အာကာတစ်ပြင်လုံး လျှပ်စီးများလက်သွားပြီး မိုးခြိမ်းသံသည်လည်း လေထုအတွင်း ပဲ့တင်ထပ်သွားသည်။
ပင်လယ်သမုဒ္ဒရာအတွင်း အချင်းလီ(၁၀၀၀)အတွင်း လေများတိုက်ခတ်လာသည်။ ကောင်းကင်ပြစ်ဒဏ်ခံနေရသည့်နေရာနှင့် လီ(၁၀၀)အတွင်း လှိုင်းလုံးကြီးများသည် ကြောက်မယ်ဖွယ်အမြင့်ထိ ထိုးတက်နေလေသည်။
ကောင်းကင်နှင့် မြေကြီး၏ စိတ်တန်ခိုးများသည်လည်း ထိုနေရာသို့ သွားရောက်စုစည်းနေကြ၏။ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်အတွင်းမှ မိုးကြိုးလျှပ်စီးရေတံခွန်ကြီးသည် အကြိမ်ကြိမ် စီးကျနေသည်။
အောက်ရှိ ကျွန်းတစ်ဝက်ခန့် ပျက်ဆီးနေပေပြီ။ ကံအားလျော်စွာ လီချန်ရှို့သည် ပတ်ဝန်းကျင်တွင် သက်ရှိများမရှိသော ကျွန်းကိုရွေးထားမိ၍ တော်သေးပေသည်။ သမုဒ္ဒရာအတွင်း နေထိုင်သော သတ္တဝါများသည် ဝေးရာသို့ ရှောင်သွားကြပြီ ဖြစ်သည်။
မိုးကြိုလျှပ်စီးရေတံခွန်ကြီးသည် အကြိမ်ကြိမ်စီးကျလာပြီး လေမိုးလည်း ပို၍သည်းထန်လာတော့သည်။
ကျင့်ကြံသူတစ်ယောက်၏ ကောင်းကင်ပြစ်ဒဏ်သည် ပတ်ဝန်းကျင်ကို များစွာမထိခိုက်သင့်သော်လည်း ယခုတွင်မူ ကောင်းကင်သည် မင်းဆိုးမင်းညစ်တစ်ပါးကို အပြစ်ပေးသည့် အခြေအနေကဲ့သို့ ဖြစ်နေ၏။
နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းမှု ကောင်းကင်ပြစ်ဒဏ်သည် ကောင်းကင်ပြစ်ဒဏ်အမျိုးကွဲများအနက် တစ်ခုဖြစ်သည်။ အာဒိကပ္ပလောကတွင် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းမှုမှာ ထူးဆန်းသော အခြင်းအရာတစ်ခု မဟုတ်သဖြင့် ကောင်းကင်ပြစ်ဒဏ်သည် သိပ်၍ မပြင်းထန်ချေ။
အပြင်းထန်ဆုံးကောင်းကင်ပြစ်ဒဏ်သည် ကောင်းကင်နတ်မင်းအဆင့်မှ အာကာသနတ်မင်းအဖြစ် တက်လှမ်းရာတွင် ခံယူရသည့် ကောင်းကင်ပြစ်ဒဏ်ဖြစ်သည်။ အကယ်၍ သူတို့၏ အကုသိုလ်သည် ကုသိုလ်ထက်ပိုများနေခဲ့လျှင် ကောင်းကင်တာအိုသည် ထိုပုဂ္ဂိုလ်ကို နတ်ဝိဇ္ဇာအဖြစ်ဆက်ရှိနေရန် ခွင့်ပြုမည်မဟုတ်ပေ။
ထိုကောင်းကင်ပြစ်ဒဏ်သည် အာကာသနတ်မင်းအဆင့်ကို သတ်ပစ်နိုင်သော အပြစ်ဒဏ်ဖြစ်သည်။ ထိုကောင်းကင်ပြစ်ဒဏ်သည် လီထောင်ပေါင်းများစွာကို လွှမ်းခြုံနိုင်ပြီး ပြစ်ဒဏ်ပေးနည်းသည် မိုးကြိုးတစ်ခုသာမဟုတ်ဘဲ အမျိုးမျိုးရှိလေသည်။
ဂျိမ်း …
ဝုန်း…
ထိုအချိန်၌ ကောင်းကင်ပြစ်ဒဏ်နေရာမှ အရှေ့တောင်အရပ် လီ(၁၃၀၀)အကွာတွင်
တိမ်ဖြူပေါ်ရှိ ဟန်ကျစ်ဟုခေါ်သော မိန်းမပျိုလေးသည် ခပ်တိုးတိုးမေးလိုက်သည်။
“ သမီးတို့ ဘာလို့ထပ်ရပ်လိုက်တာလဲ ဆရာ… ”
တာအိုရသေ့အိုကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ၏ နတ်အာရုံကို အသုံးပြုကာ လီတစ်ထောင်ကျော်မှ နေရာသို့ စူးစမ်းလိုက်သည်။
သူသည် အာကသနတ်မင်းအဆင့်သို့ရောက်ရန် ခြေလှမ်းဝက်ခန့်သာ လိုတော့သူ ဖြစ်သော်လည်း ထိုကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကို ထွင်းဖောက်အာရုံခံ၍ မရပေ။
ထိုနေရာရှိ ကောင်းကင်ပြစ်ဒဏ်သိပ်သည်းဆသည် အလွန်များပြားနေသည်။
သို့သော် တိမ်တိုက်ကြီး၏ လှုပ်ရှားမှုကို ကြည့်၍ မိုးကြိုးပစ်နေဆဲဖြစ်ကြောင်း သူ ကောက်ချက်ချနိုင်လေသည်။
“ အဲဒီ ကောင်းကင်ပြစ်ဒဏ်က နည်းနည်းထူးဆန်းနေတယ်။ မိုးကြိုးခုနှစ်ချက်ပစ်ပြီးသွားတာတောင် ပျောက်မသွားသေးဘူး ”
တာအိုရသေ့အိုကြီးသည် လက်ချောင်းများကိုထိကာ နိမိတ်ဖတ်လိုက်သည်။ ထို့နောက် သူသည် နောက်လှည့်၍ အဝေးရှိ ကောင်းကင်ပြစ်ဒဏ်နေရာသို့ ငေးကြည့်လိုက်၏။
“ ရိုးရိုး ကောင်းကင်ပြစ်ဒဏ်တင် မကလောက်ဘူး… ”
မိန်းမပျိုလေး ဟန်ကျစ်က ပြောလိုက်သည်။
“ ဆရာ… ဘာလို့ သမီးတို့ အဲဒီကို သွားမကြည့်တာလဲ ”
“ ဆရာတို့သာ အဲဒီအနားကိုသွားကြည့်ပြီး အဲဒီကောင်းကင်ပြစ်ဒဏ်ရဲ့ ကြမ်းတမ်းမှုကို သမီးမြင်သွားရင် ကောင်းကင်ပြစ်ဒဏ်ကို ကြောက်တဲ့ စိတ်ဒဏ်ရာရသွားလိမ့်မယ် ”
တာအိုရသေ့အိုကြီးသည် မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည်။
“ ဆရာတို့ ဒီမှာပဲ ခဏစောင့်ပြီး သူ ရှစ်ချက်မြောက်ကို ခံနိုင်၊ မခံနိုင်ကြည့်ကြတာပေါ့။ ပုံမှန်ဆိုရင် မခံနိုင်သင့်ဘူး… ”
ဂျိမ်း…ဂျိမ်း…
လောကကြီး တုန်ခါသွားပြန်သည်။ အဋ္ဌမမြောက် မိုးကြိုးချက်ကျဆင်းသွား၏။ မိုးကြိုးလျှပ်စီးရေတံခွန်ကြီးကို လီထောင်ပေါင်းများစွာမှပင် လှမ်းမြင်ရသည်။
ကောင်းကင်ပြစ်ဒဏ် တိမ်တိုက်ကြီးသည် ပျောက်မသွားသေးပေ။
“ ဒီကျင့်ကြံသူက ရှစ်ချက်မြောက်ကိုတောင် ခံလိုက်နိုင်တယ်ပေါ့။ သူက တန်ခိုးစွမ်းအားကြီးမားတဲ့သူ တစ်ယောက်ယောက် ပြန်ဝင်စားတာဖြစ်နေမလား ”
“ သွားစို့…ဟန်ကျစ်… အဲဒီကိုတစ်ချက်လောက် သွားပြီးကြည့်ရအောင် ”
တာအိုရသေ့အိုကြီးသည် အကြိမ်ကြိမ် ပင့်သက်ရှိုက်မိနေသည်။ သူသည် သူ၏တပည့်မလေးကို ခေါ်၍ လီချန်ရှို့ ကောင်းကင်ပြစ်ဒဏ်ခံယူနေရာသို့ တိမ်ဖြူကိုစီးကာ အလျင်အမြန်ပျံသန်းသွားလိုက်သည်။
သို့သော် သူတို့လမ်းတစ်ဝက်မရောက်ခင် ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်အတွင်း၌ ခရမ်းရောင်လျှပ်စီးများဖြင့် ဝန်းရံနေသော ငွေဖြူရောင်မိုးကြိုးလျှပ်စီးလုံးကြီး ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအရာသည် ဒဏ္ဍာရီလာ လျှပ်စီးငှက်တစ်ကောင် သမုဒ္ဒရာအတွင်းမှထွက်ပေါ်လာ၍ ကောင်းကင်တွင် အခြားနေတစ်စင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ထင်ရသည်။
ထိုမိုးကြိုးလျှပ်စီးလုံးကြီးသည် အောက်သို့ကျဆင်းသွားရာ ဂျိမ်းဟူသော အသံကြီး မြည်ဟည်းသွားသည်။ ကောင်းကင်ပြစ်ဒဏ်၏ ပြင်းအားသည် နောက်ဆုံးအဆင့်သို့ ရောက်နေပေပြီ။ ရေလှိုင်းလုံးများသည်လည်း တောင်ကြီးတစ်ခုအသွင် ထသွားလေသည်။
တာအိုရသေ့အိုကြီးသည် ရှေ့သို့ဆက်၍သွားနေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်၌ပင် ထိုနေရာအနီးသို့ လီ(၁၀၀၀)ထက်ပို၍ မကပ်နိုင်ချေ။
ဟူး…
သမုဒ္ဒရာအပေါ်တွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာသည်။ ထိုလေပြင်းများသည် လီချန်ရှို့ရှိရာ ကျွန်းသို့ သွားရောက်စုစည်းသော စိတ်တန်ခိုးများ၏ အရှိန်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။
စိတ်တန်ခိုးများသည် လျင်မြန်စွာ စုစည်းနေပေရာ ရောင်စဉ်ခုနှစ်သွယ် အလင်းတန်းများ ပေါ်ပေါက်လာတော့သည်။
“ မုန်တိုင်းဖြစ်လာတော့မယ် ဆရာ… ”
ဟန်ကျစ်သည် အံ့ဩတကြီးပြောလိုက်သည်။
“ အဲဒီလူက ကောင်းကင်ပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်လိုက်ပြီ ”
“ ဟုတ်တယ်… ဒါက ကောင်းကင်ပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်လိုက်လို့ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းဖို့ စိတ်တန်ခိုးတွေကို စုပ်ယူနေတာပဲ ”
တာအိုရသေ့အိုကြီးသည် စိတ်လှုပ်ရှားနေပုံပေါ်သည်။
“ သွားကြမယ်။ အဲဒီလူက တန်ခိုးစွမ်းအားကြီးတဲ့သူ တစ်ယောက်ယောက် ပြန်ဝင်စားတာဖြစ်ရမယ်။ စိတ်တန်ခိုးတွေရဲ့ ပမာဏကို ကြည့်စမ်းပါဦး။ အဲ့လူ..အဲ…အဲ့နတ်ဝိဇ္ဇာက ကောင်းကင်နတ်မင်းအဆင့်ကို တိုက်ရိုက်တက်သွားလောက်တယ် ”
“ မြန်မြန်… သူ့ဆီသွားပြီး မိတ်ဆွေဖွဲ့ကြတာပေါ့။ သူ့ကိုသာ ဆရာတို့ဂိုဏ်းကို ဝင်ဖို့ နားချနိုင်ရင် သိပ်ကောင်းမှာပဲ ”
ထိုစကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံ နဝမမြောက်အထပ်အပေါ်ရှိ ကောင်းကင်တွင် ခရမ်းရောင် လျှပ်စီးတစ်ခုလက်သွားပြီး ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကို ထိုးဖောက်ကာ ကျွန်းအပေါ်သို့ကျသွားလေသည်။
တာအိုရသေ့အိုကြီး မျက်လုံးပြူးသွားသည်။ ထိုခရမ်းရောင် နတ်လျှပ်စီး၏အလင်းရောင်အောက်တွင် သူ့မျက်နှာနီရဲသွားသည်ကို တွေ့လိုက်ရသည်။
ယနေ့တွင် သူ မည်သို့ဖြစ်နေသနည်း။
ထိုကျင့်ကြံသူသည် သေတော့မည်ဟု သူတွေးလိုက်သော်လည်း ထိုသူသည် အောင်မြင်သွား၏။
ထိုကျင့်ကြံသူသည် ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်လိုက်ပြီဟု သူပြောလိုက်သောအခါ နောက်ထပ် မိုးကြိုးတစ်ချက်ထပ်၍ကျလာ၏။
သူပြောလိုက်သောစကားကြောင့် ထိုသို့မိုးကြိုးပစ်ချလိုက်ခြင်းမဟုတ်ကြောင်း သူ ကျိန်ဆိုပြနိုင်ပေသည်။
ဟန်ကျစ် ပြောလိုက်သည်။
“ ဆရာ… အဲဒါက ဘာလဲ ”
“ ကောင်းကင်ဘုံအပြစ်ပေးမှုပဲ။ ကောင်းကင်ဘုံအပြစ်ပေးမှု အစစ်အမှန်ပဲ… ”
တာအိုရသေ့အိုကြီးသည် လေးလေးနက်နက် ပြောလိုက်သည်။
“ ကောင်းကင်တာအိုက တစ်ခုခု မူမမှန်တာကို သတိထားမိလိုက်လို့ပဲ။ အဲဒီကျင့်ကြံသူက ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားလိုက်နိုင်ပေမယ့် ကောင်းကင်ဘုံအပြစ်ပေးမှုကို ခံရဦးမယ် ”
“ ပြီးသွားပါပြီ။ အဲဒီလူ သေမှာ သေချာပါပြီ။ ကောင်းကင်ဘုံအပြစ်ပေးမှုကို ခံရမှတော့ ဘယ်ခံနိုင်… ”
ထိုအကြိမ်တွင်မူ သူ့စကားပင်မဆုံးသေးခင် သူတို့ပတ်လည်တွင် လေပြင်းများတိုက်ခတ်လာ၏။ များပြားသော စိတ်တန်ခိုးများသည် ထိုကျွန်းသို့ ထပ်မံ၍ သွားနေလေသည်။
“ အာ… ငါရဲ့ ဒီပါးစပ်နဲ့ကတော့ ”
ဖတ်…
ဘေးမှမိန်းမပျိုလေးသည် လက်ဆန့်ကာ သူမဆရာ၏ ပါးစပ်ကို ပိတ်လိုက်သည်။
“ ဆက်မပြောပါနဲ့တော့ ဆရာ… အဲဒီကိုပဲ အမြန်သွားကြည့်ကြတာပေါ့ ”
တာအိုရသေ့အိုကြီးသည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရှေ့သို့ လက်ညှိုးညွှန်လိုက်ရာ တိမ်ဖြူလေးသည် အရှိန်မြင့်သွားလေ၏။
သူတို့သည် သစ်ကပ်မှိုပုံသဏ္ဍာန် တိမ်တိုက်ကြီးများ လွှမ်းခြုံနေသော ကျွန်းနှင့် လီ(၈၀၀)သာ ဝေးတော့သည်။
ကောင်းကင်ပေါ်ရှိ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်သည် တိမ်ဖြူလေးများအဖြစ် အပိုင်းပိုင်းပြန့်ကျဲသွားပြီး ခေါင်းတိုင်တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းသွားသည်။ ထိုခေါင်းတိုင်၏ထိပ်သည် အောက်ရှိ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့သော ပုဂ္ဂိုလ်ကို ချိန်ထားလေ၏။
ထိုအဖြူရောင် တိမ်ခေါင်းတိုင်ထိပ်တွင် သန့်စင်သောစိတ်တန်ခိုးများစုစည်းလာပြီး အောက်ရှိ သဲသဲကွဲကွဲမမြင်ရသော လူရိပ်ပေါ်သို့ ပစ်ချလိုက်သည်။
ကောင်းကင်ဘုံ နဝမမြောက်အထပ်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုသူကို လွှမ်းခြုံသွားတော့သည်။
ထိုအလင်းတန်းကြီးထဲတွင် နတ်ဂီတအလိုက် ကနေသော နတ်သမီးလေးများ၏ ပုံရိပ်များကို တွေ့ရ၏။ သူတို့သည် ကနေရင်းနှင့် ပန်းပွင့်များကြဲချပေးနေလေသည်။
နတ်ကြိုးကြာကြီး စီးထားသော ခေါင်းမွေးဖြူနေသည့် အဘိုးအိုတစ်ဦးသည်ပင် ပျံသန်းရောက်ရှိလာ၍ အောက်ရှိ လူရိပ်ကို တာအိုအရိုအသေ အကြိမ်ကြိမ်ပေးလိုက်၏။
ကောင်းကင်နှင့် မြေကြီးတွင် အံ့မခန်းဖြစ်ရပ်မျိုးစုံ ဖြစ်ပျက်နေပေသည်။
ကောင်ကင်ပြစ်ဒဏ်၏ စိတ်တန်ခိုးများသည် နည်း၍လာပေပြီ။
တာအိုရသေ့အိုကြီးသည် ထိုနေရာနှင့် လီ(၆၀၀)အကွာသို့ ရောက်သောအခါ ထိုအခြင်းအရာများသည် ကောင်းကင်တွင်ရှိနေဆဲပင်ဖြစ်သည်။ ကောင်းကင်ပြစ်ဒဏ်မှ စိတ်တန်ခိုးများကို စုပ်ယူလိုက်သော လူရိပ်သည် ရုတ်တရက် နောက်လှည့်ကာ သမုဒ္ဒရာအတွင်းသို့ ခုန်ဆင်းသွားလေ၏။
တာအိုရသေ့အိုကြီးသည် ရုတ်တရက်ကြောင်သွား၏။ သူသည် ချီတုံချတုံဖြင့် နတ်တန်ခိုးများကို သုံးကာ အသံပို့လွှတ်လိုက်သည်။
“ တာအိုမိတ်ဆွေ ခင်ဗျာ… ”
“ ကျုပ်တို့က ရွှေနတ်လိပ်ကျွန်းက ကျင့်ကြံသူတွေပါ။ မိတ်ဆွေကို ဂုဏ်ပြုရအောင် တမင်လာခဲ့တာပါ… ”
သို့သော် သမုဒ္ဒရာအတွင်း နတ်အလင်းတန်းတစ်ခု ပေါက်ကွဲသွားပြီး ထိုမိတ်ဆွေသည် ပျောက်ကွယ်သွားလေသည်။
“ သူက ဘာလို့ထွက်ပြေးသွားတာလဲ ဆရာ… ”
ဟန်ကျစ်သည် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
“ ဟင်း… ဆရာတို့က လူကောင်းလား လူဆိုးလားဆိုတာ သူဘယ်လိုလုပ်သိမလဲ… ”
တာအိုရသေ့အိုကြီးသည် ညည်းတွားလိုက်ပြီး လက်ချောင်းများကို ထိကာ နိမိတ်ဖတ်လိုက်သည်။ သို့သော် သူ နိမိတ်ဖတ်၍ မရပေ။
‘ သူက နတ်နမိတ်ဖတ်ပညာကိုတောင် ရှောင်ရှားနိုင်တယ်ပေါ့လေ ’
‘ အဲ့ပုဂ္ဂိုလ်က တန်ခိုးစွမ်းအားကြီးတဲ့သူ တစ်ယောက်ယောက် ပြန်ဝင်စားတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ။ မဟုတ်ရင် ဘာလို့ဒီလောက် သတိကြီးကြီးထားမှာလဲ ’
‘ ငါက နိမိတ်ဖတ်တဲ့နေရာမှာ တော်တော်လေး တော်ပါတယ်။ ဒါတောင် သူ့ရဲ့ ခြေရာလက်ရာတစ်ခုကိုတောင် နိမိတ်ဖတ်လို့မရဘူး… ’
‘ သူက ရှေးခေတ်မှာ ကျင့်ကြံခဲ့ဖူးတဲ့သူဖြစ်လို့ ကျင့်ကြံခြင်းလောကကြီးရဲ့ အန္တရာယ်တွေကို သိနေတာပဲ ’
“ ဟန်ကျစ် … သမီးအဲဒီကိုသွားပြီး ကြည့်ချင်သေးလား။ အဲဒီပုဂ္ဂိုလ်ကတော့ ထွက်သွားပြီ ”
“ ကြည့်ချင်ပါတယ် ဆရာ… ကောင်းကင်ပြစ်ဒဏ်က ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ သမီးသိချင်တယ် ”
“ ကောင်းပြီ ”
တာအိုရသေ့အိုကြီးသည် သူ့တပည့်ကို ချစ်စနိုးဖြင့်ကြည့်လိုက်ပြီး သူတို့ခြေထောက်အောက်ရှိ တိမ်ဖြူကိုထိန်းချုပ်ကာ ထိုနေရာသို့သွားလိုက်သည်။
ခေတ္တမျှကြာပြီးနောက် သူတို့သည် ကျွန်းပေါ်သို့ဆင်းလိုက်ကြ၏။ သို့သော် မိန်းမပျိုလေး၏ မျက်နှာတွင် စိတ်ပျက်သည့်အရိပ်အယောင်များ ပေါ်သွား၏။
ကျွန်းလေး၏ တစ်ဝက်ခန့်သည် မရှိတော့ချေ။ ပျက်ဆီးသွားသောကျွန်းလေးနေရာတွင် သမုဒ္ဒရာကြမ်းပြင်အောက်ရှိ နက်ရှိုင်းသော လေးထောင့်ပုံတွင်းနက်ကြီးက အစားထိုးနေပေပြီ။
“ ဆရာ … နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းဖို့ ခံရတဲ့ ကောင်းကင်ပြစ်ဒဏ်တွေက အကုန်ဒီလိုမျိုးပဲလား… ”
“ မပူပါနဲ့… ”
တာအိုရသေ့အိုကြီးသည် ပြုံး၍ပြောလိုက်ပြီး သမုဒ္ဒရာရေပြင်ပေါ်တွင် ပေါလောပေါ်နေသည့် သွေးစွန်းနေသော အင်္ကျီကလေးကို စိုက်ကြည့်လိုက်သည်။
“ သမီးရဲ့ ကောင်းကင်ပြစ်ဒဏ်က ဒီလောက် အားပြင်းမှာ မဟုတ်ပါဘူး။ ဒါရဲ့ (၁၀)ရာခိုင်နှုန်းလောက်ပဲရှိလိမ့်မယ် ”
ဟန်ကျစ်၏ နှုတ်ခမ်းများတွန့်သွားသည်။ ထိုစကားသည်အရမ်းကို…
တာအိုရသေ့အိုကြီးသည် စုတ်ပြဲနေသော အင်္ကျီကလေးကို လက်ညှိုးညွှန်လိုက်ရာ ထိုအရာသည် မီးထတောက်၍ ပြာဖြစ်သွားတော့သည်။
“ အဲဒီပုဂ္ဂိုလ်က အလျင်လိုနေတော့ သူ့ပစ္စည်းတစ်ခုတောင် ကျန်ခဲ့တယ် ”
တာအိုရသေ့အိုကြီးသည် ပြုံး၍ ရှင်းပြလိုက်သည်။
“ အဲဒီပုဂ္ဂိုလ်အတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အရာကို ဖျောက်ပေးလိုက်တော့ သူနဲ့ ကုသိုလ်ကံခြင်း ဆက်နွယ်သွားသလိုပဲပေါ့။ သွားစို့ … မဟုတ်ရင် ဒီနေရာကို စူးစမ်းရအောင်လာတဲ့ တခြားပညာရှင်တစ်ယောက်နဲ့ တိုးနေဦးမယ်။ ဒီအခြေအနေတွေကို သူ့ကိုရှင်းပြရမှာ စိတ်ရှုပ်စရာကောင်းတယ် ”
ဟန်ကျစ်သည် ခေါင်းကို အသာအယာညိတ်လိုက်၏။ သူမသည် ဆရာခေါ်သည့် အရှေ့တောင်အရပ်သို့ လိုက်သွားရင်း သမုဒ္ဒရာရေအောက်ကြမ်းပြင်ရှိ တွင်းနက်ကြီးကို ငုံ့ကြည့်လိုက်လေသည်။
*****
‘ သွေးစွန်းနေတဲ့ အင်္ကျီစကို တစ်ယောက်ယောက်များ တွေ့သွားတာလား ’
လီချန်ရှို့တိတ်တဆိတ် တွက်ချက်လိုက်သည်။ ထို့နောက် သူသည် နတ်တန်ခိုးကိုသုံး၍ ရေကိုယ်ယောင်ဖျောက်အတတ်ကို ထုတ်ကာ အနောက်အရပ်သို့ အလျင်အမြန်သွားလိုက်၏။
သူသည် တာအိုရသေ့အိုကြီးတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် လာနေကြောင်းအာရုံခံလိုက်မိ၍ ထိုနေရာမှာပင် ပြန်လည်အားဖြည့်မည့်အကြံကို စွန့်ကာ နောက်ဆုံးလက်ကျန် စိတ်တန်ခိုးများကို စုပ်ယူ၍ ထွက်ပြေးလိုက်ခြင်းပင်။
ထိုသွေးစွန်းနေသော အင်္ကျီသည် သူ သေမျိုးလောကတွင်ရှိစဉ်က တပ်သားတစ်ယောက်ထံမှ ယူလာခဲ့သော အင်္ကျီဖြစ်သည်။ လီချန်ရှို့သည် ၎င်းအင်္ကျီကို စိတ်တန်ခိုးများဖြင့် စိမ်ကာ သူ့နောက်လိုက်လာနိုင်မည့်သူများကို လမ်းလွှဲခဲ့ခြင်းဖြစ်၏။
သူသည် ထိုတပ်သား ငရဲပြည်သို့ ချောချောမွေ့မွေ့သွားကာ ပြန်လည်ဝင်စားနိုင်ရန်အတွက် အပြစ်ချေသုတ္တန်ကို ရွတ်ဆိုပေးခဲ့သည်။
“ အဟမ်း ”
ရေကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ ရေဝဲကြီးတစ်ခုဖန်တီးလိုက်ပြီး ကျွန်းပေါ်နှင့် သမုဒ္ဒရာရေပြင်ထဲတွင် ကျန်ရှိနေသောသွေးများကို ဆေးကြောလိုက်သည်။ သွေးများသည် ရေဝဲကြီးထဲတွင် ပျံ့နှံ့ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်၌ လီချန်ရှို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရောင်စဉ်ခုနှစ်သွယ် နတ်အလင်းတန်းများ ထွက်နေ၏။ သို့သော် သူ့ရင်ဘတ်မှ ခါးအထိတွင် ပင့်ကူမျှင်အက်ကြောင်းလေးများ ရှိနေသည်။
အမှန်ဆိုရလျှင် သူ၏ နတ်ခန္ဓာကိုယ်သည် မဆိုးလှပေ။ ဆိုးနေသည်မှာ ဖြစ်တည်စ နတ်ဝိဇ္ဇာချီ ဖြစ်သည်။ ၎င်းသည် ဒျန်တျန်၌သာ တည်နေကာ သွေးကြောများအတွင်း မလည်ပတ်နိုင်အောင် ဖြစ်နေသည်။
လူတိုင်း ထိုသဘောတရားကို နားလည်နိုင်သည်။ သို့သော် မိုးကြိုးကိုးချက် ကောင်းကင်ပြစ်ဒဏ်သည် အဘယ်ကြောင့် ဆယ်ချက်ပစ်ချရသနည်း။
“ အဟွတ်… အဟွတ်… ”
လီချန်ရှို့ ချောင်းနှစ်ချက် ဆိုးသွား၏။ တစ်ကိုယ်လုံးနာကျင်နေသည်ကို ခံနိုင်သော်လည်း သွေးအန်ရသည်မှာ မသက်သာလှပေ။
ရှေးကတည်းကပင် ကောင်းကင်ပြစ်ဒဏ်ခံပြီးခါစ ကျင့်ကြံသူများသည် ထိုကဲ့သို့ ဆိုးဆိုးဝါးဝါးအခြေအနေကို ကြုံခဲ့ကြရ၏။
သူသည် ရေထဲတွင် ရပ်တန့်လိုက်ပြီး သူချွတ်ထားသော ကျောက်စိမ်းအပိုင်းအစနှင့် အခြားပစ္စည်းများကို စစ်ဆေးလိုက်သည်။
သူသည် ခေါင်းမူးလာပြီး ရေထဲတွင် ဒယိမ်းဒယိုင်ဖြစ်နေလေသည်။
နောက်ဆုံး ခရမ်းရောင်မိုးကြိုးချက်သည် ကောင်းကင်နိမိတ်ဖတ်မှုကို ရှောင်ရှားခဲ့ခြင်းကြောင့် ခံရသော ကောင်းကင်ဘုံအပြစ်ပေးမှု ဖြစ်ကြောင်း လီချန်ရှို့ သိလိုက်၏။
ထိုကောင်းကင်ဘုံအပြစ်ပေးမှုကြောင့် လီချန်ရှို့တစ်ယောက် ဒဏ်ရာများစွာရခဲ့သည်။
တော်သေးသည်မှာ လီချန်ရှို့ အလျင်အမြန် တုန့်ပြန်နိုင်လိုက်၍ ဖြစ်သည်။ ထိုကောင်းကင်ဘုံအပြစ်ပေးမှု ကျရောက်လာတော့မည်ဟု သတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့တွင်ရှိသည့် ဓမ္မရတနာအချို့ကို အမြန်ထုတ်၍ ကာခဲ့လိုက်၏။
ကျင့်ကြံသူတစ်ယောက်သည် သာမန်ဓမ္မရတနာများကို သုံး၍ ကောင်းကင်ပြစ်ဒဏ်ကို မကာနိုင်ပေ။ သို့သော် ကောင်းကင်ဘုံအပြစ်ပေးမှုကိုမူ အနည်းငယ်ကာနိုင်လေသည်။
ထိုဓမ္မရတနာများသည် အဆင့်မြင့်ရတနာများ မဟုတ်သဖြင့် ကောင်းကင်ဘုံအပြစ်ပေးမှု၏ အစွမ်းနည်းနည်းကိုသာ လမ်းလွှဲပေးနိုင်ခဲ့သည်။ သို့သော် ထို့ကြောင့်ပင် သူ အသက်ရှင်နေသေးခြင်းဖြစ်သည်။
ခရမ်းရောင်မိုးကြိုး ကျရောက်လာသောအခါ လီချန်ရှို့ စိတ်အေးသွားသည်။
သူသည် ကောင်းကင်တာအိုအပေါ် အကြွေးတင်မနေတော့ချေ။
“ ဟူး… ”
ဒဏ်ရာများမှ သွေးများပန်းထွက်လာသည်။ သို့သော် လီချန်ရှို့သည် သွေးလည်ပတ်မှုကို ရပ်တန့်လိုက်သည်။
သူ၏ မူလဝိညာဉ်နှင့် နတ်ဝိဇ္ဇာချီသည် ပြင်းထန်စွာ ဒဏ်ရာရထား၏။ ထို့ကြောင့် သူ တိတ်တဆိတ် အားပြန်ဖြည့်ရန် လုံခြုံသော နေရာတစ်ခုကို ရှာရပေမည်။ မဟုတ်လျှင် ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်မှ စိတ်တန်ခိုးများနှင့် ပတ်ဝန်းကျင်ရှိ စိတ်တန်ခိုးများကို စုပ်ယူ၍ တက်လှမ်းထားရသော သူ၏ကျင့်ကြံခြင်းအဆင့်သည် ပြန်လျှောကျသွားပေမည်။
သူသည် ကောင်းကင်ပြစ်ဒဏ်ခံယူနေစဉ်အတွင်း ဉာဏ်အလင်းများစွာ ပွင့်ခဲ့သည်။ ထိုအရာသည် သူ ရှေ့ဆက်ရမည့် အမတလမ်းခရီးတွင် အထောက်အကူပေးမည်ဖြစ်သဖြင့် မမေ့လျော့အောင် အမြန်ပြန်၍ ဆင်ခြင်သုံးသပ်ရပေမည်။
လီချန်ရှို့သည် နတ်တန်ခိုးများကို ဖြန့်ကျက်ကာ သမုဒ္ဒရာအတွင်း အသည်းအသန်ရှာနေသည်။ ခေတ္တမျှကြာပြီးနောက် သူပြုံးလိုက်ပြီး တောင်အရပ်ရှိ သမုဒ္ဒရာ လိုဏ်ခေါင်းတစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် သွားလိုက်လေသည်။
ခေတ္တမျှကြာသောအခါ အော်ဟစ်သံကြီးများကို ကြားလိုက်ရသည်။ ကျန့်(၂၀)ရှည်သော မိစ္ဆာငါးကြီးသည် လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)လုံးလုံး နေထိုင်ခဲ့သော သူ၏နေရပ်ကိုစွန့်၍ အနောက်အရပ်သို့ ကူးခတ်သွားလေ၏။
၎င်း၏ ကျောပေါ်တွင် နတ်အလင်းများ တောက်ပနေကာ ဘေးပတ်လည်တွင် မကြာမကြာ ကျောက်စိမ်းကြာပွင့်များ ပေါ်လာတတ်သော ဘုလုံးကြီးတစ်ခု ရှိ၏။
မိစ္ဆာငါးကြီးအတွင်း ပုန်းအောင်းနေသော လီချန်ရှို့သည် သူ၏ကိုယ်ရောင်ကိုယ်ဝါများကို လုံးဝပိတ်သိမ်းထားလိုက်ပြီး ဖြစ်သည်။
ဒဏ်ရာများစွာ ရထားသော်လည်း ချီတည်ငြိမ်မန္တန်ကို အသုံးပြုရန်တော့ မမေ့သေးချေ။
မိစ္ဆာငါးကြီးသည် အဘယ်ကြောင့် ကမ်းရိုးတန်းမှ လီရာပေါင်းများစွာမှနေ၍ အနောက်အရပ်သို့ ဦးတည်ကူးခတ်နေကြောင်း ၎င်းကိုယ်တိုင်ပင် သိမည်မဟုတ်ပေ။
လီချန်ရှို့သည် မိစ္ဆာငါးကြီးအတွင်းမှာ နေ၍ အားပြန်ဖြည့်မည်ဟု ကြံစည်ထားခြင်းဖြစ်သည်။ သို့သော် ရက်အနည်းငယ်ကြာပြီးနောက် သူ၏ဒဏ်ရာများသည် ပျောက်လုနီးပါးဖြစ်သွားပေပြီ။ သူ၏ နတ်ခန္ဓာကိုယ်နှင့် နတ်ဝိဇ္ဇာချီသည်လည်း အလိုလို ပြန်ကောင်းနေပြီဖြစ်သည်။
သူ စိတ်ဖြေလျှော့လိုက်ရာ ဉာဏ်အလင်းပွင့်ခဲ့စဉ်က အကြောင်းအရာများပြန်ပေါ်လာပြီး သူ့ကို နက်နဲသော နတ်လောကအတွင်းသို့ ဆွဲခေါ်သွားလေသည်။
ထိုအရာသည် ဉာဏ်တံခါးပွင့်သွားခြင်းဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော လောကသို့ ဝင်သွားနိုင်ခြင်းဖြစ်သည်။
လီချန်ရှို့သည် ထူးဆန်းသောလောကအတွင်း လမ်းပျောက်နေသည်။ သူသည် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအကြောင်းအရာများကို အာရုံခံနိုင်ပြီး မိစ္ဆာငါးကြီးကို မည်သည့်လမ်းကြောင်းအတိုင်း သွားရမည်ကို အကြမ်းဖျင်း လမ်းညွှန်နိုင်သော်လည်း ပြန်၍ မနိုးထနိုင်သေးပေ။
သူသည် ထိုလောကတွင် တဝဲလည်လည်ဖြစ်နေစဉ် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုလည်း မသိပေ။
သို့သော် သူ၏နတ်အာရုံသည် မိစ္ဆာငါးကြီးကို ထိန်းကြောင်းကာ အချိန်မှန်မှန်သတိပေးနေလေသည်။
မိစ္ဆာငါးကြီး အနောက်အရပ်သို့ ကူးခတ်နေသည်မှာ ငါးလရှိခဲ့ပြီဖြစ်သည်။ တစ်နေ့တွင် ကြီးမားသော သတ္တုမှိန်းကြီး နှစ်ခုသည် သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်လာပြီး ငါးကြီးကို ထိုးဖောက်သွားလေတော့သည်။
ထိုအခြင်းအရာကို လီချန်ရှို့ သတိထားလိုက်မိသည်။
သို့သော် သူသည် မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိသဖြင့် ဆန်းကြယ်သော လောကမှ ပြန်မထွက်လိုက်သေးပေ။ သူသည် ငါးကြီး၏ ကျောပေါ်တွင် တိတ်တဆိတ်စောင့်ဆိုင်းနေပြီး ထိုလောကကို နားလည်အောင် ဆက်၍ကြိုးစားနေလိုက်သည်။
အမှန်မှာ သူထွက်ချင်လျှင်လည်း ထွက်နိုင်မည် မဟုတ်ပေ။
လီချန်ရှို့ ရှိသော မိစ္ဆာငါးကြီးကို လှေနှစ်စင်းသည် ကမ်းရိုးတန်းပေါ်သို့ ဆွဲခေါ်သွားပြီးနောက် ရှေးဟောင်းအဝတ်များကို ဝတ်ထားသည့် တုတ်ခိုင်သန်မာသော လူရွယ်တစ်စုသည် ၎င်းကို ရွာကြီးတစ်ရွာသို့ သယ်ဆောင်သွားကြလေသည်။
လီချန်ရှို့သည် သူ၏နတ်အာရုံဖြင့် အပြင်သို့ အာရုံခံလိုက်ရာ အပြင်ရှိလူသားများသည် သေမျိုးများသာဖြစ်ပြီး တချို့သည်သာ ချီသန့်စင်ခြင်းအဆင့်နှင့် ဝိညာဉ်အခြေတည်အဆင့်အထိ ကျင့်နိုင်မည့် အရည်အချင်းရှိ၏။
ငါးကြီး၏ ကိုယ်ကို ခွဲလိုက်သောအခါ အပြင်သို့ရောက်သွားကြောင်း လီချန်ရှို့ အာရုံခံလိုက်မိသည်။
ထို့နောက် ပြဇာတ်ဆန်ဆန်အဖြစ်အပျက်များ ဖြစ်ပျက်သွားသည်။
ထိုတံငါသည်များသည် လီချန်ရှို့ကို ‘ ပင်လယ်စောင့်နတ်မင်း ‘ အဖြစ် ယုံကြည်သွားကြပြီး သူ့ကို လှည့်ပတ်ကာ ကခုန်၍ အောင်ပွဲခံလေတော့သည်။ သူတို့သည် လီချန်ရှို့ကို ထိုင်ခုံတစ်လုံးပေါ်တွင်တင်၍ သောက်ပွဲစားပွဲကြီးတစ်ခုကိုပင် ရက်ပေါင်းများစွာ ကျင်းပခဲ့လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ သူ ငါးအတွင်းမှ ထွက်ပေါ်လာချိန်တွင် သူ့ခန္ဓာကိုယ်မှ နတ်အလင်းတန်းများ တောက်ပကာ ပကတိ ကြည်လင်သန့်စင်နေသည်ဖြစ်၍ အလွန် ကြည်ညိုဖွယ်ရာအဆင်းရှိေနခဲ့၏။
လီချန်ရှို့သည် နောက်နှစ်လလုံးလုံး ထိုအခြေအနေနှင့်ပင် ရှိနေခဲ့သည်။ တံငါသည်များသည်လည်း သူ့ကို နတ်မင်းကြီးတစ်ပါးသဖွယ် ကိုးကွယ်ကြလေသည်။
လီချန်ရှို့၏ အနားတွင် နေ့ညမပြတ်စောင့်ရှောက်ရန် (၁၃)နှစ်အရွယ် မိန်းမပျိုလေးတစ်ယောက်ကို အမျိုးသမီးအစေခံအဖြစ် ရွေးချယ်ခဲ့သည်။
နောက်နှစ်ပတ်ကြာပြီးသောအခါ လီချန်ရှို့သည် အသိဉာဏ်များကို အကုန်နားလည်သွားပြီး ဆန်းကြယ်သောလောကမှ ထွက်လာနိုင်လေသည်။ သူသည် မျက်စိဖွင့်မကြည့်သေးဘဲ မနက်ရောက်သည်အထိ သူ့ကိုယ်တွင်းကို စစ်ဆေးနေလိုက်သည်။ ဘေးခန်းမှ ကလေးမလေး နိုးလာ၏။
ခြေသံဖျော့ဖျော့လေးမျာကို ကြားလိုက်၍သဖြင့် လီချန်ရှို့က မျက်စိဖွင့်ကာ ထရပ်လိုက်ပြီး မိန်းမပျိုလေးကို ကျေးဇူးတင်စကားပြောပြီးလျှင် ဤနေရာမှ အမြန်ထွက်သွားရန် ဟန်ပြင်လိုက်သည်။
ကလေးမလေးသည် ခြေထောက်မြှောက်၍ တံခါးဘောင်လေးကို ကျော်လိုက်စဉ် လီချန်ရှို့က ကျေးဇူးတင်စကားပြောလိုက်၏။
“ ကျေးဇူးတင်ပါတယ် မိန်း… ”
တံခါးရှိ ခန်းဆီးလေး လစ်ဟသွားပြီး လီချန်ရှို့၏ ပေါင်လုံးမျှရှိသော လက်မောင်းကြီးတစ်ဖက် ဝင်ရောက်လာသည်။
လီချန်ရှို့ မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြစ်သွား၏။
သူ မှားယွင်းကာ အာရုံခံမိခြင်းပေလော။ ယင်းက မိန်းမပျိုလေးမဟုတ်ဘဲ လုလင်ပျိုလေး ဖြစ်နေခြင်းပေလော။
“ ကျွန်တော့်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် လုလင်လေး ”
“ အာ… ”
လူရိပ်တစ်ခု အခန်းအတွင်းသို့ ဝင်လာသည်။
ရှေးဦးစွာ လှပသောမျက်နှာလေး၊ ထို့နောက် ပု၍ တုတ်ခိုင်သောခန္ဓာကိုယ်နှင့် ရှည်လျားသော ပိတုန်းရောင်ဆံနွယ်များ…
မိန်းမပျိုလေးသည် အသံအောအောဖြင့် ပြန်ပြောလိုက်သည်။
“ ဟေး ဘာလို့ နိုးလာတာလဲ နတ်ဝိဇ္ဇာကြီး ”
‘ နတ်ဝိဇ္ဇာကြီး ဟုတ်လား… ’
လီချန်ရှို့သည် ထိုစကားကြောင့် စိတ်ပူမိသွားသည်။
တံငါသည်များ ခေါ်ခဲ့သည့်အတိုင်းဆိုလျှင် သူ့ကို ‘ ပင်လယ်စောင့်နတ်မင်း ‘ ဟု ခေါ်ရမည် မဟုတ်ပါလော။