ကန်ယီနိုင်ငံ နန်းတော်၏ အဓိက ခန်းမဆောင်ကြီးတွင် နန်ဒူနိုင်ငံမှ ဆက်သားတစ်ယောက် ရောက်နေသည်။ ဧကရာဇ်ရီက ပလ္လင်ပေါ်တွင် ထိုင်လျက် လက်ခံတွေ့ဆုံသည်။
“ဧကရာဇ်ရီကို နှုတ်ဆက်ပါတယ်…” ဆက်သားက ပြောသည်။ ထို့နောက် သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွှတ်သည်။
“ထပါ…” ဧကရာဇ်ရီက ပြောသည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး…” ဆက်သားက မြေပြင်မှ ထရပ်လိုက်ပြီး ဧကရာဇ်ရီအား ကြည့်သည်… “ကျွန်တော်က နန်ဒူနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အရ လာရောက်ရခြင်းပါ… ကျွန်တော်တို့ ကြားတာကတော့ နန်ဒူနိုင်ငံရဲ့ သစ္စာဖောက် ရီဖူရှင်းနဲ့ ဟွာဂျီယူတို့က ကန်ယီနိုင်ငံကို ရောက်ရှိနေတယ်လို့ သတင်းရပါတယ်… ကျုပ်တို့ ဘုရင်မင်းမြတ်က သူတို့ကို အပြစ်ပေးနိုင်ဖို့အတွက် နန်ဒူနိုင်ငံကို ပေးအပ်ဖို့ တောင်းဆိုလိုက်ပါတယ်…..”
“သူတို့က ကန်ယီနိုင်ငံရဲ့ နိုင်ငံသားဖြစ်နေကြပြီ… ပြီးတော့ ကျုပ်က ဟွာဂျီယူကို မင်းသမီးဘွဲ့ အပ်နှင်းထားတယ်… သူက အခု ကျုပ်ရဲ့ မွေးစားသမီးပဲ….. မင်းရဲ့ ဘုရင်ကို ပြန်ပြောလိုက်….. သူတို့က မင်းတို့နိုင်ငံနဲ့ ဘာမှ မပတ်သက်တော့ဘူး…. သူတို့က သစ္စာဖောက်လို့ ထပ်မခေါ်နဲ့တော့…” ဧကရာဇ်ရီက အေးစက်စွာ ပြောသည်။ သူ၏ဟန်ပန်ကား ကြီးမြတ်ကာ တည်ကြည်သည်။
“သူတို့က နန်ဒူနိုင်ငံ အရှေ့ပင်လယ်ရဲ့ ပြည်သူတစ်ယောက် ဖြစ်ခဲ့ပြီး ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို လွန်ဆန်ခဲ့တယ် … သူတို့က သစ္စာဖောက် ဖြစ်ပြီးတော့ နန်းတွင်း အပြစ်ဒဏ်ကို ခံယူသင့်တယ်… ဧကရာဇ်ရီက ဒီလိုနည်းနဲ့ဖြေရှင်းတာ မသင့်တော်ပါဘူး…” ဆက်သားက ဧကရာဇ်ရီအား ကြောက်ရွံ့ခြင်း မရှိဘဲ ပြောသည်။
“ဘယ်လောက် အတင့်ရဲလိုက်လဲ….” ဘေးမှ တစ်ယောက်က ပြောသည်။ သူတို့က ဆက်သားအား အေးစက်စွာ ကြည့်နေကြသော်လည်း ဆက်သားက ဧကရာဇ်ရီအား တည်ငြိမ် အေးစက်စွာ မော်ကြည့်နေသည်။
“ကျုပ် နောက်တစ်ခေါက် ထပ်ပြောမယ်… သူတို့က အခု ကန်ယီနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေကြပြီ… အနာဂတ်မှာ ရီဖူရှင်းက မင်းသားတစ်ပါး ဖြစ်လာမှာပဲ….. ကျုပ်ပြောတာကို ရှင်းရှင်းလင်းလင်း ကြားတယ်မလား…..” တည်ငြိမ်အေးစက်သော အသံဖြင့် ဧကရာဇ်ရီက ပြောသည်။ ကောင်းကင်မှ နိုဘယ်စိတ်အားလှိုင်းတစ်ခု ဆင်းသက်လာပြီး ဆက်သား၏ခေါင်းအား မမြင်ရသော အားလှိုင်းတစ်ခုက ခေါင်းငုံ့ရန် ဖိအားပေးလာသည်။
“ကျုပ်တို့နိုင်ငံက သူတို့ တစ်ယောက်ချင်းစီအတွက် မြို့တစ်မြို့စီ ပေးအပ်သွားဖို့ အသင့်ပါပဲ…” ဆက်သားက ခေါင်းငုံ့ကာ ပြောသည်။
“တကယ်လို့ ကျုပ်က မင်းတို့မြို့တွေကို လိုချင်ရင် ကိုယ်တိုင် တိုက်ခိုက်ယူမှာပေါ့… မင်းရဲ့ ဘုရင်ကို အခု ပြန်သွားပြောတော့….” ဧကရာဇ်ရီက ပြောသည်။ နိုင်ငံနှစ်နိုင်ငံ၏နယ်စပ်တွင်ကား တိုက်ပွဲက အမြဲတမ်း ဖြစ်နေလေ့ရှိသည်။ သည်နေ့ နယ်စပ်မြို့များက နန်ဒူနိုင်ငံက ပိုင်ဆိုင်ခဲ့လျှင် နောက်တစ်နေ့တွင် ကန်ယီက ပိုင်ဆိုင်သည်။ ပိုင်ဆိုင်မှုက မကြာခဏ ပြောင်းလဲနေသည်။ တစ်နိုင်ငံလုံးကို အုပ်စိုးသော ဘုရင်တစ်ပါးအနေဖြင့် မြို့တစ်မြို့က အဘယ်အရေးနည်း။
ဆက်သားက သူ၏လက်အား ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူက ဦးညွှတ်လျက် ပြောသည်… “နန်ဒူနိုင်ငံရဲ့ တန်ဖန်းပွဲတော်က မကြာခင် စတင်ပါတော့မယ်… ကျုပ်တို့က နိုင်ငံအသီးသီးက ဧကရာဇ်တွေကို တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်… ကျုပ်တို့ ဘုရင်မင်းမြတ်က ဧကရာဇ်ရီကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်…” သူက စာလိပ်တစ်လိပ်အား လက်ဖြင့် ဆန့်တန်းကာ ပေးအပ်သည်။ ဘေးတွင် ရပ်နေသော တစ်ယောက်က စာလိပ်အား ယူကာ ဘုရင်မင်းမြတ်ထံ ဆက်သသည်။ ဧကရာဇ်ရီက စာလိပ်အား ဖြန့်ဖတ်ကာ ပြုံးလိုက်သည်…“ ကောင်းပြီ… မင်းတို့ရဲ့ ဘုရင်ကို ပြောလိုက်… ကျုပ် တက်ရောက်မယ်လို့…”
“နန်ဒူနိုင်ငံက ဧကရာဇ်ရီရောက်လာတာကို စောင့်နေပါ့မယ်… ကျုပ်ကို ခွင့်ပြုပါဦး…” ဆက်သားက ဦးညွှတ်လိုက်ပြီး နောက်ပြန်ဆုတ် သွားသည်။ နောက်ဆုံး ခန်းမဆောင် အဝအပြင်ကို ရောက်မှ သူက နောက်လှည့်ကာ ထွက်ခွာ သွားတော့သည်။
ဆက်သား ထွက်သွားလျှင် ဧကရာဇ်ရီက စာလိပ်အား ဘေးတွင် ချလိုက်ကာ အတွေးနက်နေသည်။ ဧကရာဇ်လျိုက တခြားနိုင်ငံမှ ဘုရင်များအား တန်ဖန်းပွဲတော်ကို တက်ရောက်ရန် အမှန် ဖိတ်ခေါ်ခဲ့သည်။ သူက သည်နှစ် ပွဲတော်ကို တကယ် ယုံကြည်မှု ရှိနေသည်လား။
မတ်တတ်ရပ်ကာ ဧကရာဇ်ရီက ခန်းမဆောင်ထဲမှ ထွက်ခွာ သွားတော့သည်။
ရီဖူရှင်းက ထိုကိစ္စကို မသိပေ။ ဖန်းဟွာပွဲတော်ရလဒ်က နန်ဒူနိုင်ငံ၏အာရုံစိုက်မှုကို ရရှိနိုင်သည်ဟု သူသိသော်လည်း သူတို့က ချက်ချင်း တုံ့ပြန်လိမ့်မည်ဟု သူမထင်ထားပေ။
တောင်ပေါ်တွင်… နန်းတွင်းအကြံပေး မိုဟီက ဟွာဂျီယူအား ပြောသည်…..“ မင်းသမီးဟွာဂျီယူရဲ့ သက်စောင့်ဝိညာဉ်က ဆင့်ကဲတိုးတက် ပြောင်းလဲ သွားပုံရတယ်… အရင်တုန်းက နန်ဒူနိုင်ငံဟောင်းမှာတုန်းက ကျုပ်က အရှင်မင်းကြီးရဲ့နောက်ကို အကြာကြီး လိုက်ခဲ့တာကြောင့် သူ့ရဲ့ သက်စောင့်ဝိညာဉ်ကို အတော် နားလည်ခဲ့တယ်….. ဒါကြောင့် မင်းသမီးဟွာဂျီယူက ဒီမှာ ဆက်လက်နေထိုင်ပြီး တန်ခိုးကျင့်ပါ… ကျုပ်သိသမျှ သင်ပေးမယ်…..”
ဟွာဂျီယူ၏မျက်လုံးများ အရောင်လက်သွားပြီး လျင်မြန်စွာ ခေါင်ညိတ်လိုက်သည်…“ကျေးဇူးတင်ပါတယ် ဆရာကြီး…..”
“ကျုပ်က ဇာတ်မြှုပ်ထားတာ ကြာလှပြီ… အရှင်မင်းကြီးတောင် ကျုပ်ရဲ့ ဘဝအစစ်အမှန်ကို မသိဘူး… လူအများရှေ့မှာတော့ ကျုပ်ကို နန်းတွင်းအကြံပေးလို့ပဲ ခေါ်ပါ…” မိုဟီက ပြောသည်။
“ကောင်းပြီ…” အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ရီဖူရှင်းလည်း စိတ်လှုပ်ရှား သွားသည်။ တခြား တိုင်းပြည်တစ်ခုတွင် နန်ဒူနိုင်ငံ၏ယခင် တော်ဝင်မိသားစုမှ တော်ဝင်မှော်ပညာရှင်အား တွေ့ရမည်ဟု မည်သူက ထင်မည်နည်း။ နှစ်များစွာ အကြာက တော်ဝင်နန်ဒူ မိသားစုမှာ အာဏာသိမ်းခံရပြီး အန္တရာယ်အား ရှောင်ဖယ်ရန် အရှေ့ပင်လယ်သို့ ထွက်ပြေးခဲ့ရသည်။ သူတို့က ဆန့်ကျင်ရန် အကြံအစည်ကိုပင် မတွေးရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အား ဧကရာဇ်လျိုက သတ်မည်ကို စိုးရိမ် နေကြသောကြောင့်ပင်။ တစ်ကြိမ်တစ်ခါတုန်းက နန်းတွင်း သက်တော်စောင့်ဖြစ်သူ လျိုထန်းယန်က ဘုရင်ဖြစ်လာသောအခါ သူ၏အမိန့်တော် တစ်ချက်က နန်ဒူမိသားစုတစ်ခုလုံးကို အမြီးကုပ်ကာ ထွက်ပြေးရစေသည်။ မည်မျှ ရယ်စရာ ကောင်းလိုက်သနည်း။
“တစ်ယောက် လာနေတယ်…” နန်းတွင်းအကြံပေးက ပြောသည်။ သူက အပြင်ဘက်ကို လှမ်းထွက်လိုက်လျှင် မင်းသမီး ရီလင်းဇီနှင့် မင်းသား ရီဒန်ချန်းတို့ ရောက်ရှိလာသည်ကို တွေ့ရသည်။
“နန်းတွင်းအကြံပေး ပညာရှင်ကို နှုတ်ဆက်ပါတယ်…” သူတို့နှစ်ယောက်က အဘိုးအိုအား လေးစားစွာ နှုတ်ဆက်ကြသည်။
“ထုံးတမ်းစဉ်လာတွေ မလိုပါဘူး… အရှင့်သား…” မိုဟီက ပြောသည်။
“နန်းတွင်းအကြံပေး ပညာရှင်….. ကျွန်တော်တို့က ရီဖူရှင်းနဲ့ တခြားလူတွေကို လာတွေ့တာပါ…” ရီဒန်ချန်းက ပြောသည်။
မိုဟီက ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းက လျှောက်လာပြီး မေးသည်…“ဘာကိစ္စလဲ… အရှင့်သား…”
“မကြာခင်က နန်ဒူနိုင်ငံရဲ့ ဆက်သားတစ်ယောက် ရောက်လာပြီး မင်းတို့ကို သူတို့ကို ပေးဖို့ အဖေ့ကို တောင်းဆိုခဲ့တယ်…..” ရီဒန်ချန်းက ရှင်းပြသည်။ ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သည်။ အလွန် မြန်ဆန်လှသည်။
“မှန်တယ်… အဖေက ငြင်းလိုက်တယ်… ဒါပေမဲ့ ဆက်သားက ဖိတ်ခေါ်စာတစ်စောင် ယူလာတယ်… အဖေ့ကို သူက တန်ဖန်းပွဲတော်ကို တက်ရောက်စေချင်တယ်… အဖေက ဖန်းဟွာအဆင့်က ဆယ်ယောက်ကို ခေါ်သွားချင်တယ်… ဒါကြောင့် မင်းတို့ရဲ့ သဘောထားကို လာမေးတာ…” ရီဒန်ချန်းက ရီဖူရှင်းကို မေးသည်။
“တန်ဖန်းပွဲတော်…” ရီဖူရှင်း အံ့အားသင့်သွားသည်။ သည်နာမည်ကား ရင်းနှီးလှသည်။ နန်ဒူနိုင်ငံတုန်းက ဝန်ကြီးချုပ်ကျိုက သူ့အား တန်ဖန်းပွဲတော်ကို တက်ရောက် စေလိုခဲ့သည်။ ရီဖူရှင်းကလည်း တန်ဖန်းပွဲတော်ကို တက်ရောက်လိုခဲ့သည်။ သို့သော် တစ်လအတွင်းတွင် အဖြစ်အပျက်များ အများအပြား ဖြစ်သွားပြီးနောက် သည်နာမည်မှာ သူနှင့် အလွန် စိမ်းသွားပြီဖြစ်သည်။
တန်ဖန်းပွဲတော်သည်လည်း စတင်တော့မည်လော။
“ကျုပ်တို့ သွားမယ်…” ရီဖူရှင်းက တွန့်ဆုတ်ခြင်း မရှိဘဲ ပြောသည်။ သူက သူ့ဘဝအား ဖျက်ဆီးရန် ကြိုးစားခဲ့သော ဧကရာဇ်လျိုအား ကိုယ်တိုင်တွေ့လိုသည်။ သူ၏အသက်အန္တရာယ် အတွက်မူ ရီဖူရှင်းက စိတ်မပူပေ။ ကန်ယီနိုင်ငံနှင့် နန်ဒူနိုင်ငံတို့က နှစ်ပေါင်းများစွာ ရန်ဘက် ဖြစ်နေခဲ့ကြသော်လည်း ကြီးမားသော ထိခိုက်မှုများဖြစ်သော တိုက်ပွဲများ မရှိဖူးပေ။ အလွန်တင်းမာသော အခြေအနေတွင်ပင် နှစ်နိုင်ငံလုံးက သူတို့၏ အကန့်အသတ်အား နားလည်ကြသည်။ သည်အရာက နိုင်ငံနှစ်နိုင်ငံအား ထိန်းချုပ်ထားသော ထူးဆန်းသော အခြေအနေ ဖြစ်သည်။ သည်အရာက အလွယ်တကူ ချိုးဖောက်နိုင်သော အရာတစ်ခု မဟုတ်ပေ။
အကြောင်းပြချက်ကား ရိုးရှင်းသည်။ ဧကရာဇ်နှစ်ပါးလုံးမှာ နိုဘယ်တန်ခိုးအဆင့်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ဖြစ်ကြသည်။ မည်သူကမှ အသာစီးရထားသော အခြေအနေ မရှိပေ။ နိုင်ငံတစ်နိုင်ငံ၏ ကြမ္မာအား အမှန်တကယ် အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သည်မှာ ထိုနိုင်ငံ၏ စစ်တပ်မဟုတ်ဘဲ သူတို့ခေါင်းဆောင်၏ စွမ်းအားပင်ဖြစ်သည်။ ဥပမာ ယခင် နန်ဒူနိုင်ငံဟောင်းတွင် ဧကရာဇ်ကျသွားပြီး နောက်ပိုင်း တော်ဝင်မိသားစုမှာလည်း သာမန်အဆင့်ကို ရောက်သွားကာ သူတို့၏ကြီးကျယ် ခမ်းနားမှုများမှာ သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့တော့သည်။
အကယ်၍ ရီဖူရှင်းကသာလျှင် ဧကရာဇ်ရီနှင့်အတူ တန်ဖန်းပွဲတော်အား တက်ရောက်ခဲ့လျှင် ဧကရာဇ်လျိုက ရီဖူရှင်းအား မည်မျှ သတ်ဖြတ်လိုသည့်တိုင် သတ်မည် မဟုတ်ပေ။ အကယ်၍ ဧကရာဇ်ရီက ဒေါသထွက်ကာ နန်ဒူ၏နန်းတွင်းအား ဝင်ရောက် တိုက်ခိုက်လျှင် မည်သို့ ဖြစ်သွားမည်နည်။ နိုဘယ်တန်ခိုးအဆင့်မှ တန်ခိုးရှင်နှင့် တိုက်ခိုက်ခြင်းမှာ သေလမ်းတစ်လမ်းသာ ရှိသည်။ ရန်ဘက်တိုင်းပြည်များ ဖြစ်သည့်တိုင် မည်သူကမှ စည်းမကျော်ကြပေ။ မဟုတ်လျှင် အလွန်ဆိုးရွားသော အကျိုးဆက်များအား ခံစားရမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင်လည်း ဧကရာဇ်တစ်ပါးက ရန်သူနိုင်ငံမှ ဧကရာဇ်အား ချက်ချင်း သတ်ဖြတ်နိုင်ရ လောက်အောင် အစွမ်းထက်နေရန် လိုအပ်ပေသည်။
တန်ခိုးရှင်လောကတွင် တစ်ကိုယ်ရေစွမ်းအားမှာ အရာအားလုံးထက် အရေးပါလှသည်။ မင်းအာဏာပင်လျှင် တစ်ကိုယ်ရေ အရည်အချင်း၏ ရလဒ်ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်ရီက ရီဒန်ချန်းအား ရီဖူရှင်းကို တန်ဖန်းပွဲတော်ကို တက်ရောက်စေလိုသလား လာရောက် မေးခိုင်းရာ သူကလည်း သည်အချက်အား သိသည်မှာ သေချာ၏။ ဧကရာဇ်လျိုက ရီဖူရှင်းအား ထိရဲမည် မဟုတ်ပေ။ အထူးသဖြင့် သူ၏နိုင်ငံတွင် ဖြစ်သည်။
“ရှင်တို့အားလုံး သွားကြမှာလား…” ရီလင်းဇီက ယူချင်းနှင့် ဟွာဂျီယူအား ကြည့်ကာ မေးသည်။
“ဂျီယူ မသွားသင့်ဘူး… သူမက ဆရာကို ဂရုစိုက်နေသင့်တယ်…” ရီဖူရှင်းက ပြောသည်။ အမှန်က ဟွာဖန်းလူကား တန်လန်နှင့် နန်ဒူဝန်ယမ်တို့၏ ဂရုစိုက်မှုအောက်တွင် အားလုံး အဆင်ပြေသည်။ ထို့အပြင် သူ၏ဒဏ်ရာမှာ အတော်သက်သာသော အနေအထားကို ရောက်နေပြီ ဖြစ်သည်။ သို့သော် ဟွာဂျီယူက နန်းတွင်းအကြံပေးဆရာ မိုဟီ၏ လမ်းညွှန်ပြသမှုအောက်တွင် တန်ခိုးကျင့်ရန် လိုအပ်ပေသည်။
“ကောင်းပြီ…” ရီဒန်ချန်းက ခေါင်းညိတ်သည်… “ကျုပ်က တခြားလူတွေကို သွားမေးလိုက်ဦးမယ်… သွားရမည့်အချိန် ရောက်ရင် မင်းတို့ကို လာခေါ်မယ်…”
“ကျေးဇူးတင်ပါတယ်… အရှင့်သား….” ရီဖူရှင်းက ပြန်ပြောသည်။ ရီဒန်ချန်းနှင့် ရီလင်းဇီတို့ ထွက်ခွာသွားကြ၏။
“မင်းက နန်ဒူနိုင်ငံရဲ့ နန်းမြို့တော်ကို တကယ် သွားမလို့လား…” ဟွာဖန်းလူက ရီဖူရှင်းအား မေးသည်။
“ဟုတ်တယ်… ကျွန်တော့်မှာ မူလကတည်းက အစီအစဉ်ရှိတယ်… အခုက တကယ့်အခွင့်အရေးပဲ…” ရီဖူရှင်းက ပြုံးလိုက်သည်။
“ဂရုစိုက်သွား…” ဟွာဖန်းလူက သတိပေးသည်။
“ဆရာ… မစိုးရိမ်ပါနဲ့… ဒဏ်ရာကုသရာမှာပဲ အာရုံစိုက်နေပါ… ဆရာ့ရဲ့ သက်စောင့်ဝိညာဉ်က သက်သာဖို့ လိုသေးတယ်… မဟုတ်ရင် နောက်နှစ် အနည်းငယ် အတွင်းမှာ ဆရာ့ကို ကျွန်တော် ကျော်တက်သွားရင် တကယ် ရှက်စရာ ဖြစ်သွားမှာ…..” ရီဖူရှင်းက ရယ်မောလိုက်သည်။
“ကောင်းပြီ… ငါ့ဒဏ်ရာတွေ အားလုံး သက်သာသွားရင် မင်းကို သေချာကြပ်မတ်ပြီး သင်ပေးမယ်…” ဟွာဖန်းလူက သူ့တပည့်အား ပြုံးလျက် ပြောသည်။
ရီဖူရှင်းက လျင်မြန်စွာ ပြုံးလိုက်သည်… “ဆရာ… ဆရာ့ရဲ့အရည်အချင်းက ပြိုင်စံရှားပါပဲ… ဆရာရဲ့ဒဏ်ရာသာ လုံးဝပျောက်ကင်းသွားရင် ဆရာက ကြီးကျယ်ခမ်းနားတဲ့ အရာကို လုပ်ဆောင်နိုင်လိမ့်မယ်… တပည့် မယှဉ်နိုင်ပါဘူး…”
ထိုအခါမှသာလျှင် ဟွာဖန်းလူက ကျေနပ်စွာ ပြုံးလိုက်သည်… တကယ် စိတ်ထဲတွင်ကား သူ့ဆရာ၏အရှက်မရှိပုံကို တွေးကာ ရီဖူရှင်း အံ့အားသင့်ရ၏။ သူ့ဆရာကား တပည့်ကိုပင်လျှင် အနိုင်စား၏။
***
နောက်တစ်နေ့ နံနက်တွင် နန်းတော်၏အပြင်ဘက်တွင် လူအနည်းငယ် စုစည်းနေကြသည်။ သူတို့မှာ ဖန်းဟွာပွဲတော်မှ အလွန်ထူးချွန်သော ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။ သူတို့၏အာရုံက ရီဖူရှင်း။ ယူချင်းနှင့် ရီဒန်ချန်းတို့ထံ ရောက်နေကြသည်။ လူတိုင်း၏မျက်နှာတွင် ကွဲပြား ခြားနားသော အမူအရာများ ရှိနေကြ၏။
ရီဖူရှင်းက နန်ဒူနိုင်ငံက ဖြစ်သည်။ ထို့ကြောင့် တန်ဖန်းပွဲတော်ကို တက်ရောက်ခြင်းက နန်ဒူနိုင်ငံမှ တန်ခိုးရှင်များ မည်မျှ ထက်မြက်သည်ကို သိရှိခွင့် ရကြမည်ဖြစ်သည်။
“ဟွာဂျီယူ ဘယ်မှာလဲ…” ဟွာဂျီယူ မရှိသည်ကို မြင်လျှင် လင်းယွီယိုက မေး၏။
“သူမက တခြား လုပ်စရာတွေရှိလို့ ကျုပ်တို့နဲ့ လိုက်နိုင်မှာ မဟုတ်ဘူး…” ရီဖူရှင်းက ပြန်ဖြေသည်။ သူက အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ဟွာဂျီယူနှင့် ပတ်သက်၍ မေးလိမ့်မည်ဟု သူမထင်ထားပေ။
လင်းယွီယိုက အသာအယာ ခေါင်းညိတ်ကာ စကား ဆက်မပြေတော့ပေ။
အတန်ကြာလျှင် နန်းတော်မှ လူတစ်စု ထွက်ပေါ်လာသည်။ သူတို့မှာ ဧကရာဇ်ရီနှင့် သူ့လူများဖြစ်ကြသည်။ ဘုရင်မင်းမြတ်၏ဘေးတွင် အလွန် စွမ်းအားမြင့်ဟန်တူသော သူများပါဝင်သည်။ သူတို့၏ တန်ခိုးအဆင့်မှာလည်း ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မည်ယူဆရသည်။
နန်းတော်ထဲမှ အလွန် ကျယ်လောင်သော ဟိန်းသံတစ်ချက် ထွက်လာသည်။ လူတိုင်းက မော့ကြည့်လိုက်လျှင် သူတို့ထံ ဦးတည်၍ လာနေသော ကြောက်မက်ဖွယ် သတ္တဝါအား မြင်ကြရသည်။ ရေနဂါးကြီးက နီးကပ်လာပြီး ဘုရင်မင်းမြတ်၏ ဘေးနားတွင် လာရောက် ဆင်းသက်သည်။
“လူတွေ စုံပြီဆိုတော့ စထွက်ကြရအောင်… ကျုပ်က မင်းတို့တွေကို တခြားနိုင်ငံက တန်ခိုးရှင်တွေကို မြင်တွေ့ရအောင် ခေါ်သွားချင်တယ်… မင်းတို့ရဲ့ အသိအမြင်တွေကို ကန်ယီနိုင်ငံမှာပဲ ကန့်သတ်ထားစရာ မလိုဘူး… မင်းတို့က တစ်နေ့ ဒီနေရာက ထွက်သွားရတဲ့ နေ့လည်း ရှိလာမှာပဲ…” ဧကရာဇ်ရီက ရေနဂါးထံ လျှောက်သွားလိုက်သည်။ လူတိုင်းက ဘုရင်မင်းမြတ်၏နောက်ကို လိုက်ကာ နဂါးကြီး၏ ကျောပေါ်ကို တက်လိုက်သည်။
ကျယ်လောင်သော ဟိန်းသံတစ်ချက်ပေးကာ လေဓာတ်စွမ်းအင်များ ရစ်ပတ်လျက် ရေနဂါးက လေထဲကို ပျံတက်သွားသည်။ သူက တိမ်များအကြား ပျံတက်သွားပြီး အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် နန်ဒူနိုင်ငံရှိနေရာဘက်သို့ ပျံသန်းသွားသည်။
ကန်ယီနိုင်ငံကား နန်ဒူနိုင်ငံနှင့် ကီလိုမီတာ တစ်ရာခန့်ဝေးကွာသည်။ သို့သော် ရေနဂါး၏မြင့်မားသော တန်ခိုးအဆင့်ကြောင့် သူတို့က နန်ဒူနိုင်ငံထံသို့ တစ်ရက်အတွင်း ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန်တွင် တစ်နိုင်ငံလုံးမှ တန်ခိုးရှင်များမှာ နန်းမြို့တော်ကို ဦးတည်ကာ သွားလာနေကြချိန် ဖြစ်သည်။ ဧကရာဇ်လျိုက တခြားနိုင်ငံမှ ဧကရာဇ်များအား တန်ဖန်းပွဲတော်ကို တက်ရောက်ရန် ဖိတ်ခေါ်ထားပြီး ဖြစ်သည်။ မရေမတွက် နိုင်သော သတ္တဝါဆန်းများ လေထဲတွင် ပျံသန်းနေကြသည်။ သို့သော် ရေနဂါးကြီးက ပျံသန်းလျှင် အဝေးမှ လူတိုင်းက ထိတ်လန့်တကြား ကြည့်ကြရသည်။ သူတို့က နဂါးကြီး၏ကျော်ပေါ်မှ လူများအား ကြည့်ကာ မည်သည့်နေရာမှ လာသူများဖြစ်ကြောင်း သိလိုကြသည်။
ရေနဂါးကား တခြားသတ္တဝါဆန်းများနှင့် မတူဘဲ အလွန် ကြောက်မက်ဖွယ် ကောင်းသော သတ္တဝါဖြစ်သည်။ သည်ကဲ့သို့ သတ္တဝါအား ထိန်းချုပ်နိုင်သူမှာ မည်ကဲ့သို့သော သူပေနည်း။
ဧကရာဇ်ရီက နဂါးကြီး၏ကျောပေါ်တွင် တည်ငြိမ်စွာ ရပ်နေသည်။ သူ၏ရှည်လျားသော ဆံပင်များက လေတိုက်သောကြောင့် တဖျတ်ဖျတ် လွင့်နေသည်။ သူ၏ဘေးတွင် နန်းမြို့တော်အား စိုက်ကြည့်နေသော ရီဖူရှင်းကို တွေ့ရသည်။
“မင်းဘာတွေ တွေးနေတာလဲ…” ဧကရာဇ်ရီက ပြုံးလျက် မေးသည်။ ရီဖူရှင်းက သည်နေရာကို ပြန်လာရသည့်အတွက် ထူးခြားသော ခံစားချက်များ ရှိနေရမည် ဖြစ်သည်။
“ဘယ်အချိန်မှာမှ နန်ဒူနိုင်ငံရဲ့ တော်ဝင်မိသားစုကို ဖယ်ရှားပစ်နိုင်မလဲ တွေးနေတာပါ အရှင်မင်းကြီး…” အဝေးတစ်နေရာကို မျှော်ကြည့်နေရာမှ ရီဖူရှင်းက ဖြေသည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး သူ၏လေသံက တည်ငြိမ်သည်။
***