ဝမ်ပေါင်လဲ့မဟုတ်ဘဲ အခြားလူတစ်ယောက်ယောက်သာဆိုပါက ထိုသို့ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းလောကထဲသို့ စတင် ဝင်ရောက်လာစဥ်ကတည်းက ဓမ္မလက်နက်ပညာရပ်အား လေ့လာနေခဲ့သည် မဟုတ်ပါလော။
ယခုတွင် သူသည် အဋ္ဌမအဆင့့်ဓမ္မလက်နက်အစစ်တစ်ခုကို ဖန်တီးသန့်စင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ သူသည် ထို နတ်ဘုရားအသိစိတ်ခြောက်ခုအား ဓမ္မလက်နက်တစ်ခုထဲသို့ ပေါင်းထည့်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။
” တစ်ခုစိုးရိမ်ရမှာက ဒီ နတ်ဘုရားအသိစိတ်တွေ အရမ်းအားနည်းနေတဲ့ အချက်ပဲ။ ဓမ္မလက်နက်နဲ့ ပေါင်းစည်းနေတုန်း တစ်ခုခု အလွဲလွဲအချော်ချော် ဖြစ်သွားမယ်ဆိုရင် အဲဒီအသိစိတ်တွေ ထပ်ပြီးတော့ ပျက်စီးသွားနိုင်တယ်။ အဲဒီအခါကျရင် သုံးလို့မရတော့တဲ့ အဆင့်အထိ ရောက်ရင် ရောက်သွားလောက်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ၏ သိုလှောင်လက်ကောက်အား လှန်လှောရှာဖွေလိုက်၏။ ထိုအခါ သူသည် ကုန်ကြမ်းပစ္စည်းများနှင့် အပြီးအထိ မသန့်စင်ရသေးသော အဆောင်ပစ္စည်းများကို ရှာတွေ့လိုက်သည်။
၎င်းတို့အား ရွေးချယ်၍ မဖြစ်ပေ။ အကယ်၍ နတ်ဘုရားအသိစိတ်များမှာ အားအင်ပြည့်ဖြိုးနေပါက ၎င်းတို့အား သန့်စင်ခြင်း လုပ်ငန်းစဉ်ထဲ၌ ထိခိုက်ပျက်စီးသွားအောင် လုပ်မိမည်ကို အများကြီး စိတ်ပူနေစရာ မလိုပေ။။ ဤ တစ်ဝက်တပျက် အဆောင်ပစ္စည်းများကို ထိုလုပ်ငန်းစဉ်ထဲ၌ အသုံးပြု၍ရပေသည်။ သို့သော် ဓမ္မလက်နက်တစ်ခုအား သန့်စင်ရာတွင် တွန်းကန်အားဆိုသည့် ပြဿနာနှင့် အမြဲတမ်းကြုံရတတ်ပေသည်။
ဓမ္မလက်နက်တစ်ခု၏ အမြုတေနှင့် နတ်ဘုရားအသိစိတ်တို့ ပေါင်းစည်းရာ၌ မတည်ငြိမ်မှုများ ပေါ်ပေါက်လာပါက ထိုတွန်းကန်အားဆိုသည့် အရာနှင့် ကြုံရခြင်း ဖြစ်ပေသည်။ ထိုသို့ကြုံရလျှင် ဓမ္မလက်နက်နှင့် နတ်ဘုရားအသိစိတ် နှစ်ခုစလုံးမှာ အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးသွားပြီးမှ ဟန်ချက်ညီသွားကြသည် ဖြစ်ပြီး နောက်ဆုံးတွင် ဓမ္မလက်နက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဓမ္မလက်နက် ကျင့်ကြံသူများမှာ ပုံမှန်ဆိုလျှင် ထိုကဲ့သို့သော ပြဿနာများကို တွေးပူနေခြင်းမရှိပေ။ သာမန်အချိန်များတွင်ဆိုလျှင် အဆောင်ဝိညာဉ်များအဖြစ် အသုံးပြုနိုင်သည့် နတ်ဘုရားအသိစိတ်များကို သေသေချာချာ ရွေးချယ်ပြီးမှ ဓမ္မလက်နက်များနှင့် ပေါင်းစည်းကြသည် မဟုတ်ပါလော။ ထို့ကြောင့် သန့်စင်ခြင်း လုပ်ငန်းစဉ်ထဲ၌ ၎င်းတို့မှာ အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးသွားလျှင်တောင် နောက်ဆုံးတွင် ထိုလုပ်ငန်းစဉ်မှာ အောင်မြင်သွားမည်သာ ဖြစ်သည်။
သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထိုပြဿနာအား ထည့်သွင်းစဉ်းစားနေရပြီဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ဝက်တပျက် ဖြစ်နေသည့် အဆောင်ပစ္စည်းများကို ပယ်လိုက်ရခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူသည် မျက်လုံးများ အရောင်လက်သွားပြီး ဦးခေါင်းခွံကြီး၏ အရိုးပေါ်နေသောနေရာအား လှမ်း၍ စိုက်ကြည့်နေလိုက်၏။
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မတ်တတ်ထလာပြီး ထိုဦးခေါင်းခွံကြီးအား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
” ဂုဏ်ကျက်သရေ ကြီးမြတ်လှပါသော အကြီးအကဲကြီးခဗျား။ မင်ခွန်းကျိရဲ့ တပည့်၊ ကျွန်တော်မျိုး ဝမ်ပေါင်လဲ့က ဘေးနားကနေ ဖြတ်သွားရင်း အကြီးအကဲကြီးရဲ့ ဝိညာဉ်အကြွင်းအကျန်တွေကို အာရုံခံမိခဲ့တာပါ။ အဲဒီ ဝိညာဉ်အကြွင်းအကျန်တွေကို မပျက်စီးသွားအောင် ထိန်းသိမ်းနိုင်ဖို့အတွက် သူတို့ကို အဆောင်ဝိညာဉ်ပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်ဖို့ လိုပါလိမ့်မယ်။ အဲလို ပြောင်းလဲနိုင်ဖို့အတွက် ကျွန်တော် အကြီးအကဲကြီးရဲ့ အရိုးကို အသုံးပြုပြီးတော့ အဲဒီ အဆောင်ဝိညာဉ်ကို သိုလှောင်နိုင်မယ့် အဆောင်ပစ္စည်းတစ်ခု ဖန်တီးဖို့လိုပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်ကို အကြီးအကဲကြီး နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ” ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ခွင့်တောင်းလိုက်၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ အရိုးများ ရှိနေမည့်နေရာများကို လိုက်လံရှာဖွေနေလိုက်တော့သည်။
ဓမ္မလက်နက်များ ဖန်တီးနိုင်ရန် မည်သည့်အရိုးကိုမဆို အသုံးပြု၍ရသည်တော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ သက်စောင့်စွမ်းအား အတိုင်းအတာတစ်ခုအထိ ကိန်းအောင်းနေသည့် အရိုးများကို လိုက်လံရှာဖွေနေခြင်းဖြစ်သည်။ ထို့အပြင် ၎င်းမှာ အလွယ်တကူပုံသွင်း၍ ရရန်လည်း လိုအပ်ပေသည်။
ထို အရည်အချင်းများနှင့် ပြည့်မီသော အရိုးများ ရှိနေပြီးသားဖြစ်သည်။ သို့သော်လည်း အရေးကြီးဆုံးမှာ ထိုအရိုးသည် ယခင်တုန်းက ထိုဝိညာဉ်နှင့် ပေါင်းစည်းခဲ့ဖူးရန် လိုအပ်ပေသည်။
အရိုးစုကြီးမှာ အလွန်အင်မတန်မှ ကြီးမားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူ အသုံးပြုနိုင်မည့် အရိုးအနည်းငယ်ကိုသာ ရှာတွေ့ခဲ့သည်။ ထို့အပြင် သူသည် ၎င်းတို့အား ထုတ်ယူရာတွင်လည်း အခက်တွေ့နေရသည်။ သူသည် ထိုအရိုးများကို သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းရန် တွေးမိခဲ့ပါသော်လည်း ထိုသို့ပေါင်းစည်း၍ မရကြောင်း သိခဲ့ရ၏။ ထို့ကြောင့် လီဝူချန်းမှာ သူ၏အတိတ်ဘဝတုန်းက အလွန်အင်မတန်မှ အံ့ဩဖွယ်ရာကောင်းခဲ့လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ အခြားရွေးချယ်စရာမရှိတော့သဖြင့် သူ၏ ချပ်ဝတ်တန်ဆာ ညာဘက်လက်အား အသုံးပြုကာ နတ်ဘုရားလက်နက်စွမ်းအားများကို စုစည်းလိုက်ပြီး ထိုအရိုးအား ဆွဲထုတ်နိုင်ရန် ကြိုးစားကြည့်လိုက်တော့သည်။
နတ်ဘုရားလက်နက်စွမ်းအားမှာ အသွားထက်သည့်တိုင်အောင် ထိုအရိုးမှာလည်း အလွန်အင်မတန်မှ မာကျောနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထပ်ခါတလဲလဲ ထုတ်လွှတ်ကာ အစွမ်းကုန်ကြိုးစားလိုက်ပြီးမှ အရိုးဆယ့်တစ်ချောင်းအား ဖြည်းဖြည်းချင်း ဆွဲထုတ်နိုင်ခဲ့သည်။
ထိုအရိုးတစ်ချောင်းချင်းစီမှာ လက်ဖဝါးတစ်ခုစာ အရွယ်အစားခန့် ရှိပေသည်။ ၎င်းတို့အား ပေါင်းစည်းလိုက်မည်ဆိုပါက အတော်အသင့် ကြီးမားသည့်ပုံ ပေါ်ပေသည်။ သို့သော် အရိုးစုကြီး တစ်ခုလုံးနှင့် ယှဥ်လိုက်လျှင်မူ ၎င်းတို့မှာ အလွန်အင်မတန်မှ သေးငယ်နေ၏။
” လီဝူချန်းက သူ့ရဲ့အရင်ဘဝတုန်းက အစွမ်းထက်မန္တန်တစ်ခုခုကို လေ့ကျင့်ခဲ့တာ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ရှားပါးအခွင့်အရေး တစ်ခုခုနဲ့ ကြုံခဲ့တာပဲဖြစ်ရမယ်။ အဲလိုမှ မဟုတ်ရင် သူ့ရဲ့ခန္ဓာကိုယ်က ဘယ်နည်းနဲ့မှ နတ်ဘုရားလက်နက်တစ်ခုအဖြစ် ပြောင်းသွားနိုင်မှာမဟုတ်ဘူး။ အမှောင်ဂိုဏ်းက ဒီအကြီးအကဲကြီးကလည်း အံ့ဩဖို့ကောင်းလောက်အောင် အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်ခဲ့လောက်တယ်။ ဒါပေမဲ့ သူ့ရဲ့အရိုးက ဒီလောက်အထိ မာနေတာတောင် နတ်ဘုရားလက်နက်တစ်ခုကိုတော့ မယှဉ်နိုင်သေးဘူး ” ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်အား စိုက်ကြည့်ရင်း အတွေးများထဲ၌ နစ်မျောနေတော့သည်။
ခဏအကြာတွင် သူသည် ထိုအတွေးများကို မေ့ပျောက်ထားလိုက်ပြီး အောက်သို့ပြန်၍ ထိုင်ချလိုက်၏။ ထို့နောက် သူသည် သူ့ကိုယ်သူ ကာကွယ်စောင့်ရှောက်နိုင်ရန် သူ၏ရုပ်သေးရုပ်များကို ထပ်၍ ထုတ်ယူကာ သူ၏ အမှောင်မီးတောက်များကိုပါ ထုတ်လွှတ်ထားလိုက်၏။ ထိုအခါမှသာ သူသည် စိတ်ကို တည်ငြိမ်အောင် ထားနိုင်သွားတော့သည်။ နောက်ဆုံးတွင် သူသည် မန္တန်လက်ကွက်များဖော်ကာ ထိုအရိုးဆယ့်တစ်ချောင်းအား စတင်သန့်စင်နေလိုက်တော့သည်။
သူသည် ဘီလူးကြီး၏ အရိုးများကို အသုံးပြုကာ ဓမ္မရတနာ၏ အမြုတေကို ဖန်တီးမည်ဖြစ်သည်။ သို့မှသာ နတ်ဘုရားအသိစိတ်နှင့် ပေါင်းစည်းရာ၌ အရာအားလုံးမှာ အဆင်ပြေချောမွေ့နေမည်ဖြစ်သည်။
ထိုသို့ ဖန်တီးနိုင်ရန်မှာ ခက်ခဲပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ပညာရပ်အား တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တတ်မြောက်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေ၏။
ဝမ်ပေါင်လဲ့တစ်ယောက် သန့်စင်ခြင်းလုပ်ငန်းစဉ်အား စတင်လိုက်ပြီးနောက် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ သူသည် ဓမ္မလက်နက်များ ဖန်တီးသန့်စင်ရာ၌ အတွေ့အကြုံ ရင့်သန်နေပြီဖြစ်ရာ သတိကြီးကြီးထား၍ ဆောင်ရွက်နေသည့်တိုင်အောင် အရှိန်လျော့ကျသွားခြင်း မရှိပေ။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထည့်သွင်းလိုက်ချိန်တွင် အရိုးဆယ့်တစ်ချောင်းမှာ တဖြည်းဖြည်းနှင့် အရွယ်အစားသေးငယ်လာ၏။ သို့သော် အသေးစား ချို့ယွင်းချက်များကိုမူ ရှောင်တိမ်း၍မရပေ။
ထိုချို့ယွင်းချက်တစ်ခု ပေါ်ပေါက်လာတိုင်း အရိုးတစ်ချောင်းမှာ တစ်စစီ ကြေမွသွားရသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအမှားများမှ သင်ခန်းစာယူရင်း တစ်ရက်ပြီးတစ်ရက် ထပ်၍ ကုန်ဆုံးသွားပြန်သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အရောင်တောက်နေသော မျက်ဝန်းများဖြင့် သူ၏ သန့်စင်ခြင်းလုပ်ငန်းစဉ်အား အဆုံးသတ်လိုက်၏။ သူ၏ လက်ထဲတွင်မူ အရိုးခုနစ်ချောင်းအား သန့်စင်ခဲ့ရာမှ ထွက်ပေါ်လာသည့် ပုတီးစေ့ခုနစ်လုံး ရှိနေသည်။
ထို ပုတီးစေ့များမှာ မီးခိုးရောင် တောက်နေပြီး ၎င်းတို့ထဲတွင် လျှို့ဝှက်ဆန်းကြယ် စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသကဲ့သို့ ဖြစ်နေ၏။ ထို ပုတီးစေ့ တစ်လုံးချင်းစီ၏ အတွင်းပိုင်းထဲတွင် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် များပြားသော ကမ္ဗည်းစာလုံးများ ရှိနေသည်။ အဆောင်ဝိညာဉ်တစ်ခု မထည့်သွင်းရသေးသည့်တိုင်အောင် ထို ပုတီးစေ့များမှာ သတ္တမအဆင့် ဓမ္မလက်နက်များ ဖြစ်နေကြပြီ ဖြစ်သည်။
၎င်းအား ဖန်တီးရာ၌ အသုံးပြုခဲ့သည့် ကုန်ကြမ်းပစ္စည်းများကြောင့် တိုက်ပွဲထဲ၌ ၎င်းတို့ဆီမှ ထုတ်ယူနိုင်မည့် စွမ်းအားပမာဏအတိအကျကို ခန့်မှန်း၍ မရနိုင်ပေ။ ၎င်းတို့မှာ အားသာချက် အားနည်းချက်ကိုယ်စီ ပိုင်ဆိုင်ထားမည် ဖြစ်သည်။
သူသည် ပုတီးစေ့များကို ဖန်တီးသန့်စင်ပြီးသွားပြီ ဖြစ်ရာ ပေါင်းစည်းခြင်း လုပ်ငန်းအတွက် လိုအပ်သည့် အဆောင်ပစ္စည်းများကို အဆင်သင့်ပြင်ပြီးသွားပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထို ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အား ချက်ချင်းစတင်ခဲ့ခြင်း မရှိဘဲ မျက်လုံးများ မှိတ်လိုက်ပြီးနောက် နှစ်နာရီတိတိ တရားထိုင်နေလိုက်၏။ သူသည် အားပြန်ပြည့်လာပြီး မောပန်းနွယ်နယ်မှုများအားလုံး ပျောက်ကွယ်သွားသည့်အချိန်မှ မျက်လုံးများ ပြန်ပွင့်လာသည်။ ၎င်းတို့မှာ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များဖြင့် တောက်ပနေ၏။ နောက်ဆုံးတွင် သူသည် မန္တန်လက်ကွက်များဖော်ကာ ဦးခေါင်းခွံကြီးအား သူ၏လက်ဖြင့် ဖိလိုက်တော့သည်။
ထိုအခါ သူ၏ အမှောင်မီးတောက်နှင့် အသိစိတ်တို့မှာ ဦးခေါင်းခွံထဲသို့ စီးဝင်သွားကြ၏။ ထို့နောက် သူသည် ဦးခေါင်းခွံကြီးထဲမှ နတ်ဘုရားအသိစိတ် ခြောက်ခုအား ဆွဲထုတ်နိုင်ရန် ဖြည်းဖြည်းချင်း ကြိုးစားလိုက်သည်။ ၎င်းတို့မှာ ရောင်စုံတောက်ပနေကြပြီး ဦးခေါင်းခွံကြီးထဲမှ တဖိတ်ဖိတ် တောက်ပနေသော အလင်းစက်လုံးများအဖြစ် ထိုးထွက်လာကြသည်။ ထိုအခါ သူ့အား သတိရှိရှိ စောင့်ကြည့်နေခဲ့ကြသော သွေးရောင်တီကောင်များမှာ စတင်တုန်ရီလာကြတော့သည်။ ထို့နောက် ၎င်းတို့မှာ ရှိခိုးဦးချလိုသည့် အမူအရာဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များအား ရှေ့သို့ ကိုင်းလိုက်ကြ၏။
ထိုအချိန်တွင် သေမင်းကမ္ဘာကြီးထဲမှ အချိန်နှင့်အာကာသများကို ကျော်ဖြတ်ကာ ရောက်ရှိလာသည့်ပုံပေါ်သော စကားသံကြီးမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။ ၎င်းမှာ အသက်ကြီးပိုင်းလူတစ်ယောက်၏ စကားသံတစ်သံဖြစ်ပြီး သူ၏အသိစိတ်ထဲ၌ အဆက်မပြတ် တုန်ခါနေ၏။
” ဝိညာဉ်လမ်းညွှန်၊ အိပ်မက်ရက်ကန်း၊ သံသရာပြတ်တောက်၊ ဒုက္ခတစ်သောင်း၊ ဘဝတစ်ထောင်၊ ပြစ်ဒဏ်ငါးခု ”
ထိုစကားသံကြီး ထွက်ပေါ်လာပြီနောက် မှေးမှိန်စွာ တောက်ပနေသည့် အလင်းစက်လုံး ခြောက်လုံးမှာ နောက်ဆုံးတွင် ဦးခေါင်းခွံကြီးထဲမှ ထိုးထွက်လာကြပြီး ဝမ်ပေါင်လဲ့၏ရှေ့၌ ရစ်ဝဲနေတော့သည်။ ထို အလင်းစက်လုံး တစ်လုံးချင်းစီတိုင်းမှာ သတ္တမမြောက် ပုတီးစေ့မှလွဲ၍ အခြား ပုတီးစေ့များထဲသို့ ဝင်ရောက်သွားကြသဖြင့် ထိုပုတီးစေ့များမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာကြ၏။ ထိုပုတီးစေ့ တစ်လုံးချင်းစီထဲမှ စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ၎င်းတို့မှာ အပြင်းအထန် တုန်ရီလာပြီး ၎င်းတို့၏ ပုံပန်းသွင်ပြင်များမှာလည်း စတင်ပြောင်းလဲလာတော့သည်။ ပုတီးစေ့လေးလုံးမှာ အနားမညီသော ငါးထောင့်ကြယ်ပုံစံ ပုတီးစေ့များအဖြစ် ပြောင်းလဲသွားကြ၏။
၎င်းတို့မှာ ထိုသို့ပြောင်းလဲသွားပြီးနောက် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ထုတ်လွှတ်နေတော့သည်။ အခြား ပုတီးစေ့နှစ်လုံးမှာလည်း ဆက်လက်ပြောင်းလဲနေဆဲပင်။
၎င်းတို့မှာ အပြင်းအထန် တုန်ရီနေကြ၏။ ၎င်းတို့၏ အဆောင်ဝိညာဥ်များမှာ အားကောင်းလွန်းလှသောကြောင့် ထို ပုတီးစေ့များထဲ၌ ထိန်းသိမ်းထား၍ မရပေ။ ထိုပုတီးစေ့များအားလုံးကို ပစ္စည်းတစ်မျိုးတည်းဖြင့် ဖန်တီးထားခြင်း ဖြစ်ပါသော်လည်း ၎င်းတို့မှာ နောက်ဆုံး အဆောင်ဝိညာဉ်နှစ်ခုကို ထိန်းသိမ်းထားနိုင်စွမ်း မရှိသည့်ပုံပင်။ နောက်ဆုံး အဆောင်ဝိညာဉ်နှစ်ခုဆီမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများမှာ ရှေ့ဆုံး အဆောင်ဝိညာဉ်လေးခုထဲမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများထက် သိသိသာသာပို၍ အားကောင်းနေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြံရာမရ ဖြစ်နေရတော့သည်။ သူသည် အသက်ပြင်းပြင်းရှူကာ သူ၏စိတ်ကို တည်ငြိမ်အောင်ထားနိုင်ရန် ကြိုးစားလိုက်၏။ သူသည် သူ၏ဓားအိမ်လေးအား သန့်စင်ခဲ့စဉ်တုန်းကလည်း အလားတူအခက်ခဲများဖြင့် ကြုံခဲ့ဖူးပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးနောက် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲရှိ နတ်ဘုရားလက်နက် လက်ကြီးအား ထုတ်သုံးလိုက်တော့သည်။ ထို လက်ကြီး၏ စွမ်းအားများမှာ ထို ပုတီးစေ့ နှစ်လုံးပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာပြီးနောက် ၎င်းတို့အား လွှမ်းခြုံသွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် လေထဲတွင် အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ ပုတီးစေ့ တစ်လုံးချင်းစီပေါ်တွင် အက်ကွဲကြောင်း ဆယ့်နှစ်ခုကျော်အထိ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ အချိန်မရွေး တစ်စစီကွဲအက်သွားတော့မည့်ပုံ ပေါက်နေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သတ္တမမြောက်ပုတီးစေ့အား ထိုပုတီးစေ့နှစ်လုံးနှင့် ပေါင်းစည်းလိုက်တော့သည်။
ထိုပေါင်းစည်းမှုကြောင့် ပုတီးစေ့နှစ်လုံးမှာ တည်ငြိမ်သွား၏။ ဝမ်ပေါင်လဲ့တစ်ယောက် ပင်ပန်းဆင်းရဲကြီးစွာ ကြိုးစားအားထုတ်လိုက်ပြီးနောက် ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်နေခဲ့သည့် ပုတီးစေ့နှစ်လုံးမှာ နောက်ဆုံးတွင် နတ်ဘုရားအသိစိတ်များနှင့် အောင်မြင်ပြီးစီးစွာ ပေါင်းစည်းသွားတော့သည်။
၎င်းတို့၏ ပုံပန်းသွင်ပြင်မှာ လုံးဝမတူကြပေ။ တစ်ခုမှာ စက်ဝိုင်းပြားတစ်ခုကဲ့သို့ ဖြစ်နေပြီး အခြားတစ်ခုမှာ လခြမ်းကွေးတစ်ခုကဲ့သို့ ဖြစ်နေ၏။
ပုတီးစေ့ခြောက်လုံးမှာ နတ်ဘုရားအသိစိတ်များနှင့် အပြီးတိုင် ပေါင်းစည်းသွားကြပြီးနောက် ၎င်းတို့၏ကြား၌ ချိတ်ဆက်မှုတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းတို့မှာ လေပေါ်သို့ ပျံတက်သွားကြပြီး စက်ဝိုင်းပုံသဏ္ဍာန် လည်ပတ်နေကြသည်။ ထိုအချိန်တွင် အနက်ရောင် ချည်ကြိုးတစ်ကြိုး ပေါ်ပေါက်လာပြီး ထို ပုတီးစေ့များအား လက်ကောက်တစ်ခုအဖြစ် သီကုံးလိုက်တော့သည်။
” စက်ဝိုင်းပုံစံ ပုတီးစေ့က နေမင်းနဲ့တူပြီး လခြမ်းကွေးပုံစံ ပုတီးစေ့က လမင်းနဲ့တူတယ်။ တခြား ပုတီးစေ့တွေက ကြယ်တွေနဲ့တူနေတာဆိုတော့… ဒီ ဓမ္မလက်နက်ကို ပေါင်လဲ့လက်ကောက်လို့ နာမည်ပေးလိုက်မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် သူ့ကိုယ်သူ ကျေနပ်သွား၏။ ထို့နောက် သူ၏ညာဘက်လက်အား မြှောက်လိုက်သောအခါ ထိုလက်ကောက်မှာ သူ့ဆီသို့ ပျံဝဲလာပြီးနောက် သူ၏ လက်ကောက်ဝတ်ပေါ်၌ ရစ်ပတ်သွားတော့သည်။
ထို လက်ကောက်ထဲမှ စွမ်းအင်လှိုင်းများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ထိုအချိန်တွင် ဓမ္မလက်နက် စွမ်းအားတစ်ခု ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားတော့သည်။
ထို့နောက် အချိန်နှင့်အာကာသထဲ၌ ဖြတ်သန်းသွားလာနေခဲ့ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနယ်နိမိတ်အား ကျော်ဖြတ်လာသည့်ပုံပေါ်သော ခပ်တိုးတိုး စကားသံလေးမှာ သူ၏အသိစိတ်ထဲ၌ မြည်ဟည်းသွား၏။
” ဝိညာဉ်လမ်းညွှန်၊ အိပ်မက်ရက်ကန်း၊ သံသရာပြတ်တောက်၊ ဒုက္ခတစ်သောင်း၊ ဘဝတစ်ထောင်၊ ပြစ်ဒဏ်ငါးခု “
😟