖြစ်၏။ လူတိုင်းက တန်ဖန်းပွဲတော် ဖွင့်လှစ်မည့် အချိန်ကို စောင့်ဆိုင်းနေကြဟန် တူသည်။

နောက်တစ်နာရီခန့် အကြာတွင် နန်းဆောင်အပြင်သို့ လူတစ်စု ရောက်ရှိလာကာ နန်းဆောင်ထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့ကြသည်။ သူတို့၏ခေါင်းဆောင်ကား လှပသော မိန်းမပျို တစ်ယောက်ဖြစ်သည်။ သူမ၏ပုံဟန်က သာမန် အဆင့်အတန်းထဲက မဟုတ်နိုင်ပေ။ သူမ၏နောက်တွင် အလွန် စွမ်းအားမြင့်သော သက်တော်စောင့်များ လိုက်ပါလာကြသည်။

ဂျင်ယူက သူမ၏ရှေ့တွင် ရပ်ကာ ပြောသည်… “ဒီနေရာက ဧကရာဇ်ရီရဲ့ နန်းဆောင်ပဲ… ကျူးကျော်သူမှန်သမျှ အသတ်ခံရမယ်…”

“ကျွန်မက ရီဖူရှင်းကို ရှာနေတာ…” ထိုမိန်းမပျိုက ဂျန်ယူကို ကြည့်ကာ ပြောလျှင် ဂျန်ယူက တွေဝေသွားသည်။ မိန်းမပျိုက ဆက်ပြောသည်…“ဒါက ဧကရာဇ်ရီရဲ့ နန်းဆောင်ဆိုရင် ကျွန်မက ဘာလုပ်နိုင်မှာ မို့လို့လဲ…..”

ဂျန်ယူက အတန်ကြာ တွေးလိုက်ပြီးမှ ပြောသည်…“နောက်က လိုက်ခဲ့…..” သူက ရှေ့မှ ဦးဆောင်ခေါ်သွားပြီး ထိုမိန်းမပျိုနှင့် သူမ၏ သက်တော်စောင့်တို့က နောက်မှ လိုက်လာကြသည်။ သူတို့က ရီဖူရှင်းတို့ နေထိုင်ရာ နေရာသို့ ရောက်လာကြ၏။

လူအများအပြား ရောက်ရှိလာသည်ကို မြင်လျှင် လင်းယွီယိုနှင့် တခြားလူများကလည်း ရီဖူရှင်း၏အခန်းသို့ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြသည်။ ရီဖူရှင်းက ခန်းဆောင် တစ်နေရာတွင် ထိုင်နေသည်။ သူက သူ့ထံ ရောက်လာသူများအား မြင်လျှင် အံ့အားသင့်ရ၏။

“ရီဖူရှင်း… ဘာလို့ ကန်ယီနိုင်ငံကို ပူးပေါင်းလိုက်တာလဲ…..” ထိုမိန်းမပျိုက ဒေါသတကြီး မေးသည်။ သူမက အဖြေတစ်ခု လိုချင်၍ ရောက်လာဟန် တူသည်။

ရီဖူရှင်းက ထိုလှပသော မိန်းမပျိုအား တစ်ချက်ကြည့်ကာ ထူးမခြားနားစွာ ပြောသည်… “မင်းငါ့ကို ပြောနေတာလား…”

ထိုမိန်းမပျိုကား နန်ဒူနိုင်ငံ၏ဘုရင် ဧကရာဇ်လျို၏သမီး ဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏ ညီမ ဖြစ်သည်။

“ဆရာက နင့်ကို ဝန်ကြီးချုပ်အမိန့်ပြား ပေးခဲ့တယ်… အစ်ကိုက နင့်ကို ဝန်ကြီးချုပ် နေရာပေးခဲ့တယ်… ဒါပေမဲ့ နင်ငြင်းခဲ့တယ်…” လျိုမင်းယန်က ပြောသည်…..“အဖေက နင့်ကို အိမ်ရှေ့စံမင်းသားရဲ့ ပညာသင်ဘက် အနေနဲ့တောင် ချီးမြှင့်ခဲ့သေးတယ်… ငါတို့က နင့်ကို ဘာတွေလုပ်ခဲ့လဲ… ဒါတွေအားလုံးက ဟွာဂျီယူကြောင့်လား… ဟွာဂျီယူကြောင့် ကန်ယီနိုင်ငံကို ပူးပေါင်းခဲ့တာလား….”

“ထွက်သွား…..” ရီဖူရှင်းက သူမအား အေးစက်စွာ ပြောသည်။ သည်မိန်းကလေး သည်မျှ ရိုးအလိမ့်မည်ဟု သူမထင်ခဲ့ပေ။

“နင်….” လျိုမင်းယန်က ရီဖူရှင်းအား လက်ညှိုးထိုးကာ အော်ဟစ်သည်…..“နင်က အရူးပဲ… ငါနင့်ကို သတ်မယ်…” သူမက ရှေ့ကို တိုးလာသည်။ ရီဖူရှင်းက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူကလည်း ရှေ့ကို တိုးလာသည်။ အတိတ်မှ တစ်စုံတစ်ခုအား သတိရသွားကာ လျိုမင်းယန် အေးခဲသွားသလို ဖြစ်ကာ ရပ်တန့်သွား၏။

“ငါက အရှင်မင်းကြီးနဲ့ အဖော်လိုက်လာတာ… အတိတ်က အကြောင်းတွေကို ပြန်ပြောနေဖို့ မဟုတ်ဘူး… ထွက်သွားပါ… မင်းသမီး…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ ထိုအခါမှသာလျှင် ကြည့်နေသူများက သူမမှာ နန်ဒူနိုင်ငံ၏မင်းသမီးဖြစ်မှန်း သိလိုက်ကြရသည်။

လူအများအပြားက ရီဖူရှင်းအား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ သည်ကောင်က မင်းသမီးကို ဘာလုပ်ထားသနည်း။

“နန်ဒူနိုင်ငံကို သစ္စာဖောက်တာ နင့်ဆုံးဖြတ်ချက်ပဲ… ဒါပေမဲ့ ဆရာ့ကိုတော့ ပြဿနာမပေးသင့်ဘူး… နင့်ကြောင့် ဆရာက ပြင်ပကိစ္စတွေကို ဂရုမစိုက်တော့ဘူး… ငါ့ကိုတောင် လျစ်လျူရှုထားတယ်… ဒါတွေအကုန်လုံးက နင့်ကြောင့်….” လျိုမင်းယန်၏မျက်လုံးများ နီရဲလာနေသည်။ ရီဖူရှင်း အံ့အားသင့်သွားသည်။ သူက ဝန်ကြီးချုပ်ကျိုအား ပြဿနာဖြစ်စေရန် မရည်ရွယ်ခဲ့ပေ။ အဖြစ်အပျက်တစ်ခုလုံးက ဝန်ကြီးချုပ်ကျိုကြောင့်ဟု ပြောနိုင်သော်လည်း ဝန်ကြီချုပ်ကျိုက သူ့ကောင်းကျိုးအတွက် လုပ်ခဲ့သည်ကို ရီဖူရှင်းသိသည်။ ဧကရာဇ်၏ အမိန့်တော်က ဝန်ကြီချုပ်ကျိုနှင့် သက်ဆိုင်ဟန် မတူပေ။ အမှန်တကယ်ပင် ဝန်ကြီးချုပ်ကျိုက နိုင်ငံအရေးတွင် စိတ်မဝင်စား တော့သည်လား။

ရီဖူရှင်းက ဝန်ကြီးချုပ် အမိန့်ပြားအား ထုတ်ယူလိုက်ကာ လျိုမင်းယန်ထံ ပစ်ပေးလိုက်သည်…“အဲဒါကို ဝန်ကြီးချုပ်ကျိုကို ပြန်ပေးပြီး သူ့ကို ပြောလိုက်… ကျုပ်က သူ့ကို အပြစ်မတင်ဘူးလို့…”

“နင်သူ့ကို အပြစ်မတင်ဘူး…..” လျိုမင်းယန်က အမိန့်ပြားအား ဖမ်းယူလိုက်ကာ အံ့အားသင့်စွာ ပြန်မေးသည်။

“မင်းသွားလို့ရပြီ….” ရီဖူရှင်းက သူမအား နှင်လွှတ်နေလေပြီ။

လျိုမင်းယန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ ထိုနေရာမှ လှည့်ထွက်လိုက်သည်။

ထိုနေရာမှ လူများက သူမအား လမ်းဖယ်ပေးကြသော်လည်း သူမက တစ်ဖန် နောက်ပြန်လှည့်ကာ မေးလိုက်သည်… “နင်ပြောတာတော့ နင့်ချစ်သူက ငါ့ထက်လှတယ်တဲ့… နန်ဒူနိုင်ငံကိုတောင် သစ္စာဖောက်ရအောင် သူမက ဘယ်လောက်လှလို့လဲ…”

“သူမနဲ့နှိုင်းယှဉ်ဖို့ မင်းက မထိုက်တန်ဘူး….” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ လျိုမင်းယန်ကား အလွန်အသည်။ ဧကရာဇ်လျိုနှင့် သူမ၏အစ်ကို အိမ်ရှေ့စံတို့က သူ့ကောင်းကျိုးအတွက် လုပ်ခဲ့ကြသည်ဟု သူမ အမှန်တကယ် ထင်နေပုံရသည်။ သို့မဟုတ်လျှင် သူမ၏အဖေနှင့် အစ်ကိုတို့မှာ လူဆိုးများဟု သတ်မှတ်ရန် ခက်ခဲနေသည်လည်း ဖြစ်နိုင်သည်။

လျိုမင်းယန်က သူ့အား အေးစက်စွာ ကြည့်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

သူမ ထွက်ခွာ သွားပြီးသောအခါ လင်းယွီယိုက ရီဖူရှင်းအား နားမလည်စွာ မေးသည်…“နန်ဒူနိုင်ငံရဲ့ မင်းသမီးကို နင်ဘာလုပ်ထားတာလဲ…”

ရီဖူရှင်းက လင်းယွီယိုအား ကြည့်ကာ ပြုံးလိုက်သည်…“မင်း စမ်းကြည့်ချင်လား…”

ရီဖူရှင်း၏ မချိုမချဉ်အပြုံးအား မြင်လျှင် သူမက ချက်ချင်း ပြန်ဖြေသည်…“မလိုဘူး…ကျေးဇူးပဲ…”

ထို့နောက် သူမ ထွက်ခွာသွားသည်။ ဘေချူနှင့် ယူဂျန်တို့က အဖြစ်အပျက် တစ်ခုလုံးကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ကန်ယီနိုင်ငံ၏ နံပါတ်တစ်အလှမယ် ဖြစ်သည့်အလျောက် လင်းယွီယိုကား အမြဲတမ်း မာနကြီးသူဖြစ်သည်။ သို့သော် ရီဖူရှင်းနှင့် ကြိမ်ဖန်များစွာ စကားပြောတိုင်း ရီဖူရှင်းက သူမအား လျစ်လျူရှုထားခြင်း ခံရသည်။ ထိုအဖြစ်က ဘေးမှ ကြည့်နေသူများအား စိတ်အနှောင့်အယှက် ပေးလှသည်။ သူတို့နှင့် ရီဖူရှင်း၏ ခြားနားချက်က ကြီးမားလွန်းလှသည်။ သို့သော် ရီဖူရှင်း၏ ချစ်သူ ဟွာဂျီယူကား အမှန်ပင် လင်းယွီယိုထက် လှပချောမောသူလေးဖြစ်သည်။

“လမ်းလျှောက် ထွက်ရအောင်……” ကျောက်ချင်းဖန်က အကြံပေးသည်။ နန်ဒူမြို့တော်တွင် စွမ်းအားမြင့် တန်ခိုးရှင်များ အများအပြား စုစည်းနေကြသည်။ သူတို့က သွားကြည့်သင့်၏။ နန်ဒူနိုင်ငံက ဧကရာဇ်က သူတို့အား ဖိတ်ခေါ်မှတော့ နောက်ကွယ်မှ သူတို့အား အကွက်ချ ကြံစည်မည် မဟုတ်ပေ။

“ အကြံကောင်းပဲ…” ယူဂျန်က ခေါင်းညိတ်ကာ သူတို့အားလုံး ထွက်သွားကြသည်။

ရီဖူရှင်းက သူတို့နှင့် မလိုက်သွားတော့ဘဲ သူ့အခန်းတွင်ပင် တန်ခိုးကျင့်နေသည်။

နောက်တစ်နေ့ နံနက်တွင် နန်ဒူနိုင်ငံမှ လူများက နန်းဆောင်ကို ရောက်လာကာ ဧကရာဇ်ရီထံ ရောက်လာကြသည်။ ဧကရာဇ်ရီက သူတို့အား ကြိုဆိုသလို ရီဖူရှင်းတို့ အုပ်စုလည်း ထွက်တွေ့ကြသည်။ နန်ဒူနိုင်ငံမှလူများက ဦးညွှတ်ကာ ပြောသည်… “ကျုပ်တို့ ဘုရင်မင်းမြတ်က အရှင်မင်းကြီးကို တော်ဝင်နန်းတော်ကို လာရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်… နိုင်ငံအသီးသီးက ဧကရာဇ်တွေ အကုန်လုံးက တော်ဝင်နန်းတော်က တစ်ဆင့် တန်ဖန်းပွဲတော်ကို အတူတူ တက်ရောက်ဖို့ စီစဉ်ထားပါတယ်…”

“သူတို့အတွက်ရော…” ဧကရာဇ်ရီက ရီဖူရှင်းတို့အုပ်စုအား ညွှန်ပြကာ မေးသည်။

“ဧကရာဇ်တွေကိုပဲ ဖိတ်ကြားခြင်း ဖြစ်ပါတယ်… သူတို့က သတ်သတ်သွားကြရမှာ ဖြစ်ပြီး အရှင်မင်းကြီးကို ပွဲတော်မှာ တွေ့နိုင်ပါတယ်…” ထိုလူက ပြုံးလျက် ပြောသည်။

ဧကရာဇ်က မည်သို့မှ ပြန်ပြောသေးဘဲ ဂျန်ယူဘက်သို့ လှည့်ကာ ပြောသည်…“မင်းက သူတို့ကို ခေါ်သွား…”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး…..” ဂျန်ယူက ခေါင်းညိတ်သည်။ ဧကရာဇ်ရီက ထိုလူများနောက်မှ လိုက်ပါသွားသည်။

“သွားကြမယ်…” ဂျန်ယူက ပြောသည်။ သူ့အပြင် ကန်ယီနိုင်ငံမှ တခြား စွမ်းအားမြင့် တန်ခိုးရှင်များလည်း ပါဝင်သည်။ သူတို့အုပ်စု အပြင်ထွက် လိုက်ကြကာ နန်းတော်ရှိရာသို့ ဦးတည်ကာ သွားလိုက်ကြသည်။

နန်းတော် အပြင်ဘက်တွင် တခြားနိုင်ငံမှ လူများကလည်း တော်ဝင်နန်းတော်သို့ ဦးတည်ကာ သွားနေကြသည်။ တန်ဖန်းပွဲတော်ကား တော်ဝင်နန်းတော်၏ မြောက်ဘက်ဂိတ်တွင် ကျင်းပလေ့ရှိသည်။ ထိုနေရာတွင်ကား ပင်လယ်ကြီးကဲ့သို့ ကျယ်ပြန့်များပြားသော လူများကို တွေ့ရသည်။ တန်ဖန်းပွဲတော်ကို တက်ရောက်သော အရေအတွက်ကား ကန်ယီနိုင်ငံမှ ဖန်းဟွာပွဲတော်ထက် အဆမတန် များပြားသည်။

ရီဖူရှင်းတို့ အုပ်စု ရောက်ရှိသွားသောအခါ လူအုပ်ကြားထဲ နစ်မြုပ်သွားလုနီးပါးပင်။ မြောက်ဘက်ဂိတ် အပြင်ဘက်တွင် အလွန်ကျယ်ပြန့်သော ကွင်းပြင်ကျယ်ကြီးတွင် ဆောက်လုပ်ထားသော တိုက်ပွဲစင်မြင့် ကိုးခုကို တွေ့ရသည်။ ပလ္လင်နှင့် ပွဲကြည့်စင်တို့မှာ တိုက်ပွဲစင်မြင့်၏ မျက်နှာချင်းဆိုင်တွင် တည်ဆောက်ထားသည်။ နန်ဒူနိုင်ငံမှ လူများအားလုံး ထိုနေရာတွင် စုစည်းနေကြသည်။ ထိုလူများထဲတွင် အရှေ့ပင်လယ်မှ လူများလည်း ပါဝင်သည်။

နန်ဒူမိသားစုလည်း ထိုလူအုပ်ကြီးထဲတွင် ရှိပြီး တော်ဝင်မိသားစု ကြည့်ရှုရာနေရာများ။ ဘုရင်မင်းမြတ်ထိုင်ရာနေရာ ပလ္လင်နှင့် ပွဲကြည့်စင်တစ်ဖက်မှ တိုက်ပွဲစင်မြင့်အား လိုက်လံ ငေးမောနေကြသည်။ ယခင်က တော်ဝင်မိသားစု ထိုင်ရာနေရာတွင် နန်ဒူမိသားစု ထိုင်ခဲ့ဖူးသော်လည်း ယခုကား သူတို့က လူအုပ်ထဲတွင်သာ ရပ်ကြည့်နေရသည်။

“တစ်လလောက် အကြာက… အဲဒီအဖြစ်အပျက်တွေသာ မရှိခဲ့ဘူးဆိုရင် ဂျီယူက အိမ်ရှေ့စံမင်းသမီး ဖြစ်နေလောက်ပြီ….. ” နန်ဒူမိသားစုမှ လူငယ်တစ်ယောက်က ပြောသည်…“ ဒါဆို ကျုပ်တို့က ဟိုနေရာမှ ထိုင်လို့ရမယ်……” ထိုအရာများအားလုံးကား ရီဖူရှင်း ဖျက်ဆီးသွားသည်။

“အဲဒါကို ထပ်မတွေးနဲ့… ပြီးတော့… ဟွာဂျီယူနာမည်ကို ထပ်မပြောနဲ့တော့…..” အကြီးအကဲတစ်ယောက်က ငေါက်ငမ်းလိုက်သည်။ ဟွာဂျီယူကား နန်ဒူနိုင်ငံ၏ အပြစ်သားဖြစ်၏။ သူတို့က သူမနှင့် အဆက်ဖြတ်ရန် လိုအပ်သည်။

“ကောင်းပြီ…” လူငယ်က ခေါင်းညိတ်ကာ လူအုပ်ကြီးအား ကြည့်လိုက်သည်။ ထိုလူငယ်က ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ သူက သူ့ပြိုင်ဘက်များ ဖြစ်လာနိုင်ဖွယ် ရှိသူများအား လေ့လာရန် လိုပေသည်။ သူက ကြည့်နေစဉ်မှာပင် သူ့မျက်လုံးက တစ်နေရာတွင် ရပ်တန့်သွားသည်။ သူမျက်မှောင်ကြုတ် လိုက်သည်။ သူမျက်လုံးထဲကို လူတစ်စု ဝင်လာ၏။

“ရီဖူရှင်း…” လူငယ်က ရေရွတ်လိုက်သည်… နန်ဒူမိသားစုမှ လူများအားလုံးက ထိုလူငယ်အား ကြည့်လိုက်ကြသည်။

အကြီးအကဲ တစ်ယောက်က ပြောသည်… “အဓိပ္ပာယ်မရှိတာ….. တန်ဖန်းပွဲတော်မှာ ရီဖူရှင်းက ဘယ်လိုလုပ် ပေါ်လာမှလဲ…”

“သူ…ဟိုမှာ…” လူငယ်က ထိတ်လန့်တကြားဖြင့် တစ်နေရာအား လက်ညှိုးထိုးပြသည်။ သူကိုယ်တိုင်လည်း မယုံကြည်နိုင်သော်လည်း သူက ရီဖူရှင်းအား မြင်သည်မှာ သေချာ၏။

နန်ဒူမိသားစုဝင်များ အားလုံးက ထိုလူငယ် လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ကြရာ သူတို့၏မျက်လုံးများက ချောမောသော လူငယ်လေး တစ်ယောက်ထံကို ရောက်သွားသည်။ နန်ဒူမိသားစုဝင်များ၏ မျက်လုံးများ အရောင်လက်သွားကာ မျက်နှာများ တင်းမာသွားကြသည်။  ရီဖူရှင်းက တန်ဖန်းပွဲတော်ကို တက်ရောက်ရဲသည်လား။ သူက သေချင်နေသည်လား။

“သွား… ရီဖူရှင်းကို ဖမ်းကြစမ်း…” အကြီးအကဲတစ်ယောက်က အမိန့်ပေးလျှင် နန်ဒူနိုင်ငံမှ စွမ်းအားမြင့် တန်ခိုးရှင်တစ်ယောက်က လျှပ်စီးအလား ထိုနေရာသို့ ပြေးလွှားသွားသည်။ ဒွန်ဟိုင်မြို့တွင် ဖြစ်ပျက်ခဲ့သည်များအား သူတို့က လုံးဝ မေ့နိုင်မည် မဟုတ်ပေ။ ဟွာဂျီယူမှာ သူတို့ထံက ယူဆောင်သွားခြင်း ခံရသလို နန်ဒူမိသားစုမှ တန်ခိုးရှင် အများအပြားလည်း ပျောက်ဆုံးသွားကြရသည်။ ရီဖူရှင်းကား တရားခံဖြစ်သည်။

“သူ့ကို မလွတ်စေနဲ့…” လူငယ်တစ်ယောက်က ရီဖူရှင်းက လူအုပ်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားမည်ကို စိုးရိမ်ကာ အော်လိုက်သည်။ သည်ကောင်ကား အမှန်ပင် အတင့်ရဲသည်။ သူက တန်ဖန်းပွဲတော် ကျင်းပရာနေရာသို့ အဘယ်ကဲ့သို့သော သတ္တိဖြင့် ရောက်လာရသနည်း။

“ သူ့ကို ဖမ်းပြီး အရှင်မင်းကြီးဆီ ဆက်သကြမယ်…” နောက်တစ်ယောက်က ပြောသည်။ သူက ရီဖူရှင်းအား သတ်ဖြတ်ရန် အထိပင် စိတ်ကူးထားသည်။ ရီဖူရှင်းက ဧကရာဇ်၏ အမိန့်တော်အား ဖီဆန်ထားသည်။ သူကား အပြစ်သားဖြစ်ပြီး ဧကရာဇ်လျိုထံသို့ ဖမ်းဆီးကာ ပို့ဆောင်ပေးရန် လိုအပ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset